12 January 2012

တစ်ချို့ပုံပြင်တွေဟာ ရယ်ရွှင်ဖွယ်


ဂြိုဟ်ရံလဆိုတာ ထုံးတမ်းစဉ်လာအတိုင်း ဂြိုဟ်ကြီးရဲ့ ဆွဲအားဖြင့် လှည့်ပတ်ဝန်းရံနေတယ်လို့ လူတွေက တွေးတောယူဆကြလေတာ။ ဒါပေမယ့် သေးသေးမွှားမွားဂြိုဟ်လေးတစ်ခုကတော့ ဂြိုဟ်ကြီးပေါ်မှာ နေထိုင်တဲ့ကလေးလေးတစ်ဦးကို တွယ်တာဟုန်ဖြင့် ရွေ့လျားနေခြင်းရယ်သာ။ ဟုတ်ပါတယ်။ ကလေးလေးက သိတတ်စအရွယ်တုန်းက ထိုဂြိုဟ်လေးကို စိတ်ဝင်တစားချစ်ခင်ခဲ့တာပေါ့။

ကလေးလေးအမေက ကလေးလေးကို ချီပြီး ဖိုးလမင်းကြီးဆီက ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ပေးပါ။ သားသားက ဗိုက်ဆာလို့ပါ လို့ပြောပြီး မကြာမီ ထမင်းတစ်ပန်းကန်သယ်လာပြီး ကလေးလေးကို ထမင်းခွံ့ကျွေးတတ်တာ။ ဒီလိုနဲ့ ကလေးလေးက ထမင်းစားရင်လည်း ဂြိုဟ်လေးကိုကြည့်ပြီး စားသလို အိပ်ရင်လည်း အိပ်ရင်လည်း ပြတင်းပေါက်ကတဆင့် ဂြိုဟ်လေးကို ကြည့်ရင်းပင် အိပ်ပျော်သွားတတ်တာ။


ခပ်အေးအေးဂြိုဟ်လေးကတော့ သတ္တဝါတွေကို အမှုမဲ့အမှတ်မဲ့နေရင်းမှာပင် ကလေးလေးစကားပြောတတ်စအရွယ်ရောက်မှ သတိပြုမိတာရယ်။ ကလေးလေးတို့ သဘာဝအတိုင်း လူကြီးတွေက လဟာ ထောပတ်တွေနဲ့ ပြုလုပ်ထားတယ်လို့ စနောက်တဲ့အခါ ကလေးလေးဟာ အဟုတ်အမှန်လို့ ထင်မှတ်နေတယ်တဲ့။ ဆန်ဖွတ်နေတဲ့ အဖိုးအိုက ကလေးလေးကို ချိုချဉ်တွေ ပေးမှာလို့ ယုံမှတ်နေသတဲ့။ အဖိုးအိုနားက ယုန်ကလေးကလည်း ကလေးလေးရဲ့ ကစားဖော်အဖြစ် ရောက်လာမှာလို့ တွေးမှတ်နေသတဲ့။ ဒီလိုနဲ့ ကလေးလေးက “လရေး…လရေး” လို့ တကြော်ကြော်ခေါ်တတ်လာတယ်လေ။

ဂြိုဟ်လေးက အဲလိုခေါ်သံကြားလို့ တအံ့တသြနဲ့ စောင့်ကြည့်နေတုန်းမှာပဲ ကလေးလေးက ကဗျာလေးတွေ ရွတ်တတ်လာတယ်။ “ လလေးက ချစ်စဖွယ်။ဟော ကြည့်ပါကွယ်။” တဲ့။ အသိဥာဏ်ငယ်နုသေးတဲ့ ကလေးလေးဟာ သူ့အဘွားပြောတဲ့ ပုံပြင်တွေထဲကလို လနတ်သမီးလေးက အဲဒီဂြိုလ်မှာနေတယ်လို့ စွဲမှတ်နေတာပေါ့။ ကလေးလေးက အဲဒီလို အရေးတယူပြုံးကြည့်တဲ့အခါ အေးစိမ့်မှောင်မိုက်တဲ့ အာကာသထဲမှာ အထီးကျန်ရွေ့လျားနေတဲ့ ဂြိုဟ်လေးဟာ ကြည်နူးနှစ်သက်မှုကို ပထမဆုံးခံစားတတ်လာခဲ့တယ်။ တဖြည်းဖြည်းပျော်ရွှင်ချမ်းမြေ့လာတယ်။ ဒီလိုနဲ့ ဂြိုဟ်လေးက ပြုံးတတ်လာတယ်။ နေခင်းမှာ နေ့အလင်းကြောင့် ကလေးလေးက ဂြိုဟ်လေးကို မမြင်ပေမယ့်လည်း ဂြိုဟ်လေးကတော့ တိတ်တဆိတ်စောင့်ကြည့်ချစ်ခင်နေတာပေါ့။

တဖြည်းဖြည်းကလေးလေးက မပီကလာပီကလာ သီချင်းဆိုတတ်လာတာ။ ဒါပေမယ့် လအကြောင်းမဟုတ်ပါဘူး။ လှပစုံလင်တဲ့ ကြယ်ကလေးတွေ အကြောင်း။ " Twinkle twinkle little star ..." လို့ အစချီကာပေါ့ ။ ကလေးလေးက ကစားခုန်စားကာ သူငယ်ချင်းများစွာနဲ့ ပျော်မြူးနေပေမယ့် သူဟာ ညကောင်းကင်ကို ကြည့်ဖို့ မမေ့ပါဘူး။ သူဟာ ဂြိုလ်လေးကို ကြည့်ပြီး ၊ ကြယ်လေးတွေကို ငေးပြီး သီချင်းဆိုတတ်လေရဲ့။

ဒါပေမယ့်လည်း တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ ကလေးလေးဟာ လကို ချစ်ခင်တဲ့သီချင်းကဗျာတွေ မရွတ်တော့ပါဘူး။ လဆိုတာ ဒီရေအတက်အကျလောက်သာ စွမ်းဆောင်နိုင်ပြီး ဘဝမှာအသုံးမဝင်တဲ့ ဂြိုဟ်လို့ နားလည်လက်ခံသွားပြီလေ။ ကလေးလေးဟာ ဆန့်ကျင်ဘက်လိင်ကို တမ်းတချစ်ခင်တဲ့ သီချင်းတွေ ဆိုတတ်လာပါပြီ။ ဂြိုဟ်လေးကတော့ ကလေးလေး ဘာပဲဆိုဆို၊ ဘာပဲရွတ်ရွတ် ကလေးလေးအသံကို နာပျော်စွာ ချစ်ခင်စောင့်ကြည့်မြဲပါဘဲ။ ဒါပေမယ့် ကလေးလေးကတော့ ဂြိုလ်လေးကို သတိမရတော့ပါဘူး။ ကလေးလေးဟာ လူလားမြောက်ခဲ့ပြီရယ်။

အရွယ်ရောက်လာတဲ့ ကလေးလေးဟာ ဂြိုဟ်လေးကို လုံးလုံးမေ့သွားခဲ့ပါပြီ။ ကလေးလေးမှာ ဖြူစင်နူးညံ့တဲ့ အပြုံးလှလှလေးတွေ မရှိတော့ဘူး။ ကလေးလေးဟာ အကြောင်းခြင်းရာမရှိဘဲ ရယ်တတ်ခဲ့ပြီ။ကလေးလေးက ပီယဝါစာ စကားသံကြည်ကြည်လေးတွေ မဆိုတော့ဘူး။ ကလေးလေးဟာ ဆဲရေးတိုင်းထွာတတ်လာပြီ။ ကလေးလေးဟာ ချိုသာတဲ့သံစဉ်ယဉ်ယဉ်လေးတွေ မဆိုတော့ဘူး။ ကလေးလေးဟာ တစ်ဖက်သားကို စော်ကားရန်လိုတဲ့ တီးလုံးတွေကို ဖန်တီးခဲ့ပြီ။ ကလေးလေးဟာ လူပဲလေလို့ ဂြိုဟ်လေးဟာ သူ့ကိုယ်သူဖျောင်းဖျတယ်။ ဒါပေမယ့် ဂြိုဟ်လေးမပျော်တော့ဘူး။ သူဟာ ဝမ်းနည်းစိတ်မကောင်းဖြစ်လာတယ်။ ကလေးလေးရဲ့ စိတ်ပျက်စရာအမူအရာတွေကို မြင်ရတဲ့အခါ ချစ်ဖို့မကောင်းတော့တဲ့ ကလေးလေးကို စောင့်မကြည့်တော့ဘူးလို့ ဆုံးဖြတ်ချက်တင်းတင်းချသတဲ့။ ဒါပေမယ့် ဂြိုလ်လေးဟာ ဖြတ်ကနဲခဏမျှပင် ကလေးလေးကို ဖြတ်ကနဲ မမြင်ရရင် သူ့ခမျာ မနေတတ်ရှာတော့ဘူး။

တိမ်ရိပ်ဖုံးတဲ့ နေ့တွေမှာ၊ လှည့်ပတ်နေရင်း နေနဲ့လမ်းကြောင်း တတန်းတည်းကျတဲ့အခါတွေမှာ ကလေးလေးအရိပ်ကွယ်နေရင် ဂြိုဟ်လေးဟာ ကသိကအောက်နဲ့ သောကရောက်နေသတဲ့။ ဂြိုဟ်လေးဟာ နာကျင်ကြေကွဲတတ်ခဲ့ပြီ။ ဒါပေမယ့် သူဟာ ကလေးလေးကို တမြတ်တနိုး စောင့်ကြည့်မြဲပေါ့။ ဒါပေမယ့် လှပတဲ့နွေဦးတရက်မှာတော့ ကိုယ့်ခြေထောက်ကိုယ်ရပ်ဖို့ ကြိုးစားနေတဲ့ ကလေးလေးဟာ ဆုံးဖြတ်ချက်တစ်ခုချလေတာ။ ဒီဂြိုဟ်ဟာ သူ့အတွက်သေးလွန်းတယ်တဲ့။ တခြားဂြိုဟ်ဆီမှာ အခြေချဖို့ ကြိုးစားလေပြီ။ ကလေးလေးဟာ ဂြိုဟ်ကလေးမျက်စိအောက်က စွန့်ခွာဖို့ပြင်လေပြီ။ ဂြိုဟ်လေးက မတားနိုင်ဘူး။ ဂြိုဟ်ဆိုတာ စကားမှ မပြောတတ်ဘဲလေ။ ဂြိုဟ်ဟာ ကလေးလေးကို ထာဝစဉ်မြင်နေရအောင် ဘယ်လိုလုပ်ရပါ့မလဲလို့ ကြံစည်နေတုန်းမှာပဲ ကလေးလေးက ယာဉ်ပျံကြီးစီးလို့ တခြားစကြာဝဠာက ဂြိုဟ်ကြီးတစ်ခုဆီ ကူးသွားလေတာ။

ဝမ်းနည်းလွန်းလို့ ဂြိုလ်လေးရဲ့ မျက်နှာပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန်ခြောက်သွေ့သွားတယ်။သူဟာ ကလေးလေးကို မမြင်ရတော့ဘူး။ သူဟာ ကလေးလေးရှိတဲ့ ဂြိုဟ်ဆီကိုလည်း လိုက်မသွားနိုင်ဘူး။ ဂြိုဟ်ပတ်လမ်းမှာ ကြေကွဲစွာ လွင့်နေရင်း တစ်နေ့ပြီးတစ်နေ့ ကလေးလေးပြန်လာမှာလားလို့ မျှော်တယ်။ ကလေးလေးကို တောင့်တတယ်။ စောင့်စားတယ်။ ဒါပေမယ့် ကလေးလေးကတော့ ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

ဖြစ်ရပ်မှန်ကို နားလည်လက်ခံသွားတဲ့ ဂြိုဟ်လေးဟာ နာကျင်လွန်းလို့ တကိုယ်လုံး လှိုက်လှဲတုန်ခါလာတယ်။ ဂြိုဟ်လေးဟာ ကလေးလေးဆီ ဘယ်လိုသွားရမယ်ဆိုတာ မဆုံးဖြတ်နိုင်ဘူး။ သူဟာ ဂြိုဟ်ကြီးရဲ့ ဆွဲငင်မှုကလည်း ရုန်းမထွက်နိုင်ဘူး။ ဒါပေမယ့် ဂြိုဟ်လေးဟာ မနိုင်ဝန်ကို သံယောဇဉ်အားနဲ့ တွန်းလှန်ရှာတယ်။ ။ သူဟာ ကလေးလေးရှိတဲ့ ဂြိုလ်ဆီ အရောက်သွားဖို့ သေလုမျောပါး ကြိုးစားတယ်လေ။ ဒါပေမယ့် အားချင်းမညီ ချိန်ခွင်မမျှတဲ့နောက် ခံနိုင်ရည်အားနည်းချို့တဲ့ ဂြိုလ်လေးရဲ့ ရင်ထဲကအစိတ်အပိုင်းတွေ အက်ကွဲလာလေတာ။ ဂြိုဟ်လေးဟာ ဒီလိုသာ ဆက်ရုန်းကန်လှုပ်ရှားရင် ပြိုကွဲပျက်စီးတော့မယ်ဆိုတာ သိလည်း သူ့ကြိုးစားမှုကို မရပ်ဘူး။ နောက်ဆုံးတော့ ဂြိုလ်လေးဟာ အက်ကွဲထွက်လာပြီး ဂြိုဟ်ကြီးနဲ့ ဆွဲအားကို မလွန်ဆန်နိုင်ဘဲ ဝင်တိုက်မိကာ အစိတ်စိတ်အမွှာမွှာပေါက်ကွဲပျက်စီးသွားလေတာ။

ဂြိုလ်လေးဆီက အစိတ်အပိုင်းတွေဟာ အာကာသထဲ လွင့်စင်သွားတာပေါ့။ အရှိန်ပြင်းပြင်းလွင့်လာတဲ့ ဂြိုလ်လေးရဲ့ ရုပ်အပိုင်းအစလေးတွေဟာ လေထုနဲ့ပွတ်တိုက်မိပြီး အရောင်လင်းထွက်ကြတဲ့အခိုက်မှာ လူတွေက ကြယ်ကြွေတာ ဆိုပြီး ဆုတောင်းကြတယ်တဲ့။ ကလေးလေးကတော့ အရေးမထားပါဘူး။ သူဟာ မျက်မှန်မည်းတပ်ပြီး လမ်းလျှောက်တတ်တဲ့၊ သောကတွေ ထမ်းပိုးရင်း စိတ်တိုတတ်တဲ့ လူငယ်လေးဖြစ်သွားပြီလေ။

အဲဒီညမှာပဲ ကလေးလေးဟာ ကျောက်ခဲသေးသေးလေးကို ခလုတ်တိုက်မိတယ်။ ကလေးလေးဟာ ဒေါသထွက်ထွက်နဲ့ ကျောက်ခဲလေးကို ထပ်ကန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကျောက်ခဲလေးဟာ အဝေးကလူတစ်ယောက်အနား ကျသွားလေတာ။ ကလေးလေးက သွားတောင်းပန်တော့ အဲဒီလူက စိတ်မဆိုးသည့်အပြင် သူက နက္ခတဗေဒပညာရှင်ပါလို့ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီး “ဒီကျောက်ခဲက ဂြိုလ်ပြာက ပဲ့ကျလာတာဗျ။ ပြတိုက်သွားပို့ရမယ်” လို့ ဝမ်းသားအားရ နှုတ်ဆက်ထွက်သွားလေရဲ့။

ကလေးလေးဟာ ဘယ်ဂြိုဟ်က အပိုင်းအစလဲဆိုတာ မမေးပါဘူး။ ကလေးလေးဟာ ဘယ်ဂြိုဟ်မှ၊ဘယ်ကြယ်မှ စိတ်မဝင်စားတော့ဘူးလေ။ ကလေးလေး လက်ရှိုနေထိုင်နေတဲ့ ဂြိုဟ်မှာ ဂြိုဟ်ရံလများစွာရှိပေမယ့် ဘယ်ဂြိုဟ်ကိုမှလည်း အရေးတယူမရှိတော့ပါဘူး။ ဂြိုဟ်ရံလတွေ များလွန်းတော့ ဘယ်ဂြိုဟ်ရံလကို ရွေးချယ်နှစ်သက်ရမည်ကို ဝေခွဲမရတာကြောင့် မဟုတ်ပါဘူး။ ကလေးလေးရဲ့ ပင်ကိုသဘောအရ စိတ်မဝင်စားတော့ခြင်းသာရယ်။ အဲဒီနောက်တော့ ကလေးလေးဟာ ထွန်းညီးလှပတဲ့ရောင်စုံမီးများအကြား တိုးဝင်ပျောက်ကွယ်သွားလေတာ။


မယ်ကိုး

11 January 2012

ကြားမနေနိုင်သူရဲ့ ဒုက္ခရာသီစာ


တောက်ပြောင်သူတွေ ကျွဲခေါ်နေချိန်မှာ ဤလို့ရွတ်မိသူရယ်။ 
ခက်လှချည့်…။ 
အလင်းကို ကွယ်ကာ ဆင်တူလှိုင်း ငါမလွှင့်နိုင်။
 သွန်သင်မှုအတွက် မရယ်ရက် အနေခက်။

ကိုယ်ချင်းစာတရွေးသားနဲ့ မိုက်လုံးကြီးခဲ့သူပါ။
ဒဏ်ရာတွေ ဒီထက်နက်နဲမလာအောင် ဘယ်လို ရူးချင်ယောင်ဆောင်ရမလဲ။

ခဏလေး…။
တဖြုတ်လေး။ 
  ယဉ်ကျေးမှုလှံတံနဲ့ နိမ့်သူရင်မစိုက်ခင် တဆိတ်လေး ဆိုင်းပါဦး။
(ကြီးကျယ်မြင့်မြတ်သူတို့ရဲ့ အောင်လံဆိုလား။
ဟုတ်ကဲ့။ 
အားလုံးက လက်ခုပ်တီးနေပါတယ်။) 
လူသားတစ်ယောက်ရဲ့ အခွင့်အရေးသိက္ခာဆို သိပ်ကြီးကျယ်နေမယ်။ 
အရိုင်းအစိုင်းငါ့နှလုံးသွေးနဲ့ ယဇ်မပူဇော်ခင် 
လူချင်းညီမျှလေးစားမှုဆိုတာလေး အကျဉ်းဟြေပါကွယ်။   ။ 

မယ်ကိုး