16 December 2012

မယ်ကိုး ပျောက်ခြင်း၊ မယ့်ကိုးဖြစ်တည်ခြင်း

‘မယ်ကိုးဆိုတာ သေသွားပြီ။ မရှိတော့ဘူး’လို့ ရံဖန်ရံခါသာ ဝင်လေ့ရှိတဲ့ ကျွန်မရဲ့ g-talk status မှာ တင်လေ့ရှိပါတယ်။ စိတ်မရှိပါနဲ့။ အဲဒီလိုပဲ ကျွန်မ ရူးလေ့ရှိပါတယ်။ ၂၀၀၄ က စပြီး ပုံနှိပ်စာမျက်နှာမှာ ပါဝင်ခဲ့ကာ မယ်ကိုးဖြစ်တာ ရှစ်နှစ်ရှိပေမယ့် ၂၀၀၇ ဒီဇင်ဘာကစပြီး blog ရေးခဲ့တာမို့ blogger သက် ငါးနှစ်ပြည့်သွားပြီဖြစ်ပေမယ့် ၂၀၀၉ က စပြီး facebook မှာ အစဉ်ရှိခဲ့လို့ facebook ရောဂါစွဲတာ သုံးနှစ်ရှိပြီ ဖြစ်ပေမယ့် မယ်ကိုးဆိုတာ ပေါ်လိုက်ပျောက်လိုက်နဲ့ မယ်ကိုးကို ဘယ်လိုအစဖျောက်ရမလဲလို့ ကြံစည်နေတာလည်း ကြာပြီဖြစ်ပါတယ်။

စာရေးပျင်းသောကျွန်မမှာ blog မှာ တစ်နှစ်မှာ ပုဒ်ရေ သုံးဆယ်မျှသာ ရေးလေ့ရှိသူဖြစ်သလို ပုံနှိပ်စာမျက်နှာတွေပေါ်မှာလည်း ပါဝင်မှုနည်းတာမို့ ကျွန်မ ရပ်နေလိုက်ရင် မယ်ကိုးဆိုတာ ပေါ့ပေါ့ပါးပါးပဲ ပျောက်ကွယ်သွားလိမ့်မယ်လို့ တွေးခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ ပုံနှိပ်စာမျက်နှာတစ်ခုမှာ ကျွန်မရေးခဲ့သော ‘အပမှီခဲ့သော’ ဆိုတဲ့ ဝတ္တုတိုကို ‘ရည်ညွှန်းဖွဲ့သီ ချစ်သူဆီ’ ဆိုတဲ့ ကဏ္ဍအောက်မှာ ဖော်ပြထားတာတွေ့ရတော့ အတွေးတွေဟာ ပိုလို့သေချာသွားခဲ့ပါတယ်။ နုနွဲ့တဲ့ ဆက်ကျော်သက်တွေအတွက် ရည်ရွယ်ရာစာဟာ မယ်ကိုးအတွက် နေရာတဲ့လား။ မယ်ကိုးဆိုတာ အငွေ့ပျံပျောက်ကွယ်သွားဖို့သာ ကောင်းတော့တာပဲ။

ဒါပေမယ့် အချိန်တစ်ခုအတွင်း နစ်မြုပ်ငြိမ်သက်ပြီးနောက် သိလိုက်ရတာက စာရေးချင်တဲ့ သွေးတွေစီးဆင်းနေတဲ့ အသက်ပြင်းသူမှာ ကျွန်မ ဖြစ်ပါတယ်။ ကျွန်မ ပုံပြင်များစွာကို ယက်လုပ်ချင်ပါသေးတယ်။ ဒါပေမယ့် တစ်ခုခုပြောင်းလဲချင်တဲ့ စိတ်ကလည်း ဒွန်တွဲနေပါတယ်။ အရာအားလုံးကို ရိုးအီငြီးငွေ့စိတ်ဓာတ်ကျလာတဲ့အခါ တစ်ခုခုပြောင်းလဲချင်နေတာ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ ပြောင်းစရာ ဘာနည်းလမ်းမှမမြင်တော့ နာမည်ကို ပြောင်းလိုက်ပါတယ်။ အဲဒီလို အူကြောင်ကြောင်နိုင်တယ်။ ရှေ့နောက် မဆင်ခြင်တတ်သူဖြစ်တယ်။ မဟုတ်တရုတ်လုပ်သူ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ။ မယ့်ကိုးဖြစ်ပါတယ်။

 

‘အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်’ ဆိုတဲ့စာအုပ်ကို မယ့်ကိုးဆိုတဲ့နာမည်နဲ့ ရေးသားထားပါတယ်။ ဒီလိုမယ်ကိုးဆိုတဲ့ နာမည်ကို မြေမြှုပ်ပစ်လိုက်တော့ ချစ်ခင်လေးစားရတဲ့ စာရေးဆရာမတစ်ယောက်က ‘မယ်ကိုးဆိုတဲ့နာမည်ကို မယ့်ကိုးဆိုတဲ့နာမည်က နောက်ဆယ်နှစ် မကျော်နိုင်ဘူး။ ကျော်ရင် လည်ဖြတ်ခံမယ်။’ လို့ ဂရုဏာဒေါသောပြောပါတယ်။ ဟုတ်ပါတယ်။ လူနည်းစုသာ နှစ်သက်နိုင်မယ့်စာများကို ရေးသူ၊ စာရေးကျဲသူ ကျွန်မအတွက် အမှတ်ထားရမယ့်စကား ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မကို အခွင့်ပေးပါဦးလို့ တောင်းဆိုချင်ပါတယ်။

  


အရင်စာဖတ်ခဲ့သူများအနေနဲ့ မယ်ကိုးကို မရှာဖွေတော့ဘဲ မယ့်ကိုးကိုလက်ခံဖို့ ကျွန်မ ကြိုးစားကြည့်ပါရစေ။မယ်ကိုးကို ချစ်ခဲ့သူများ မယ့်ကိုးကို ဆက်လက်မေတ္တာထားနိုင်ဖို့၊ မယ်ကိုးကို မချစ်သူများ မယ့်ကိုးအပေါ် အမုန်းနည်းစေဖို့ ကျွန်မကြိုးစားပါဦးမယ်။ စာဖတ်သူများရဲ့ ကျေးဇူးနဲ့ ဒီစာမျက်နှာလေးတည်နေသ၍ စာတွေ ဆက်ရေးနေပါဦးမယ်။

အရင်အချိန် blog နှစ်ပတ်လည်တွေမှာ ပြောခဲ့သလို 'အသက်ရှင်တုန်းခဏ နေရာမရွေ့ပေမယ့် ကျွန်မ သွားနေဦးမှာဖြစ်ပါတယ်။' ဆိုတဲ့စကားအစား အသက်ရှင်တုန်းခဏ စာဖတ်သူများအနီးမှာ မယ့်ကိုးရှိနေဖို့ ကျွန်မလှမ်းလာချင်ပါတယ်  ။   လို့ဆိုပါရစေ။ ။

ကျေးဇူးများစွာဖြင့်
မယ့်ကိုး

10 comments:

mstint said...

စာသားတွေမှာ တရားသဘော အငွေ့အသက်တွေ ပေါ်လွင်နေတယ် မယ်ကိုးရေ။
မယ်ကိုးရဲ့ ဘလော့စာမျက်နှာလေး နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေပါစေလို့ ဆုတောင်းခဲ့ပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

မယ်ကိုးဘဲ နှုတ်ကျိုးနေပြီဆိုတော့ မယ့်ကိုးဖြစ်ဖို့တော့ အတော်လေး ကြိုးစားရဦးမှာပါ။ စကားလုံးတစ်လုံးကို အောက်ကဒေါ့လေး ထည့်လိုက်ရုံနဲ့ ဒီလောက် ခေါ်ဖို့ ခဲယဉ်းသွားမှန်း အရင် သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ မယ်ကိုးဘဲဖြစ်ဖြစ် မယ့်ကိုးဘဲဖြစ်ဖြစ် စာပေရဲ့ ရသအရသာကတော့ မူရင်းအတိုင်း ရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အားလုံးအဆင်ပြေပါစေ။

မြသွေးနီ said...

ကိုယ်နှစ်သက်တဲ့ စာရေးသူတစ်ယောက်ဖြစ်နေတာ..
ချစ်ဖို့ ခင်ဖို့ ကောင်းတဲ့ ညီမလေးနဲ့ ဆုံတွေ့ဖို့ အခွင့်အရေးရခဲ့တာ...
မယ့်နာမည်လေးပြောင်းတာကို အစောကြီး ကြိုသိခွင့်ရခဲ့တာ...
စာရေးချင်တဲ့ သွေးတွေစီးဆင်းနေတဲ့ အသက်ပြင်းသူမယ့်တစ်ယောက်
စာတွေ ဆက်လက်ထုဆစ်နိုင်ပါစေ မယ့်ရေ..

Vista said...

မယ်ဖြစ်ဖြစ် မယ့်ဖြစ်ဖြစ် ချစ်မက ချစ်မပါပဲကွာ

Anonymous said...

အောက်ကမြစ်တစ်လုံးက ပိုင်ဆိုင်မှုကိုပြတယ်။
ကိုးဂဏန်းလေးပိုင်ထားတာ ကောင်းတာပေါ့။

လသာည said...

ညီမလေး..
ဘယ်လိုပဲဖြစ်ဖြစ် မမက မယ့်စာတွေရော မယ့်ကိုရော ချစ်သူပါ။

တစ်ခုပဲ၊ မယ်ကိုးကနေ မယ့်ကိုးပြောင်းသွားတာက.. နာမည်တစ်ခုပဲ ပြောင်းသွားတာဆိုပေမယ့် အရင် မြန်မာနိုင်ငံအလံကနေ အခု အလံသစ်ကို ပြောင်းသွားတဲ့အခါ ခံစားရသလိုမျိုးတော့ ခံစားမိတယ်။ တမျိုးပေါ့..။ ခေါ်ရမှာ နည်းနည်း တစိမ်းဆန်နေသေးတယ်။ အချိန်တစ်ခုကြာတဲ့အခါ နေသားကျသွားမယ် ထင်ပါတယ်...

ချစ်တဲ့
မမ

မင်းနေ said...

မယ်ကိုး ပဲ သဘောကျတယ် ...

ရင်ထဲမှာရှိနေခဲ့တာ .. :)

မိုးငွေ့........ said...

စာအုပ်ဝယ်တော့ မယ်ကိုးကို မယ့်ကိုးဆိုပြီး စာလုံးပေါင်းမှားရိုက်တယ်ပဲထင်ခဲ့တာ...။ တကယ်တော့ အမည်နာမဆိုတာ ဝေါဟာရတစ်ခုသက်သက်ပါ နာမည်ပြောင်းသွားပေမယ့်လည်း လူကဒီလူပဲလေ မဟုတ်လား...ဆက်လက်အားပေးနေပါတယ်..။

Shwe Eain Si said...

မယ့် ခံစားချက်ကလေးဟိုတစ်နေ့ကတည်းက သတိထားမိပါတယ်
မနေနိုင်ထပ်ရှင်းပြချင်မိပြန်ပြီ။
(ကိုယ် က လူမုန်းများတယ်၊ ချစ်ခင်သူရှိသလားဆိုတာ မေးကို မမေးနဲ့ ဟီး)
ဆိုတော့တာ အခုလည်း မနေနိုင်၊ မထိုင်နိုင် လာပြောမိပြန်ပြီ။ :D
အဲ့ ကဏ္ဍက ကလေးတွေ၊ ချစ်သူတွေအတွက်လို့ ရည်ရွယ်ဟန်မတူဘူး။ စခဲ့တုန်းက ကိုယ်ချစ်ရတဲ့သူတစ်စုံတစ်ဦးအတွက် ခံစားရသမျှ ရေးတာကို ရည်ညွှန်းတာ...။
အယ်ဒီတာက မယ့်စာကို ခပ်ရှန်းရှန်းဖတ်လိုက်တာလဲ ဖြစ်မယ်၊ ချစ်သူကို တမ်းတနေတာပဲရယ်လို့ အရေးအသားကိုပါသဘောကျပြီး ထည့်လိုက်တာဖြစ်မယ်..။
အဲ့ ကဏ္ဍမှာပါနေတဲ့ စာတွေအရ မယ် အခုလိုခံစားရတာ ကျမ ကိုယ်ချင်းစာနိုင်တယ်..။
ဘာလို့ဆို အရင်လတွေတုန်းက မ ရေ မောင် ရေ..ဘယ်သူရေ..ဘယ်ဝါရေ လို့ ကလေးအထာတွေများကြသကိုးး။
ရည်ရွယ်ရာတစ်မျိုးဖြစ်ခဲ့ပေမယ့် အဲ့သလိုစာတွေပဲ ရလာတော့ အဲသလိုပဲ တင်ပေးလိုက်ရင်း မူက အဲသလိုဖြစ်သွားတာ..။
ဘာရယ်မဟုတ် စိတ်သက်သာရာရအောင် လာရှင်းပြတာပါ။
ကျမ စကားမပြောတတ်ခဲ့ရင်လည်း တောင်းပန်ပါတယ်ရှင့်...။
:) :) :)

ရိုးမြေကျ said...

အမှန်အတိုင်း ၀န်ခံရရင် မယ်ကိုးကို ကြားသာကြားဖူးပြီး တစ်ခါမှ မဖတ်ဖူးခဲ့ပါ။ ကိုယ့်ကိုယ်ကို ညံ့ဖျင်းတယ်လို့ ဝေဖန်ပါရစေ။ မယ့်လိုပဲ ရင်းရင်းနှီးနှီးခေါ်မယ်နော်။ အနော့်ထက်ကြီးတယ်ဆိုလဲ ခွင့်လွှတ်ပါ။ မယ့် ရဲ့ အသင်နားမလည်နိုင်သောမိန်းမတစ်ယောက်စာအုပ်လေးကို အစ်မတစ်ယောက်က ရှာထားပေးပါပြောမှ မယ့် စာအုပ်ကို သတိထားမိတာပါ။ အဲဒီညနေက မုံရွာက စာအုပ်ဆိုင်တွေမှာ လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။ အဲဒီကစလို့ ဖေ့ဘုတ်မှာလဲ မယ့်ကို အပ်လိုက်ပါတယ်။ ခုထိ မယ့် စာအုပ်လက်ထဲရောက်မလာသေးပေမယ့် ညီမလေးတစ်ယောက်ကို မန်းလေးမှာ မှာထားပါတယ်။ မယ့်ရဲ့ စာတွေထဲမှာ စီးမြောကြည့်ပါဦးမယ်။ မနေ့က မယ့်ရဲ့ မွေးနေ့ဆုတောင်းလေး ဖေ့ဘုတ်မှာရတယ်။ မယ့်စာအုပ်ဖတ်ပြီးသွားရင် တစ်ခုခုပြောကြည့်ပါဦးမယ်။
ဒီနေ့မှ ပထမဆုံးရောက်ဖူးတာပါ။ နောက်ရက်များမှာလဲ လာလည်ပါမယ်။
ခင်တဲ့
ရိုးမြေကျ