29 February 2012

သင့်ဝန်းကျင်က စကားပြောနေသော သစ်ရွက်လေး


လူတွေက ပြောကြတယ်။ မိတ်ဆွေရင်းဖြစ်ဖို့ အချိန်ယူရသတဲ့။ ဒီလိုအကဲဖြတ်နေရင်း သူတို့ဟာ မိတ်ဆွေတွေ ဖြစ်မလာခဲ့ကြပါဘူး။ သစ်ရွက်လေးကတော့ အရောင်လွင်တောက်ပတဲ့ ဖဲကြိုးဝါလေးကို မြင်စခဏမှာပင် သူငယ်ချင်းအဖြစ် အထူးချစ်ခင်မိပါသတဲ့။ 

တကယ်ပါ။ သစ်ရွက်ကလေးမှာ ခင်မင်ကြင်နာတတ်တဲ့ အာရုံမရှိဘူးလို့ မငြင်းစေချင်ပါဘူး။ ငြိမ့်ငြောင်းသော ဂီတသံစဉ်ကြောင့် ပိုလို့ရှင်သန်ကြီးထွားသော သစ်ပင်တွေအကြောင်း အသင်တို့လူသားတွေ သုတေသနပြုစမ်းစစ်ကာ အတည်ပြုကြတယ် မဟုတ်ပါလား။ ဟုတ်ကဲ့။ ရှင်သန်နေသော၊ သေဆုံးတတ်သော၊ အသက်ရှုတတ်သော ၊ ပျော်ရွှင်ဝမ်းနည်းတတ်သော သစ်ရွက်ကလေးပါလေ။

ဒီ ပျော်ရွှင်ခြင်းရဲ့လက်သည် ကျွမ်းဝင်ခြင်းအစကတော့ တစ်ခုသော နွေဦးမှာ နုသစ်စသစ်ရွက်လေးဟာ ခေါင်းလေးဝံ့လို့ လောကကိုကြည့်ခိုက် ဝဲလွင့်မျောလာတဲ့ ဖဲကြိုးဝါလေးဟာ သစ်ရွက်လေးရဲ့ နားနေကိုင်းမှာ လာရောက်ငြိတွယ်ရာက စတင်ခဲ့တာရယ်။ ဝါလွင်လှပတဲ့ ဖဲကြိုးလေးဟာ အစိမ်းရောင်နောက်ခံမှာ အလွန်တင့်တယ်ဝင်းပနေကာ မာနဂုဏ်ဝံ့နေခဲ့တာပေါ့။

ပြီးတော့ မမှန်စကားတွေနဲ့ ကြွားဝါတတ်သေးတာ။ ဖဲကြိုးလေးဟာ သူဟာ ကမ္ဘာမြေအနှံ့ ခရီးဆန့်ခဲ့ကြောင်း၊ လေဟုန်စီးကာ တိမ်တွေအကြား ပျော်ခဲ့ကြောင်း၊ ဒီလောကမှာ သူသာ အလှပအတင့်တယ်ဆုံးဖြစ်ကြောင်း ပြောတာပေါ့။  သစ်ရွက်လေးဟာ လူတွေလိုမျိုး မိတ်ဆွေကို အဆင့်ဆင့်လေ့လာပြီး ရွေးချယ်ယူခဲ့တာလည်း မဟုတ်ပါဘူး။ မိတ်ဆွေဖွဲ့မှုကလည်း တက်ကျမ်းတွေထဲအတိုင်း အတိအကျလိုက်နာခဲ့တာ မဟုတ်ပါဘူး။ သဘောရိုးနဲ့သာ ကံကပေးတဲ့ မိတ်ဆွေကို နှစ်လိုပျော်ရွှင်စွာ ကြိုဆိုခဲ့တာပါ။ 

လူတွေပြောတာ ကြားဖူးပါရဲ့။ သူငယ်ချင်းဆိုတာ တစ်ယောက်အကြောင်းတစ်ယောက်အလုံးစုံသိလည်း ချစ်ခင်နှစ်သက်နေခြင်းတဲ့။ ဟုတ်ကဲ့။ ဒီလိုပါပဲ ။ သစ်ရွက်ဖြစ်ခါစ အတွေ့အကြုံမကြွယ်သေးတဲ့အရွယ်ပေမယ့် သစ်ရွက်လေးက အသိတော့ မငယ်ခဲ့ပါဘူး။ သစ်ရွက်ကလေးဟာ ဖဲကြိုးဝါလေးရဲ့ ယုတ္တိမတန်တဲ့ လိမ်ညာဆင်တွေကိုချက်ချင်းမြင်ခဲ့ပေမယ့် မုသားမှန်သမျှကို သာယာချမ်းမြေ့ဖွယ် အတိဿယဝုတ္တိ အလင်္ကာလို့ မှတ်သားပျော်ရွှင်နေတယ်တဲ့လေ။ လူတွေဟာ အသွင်မတူသူအချင်းချင်း မိတ်ဆွေဖြစ်ဖို့ ခက်လှပေမယ့် သစ်ရွက်လေးကတော့ ဖဲကြိုးဝါလေးပြောသမျှ နာကြားလို့မဝနိုင်ပါဘူး။ နေခြည်ထွန်းတိုင်း ဖဲကြိုးဝါလေး လင်းလက်နေတာ မြင်ရတိုင်း ရှုမဝနိုင်ဘူးတဲ့ရယ်။ 

လူတွေဟာ တကိုယ်ကောင်းဆန်အတ္တကြီးတဲ့ သူငယ်ချင်းကို စွန့်သွားတတ်ကြပေမယ့် သစ်ရွက်ကလေးကတော့ မောက်မာမော်ကြွားတဲ့ ဖဲကြိုးဝါလေး လွင့်စင်ပျောက်ကွယ်သွားမှာကိုပဲ စိုးရိမ်နေသတဲ့။ ဒါပေမယ့် ဖဲကြိုးလေးက သစ်ရွက်ကလေးကို သူ့မိတ်ဆွေအဖြစ် အလေးမထားခဲ့ပါဘူး။ ဖဲကြိုးလေးဟာ သစ်ရွက်ကလေးရဲ့ ဖြစ်တည်မှုကို စိတ်ဝင်စားသူမဟုတ်ဘူး။ သစ်ရွက်လေးရဲ့ ဘာသာဗေဒကို နားလည်သူ မဟုတ်ပါဘူး။ အမှန်ဆိုရရင် သစ်ရွက်ကလေးရဲ့ ဖြစ်တည်မှုဟာ ဖဲကြိုးလေးနားမှာ ဝန်းရံပြီး သူ့ပုံပြင်ကို နားထောင်ကြတဲ့ သစ်ရွက်တွေကြားက တစ်ခုမျှသာရယ်။ သူတို့ အကြားမှာ နှောင်ဖွဲ့ခြင်းခြင်းဟာ တစ်ဖက်သက်ဖြစ်တာမို့ အကျွမ်းတဝင်မိတ်ဆွေတွေလည်း မဖြစ်ခဲ့ကြပါဘူး။

 ဒါပေမယ့် သစ်ရွက်ကလေးဟာ ဖဲကြိုးဝါလေးနဲ့ မကျွမ်းဝင်တဲ့အတွက် ကြေကွဲမနေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ... ဖဲကြိုးဝါလေးက ဘယ်လိုပင် မသိကျိုးကျွံပြုထားလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေစစ်လို့ ခံယူထားတဲ့ သစ်ရွက်လေးက ဖဲကြိုးဝါလေးပြောသမျှ ပျော်ပျော်ရွှင်ရွှင်ပဲ နားထောင်နေဆဲပဲ။ တကယ်ပေါ့။ မိတ်ဆွေဆိုတဲ့ လူတွေဟာ သူတို့အချင်းချင်းဆုံတိုင်း ကိုယ်ပြောခွင့်ရဖို့ပဲ ကြိုးစားကြပေမယ့် သစ်ရွက်လေးကတော့ ဖဲကြိုးဝါလေးစကားသံကိုပဲ ဂရုထားနားထောင်နေမြဲ။ သစ်ရွက်လေးအတွက်တော့ သူငယ်ချင်းဖြစ်တဲ့ ဖဲကြိုးဝါလေးက သူ့ဘဝမှာ အရေးအကြီးဆုံးပဲတဲ့ရယ်။

ဒါပေမယ့် ဆင်ခြင်ဥာဏ်မြင့်ပါတယ်ဆိုတဲ့လူတွေတောင် သူတို့ရဲ့ အရေးအပါဆုံးသူတွေကို လျစ်လျူရှိုတတ်ကြသေးတာလေ။ တဖြည်းဖြည်း အချိန်ကြာလာတော့ သစ်ရွက်ကလေးဟာ အပ်ကြောင်းထပ်လာတဲ့ ဖဲကြိုးလေးရဲ့ ဝါကြွားစကားတွေကို မကြားယောင်ပြုတတ်လာတယ်။ အဆုံးမှာတော့ နှလုံးသားမဲ့ကာ ထောင်လွှားလွန်းတဲ့ ဖဲကြိုးလေးကို သစ်ရွက်လေး ဥပေက္ခာပြုဖို့ တဖြည်ဖြည်းတိုးလို့ ကြိုးစားပြီလေ။ 

 လူသတ္တဝါမဟုတ်တဲ့ သစ်ရွက်လေးမို့ ခဏတော့ မှားတတ်ပါတယ်။ ပုထုဇဉ်ပါလို့လည်း ဆင်ခြေပေး ချေပလို့ မရဘူးဘဲနော်။ တကယ်တော့ သစ်ရွက်လေးဟာ ဖဲကြိုးဝါလေးရဲ့ အပြစ်သေးသေးကို မျက်ကွယ်ပြုလို့ ဘာဆိုဆို လက်ခုပ်တီးနေသင့်ခဲ့တာ။ သူစိမ်းတွေကြားမှာ အသွင်ကွဲအဖော်မဲ့နေတဲ့၊ ခရီးကြမ်းကြောင့် ပင်ပန်းနေမယ့် ဖဲကြိုးဝါလေးရဲ့ လက်ရှိအဖြစ်ကိုသာ စာနာဖို့ကောင်းခဲ့တာရယ်။ ဒါပေမယ့် မောက်မာမှုကို ကာလာရှည်ကြာသည်းခံနိုင်ဖို့ဆိုတာ သစ်ရွက်လေးအတွက်ပင် ခက်နေတယ်တဲ့လေ။

မကြာခင်ပဲ အကြည့်တောက်တောက်နဲ့ သူပြောသမျှ စူးစူးစိုက်စိုက်နားထောင်တတ်တဲ့ သစ်ရွက်ကလေးမျက်နှာလွှဲနေတတ်တာကို ဖဲကြိုလေးက သတိထားမိလာတယ်။ မာနကြီးတဲ့ ဖဲကြိုးလေးဟာ ဘာမှမဖြစ်သလိုဟန်နဲ့ ‘ဒီတစ်ခါ လေအလာမှာ စိတ်လွတ်ကိုယ်လွတ် ငါပျံသန်းသွားတော့မှာ။' လို့ နှုတ်ဆက်တယ် ။ သစ်ရွက်လေးက မကြားယောင်ပြုလို့ သီချင်းတိုးတိုးဆိုတယ်။

အမှန်က သစ်ရွက်ကလေးက ဖဲကြိုးဝါလေးကို တကယ်ခွဲခွာသွားလိမ့်မယ်လို့ မယုံခဲ့ဘူးတဲ့လေ။ ပြီးတော့ သစ်ရွက်လေးက ပြန်လည်နှုတ်ဆက်လည်း ဖဲကြိုးဝါလေးမှာ သူ့အသံကို နားထောင်ဖမ်းယူနိုင်တဲ့ ရင်ခွင်မရှိပါဘူးလို့ ယူဆခဲ့သတဲ့။ ဒီလိုနဲ့ သစ်ရွက်လေးက မျက်နှာခဏလွှဲလို့ ခဏပုန်းနေခိုက်မှာပဲ လေရူးတသိုက်ရောက်ခိုက် ဖဲကြိုးလေး ပျံသန်းသွားပြီလေ။

နောက်ဆုံးတော့ လူတွေ လက်ညှိုးထိုးနေကျ ဆင်းရဲဖြစ်ရာအကြောင်းကို သစ်ရွက်လေးနားလည်ခဲ့ပြီလေ။ ပိယေဟိ ဝိပယောဂေါ ဒုက္ခော၊ ချစ်သောသူနှင့် ကွေကွင်းရသော ဆင်းရဲ။ အသင်ကြုံတွေ့ဖူးတဲ့ လောကဓံကို ကမ္ဘာမီးလောင်သလို၊ကောင်းကင်ပြိုသလို၊တော်လည်းညံသလို ပြင်းထန်ဆိုးရွားလှချည့်လို့ မှတ်ယူထားတဲ့ အသင့်အတွက် သစ်ရွက်ကလေးတခုရဲ့ ဗျာပါဒကို ကိုယ်ချင်းစာလိမ့်မယ်လို့လည်း မျှော်လင့်မထားပါဘူး။ 

ဒီလိုအဖြစ်ကို နှလုံးသားကြည်စင်ဖြူလွတဲ့ သူတောင် နားလည်နိုင်မှာ မဟုတ်ပါဘူး။ သဘာဝဖြစ်စဉ်တွေရဲ့ စကားကို အရေးတယူမထားတဲ့ လူတွေဟာ သစ်ရွက်ကလေးရဲ့ စကားကိုလည်း အမှုထားကြမှာ မဟုတ်ပါဘူး။ တကယ်ပါ။ ဒုက္ခသစ္စာဖြစ်ရာအကြောင်းဟာ သမုဒယသစ္စာတည်းလို့ ရေရွတ်ရုံဖြင့် ဒဏ်ရာများလျော့နည်းသွားဖို့ မျှော်လင့်နေမြဲသော သူရူးတစ်ယောက်လိုပဲ သစ်ရွက်ကလေးရဲ့ စိတ်ဝေဒနာကြီးကျယ်တယ်ဆိုတာ ယုံစေချင်လိုက်တာ။ 

သစ်ရွက်လေးက ရူးမတတ်ကြေကွဲရင်း သစ္စာဆိုမထားပေမယ့် မိတ်ဆွေလို့ ယုံကြည်မြဲမို့ နှောင်ကြိုးမပြတ်ဘဲ ဖဲကြိုလေးလွင့်ရာနောက် အားစိုက်လို့ကြည့်နေသတဲ့။ အဲဒီအချိန်မှာပဲ ကြမ္မာဆိုးဟာ သစ်ရွက်လေးမိတ်ဆွေ စစ်မစစ်စမ်းသပ်ဖို့ နွေခေါင်ခေါင်မှာ ချက်ခြင်းတိမ်မည်းဖွဲ့လို့ မိုးအဖြစ်ရွာချလိုက်သတဲ့။ သနားစရာ ဖဲကြိုးလေးဟာ ရွှဲရွှဲစိုကာ မြေပေါ်ပြုတ်ကျသွားတာ။ မြေနီလမ်းလေးရဲ့ ဘေးမှာ လဲလျောင်းညစ်ပတ်နေတဲ့ ဖဲကြိုးလေးရယ်။ 

သစ်ရွက်ကလေးဟာ စိတ်မကောင်းလွန်းလို့ ငိုရှာတယ်။ သူက မိခင်သစ်ပင်ကြီးကို ပြောတယ်။ ဖဲကြိုးဝါလေးကို သူကူညီရလိမ့်တဲ့။ မိတ်ဆွေတွေဆိုတာ အရေးကြုံရင် အကျိုးကိုမမျှော်လင့်ဘဲ ကူညီရမယ်လို့ မိခင်သစ်ပင်ကြီးပဲ သွန်သင်ခဲ့တာလေ။ ဟုတ်တယ် မဟုတ်လား။ လို့ ပြောပေမယ့် ခွင့်မြ့ပုနိုင်ဘူးလို့ မိခင်သစ်ပင်ကြီးက အဖြေပေးတယ်။ ပြီးတော့ ‘မင်းက ငယ်ငယ်လေးရှိသေးတယ်။ မင်းက စိမ်းလမ်းရဦးမယ်။ ရှင်သန်ရဦးမယ်။ မင်းရဲ့ သက်တမ်းတစ်လျှောက် ဒီသစ်ပင်မှာနေရုံအပြင် ဘာမှစွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။’ လို့ ဖျောင်းဖျတယ်။ 

ကူညီခွင့်မရရှာတဲ့ သစ်ရွက်ကလေးက အရောင်တွေညစ်နေတဲ့ ဖဲကြိုးဝါလေးကို သနားလို့ မဆုံးနိုင်အောင် ဖြစ်နေတာပေါ့။ အမှန်ပင်။ အသည်းကွဲတယ်ဆိုသည်မှာ ခံစားရသူမှာ နင့်နဲသိပ်သည်းရှိလွန်းလှပေမယ့် တခြားသူများအတွက် ရယ်ရွှင်ဖွယ်ဖြစ်နေတတ်တာ။အသည်းကွဲတယ်ဆိုတာ ချစ်ခင်သူနဲ့ ဝေးကွာသွားလို့ ၊ ချစ်ခင်သူကို ဆုံရှုံးလိုက်ရလို့ မဟုတ်ပါဘူး။ သူလဲကျသွားချိန်မှာ ထူမပေးနိုင်လို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် သစ်ရွက်ကလေးက သူ့ရဲ့ ကြေကွဲမှုကို ဖဲကြိုးလေးမမြင်အောင်လည်း ဟန်ဆောင်နေရတယ်။ ဖဲကြိုးလေးဟာ ထူးထူးကဲကဲ မာနကြီးသူမဟုတ်လား။ သစ်ရွက်ကလေးဟာ ဖြတ်သွားဖြတ်သွားလူတွေကို အကူအညီတောင်းပေမယ့် ဖဲကြိုးလေးမကြားအောင်လည်း တိုးတိုးသာသာပြောရသေးတာ။ ဒါပေမယ့် သောက၊ဗျာပါဒ၊မောဟ၊ ဝိစ္ဆိကိစ္စတွေကို ခြုံလွှမ်းသယ်ပိုးထားတဲ့လူတွေဟာ သစ်ရွက်လေးရဲ့ စကားကို အလေးမထားမကြားနိုင်ကြပါဘူး။ 

အချိန်ဟာ ဝမ်းနည်းမှုကို ကုစားပေးလိမ့်မယ်လို့ အနားက မောင်နှမသစ်ရွက်လေးတွေကလည်း နှစ်သိမ့်ပေးကြပါရဲ့။ ဒါပေမယ့် သစ်ရွက်ကလေးက သူဘဝနေဝင်ရွက်ဝါကြွေချိန်တိုင် မစောင့်နိုင်တော့ဘူး။ နောက်ဆုံးတစ်နေ့တော့ သူ့ကို သွားခွင့်ပြုပါတော့လို့ မိခင်သစ်ပင်ကြီးကို တောင်းပန်တယ်။ သူဟာ သူ့မိတ်ဆွေကို ကူညီရင်းကြွေပါရစေတော့လို့ တောင်းဆိုတယ်။ ဒီလိုအဖန်ဖန် အသနားခံရင်း သစ်ရွက်လေးက မိခင်သစ်ပင်ကြီးဆီက ခွဲခွာလိုက်ပြီလေ။


အခုဆို လေနှင်ရာ လွင့်လာတဲ့ သစ်ရွက်စိမ်းလေးတစ်ရွက်တစ်လေ အသင့်မြင်ကွင်းရှေ့ရောက်လာရင် ရှောင်ဖယ်ကာ မသိကျွိုးကျွံမပြုလိုက်ပါနဲ့လေ။ သူဟာ ဖဲကြိုးဝါလေးကို ကူညီပေးဖို့ တောင်းပန်နေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သစ်ရွက်ကလေးရဲ့ စကားကို နားဆင်နိုင်ဖို့ အသင့်နားတွေ သန့်စင်ဖို့ လိုအပ်ပါတယ်။ နှလုံးသားဟာ ဖွင့်ထားပြီးသား ဖြစ်ရပါမယ်။ သွေးတွေ ကြည်လင်ဖို့ လိုပါလိမ့်မယ်။ 

သစ်ရွက်ကလေးရဲ့ စကားသံကို အသင်မကြားခဲ့ဘူးဆိုရင် တစ်ခုခုလွဲနေပြီလို့ သိလိုက်ပါလေ။ ပြီးတော့ ခဏလေး၊ တဖြုတ်လေး ပြေးနေရာက တဆိတ်လေး နားပါဦး။ လေအဝေ့မှာ ဆောက်တည်ရာမရ လွင့်ပျံနေတဲ့ သစ်ရွက်ကလေးရဲ့ စကားသံတိုးတိုးလေးကို ကျေးဇူးပြုပြီး နားစိုက်ထောင်လိုက်ပါနော်။ ။


( မင်းသားလေးနဲ့ မသက်ဆိုင်တော့သော ကျွန်မရဲ့ သစ်ရွက်စင်စစ်လေး ဖြစ်ပါတယ်း) 

မယ်ကိုး

26 February 2012

အကျွမ်းဝင်ခြင်း ၊ မင်းသားလေး နှင့် သစ်ရွက်လေး


ဝမ်းနည်းဖွယ်ရာကို ထိတွေ့ဖူးမှသာ ‘လူတွေဟာ သိပ်ဝမ်းနည်းတဲ့အခါ နေဝင်ဆည်းဆာကို သိပ်နှစ်သက်တယ်’ လို့ ဆိုခဲ့သော ဘီ ၆၁၂ ဂြိုဟ်ငယ်လေးပေါ်က မင်းသားလေးရဲ့စကားကို အသင် နားလည်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဆည်းဆာချိန်ကို ၄၃ ခါ တွေ့ဆုံခဲ့သော မင်းသားလေးကို နားလည်နိုင်တဲ့ အသင်ဟာ သစ်ရွက်ကလေးတစ်ခုရဲ့ ရင်ထဲမှာ ဆည်းဆာတစ်ခုချိတ်ဆွဲထားကြောင်း ပြောခဲ့ရင် လက်ခံလိမ့်မယ် မထင်ပါဘူး။ 



အသင်ကြုံတွေ့ဖူးတဲ့ လောကဓံကို ကမ္ဘာမီးလောင်သလို၊ကောင်းကင်ပြိုသလို၊တော်လည်းညံသလို ပြင်းထန်ဆိုးရွားလှချည့်လို့ မှတ်ယူထားတဲ့ အသင့်အတွက် သစ်ရွက်ကလေးတခုရဲ့ ဗျာပါဒကို ကိုယ်ချင်းစာလိမ့်မယ်လို့လည်း မျှော်လင့်မထားပါဘူး။ အမှန်ပင်။ အသည်းကွဲတယ်ဆိုသည်မှာ ခံစားရသူမှာ နင့်နဲသိပ်သည်းရှိလွန်းလှပေမယ့် တခြားသူများအတွက် ရယ်ရွှင်ဖွယ်ဖြစ်နေတတ်တာ။

 ဒီလိုအဖြစ်ကို နှလုံးသားကြည်စင်ဖြူလွတဲ့ မင်းသားလေးတောင် နားလည်နိုင်မှာ မဟုတ်ပါဘူး။ ‘အဲဒီဂြိုဟ်ထဲမှာ မျက်နှာနီမြန်းတဲ့ လူကြီးတစ်ယောက်ရှိတယ်။ သူဟာ ပန်းကို ဘယ်တော့မှ မကြည့်ခဲ့ဘူး။ ကြယ်ပွင့်လေးတွေကို ဘယ်တော့မှ မကြည့်ဖူးဘူး။ ဘယ်သူ့ကိုမှ မချစ်ဖူးဘူး။ သူ့ဘဝမှာ ဂဏန်းလဏ္ခဏာပေါင်းနေတာက လွဲလို့ ဘာမှ မလုပ်ဖူးဘူး။ သူကလည်း ခင်ဗျားလိုပဲ။ ‘ငါ အရေးကြီးတဲ့ ကိစ္စတွေနဲ့ သိပ်အလုပ်များနေတယ်လို့ ပြောတယ်။ အဲဒါဟာ သူ့ကို ဘဝင်မြင့်စေတယ်။ သူဟာ လူမဟုတ်ဘူး။ မှိုပွင့်ပဲ’ လို့ မင်းသားလေးက အပြစ်ကင်းစင်ပြီး နှစ်သက်စဖွယ် မှိုပွင့်လေးကို ကမ္ဘာမြေကို ကောင်းကျိုးမပေးတဲ့ လူနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ဖူးရဲ့။

 ပြီးတော့ မင်းသားလေးက “လူတွေဟာ ပန်းတွေရဲ့ စကားကို ဘယ်တော့မှ နားထောင်ဖို့ မသင့်ဘူး။ လူတွေဟာ သူတို့ရဲ့ အလှကိုသာ ငေးမောကြည့်ရှုပြီး သူတို့ရဲ့ ရနံ့ကိုသာ ရှုရှိုက်နေဖို့ ကောင်းတယ်။” လို့လည်း ဆိုခဲ့ဖူးတာ။ ဒီလို ရနံ့မွှေးကြိုင်လှပတဲ့ ပန်းကလေးရဲ့ စကားတောင် အရေးတယူမထားတဲ့ လူတွေဟာ သစ်ရွက်ကလေးရဲ့ စကားကိုလည်း အမှုထားကြမှာ မဟုတ်ပါဘူး။ တကယ်ပါ။ ဒုက္ခသစ္စာဖြစ်ရာအကြောင်းဟာ သမုဒယသစ္စာတည်းလို့ ရေရွတ်ရုံဖြင့် ဒဏ်ရာများလျော့နည်းသွားဖို့ မျှော်လင့်နေမြဲသော သူရူးတစ်ယောက်လိုပဲ သစ်ရွက်ကလေးရဲ့ စိတ်ဝေဒနာကြီးကျယ်တယ်ဆိုတာ ယုံစေချင်လိုက်တာ။

သစ်ရွက်ကလေးမှာ ခံစားနာကျင်တတ်တဲ့ အာရုံမရှိဘူးလို့ မငြင်းစေချင်ပါဘူး။ငြိမ့်ငြောင်းသော ဂီတသံစဉ်ကြောင့် ပိုလို့ရှင်သန်ကြီးထွားသော သစ်ပင်တွေအကြောင်း အသင်တို့ လူသားတွေ သုတေသနပြုစမ်းစစ်ကာ အတည်ပြုကြတယ် မဟုတ်ပါလား။ ဟုတ်ကဲ့။ အသက်ရှင်သန်တတ်သော၊ သေဆုံးတတ်သော၊ အသက်ရှုတတ်သော ၊ ပျော်ရွှင်ဝမ်းနည်းတတ်သော သစ်ရွက်ကလေးပါလေ။

 ဒီဝမ်းနည်းခြင်းတွေရဲ့ လက်သည် ပျော်ရွှင်ခြင်းအစကတော့ တစ်ခုသော နွေဦးမှာ ဝဲလွင့်မျောလာတဲ့ ဖဲကြိုးဝါလေးဟာ သစ်ရွက်လေးရဲ့ သစ်ကိုင်းမှာ လာရောက်ငြိတွယ်ရာက စတင်ခဲ့တာရယ်။ ဝါလွင်လှပတဲ့ ဖဲကြိုးလေးဟာ အစိမ်းရောင်နောက်ခံမှာ အလွန်တင့်တယ်ဝင်းပနေကာ မာနဂုဏ်ဝံ့နေခဲ့တာပေါ့။ မင်းသားလေးရဲ့ မူယာကြွယ်တဲ့ ပန်းကလေးလိုရယ်လေ။ ပြီးတော့ ပန်းကလေးလိုပဲ မမှန်စကားတွေနဲ့ ကြွားဝါတတ်သေးတာ။ ဖဲကြိုးလေးဟာ သူသာ ကမ္ဘာမြေအနှံ့ခရီးဆန့်ခဲ့ကြောင်း၊ လေဟုန်စီးကာ တိမ်တွေအကြား ပျော်ခဲ့ကြောင်း၊ ဒီလောကမှာ သူသာ အလှပအတင့်တယ်ဆုံးဖြစ်ကြောင်း ပြောတာပေါ့။

မင်းသားလေးက ပန်းကလေးရဲ့ သိက္ခာမရှိပုံ၊ မရိုးသားပုံကို လွယ်ကူစွာ အကဲခတ်နိုင်သလိုပဲ သစ်ရွက်ကလေးကလည်း ဖဲကြိုးလေးရဲ့ ယုတ္တိမတန်တဲ့ လိမ်ညာဆင်တွေကိုချက်ချင်းသိမြင်ခဲ့တာပါ။ ဒါပေမယ့် သစ်ရွက်လေးဟာ ဖဲကြိုးလေးရဲ့မုသားမှန်သမျှကို သာယာချမ်းမြေ့ဖွယ် အတိဿယဝုတ္တိ အလင်္ကာလို့ မှတ်သားပျော်ရွှင်နေသတဲ့။ ပန်းပွင့်ကလေးရဲ့ မာနထောင်မှုနဲ့ မဆက်ဆံချင်တော့တဲ့ မင်းသားလေးဟာ ပန်းကလေးကို ထားရစ်ပြီး ငှက်ရိုင်းတစ်အုပ်နဲ့ သူ့ဂြိုဟ်လေးကို စွန့်သွားပေမယ့် သစ်ရွက်ကလေးကတော့ မောက်မာမော်ကြွားတဲ့ ဖဲကြိုးဝါလေး လွင့်စင်ပျောက်ကွယ်သွားမှာကိုပဲ စိုးရိမ်နေသတဲ့။ 



မိတ်ဆွေဖွဲ့တယ်ဆိုတာ အကျွမ်းတဝင်ဖြစ်အောင် နှောင်ဖွဲ့ခြင်းလို့ မင်းသားလေးရဲ့ မိတ်ဆွေ မြေခွေးကပြောခဲ့တာ။ သစ်ရွက်ကလေးနဲ့ ဖဲကြိုးဝါတို့ဟာ မိတ်ဆွေတွေ မဟုတ်ကြပါဘူး။ သူတို့ အကြားမှာ နှောင်ဖွဲ့ခြင်းမရှိလို့ အကျွမ်းတဝင်မိတ်ဆွေတွေလည်း မဖြစ်ခဲ့ကြပါဘူး။ ဖဲကြိုးလေးဟာ သစ်ရွက်ကလေးရဲ့ ဖြစ်တည်မှုကို စိတ်ဝင်စားသူမဟုတ်ဘူး။ သစ်ရွက်လေးရဲ့ ဘာသာဗေဒကို နားလည်သူ မဟုတ်ပါဘူး။ အမှန်ဆိုရရင် သစ်ရွက်ကလေးရဲ့ ဖြစ်တည်မှုဟာ ဖဲကြိုးလေးနားမှာ ဝန်းရံပြီး သူ့ပုံပြင်ကို နားထောင်ကြတဲ့ သစ်ရွက်တွေကြားက တစ်ခုမျှသာရယ်။

 
ဒါပေမယ့် သစ်ရွက်ကလေးဟာ ဖဲကြိုးဝါလေးနဲ့ မကျွမ်းဝင်တဲ့အတွက် ကြေကွဲမနေခဲ့ပါဘူး။ မင်းသားလေးရဲ့ အသိမြွေကတောင် လူတွေဟာ ‘လူတွေ အများကြားမှာလည်း အထီးကျန်ဘဝနဲ့ နေရတာပဲ မဟုတ်လား’ လို့ ပြောခဲ့ဖူးတာရယ်။ မိတ်ဆွေစစ်၊သူငယ်ချင်းအရင်းတွေ ဆိုတာ တစ်ယောက်ကျောကို တစ်ယောက်က ဓားနဲ့ထိုးရင်း မေ့ပျောက်ပျော်ရွှင်နေကြတဲ့ သူတွေ မဟုတ်လား။ ဟုတ်တယ်နော်။ လူဆိုတာ နားမလည်နိုင်ဆုံး သတ္တဝါတွေရယ်။ ပန်းကလေးကို ချစ်တဲ့ မင်းသားလေးတောင် လေယာဉ်မှုးကို သိုးပုံလေး ဆွဲခိုင်းခဲ့မိသေးတာလေ။

ဒါပေမယ့် သိုးလေးရပြန်တော့ မင်းသားလေးက ကြောင့်ကြဗျာပါဒရှိရပြန်ရော “ နှစ်ပေါင်းသန်းပေါင်းများစွာထဲက ပန်းတွေမှာ ဆူးရှိခဲ့ပါတယ်။ သိုးတွေကလည်း သူတို့ကို နှစ်ပေါင်းသန်းပေါင်းများစွာ စားခဲ့ကြတယ်။ ပန်းတွေအတွက် ဘာမှအသုံးမဝင်တဲ့ ဆူးခက်တွေကို ဒုက္ခခံပြီးပေါက်ခဲ့တာ ဘာကြောင့်လဲဆိုတာ နားလည်ဖို့လိုတယ် မဟုတ်လား။ ပန်းတွေနဲ့ သိုးတွေရဲ့ စစ်ပွဲဟာ အရေးမကြီးဘူးလား။ နီရဲတဲ့ မျက်နှာရှိတဲ့ လူကြီးရဲ့ ဂဏန်းသင်္ချာများထက် ဒီကိစ္စက ပိုအရေးမကြီးဘူးလား။ ကျွန်တော့်အတွက် ကျွန်တော်သိတာက ကမ္ဘာပေါ်မှာ ကျွန်တော်ရဲ့ တစ်ဦးတည်းသော ပန်းလေးအကြောင်းပဲ။ ဒီပန်းကလေးဟာ တခြားမှာ ပေါက်တဲ့ပန်းမဟုတ်ဘူး။ ကျွန်တော်ရဲ့ ဂြိုလ်ထဲမှာ ပေါက်တဲ့ ပန်းကလေးပါ။ ဒါပေမယ့် သိုးကလေးက တစ်မနက်မှာ သူဘာလုပ်လို့ လုပ်မှန်းမသိဘဲ တစ်ငုံတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်။ ဒါဟာ အရေးမကြီးဘူးလို့ ထင်သလား” တဲ့။ 

မင်းသားလေးဘဝမှာ ပန်းကလေးက အရေးအကြီးဆုံးဖြစ်သလို သစ်ရွက်ကလေးအတွက်လည်း ဖဲကြိုးဝါလေးဟာ အရေးအပါဆုံးပါပဲ။ ဒါပေမယ့် မင်းသားလေးရော ၊ သစ်ရွက်ကလေးပါ သူတို့ရဲ့ အရေးအပါဆုံးသူတွေဆိုတာ သူတို့ကိုယ်တိုင် မသိခဲ့ကြဘူး။ သူတို့ရဲ့ အရေးအကြီးဆုံးသူတွေကိုလည်း နားမလည်နိုင်ကြပါဘူး။ မင်းသားလေးက ပန်းကလေးနဲ့ ပက်သက်ပြီး ‘ ကျွန်တော် အကြောင်းအရာတွေကို ဘယ်လိုနားလည်ရမယ်ဆိုတာ မသိဘူး။ ကျွန်တော်သူပြောတာတွေကို နားထောင်ပြီး ဝေဖန်သုံးသပ်ခြင်း မပြုလုပ်ဘဲ အမူအရာ၊အပြုအမူတွေနဲ့သာ အကဲခတ်ဖို့ကောင်းပါတယ်။’ လို့ မင်းသားလေးက ပြောခဲ့တယ်လေ။ 

ဒီလိုပဲ သစ်ရွက်လေးဟာ သူစိမ်းတွေကြားမှာ အသွင်ကွဲအဖော်မဲ့နေတဲ့၊ ခရီးကြမ်းကြောင့် ပင်ပန်းနေမယ့် ဖဲကြိုးဝါလေးရဲ့ လက်ရှိအဖြစ်ကိုသာ စာနာဖို့ကောင်းခဲ့တာရယ်။ ဒါပေမယ့် မောက်မာမှုကို ကာလာရှည်ကြာသည်းခံနိုင်ဖို့ဆိုတာ ခက်သားကလားနော်။ သစ်ရွက်ကလေးဟာ အပ်ကြောင်းထပ်လာတဲ့ ဖဲကြိုးလေးရဲ့ ဝါကြွားစကားတွေကို မကြားယောင်ပြုတတ်လာပြီ။ နှလုံးသားမဲ့ကာ ထောင်လွှားလွန်းတဲ့ ဖဲကြိုးလေးကို သစ်ရွက်လေး ဥပေက္ခာပြုဖို့ တဖြည်ဖြည်းတိုးလို့ ကြိုးစားပြီလေ။

ဒါဟာ လူတွေ လက်ညှိုးထိုးနေကျ ဆင်းရဲဖြစ်ရာအကြောင်းပေါ့။ ပိယေဟိ ဝိပယောဂေါ ဒုက္ခော၊ ချစ်သောသူနှင့် ကွေကွင်းရသော ဆင်းရဲ။ မင်းသားလေးက ပန်းကလေးကို နောက်ဆုံးအနေဖြင့် ရေလောင်းတယ်။ ၄င်းပန်းကလေးအား မှန်ပေါင်းချောင်ကလေးထဲ ထည့်မယ်အပြုတွင် သူ့ကိုယ်သူ မျက်ရည်ကျလုလု အခြေသို့ ရောက်နေပြီကို သိရှိခံစားမိတာ။ ‘သွားတော့မယ်နော်’ လို့ သူက ပန်းကလေးကို ပြောလိုက်ပေမယ့် ပန်းကလေးက မည်သို့မှ အဖြေမပေးပါဘူး။ ‘ သွားတော့မယ်’ လို့ မင်းသားလေးက နောက်တစ်ကြိမ် နှုတ်ဆက်ပြန်တယ်။ 


သစ်ရွက်ကလေးကတော့ ဖဲကြိုးဝါလေးကို မနှုတ်ဆက်ပါဘူး။ နှုတ်ဆက်လည်း ဖဲကြိုးဝါလေးမှာ သစ်ရွက်လေးရဲ့ အသံကို နားထောင်ဖမ်းယူနိုင်တဲ့ ရင်ခွင်မရှိပါဘူး။ ဒါပေမယ့် အကြည့်တောက်တောက်နဲ့ စူးစူးစိုက်စိုက်နားထောင်တတ်တဲ့ သစ်ရွက်ကလေးမျက်နှာလွှဲနေတတ်တာကို ဖဲကြိုလေးက မကြာခင်ပဲ သတိထားမိလာတယ်။ ‘ဒီတစ်ခါ လေအလာမှာ စိတ်လွတ်ကိုယ်လွတ် ငါပျံသန်းသွားတော့မှာ။ နှုတ်ဆက်ပါတယ်။’ တဲ့။ သစ်ရွက်လေးက မကြားယောင်ပြုလို့ သီချင်းတိုးတိုးဆိုတယ်။ 

 ဒီလိုနဲ့ လေရူးတသိုက်ရောက်ခိုက် ဖဲကြိုးလေး ပျံသန်းသွားပြီလေ။ လေအရှိန်နဲ့ လွင့်သွားပေမယ့် ခဏမကြာမှပဲ မိုးရွာလာတော့ ဖဲကြိုးလေးဟာ ရွှဲရွှဲစိုကာ မြေပေါ်ပြုတ်ကျသွားတာ။ မြေနီလမ်းလေးရဲ့ ဘေးမှာ လဲလျောင်းညစ်ပတ်နေတဲ့ ဖဲကြိုးလေးရယ်။ သစ်ရွက်ကလေးဟာ စိတ်မကောင်းလွန်းလို့ ငိုရှာတယ်။ သူက မိခင်သစ်ပင်ကြီးကို ပြောတယ်။ ဖဲကြိုးဝါလေးကို သူကူညီရလိမ့်တဲ့။ ဟုတ်တယ် မဟုတ်လား။ ‘ ခင်ဗျား အကျွမ်းတဝင်နှောင်ကြိုးဖွဲ့ထားတဲ့ အရာဝတ္တုအားလုံးအပေါ်မှာ ခင်ဗျားတာဝန်ရှိတယ်’ လို့ မြေခွေးက မင်းသားလေးကို ပြောခဲ့တယ်လေ။


 မဖြစ်နိုင်ဘူးလို့ မိခင်သစ်ပင်ကြီးက ပြောတယ်။ ‘မင်းက ငယ်ငယ်လေးရှိသေးတယ်။ မင်းက စိမ်းလမ်းရဦးမယ်။ ရှင်သန်ရဦးမယ်။ မင်းရဲ့ သက်တမ်းတစ်လျှောက် ဒီသစ်ပင်မှာနေရုံအပြင် ဘာမှစွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။’ လို့ ဖျောင်းဖျတယ်။ သစ်ရွက်ကလေးက အရောင်တွေညစ်နေတဲ့ ဖဲကြိုးဝါလေးကို သနားလို့ မဆုံးနိုင်အောင် ဖြစ်နေတာပေါ့။ ဒါပေမယ့် သူ့ရဲ့ ကြေကွဲမှုကို ဖဲကြိုးလေးမမြင်အောင်လည်း ဟန်ဆောင်နေရတယ်။ ဖဲကြိုးလေးဟာ ပန်းကလေးလိုပဲ အလွန်မာနကြီးသူရယ်လေ။ 

သစ်ရွက်ကလေးက ဖြတ်သွားဖြတ်သွားလူတွေကို အကူအညီတောင်းတယ်။ သူဟာ ဖဲကြိုးလေးမကြားအောင်လည်း တိုးတိုးသာသာပြောရသေးတာ။ ဒါပေမယ့် လူတွေဟာ မင်းသားလေးပြောသလို သူတို့အမြန်ရထားနဲ့သာ ခရီးသွားနေကြတယ်။ နောက်ပြီး သူတို့ အဆောတလျင်ဟိုပြေးဒီပြေးနဲ့ သူတို့စိတ်လှုပ်ရှားနေကြတယ်။ သူတို့ ချာလည်လည်နေကြတယ်။ သူတို့ဟာ သစ်ရွက်လေးရဲ့ စကားကို အလေးမထားမကြားနိုင်ကြပါဘူး။

အချိန်ဟာ ဝမ်းနည်းမှုတွေကို ကုစားနှစ်သိမ့်စေတယ်တဲ့။ ဒါပေမယ့် သစ်ရွက်ကလေးက သူဘဝနောက်ဆုံးချိန်ရွက်ဝါကြွေချိန်တိုင် မစောင့်နိုင်တော့ဘူး။ သူ့ကို သွားခွင့်ပြုပါတော့လို့ မိခင်သစ်ပင်ကြီးကို တောင်းပန်တယ်။  ‘သေရမယ်ဆိုရင်တောင်မှ သူ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုတဲ့ အသိနဲ့ သေရခြင်းဟာ ကောင်းသောလက္ခဏာတစ်ရပ်’လို့ ဆိုကြတယ်မဟုတ်လား။ ဒီလိုအဖန်ဖန်အသနားခံရင်း သစ်ရွက်လေးက မိခင်သစ်ပင်ကြီးဆီက ခွဲခွာလိုက်ပြီလေ။ 

အခုဆို လေနှင်ရာ လွင့်လာတဲ့ သစ်ရွက်စိမ်းလေးတစ်ရွက်တစ်လေ အသင့်မြင်ကွင်းရှေ့ရောက်လာရင် ရှောင်ဖယ်ကာ မသိကျွိုးကျွံမပြုစေချင်ပါ။ သူက ဖဲကြိုးဝါလေးကို ကူညီပေးဖို့ တောင်းပန်နေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် မျက်လုံးဟာ အရေးကြီးတဲ့အကြောင်းအချက်တွေကို မမြင်နိုင်ဘူးလို့ မင်းသားလေးရဲ့ မြေခွေးက ပြောခဲ့သလိုပဲ သစ်ရွက်ကလေးရဲ့ စကားကို နားဆင်နိုင်ဖို့ အသင့်နားတွေသန့်စင်ဖို့ လိုပါတယ်။

အသည်းနှလုံးနဲ့ ခံစားပြီးမှသာလျှင် အသည်းနှလုံးမှ မှန်ကန်စွာ မြင်နိုင်ပေလိမ့်မယ်လို့ မင်းသားလေးရဲ့ မိတ်ဆွေမြေခွေးက ပြောခဲ့ပါတယ်။ သစ်ရွက်ကလေးရဲ့ စကားသံကို အသင်မကြားခဲ့ဘူးဆိုရင် တစ်ခုခုလွဲနေပြီလို့ သိလိုက်ပါ။  ခဏလေး၊ တဖြုတ်လေး ပြေးနေရာက တဆိတ်လေး နားပါဦး။  ဆောက်တည်ရာမရ လွင့်ပျံနေတဲ့ သစ်ရွက်ကလေးရဲ့ စကားကို အသင်ကြားနိုင်ဖို့ မျှော်လင့်မိပါတယ်။



ရှုဒေါင့်များစွာ၊လေးနက်မှုများစွာ ဖြာထွက်နေတဲ့ မင်းသားလေးစာအုပ်ကို ကျွန်မ ပြင်ရေးဖို့ ခက်ခဲလွန်းလှပါတယ်။ ဒါပေမယ့် ချစ်ရပါသော မစောသင်းမြလှိုင်အတွက် ကြိုးစားရေးမိခြင်း ဖြစ်ပါတယ်။

မေတ္တာများဖြင့်
မယ့်ကိုး


18 February 2012

“တစ်ခုသော အရိပ်ဈေးကွက်"

ကျွန်မရဲ့အလုပ်ဟာ လစာနည်းသလို စိတ်ဖိစီးမှုလည်းမရှိသလောက်ရယ်။လူတွေကို ဓာတ်မှန်ရိုက်ပေးရတဲ့အလုပ်မှာ ပျော်ပါတယ် ။ အချိန်အများစုက အခန်းလေးထဲမှာ အေးအေးဆေးဆေး ထိုင်နေရပြီး လူနာမလာသေးရင် သက်တောင့်သက်သာနေနိုင်ကာ စာလည်း ဖတ်လို့ရသေးတယ်လေ။ ချစ်သူကတော့ နာတာရှည်လူနာတွေအနားမှာ၊ ကူးစက်ရောဂါပိုးရှိသူတွေကြားမှာ  ကျွန်မ အသက်ရှုနေထိုင်တာကို မကြိုက်ဘူး။ သူက ကျွန်မကို အဆုတ်နာကူးစက်ပိုးတွေ ကူးစက်ခံနေရပြီလားဆိုတဲ့ သံသယနဲ့ မကြည့်ပေမယ့် အတွေးမှာတော့ စဉ်းစားနေလိမ့်မယ်ဆိုတာ ကျွန်မသိတာပေါ့။ ချစ်သူရှေ့မှာ နေမကောင်းလို့ ချောင်းဆိုးမိတဲ့အခါ ကျွန်မကို “စာရေးမအလုပ်မျိုး လုပ်ကွာ” လို့ မရေမရာတိုက်တွန်းတတ်တာမို့ ချစ်သူမနှစ်လိုတဲ့အလုပ်ကို ကျွန်မ မလုပ်လိုပါဘူး။

ခက်တာက ဒီအလုပ်လို အေးဆေးသက်သာတဲ့ အလုပ်လည်း မရသေးဘူး ဖြစ်နေတာ။ တစ်နေ့တော့ လူတစ်ယောက် ဦးနှောက်ကို ဓာတ်မှန်လာရိုက်တယ်။ ဦးနှောက်ကို ဓာတ်မှန်ရိုက်တာက နည်းနည်းရှားပြီး ၊  အလေးထားပြီးလုပ်လို့ သူ့ကို မှတ်မိနေတာ မဟုတ်ပါဘူး။ သူ့ဓာတ်မှန်မှာ ဦးနှောက်က ပုံမှန်ထက်လျော့နည်းနေလို့ ဖြစ်ပါတယ်။ ဦးနှောက်က သေးနေ၊ငယ်နေ၊ကျုံ့နေတာမျိုးမဟုတ်ဘဲ ဖြတ်ထုတ်ထားသလို မူလပုံသဏ္ဍာန်မရှိတာရယ်။ ဆရာဝန်ကို ဓာတ်မှန်ပေးပြီး သူ့ကို ကျွန်မ အကဲခတ်ကြည့်နေမိတယ်။ သူ စိတ်ဓာတ်ပုံမှန်ရှိရဲ့လားလို့ စပ်စုမိသလောက်တော့ သူက သာမန်လူလိုပါပဲ။ 

တကယ်တော့ ကိုယ်လက်အင်္ဂါအတွင်းပိုင်းကလီစာတွေ လျော့နည်းနေတဲ့သူတွေ တွေ့ကြုံရတာ ကျွန်မအတွက် အစိမ်းသက်သက်မဟုတ်ပါဘူး။ ကွန်ပျူတာ ပစ္စည်းလိုချင်လို့ ကျောက်ကပ်တစ်ခြမ်းကို ရောင်းလိုက်သူတွေ၊ အရက်စားလို့ အသည်းတစ်ခြမ်းဘဲ ရှိတဲ့သူတွေ၊ သားအတွက် နှလုံးသားတစ်ဖက်လှုလိုက်တဲ့ အမေတွေ အများကြီးကြုံခဲ့ဖူးတာပါ။ ပိုပြီး စိတ်ထဲစွဲမိတာကတော့ သူက ကျွန်မတို့ ဆေးခန်းမှာပဲ ကုသနေလို့ ဖြစ်ပါတယ်။ နောက်ခြောက်လအကြာ သူထပ်မံပြီး ဓာတ်မှန်ရိုက်တဲ့အခါ သူ့ဦးနှောက်က ထပ်ပြီး လျော့နည်းနေပြန်တာ တွေ့ရတဲ့အခါ ကျွန်မ မသင်္ကာတော့ပါဘူး။ သူက ကျွန်မထက်အသက်အတော်ကြီးတဲ့ လူရွယ်တစ်ယောက်ပေမယ့် ကျွန်မ မနေနိုင်ဘဲ “ ဦးလေး ဦးနှောက်ဖောက်စားခံရပြီ ထင်တယ်။” လို့ သတိလက်လွတ်ပြောလိုက်မိတာ။

 ဆရာဝန်မဟုတ်ဘဲ ဆရာလုပ်မိတဲ့ကျွန်မကို သူ စိတ်ဆိုးသွားပြီလို့ ထင်လိုက်ပေမယ့် သူက မျက်နှာပျက်ပျက်နဲ့ပဲ ကြိုးစားပြုံးပြပါတယ်။ ကျွန်မ အားနာသွားပြီး “ စိတ်မရှိပါနဲ့ ဦးလေး” လို့ ချက်ချင်းတောင်းပန်လိုက်ပါတယ်။ သူက သဘောကောင်းတဲ့အပြုံးနဲ့ “ တူမပတ်ဝန်းကျင်မှာ ဦးလေးလိုမျိုး ဦးနှောက်ဖောက်စားခံရသူ ရှိလို့လား” လို့ ပြန်မေးတဲ့အခါ ကျွန်မ မဖြေနိုင်ခဲ့ဘူး။ မျက်လုံးကြောင်တောင်နဲ့ သူ့ကို ပြန်ကြည့်မိရဲ့။ သူက “အဲဒီလူကို ဂရုစိုက်ကွာ” လို့ ပြုံးပြောပြီး နှုတ်ဆက်ထွက်သွားပါတယ်။ အဲဒီနောက်ပိုင်း သူ ဆေးခန်းကို မလာတော့ဘူး။ ဒီလိုနဲ့ တစ်ခုခုဆို ချစ်သူဆို ရင်ဖွင့်နေကျ ကျွန်မက သူ့အကြောင်းကို ပြောမိပြန်တယ်။ 

“လူတွေက ဦးနှောက်ရဲ့ ရှစ်ပုံတစ်ပုံကိုပဲ အသုံးချတာတဲ့။ အဲဒါကြောင့် သူက ဦးနှောက်ဖောက်စားခံရလည်း သူက သာမန်လူပဲ ဖြစ်နေသေးတာ ဖြစ်မယ်” လို့ သူ့အကြောင်းကို အဆုံးသတ်တဲ့အခါ ချစ်သူက သဘောမကျဘူး။ သဝန်တိုတာတော့ မဟုတ်ပါဘူး။ ချစ်သူက သူ့အကြောင်းကလွဲလို့ ကျွန်မအကြောင်း ကျွန်မစဉ်းစားရင်တောင် သိပ်ဘဝင်ကျတတ်တာ မဟုတ်ဘူးလေ။ ဒီတစ်ခါတော့ “နောက် အဲဒီလူအကြောင်း မပြောပါနဲ့လား” လို့ ပွင့်ပွင့်လင်းလင်းပဲ ပိတ်ပင်ပါတယ်။ နှုတ်ကသာ သူ့အကြောင်းမပြောပေမယ့် အတွေးကိုတော့ ချစ်သူလည်း တားမြစ်လို့မရဘူး မဟုတ်လား။ ကျွန်မရဲ့ အလုပ်မှာ အားလပ်ချိန်တိုင်း သူပြန်လာမှာလားလို့ မျှော်နေတတ်တယ်။ ဒါပေမယ့် ကြာတော့လည်း ကျွန်မ သူ့ကို မေ့လာခဲ့တာ။ အမှန်ဆိုရရင် အလုပ်သစ်ရပြီး အလုပ်ထွက်စာတောင် တင်ပြီးပြီမို့ ဒီအလုပ်မှာ စိတ်ဝင်စားမှုလည်း လျော့လာပြီလေ။

 တိုက်တိုက်ဆိုင်ဆိုင် ကျွန်မအလုပ်ထွက်မယ့် နေ့မှာပဲ သူရောက်လာပါတယ်။ ဦးနှောက် ဓာတ်မှန်ရိုက်ဦးမယ်ဆိုပဲ။ ဦးနှောက်ကို ခဏခဏဓာတ်ရိုက်ဖို့ မသင့်ဘူးဆိုတာ ကျွန်မသိသလို သူလည်း ကြားဖူးမှာပါ။ ကျွန်မထက် ပညာပိုတတ်တဲ့ ဆရာဝန်ရဲ့ လက်မှတ်နဲ့ ဆိုတော့ ဘာဖြစ်လို့လဲလို့ မမေးသာတော့ဘူး။ အံ့သြတုန်လှုပ်စရာ ။ သူ့ရဲ့ ဦးနှောက်က တဝက်သာသာလျော့နည်းနေပြီ။ ကျွန်မ တုန်လှုပ်ပြီး “ဦးလေး …ဦးလေး ဦးနှောက်က ဖောက်စားခံရတာ ဟုတ်လို့လား။ ရောင်းစားနေတာလား” လို့ မေးဖြစ်သွားခဲ့တာ။ သူက ကျွန်မဆီက မမျှော်လင့်တဲ့ အမေးကို အံ့အားသင့်သွားပုံရပေမယ့် အေးဆေးသက်သာပဲ ဖြေပါတယ်။ “ဦးလေးဦးနှောက်က ဖောက်စားခံရတာလည်း မဟုတ်၊ ရောင်းစားတာလည်း မဟုတ်ပါဘူး။ ဦးလေးသဘောတူညီမှုနဲ့ပဲ သွေးသားနဲ့လဲတာပါ” လို့ သူပြောတာကို ကျွန်မ နားမလည်ဘူး။ သူက ရှက်သလိုပြုံးပြီး “ သွေးသားဆိုတာ လိင်ကိစ္စကိုပြောတာပါ” လို့ ထပ်ရှင်းပြတဲ့အခါ ကျွန်မ ပူထူပြီး ဆက်မမေးတော့ဘဲ နှုတ်ပိတ်နေလိုက်ရတော့တာ။ 

ညနေ ချစ်သူ လာကြိုတော့ သူ့လက်မောင်းကို မှီတွယ်ပြီး လမ်းလျှောက်လာပေမယ့် အရင်လို တီတီတာတာပြောလိုစိတ်မရှိတော့ဘူး။ “ညည်းအဖေက ငါ့ကို ဦးနှောက်ပျက်အောင်လုပ်နေတာ၊ တစ်ခုခုဆို ခင်စဉ်းစား၊ခင်လုပ်လိုက်ပဲ ပြောတော့ သေးသေးမွှားမွှားတွေ ငါ့ခေါင်းထဲပြည့်ပြီး ကြာတော့ ငါ့ဦးနှောက်တုံးတုံးလာပြီ” လို့ အမေပြောတာကို ကြားယောင်နေမိတယ်။ အမေ့အချိန်တွေကို ဘာနဲ့ လဲလှယ်လိုက်သလဲဆိုတာကို အိမ်ပြန်ရောက်ရင် အမေ့ကို မေးမယ်လို့ ဆုံးဖြတ်မိရဲ့။အဖေကရော။ အဖေရဲ့ လူရာဝင်လက်မှတ်ကရော ဘာနဲ့ လဲလှယ်ထားတာလဲ။ ချစ်သူက ကျွန်မငြိမ်နေတာ သတိထားမိပြီး “အလုပ်ဟောင်းကို လွမ်းပြီး စိတ်မကောင်းဖြစ်နေတာလား” တဲ့။ ချစ်သူစကားဆိုတော့မှ ကျွန်မ သွေးဆိုးလာကာ သူ့ကို ကျွန်မဖက်ကို ဆွဲလှည့်လိုက်ပြီး “ကျော်…ဟို မိန်းမနဲ့ အိပ်တုန်းက ဘာပေးခဲ့ရလဲ ပြော…” လို့ ရန်စကားဆိုမိတာ။

ရုတ်တရက်ကြီးဆိုတော့ ချစ်သူလည်း ပြင်ဆင်ထားပုံမရဘူး။ “ အာ… အဲဒါ မပေးရပါဘူး။ သွေးသားအပေးအယူပဲလေ။ အပြန်အလှန် ကျေပါတယ်” တဲ့။ ဒါပေမယ့် ကျွန်မ စိတ်အကျိတ်အခဲကတော့ မကျေပျက်နိုင်တော့ဘူး။ ရုတ်တရက် ချစ်သူ့လက်ကို လွှတ်ချလိုက်ပြီး ““ကျော့်  ကို ချစ်ပါတယ်။ ဒါပေမယ့် မကြိုက်တော့ဘူး” လို့ ပြောပြီး ထွက်ပြေးလာခဲ့မိတယ်။ ချစ်သူက ဘယ်လိုလှမ်းခေါ်ခေါ် ကျွန်မ မကြားတော့ဘူး။ လမ်းက လူတွေက ကျွန်မကို ကြည့်နေကြတယ်။


သူတို့ ကျွန်မဘဝကို အထင်းသားမြင်နိုင်ပေမယ့် ကျွန်မအတွေးတွေကို ဓာတ်မှန်ရိုက်ကြည့်လို့ မရဘူး။ ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကိုသာ မှတ်ကျောက်တင်နိုင်ပေမယ့် ကျွန်မ စိတ်ဓာတ်ကို လေလံမတင်နိုင်ဘူး။ ကျွန်မရဲ့ ဘဝဟာ ဈေးကွက်ဝင်စရာ မလိုဘူး။ ကျွန်မရဲ့ အပြုံးဟာ ရောင်းပန်းလှစရာ မလိုဘူး။ ကျွန်မပဲ ပိုင်တယ်။လို့ တစ်ယောက်တည်းရေရွတ်ပြီး မကျေမချမ်းဖြစ်နေခဲ့တာ။ 

ဒီလိုနဲ့ ကျွန်မဟာ အရာရာကို ရန်လိုသူဖြစ်လာတယ်။ လိုတရသူမဟုတ်ပေမယ့်လည်း သူနဲ့ ထပ်တွေ့ရဖို့ တိတ်တိတ်လေးဆုတောင်းနေမိရဲ့။မျက်နှာချင်းဆိုင် ဆုံတဲ့အခါ ကျွန်မ ဘာမေးရမှာလဲ ။ သူ့ဦးနှောက်က ဘယ်လောက်လျော့နည်းနေပြီလဲလို့ သတင်းမေးလို့ ကောင်းပါ့မလား။ သူ တန်ရာတန်ကြေးရရဲ့လား လို့ စပ်စုဖို့ တော်ပါ့မလား။ သေချာတာက သူဘာဖြေဖြေ ကျွန်မ စိတ်ကျေနပ်ငြိမ်းချမ်းနိုင်မှာမဟုတ်တော့ဘူး။ သူနဲ့ ကျွန်မက အမြင်မှ မတူနိုင်ဘဲ။ ဒီလိုနဲ့ ရှင်သန်ရာအကြောင်းဗဟိုချက် မတူညီသူတွေကြောင့် ဝမ်းနည်းပက်လက် မိုက်မိုက်မဲမဲ ကျွန်မ ငိုနေမိဦးမယ်။…။ 

မယ်ကိုး

15 February 2012

ဝင်ကစွပ်ရဲ့ ပျော်ရွှင်မှု

 အကြောင်းမကြားဘဲ သူမ ရုတ်တရက်ရောက်လာတာကို အလိုမကျပေမယ့် စိတ်ထဲမှာတော့ သက်တောင့်သက်သာဖြစ်သွားပါတယ်။ ကျွန်မရဲ့ ဧည့်ခန်းက အနည်းငယ်ရှုပ်ပွနေပေမယ့် ခမ်းနားတုန်း၊ ကျွန်မက အလှပြင်ဆင်မထားပေမယ့် သပ်သပ်ရပ်ရပ် ကျော့ကျော့မော့မော့ရှိနေတုန်းရယ်။ ဒါဟာ ပိုကောင်းတယ်လို့ တွေးလိုက်မိရဲ့။ သူမကတော့ ကျွန်မအိမ်က ဘယ်လိုလှကြောင်း၊ ကျွန်မက ဘယ်လိုချောကြောင်း ချီးကျူးနေတာပေါ့။ ဒါကတော့ သူမရဲ့ စိတ်ကျေနပ်အောင်လုပ်တတ်တဲ့ အကျင့်မှန်းသိလည်း နှစ်လိုမိတာပါပဲ။ ကျွန်မကလည်း သူမ အရင်လို လှဆဲလို့ ပြန်ပြီး ပြောဖြစ်ပါတယ်။ တကယ်ပဲ သူမဟာ လွန်ခဲ့တဲ့လေးငါးနှစ်ကလို နုပျိုဆဲ ကြည့်ကောင်းဆဲပါ။ ဒါပေမယ့် ကျွန်မပြောချင်တဲ့ အကြောင်းကို သူမ လမ်းဖွင့်မပေးတာကြောင့် ခိုးလိုးခုလုဖြစ်မိတာ။

အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး သူမ မမေးသေးဘူး။ ဒါကြောင့် ကျွန်မက “ အပျိုကြီးတော့ အားအားရှိ ဝေလေလေ လုပ်နေတာပဲလား” လို့ သာသာလေးနှက်လိုက်ပါတယ်။ သူမက ရယ်ပြီး “ဟုတ်တယ် ငါက ရိုလာကိုစတာ စီးရတာ အခုထိကြိုက်တုန်း ။ ရိုးရှင်းငြီးငွေ့ရတာ သိပ်မုန်းတယ်။ ငါက တစ်ချိန်လုံး အသည်းတထိတ်ထိတ်နဲ့ ရင်ဖို စိတ်လှုပ်ရှားချင်တာ။ အဲဒီလို ဘာမှမတွေးဘဲ အကြောက်နဲ့ရဲရတာ ပျော်စရာကြီး သီတာ။ အဆောင်မှာ ငါတို့တွေ သရဲကားကြည့်ကြတာတွေ မှတ်မိတယ် ။ နင်က မျက်စိမှိတ်ထားတယ်။ ငါက ကြောက်ကြောက်နဲ့ ကြည့်တယ်။ ပြီးတော့ ငါက တစ်လလုံး အိပ်မရဘူး …” လို့ ဆိုပြီး တဟားဟားနဲ့ ဆက်ရယ်နေတယ်။ဒီလိုပဲ သူမရဲ့ စကားတိုင်းဟာ ဝေ့လည်ကြောင်ပတ်နဲ့ အနက်ကို စဉ်းစားယူရတာတွေကို ကျွန်မ မကြိုက်ဘူး။ အဲဒါကြောင့်ပဲ သူမနဲ့ ကျွန်မဟာ တစ်ဆောင်ထဲနေခဲ့ပြီး၊ အခင်ဆုံးသူငယ်ချင်း မဖြစ်ခဲ့ကြတာ။

အရှင်းဆုံးပြောရင် ကျွန်မ သူမကို နားမလည်ဘူး။ သူမရဲ့ တွေးခေါ်ပုံတွေ၊ လုပ်ဆောင်ပုံတွေ၊ အခု သူမ ပြင်သစ်သွားမယ်ဆိုတာက အစ နားမလည်နိုင်ပါဘူး။ ဒါကြောင့် “နင်က ဘာလို့ သွားမှာလဲ” လို့ ရှင်းရှင်းပဲ စပ်စုလိုက်တာ။ “ ပြင်သစ်ဆိုတာ အရင်တုန်းက အမေရိကန်တွေ အပန်းဖြေထွက်တဲ့နေရာ၊ နောက် ဂျပန်တွေ ၊ ဟော အခု တရုတ်တွေ။ ပြင်သစ်မှ မရောက်ဖူးဘဲ။ ငါမသေချင်ဘူး။ စိန့်ဂျာမိန်းဆိုတဲ့လမ်းမှာ လမ်းလျှောက်မယ်။ အဲဒီလမ်းမကြီးဘေး လဟာပြင်မှာရှိတဲ့ ကော်ဖီဆိုင်တွေမှာလာထိုင်တဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ပန်းချီဆရာတွေအကြားမှာ ကော်ဖီသောက်မယ် ။ လုဖ်ပြတိုက်ကစပြီး စုံအောင်သွားမယ်” လို့ သူမက ပြုံးစစဖြေတယ်။ သူမပြောတဲ့ နေရာတွေကို ကျွန်မတစ်ခါမှ စိတ်ကူးမယဉ်ကြည့်ဖူးဘူး။ စဉ်းစားကြည့်ပါဦး။ လမ်းပေါ်ကလူတွေက ဘယ်သူများ ဗင်းဆန့်ဗင်ဂိုးတို့ လီယိုနာဒိုဒါဗင်ချီတို့ကို အရေးတယူလုပ်နေလို့လဲ ။ ကျွန်မရဲ့လက်ကိုင်အိတ်ကိုပဲ တမက်တမောကြည့်ကြတာမဟုတ်လား။


“ခုခေတ်စားနေတဲ့ နယူးဇီလန်ပဲ သွားတာမဟုတ်ဘူး။ ရှုခင်းတွေလှမှလှ။ ဓာတ်ပုံရိုက်လို့ကောင်းမှကောင်း။ ငါတို့ သွားတုန်းက facebook မှာ ပုံ ၁၀၀ကျော် တင်လိုက်ရတယ်” လို့ ပြောပြီး ကျွန်မရယ်တော့ သူမကလည်း လိုက်ရယ်တယ်။ စိတ်ထဲလည်း ပေါ့ပါးသွားသလိုပဲ။“အေးလေ…ဘာပဲဖြစ်ဖြစ် နင်သွားတော့လည်း ငါမှာလို့ ရတာပေါ့” လို့ ဆိုပြီး ကျွန်မရေးထားတဲ့ အမှာပစ္စည်းစာရင်းနဲ့ သူမအတွက်လက်ဆောင်ကို ပေးလိုက်တယ်။ သူမက စာရင်းကို ကြည့်ပြီး “နင်က brand ရဲ့ code number တွေ ရေးမထားပါလား။ ငါ ကြိုက်တာ ဝယ်လိုက်ရမှာလား” လို့ မေးတော့ “အေး၊ဟုတ်တယ်၊ နင်က အမြင်ရှိတယ်လေ” လို့ မြှောက်ပြောလိုက်တယ်။ တကယ်ပဲ သူမက ဟန်ပန်နဲ့ပြင်ပြင်ဆင်ဆင်မရှိ ဝတ်ချင်သလိုဝတ်တတ်ပေမယ့် ဖက်ရှင်ရေစီးကိုတော့ တော်တော်နားလည်တာ။

သူမက “ပြီးရောလေ” လို့ ပြောပြီး “နင် သိပ်ချမ်းသာပါလား သီတာ၊ နင်ယောက်ျားအရတော်တယ်” လို ဆိုတော့မှ ကျွန်မ စိတ်ချမ်းသာသွားပြီး တဟင်းဟင်းရယ်မိတယ်။ ဒီစကားကို ကျွန်မအကြားချင်ဆုံးပဲလေ။ ဒါပေမယ့် သိပ်မဏ္ဍပ်တိုင် တက်လို့ မဖြစ်သေးပါဘူး။ “ဒီလိုပေါ့ဟာ သိတယ်မဟုတ်လား။ ကိုယ့်ကို ခုထိချစ်အောင်လည်း နေရတာပေါ့။ အခုခေတ်ကောင်မလေးတွေက မလွယ်ဘူးဟ” လို့ သူ ကျွန်မကို ချစ်နေတုန်းပဲ ဆိုတာလေးပါ ထည့်ပြောရင်း ကြားကောင်းအောင် ဆိုရသေးတာ။ ကျွန်မ မမျှော်လင့်ထားတာက သူမ မျက်နှာပျက်သွားတာပဲ။ “ အင်းနော်။ လူတစ်ယောက်ရဲ့ အချစ်ကို ထာဝစဉ်မြဲအောင်လုပ်ထားရတာ မလွယ်ဘူးနော်” လို့ ကျွန်မကို မကြည့်ဘဲ တိုးတိုးပြောတာ။

ကျွန်မ မရည်ရွယ်ဘဲ စားပွဲပေါ်က ဗိုက်အဆီကျတယ်ဆိုတဲ့ ထောပတ်သီးဖျော်ရည်ကို ရုတ်ချည်းယူသောက်လိုက်မိပါတယ်။ ပြီးတော့ “နင် ထမင်းစားသွားလေ။ ငါ ပြင်လိုက်မယ်” လို့ ပြောပြီး စကားလမ်းကြောင်းပြောင်းလိုက်ရတာ။သူမက “ ငါ နွယ်နီတို့နဲ့ ချိန်းထားတယ်ဟ ။သွားတော့မယ် ။ နင့်ဆီတောင် လမ်းကြုံလို့ မနည်းဝင်လာတာ။ အခုရက်ပိုင်း အလုပ်ရှုပ်နေလို့လေ” လို့ ပြောပြီး ပြန်ဖို့ပြင်တယ်။ ကျွန်မသက်သာရာ ရသွားပြီး “အေး …နင် ဟိုမှာ ယူရင်လည်း ငါ့ဆီ ဖိတ်စာပို့လိုက်ဦးနော်”လို့ နှုတ်ဆက်လိုက်တယ်။ သူမက ထုံးစံအတိုင်း တဟားဟားရယ်ပြီး “အပျော်ကြံတာပါဟာ သိတယ်မဟုတ်လား” လို့ ပြောပြီး ပြုံးနေတယ်။ “ဘယ်သူလဲ သူကလား၊ နင်ကလား” လို့ သူမရဲ့ရည်စား အနောက်တိုင်းသားကို ရည်စူးပြီးမေးတော့ သူမက “နှစ်ယောက်စလုံး” လို့ ပြောပြီးရယ်ပြန်တယ်။ 

ကျွန်မက “ဒီအသက်အရွယ်ရောက်နေပြီ ။ နင်က အခြေမချသေးဘူးလား” လို့ အကြံပေးသလို မာန်လိုက်တော့ သူမက ကျွန်မကို ခပ်စူးစူးလှမ်းကြည့်ပြီး “ ငါက ဒီလည်း ပြန်လာချင်မှ လာတော့မှာ၊ ဟိုမှာ နေရင်းလည်း မတော်တဆသေချင်သေသွားနိုင်တယ်။ အဲဒါကြောင့် ငါနင့်ကို လာတွေ့တာပဲ” တည်တည်တံ့တံ့ပြောလေတာ။ ကျွန်မက အံ့သြပြီး “ နင် ဘာပြောတာလဲ” လို့ မေးလိုက်တော့ သူမက ဘာမှဆက်မပြောဘဲ ဖိနပ်ကို ဂရုတစိုက်စီးနေပါတယ်။ “ ဒီလိုလေ။ နင် မြတ်သော်ကို စိတ်ချမ်းသာအောင်ထားနိုင်တာ ငါဝမ်းသာပါတယ်။ ငါသာဆို သူ့ကို အလိုလိုက်အကြိုက်ဆောင်ပြီး နေနိုင်မှာမဟုတ်ဘူး။ သူရော ငါရော အခုနင်တို့လောက် ပျော်ရွှင်နေမှာ မဟုတ်ဘူး။ အဲဒါကြောင့် နင့်ကို ကျေးဇူးတင်ပါတယ်။”

ကြည့်စမ်း။ ဒီမိန်းမ။ ကျွန်မ ယောက်ျားကို ခုထိမမေ့သေးပါလား။ ကျွန်မ သံပန်းတံခါးကို တင်းတင်းဆုပ်ကိုင်ထားမိတယ်။ သူမက အေးဆေးသက်သာပဲ ဆက်ပြောတယ်။ “ငါ သူ့ကို လမ်းခွဲတုန်းက အသည်းကွဲပေမယ့် နင့်အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူက ငါ့ကို သစ္စာဖောက်ခဲ့သလို ၊ နင့်ကိုလည်း သစ္စာဖောက်မှာပဲလို့ ထင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တတ်တဲ့ သစ္စာမစောင့်သိတဲ့ ယောက်ျားတစ်ယောက်ဟာ တစ်သက်လုံးဒီလိုပဲ သွားမှာပဲလို့ ထင်ခဲ့တယ်။ နင်တို့ ပျော်ရွှင်နေတာ တကယ်ပဲဝမ်းသာပါတယ်။” လို့ သူမက တစ်လုံးချင်းပြောတာ။ “ကျေးဇူးတင်ပါတယ်” လို့တောင် ကျွန်မ ဟန်ဆောင်မပြောနိုင်ဘူး။ အပြုံးမျက်နှာဖုံးဟာ ချက်ချင်းပဲ ကွာကျသွားတယ်။ သူမကတော့ ကြည်ကြည်လင်လင်ပဲ ။ “ငါနင့်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ငါ သူ့ကို ဘယ်တုန်းကမှ လပ်မထပ်နိုင်ခဲ့ဘူး။ နင်သာ သူ့ကို မယူခဲ့ရင် သူနဲ့ငါဟာ ငါတို့ တကိုယ်ကောင်းဆန်လို့ ကွဲရတော့မှာ။ အဲဒါကြောင့် အမြဲကျေးဇူးတင်တယ်” လို့ ခပ်ပြုံးပြုံးပြောပြီး “ နင်မှာတဲ့ ပစ္စည်းတွေကို ငါဆက်ဆက်ပို့လိုက်ပါ့မယ် စိတ်ချ” ဆိုပြီး အေးအေးဆေးဆေး ထွက်ခွာသွားလေရဲ့။

အိမ်တံခါးဝမှာ ကျွန်မ အတန်ကြာထိုင်နေမိတာ။ ငိုနေမိသလား ။ မဟုတ်ပါဘူး။ ဒေါသထွက်လွန်းလို့ ကျလာတဲ့ မျက်ရည်တွေပါ။ ကျွန်မက သူမကို တစ်သက်လုံးနိုင်တယ်လို့ ထင်ထားခဲ့တာ။ အဲဒါကြောင့် သူမကို သနားသလိုနဲ့ လူမြင်ကောင်းအောင် သူတော်ကောင်းယောင်ဆောင်ပြီး အတင်းလုံးလို့ ပေါင်းသင်းခဲ့တာ။ အခု ကျွန်မ မနိုင်တော့ဘူးလား။ ဟင့်အင်း ။ကျွန်မ နိုင်တယ်။ ဟုတ်တယ် ။ သူမကိုယ်တိုင် ကျွန်မကို အောင်မြင်သူပါလို့ လက်ခံသွားရတာပဲ မဟုတ်လား။ မျက်ရည်သုတ်လို့ ချက်ချင်းပဲ ပြုံးလိုက်တယ်။ ပြောပါဦး။ လောကမှာ ဘာအရေးကြီးဆုံးလဲ။ လူတိုင်းက ကိုယ့်ကို မော့ကြည့်ဖို့ပဲ မဟုတ်လား။ ကျွန်မယောက်ျားက ဘယ်သူလေလို့ ပြောတဲ့အခါ လူတွေက အားကျတဲ့အကြည့်နဲ့ ကြည့်ကြတယ်။ ကျွန်မ သမီးနဲ့သားအတွက် ချီးကျူးစကားနဲ့ ကျေနပ်ပျော်ရွှင်ရတယ်။ ကျွန်မ လုပ်တဲ့လူမှုရေးလုပ်ငန်းတွေက ကြည်ညိုလေးစားတဲ့အကြည့်တွေ ရတယ် ။ ဘာလိုဦးမှာလဲ။

မကြာခင်ပဲ သူ အိမ်ပြန်လာတော့မယ်။ အဲဒီအခါ “မောလာလား ကို။ ကို့မျက်နှာလေးမပြုံးရင် စိတ်မကောင်းလွန်းလို့” လို့ ပြောပြီး သူမရှိရင် အသက်မရှင်ချင်တော့သယောင် ချွဲနွဲ့လိုက်ဦးမယ်။ ဒီနည်းနဲ့သာ သူ့ကို ကျွန်မ ချုပ်ကိုင်ထားခဲ့တာ။ နောက်လည်း အသုံးတည့်မဲ့ စနစ်ပါပဲ ။ တွေးရင်းနဲ့ ပြုံးလိုက်မိတယ်။ အတွေးထဲက သူမရဲ့ သရော်တော်တော်အကြည့်ကို ဖျောက်လိုက်ရင်း ကျွန်မ အသက်ရှင်နေတာ မိသားစုကြောင့်ပါပဲလို့ အများယုံအောင်ပြောပြီး ကျွန်မကိုယ် ကျွန်မလည်း အယုံသွင်းဦးမယ်။ 

လွတ်လပ်ခြင်းဆိုတာ အထီးကျန်သူတွေ သုံးနေကျဆင်ခြေပါ။ လောကမှာ ကိုယ်မရှိရင် မဖြစ်ဘူးလို့ ပြောတဲ့၊ ကိုယ့်ကို လိုအပ်တယ်ဆိုတဲ့ ကြိုးတွေကသာ အသက်ရှင်ခြင်းကို အဓိပ္ပါယ်ရှိစေတာ မဟုတ်လား။ သူမဆီက ပစ္စည်းတွေ ပို့လာတဲ့အခါ ကျေးဇူးတင်ကြောင်းပြောရင်း ဒီအကြောင်းတွေကို မသိမသာလေးထည့်ရေးရဦးမယ်။ ကျွန်မက အားနာတတ်သူ မဟုတ်ဘူး။ ကျွန်မက ပျော်ရွှင်လိုသူ၊ ပျော်ရွှင်မှုကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အရယူမယ့်သူ ဖြစ်တယ်။အသေအချာပေါ့။ ကျွန်မ အနိုင်ရ ပျော်ရွှင်နေတယ်ဆိုတာ တစ်လောကလုံးသိပြီး လက်ခံစေရမယ်။ စိတ်ကူးယဉ်တတ်တဲ့ သူမကတော့ “ဘဝအဓိပ္ပါယ်” ဆိုတဲ့ စကားလုံးနဲ့ အခုထိရူးနေတာ သနားစရာပဲ။ တကယ်တော့ ရင်ခုန်မြန်လာတာကို ထိန်းချုပ်ထားနိုင်ပြီး “ကျွန်မ ယောက်ျားက ကျွန်မကို သိပ်ချစ်တာလေ” ဆိုတဲ့စကားကို အသံတစ်ချက်မပျက်ဘဲ အပြစ်ကင်းစင်ဟန် ပြုံးပြောနိုင်ဖို့သာ ဘဝမှာ အဓိကမဟုတ်လား။…။ 


မယ့်ကိုး
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း၊ ၂၀၁၁၊ ဒီဇင်ဘာ
Idea မဂ္ဂဇင်း ၊ ၂၀၁၂ နိုဝင်ဘာ

07 February 2012

“ပန်းတစ်ပွင့်ရဲ့ အလျား”

ပန်းစကား (က)
ပန်းပွင့်ရာအရပ်မှာ မျှော်လင့်ချက်လည်း ဖူးဝေတယ်။ 
လေဒီ ဘာ့ဒ် ဂျွန်ဆင်န်

တစ်ချို့သောကံတွေဟာ တစ်ခုသောရေစက်ပေါ်မူတည်ပြီး ဖူးပွင့်တတ်တယ်လို့ တွေးထင်မိစေတာက ဒုတိယနှစ်ဝက်ရဲ့ အတွင်းခန်းပြင်ဆင်မှု သင်ခန်းစာနဲ့ ဆက်စပ်နေခဲ့တာ။ သင်ခန်းစာအလုပ်သဘောမှာ အိမ်ပုံစံတစ်ခု ပေးထားကာ ကျောင်းသားအားလုံးကို နှစ်ဦးစီအဖွဲ့ခွဲလိုက်ကာ အဲဒီနှစ်ဦးမှာ တစ်ဦးကပုံအပ်သူ တစ်ဦးကပုံစံထုတ်သူအဖြစ် အပြန်အလှန်ပုံစံထုတ်ပေးရတာ ဖြစ်ပါတယ်။ မဲနှိုက်ရွေးချယ်စနစ်ဖြစ်တာမို့ အမြဲကံဆိုးလေ့ရှိသူကျွန်မမှာ ထက်မြက်သလောက် ညစ်ပုတ်တယ်ဟု နာမည်ကျော်တဲ့ သူနဲ့ကျကာ သောကများခဲ့ရတာ။

မှတ်စုစာအုပ်ပင် မထုတ်ရသေးခင် သူက ပုံအပ်သူအဖြစ် စပြောပါတယ်။ “ငါက ဂီတပညာရှင်တီးဝိုင်းခေါင်းဆောင် …. ငါ့အိမ်မှာ တူရိယာပစ္စည်း အစုံထားမယ်။ စန္ဒာရားက အစ ဒရမ်အဆုံး” “အယ်… ” ၁၁၅ စတုန်ရန်းမီတာအကျယ် တိုက်ခန်းလေးထဲ ဒီပစ္စည်းတွေနဲ့လို့ တွေးကာ ကျွန်မ မျက်နှာရှုံ့မဲ့သွားတော့ သူ ကျေနပ်သွားပုံက ရိုက်ချင်စဖွယ်။

ဒါပေမယ့် စည်းမျဉ်းချက်များမှ တစ်ခုမှာ အလုပ်အကိုင်က သူ့ရွေးချယ်ခွင့်သာမို့ ကျွန်မ မပြောသာနိုင်အောင်ရှိဆဲ ကလေးရှိတဲ့ အိမ်ထောင်သည်အဖြစ်ပါ စဉ်းစားစိတ်ကူးပေးရမှာ ဖြစ်လို့ သူပြုံးကာ ထပ်ပြောသေးတာ။ “ပြီးတော့ ငါ့မိန်းမက မော်ဒန်ပန်းချီဆရာမ။ ဟင်းချက်ဝါသနာပါတယ်။ သူက ဖိနပ်တွေ အိတ်တွေလည်း သိပ်ကြိုက်တယ်” ဂီတနဲ့ ပန်းချီကို ဘယ်လို ပေါင်းစပ်ရမလဲလို့ပင် စဉ်းစားမရဖြစ်နေဆဲမှာပင် ဖိနပ်နဲ့အိတ်တွေပင် ပါလိုက်သေးတာမို့ “သတ်ပစ်မယ်… ” လို့ အံကြိတ်ကာ ကျွန်မကျိန်းတော့ သူ ခေါင်းလှန်ကာ အားပါးတရ ရယ်တော့တာ။ဒါပေမယ့် စိတ်ဖြူစင်ကြည်လင်သူလေး မဟုတ်သူ ကျွန်မအလှည့်လည်း ရှိသေးတာလေ။ 

“ဘယ်လို” ။ သူ့စိတ်ပျက်လက်ပျက် မျက်နှာပုံပန်းကို ကြည့်ကာ ကလေးအတွေးနဲ့ ကျွန်မ အားတက်သွားရ။ “ ဂျပန်မင်းသားလေ ငါ့ အမျိုးသားက ၊ သီချင်းလည်း ဆိုတယ်” ကျွန်မ မရည်ရွယ်ဘဲ ပါးစပ်ထဲတွေ့ရာ ပြောလိုက်မိခြင်းကို သူပြုံးတုံ့တုံ့နဲ့ ခေါင်းငြိမ့်လေတော့ … ဒီလောက်နဲ့ ပြီးလို့ ဘယ်ကောင်းပါ့မလဲနော်။ “ ငါက စာရေးတယ်။ ” သူ ကျွန်မကို စောင်းငဲ့လို့ပင် မကြည့်ဘဲ “ အေးဆေးပါ” တဲ့။ ဟင့်အင်း မပြီးသေးဘူးလေကွယ့်။ “ ငါက အပင်တွေ သိပ်ကြိုက်တာ” ဆိုတော့ သူက ပခုံးတွန့်ပြီး “ ဆက် ပါဦး” တဲ့။ တွေ့မယ်။ “အိမ်ထဲ ဝင်လိုက်တာနဲ့ သစ်တောထဲ ရောက်သွားသလိုမျိုး ဖြစ်စေချင်တယ်။ အဲဒီလို နေချင်တယ်” လို့ ကျွန်မပြောတော့ သူ မျက်ခုံးတွန့်ချိုးကာ ကျွန်မကို ကြည့်လေပြီ။

အိပ်ခန်းသုံးခန်းပါသော တိုက်ခန်းမှာ အပင်တွေ ဘယ်လိုထည့်ရမလဲလို့ သူစဉ်းစားရကျပ်သွားပြီထင်။ ဒါပေမယ့် သစ္စာများသာ ကျွန်မဆိုခဲ့တာပါ။ စာအုပ်တွေ၊ပန်းတွေကြားမှာသာ ကျွန်မ ရှင်သန်ချင်တာ။ ညစ်တယ်လို့ သူထင်ရင်လည်း ရှိပါစေ။ “နောက်ပြီး အဲဒီအပင်တွေက ရာသီလိုက် ပန်းပွင့်တဲ့ အပင်တွေ ဖြစ်စေချင်တယ်” သူ စိတ်မဆိုးနိုင်တော့ဟန်ဖြင့် ခနိုးခနဲ့ ရယ်လေရာ ကျွန်မပါ လိုက်ရယ်မိပါတော့တယ်။ ပထမဆုံးသတိပြုမိတဲ့ သူနဲ့ ကျွန်မရဲ့ တူညီချက်များစွာထဲကတစ်ခုမှာ စိတ်ရှုပ်စရာတစ်ခု ကြုံလာရင် ရယ်ပစ်တတ်တာ ဖြစ်ပါတယ်။

အဲဒီနောက်သူနဲ့ ကျွန်မ ငြိမ်းချမ်းရေးယူလိုက်ပြီး ကလေးဏဏ္ဍမှာတော့ အကျယ်မချဲ့တော့ဘဲ လျှော့ထားလိုက်ကြပါတယ်။ ဒါပေမယ့် ပန်းချီနဲ့ ဂီတ ပေါင်းစပ်မှုမှာပင် ကျွန်မ မူးနောက်နောက်ဖြစ်သွားကာ စားစားသွားသွား ဒီစိတ်နဲ့သာ အိပ်မက်ထဲမှာပင် အရောင်တွေ အသံတွေ ရောယှက်နေခဲ့ကာ။ ဒီလောက်ညစ်ပတ်တဲ့သူ ရည်းစားနဲ့ မပြေလည်တာတောင် နည်းသေး… လို့ ရေရွတ်ခဲ့မိသည့်တိုင် သူ့ဇာတ်လမ်းအဆင်မချောတာ ကျွန်မလည်း မထောင်းသာပါ။ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ ကပ်ဖိုးကပ်မဲ့ ရစ်လေရာ။

“နေပါဦး။ နင်တို့ မိန်းကလေးတွေက ဘာလို့ ပန်း … ပန်းဆိုပြီး ဖြစ်နေရတာလဲ” အင်… သင်ခန်းစာ။ ဆွေးနွေးမှုနဲ့လည်း မဆိုင်ပါဘဲ။ ဒါပေမယ့် မိန်းမတွေဆိုတဲ့ ဝါးလုံးရှည်ကြီးအောက် ပါသွားပြီမို့ တုံ့ပြန်ရတော့တာပ။ ပန်း...ပန်းတွေတဲ့လား။ အာရုံမှာ ညွတ်နူးပေါ်လာရုံနဲ့တင် စိတ်ချမ်းသာလွန်းလှချည့်။ “ပန်းကို ချစ်ခြင်းမှာ လိင်အမျိုးအစား ခွဲခြားထားလို့လား... နွေဦးမှာပွင့်တဲ့ ပန်းတစ်ပွင့်ကြောင့် မင်းဝိညာဉ်ဟာ အလွန့်အလွန် အစွန်အဖျားတိုင်အောင် ဘယ်တုန်းကမှ ရင်ဖိုမပျော်မြူးခဲ့ဖူးဘူးဆိုရင် မင်းဝိညာဉ်ဟာ ဘယ်တုန်းကမှ မပွင့်ဝေခဲ့ဖူးဖြစ်လိမ့်မယ် … တဲ့ အာဒ်ရာ ဖိုဘီယို အယ်လ်ဘာက ပြောတယ် ” အရှည်ကြီးပြောလိုက်ရပေမယ့် သူ့အကြည့်က အရောင်ပြောင်းမလာပါ။

သူက ပန်းတရားကို နာချင်တာ မဟုတ်ဘဲ သူ့ကောင်မလေးအစား ကျွန်မကိုသာ ရန်ရှာချင်တာမို့ မဲ့ပြုံးနဲ့ “ဒီနိုင်ငံမှာ နွေဦးမှ မရှိတာ” လို့ ကတ်သတ်ပြောပါတယ်။ တော်သင့်ပြီ။ အိပ်ချင်ယောင် ဆောင်နေသူကို နှိုးဖို့ အချိန်လည်း မရှိတာကြောင့် လေပြေလမ်းကိုပဲ လိုက်သင့်ရဲ့။ “နင်မကြိုက်လည်း ငါ့အိမ်လေးမှာ သရက်ထည်ပန်းလေး ထည့်ပေးနော်။ သူ့အဓိပ္ပါယ်က သဘောတူညီမှု၊ ပေါင်းစည်းထားတဲ့ နှလုံးသားများ။ ဝိညာဉ်များတဲ့။သာယာတဲ့ အိမ်ထောင်ရေးလေးပေါ့ ” လို့ ပြောရင်း ရယ်ချင်ရိပ်ကို မမြိုသိပ်နိုင်ဖြစ်လာတဲ့အခါ သူလည်း မပွင့်တပွင့်ရယ်ကာ “အဲဒါ ဥယျာဉ်ထဲမှာ စိုက်တဲ့ပန်းပင်မဟုတ်လား။ င့ါကို ဒုက္ခပေးတာ များနေပြီ” တဲ့။ 

“ပန်းအဓိပ္ပါယ်ကတော့ တကယ်ပါ။ပြီးတော့ အရောင်စုံပွင့်တဲ့ ပန်းတွေနဲ့ အိမ်လေးကလည်း ငါ အတည်ကြံတာပါ ။ ငါ နေချင်လွန်းတဲ့ ရပ်ဝန်းလေးကို နင် ဖန်တီးပေးနိုင်မယ်ဆိုတာလည်း တကယ်ယုံတာပါ ” လို့ ကျွန်မ အမှန်ဆိုမိလေရာ သူ့မျက်နှာထား တည်ငြိမ်သွားပါတယ်။ “အသေအချာပေါ့” လို့ သူရေရွတ်ရင်း ကျွန်မမျက်ဝန်းထဲ တည့်တည့်စိုက်ကြည့်ကာ “ ငါနေချင်တဲ့အိမ်ခန်းကို နင်ဖန်တီးပေးနိုင်မယ်လို့ ငါလည်းယုံပါတယ် ” တဲ့။ ရင်ခုန်နှုန်း လှုတ်ခတ်သွားခဲ့တာ သူပေးတဲ့ နားလည်မှုကြောင့်လား။ ကျွန်မ မသိပါ။ သူရဲ့ ယုံကြည်မှုက ကျွန်မရဲ့ နှလုံးသွေးကြောမျှင်တွေကို ပူးချည်လိုက်တာလား။ ကျွန်မ နားမလည်ပါ။ သေချာခံစားမိတာက အာရုံမှာ နှင်းဆီရနံ့တွေ သင်းပျံဝေ။

အဲဒီနေ့ကစလို့ ကျွန်မရဲ့ အိပ်မက်အိမ်လေး လင်းဖြာခဲ့တာ။ သူဆီက “ကောင်းတယ်။ နင့်ဆွဲတဲ့အိမ်လေးကို ငါကြိုက်တယ်” လို့ ကြားရတိုင်း ပီတိအဟုန်နဲ့ ဘယ်လိုပင်ပန်းမှုမှ အရိပ်မထင်နိုင်အောင် ဖြစ်ကာ သူ့အိမ်လေးကို ရသလှလှ အချိုးမျှမျှဖြစ်အောင် ဖန်းတီပေးနိုင်ခဲ့ပေမယ့် သူကတော့ ကောင်မလေးပြဿနာတွေ ရှုပ်ပွေကာ ကျောင်းစာကို မျက်နှာလွှဲနေတာမို့ ကျွန်မရဲ့ အိမ်လေးမှာ ပီပြင်မလာခဲ့ပါ။ ကျွန်မ မနေသာတော့ဘူးလေ။ “ နင် plan ဆွဲပြီးရင် ငါ့ကို ပေးလေ။ ငါ 3D ဆွဲပေးမယ်။ အချိန်ရရင် render လည်း လုပ်ပေးမယ် ” လို့ ဆိုကာ ကူညီပါရစေလို့ ကမ်းလှမ်းရလေပြီ။ သူ အရမ်းပျော်သွားပုံနဲ့ ထိုင်နေရာက ဝုန်းကနဲထကာ ကျွန်မကို လှမ်းဖက်တော့မယ်ဟန်ပြင်တာမို့ ကျွန်မ ကြောက်ရွံတကြားရှောင်လိုက်ရာ သူရယ်လို့မဆုံးနိုင်ပဲ ကျွန်မ ဦးထိပ်ကို လက်သီးဆုပ်နဲ့ ဖွဖွထုကာ “နင် အရမ်းလိမ္မာတယ်။ ရေခဲမုန့်ဝယ်ကျွေးမယ်”တဲ့။ 

ထိုနေ့ကစလို့ သူငယ်ချင်းတွေဖြစ်ခဲ့တာမို့ ဝတ္တရားကျေအောင် ကျွန်မဖက်က ကြိုးစားထားလည်း သူကတော့ ညှာတာမှုလေး ကျိုးတို့ကျဲတဲသာ ပြန်ပေးခဲ့တာရယ်။ ကျွန်မမှာ တခြားဘာသာရပ်က အလုပ်သင်ခန်းစာတွေကို ပစ်ကာ သူနဲ့အတူ စာကြည့်တိုက်၊Mac Donald ဆိုင်တွေကို ကိုယ့်ကွန်ပျူတာကိုယ်ဆွဲသွားလို့ ပုံဆွဲကူပေးပေမယ့် သူ့အပြုံးတွေက ခေါင်းပါးလွန်းနေတာ။ ဆိုးရွားလှချည့်လို့ ကျွန်မ မတွက်ဆခဲ့ပါ။ အဆိုးဆုံးတစ်နေ့က သူ့ရက်စက်မှုကိုပင် ကျွန်မတို့နှစ်ယောက်ရဲ့ ချည်နှောင်မှုခိုင်မြဲရဲ့လားလို့ ကံကြမ္မာက မိုးကြိုးလျှပ်ပြက်ကာ စမ်းသပ်ခံလိုက်တာလို့သာ မှတ်ယူထားခဲ့ပါတယ်။

ကောင်းကင်မည်းမည်းအောက်ရောက်ခဲ့တဲ့ ထိုတစ်နေ့ကပေါ့ သူ့ကောင်မလေးနဲ့ ပေါက်ကွဲလာမှန်းသိပေမယ့် ရင်ဖွင့်ခွင့်ပေးရအောင် အချိန်လည်း မရှိတာမို့ မသိချင်ယောင်ဆောင်ကာ သူပြောသမျှကိုသာ ကျွန်မအာရုံစိုက် ပုံဆွဲနေခဲ့ပါတယ်။ ဒါပေမယ့် ဒေါသတွေဖွင့်ထုတ်ရာ ရှာနေတဲ့ သူက ကျွန်မအပေါ် ရက်စက်ခဲ့လေတာ။ ကျွန်မ ဆွဲပေးတဲ့ပုံမှာ သူလိုချင်တဲ့အရောင်နဲ့ အလင်းမရတဲ့အခါ ကျွန်မကို မညှာမတာအော်ခဲ့လေရဲ့။

အမြင်အကြားအာရုံ ပျောက်ရှသွားလောက်အောင် ဝန်းနည်းထုံကျင်သွားတာ။ ထိုစဉ်ခဏ စက္ကန့်ပိုင်းလေး ကျွန်မ သေဆုံးသွားခဲ့လေသလား။ ကျွန်မ မသိတော့။ သူ ချက်ချင်း အနူးအညွတ် ပြန်လည်တောင်းပန်ပေမယ့် ရင်ထဲစူးနင့် ဆွံ့အကာ စကားမပြန်နိုင်တော့။ ရှက်စိတ်နဲ့ ဝမ်းနည်းနာကျင်။ ဒါပေမယ့် မာနတွေကျိုးကျေနေလည်း သူ့အပေါ် နာကျည်းမှု တမျှင်ပင် မသက်ရောက်နိုင်သူမို့ အမှတ်သည်းခြေနည်းစွာ မျက်လည်စက်လက်နဲ့ သူလိုချင်တဲ့ပုံရဖို့ ညမအိပ်ဘဲ ဖြစ်အောင်လုပ်ပေးခဲ့တာ သူဘယ်တော့မှ မသိနိုင်တော့ဘူး ထင်ခဲ့ပေမယ့် သူဖော်ထုတ်နိုင်ဖို့ အကြောင်းဖြစ်လာရဲ့။
..................
ပန်းစကား (ခ) 
ပွင့်ချပ်တစ်လွှာရဲ့ အစွန်ဖျားမှာ အချစ်စောင့်နေတယ်။ 
ဝီလျံ ကာလို့စ် ဝီလျံစ် 

နောက်တစ်နေ့နံနက်စောစောမှာ သူဖုန်းဆက်ကာ လာတွေ့မယ်လို့ ဆိုတဲ့အခါ ညနေကျမှ ကျောင်းမှာ တွေ့မယ် ပြောလည်း လက်မခံဘဲ တိုက်ခန်းရှေ့ကို သူရောက်လာခဲ့ပါတယ်။ကျွန်မကပဲ ပျော့ညံ့လွန်းတာလား။ သူကပဲ တော်လွန်းတာလား။ ငိုလည်းငိုထား ညလည်း အိပ်မထားရလို့ ခေါင်းကိုက်နေသူ ကျွန်မရဲ့ စိတ်ရောကိုယ်သာမက အနာဂါတ်ပါ လန်းဆန်းကြည်လင်စေအောင် သူစွမ်းဆောင်နိုင်ခဲ့တာ။ အိမ်ထဲ အလည်ခေါ်ပေမယ့် မလာဘဲ အိမ်ရှေ့ လူသွားလမ်းမှာပဲ ရပ်ကာ လက်တစ်ဖက်ကို နောက်ပစ်လျက် အရှက်သည်းနေဟန် မျက်နှာရဲရဲနဲ့ နှင်းဆီပန်းတစ်စည်း ကျွန်မကို လှမ်းပေးပါတယ်။

ကျွန်မ မယူဘဲ အင်တင်တင်ကြည့်နေမိတော့ သူက “ပန်းက ဆယ့်ငါးပွင့် ။ ဘာသာဗေဒက ငါအရမ်းကို ဝမ်းနည်းပါတယ်တဲ့ ” လို့ အသံလေး တိုးရှရှနဲ့ ဆိုတာမို့ အားနာနာနဲ့ လှမ်းယူခိုက် သူက “ တောင်းပန်ပါတယ် ငါ့ကို ခွင့်လွှတ်ပါ” တဲ့ ။ မလိုပါဘူး။စေတနာဆိုတာ အလျော်အစားမလိုဘူးပဲ။သူ့ကို အပြစ်လို မူလကပင် မမြင်ခဲ့သူမို့ “ကိစ္စမရှိပါဘူး” လို့သာ ပြေရာပြေကြောင်းပြောခဲ့တာကို သူ့ဖက်က ကျွန်မ မကျေအေးနိုင်ဘူးလို့ ယူဆသွားခဲ့လေသလား။အလုပ်ထဲရောက်ပြီး သိပ်မကြာခင် ဧည့်ကြိုကောင်တာက လာခဲ့ပါလို့ ခေါ်တော့ ဘာပါလိမ့် ဆိုပြီး ရောက်သွားတော့ ပန်းတစ်စည်းက စောင့်ကြိုနေခဲ့တယ်လေ။ ဆယ့်တစ်ပွင့်ရှိတဲ့ နှင်းဆီစည်းလေးမှာ အတူယှဉ်တွဲထားတဲ့ ကဒ်ပြားလေးမှာ သူ့လက်ရေးလေးနဲ့ “ ဒီပန်းစည်းရဲ့ ဘာသာစကားကတော့ မင်းဟာ ငါတန်ဖိုးထားရသူပါ” တဲ့။ 

ဝမ်းသာလိုက်တာ။ ကြည်နူးအဟုန်နဲ့ ညနေမှာ သူနဲ့ဆုံတော့ ပြုံးလို့မဆုံးနိုင်အောင်ရှိဆဲ သူက မျက်နှာတည်တည်နဲ့ “ ဒီလောက် ပျော်မနေသင့်ဘူး”ဆိုတော့ ရှက်စိတ်နဲ့ ကြေကွဲသွားခိုက် သူက ဖွက်ယူလာတဲ့ နှင်းဆီကိုးပွင့်ပါ ပန်းစည်းလေး ပေးကာ ပန်းစည်းရဲ့ ဆိုလိုရင်းဖြစ်တဲ့ “ ငါတို့ အသက်ရှင်သရွေ့ အတူတကွရှင်သန်မယ်”လို့ ပြောလေတာ။ စကားတစ်ခွန်းဟာ လူတစ်ယောက်ကို သေစေနိုင်သလို ရှင်သန်ထမြောက်အောင်လည်း လုပ်စွမ်းနိုင်တယ်ဆိုတာ ကျွန်မ လက်ခံလိုက်ရပြီ။ နားလည်ပေးပါလေ။ ပန်းကလေးတွေကျေးဇူးနဲ့ သေရာပါပျော်ရွှင်မှုကို ပွေ့ပိုက်ဖူးတယ်လို့ ဆိုရင် ကျွန်မ မလွန်နိုင်ပါဘူးနော်။ တကိုယ်လုံး ပူနွေးသွားတာ တိမ်တွေပေါ် လမ်းလျှောက်နေရသလိုလို။ တစ်နေ့တည်းမှာ သူ့ဆီက ပန်းပန်းသုံးစည်းရတာမို့ ကြည်နူးလွန်းလို့ ကျွန်မ ဟက်ဟက်ပက်ပက်ရယ်မိလေပြီ။ သူ့ကလည်း စိတ်ပျော်ရွှင်ချမ်းသာပုံနဲ့ ပြုံးကြည်လို့။ 

ဒါပေမယ့် ခုလို နေခြည်ဖြာရွှန်းလဲ့ကာ စိတ်ချင်းညီနေကြတာကို ကြည့်လို့ ကျွန်မတို့ နှစ်ဦးအသွင်တူခဲ့ကြပြီ မထင်စေချင်ပါဘူး။ “စိတ်ပုတ်လိုက်တာ။ အဆိုးမြင်လိုက်တာ။ တစ်ကိုယ်ကောင်းဆန်လိုက်တာ။ ဘဝင်မြင့်လိုက်တာ” လို့ ကျွန်မက သူ့အပေါ် နှုတ်ထွက်ပွင့်လင်းသလို သူကလည်း “ စိတ်ကူးသိပ်ယဉ်တယ်။ မရင့်ကျက်ဘူး။အရှုံးပေးလွယ်တယ်။သိပ်စိတ်ပျော့တယ် ” လို့ ကျွန်မကို အားမနာတမ်းဆိုနေဆဲ။ ဒါပေမယ့် တစ်ယောက်အရိပ်ပျောက်ရင် တစ်ယောက်က အသက်ရှုမဝသလို ခံစားရပုံမျိုးနဲ့ ခြေလှမ်းတွေထပ်တူကျအောင် ကြိုးစားနေမိဆဲမှာပင် မျက်ဝန်းချင်းဆုံမိရင် နှစ်ဦးလုံး ခြေလှမ်းရုပ်မိမြဲ။ ဘာဖြစ်လို့ပါလိမ့်။ သူ့ဇာတ်လမ်းလေးလည်း ရှင်းသွားပြီမို့ ကျွန်မတို့နှစ်ဦးကြားဘာတံခါးမှ မရှိသလို မမြင်ရတဲ့ စည်းတွေလည်း ခြားမနေပေမယ့် ဆက်လက်ဝေးနေကြဆဲဖြစ်ပါတယ်။ 

...................
ပန်းစကား (ဂ) 
အချစ်ဆိုတာ ကျွန်မ မထိတွေ့ဖြစ်လိမ့်မယ့် ပန်းလှလှလေးနဲ့ တူပါတယ်။ ဒါပေမယ့် သူ့ရဲ့မွေးကြိုင်သင်းပျံ့မှုက သာယာကြည်နူးဖွယ်ရာ ပန်းဥယျာဉ်နေရာလေးတစ်ခုလို ဖြစ်စေပါတယ်။ 
ဟယ်လ်လင် ကဲလား 

“နင်တို့ ချစ်နေကြတာ သေချာတယ် ဘာလို့ ရှေ့မတိုးကြတာလဲ ” မေးလာတိုင်း သူပေးခဲ့ပန်းတွေပြန်မြင်ကာ ကျွန်မ ပြုံးလို့သာနေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မ မဖွင့်ဆိုတတ်ပါ။ ပတ်ဝန်းကျင်ကလည်း ကျွန်မတို့ကို နားမလည်ကြပါ။ သူကကော။ သူက… “ မင်းက ငါ့ရဲ့ soulmate ” လို့ တရားဝင်ဆိုလေရဲ့။ ကျွန်မတို့ အကြိုက်တွေ ဘယ်လိုပင်ကွဲပြားပါစေ အတွေးတွေ ထပ်တူညီကြတာ။ ညှိစရာမလိုအောင် နှစ်ဦးစလုံး နားလည်ပြီးသား ဖြစ်နေတာတွေကြောင့်လား။ စိတ်တူညီအဖော်ဆိုတာ ဖြူစင်တဲ့သူငယ်ချင်းကြားတွင်လဲ ရှိတယ်ဆိုတာ သူရော ကျွန်မပါ နားလည်ထားကြတယ်လို့ တစိမ်းသူတွေကိုဖွင့်ဟမိရင်တော့ အဟားခံရလေပြန်တာ။

ကျွန်မ ရှင်းလင်းဖို့မကြိုးစားတော့ပါ။ ကျွန်မ အငိုခက်လောက်အောင် စကားတတ်တဲ့သူကတော့ “ တစ်ချို့ပန်းတွေဟာ ပင်မြင့်မှာ ထားမှသာ လောကအလယ် တင့်တယ်ပြီး သက်တန်းရှည်ကြတယ်” တဲ့လေ။ ရူးလိုက်တာလို့ စကားတင်းဆိုကြလည်း လျစ်လျူရှုနေချင်တော့။ သူဘယ်သူလဲဆိုတာ ကျွန်မကလွဲပြီး ဘယ်သူမှ မပြောနိုင်။ ပန်းချစ်သူတွေကို ကြည့်မရဟု ပြောဖူးခဲ့တဲ့သူက “မင်းဟာ ငါ့ရဲ့တစ်ဦးတည်းသာ” လို့ ဆိုလို့တဲ့ နှင်းဆီ ၁၀၁ ပွင့်ကို လူဘုံအလယ် ဆောင်ကြဉ်းလာခဲ့စဉ်တည်းက ကျွန်မရဲ့အမြင်တွေ ချိုမြခဲ့ပြီလေ။ လူတွေက ကျွန်မကို အမှန်ကို မမြင်နိုင်တော့ဘူးလို့  ဆိုကြလည်း တကယ်တော့ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ ရှိခဲ့တာ ဖြစ်ရဲ့။ ကျွန်မရဲ့ ထိုမွေးနေ့လေးက စလို့ပေါ့။ ပန်းပွင့်ချပ်တွေကို တစ်လွှာချင်း ထိတွေ့ကာ ကျွန်မ အသစ်မွေးဖွားလာခဲ့လေပြီ။ ရင်နဲ့ရင်းပြီး ပထမဆုံး နားလည်ခဲ့တာက ကျွန်မ ရှင်သန်တတ်ခဲ့လေပြီ ။ 

ထိုစဉ်ကစလို့ ဘေးဘီငဲ့ကြည့် နောက်ဆုတ်စဉ်းစားစရာမလိုတဲ့ ယုံကြည်မှုတွေ ပွေ့ပိုက်ကာ အချစ်တစ်ခုကို သိမြင်ခဲ့တာ။ အနီးဝန်းကျင်က လူသူတွေထင်ကြသလို ကျွန်မ အမိုက်မဲဆုံးဆိုတာလည်း ဖြစ်ချင် ဖြစ်လိမ့်။ ကျွန်မ ဘယ်သူလဲဆိုတာလည်း သူက လွဲပြီး ဘယ်သူမှ နားမလည်နိုင်။ “တစ်ချို့ပန်းတွေကို တန်ဖိုးထားမြတ်နိုးလွန်းလို့ ထိနမ်းမဝံ့အောင် ဖြစ်တတ်ပါတယ်” လို့ သူဆိုတဲ့အခါ သူနဲ့ သဘောညီဖို့ ကြိုးစားပါဦးမယ်။ သူ အပ်နှံထားတဲ့ ချည်နှောင်မှုကို သိမ်းဆည်းထားပါဦးမယ်။ သူဖွင့်ပြခဲ့တဲ့ ကြယ်ကြွေကောင်းကင်ရဲ့ အလှကို ကျွန်မ မြင်အောင်ကြည့်ပါဦးမယ်။ မလဲပြိုမကျိုးပဲ့နိုင်တဲ့ ချစ်ခြင်းနဲ့ သူပေးတဲ့ အဖြူရောင်ပန်းလေးတွေကို ကျွန်မ မြတ်နိုးပူဇော်ပါဦးမယ်။

သူစိတ်ချမ်းသာတယ် မဟုတ်လားကွယ်။ ချစ်သူများနေ့မှာ သူ့ဆီက နှင်းဆီနီနီမရတဲ့အခါမှာ ကျွန်မ မျက်နှာမညိုပါဘူး တကယ်။ ချစ်သူကြင်ဖက်ချင်းသာ မဆိုလို နှလုံးသားနဲ့ တွေ့ထိမိတဲ့ မိဘဆွေမျိုးသူငယ်ချင်းတွေကိုလည်း ဘယ်လောက် တန်ဖိုးထားကြောင်း ရင်ဖွင့်ပြနိုင်တဲ့ ချစ်သူများနေ့မှာ သူ့ဆီက အဖြူရောင်ပန်းလေး တစ်ပွင့်တစ်လေကို ကျွန်မ ကြိုလင့်ပါဦးမယ်။.........။ 

မယ်ကိုး
idea magazine ; February, 2010

 
(valentine's day အမှတ်တရ စာမူလေးရေးဖြစ်အောင် flower theme ပေးခဲ့တဲ့၊ခေါင်းစဉ်ရွေးပေးခဲ့တဲ့ မမ မနော်ဟရီအား အထူးကျေးဇူးတင်လျက် ...)