21 April 2012

ညှင်းပန်းခံရသော အပ်များ

ကျွန်မရေးခဲ့တဲ့ ဆောင်းပါး 'အမေ့သမီး၊အမေ့သားများသို့ မရည်ရွယ်သော…'စာကိုဖတ်ပြီး ချစ်ခင်လေးစားရသောမိတ်ဆွေ မမသန်းသန်းက Constance Briscoe ရဲ့ Ugly ဆိုတဲ့ စာအုပ်ကို ကျွန်မဆီ လက်ဆောင်ပို့ပေးခဲ့ပါတယ်။ မမသန်းသန်းပို့ပေးတဲ့ စာအုပ်က အကြောင်းကြောင်းကြောင့်၂၀၁၂ မတ်လကျော်မှ ကျွန်မလက်ထဲရောက်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်လို့ ပြောထားတဲ့ ဒီစာအုပ်မှာ ငြင်းခုန်ဖွယ်အကြောင်းခြင်းရာတွေ ပြည့်နှက်နေပါတယ်။ 
စာရေးသူကလေးမလေးဘဝက အိပ်ရာထဲမှာ အပေါ့သွားလို့ ပြစ်ဒဏ်ပေးတာကစပြီး အမေနဲ့ (တရားမဝင်) ပထွေးရဲ့ လျစ်လျူရှုနှိပ်စက်နည်း မျိုးစုံကို ခံရတာကို ရေးထားတဲ့ ဖြစ်ရပ်မှန်စာအုပ်ဖြစ်ပါတယ်။ တခြားသားသမီးတွေအပေါ် ကိုယ်ထိလက်ရောက်မရက်စက်တဲ့ အမေဟာ သူတစ်ဦးတည်းကိုပဲ မယုံနိုင်စရာနည်းများနဲ့ ဘာကြောင့်နှိပ်စက်ရပါသလဲ။ နားလည်ရန်ခက်ခဲတဲ့ ပုစ္ဆာပါ။ စာရေးသူအမေကလည်း စာရေးသူကို အသားရေဖျက်မှုနဲ့ တရားစွဲတဲ့အခါ စာရေးသူရဲ့ သက်သေထားစရာမောင်နှစ်မတွေ အားလုံးက စာရေးသူအမေအတွက် လိမ်လည်ထွက်ဆိုကြပေမယ့် နောက်ဆုံးတော့ စာရေးသူပဲ အမှုကို အနိုင်ရသွားပါတယ်။

မျှတမှန်ကန်တဲ့ တရားဥပဒေရှိတဲ့ နိုင်ငံမှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့အမှုလို့ အားလုံးက ကောက်ချက်ချကြပါတယ်။ စိတ်ဆင်းရဲစရာကောင်းလွန်းတဲ့ ဖြစ်ရပ်မှန်တွေ ဖြစ်တဲ့အတွက် စာအုပ်အမြည်းကို ကျွန်မရေးတော့မှာ မဟုတ်ပါဘူး။ အရာအားလုံးကို သိနားလည်ပါတယ်ဆိုတဲ့လူယဉ်ကျေးတွေက ဒီလိုကိစ္စတွေကို မဖြစ်နိုင်ဘူးဆိုကာ ငြင်းပယ်ကြဦးမှာမို့ ကျွန်မလည်း အထူးတလည် မရှင်းလင်းနိုင်တဲ့အတွက် ဖြစ်ပါတယ်။

တစ်ခုပဲ သတိရပါတယ်။ ဆရာကြီးသာဓုရဲ့ အတာ ဝတ္တုပါ။ 

 "မသိန်းမေ သည် ဆိုခဲ့သည့်အတိုင်း သူစိမ်းတစ်ရံဆံများအပေါ်တွင် စေတနာဗလဝနှင့် ကျကျနန ကျွေး တတ်သလောက် အတာကလေးဆိုလျှင် သူတို့စားနေရာသို့ အနားပင်မသီရ။ အောက်ထပ်တွင် စားနေ ကြသည် ဖြစ်က အတာသည် အပေါ်ထပ်ခိုးတွင် ကုပ်၍ မလှုပ်ဝံ့အောင် ငြိမ်နေရ၏။ "အတာရေ လာဟေ့" စား၍ မျိုမကျနိုင်သော မခင်သက်တို့က လှမ်းခေါ်လိုက်သည်ကိုပင် "မခေါ်နဲ့ သူ့ဖို့ အပေါ် မှာ ခွဲပေးခဲ့ပြီးပြီ" မသိန်းမေ က ထိုစကားမျိုးဖြင့် ဟန့်တားတတ်၏။ 

သို့သော် ခွဲပေးခဲ့ပြီးပြီဆိုသော စကားမှာ မုသာဝါဒမျှ သာဖြစ်၏။ သူတို့တစ်တွေ ပျော်တပြုံးပြုံးနှင့် မြိုးမြိုးမြက်မြက် စားနေကြခိုက် အတာမှ လျှာတပြင်ပြင် နှင့် အပေါ်ထပ်တွင် ကုပ်နေရ၏။ သူတို့ မစားနိုင်၍ ပိုလျှံမှ အတာစားရ၏။ တစ်ခါတစ်ရံ မနပ်၍ဖယ် ထားသော ပလာတာအလယ်သား နှင့် အရိုးအရင်း ဟင်းကပ်ကလေးသာစားရလျက် များသောအားဖြင့် မူ ဝယ် လာသမျှ တက်တက်စင် ပြောင်သွားတတ်သောကြောင့် အတာတွင် အာခေါင်အခြောက်သားနှင့် ပင် စားကြွင်း စားကျန် ပန်းကန်ခွက်ယောက်များဆေးရင်း"ငါ့ကိုတော့ ဘာလို့မကျွေးပါလိမ့်"ဟူသော အတွေး ဖြင့်သာ နိဂုံးချုပ်ခဲ့ရ၏။ ဤသည်ကို အတာ တွေးမိ လာ၏။

နားရင်းတွင် ထူပူသွားသည်အထိ ဘယ်ပြန်ညာပြန် အရိုက်အနှက်ခံရဖူးသည်ကို အတာ မမေ့နိုင်။ ထို့ ကြောင့် စနေနေ့ဆိုလျှင် အထူး သတိထားရ၏။ မသိန်းမေသည် လူတစ်မျိုးလိုဖြစ်နေသည့်အတိုင်း တစ်ခါ တစ်ရံ သောကြာနေ့၌ပင်ဖြစ်စေ ပင်းမင်းဆိုင်က အကြွေးတောင်းခြင်း ပြောမိလျှင်ပင် "နက်ဖြန် မြင်းပွဲသွားမဲ့နေ့ဆိုတာ နင် မသိဘူးလား ဟင်၊ အမျိုးယုတ်ကလေး" ဤသို့လည်း မေးမေးပြောပြောနှင့် အတာ့ ကျောနုနုကို တအုန်းအုန်းထုတတ်သေး၏။
....
အတာ့အဖို့တွင်သော်ကား မသိန်းမေ၏စီးပွားရေးတိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် ပတ်သက်၍ အကျိုးခံစား ခွင့်သည် ဘာမျှမရှိ။ မသိန်းမေ၌ဝင်ငွေကလေးဖြောင့်လာလျှင် အဆူအရိုက်ခံရမှုသက်သာ၍ မသိန်းမေ မြင်းရှုံးလာက အကြောင်းမဲ့ အကန်ကျောက် အကြိမ်းအမောင်း ခံရသည်သာ ခြားနား၏။  

ဒီလို နှိပ်စက်ခံရမှုအမျိုးမျိုးကြောင့် ဆရာကြီးဦးသာဓုနားလေးခဲ့ရပြီး ဒီထက်ဆိုးသောအကြောင်းအရာများကို ပရိသတ်လက်မခံမှာစိုးလို့ ထည့်မရေးခဲ့ဟု ဆရာသုမောင်က တရားဝင်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဆရာကြီးကို တစ်ခွန်းတစ်စ မဝေဖန်ဘဲ ဖြစ်ရပ်မှန်လို့ ကျွန်မ ဝန်မခံထားတဲ့ ‘အမေ့သမီး’ ဇာတ်လမ်းရှည်ကြောင့် ကျွန်မကို ပုဂ္ဂိုလ်ရေးသက်သက်စော်ကားနှိမ့်ချမှုတွေ ပြုကြတိုင်း ဘာကြောင့်လဲလို့ အဖြေရှာနေမိဆဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အမေတွေရဲ့ ညှင်းပန်းခံရတဲ့ ကလေးတွေ ရှိနေတယ်လို့ ထပ်မံဆိုနေဦးမှာဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကြုံတွေနေရတဲ့ ကလေးတွေကို ‘မဖြစ်နိုင်ဘူး’ လို့ ရက်စက်စကားဆိုကြသူများက အနည်းငယ်နားလည်နိုင်ပါစေလို့လည်း မဝံ့မရဲဆုတောင်းနေဦးမှာ ဖြစ်ပါတယ်။


စာကြွင်း ။ ။ ဆရာကြီးသာဓုရဲ့ အတာ ဝတ္တုကို အစ်မရွှေစင်ဦးရဲ့ စာမျက်နှာ  ဖတ်နိုင်ပါတယ်။ Constance Briscoe ရဲ့ Ugly ဆိုတဲ့ စာအုပ်ကိုဖတ်ချင်တယ်ဆိုရင်လည်း ကျွန်မ scan ဖတ်ပြီး တင်ပေးပါ့မယ်။

ချစ်ခင်လေးစားစွာဖြင့်

မယ်ကိုး

17 April 2012

အိုးများနှင့် ကစားခြင်း

ဒီအိုးလေးတွေလုပ်ဆွဲတဲ့ ကစားနည်း app ကို ပြခဲ့တာ သားလေးကိုကိုနဲ့ မမနော်တို့ သားအမိပါ။အခုမှ ဆော့ဖြစ်ပြီး ကလေးတွေဆော့တဲ့ app တွေနဲ့ ပေါင်းဆွဲထားပါတယ်။ (လက်ရေးညံ့တယ်လို့ ပြောခြင်းသည်းခံပါ  ။ ပြောချောသော မျက်နှာပြင်မှာ လက်နှင့်ရေးရခြင်းကြောင့်လို့ ဆင်ခြေပေးပါ့မယ်။:P ) 

အလကားရတဲ့ appမို့ အိုးဒီဇိုင်းတွေက မလှလို့ အစ်မကို upgrade ဝယ်ခိုင်းပေမယ့် ဝယ်မပေးဘူးဆိုတဲ့အတွက်  ဒီမျှနဲ့သာ ရပ်တန့်သွားပါပြီ ။း)


Until


The world we live in
Happy Myanmar New Year :)

တစ်နှစ်လုံးစာဖတ်ခဲ့ကြသူများ၊ အချိန်ပေးဝေဖန်ပေးခဲ့ကြသူများ၊ အားပေးနှုတ်ဆက်ခဲ့ကြသူများအားလုံးကို အထူးကျေးဇူးပါတယ်။ လှပစိမ်းလန်းတဲ့နေ့ရက်များ အမြဲပိုင်ဆိုင်ပါစေ....း)

ချစ်ခင်လေးစားစွာဖြင့်
မယ်ကိုး

16 April 2012

ရာသီစာ စိတ်အဆာများ

မနေ့ကသင်္ကြန်အတက်နေ့က ကျောင်းမဏ္ဍပ်မှာ ကျွန်တော်နည်းနည်းမူးနေခဲ့။ ရီတီတီနဲ့ပဲ စတုဒီသာကျွေးတဲ့နေရာ ရောက်သွားတော့ ကျွန်တော်ကြိုက်နေတဲ့ကောင်မလေးက ခြံထောင့်မှာ အမှိုက်သိမ်းနေတာတွေ့တာနဲ့ သူ့ကို ကူလုပ်ပေးရင်း ဘယ်လိုစကားစရမှန်းမသိလို့ စင်ပေါ်ကအကြောင်းပဲ ပြောမိသွားတာပါ။ 

‘နင် နွယ်နီတို့အုပ်စု စင်ပေါ်မှာ မူးရူးဖြစ်ပျက်နေတာကို သိတယ်မဟုတ်လား’ လို့ စကားစလိုက်တော့ သူမက မျက်မှောင်ကျုံ့ကြည့်ပြီး ‘ဘာဖြစ်လို့လဲ’ လို့ ပြန်မေးတယ်။‘သူတို့က မလုံ့တလုံဝတ်ပြီးကဲနေတော့ သားရည်တမျှားမျှားနဲ့ကောင်တွေက ဆွဲလားရမ်းလားနဲ့ အဲဒါမနည်းလိုက်ထိန်းနေရတယ်။ ငါက အစက နွယ်နီ့ကို ကောင်းကောင်းမွန်မွန်လေး ထင်နေတာ။’ သူမက ‘ဘာ’ လို့ အော်လိုက်ရာ မျက်လုံးတောင် နည်းနည်းကျယ်သွားခဲ့တာ။

‘သူ မကောင်းဘူးလို့ နင့်ဘယ်သူပြောလဲ’ ‘ခုပဲ အောင်ကြီးတို့ဝိုင်းထဲကို တစ်ကောင်ရောက်လာပြီး သူက လွယ်လွယ်ရတယ်ဆိုပြီး… စကားပင် မဆုံသေး ‘တော်တော့’ လို့ ဟန့်လိုက်တဲ့ သူမအသံက မိုးခြိမ်းသံလိုပဲ။ ခပ်လှမ်းလှမ်းက ရေပိုက်ပြင်သူတွေပင် လှမ်းကြည့်ကြတော့ ကျွန်တော်စိတ်တိုသွားတာနဲ့အပြိုင် သူမကလည်း ဒေါသထွက်နေတာ။ ‘အဲဒီ ပေါက်လွှတ်ပဲစားလူတွေ မဟုတ်မတရားလေလုံးထွားနေတာကို ဘာလို့ နင်ကယုံပြီး အတင်းအဖျင်းလာပြောနေတာလဲ’ လို့ သူမပြောတော့ ကျွန်တော်လည်း အရမ်းဒေါသထွက်သွားတာ။ 

‘ဒီလောက်ဖော်ချွတ်နေတော့ ငါလည်း ထင်မိမှာပေါ့။ ဘာစိတ်တိုစရာ ရှိလဲ’ ဆိုတော့ သူမက ‘စိတ်တိုတယ်။ ဒီနေ့ဝတ်စားသောင်းကျန်းနေတဲ့ တစ်ချိန်ပဲ နင်မြင်တာကို စိတ်တိုတယ်။ နောက်နေ့ကျရင် သူတို့က ရင်ဖုံးအင်္ကျင်္ီဝတ်ပြီး ဘုန်းကြီးကျောင်းမသွားဘူးလို့ နင်ပြောနိုင်လို့လား’ တဲ့။ အသားလွတ်အအော်ခံနေရပေမယ့် ကိုယ်ကကြိုက်နေတာတကြောင်း၊ သူမဆီက ပိုက်ဆံချေးထားတာကရော ၊နောက်လည်း ချေးဖို့ရှိတာကြောင့်ရော ဒေါသကို ကြိတ်မှတ်မျိုချနေရ။

‘တော်ပြီဟာ။ ငါတို့က အလကားကြည့်ရတာ သဘောတောင်ကျသေးတယ်။ ဘာမှ မကြိုက်စရာမရှိဘူး ။ နင်က ဘာတွေဒေါကန်နေတာလဲ’
‘တစ်နေ့လုံး ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြေရှင်းနေရတာ သည်းမခံနိုင်တော့ဘူး။ သူတို့အဖွဲ့ကြောင့် ငါအလုပ်ပိုရှုပ်လို့ စိတ်တိုတာထက် နှမချင်းမစာနာ ဆဲဆိုသံတွေကို ပိုစိတ်ဆိုးတယ်။’ 
‘ဒါကတော့ အမြင်မတော်လို့နေမှာပေါ့’ လို့ ကျွန်တော် ပြေရာပြေကြောင်းပြောမိကာမှ အခြေအနေ ပိုဆိုးသွားခဲ့။ သူမက ဟက်ကနဲ သရော်လှောင်ရယ်တော့တာ။


‘ငါလည်း သူတို့ကို အမြင်တော်တယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူတို့ကို အာသာငမ်းငမ်းကြည့်နေရင်းက ချိုးချိုးဖဲ့ဖဲ့ဆဲပြီး ထင်ရာမြင်ရာသိမ်းကျုံးစော်ကားနေတဲ့သူတွေကိုကျ အပြစ်မမြင်နိုင်တဲ့ နင့်ကို တော်တော်အံ့သြတယ်။ဝမ်းနည်းစရာပဲ။ မိန်းကလေးတွေလည်း လူပါပဲ။ယောက်ျားမိန်းမအတူတူ သာတူညီမျှထားတဲ့အမြင်ရှိဖို့ သိပ်ခက်တယ်ဆိုရင်လည်း လူလူချင်းလေးစားတဲ့စိတ်လေးတော့ နင့်မှာရှိမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့်လေ ဒီစကားတွေကို နင်မူးလို့ ပြောတယ်ပဲ သဘောထားပါတယ်။’ အေးအေးဆေးဆေးနှက်လိုက်တဲ့ သူမစကားတွေက မူးနေတဲ့ခေါင်းကို ပြေးရိုက်လိုက်သလို။

ဆက်ပြောရင် ရန်ဖြစ်နေမိမှာစိုးလို့ ကျွန်တော်ချက်ချင်းပဲ ထထွက်လာခဲ့ကာ စင်ပေါ်တက်ပြီး မြင်မြင်သမျှမိန်းမအပေါင်းရဲ့ ရင်သားမို့မို့ ပေါင်တံဖွေးဖွေးတွေကို ရေပိုက်နဲ့ အတင်းထိုးပက်နေမိခဲ့။ ဒီလို ဒေါသမပြေဆဲဖြစ်နေခိုက်မှာပဲ အနားကလူက ‘ဟေ့ကောင်၊ စော်တွေကို သွားကိုင်လို့မရတိုင်း ပွဲကြမ်းနေတာလား’ ဆိုတာနဲ့ ချက်ချင်းပဲ လက်ကမြောက်တက်သွားပြီး သူမျက်နှာတည့်တည့်ထိုးဖြစ်သွားခဲ့။ 

အခုနှစ်ဆန်းတစ်ရက်နေ့မှာ တစ်မျက်နှာလုံးဖူးယောင်ပြီး အိပ်ရာထဲကနေ သူမကို ကျိန်ဆဲနေမိပေါ့။

မယ်ကိုး

15 April 2012

ကျော်ကြားမှုခရီး

သူက အေးအေးဆေးဆေးပဲ ကျွန်မရဲ့အင်္ကျီကို ချွတ်ဖို့ ပြောတဲ့အခါ သွေးကြောတွေ ပေါက်ထွက်သွားသလို တစ်ကိုယ်လုံး ပူထူရှိန်းသွားပေမယ့် ဒီလို အဖြစ်မျိုး မျှော်လင့်မထားဘူးဆိုရင် ညာတာပဲဖြစ်မှာ။ ‘Disgusting!’ စိတ်ထဲက ကျိန်ဆဲလိုက်ရင်း အင်္ကျင်္ီကြယ်သီးတွေ ဖြုတ်နေမိ။ ခက်တယ်။ အောင်မြင်ချင်တဲ့ ပိုးတွေ သွေးကြောတစ်လျှောက် စီးဆင်းနေပေမယ့် ဆိုးရွားတာက စာလေးဘာလေး နည်းနည်းပါးပါး ဖတ်ထားတော့ အရှက်သိက္ခာစိတ်ဟာ ခေါင်းပြူထွက်လာ။

ဒါပေမယ့် အခုမှတော့ ဘယ်လို လှည့်ထွက်နိုင်မှာလဲ။ အခန်းလွတ်ထဲမှာ နောက်ကျောမလုံစွာ မိတ်ကပ်များ တစ်ကိုယ်လုံး ဂရုတစိုက် မွမ်းမံ လိမ်းကျံနေမိခဲ့။ ငါ့ခန္ဓာကိုယ်က သူများအရသာခံဖို့ အသွေးအသားနဲ့ချည်း တည်ဆောက်ထားတာ မဟုတ်ဘူး။ ငါက ဥာဏ်ရည်မြင့်မားပြီး ဆင်ခြင်တုံတရားနဲ့ လူတစ်ယောက်... လို့ စိတ်ထဲက ကြုံးဝါးနေခဲ့လည်း ခြယ်သ အပြီးမှာတော့ အတွင်းခံကို အဝတ်ပါးစ လွှားကာ မီးရောင်အောက်ထဲ ဝင်ဖို့ ခြေလှမ်းစမိတာ။

မိန်းကလေးတွေရဲ့ အရှက်လုံရုံ ဖုံးထားတဲ့ ဝတ်စားဆင်ယင်မှုဟာ သူ့အတွက် သမာရိုးကျ ရှုခင်းလို့ ထင်စရာရှိပေမယ့် သူ့မျက်နှာက မသတီစရာ အရောင်ပြောင်းသွားခဲ့။ သူလည်း ပညာရှင်ပါလို့ ဘယ်လိုပဲ စွဲမှတ်ထားပေမယ့် သူ့လက်တွေက ကျွန်မရဲ့ အရေပြားကို ထိတွေ့တိုင်း ကိုယ်ဟန်ပြမှုကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးတာလို့ ခံယူလိုက်ဖို့ ခက်နေရဲ့။

ဒီလို ဒေါသ တစိမ့်စိမ့်ထွက်လာပေမယ့်လည်း အံကြိတ် မပြုံးရဲဘူး။ အသက်ရှုခြင်းကို ပင့်သက်ထုတ်လို့ အပြစ်ကင်းစင်ဟန်ကြိုးစားရယ်ပြနေရ။ သူ့ရဲ့ မနှစ်မြို့စရာ မျက်လုံးများကအစ မီးထိုး၊ မှန်ထိုးနေကြတဲ့ ယောက်ျားတွေရဲ့ ပြီတီတီ မျက်နှာများကို အမြင်ဝါးနေကာ ကင်မရာကိုပဲ ကြည့်နေရ။ ခံနိုင်ရည် ရှိရမယ်။ သည်းခံရမယ်။ ဒီနိမ့်ကျမှုတွေဟာ ခဏလေးပဲ။ ငါဟာ သိပ်မကြာခင် လျှမ်းလျှမ်းတောက် ကျော်ကြားတော့မှာ... လို့ စိတ်ထဲမှာ အဖန်ဖန်ရွတ်လို့။

ဟုတ်တယ်။ လူတွေက အရူးပဲ ။ အထူးသဖြင့် ကျွန်မပေါ့။ ဓာတ်ပုံရိုက်ပြီးသွားတဲ့အခါမှာတော့ သူ့ကင်မရာကို ခဏတောင်းယူပြီး ပုံတွေကို နှစ်လိုစွာ ကြည့်နေမိပြန်။ မျက်ခုံးပင့်ထားလို့ ပိုလို့ ကျယ်ဝန်းနေတဲ့ မျက်လုံးတွေက ရီတီတီ။ မပွင့်တစ်ပွင့် နှုတ်ခမ်းတွေက ကလူ၏သို့ မြူ၏သို့ ။ လှစ်ဟ ဖော်ပြထားတဲ့ ခန္ဓာကိုယ်က ရမ္မက်သွေး လျှံစေဖွယ်။ ဒါဟာ အောင်မြင်မှုအရင်းခံအကြောင်းလား။ ဟင့်အင်း။ ဘာမှ မတွေးနဲ့။ ချမ်းသာကြွယ်ဝပြီး နာမည်ကျော်ကြားရေးကိုပဲ စိတ်ထဲမှာထား။


သူက အနားရောက်လာတော့ ‘good job’ လို့ ပြုံးပြီး ချီးကျူးလိုက်မိပြန်။ ကျွန်မ ဒီလောက်တော့ အမူအရာကောင်းပါတယ်။ မင်းသမီးဖြစ်မယ့် သူပဲလေ။ သူက ပြုံးဖြဲဖြဲနဲ့ ‘ နောက်ဆို မင်းပုံတွေ အင်တာနက်မှာ ပလူပျံပြီး ချက်ခြင်း star ဖြစ်တော့မှာ၊ မဂ္ဂဇင်း ၊ ဂျာနယ်တွေမှာ ပါမှာနဲ့ အချိန်ကိုက်ပဲ ’ ဆိုတဲ့အခါ အမေက ဘာပြောမှာလဲလို့ ဖျက်ကနဲ အတွေးရောက်မိရဲ့။ အင်းလေ ပတ်ဝန်းကျင်က ဘယ်လိုပြောပြော နာမည်ကြီးလာရင်တော့ အမေလည်း ကျေနပ်သွားမှာပါ။

 ဒါပေမယ့် ဖြေဆည်ရာမဲ့သူကတော့ ကျွန်မရယ်သာ။ အဲဒီညမှာ သောက်နေကျ ဟင်းရွက်စုံ စွပ်ပြုတ်တစ်ဝက်တောင် မကုန်နိုင်ခဲ့ဘူး။ နောက်နေ့ မနက်မိုးမသောက်ခင်မှာတင် သူ့အိမ်ရှေ့ကို ဖုန်းမဆက်ဘဲ ရောက်သွားခဲ့တာ။ ကံကြီးသီစွာပဲ သူက အိမ်မှာရှိနေပါတယ်။ သူ့ဇနီးက ကျွန်မကို မုန်းတီးစူးစမ်းတဲ့ သဘောမျိုးကြည့်ပေမယ့် မရိုင်းပြဘဲ သူ့ရဲ့ အလုပ်ခန်းမှာ ကျွန်မကို စောင့်ခိုင်းထားခဲ့တာ။ အေးစက်ငြိမ်သက်နေတဲ့ အခန်းထဲမှာ ကျွန်မကတော့ အပူဟပ်နေသလို လောင်မြိုက်လှုပ်ခတ်။

အဲဒါကြောင့် သူ့ကိုတွေ့တော့ စကားတွေ နိဒါန်းမပျိုးတော့ဘဲ ‘ ဇင့်ဓာတ်ပုံတွေကို public ကို မပြချင်တော့ဘူး။ ရိုးရိုးသားသားပဲ ကြိုးစားချင် တော့တယ် ’ လို့ ပြောမိတဲ့အခါ သူ့မျက်လုံးတွေထဲက မီးလျှံတွေ ထွက်လုမတတ် သည်းမခံနိုင်ဖြစ်သွားကာ ‘ နင်က ဟိုကောင်နဲ့ ချိတ်မိပြီဆိုပြီး ငါ့ကို ကန်ပြီပေါ့ ဟုတ်လား ’ လို့ ဒါရိုက်တာ့ နာမည်ပါ ထည့်ပြီး အသံအုပ်အုပ်နဲ့ ကျိတ်မနိုင် ခဲမရ အော်ဟစ်တော့တာ။

ကျွန်မ အမှုမထားတော့ဘူး။ ‘ မဟုတ်ဘူး။ sexual attention မလုပ်ဘဲ ပင်ကိုယ်အရည်အသွေးနဲ့ပဲ အောင်မြင်ချင်လို့ ’ လို့ ရှင်းပြပေမယ့် သူက အယုတ္တ၊အနတ္တတွေ ရေရွတ်လေတာ။ ပြီးတော့ ‘ေ-ာက်ပိုတွေ လာပြောမနေနဲ့။ ဟိုကောင်နဲ့ အိပ်ရုံနဲ့ ခွင်တည့်ပြီ ထင်နေတာ မဟုတ်လား။ သေတဲ့အထိစောင့်။ နင့်လို ကောင်မတွေ သူ့ဆီမှာ အပုံလိုက် ’ လို့ အစချီကာ မပြီးဆုံးနိုင်အောင် ဆဲဆိုနေတာမို့ ဒေါသနဲ့ တကိုယ်လုံး တဆတ်ဆတ်တုန်ရီကာ စကားမဆက်နိုင်တော့ဘဲ လှည့်ပြန်လာခဲ့ရဲ့။

ကျွန်မရဲ့ ဓာတ်ပုံတွေကို သူဘယ်မှာပဲ သုံးစွဲပါစေ အရေးမထားတော့ဘူးလို့ ခေါင်းမာမာ တွေးပေမယ့် သူငယ်ချင်းရှေ့ရောက်တော့ မတ်တပ်ပင် မရပ်တည်နိုင်တော့ပါဘူး။ ကျွန်မတစ်ယောက်တည်းကို ဗဟိုပြုပြီး မြေငလျှင် လှုပ်ခံရသလို ယိမ်းယိုင်ပြိုလဲသွား။ သူမက ကျွန်မကို ကြင်နာပေမယ့် သနားဂရုဏာစကား မဆို။ ‘ နင် ရူးနေလား။ ဒီအထိ ရင်းပြီးမှ ဘာတွေ လျှောက်လုပ်နေတာလဲ။ နင် ခုထိ နားမလည်သေးဘူးလား။ ငါတို့မှာ သူများထက်သာတဲ့ ဘာပါရမီ၊ရုပ်ရည်များ ရှိလို့လဲ။ အားလုံး သူလိုငါလိုတွေကြားမှာ ဖောက်ထွက်ဖို့ ဘာပဲဖြစ်ဖြစ်လုပ်ရဲရမှာပဲ။’

ကျွန်မ ငြင်းမလို့ ဟန်ပြင်နေဆဲမှာပင် တက်သစ်စ နာမည်ရ မင်းသမီးဖြစ်နေတဲ့ သူငယ်ချင်းက ကျွန်မကို ဦးနှောက်ချွတ်ယွင်းနေသူလို စိတ်ပျက်လက်ပျက်ကြည့်ကာ ဆက်ပြောတာက ‘မက်ဒေါနားတို့ လေဒီဂါဂါတို့ ဘာကြောင့် အောင်မြင်တယ်ဆိုတာ စဉ်းစားကြည့်ပါဦး။ သီချင်းဆိုတဲ့ အနုပညာ တစ်ခုတည်းနဲ့ သူတို့ ဒီလောက်အောင်မြင်မယ်လို့ နင်ထင်နေလား။ စိတ်ကူးမယဉ်စမ်းပါနဲ့ဟာ။ ခဏသည်းခံလိုက်စမ်းပါ။ ငပိန်းတွေကြိုက်ဖို့ တစ်ခုခုတော့ ချကျွေးရမှာပေါ့။’

စာပေဆိုရင် သတင်းဆောင်းပါးလောက်သာ ဖတ်လို့ ဥာဏ်တုံးတယ်လို့ ကျွန်မထင်ခဲ့တဲ့ သူငယ်ချင်းရဲ့ ဒဿနတွေဟာ ရင်သပ်ရှုမောဖွယ်။ ငုတ်တုတ်ကလေး ထိုင်နေရာက ကျွန်မ ပြန်မထနိုင်တော့ဘူး။ စကားစပျောက်ရှကာ မျက်ရည်အဝိုင်းသားနဲ့ သူမကို မော့ကြည့်နေမိခဲ့။


မယ့်ကိုး

‘လေငြိမ်စေမယ့် ...'

စိတ်ညွတ်ရာကြောင့် အိပ်မက်မှာ အရုပ်ထင်လာလေသလား။ မိုးသားတိမ်လိပ်တွေက ညို့မည်းကာ ဝန်းကျင်တစ်ခွင်လုံး မှိုင်းမှောင်နေကာ ။ သူကရော။ သူကလည်း တိမ်လိပ်ခဲရိပ်တွေလို အရောင်ဆင်တဲ့ ဝတ်စုံနဲ့။ လွမ်းလိုက်တာဆိုတာ မဖြစ်သင့်ဘူး။ တကယ်က ဒီမာရေကျောရေ ပလွှားတဲ့နှလုံးသားတစ်ခုကို မမြင်ယောင်ဆောင်လို့ ကျောခိုင်းထွက်သွားသင့်တာရယ်။ ဒါပေမယ့် အိပ်မက်ထဲမှာပင် အမှတ်သည်းခြေမရှိတဲ့ မိန်းမဟာ သူ့ကို အနီးဝန်းကျင်က ကျွမ်းဝင်သူတွေနဲ့ မိတ်ဆက်ပေးနေမိတာ။

သူကတော့ နှုတ်ဖွင့်လို့ပင် စကားတစ်ခွန်းမဆိုချင်ဟန်။ မပြုံးမရယ်ဘဲ ခပ်တည်တည်နဲ့ပင် အနားမှာ ရှိနေရာက ခုံတန်းလျားတစ်ခုမှာ အတူယှဉ်ထိုင်မိတာ။ အဲဒီအချိန်ကျမှ စိတ်အေးကြည်သာစွာ သူ့ကို ကြည့်မိတဲ့အခါ မိုးမရွာခင် မိုးကြိုးပစ်ခံခဲ့ရတာ။ အိပ်မက်ထဲမှာတော့ ကိုယ့်အလောင်းကိုယ် မမြင်ခဲ့ပါဘူး။ အိပ်မက်ရဲ့ ပြင်ပမှာတော့ ရင်ကွဲနာကျသေနိုင်တဲ့ မိန်းမတစ်ယောက်ဟာ ရုတ်ချည်းလန့်နိုးကာ အိပ်ရာထက်မှာ ချောက်ချားစွာ ထထိုင်မိ။ အကျင့်ရနေတဲ့ လက်တွေက ဖုန်းကို ကြည့်လိုက်တော့ ၃ နာရီ ၂၃ မိနစ်။

အရုဏ်ဦးမှာ မက်တဲ့ အိပ်မက်တွေက မှန်တတ်သတဲ့လား။ မဟုတ်ဘူး။ သူနဲ့ သက်ဆိုင်တဲ့ အိပ်မက်တွေက မပက်သက်ခင်မှာတင် မှန်လွန်းနေခဲ့တာ။ ပြီးတော့ အဲဒီအိပ်မက်တွေဟာ တစ်လအတွင်းမှာ ဖြစ်ပျက်လာတတ်တာ။ ကြောက်လိုက်တာ။ မဟုတ်ဘူး။ စကားလုံးကို ပြင်ရမှာ။ ဒါပေမယ့် အခုထိ ဆက်စပ်သောဝေါဟာရကို မရှာနိုင်သေးပါ။
အိပ်မက်ထဲမှာ သူက…။ မဟုတ်ဘူး။ သူရဲ့ လက်စွပ်။ မဟုတ်သေးဘူး။ သူ့ရဲ့ လက်စွပ်က ဘယ်ဖက်လက်သူကြွယ်မှာ။ ဘယ်လိုပြောရမှာပါလိမ့်။ ကျွန်မ ပျောက်ဆုံးနေတယ်။ စကားလုံးတွေကလည်း အဝေးလွင့်ပျောက်ကွယ်နေရဲ့။ ကိုယ်ချင်းစာမယ့်သူ ရှိပါ့မလား။ ရူးသွပ်သွားတဲ့သူတွေမှာသာ ဒီလိုအခြေအနေမျိုးကြုံရနိုင်တာရယ်။

အမြင်ဝေဝေါးနေပေမယ့် မျက်ရည်ကျလို့ မရဘူး။  ပြတ်သားကြည်လင်နေတဲ့အာရုံသိစိတ်မှာ သူ့ပုံရိပ်သာ။ ပလက်တီနမ်လို သတ္တုဆိုတာမျိုးထက် သံဖြူလိုမျိုး သတ္တုနဲ့ဆင်တူသော၊ မျက်နှာပြင်မှာ အကြောင်းအခြစ်လေးတွေနဲ့ လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ထားတဲ့သူ။  ဘယ်လောက်အဖြစ်ဆိုးလိုက်တဲ့ မိန်းမပါလဲ။ လက်စွပ်လေးမှာ ပါးလွှာလွန်းတာမို့ သူ့လက်ကို ထိရှမှာ စိတ်ပူပန်သောကရောက်နေသေးသတဲ့။ ကျွန်မသိတာပေါ့ သူရယ်နေလိမ့်မယ်ဆိုတာ။ ရှိစေတော့။ ဝန်ခံရဲပါတယ်။ အမြင်ကန်းမတတ်ချစ်မိသူမို့ သူ့လက်ချောင်းလေးတွေ နာကျင်နေမှာ အိပ်မက်ထဲမှာတောင် စိုးရိမ်ပိုနေမိသူပါ။


ဒီတစ်ညတော့ ငိုပါရစေဦး။ အသိဥာဏ်ပျောက်နေတဲ့ မိန်းမဟာ ခြေတုန်လက်တုန်နဲ့ ကွန်ပျူတာကို ဖွင့်တယ်။ ဘယ်ဖက်လက်သူကြွယ်မှာ လက်စွပ်ဝတ်ဆင်ခြင်းရဲ့ အဓိပ္ပါယ်ကို ‘why do we wear rings on the left hand’ လို့ Google မှာ ရိုက်ပြီး ရှာတယ်။ ရလာတဲ့ အဖြေက လက်ထပ်လက်စွပ်၊ သစ္စာတိုင်လက်စွပ်တွေကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ကြပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ရှေးလူတွေဟာ vena amoris လို့ ခေါ်တဲ့ သွေးကြောဟာ နှလုံးသားနဲ့ တိုက်ရိုက်ဆက်သွယ်ထားတယ်လို့ မှားယွင်းယုံကြည်ခဲ့ကြသတဲ့။ ဒါကြောင့် လက်စွပ်နဲ့နှလုံးသားကို ချည်နှောင်ထိတွေ့ပေးနိုင်အောင်  လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ကြသတဲ့လေ။ မျက်ရည်ဟာ မတားဆီးနိုင်ခင် တရဟောကျလာခဲ့။ Great! ဒီအာမေဋိတ်အပြင် ဘာများ ရေရွတ်နိုင်ဦးမှာလဲ။

ကောင်းတယ်။ သိပ်ကောင်းတဲ့ အိပ်မက်ပဲ။ ခပ်ရွဲ့ရွဲ့မိန်းမဟာ ဒီလိုတွေးနေပေမယ့် ကွန်ပျူတာကို ပိတ်ပြီး မအိပ်ရဲဘူး။ အိပ်မက်က ဆက်ရန်မရှိဘူးလို့ ဘယ်သူပြောလဲ။ ဒီတစ်ခါ အိပ်မက်ထဲမှာ ကျွန်မက မင်္ဂလာအခမ်းအနားဆီ မကြွရောက်နေပါဘူးလို့ ဘယ်သူမှ အာမ,မခံနိုင်ပါဘဲ။ ကျေးဇူးပြုပြီး မလှောင်ပါနဲ့။ အိပ်မက်မက်ပြီးသေသွားတဲ့လူ မရှိဘူးလို့ မပြောပါနဲ့။

အသက်ထွက်ခါနီးလူလိုပဲ အသက်ဝဝ ရှုလို့ မရဘူး။ အချိန်သိပ်မကျန်တော့ဘူး မဟုတ်လား။ သံဃာတော်တွေ ဟောတဲ့တရားကို ပြန်ကြားမိတယ်။ တွေ့ဆုံကြုံခိုက်ဟာ နောက်ဆုံးဖြစ်နိုင်တာမို့ အပြစ်တွေ ပြုမိရင် ပြေအောင်  တောင်းပန်သင့်တယ်တဲ့။ သူ့ကို မမြင်ရပေမယ့် သူရှိရာအရပ်ကို မျက်နှာမူပြီး ပြောမိရဲ့။
 ‘တင်တဲ့ အပြစ်တွေကိုလည်း ကျေပါတယ်။ မရည်ရွယ်ဘဲ ပြုမိခဲ့တဲ့ အပြစ်တွေ ရှိရင်လည်း ခွင့်လွှတ်ပါ။’

ယုံပါ။သံသရာအစဉ်အဆက်ဆိုတာ ဒီမှာပဲ နိဂုံး။…။ 

မယ့်ကိုး

01 April 2012

ဂုဏ်ပြုမခံရပေမယ့် ကြီးပွားရှင်သန်နေဆဲ

မကြာသေးတဲ့ နှစ်များစွာက ပြင်းပြင်းထန်ထန် ပေါ့ပ်ကဗျာများဟာ Sunday သတင်းစာများရဲ့ ဖြည့်စွက်ချက်များ ဖြစ်နေစဉ်မှာ ဘာသာစကား (L=A=N=G=U=A=G=E) ကဗျာဆရာတွေကလည်း ရှေးရိုးစဉ်လာကဗျာတွေနဲ့ အပြိုင်အဆိုင်ဖြစ်လာပါတယ်။ တက္ကသိုလ်အများစုရဲ့ ဌာနတွေမှာ ဖန်တီးသူကလွဲပြီး တခြားသူများသတိမပြုနိုင် ၊ လက်လှမ်းမမှီနိုင်အောင် ဝေးကွာနေတဲ့ အမျိုးမျိုးသော တခြားအရည်အသွေးညီ ကဗျာသစ်တွေဟာ ပြောင်းလဲဖြစ်ပေါ်နေပါတယ်။ 

The Experioddicist, Alabama Dogshoe, Moustache, Noosepapers, NRG, Kaldron, Score, Missonary Stew ဆိုတဲ့ နာမည်များဟာ ဘယ်တော့မှ ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့မသွားတဲ့ လစဉ်၊အပတ်စဉ်ထုတ် ယျေဘူယျပေါ်ပင်စာစောင်များဖြစ်ပြီး ဒီကဗျာတစ်ချို့ရဲ့ နမူနာများကို အဲဒီစာစောင်များမှာ တွေ့နိုင်ပါတယ်။ ကဗျာသစ်များရဲ့ နှစ်သက်ဖွယ်ရာအကောင်းဆုံးဆိုတာ အမျိုးမျိုး ကွဲပြားကောင်း ကွဲပြားနေပေမယ့်လည်း အနည်းဆုံးစရိုက်လို့ခေါ်ဝေါ်လိုက်တာနဲ့ တတ်နိုင်သမျှစကားလုံးအနည်းဆုံးနဲ့ အလုပ်ပြီးမြောက်ဖို့ ရည်ရွယ်ချက် ရှိကြပါတယ်။

 ဒါပေမယ့် အမြဲမဟုတ်ပေမယ့်လည်း ကဗျာမှာ ရုပ်ပုံနည်းပညာအထိ ယေဘူယျအားဖြင့် အသုံးပြုကြတယ်။ အခုချိန်မှာ minimalist ဆိုတဲ့ အခေါ်အဝေါ်က အနုပညာတစ်ဝန်းလုံးက အထူးသဖြင့် ဂီတ၊ ပန်းချီ၊ နဲ့ ပန်းပု ( ဗိသုကာမှာလည်း Minimalist အတွက် တစ်နေရာရှိပါတယ် ။ ဘာသာပြန်သူ )တို့ကအစ သုံးစွဲနေကာ အများနဲ့ဆိုင်တဲ့အသုံးဖြစ်သောကြောင့် မသေချာရှုပ်ထွေးဖို့တစ်ချို့ကို ဖြစ်စေပါတယ်။ အနုပညာမျိုးတူအများစုမှာ ဒီစကားလုံးက အသုံးပြုခံရပြီး မသပ်ရပ်လွန်းသောကြောင့် ပိုပြီးရှင်းလင်းကာ အကြောင်းသင့်ဆီလျော်အောင် စာပေကိုပဲ လုံးလုံးလျားလျား ဒီစာမှာ အာရုံစိုက်ချင်ပါတယ်။ ဒါပေမယ့် ဘာနာမည်ပဲဖြစ်ဖြစ် အခုဆွေးနွေးနေတဲ့ ဒီကဗျာပုံစံကို ဆန်းသစ်တီထွင်မှုနဲ့ ကြမ်းတမ်းစူးရှမှုရဲ့ နာမူနာအဖြစ် မှတ်ယူနိုင်ပါတယ်။

ဒါကြောင့် ဒီကဗျာအကျိုးအတွက်ပဲဖြစ်ဖြစ် ခေတ်စားနေတဲ့ အတတ်ပညာတိုးချဲ့မှု ကဗျာအားလုံးရဲ့ နမူနာပဲဖြစ်ဖြစ် နှစ်ခုစလုံးအတွက် ဆွေးနွေးဖို့ ထိုက်တန်ပါတယ်။ Minimalist ကဗျာ ဘယ်ကစတင်တယ်။ ဘယ်သူစပြီး တီထွင်တယ်ဆိုတာ မရှင်းလင်းပေမယ့် ဖြစ်နိုင်ခြေက စကားတစ်လုံး၊ စကားရပ်တစ်ခု နဲ့ တခြားအရမ်းချုံ့ထားတဲ့ ကဗျာများဟာ နှစ်ဆယ်ရာစုပိုင်းက ဒါဒါဝီဒီများ (dadaists ) ကြားမှာတည်းက မြန်ဆန်ထူးခြားစွာ စုဝေးနေခဲ့ကြပါပြီ်။ Minimalist ကဗျာကို အထောက်အကူပြုပေးတဲ့ တတိယမြောက်အရေးကြီးအချက်က ၁၉၅၀၊ ၁၉၆၀ ခုနှစ်မတိုင်မီက ပေါ်ပေါက်ခဲ့သော အမြင်တွေကို စုစည်းကျဉ်းပစ်လိုက်တဲ့ ပုံစံအမျိုးမျိုးနဲ့နယ်ပယ်အတိုင်းအတာ ကျဉ်းမြောင်းမှုကို မလွန်ဆန်နိုင်တဲ့ concrete ကဗျာရွေ့လျားမှုက စပြီး ပြုလုပ်ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေမှာ ဟိုက္ကုကဗျာတွေ ကြီးထွားရှင်သန်လာခြင်းကလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ စိတ်ထဲရှိတာ ပြောရရင်တော့ မူရင်း minimalist ကဗျာတွေက အမေရိကားနဲ့ ကနေဒါနိုင်ငံတွေမှာ ၆၀ နဲ့ ၇၀နှစ်များ နှောင်းပိုင်းက Aram Saroyan နဲ့ Richard Kostelanelz ရဲ့ တစ်လုံးကဗျာများ မရေးဖွဲ့ခင်အထိ မစတင်ခဲ့ပါဘူး။ ရွေ့လျားမှုလို့ သတ်မှတ်နိုင်တဲ့ ဒီကဗျာတွေဟာ Geof Huth , Jonathn Brannen, Karl Kempton နဲ့ တခြားကဗျာဆရာများ ပါဝင်လာတဲ့ ၈၀နှစ်များ အလယ်တိုင်အောင် အများစုဟာ မမြင်ရဘဲဖြစ်နေခဲ့ပါတယ်။ 

ဒီရေးစီးကြောင်းဟာ သေးငယ်ပေမယ့် တတ်နိုင်သျှ လေ့လာရလောက်အောင်တော့ ကြီးထွားနေပါပြီ။ နားလည်ရလွယ်တဲ့ ထူးထူးခြားခြားနမူနာတစ်ခုက George Swede ရဲ့ Minimalist ကဗျာ ဖြစ်ပြီး ဒီလေ့လာမှုကို စတင်ဖို့နေရာဖြစ်တယ်လို့ ထင်ရသလောက်ဖြစ်တယ်။ ဒီကဗျာထဲမှာ စကားလုံးနှစ်လုံးမျှနဲ့ သူခိုးတစ်ယောက်ရဲ့ တရားမဝင်ခိုးထုတ်မှုကို နှုတ်နဲ့ သရုပ်ဖော်တာထက်ပိုပြီး ရှင်းရှင်းလင်းလင်းနဲ့ ရွှင်မြူးဖွယ်ကောင်းအောင် ဖော်ပြနိုင်ပါတယ် 

 


ဒီလိုပုံစံမျိုးကိုပဲ Adam Gamble ရဲ့ ကဗျာမှာလည်း အလားတူတွေ့နိုင်ပါတယ်။



ပိုပြီးအလှမ်းကျယ်တဲ့ ကဗျာတွေဟာ အများအားဖြင့် Richard Kostelanetz ရဲ့ Genesis ကဗျာတွဲမှ တစ်လုံးရုပ်ပုံကဗျာများဖြစ်ပါတယ်။ တစ်ပုဒ်စီဟာ စာမျက်နှာအပြည့်ဖြည့်ထားတဲ့ ခြားနားတဲ့ပုံနှိပ်လက်ရာတွေနဲ့ ဘုရားသခင်ဖန်းဆင်းတဲ့ ခုနှစ်ရက်တာကို ကိုယ်စားပြုပါတယ်။ 
ပထမဆုံး အလင်း ‘LIGHT’ ကဗျာက လမ်းဘေးမှာ ဆေးမှုတ်ထားတဲ့ စားလုံးရေးနည်းမျိုးနဲ့ ပုံနှိပ်ထားပေမယ့်လည်း ဖမ်းစားနိုင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ (၁) စာလုံးက အဖြူရောင်စာရွက်ရဲ့နောက်မှာ အနက်ရောင်စာရွက်က ထပ်လျှက်ရှိနေလို့ဖြစ်ပါတယ်။ (၂) ရှေ့စာရွက်က စားလုံးငယ်နဲ့ ရေးထားတဲ့ခေါင်းစဉ်လို အနားသတ်ဟာ ကျစ်လစ်ကုပ်ရုပ်မနေဘဲ စာလုံးကြီးတွေက ထင်းလင်းပိတ်သည်းနေပါတယ်။ (၃) စာလုံးတွေဟာ ပေါင်းစပ်နေပြီး ဒါဟာ အသိအမှတ်ပြုထားတဲ့စကားလုံးလို့ မထင်နိုင်အောင် ဖြစ်စေပါတယ်။ ဒါပေမယ့် အလင်းစကားလုံးတွေကိုယ်၌က -- နားလည်အောင်မရှင်းလင်းခင်မှာပဲ လုံးလုံးလျားလျား စီလျော်တဲ့ပေါင်းစည်းမှု၊ လွန်လွန်ကဲကဲ စီးဆင်းနေတဲ့ ရှေ့ပြေးစကားလုံးလိုဖြစ်စေပါတယ်… အရာအာလုံးအတွက်ပေါ့။
‘ကောင်းကင်ဘုံ’ကဗျာက အနက်ရောင်နောက်ခံမှာ ရှင်းရှင်းလင်းလင်းဖော်ပြတဲ့ပုံစံမျိုးကိုပဲ နည်းတူယူထားပါတယ်။ ဒါပေမယ့် စာလုံးငယ်ရဲ့ စာလုံးပုံစံအပိုင်းအစတွေဟာ ကြယ်ပုံစံအချိုးအစားနဲ့ လိုက်လျောညီစွာ စာစပ်ထားတယ်လို့ ထင်ရစေပါတယ်။ ဒီစာလုံးအပိုင်းအစတွေက ကဗျာတွဲရဲ့ ခေါင်းစဉ်လိုပဲ ညကို ဖုံးကွယ်ပိတ်ဆီးကာ လင်းလက်တောက်ပနေတာမျိုးထက် ညအမှောင်မှာ ကြယ်ရောင် စိမ့်ယိုကျနေတာကို မှန်းဆမိစေနိုင်တဲ့ ပြုလုပ်ချက်ကို အနားသတ်တွေမှာ ထည့်ထားပါတယ်။ Kostelanetz ရဲ့ ကဗျာတွဲမှ ကျန်တဲ့ကဗျာများကလည်း နှိုင်းယှဉ်လောက်စရာ ထိထိရောက်ရောက်အဆင့်ငါးခုနဲ့ သူ့ဇာတ်လမ်းကဗျာတွဲကို ပြီးဆုံးစေပါတယ်။ 

ဆက်ရန်... 
MNMLST POTERY by Bob Grumman