12 August 2012

ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမ

ငယ်ငယ်တုန်းက ကလေးသဘာဝမပျော်ရွှင်ခဲ့ဖူးသူတွေက ဒီလစ်ဟာမှုကို ပြန်လည်ဖြည့်ဖို့အတွက် ကလေးလို ချွဲနွဲ့နေလိုကြသတဲ့။ ထိုစိတ်ပညာ သုံးသပ်ချက်မှာ သူမအတွက် မှန်လေသလား။ သူမက မိတ်ဆွေဆိုလျှင် ရွယ်တူထက် ကိုယ့်ထက်အသက်ကြီးကိုသာ ဦးစားပေးရွေးချယ်မိသလို သူငယ်ချင်းအချစ်ကို အသက်ကြီးသူအစ်မလိုမျိုးသူတွေထံမှသာ ပိုလိုချင်ခဲ့မိတာ။ ထို့ကြောင့်သာ အတန်းတူသူငယ်ချင်းထက် အစ်မရဲ့သူငယ်ချင်းများကိုသာ ရွေးချယ်ပေါင်းသင်းခဲ့တာရယ်။

 မမ၊ မလို့ ခေါ်ပြီး ချွဲချင်သလို ကိုယ့်ကိုယ်ကိုယ် မီးလို့ သုံးနှုန်းပြီး ကလေးလုပ်ချင်နေမိခဲ့။ မပျော်ရွှင်ခဲ့ဖူးသော ကလေးဘဝကို အစားထိုးနိုင်မယ်ဆိုရင် သူမ ဘယ်တော့မှ မရင့်ကျက်ချင်ခဲ့။ ထိုအစ်မတွေက သူမကို ချစ်လား မချစ်လားလို့ မသိနားမလည်၊ မစဉ်းစားမိခဲ့ပါ။ ချစ်တယ်လို့ရယ်သာ မှတ်သားထားခဲ့မိရဲ့။ စိတ်ချမ်းသာသလိုသာ နေခဲ့မိရဲ့။

သူမရဲ့အမေက အမှန်စကားမပြောခင်အထိရယ်။ အစ်မတစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့ကို အမေ့ကို မတိုင်ပင်ဘဲ သူမရဲ လုပ်အားခထဲက ပေးလိုက်သောအခါမှာ အမေပြောခဲ့တာက…‘သူတို့တွေက နင့်ကို ချစ်တယ် ထင်နေလား။ နင့်ကို နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ကိုယ့်အကြောင်း ကိုယ်သိ’ တဲ့။  ထိုစဉ်အခါကတော့ သူမ မငိုခဲ့ပေ။ ဟုတ်တယ် ။ သမီးကို ဘယ်သူမှ မချစ်ဘူးဆိုတာ သိတယ်လို့သာ ပြန်ပြောဖြစ်ရဲ့။ 

နိတိကျမ်းတွေအဆိုအရ အမေပြောသမျှ သစ္စာတရား၊ အမေဆိုတာ ကိုယ့်ကိုနားအလည်ဆုံးတဲ့လေ။ သူမကလည်း အမေ့ဆိုစကားကို ဘုရားစကားလို ယုံမှတ်လိုက်ရမလား။ ဘာပဲဖြစ်ဖြစ် အမေသာအမြဲမှန်တယ်မဟုတ်လား။ သေချာတာက သူမကို ဘယ်သူမှ မချစ်သလို သူမကလည်း ဘယ်သူ့ကိုမှ မချစ်ချင်တော့။ သူငယ်ချင်းများကို အမြဲရွေးချယ်ပေါင်းသင်းခဲ့သလို လွယ်လွယ်ကူကူလည်း ကျောခိုင်းတတ်လာခဲ့။ ထို့အတူ ပျော်ရွှင်မှုဆိုတာလည်း မသိနားမလည်တော့။

တစ်ခါတစ်လေတော့ ကြေကွဲသလိုလိုမို့ မျက်ရည်ကျမိရဲ့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကို ပြန်ကြားယောင်မိတိုင်းရယ်။ လောကမှာ အချစ်မခံချင်တဲ့သူဆိုတာ ရှိလို့လား။ သူမကတော့ အလွန်ပင် အချစ်ခံချင်လှတာ ဝန်ခံနိုင်ပါတယ်။ ကလေးဘဝထဲက လျစ်လျူရှုခံရသူမို့လည်း အချစ်ကို ပိုလိုချင်မိရဲ့။ ဘဝမှာ ချို့ငဲ့လွန်းသော ချစ်ခြင်းကို တစ်ပါးသူတွေဆီက ရလိမ့်နိုးနဲ့ မျှော်လင့်မိတာ အပြစ်ရှိလားလို့ သိချင်နေမိခဲ့။ ဒါပေမယ့် ဘယ်သူ့ကိုမှ မမေးလိုတော့။ သူမအရွယ်မငယ်တော့ပြီလေ။ 

အမေပြောသလို ကိုယ့်အကြောင်း ကိုယ်သိရတော့မှာ။ ခက်တာက အသိတရားက ဒဏ်ရာကို မသက်သာစေဘူး။ ကိုယ်ကောင်းမှ သူကောင်းမယ်။ ကိုယ်ချစ်မှ သူချစ်မှာ ဖြစ်ပေမယ့် တပါးသူကို မေတ္တာပေးဖို့ စွမ်းစွမ်းတမံမကြိုးစားနိုင်တော့ဘူး။ လွယ်လင့်တကူ လက်လွှတ်အရှုံးပေးချင်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဆိုတာ ရဖူးမှ နားလည်ပြီး ပြန်လည်ပေးနိုင်သည့် အရာလို့ ဆိုကြတယ်မဟုတ်လား။ ဒါပေမယ့် ဘယ်လိုရနိုင်မှာလဲ။ ယူချင်တိုင်းရသည့်အရာမှ မဟုတ်ဘဲ။ ပေးမယ့်သူ ရှိရဦးမယ် မဟုတ်ပါလား။

အချစ်ကို ပေးပါ။ပေးပါလို့ တစာစာအော်တောင်းခံတိုင်းလည်း ရသည့်အရာလည်း မဟုတ်ပါဘဲ။ 'နင့်ကို ဘယ်သူကမှ မချစ်ဘူး'ဆိုတဲ့ အမေ့စကားကိုသာ ဗျာဒိတ်လိုစွဲနေကာ သင်းကွဲနေတတ်ခဲ့ပြီ။ တစ်ခါတစ်လေတော့လည်း အမေစိတ်ဆိုးလို့ ပြောတာနေမှာပါ။ ငါ့မိတ်ဆွေအစ်မတွေက ငါ့ကိုချစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ်လှည့်စားပေမယ့် အယုံအကြည်မဲ့ခဲ့လေပြီ။ အမေစိတ်ဆိုးလို့ ပြောတယ်ဆိုလည်း ဒေါသထွက်မှာသာ ရင်ထဲမှာရှိတဲ့အမှန်တရားက လွင့်စင်ပေါ်ပေါက်လာတာ မဟုတ်လား။ ဘာကြောင့်ပဲဆိုဆို နောက်ဆုံးတော့ အမေ့စကားကိုပင် ခြေစုံပစ်ယုံကြည်လိုက်ချင်ပြီလေ။

ချစ်ခြင်းမေတ္တာတစ်ဖဲ့တစ်မှုန်ရဖို့ သူမဘယ်သောအခါမှ ကြိုးပမ်းအားထုတ်မှာ မဟုတ်လေတော့။ မိတ်ဆွေများက တသီးတသန့်နဲ့ ကြီးကျယ်တဲ့မိန်းမလို့ သူမကို စွပ်စွဲကြလည်း မမှုချင်တော့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကိုသာ ဦးထိပ်ထားကာ နေတတ်ခဲ့ပြိလေ။

မယ့်ကိုး



05 August 2012

လေလှိုင်းထက်က စော်ကားရန်ပြုမှု အနုပညာ


‘ဘာလို့ အနိုင်ကျင့်စော်ကားရတာလဲ’လို့ တန်ဂိုက မေးတယ်။ ‘ သမီးက မကြာခဏရင်ကျပ်ပန်းနာဒဏ်ခံရတယ်လေ ။ ဒါကြောင့် သမီးက တခြားကလေးတွေလို ကျောင်းလုပ်ငန်းတွေမှာ မပါဝင်နိုင်ဘူး။ ဒါပဲ ဖြစ်လိမ့်မယ် ထင်တယ်။ သမီးလေးက ချစ်စရာကောင်းတယ်။ကျောင်းစာလည်း မညံ့ပါဘူး’ လို့ သူမက ဖြေတယ်။ ဒီစကားများမှာ ဟာရုခိ မူရာကာမိရဲ့ 1Q84 စာအုပ်ထဲမှာ ဇာတ်ကောင် တန်ဂိုနဲ့ သူ့ရည်းစားအိမ်ထောင်သည် ( သူကြာခိုနေသော) အမျိုးသမီးတို့ရဲ့ ပြောစကားများပါ။

သူတို့က အနိုင်ကျင့်စော်ကားခံရသော သူမရဲ့ သမီးအကြောင်းပြောနေကြခြင်းဖြစ်ပါတယ်။ ‘နားမလည်ဘူး’ လို့ တန်ဂိုက ပြောတယ်။ ‘ သူတို့တွေက ဒီပန်းနာရင်ကျပ်ရှိတဲ့ကလေးကို အထူးစောင့်ရှောက်ရမှာ မဟုတ်လား။ အနိုင့်ကျင့်ရမှာ မဟုတ်ဘူးလေ’ တဲ့။ ‘ကလေးတွေရဲ့ ကမ္ဘာက အဲဒီလိုဘယ်တုန်းကမှ မရိုးစင်းဘူး’လို့ သူမက သက်ပြင်းချရင်း ပြောတယ်။ တခြားလူတွေနဲ့ ခြားနားတဲ့အတွက် ဝိုင်းကျဉ်ခံရတာပဲ။ ဒီလိုအခြေအနေတူက အရွယ်ရောက်သူတို့ ကမ္ဘာမှာလဲ ဖြစ်တယ်။ ဒါပေမယ့် ကလေးတွေလောက်တော့ ဒဲ့တိုးမကျဘူးပေါ့’ တဲ့။

လူတွေကို နားမလည်နိုင်အောင်ဖြစ်ရလေတာ။ မူရာကာမိရဲ့ ဖြေရှင်းမှုကို ဘဝင်မကျဘဲ ဘာကြောင့် ၊ အဘယ်ကြောင့် ဒီလို နိုင်ထက်စီးနင်းစော်ကားချင်ရပါသနည်း လို့အံ့သြဘနန်းဖြစ်နေမိဆဲ။ ခြားနားတယ်ဆိုရုံမျှနှင့် စော်ကားလိုခြင်းဟာ ဖြစ်တည်လာတယ်တဲ့လား။ ရန်စစော်ကားမှုကြုံရတိုင်း ကျွန်မမှာ ဒီအနိုင်ကျင့်ချင်သော သူများနှင့်ဘာများခြားနားမှုရှိလဲလို့ တွက်ဆဖြစ်ရဲ့။ မဖြစ်နိုင်ဘူး။ ကျွန်မမှာ သူတို့မြင်ကွင်းမှာ အင်အားနည်းသော၊ ခုခံနိုင်စွမ်းချို့တဲ့သော သတ္တဝါတစ်ကောင်အဖြစ် ရှုမြင်နေခြင်းဟာ အကျုံးဝင်ပေလိမ့်မယ်။


အနိုင်ကျင့်လိုခြင်းရဲ့ ပဓာနအရင်းခံမှာ အနိုင်ရလိုခြင်းပဲ မဟုတ်လား။ အရိုးခံသာ ခပ်စင်းစင်းတွေးကြည့်ပေမယ့် လူတွေရဲ့စိတ်ဟာ ထင်ထားတာထက် ရှုပ်ပွေတယ်။ သုတေသနရှင်တွေကတော့ စော်ကားရန်ပြုခြင်းရဲ့ အကြောင်းရင်းခံများထဲက တစ်ခုမှာ အကြောက်တရားလို့ ဆိုလေတာ။ ထိုဗိုလ်ကျသူများရဲ့ အတိတ်မှာ ဆိုးရွားသောအတွေ့အကြုံများရှိခဲ့ပြီး တခြားလူများကို မယုံကြည်ရန်မှတ်သားခဲ့ကြတယ်တဲ့။ မကြာခဏဆိုသလိုရယ် တခြားသူတွေ အထူးသဖြင့် သူတို့နဲ့ ခြားနားတယ်လို့ ထင်ရတဲ့လူတွေရဲ့ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် တခြားလူတွေ ကြောက်လန့်အောင် အနိုင်ကျင့်ပြီး သူတို့က အခွင့်အာဏာနဲ့ ထိန်းချုပ်ထားနိုင်တယ်လို့ ခံစားတာ ဖြစ်တယ်တဲ့။
 
ဟုတ်လိမ့်မယ်ထင်ရဲ့။ သူတို့အတွက် တပါးသူကို အနိုင်ကျင့်တာ စွမ်းအင်တစ်မျိုးဖြစ်လို့ အာဏာတစ်မျိုးရလို့ ပြုလုပ်ကြခြင်းရယ်လား။ ဆိုးရွားတဲ့ဘုံဘဝတွေပဲ။ တိရစ္ဆာန်များလိုပင် အားနည်းသူကို သတ်ဖြတ်ညှင်းပန်းသလို လူ့လောကမှာလည်း ကြီးနိုင်ငယ်ညှင်းလုပ်ကြလေတာ။ စိတ်မကောင်းစရာက ထိုသို့ အနိုင်ကျင့်ခြင်းမှာ လူ့ဗီဇလည်း ဖြစ်တယ်တဲ့ရယ်။ ခက်တာက ကိုယ်ထိလက်ရောက်စော်ကားမှုဆိုတာ ခေတ်နောက်ကျသွားပြီလေ။ အခုအခါက လေလှိုင်းကြားက စကားလုံးများဖြင့် ပုတ်ခတ်အနိုင်ယူမှုသာ။



ရှိစေတော့ … အင်အားကြီးသူက အင်အားနည်းသူကို ဖိနှိပ်ချင်တာ သဘာဝပဲမဟုတ်လား။ ဒါပေမယ့် အင်အားချို့တဲ့သူဟာ ဒီဆိုးရွားဒဏ်ကို ဘယ်လိုရှောင်လွှဲမလဲ။ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုမရှိသူမို့လို့လည်း ပိုမိုဆိုးရွားနာကျင်ရတာ။ ဘယ်လိုတွန်းလှန်ရမလဲ။ ဘယ်မှာ ပုန်းခိုရမလဲ။

MTV တွဲဖက်ပုံနှိပ်လုပ်ငန်းက ဆယ်ကျော်သက်နဲ့ အသက်၂၀ အရွယ်လူငယ်တွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ ၅၆ % ဟာ အွန်လိုင်းမှ ထေ့ငေါ့ခံရခြင်း၊ ဆဲရေးစော်ကားခြင်း၊ လှောင်ပြောင်ခြင်း၊ ပျက်ရယ်ပြုခြင်း၊ ထပ်တလဲလဲဒုက္ခပေး နှောင့်ယှက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ရန်လုပ်ခံရခြင်း၊ နှိပ်ကွပ်ခံရခြင်း၊ တို့ ခံရပြီး နှစ်စဉ်နှစ်တိုင်းလည်း သိသိသာသာတိုးတက်လာတာ တွေ့ရပါတယ်။ လူတွေရဲ့ ပုပ်သိုးနေတဲ့စိတ်ထားမှာ တစ်ဖက်လှည့်နဲ့ အထင်းသားပေါ်လာကြပြီး တစ်ယောက်ယောက်ကို ရက်စက်ယုတ်မာစွာ ပြုမူနေတာကို မြင်ရတဲ့အရေအတွက်ဟာ နှစ်စဉ်တိုးတက်နေလေတာ။ ဥပမာ ၂၀၀၉မှာ ၄၅ %ရှိပြီး ၂၀၁၁ မှာ ၅၅%ထိ တက်သွားခြင်း ဖြစ်ပါတယ်။

မတရားထိုးနှက်ခံရခြင်းကြောင့် တည်ဆောက်ထားတဲ့ပုံရိပ်၊ ကိုယ့်ကိုယ်ကိုယ်မြတ်နိုးတန်ဖိုးထားမှုကို ယိုင်ထွက်သွားစေနိုင်သလား။ cyber bullyingကြောင့် ကမ္ဘာအနှံ့မှာ ဆယ်ကျော်သက်တွေက သေကြောင်းကြံစည်မှုနည်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြီး အဆုံးသတ်ကြရတာ။ ဒီဖြစ်ရပ်နာကျင်စရာတွေဟာ လူတစ်ချို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အဓွန့်ရှည်ခိုင်မြဲနေတော့မှာ။ ရယ်စရာပြောတာပါဆိုတဲ့ စကားမှာ အမှန်တရားငါးဆယ်ရာခိုင်နှုန်းပါဝင်သတဲ့။ တိုက်ရိုက်ဆဲဆိုမှုကို တုံ့ပြန်နိုင်ပေမယ့် သွယ်ဝိုက်ချိုးနှိမ်သော၊ စကားအရာလိမ်မာကျွမ်းကျင်သော၊ ပရိယာယ်ပြည့် လှပပြောင်မြောက်သောသူတို့ရဲ့ စကားအရာမှာ စော်ကားရန်စမှု မည်ရွေ့မည်မျှပါဝင်သည်ဆိုတာ မစဉ်းစားချင်တော့။

တော်သင့်ပြီမဟုတ်လား။ မဆုံးနိုင်တဲ့ နှိပ်စက်ညှင်းပန်းမှုများထဲမှာ ရှင်သန်မယ်ဆို အရေခွံထူသင့်ပြီ မဟုတ်လား။ သည်းခံခြင်းသည် အောင်မြင်ရာလို့ ဆိုကြတယ်မဟုတ်လား။ ထိုသို့စိတ်တင်းလည်း စော်ကားမှုများကို လက်သင့်ခံနေခြင်းအကျိုးဆက်မှာ ကြွင်းကျန်ခဲ့သော သိမ်ငယ်စိတ်များ။ အင်္ဂါဂြိုလ်ကို ထွက်ပြေးလွတ်မြောက်သွားလည်း အရိုးများတိုင် ထိခိုက်ခဲ့ပြီဖြစ်တဲ့ နာကျင်မှုများ။ ပျောက်ကင်းအောင် ကုသဖို့ခက်ခဲ့လေပြီ။ ဘယ်လိုလွတ်မြောက်ပျော်ရွှင်နိုင်မလဲ မသိနိုင်တော့။ နိဂုံးမှာတော့ သူတို့ စော်ကားပြောဆိုသမျှဟာ ထိုက်တန်မှုတစ်ခုလားလို့ပင် ထင်ယောင်ထင်မှားဖြစ်လာရ ။ သူတို့ မြင်ကွင်းမှာ ဆူးဖြစ်နေခြင်းဟာ ကိုယ်တိုင်ရဲ့ ချို့ယွင်းမှားယွင်းနေသလားလို့ မလုံမလဲဖြစ်ရ။

..................................................................
 
မနေဝံ့တောပြီ။ ကြောက်လွန်းမကဖြစ်လာတဲ့အခါ အရိုးကိုချိုးလို့ ခန္ဓာကိုယ်ကို မီးရှို့ပြချကာ ဘဝသစ်ပြောင်းချင်လှ။ ပင်ပန်းလွန်းလှပြီ။သံသရာလည်နေပြီ။ ငြိမ်းအေးချင်လေပြီ။ စော်ကားပုတ်ခတ်မှုမှန်သမျှကို သိမ်မွေ့သောဖန်တီးမှု၊ ထူးချွန်ပြောင်မြောက်သော အနုပညာလို့သာ ချီးမွမ်းထောပနာ ပြုလိုက်ချင်ပြီရယ်။ ။