24 December 2013

နှိမ့်ချစော်ကားသူများးနှင့် ခြားနားမတူချင်သူ

အပျိုကြီးဟု သရော်လှောင်ပြောင်ရာဝယ်ဆိုတဲ့ စာမှာ လူတစ်ဦးက ကျွန်မက သူမျာနဲ့မတူကြောင်း အရှေ့မှာရပ်တည်ပြသချင်တဲ့ စိတ်ရှိတယ်ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။ တကယ်တော့ ကျွန်မက လူတွေရှေ့ရပ်ဖို့ အသာထား လူတောမတိုးသော၊ မဝံ့ရဲသောမိန်းမတစ်ယောက် ဖြစ်ပါတယ်။ အမြဲလိုလို အေးရာအေးကြောင်း ချောင်တစ်ချောင်မှာ ကုပ်ကုပ်နေတတ်သောသူသာ ဖြစ်ပါတယ်။ 
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, Tolerance of intolerance is cowardice. -Ayann Hiris Ali 
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

အေရမ်း ဟီရိစ် အလီပြောသကဲ့သို့ သဘောထားသေးခြင်း/သည့်မခံသင့်သောအရာများကို သည်းခံခြင်းဟာ သရဲဘောကြောင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မကတော့ ထိုသို့ လူအချင်းချင်းနှိမ့်ချပြုမူပြောဆိုခြင်းများကို သူရဲကောင်းလုပ်ပြီး တွန်းလှန်သူ မဟုတ်ပါဘူး။ ရေးသားခဲ့တဲ့စာများမှာ ချောင်ပိတ်အရိုက်ခံရသောကြောင့် ပေါ်ပေါက်လာခြင်းသော ညည်းညူသံများသာ ဖြစ်ပါတယ်။

ဒီလိုလူသားအချင်းချင်းမလေးစားတာကို ကန့်ကွက်ရုံစာ/စကား ပြောမိတဲ့အခါ မခံမရပ်နိုင်ဖြစ်ကာ စွပ်စွဲရသော လူ(တွေ)ရဲ့ စိတ်ကလည်း လေ့လာစူးစမ်း၊ခန့်မှန်းကြည့်ချင်စရာပင်။ ထိုလက်ညှိုးထိုးသူရဲ့စိတ်၊ ပတ်ဝန်းကျင်မှာ သရော်စော်ကားလှောင်ပြောင်ခြင်း၊ အဆင့်အတန်းခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ အဓမ္မနှိပ်စက်အနိုင်ကျင့်ခြင်းနဲ့သာ သမာရိုးကျအသားကျပျော်မွေ့နေသလား။ အံ့သြဝမ်းနည်းမိပါတယ်။ ဒီလိုမတရားမှုတွေကို ငြင်းဆန်တဲ့အခါ ရူးနေတယ်ဆိုပြီး ကဲ့ရဲ့ရှုတ်ချရုံမျှမက မိုးခါးရည်မသောက်ရင် အသေသတ်မယ်လို့များ ရည်ရွယ်စိတ်ကူးထားတယ်ထင်။

ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တဲ့သူတွေ၊ အမျိုးသမီးများ မဲပေးနိုင်ခွင့်၊ လုပ်ငန်းခွင်သာတူညီမျှမှုအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ကလေးသူငယ်တွေကို မတရားခိုင်းစေမှုလွတ်မြောက်အောင် ကြိုးပမ်းနေသူတွေ၊ နောက်ဆုံး စစ်ကျွန်အဖြစ်မှ လွတ်မြောက်အောင် ကြိုးစားနေသူတွေမှ အစ မသာစရိတ်မရှိတဲ့သူတွေအတွက်ကူညီနေတဲ့ နာရေးကူညီမှုအသင်းတွေအဆုံး အများနဲ့မတူကြောင်း ရပ်တည်ပြသချင်တဲ့ စိတ်တစ်ခုတည်းရှိတာ မဟုတ်ဘူးဆိုတာ တစ်ချို့သူတွေအတွက် နားလည်ဖို့ သိပ်ခက်နေသလား။ လူအချင်းချင်းလေးစားစွာ ဆက်ဆံဖို့ဆိုတာ အသိစိတ်မှာ လက်သင့်မခံနိုင်ဘူးလား။ 

ပြီးခဲ့တဲ့လက One Billion Rising သန်းတစ်ထောင်လှုပ်ရှားမှုဆွေးနွေးပွဲအလုပ်ရုံက အကြောင်းအရာများကိုလည်း သတိရမိပါတယ်။ ဖိလစ်ပိုင် အမျိုးသမီးသရုပ်ဆောင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ monique wilson က ဦးဆောင်ဆွေးနွေးသွားပါတယ်။ သန်းတစ်ထောင်လှုပ်ရှားမှုဆိုတာ အမျိုးသမီး၊ကလေးသူငယ်မိန်းကလေးများကို ပြုလုပ်သော မတရားမှု၊ အနုနည်းမှ အကြမ်းဖက်မှုအဆုံး စော်ကားအနိုင်ကျင့်မှုမျိုးစုံကို အကဖြင့် တော်လှန်ကန့်ကွက်ခြင်း ဖြစ်ပါတယ်။

 

အထူးသဖြင့် မိန်းကလေးများက (ချစ်သူ/တွဲနေသူရဲ့) သွေးဆောင်ဖြားယောင်းမတရားပြုကျင့်အခံရဆုံးနေ့တစ်နေ့ဖြစ်တဲ့ ချစ်သူများနေ့မှာ ကကွက်ဖြင့်  မိန်းကလေးတွေ ခံစားရသော ဖိနှိပ်ညှင်းပန်းခံရမှုအလုံးစုံကို လက်မခံ၊ဆန့်ကျင်ကြောင်း လူထုကို သတိပေးနှိုးဆော်လှုပ်ရှားခြင်းလည်းဖြစ်ပါတယ်။ အခမ်းအနားမှာ ကြည့်ခွင့်ရခဲ့တဲ့ ဗီဒီယိုတစ်ခုကို မျှဝေပါရစေ။



ထိုသို့မတရားမှုကို ဆန့်ကျင်သော လူသားအားလုံးကိုရော သူများနှင့် မတူခြားနားတာ ပြချင်လို့ ရှေ့ထွက်ရပ်သည်လို့ ကဲ့ရဲ့အတင်းဆိုကြဦးမလား။ အမှန်စင်စစ်မှာတော့ မိန်းကလေးများရဲ့ ဗီဇသွေးမှာ ရန်လိုမှုနည်းပါးပြီး ငြိမ်းချမ်းစွာနေလိုသူများဖြစ်ပါတယ်။ အထူးသဖြင့် ရန်နည်းလိုသော ကျွန်မအနေဖြင့် တတ်နိုင်သမျှနှုတ်ကိုပိတ် တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုလှပါတယ်။
 ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, However, something must be said, and there are times when silence becomes an accomplice to injustice. -Ayann Hiris Ali 
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, 

ဒါပေမယ့်လည်း အေရမ်း ဟီရိစ် အလီပြောသကဲ့သို့ ငြိမ်သက်နေခြင်းဟာ မတရားမှုမှာ ကြံရာပါဖြစ်နေတဲ့အချိန်တွေမှာ တစ်ခုခုပြောရတော့တာ ဖြစ်ပါတယ်။ သူမျာနဲ့မတူကြောင်း အရှေ့မှာရပ်တည်ပြသချင်တဲ့ စိတ်ရှိတယ်လို့ စွပ်စွဲဦးတော့ နှိမ့်ချစော်ကားသူများဖက်မှာ ဘယ်လိုနည်းနဲ့မှ အတူမရပ်နိုင်တဲ့အတွက် ဝမ်းနည်းပါတယ်လို့ ဆိုပါရစေ။

ထိုသို့နှိမ့်ချစော်ကားသူများ၊ ထိုသူများကို အားပေးအားမြှောက်ဒူးထောက်ရိုကျိုးသူများနဲ့ အတူရှိမနေနိုင်မှုအတွက် ဘယ်သူတွေ ဘယ်လိုပင် မဟုတ်မမှန်စွပ်စွဲကဲရဲ့ခံလည်း ရွာပြင်မှာ တစ်ဦးတည်းနေရလည်း ကိုယ့်လုပ်ရပ်အတွက် ကျေနပ်ဝမ်းသာနေဦးမှာ ဖြစ်ပါတယ်။ 

မယ့်ကိုး

21 December 2013

အပျိုကြီးဟု သရော်လှောင်ပြောင်ရာဝယ်

Mae Coe 
August 11 

အပျိုကြီး ၊လူပျိုကြီးလို့ သရော်လှောင်ပြောင်တဲ့သူတွေမှာ အနိုင်ကျင့်လိုစိတ်အပြင် ၊ သိမ်ငယ်စိတ်၊ အားကျမနာလိုစိတ်ရှိလိမ့်မှာ။ ရှက်ဖွယ်။ သူတို့ဘာကို ဖုံးကွယ်ပြီး ဂုဏ်ယူဝံ့ကြွားနေလဲ။စိတ်ပညာ၊ လူမှုဗေဒ၊ အတွေးအခေါ်၊ ဒဿနတွေနဲ့ယှဉ်ပြောစတမ်းဆို ခြောက်ပြစ်ကင်းတဲ့ အိမ်ထောင်ရေးလို့ မရှိပါဘဲ။ ………………………………………………………………………………………………………… 

မိတ်ဆွေတွေနဲ့ ပြန်ဆုံတိုင်း တစ်ယောက်တည်းပဲလား။ အပျိုကြီးလုပ်နေတော့မှာလားလို့ စကားကြားရဖန်များလာပေမယ့် သည်းခံနိုင်ပါသေးတယ်။ ဒါပေမယ့် မိတ်ဆွေအမျိုးသမီးများမှာ သူတို့ယောက်ျားက အဘယ်မျှကောင်းကြောင်း၊သူတို့အပေါ် အဘယ်သို့ကြင်နာကြောင်း၊ သူတို့အိမ်ထောင်ရေးမှာ တုနှိုင်းမမှီ သာယာကြောင်း အပြိုင်အဆိုင်ကြွားဝါကြသောအခါကျမှ ရယ်ချင်လာတော့တာ။ဤသို့ဖြင့် ထိုစာပိုဒ်ကို မျက်နှာစာအုပ်မှာ ရွဲ့တဲ့တဲ့ အလွန်အကျူးရေးမိခြင်းဖြစ်ပါတယ်။

မရယ်နိုင်သူအချို့တော့ မှတ်ချက်အမျိုးမျိုးပြုကြပါတယ်။ ထိုမျက်နှာစာအုပ်စကားဝိုင်းမှ တစ်ချို့စကားလုံးများကို ကူးယူဖော်ပြချင်ပါတယ်။(ပထမအမျိုးသမီး၊ ဒုတိယအမျိုးသမီးဟု အမည်ပေးရခြင်းမှာ ပထမမှတ်ချက်ပေးသော အမျိုးသမီးဟု ဆိုလိုပြီး၊ ဒုတိယ၊တတိယ၊စတုတ္ထဟု ဆိုရာတွင်လည်း ထိုသို့ပင် မှတ်ယူစေချင်ပါတယ်။)

ပထမအမျိုးသမီး-သရော်လှောင်ပြောင်တယ်လို့ ယူဆရင်တော့လဲ ကိုယ်ယူဆတဲ့ အတိုင်းပေါ့။ ဒါဟာ ဖက်တီး၊ ဂျပု စတာတွေနဲ့ သိပ်မတူပါဘူး။ 
August 11 at 2:59pm via mobile · Like

 Mae Coe-ဟုတ်ကဲ့ ဘာလို့ မတူတာလဲလို့ ရှင်းပြပေးပါလား အစ်မ …...... ချစ်စနိုးခေါ်တဲ့ အခေါ်အဝေါ်မဟုတ်တာ သေချာပါတယ်။ ဒါဆို အိမ်ထောင်ကျသူတွေကို ဘာလို့ အအိုကြီးလို့ မခေါ်တာပါလဲ။ ကျွန်မ ပြောခဲ့တဲ့အတိုင်း အများနဲ့မတူကွဲပြားနေသူတွေကို ခွဲခြားနှိမ့်ချလိုခြင်းလို့ ထပ်မံဆိုချင်ပါတယ်။ ဘယ်လိုပဲ ရင်းနှီးလို့ခေါ်တယ်ဆိုဆို ဒါဟာ ရယ်စရာဆိုရင် ခါးအောက်ပိုင်းပြက်လုံးလိုပဲ နိမ့်ကျတဲ့ဟာသတစ်ခုလို့ပဲ မှတ်ယူပါတယ်။
August 11 at 3:04pm · Like · 9

ပထမအမျိုးသမီး-အမ အိမ်ထောင်ကျတော့ ၃၁နှစ်ကျော်ပြီ။ ၂၅ကျော်ရင် အပျိုကြီး အခေါ်ခံရတဲ့ ခေတ်မှာ တစ်ခါမှအခေါ်မခံခဲ့ရတော့ ဒီfeelingကို နားမလည်ဘူးဆိုပါတော့။ အဲ တစ်ခုတော့ရှိတယ်၊ ကိုယ်ကလည်း သူများကို တစ်ခါမှမခေါ်ဖူးဘူး။
August 11 at 3:18pm via mobile · Unlike · 1

ပထမအမျိုးသမီး-အစ်မ သူငယ်ချင်းတွေထဲမှာလဲ ခုထိ (၃၆၊၃၇) အိမ်ထောင်မပြုသေးသူတွေ ရှိပါတယ်။ သူတို့ ကြည့်ရတာ အပျိုကြီးအခေါ်ခံရလို့ ဘာမှfeeling ဖြစ်ပုံမရပါဘူး။ ခေါ်တဲ့သူတွေကရော သူတို့ ကိုယ်တိုင်ကပါ အိမ်ထောင်မပြုချင်လို့ မပြု တာ ဆိုတာသိနေတာကိုး။ ဒါကြောင့် ဘာမှသိပ်မခံစားတာလားမသိပါဘူး။
August 11 at 3:44pm via mobile · Like · 1

 Mae Coe-ဟုတ်ကဲ့ အစ်မ……… ညီမကိုလည်း အပျိုကြီးလို့ လာခေါ်ရင် ဝမ်းမနည်း၊ဒေါသမထွက်ပါဘူး။ ကိုယ်တိုင်လည်း (ဒီရွေးချယ်ထားတဲ့ဘဝကို) ဂုဏ်ယူပါတယ်။ ခေါ်တဲ့သူတွေကိုသာ အခြေခံယဉ်ကျေးမှုမရှိ စိတ်ဓာတ်အဆင့်အတန်းမမြင့်သူတွေလို့သာ စိတ်ထဲက မှတ်ယူတာပါ။ 
August 11 at 3:55pm · Edited · Like · 7

 Mae Coe-အစ်မ……. ပြီးတော့ ညီမရဲ့ status မှာ အပျိုကြီး ၊လူပျိုကြီးလို့ သရော်လှောင်ပြောင်တဲ့သူတွေလို့ ရေးထားပါတယ်။ ခေါ်ဝေါ်ခြင်း၊ နောက်ပြောင်ခြင်း၊ သရော်လှောင်ပြောင်ခြင်းက အဆင့်ကွာတာမို့ တကယ်လို့ သရော်လှောင်ပြောင်ခံရမယ်ဆိုရင် အစ်မရဲ့သူငယ်ချင်းတွေ (အနည်းအများ) ထိခိုက်ခံစားရလိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။
 August 11 at 4:31pm · Edited · Like · 2

ဒုတိယအမျိုးသမီး-လူတစ်ချို့က နှိမ့်ချချင်တဲ့သဘောနဲ့ ပြောကြတယ်။လူတစ်ချို့ကျ ဒီလိုပဲ ဘာမှမရည်ရွယ်ဘဲ ခေါ်ကြပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်။ တ ချို့က ချိုးချိုးဖဲ့ဖဲ့ကို ပြောတာ ။ မကြားချင်ယောင် ဆောင်နေလိုက်တယ်။ ဘာ response မှ မပေးဘူး။ ခပ်တည်တည် နေပေးလိုက်တယ် ။ ဒါပေမယ့် တစ်ချို့ကတော့ တော်တော်ရိုင်းတယ်။look down ဖြစ်တယ်။ August 11 at 5:22pm via mobile · Unlike · 4 

တတိယအမျိုးသမီး-မဂျူကတော......အေးဟေ့ နင်တို့လိုဘ၀ပေးမကောင်းတော့ ချစ်တဲ့သူကော မချစ်တဲ့သူကော စိတ်ပါပါမပါပါ ပေါင်းစရာမလိုဘူးပေါ့ဟယ်လို့ ပြောလိုက်ပါတယ်.......သူလဲစိတ်ချမ်းသာကိုယ်လဲစိတ်ချမ်းသာ.......တစ်ချို့ကဘာရယ်မဟုတ် သူများကိုအဲလိုလေး ပြောလိုက်ရမှ နေတတ်တာဆိုတော့ ပြိုင်ပြီးပြောမနေဘူး......ဒီအသက်အရွယ်ထိ အခေါ်ခံရပေါင်းအကြိမ်များစွာ.......နားရည်ဝသွားလို့ဖြစ်မယ်။ ထူးပြီးမခံစားရတော့ဘူး.... မယ်လဲ နောက်ဆို နေတတ်သွားပါလိမ့်မယ်..... တစိမ်းတွေအလယ်မှာပိုဆိုးသေး......သူတို့က အပျိုကြီးဖြစ်နေတာတစ်ခုခု ချို့ယွင်းနေလို့လားတဲ့။ အင်း၊ ဟုတ်တယ် ငါ့မှာသူများကို ငါ့ထက်ပိုပြီး ချစ်တတ်တဲ့စိတ်ပါမလာခဲ့ဘူးလို့....... နောက်မမေးတော့ဘူး။
 August 11 at 5:40pm · Unlike · 9 

စတုတ္တအမျိုးသမီး-တခါမှ အခေါ်မခံရဖူးသူက ခေါ်ခံရတဲ့လူတွေရဲ့ စိတ်နဲ့ပဲ ဆိုင်ပါတယ်လို့ ပြောဆိုတာကြီးက တော်တော် ကိုယ်ချင်းစာစိတ်မရှိဘဲ လာရေးတာလို့ပဲ မြင်မိတယ်။ ညီမလဲ အပျိုကြီး လူပျိုကြီးဆို စနောက်စရာလို့ ထင်နေတတ်တဲ့ လူတွေကို ငယ်ငယ်ထဲက လုံးဝကြည့်မရဘူး။ အတွေးအခေါ်တိမ်တဲ့လူတွေလို့ သတ်မှတ်တယ်။ လုံးဝအထင်မကြီးဘူး။ တခါတလေ ကိုယ့်ဘာသာ ယောက်ျားမယူချင်တာတောင်မှ "ရတာမလို မလိုတာ မရမလို့လေ"လို့ ကွယ်ရာတမျိုး ရှေ့တင်တမျိုး ပြောဆိုကြသေးတာ။ နောက်ရှိသေးတယ် ယောက်ျားရှာပေးမယ်ဆိုတာက တမျိုး၊ သနားကြည့်နဲ့ကြည့်တာက တမျိုး။ ဒီမခံချိမခံသာ ခံစားမှုမျိုးကို ခံလိုက်ရတဲ့လူပဲ သိတယ်။ ကိုယ်က ယောက်ျားမရှားပါဘူး မယူချင်လို့ပါဆိုတာ ကိုယ့်ကိုကို သိပေမယ့် ဒီဘာမဟုတ်တဲ့ လူတွေက ယောက်ျားတစ်ယောက်ရတာနဲ့ သူတို့က ကိုယ့်ထက်သာတဲ့ အထာမျိုးလာပြောတာလောက် ခံပြင်းတာမရှိဘူး။ ယောက်ျားယူခြင်း၊ ယောက်ျားမယူခြင်းက ယှဉ်ပြိုင်စရာလဲ မဟုတ်ဘူး၊ သနားစရာလဲ မဟုတ်ဘူး၊ နှိမ့်ချစရာလဲမဟုတ်ဘူး၊ သိမ်ငယ်စရာလဲမဟုတ်ဘူး လူတစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှု၊ ဘ၀ပေးအခြေအနေပဲ ။ လူလူချင်း လေးစားသင့်တယ်။ ညီမကတော့ လုံးဝ လုံးဝရှုတ်ချပါတယ် ဒီလိုလူတွေကို! August 11 at 9:34pm · Unlike · 6 

 ……………………………………………….

ထိုရေးသားမှုများအပြီးမှာတော့ မိတ်ဆွေတစ်ချို့က အပျိုကြီးဟုသရော်လှောင်ပြောင်မှုကို ကျွန်မ မနှစ်လိုကြောင်း သိရှိသွားကြပါတယ်။ တကယ်တော့ ကျွန်မက နှိမ့်ချသော၊ သရော်ပြောင်လှောင်သော၊ စော်ကားအနိုင်ကျင့်သော မည်သည့်စကားကိုမျှ မနှစ်လိုသူဖြစ်ပါတယ်။ အခုလည်း မိတ်ဆွေအမျိုးသမီးတစ်ဦးက ‘တစ်ခါတလေကျတော့ ရန်ကုန်ဟာ အရွယ်လွန်ကာမှ သိပ်ကိုလှချင်လွန်းလို့ အတင်းကြီးသနပ်ခါးတွေလိမ်းပြီး၊ နှုတ်ခမ်းနီတွေရဲရဲတွေ မလိုက်မဖက်ဆိုးထားတတ်တဲ့ အရုပ်ဆိုးဆိုးအသက်ကြီးကြီးအပျိုကြီး တစ်ယောက်နဲ့တူပြန်ရော…(စိတ်မဆိုးနဲ့နော် အစ်မ) ဣနြေ္ဒမရဘူးလို့ ခံစားမိလို့…။’လို့ ရန်ကုန်အကြောင်းရေးထားတဲ့စာအောက်မှာ မှတ်ချက်ပေးလာတော့ ဒီအပျိုကြီးဆိုတဲ့ ဝေါဟာရနောက်ကွယ်က အကြောင်းခြင်းရာတွေကို စဉ်းစားဆင်ခြင်စရာဖြစ်လာပါတယ်။

အရုပ်ဆိုးဆိုးအသက်ကြီးကြီးမိန်းမတစ်ဦးဟု မသုံးနှုန်းဘဲ အပျိုကြီးလို့ အဘယ်ကြောင့်အတိအကျ ရေးသားထားပါလိမ့်။ ကျွန်မလည်း ထိုသို့ အသက်အရွယ်နဲ့ မလိုက်မဖက် လူငယ်တွေလို ပြင်ဆင်ထားသော၊ အမျိုးသမီးကြီးများစွာနှင့် တွေ့ဖူးခဲ့၊ တွေ့ကြုံဆဲဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ ဖြစ်ပါတယ်။ အသက် ၅၀၊ ၆၀ အရွယ်ဖြစ်ပေမယ့် ဆယ်ကျော်သက်လို ပြင်ဆင်ထားသောအဘွားကြီးများစွာကို အပျိုကြီးလို့ တစ်ခါမှ ခေါင်းစဉ်တပ်မမြင်ခဲ့ဖူးပါ။

အရွယ်လွန်ကာမှ အပျိုကြီးတစ်ဦးတည်းကသာ လှချင်ပြီး ကလက်တက်တက် အလွန်အကျွံ ပြင်ဆင်တတ်တယ်လို့ လူတွေမြင်နေတာလား။ တခြား အရုပ်ဆိုးဆိုး၊ အသက်ကြီးကြီး အိမ်ထောင်သည်၊တစ်ခုလပ်၊မုဆိုးမများကကော အရွယ်လွန်ကာမှ လှချင်လွန်းလို့ အတင်းကြီးသနပ်ခါးတွေလိမ်းပြီး၊ နှုတ်ခမ်းနီတွေရဲရဲတွေ မလိုက်မဖက်မလိမ်းခြယ်တတ်ကြဘူးလား။ ကံအားလျော်စွာပဲ ကျွန်မက (သူမရဲ့ သတ်မှတ်ချက်အရ) အတင်းကြီးသနပ်ခါးတွေလိမ်းပြီး၊ နှုတ်ခမ်းနီတွေရဲရဲတွေ မလိုက်မဖက်ဆိုးတတ်သော မိန်းမ မဟုတ်သဖြင့် ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်ရပါသေးတယ်။

ကျွန်မရဲ့လက်လှမ်းမှီရာ အနီးစပ်ဆုံးသက်သေကတော့ အပျိုကြီးအဒေါ်နှစ်ယောက်ရှိပြီး သူတို့မှာလည်း အပျိုကြီးမိတ်ဆွေတွေရှိပြီး အားလုံးမှာ ဇရာကိုအံတုပြီး အတင်းကာရောဣနြေ္ဒမရ ဖုံးလွှမ်းနေသူများမဟုတ်ဘဲ သဘာဝနဲ့လိုက်လျောညီထွေစွာ အေးဆေးသက်တောင့်သက်သာနေသူများ ဖြစ်ပါတယ်။ တစ်ဆက်တည်း အပြောင်အပျက်ကလေးစကားမှအစ လူကြီးရဲ့ သရော်စော်ကားသီချင်းအဆုံး သုံးနှုန်းကြသော ‘အပျိုကြီးတွေ လင်မရလို့ လန်ဒန်မြေပဲယို’ဟူသော စကားကို သတိရမိပါတယ်။

ယောက်ျားလိုချင်လို့ အပျိုကြီးတွေ ရွနေတယ်ဆိုတဲ့ ထိုမျှနှိမ့်ချစော်ကားသော စကားလုံးကို ပြောဆိုရဲသောသူများ၊ အားပေးထောက်ခံသူများကို အံ့သြမိပါတယ်။ သူတို့က တကယ်ပင် ထိုသို့အပျိုကြီးများကို တွေ့ကြုံဆုံခဲ့ဖူးသလော။ မရှိခိုးနိုး၊ မလှစုန်းယိုး ဆိုသလို အပျိုကြီးများမှာ အိမ်ထောင်ပြုချင်လွန်းသဖြင့် အမြင်မတော်အောင် အလှပြင်၊ မျက်စိနောက်လောက်အောင် ဣနြေ္ဒမရ အငမ်းမရ ပျာလောင်ခတ်နေတယ်လို့ မြင်ကြသလား။ ဝမ်းနည်းမိပါတယ်။

တစ်ချို့ကလည်း အပျိုကြီးဆိုလျှင် ဘုပြောကာ ဂွကျကျနေသူတွေ၊ လူ့အဖွဲ့အစည်းနဲ့ သဟဇတမဖြစ်တဲ့လူတွေ။ ရွာပြင်ရောက်နေတဲ့ လူတွေ။ ကလေးမွေးမပေးလို့ လူ့အဖွဲ့အစည်းကို အကျိုးမပြုတဲ့သူတွေလို့ စွပ်စွဲပြောဆိုမှုများလည်း ရှိပါတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်ရေးအဆိုးမြင်မှုများကို မဖြေရှင်းလိုပေမယ့် လူ့အဖွဲ့အစည်းကို အကျိုးမပြုဘူးဆိုတာတော့ အတော်ကို လွဲမှားဆိုးရွားတဲ့အချက်ပဲဆိုကာ ကျွန်မကန့်ကွက်ပါရစေ။

၂၀၅၀ မှာ လူဦးရေအလွန်တိုးတက်များပြားလာပြီး အစာရေစာရှားပါး၊ နေထိုင်မှုအခက်အခဲတွေ ကြုံတွေ့လာပြီး သဘာဝသယံဇာတက ပံ့ပိုးလို့ မလောက်ငနိုင်တော့ဘူးလို့ ရေးထားတဲ့စာတမ်းကို ဖတ်ခဲ့ဖူးပါတယ်။ ဒီအဖြစ်သာ တကယ်ကြုံလာမယ်ဆိုရင် အပျိုကြီးတွေက လူဦးရေးနည်းစေခြင်းဖြင့် လောကကို တစ်ပိုင်တစ်နိုင်အကျိုးပြုနေတယ်လို့ ဆိုချင်ပါတယ်။  

 

အထက်ပုံမှာလိုပဲ ကျွန်မလည်း အပျိုကြီးတွေဆိုတာ ဘုပြောကာ ဂွကျကျနေသူတွေ၊ လူ့အဖွဲ့အစည်းနဲ့ သဟဇတမဖြစ်တဲ့လူတွေ။ ရွာပြင်ရောက်နေတဲ့ လူတွေမဟုတ်ဘူး။ ကလက်တက်တက် ဣနြေမဲ့နေသူတွေ မဟုတ်ဘူးလို့ ဆိုင်းဘုတ်ချိတ်ဆွဲပြောချင်ပါတယ်။ ဒါပေမယ့် အပြစ်ရှာကဲ့ရဲ့ချင်သူတွေကတော့ လိုရာကိုဆွဲ အဆိုးမြင်လက်ညှိုးထိုး အဆင့်အတန်းခွဲနှိမ့်ချနေဦးမယ်ဆိုတာလည်း ကျွန်မသိပါတယ်။

နှိမ့်ချခွဲခြားဆက်ဆံခြင်းကို လူတွေဘာကြောင့်ပြုလုပ်ကြပါသလဲ။ သူတို့အတွက် တပါးသူကို အနိုင်ကျင့်တာ စွမ်းအင်တစ်မျိုးဖြစ်လို့ အာဏာတစ်မျိုးရလို့ ပြုလုပ်ကြခြင်းရယ်လား။ စာအုပ်တစ်အုပ်မှာတော့ အနိုင်ကျင့်မှုကို ဖြစ်စေတဲ့ တွန်းအားနှစ်မျိုးရှိတယ်။ တစ်ခုက နာမည်ကြီးချင်စိတ်ဖြစ်ပြီး၊ တစ်ခုက လွှမ်းမိုးချုပ်ကိုင်လိုစိတ်ဖြစ်တယ်လို့ ဆိုလေတာ။ နာမည်ကြီးချင်တဲ့ အနိုင်ကျင့်သူက ပတ်ဝန်းကျင်က ပစ်ပယ်ထားတဲ့လူကို ရှာတယ်တဲ့။ မည်သို့ဖြစ်စေ တစ်ဖက်သားကို ချိုးဖဲ့အနိုင်ယူလိုစိတ်ဗီဇသွေးစီးဆင်းနေတဲ့လူတွေဟာ အမဲလိုက်သလို ကိုယ့်ထက်အားနည်းတယ်ထင်သူကို ရှာဖွေကြတဲ့အခါ ထိုသို့နှိမ့်ချတဲ့အမြင်တွေ၊ သရော်စော်ကားမှုတွေ ၊လှောင်ပြောင်အနိုင်ကျင့်မှုတွေ ဖြစ်ပေါ်လာခဲ့သလား။

မိတ်ဆွေတစ်ယောက်ရေးထားသော အဖြစ်အပျက်တစ်ခုကို သတိရမိပါတယ်။ သူက ပွင့်လင်းသော၊ဂုဏ်သိက္ခာရှိ ဂေးလူငယ်တစ်ယောက်ဖြစ်ပြီး ချစ်သူယောက်ျားလေးနှင့် နန်းရှေ့ကျုံးမှာ လမ်းလျှောက်နေစဉ်မှာ မွတ်စလင်ဘာသာဝင်တစ်ယောက်က သူတို့ကို သရော်စော်ကားစကားပြောသဖြင့် ဒေါသထွက်ကြောင်းရေးထားခြင်းဖြစ်ပါတယ်။ မွတ်စလင်ဘာသာဝင်များမှာ မြန်မာနိုင်ငံမှာ နှိမ့်ချခံရသူများဖြစ်ပါလျှက် အခုသူတို့ကို စော်ကားတယ်။ တစ်ချို့ဂေးတွေကလည်း ဝသောသူများ၊ မျိုးရိုးဗီဇစိတ်ကစဉ့်ကလျားဖြစ်နေသူများကို နှိမ့်ချတယ်။ တစ်ချို့အမျိုးသမီးများကလည်း ဂေးများကို နှိမ့်ချသလို တစ်ချို့ဂေးများကလည်း ပြန်လည်နှိမ့်ချကြတယ်လို့ ရေးထားပါတယ်။

(စကားစပ်မိလို့ ပြောရပါလျှင် မိန်းကလေးနဲ့ မိန်းမလျာ/ဂေးတွေဟာ အချင်းချင်းနားလည်မှုရှိပြီး ၊ စိတ်ဝင်စားရာလည်းတူ၊အကြိုက်လည်းညီလေ့ရှိတဲ့ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ စိတ်ပညာလေ့လာစမ်းစစ်လေ့လာချက်တွေအရ မိန်းကလေးတွေက ဂေးသူငယ်ချင်းနဲ့ သူငယ်ချင်းဖြစ်ချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အရိုးသားဆုံး၊အစစ်မှန်ဆုံးအကြံဥာဏ်တွေပေးကြတယ်။ ပြီးတော့သူတို့က ကိုယ့်အပေါ်လည်း လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုမရှိလို့ သက်တောင့်သက်သာနေနိုင်ပြီး မတူညီမှုတွေက ယှဉ်ပြိုင်စရာလည်း မဖြစ်လို့ပါ။ ကျွန်မလည်း ဂေးသူငယ်ချင်း အလွန့်အလွန်လိုချင်သူဖြစ်ပါတယ်။)

အဲဒီနောက် သူက လူ့အဖွဲ့အစည်းမှာ အင်အားနည်းသူကို အချင်ချင်းနှိမ့်ချကြကြောင်း၊ လူနည်းစုအနည်းဖြင့် ကိုယ့်အခွင့်အရေးအတွက် ရပ်တည်တိုက်ခိုက်သင့်ကြောင်း ပြောပြီး စကားနိဂုံးချုပ်ထားပါတယ်။ သူ့သြဝါဒအတိုင်း အိမ်ထောင်မပြုတဲ့လူနည်းစုများကို နှိမ့်ချစော်ကားသူများအား တန်ပြန်သောစာများကို ကျွန်မရေးလိုပေမယ့် အကျယ်တဝင်မပြောတော့ဘဲ ဒီမျှနဲ့ ရပ်တန့်လိုက်ပါပြီ။

သူ့ဂုဏ်ကို နှိမ့် ၊ ကိုယ့်ဂုဏ်နိမ့်ဆိုတဲ့ စကားအတိုင်း ထိုသရော်ပြောင်လှောင်သရော်သူများကို စိတ်ပိုင်းဆိုင်ရာချို့ယွင်းအားနည်းသူများဟုသာ သဘောထားကာ လျစ်လျူရှုနိုင်အောင်သာ ကြိုးစားနေပါဦးမယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာမှာ တခြားသူက နှိမ့်ချရုံမျှနှင့် နိမ့်ကျမသွားဘူး မဟုတ်ပါလား။ ဒါပေမယ့် မျက်စိရှေ့အောက်ရောက်လာတဲ့ ခွဲခြားသတ်မှတ်မှုများ၊ နှိမ့်ချစော်ကားမှုမှန်သမျှကို မျက်နှာမလွှဲ၊လျစ်လျူမရှုဘဲ လူတစ်ယောက်လုပ်ရမယ့် ကောင်းမှုအကျင့်လို့ ခံယူပြီး လက်သင့်မခံကန့်ကွက်နေဦးမှာ ဖြစ်ပါတယ်။ ။ 


 (ကျွန်မရဲ့စာတွေကို ဂရုတစိုက်ဖတ်ရူအားပေးသူ၊ ဝေဖန်ကန့်ကွက်သူ အားလုံးကို ကျေးဇူးများစွာတင်ပါတယ်။ အထူးသဖြင့် ဒီစာထဲမှ မှတ်ချက်ပြုခဲ့သူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ။)

 ချစ်ခင်လေးစားစွာဖြင့်

မယ့်ကိုး

19 December 2013

သနားမိသူဟာ ရယ်စရာ




ဂျုံခင်းထဲမှာ လိုက်ဖမ်းသူ (The Catcher in the rye)ကို ဖတ်မလို့ရည်ရွယ်ထားပြီး တခြားစာတွေပဲ ဖတ်ဖြစ်တယ်။ တစ်နေ့က မိတ်ဆွေတစ်ယောက်အိမ်သွားလည်ရင်း မြသန်းတင့်က လေလွင့်သူလို့ ဘာသာပြန်ထားတာကို ငှားဖတ်မိကာ နှစ်သက်စွဲမိသွားရဲ့။ စာကျေအောင် ဘိုလိုတောင် ထပ်ဖတ်လိုက်သေးတယ်။ တစ်ခန်းကတော့ သဘောကျလွန်းလို့  ၁၀၀ ရာခိုင်နှုန်း ထောက်ခံမိအောင်ပါပဲ။

 

‘မိန်းကလေးတွေမှာ ဖြစ်နေတဲ့ ပြဿနာက ကောင်လေးတစ်ယောက်ကို သူတို့ ကြိုက်မိပြီဆိုရင် ဘယ်လောက်ဆိုးရွားတဲ့ အယုတ်တမာကောင်ကြီးပဲ ဖြစ်ဖြစ် သူက သိမ်ငယ်စိတ်ရှိလို့ပါလို့ ပြောလိမ့်မယ်။ သူတို့မကြိုက်တဲ့သူဆို ဘယ်လောက်ကောင်းတဲ့ လူရည်မွန်လေးပဲဖြစ်ဖြစ် ဒါမှမဟုတ် သူက ဘယ်လောက်ကြီးတဲ့သိမ်ငယ်စိတ်ပဲရှိရှိ သူက ကြွားဝါဘဝင်မြင့်နေတယ်လို့ သူတို့ ပြောလိမ့်မယ်။ ထက်မြက်တဲ့မိန်းကလေးတွေတောင် အဲဒီလို ပြောတတ်တယ်’ တဲ့။ မှန်လွန်းလို့ သဘောတကျနဲ့ အသံထွက်အောင်ပင် ရယ်လိုက်မိတာ။

လူကြီးရှက်တော့ ရယ်ဆိုလား။ အဲဒီမိန်းမတွေထဲ ကျွန်မလည်း အပါအဝင်မဟုတ်ပါလား။ မိန်းမတွေဟာ ကိုယ်နှစ်လိုတဲ့သူဆို ဘယ်လောက်ပဲဟိတ်ဟန်ကြီးမော်ကြွားနေပါစေ။ အမြင်ကတ်စရာလို့ မထင်ဘဲ သိမ်ငယ်စိတ်ရှိလို့ပါဆိုပြီး စိတ်မကောင်းဖြစ်တတ်ရဲ့။ ဘယ်လောက်ပဲအောင်မြင်ပြည့်ဝသူဖြစ်နေပါစေ။ ချို့ယွင်းချက်သေးသေးလေးကို ကြည့်ပြီး သနားမဆုံးလည်း ဖြစ်တတ်ရဲ့။ မနှစ်လိုသူဆိုရင်တော့ စကားတစ်ခွန်း၊ အပြံးတစ်စ၊ အကြည့်တချက်ကိုမျှ မြင်ကွင်းထဲ အချိုးတကျ ကြည့်မရ၊ သည်းမခံနိုင်ဖြစ်တတ်ရဲ့။

ဟိုတလောက မိတ်ဆွေတစ်ယောက်ကိုတောင် ‘စိုင်းစိုင်းက သနားစရာလေးပါ ’ လို့ ပြောမိတော့ ‘ဘာလို့ စိုင်းစိုင်းကို သနားရတာလဲဗျ။ ခင်ဗျားတို့ မိန်းကလေးတွေလည်း ခက်တာပဲ။ ဒီလောက် အောင်မြင်နေတဲ့ သူဌေး ဥစ္စာပေါရုပ်ချောသဘောကောင်း လူပျိုကို ဘာလို့ သနားရတာလဲ’ တဲ့။ စာအုပ်ထဲက ကောဖီးနဲ့ တစ်လေသံတည်းပါလေ။

မိန်းမတွေက စိတ်ပျက်စရာလို့ အထင်မခံချင်ဘူး။ ကျွန်မကိုလည်း ဂေါက်ကြောင်နေတယ်လို့ မမြင်စေချင်ဘူး။ ဒါပေမယ့်လည်း အချက်အလက်နဲ့ စီကာပတ်ကုံးရှင်းမပြချင်ပြန်ဘူး။ ရန်ဖြစ်တာက ယောက်ျားလေးအလုပ်၊ သနားတာက မိန်းကလေးအလုပ်လို့ စိတ်ထဲရှိတာ ပြောလိုက်မိတယ်။ ဘာဆိုင်လို့လဲ ဘာညာမေးတဲ့အခါ ဟုတ်တယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို သနားကြင်နာလွန်းလို့ ခုလိုအသက်စွန့်အလုပ်လုပ်နေတာလေ လို့ စကားကို ပိတ်ပြောခဲ့ပြန်တယ်။

ကိုယ့်ဘာသာသနားချင်တာနဲ့ နိုင်ငံရေးပါ စွဲထည့်လိုက်ရတာတော့ စိတ်မကောင်းပါဘူး။ တကယ်တော့ အဲဒီမိတ်ဆွေကိုလည်း သနားခဲ့မိတာပဲ။ အဲဒီလိုများ ပြောလိုက်မိရင် ဒီအလုပ်လက်မဲ့မိန်းမက ငါ့ကိုများသနားတယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်၊နံရံကို လက်သီးနဲ့ထိုး၊ စိတ်တွေဆိုး ရာသက်ပန်သူစိမ်းတွေ ဖြစ်သွားမလားမသိ။ မှန်ပါတယ်။ ကိုယ့်ကို သနားတယ်ဆိုရင် ဘယ်သူက နှစ်သက်လက်ခံနိုင်မှာလဲ။ ဒါပေမယ့် သနားတယ်ဆိုရာဝယ် တစ်စုံတစ်ခုချွို့ယွင်းနေလို့ အပေါ်စီးကနေ ကြည့်ပြီး အရသာခံနေသလိုမျိုး မဟုတ်ရပါဘူး။

ဘာပဲဖြစ်ဖြစ်  အမှန်အတိုင်းမမြင်ဘဲ သနားမိခြင်းရဲ့ ရလာဒ်က အရှုံးချည်းပါပဲ။ ဘယ်သူ့ကိုမဆို လွယ်လွယ်ကူကူ ချေးငှားတတ်သလို အကြွေးတောင်းရမယ့်အခါမှာတော့ မရဲရင့်ပြန်ဘူး။ ကြွေးယူသူက တစ်ခွန်းလောက်တောင်းပန်ပြောလိုက်တာနဲ့ စိတ်မရှိပါနဲ့။ အဆင်ပြေအောင် နေပါ။ စိတ်ချမ်းသာအောင် နေပါနော်လို့ ဆိုမိပြန်ရော။ မခက်ပေဘူးလား။

သနားတာနဲ့ အားနာတတ်တာ ပေါင်းလိုက်တဲ့အခါ ညံ့ဖျင်းတဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်သွားလေသတည်းပေါ့။ တကယ်ဆို ဒီလို နုံအ၊အသုံးမကျတဲ့ ကျွန်မကသာ သနားစရာကောင်းတာ သိတာပေါ့။ အမှန်အတိုင်းအတိအကျဆိုရမယ်ဆို ကျွန်မက သနားစရာထက် စိတ်ပျက်စရာပိုကောင်းနေမယ်ထင်ရဲ့။ အဖြစ်မရှိတဲ့ မိန်းမပါ။နောက်ကွယ်မှာ အရယ်ခံရတဲ့ မိန်းမမျိုး မဖြစ်ချင်ပါဘူး။

ဒါပေမယ့် ကိုယ်ချင်းစာမိခဲ့ခြင်းဟာ လှည့်စားခံရခြင်းနဲ့ အဆုံးသတ်တဲ့အခါ ဒေါသထွက်စရာ၊ ရှက်စရာဖြစ်နေဆဲ။ ကဲ့ရဲ့လက်ညှိုးထိုးစရာ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းမှု ဖြစ်နေဆဲ။ သင်ခန်းစာ ရသင့်ပါပြီ။ ဘယ်သူ့လွှမ်းမိုးမှုမှ မခံဘဲ၊ ဘာကိုမှ မထောက်ထားဘဲ 'ဟင့်အင်း'လို့ ပြောနိုင်အောင် ကြိုးစားမယ်ဆိုကာ ရက်စက်သော၊ အေးစက်နာကျင်စေသော အတိတ်တွေကို သယ်ပိုးထားရင်း  ကိုယ့်ကိုယ်ကိုယ်ထောက်ကန်ထားရတယ်။ ချိုသာပေမယ့် မငဲ့ညှာသော စကားတွေကို အာဂုံဆောင်ထားမိပြန်တယ်။

သေချာတာက ကျွန်မက မဟာဂရုဏာရှင်မဟုတ်ဘူး။ သနားတာကို စကားအလှအဖြစ် အကြင်နာလို့ သုံးမယ်ဆိုရင်လည်း ကျွန်မက အကြင်နာကြီးသူ မဟုတ်ပါဘူး။ သနားကြင်နာမိတဲ့သူတွေကို တခြားလုပ်ခ၊ငွေအား၊အချိန်တွေသာ ပံ့ပိုးချင်ပံ့ပိုးနိုင်ပေမယ့် ဘဝတစ်ခုလုံးရင်းနှီးမြှုပ်နှံ ကိုယ်ကျိုးစွန့်နိုင်သူ မဟုတ်ပါဘဲ။

မိတ်ဆွေမလေးတစ်ယောက်ကလည်း အကြံပေးတယ်။ ကိုယ်ရေးနေတဲ့ ဇာတ်ကောင်ကိုတော့ မသနားစေချင်ဘူးတဲ့။ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ဇာတ်ကောင်အပ်ါမှာ ထားမိတဲ့ ဂရုဏာကို တားဆီးချုပ်ကိုင်ထားခြင်းငှာ မစွမ်းသာပါဘူး။ တစ်ချို့ရွံရှာစက်ဆုပ်စရာဇာတ်ကောင်တောင် သူတို့ဖက်က တစ်ခွန်း၊နှစ်ခွန်းဝင်ပြောမိပြန်ရော။ လူတိုင်းအပေါ် တရားမျှတချင်မိပြန်တာကလည်း ဆေးမတိုးတော့တဲ့ တီဘီရောဂါသည်လို ဒါနဲ့ပဲ အသက်ဆုံးတော့မယ်ထင်ရဲ့။ နောင်တလည်း မရနိုင်သေးတဲ့ လူမိုက်လည်း ဖြစ်ပြန်ရဲ့။

မိတ်ဆွေမလေးတစ်ယောက်ရဲ့ သနားရာက ချစ်မိသွားတတ်သလားလို့ မျက်နှာစာအုပ်မှာ မေးထားတဲ့ စာတစ်ကြောင်းကို သတိရမိပြန်တယ်။ အဲဒါ အန္တာရယ်လို့ ဖြေဖြစ်ခဲ့တယ်။ ဟုတ်တယ် ။ အဲဒါက အဆိပ်ဆူးလွှမ်းထားတဲ့ ချောက်ပဲ။ သနားစရာလူတစ်ယောက်ကို ချစ်တယ်ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီသနားစရာကောင်းမှုတွေက မနှစ်လိုစရာ အရည်အချင်းမဲ့မှုတွေသာ ဖြစ်တယ်လို့ သိရတဲ့အခါမှာ အချစ်တွေဟာ ပျက်ပြယ်ပျောက်ကွယ်သွားတယ်။ တစ်ချို့ဘဝအတွေ့အကြုံတွေက အရှုံးမဟုတ်ပါဘူး။ အနုပညာအဖြစ် အမြတ်ထွက်နိုင်သေးတာလေလို့ ဖြေသိမ့်နိုင်ရင် သက်သာရာရလိမ့်မလား။ မဝေခွဲနိုင်သေးပါဘူး။

ပစ္စုပ္ပန်မှာတော့ တတ်နိုင်သလောက် သနားစရာမလိုသူကို ဥပေက္ခာပြုနိုင်အာင် ကြိုးစားဆောက်တည်နေပါတယ်။ အဲဒီလို ကိုယ့်ဒုက္ခကိုယ်ရှာ မငြိမ်းချမ်းတဲ့ငါကမှ သနားဖို့ကောင်းတာ။ ကိုယ့်ကိုယ်ကိုယ်သနားလို့ တရားပြန်ချရတယ်။ ဒါပေမယ့်လည်း ကျွန်မကိုတော့ သနားတယ်လို့ ပြောဖို့ မကြံစေချင်ဘူး။ ကျွန်မကို သနားတယ်လို့ ပြောရင် စိတ်ဆိုးမှာ မဟုတ်ပေမယ့် ကျွန်မအကြောင်းကို ဘယ်သူမှ သေချာမသိပါဘူး။ နားမလည်ပါဘူး။ မသိဘဲနဲ့ သနားပါတယ် ဆိုပြီး ကျွန်မက ပြန်သနားမိဦးမှာလေ။ ။ 

မယ့်ကိုး

06 December 2013

သူ့ကိုသာရည် ဖွဲ့သီတဲ့သီချင်း


ပေါက်ပေါက်ဖောက်သလို ၊ ကရားရေလွှတ်သလို စကားတွေ တတွတ်တွတ်မပြောချင်။ သူ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်လို့ပါ။ စာမရေးချင် ။ နှလုံးသားထဲအရောက် ဖွဲ့ဆိုနိုင်ရင်တောင်မှ သုံးခေါက်ထက်ပိုလွန်ကာ ဘယ်သူ ဖတ်ချင်မှာလဲနော်။ ခံစားရသမျှကို သီချင်းရေးပြီး ပြောချင်လိုက်တာလေ။ ထိုအခါမှ အလိုရှိတိုင်း ကြိမ်ဖန်များစွာ အမှာပါးနိုင်လိမ့်မှာ မဟုတ်လား။



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို သူ့အနားမှာ ပျံသန်းတေးဆိုနေတဲ့ ငှက်ငယ်လေးသာ ဖြစ်ချင်တာပေါ့။ ဝမ်းနည်းဖွယ်။  အတောင်ပံမဲ့လူဟာ ကံနိမ့်သူဖြစ်ပြန်တော့ ကလောင်တံနဲ့လည်း တေးမဖြစ်နိုင်။ အသက်ကွဲအက်သံတွေဟာ သံစဉ်ဖြစ်မယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲလေ။  ကြားစေချင်သူ နာလိုမယ့် သံစဉ်တွေပဲ သီချင်တဲ့ ချင်ခြင်းဖြစ်နေမိပြီ။ ဖြေမဆည်နိုင်အောင်ပင်။သီချင်းကိုသာ ရေးဖွဲ့နိုင်မယ်ဆို ဝေးကွာသောအရပ်မှ သူကြားလိမ့်မှာ။ သူမ ပြောလိုသမျှကို သူ နားလည်နိုင်လိမ့်မှာလို့ (ယုံကြည် ) မျှော်လင့်နေမိတာ။

လရိပ်ပြာလေးရေ…ငါ့ရဲ့ ရှင်သန်ခြင်းတေးလေးရေ… မင်းအပြုံးလေးနဲ့ ရင်တွင်းမီးငြှိမ်းပါကွယ့်လို့ တေးသီရတော့မလား။ ကောင်းကင်ကြည်လေးရယ် အလင်းမှုန်ဖွဲ့ ပေးပါလှည့်လို့ သီချင်းညည်းဆိုရတော့မလား။ ထိုစာသားမျိုးရေးရတာ ရှက်စရာကောင်းလှပါတယ်။ အထူးသဖြင့် ဂီတနက်သန် ကိုစောညိန်းရေးတဲ့ သီချင်းများကို နားထောင်ဖြစ်နေတဲ့ ခုနေခါမှာပေါ့။

နာဝါလှေများတွေရယ်၊ ဆွေးသူကို ကယ်ယူပါလှဲ့ ၊ လမ်းကြုံရင်ခေါ်စေချင်ရဲ့  ပြာရီလဲ့ဆည်းဆာ ညနေချမ်းဝယ်၊ မျှော်လေလေ မေ့ကိုလွမ်းတယ်၊ ကမ်းဆိပ်က, သာယာလှပေတယ်။ ရွှေဟင်္သာ မောင်နှံရယ်၊ တောင်ပံယှက်ပြီ၊ လည်ချင်းမှီလို့ ၊ ချချီချစ်ကျွမ်း၊ အောင်တော်သံ ခွန်းတုံ့လှယ်၊ နေညိုအိပ်တန်းတက်ဝယ်၊ တူနွှဲယှက်ကာ ပျော်နိုင်ပါပေတယ်။ (ဆည်းဆာ- ဂီတနက်သန် ကိုစောညိန်း) 
………………….. 

ဥသြငှက်ကလေးတို့ရယ်၊ ဟိုပင်ယံရွှေယင်းမာက၊ တေးသံသာဖွဲ့ ကာ ကြည်စယ်၊ ရယ်ရွှင်ပါလို့ မောင့်ကိုညွှန်းသည့်နှယ်၊ ပူပူဝန်ကြွေးရယ်နဲ့ ၊ ဆွေးရတဲ့မိန်အကျန်ဝယ်၊ ရော်ရွက်ဝါတို့  သက်ကြွေဆဲ၊ ဖော်နည်းသူမို့  မျက်ရည်ဝဲပြီကွယ်။ (နွေဦး- ဂီတနက်သန် ကိုစောညိန်း)

ကိုစောညိန်းရဲ့ သီချင်းစာသားများကို ကြားမိသလို ချရေးနေမိပြန်။ ထိုမျှ လှပသောစကားလုံးများ၊ လွမ်းမောသာယာဖွယ် သံစဉ်ဖြင့် သီချင်းရေးဖွဲ့တတ်မယ်ဆို  သေပျော်တော့မယ် ထင်ရဲ့။ တကယ်ပါ။ ဒါပေမယ့် လှောင်ချင်လည်းလှောင်လိုက်ပါဦး။ ဒို ရေ မီ ဖာ ဆို လာ တီ ကိုပင် ကွဲပြားခြားနားအောင် မသိသူပါကွယ်။ ခက်ပါဘိ။ သံစဉ်ကို ဖွဲ့နိုင်လျှင်ပင် ဘယ်လိုစ စကားလုံးစီရပါ့။ 

တိမ်ညိုတွေကောင်းကင်မှာဝေနေတာက ခြေဆင်းဖြစ်မလား။ မိုးကြိုးပြိုးပျက်လျှပ်လက်နေတယ်ဆိုကာ ရာသီဥတု အကြောင်းနဲ့ လွမ်းချင်းစရဦးမှာလား။ နိဂုံးချုပ်တော့ ကိုယ်ဟာ ကယ်တင်မှု လိုပါတယ် ဆိုကာ နွဲ့ပြရမှာလား။ ဟင့်အင်း ။မာကျောဟန် ဆောင်ပါရစေဦး။ ဒါပေမယ့် ကာလတစ်ခုထိ  အနားမှာ သူရှိနေပါ့မယ်လို့ ကတိပေးရင် မာနတွေ ဟန်ဆောင်မှုတွေ ဘေးချထားပြီး မျက်ရည်ကျနေမိမလား မသိ။ သူလည်း ဘယ်တော့မှ မသိနိုင်။ ဒီဘဝ ဒီမျှသာ ရှိပါစေတော့လို့ တစ်သက်တာ ငိုညည်းရတော့မယ်ထင်။

...........................................

 အောင်မြင်သောသီချင်းတစ်ပုဒ်သည် မအောင်မြင်သောအချစ်နှင့် မည်သို့ပက်သက်ခဲ့ပါသနည်း။- ကေဇော်
...........................................

ဖြစ်နိုင်မယ်ဆို ဖြစ်ကြောင်းကုန်စင်ကို လေလှိုင်းကသာ လွင့်ပါးနိုင်မယ့် သီချင်းသာ သီဖွဲ့ချင်သူရယ်လေ။ ပူလွလွစိတ်နဲ့ ကြံရာမရပြန်။ အလွမ်းဆိုသော ပန်းချီကားပဲဆွဲဖြစ်တော့မလား။ ဂီတဗီဇချို့သူမို့ ပန်းချီဖက်ပဲ ခြေဦးလှည့်ရတော့မှာပင်။ နေပါဦး။ ဘယ်လိုစုတ်ချက်သရမှာလဲ။ သောကပရိဒေဝကို အရိပ်၊အရောင်နဲ့ ညွှန်းပြမယ်ဆိုလျှင် ညို့မှိုင်းဝေရီ ဝိုးတဝါးဖြစ်နေမလား။ သူက သူ့အိပ်ခန်းမှာ ချိတ်ဆွဲထားနိုင်ခွင့်ပေးမယ်ဆို ရူးချင်ရူးပါစေ ပန်းချီပဲရေးနေချင်တော့။

သူမ သေသင့်ပြီမဟုတ်လားဟင်။ အနုပညာဆိုတဲ့အရာကို ခံစားမှု၊အတွေးအခေါ်တို့နဲ့ ဖွဲ့စည်းရမယ်လို့ ဆိုကြတဲ့အခါ...သူမကတော့ ခံစားချက်ကိုပင် အကျယ်တဝင့် ခြယ်မှုန်းနိုင်သူ မဟုတ်ဘူးဘဲ။ သီချင်းလေးတစ်စ၊ ပန်းချီကားလေးတစ်ချပ် မပြီးမြောက်သေးဘဲ  မျက်လုံးမှိတ်ဖို့ မတော်သေးပါဘူး။  ဒါပေမယ့် သူမ ဘာတတ်နိုင်မှာလဲ။ အဆုံးမှာတော့ ပါရမီနည်းသူမို့ ဝမ်းနည်းနာကျင်ခြင်းနဲ့သာ မိတ်ဖွဲ့နေရပြန်ပြီလေ။  ။ 

မယ့်ကိုး

04 December 2013

စိတ်ဝတ်စုံ


ညီမဝမ်းကွဲ မင်္ဂလာဆောင်သွားခါနီးတွင် ဗာဂျီးနီးယားဝုဖ်ရဲ့ ဝတ်စုံသစ်ဝတ္ထုတိုထဲက ‘ ပန်းကန်လုံးနံရံကို တွယ်တက်ဖို့ ကြိုးစားနေတဲ့ ယင်ကောင်တွေ’ ဆိုတဲ့ စကားကို အမှတ်ရသည်။ ယင်ကောင်တွေ၊ ယင်ကောင်တွေလို့ စိတ်ထဲမှာ မြည်နေမိသည်။ ဒီလောကမှာ သူမကို နားအလည်နိုင်ဆုံးမှာ မေဘယ်လ်ဆိုသည့် ထိုအမျိုးသမီးပင် ဖြစ်လိမ့်မည်။ မေဘယ်လ်၏ ရဲရဲဝံ့ဝံ့ရင်မဆိုင်တတ်မှု၊ သရဲဘောကြောင်မှု၊ မရေမရာဖြစ်မှုနှင့် ကြောက်သွေးပါမှုများကိုလည်း သူမကသာ ကိုယ်ချင်းအစာနိုင်ဆုံး ဖြစ်လိမ့်မည်။

 

 မေဘယ်လ်ကို သတိရတိုင်း လောကမှာ ငါတစ်ယောက်တည်း လူတောမတိုးတာ မဟုတ်ဘူးလို့ သက်သာရာရသလို ဖြစ်သည်။  ဒါပေမယ့် ဘာကြောင့် ဒီလိုမိန်းမမျိုးဖြစ်ရသလဲဟုလည်း ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်ဒေါသထွက်ရပြန်သည်။ သို့သော် ကျရှုံးသော၊ ပွဲလယ်မတင့်သော၊ လူရာမဝင်သော မေဘယ်နှင့် ‘ သူမ၏ ပင်ကိုယ်ရုပ်အတိုင်း အဘယ်ကြောင့် သွား၍ မရသနည်း’ ဟုသော အတွေးချင်းကအစ တူနေလေသည်။

 ပွဲတက်လျှင် အဘယ်ကြောင့် အပြိုင်အဆိုင်ဝတ်စားအလှပြင်ကြရသနည်း။ လောကဓမ္မတာဆိုသည်ကို သစ်သီးဖျော်စက်ထဲထည့်ကာ ထည့်ပြီးကြိတ်ချေချင်သည့်အထိ မကျေမချမ်းဖြစ်ရသည်။ အဒေါ်တွေက 'အင်္ကျီဝယ်ပေးမယ်။ ဈေးဝယ်ထွက်မယ်' ပြောတိုင်း ငြင်းမိသောအခါ ညီမဝမ်းကွဲမင်္ဂလာဆောင်ကို သူမ မတက်ချင်သောကြောင့် အကြောင်းအမျိုးမျိုးပြရှောင်တယ်လို့ ထင်နေပေမယ့် မတတ်နိုင်။

 ဈေးဝယ်ထွက်ရမှာ အလွန်စိတ်ပျက်သလို၊ အင်္ကျီတွေကို ရွေးလိုက်၊ ဝတ်ကြည့်လိုက် လုပ်ရမှာ စိတ်ကုန်ခမ်းလွန်းလှသည်။ မဝတ်ကြည့်ဘဲ အဆင်ပြေမယ်ထင်ပြီး ဝယ်လာပြီးမှ ဝတ်ကြည့်သောအခါ အဆင်မပြေသဖြင့် ပစ်ရတဲ့အဝတ်တွေလည်း များလှပြီ။ ထိုအကျင့်ဆိုးကို ကြိုးစားဖျောက်ပေမယ့် အင်တာနက်မှတဆင့် ဈေးဝယ်ချင်နေဆဲ။ မျက်ခုံးမွှေးဆွဲတံမရှိသော၊ မျက်တောင်ကော့ဆေး၊ဆိုးဆေးအပါအဝင် မျက်နှာပြင်ချယ်သစရာ ဘာပစ္စည်းမှ မရှိတဲ့မိန်းမဖြစ်သလို ဈေးဝယ်ထွက်ရမှာပျင်းသောမိန်းမက ဒီလောကမှာ သူမတစ်ယောက်တည်းတော့ မဟုတ်တန်ရာ။ 

မလှသောမိန်းမ မရှိ၊ ပျင်းသောမိန်းမသာရှိသည်ဆိုသော စကားကို ကြားဖူးသည်။ သူမက အဝတ်အစားဝယ်ဖို့ အလှပြင်ဆင်ရမည်ကို ပျင်းရိခြင်းထက် အချိန်ပေးပြင်ဆင်ပေးရမည်ကို နှမျောတွန့်တိုသော မိန်းမဖြစ်သည်။ သို့သော် တော်ရာဝတ်သွားလျှင်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသော သူမသည် မေဘယ်လ်ကဲ့သို့ပင် မလှပ၊ မတင့်တယ်သော ဝတ်စုံဖြင့် သိမ်ငယ်နေရမည်ဟု ကြောင့်ကြမိပြန်သည်။ ဒါပေမယ့်အရွဲ့တိုက်ရာတွင် ထက်သန်သောစိတ်ကလေးက အလံကလေး တလွင့်လွင့်နှင့် ထကြွလာပြန်သည်။

အဘယ်ကြောင့် ပတ်ဝန်းကျင်နှင့် ရုပ်ဝတ္ထုများရဲ့ လွှမ်းမိုးမှုကို ခံရမည်နည်း။ မျက်နှာပြောင်နှင့် ထသွားထလာဝတ်စုံဖြင့်ပင် ပွဲတက်ချင်လည်း လောကကို မထီမဲ့မြင်ပုန်ကန်လိုစိတ်က ကြံစည်ရုံမျှနှင့် အထမမြောက်။ ဝစီကံခြင်း စီးချင်းထိုးလျှင်ပင် အောင်နိုင်ချေမရှိ။ ထိုသို့ ပွဲတက်မယ်ဆိုလျှင် အမေက သမီးအဖြစ်မှ စွန့်လွှတ်မည့် သဘောမှာရှိသည်။ သူဆင်ပေးသည် ရွှေလက်ပတ်ကို မဝတ်ချင်ဘူးလို့ ပြောနေရသည့်တိုက်ပွဲပင် အတော်ပြင်းထန်နေပေပြီ။ 

မတတ်နိုင်လေပြီ။ အခုတော့ဖြင့် သူမသည် စစ်ရှုံးမည့်အရိပ်အယောင်မြင်သဖြင့် ငြိမ်းချမ်းရေးယူလိုက်သည်ဟု စကားအလှသုံးရတော့မည်။ လက်ထပ်ပွဲမတက်မီတရက်အလိုအမှာတော့ ကံကောင်းထောက်မစွာပင် အင်္ကျီတစ်ထည်ရသည်။ မေဘယ်လ်ကို သတိရပြန်သည်။ ဝတ်စုံကို ကြိုတင်ဆင်ယင်သည့်ခဏတော့ မေဘယ်လ်လို ချစ်စရာမိန်းမငယ်လို့ ကိုယ့်ကိုယ်ကိုယ်မမြင်ပေမယ့် မဆိုးပါဘူးလို့ စိတ်ထားတတ်အောင် ကြိုးစားသည်။ မျက်နှာချေပါးပါးလူးပြီးသောအခါမှာတော့ ဒါဟာအစဉ်အလာပဲလေလို့ စိတ်ဖြေဖျောက်နိုင်ရန် အားထုတ်သည်။

သို့သော် ဝတ်ကောင်းစားလှဆင်ယင်ထားသူများကိုမှ လူကြီးလူကောင်းလို ဆက်ဆံသောအတုအယောင်ကမ္ဘာကို မြင်ရပြန်သည့်အခါ မွန်းကျပ်လာပြန်သည်။ လူထူထူ၊ပွဲဆူဆူတွင် နေသားမကျ တကိုယ်တည်း လွတ်လပ်စွာနေချင်စိတ်က တရိပ်ရိပ်ထလာပြန်သည်။ ဝမ်းနည်းဖွယ်ပင်။ကြောက်စရာလူများအကြားတွင် ပျံသန်းပြေးချင်စိတ်မှာ ငုံ့လျှိုးပုန်းကွယ်နေရသည်။ မပေါ့ပါးရုပ်ကို ဟန်လုပ်ပြုံးဖြင့် ကြိုးစားဖုံးထားသည်။

ပကာသနမျက်နှာဖုံးဖြင့် ကျပ်တောက်သောအဝတ်အစားများကို မသက်မသာဆင်ယင်ထားသူများကို တွေ့လျှင်လည်း ယင်ကောင်တွေ ဟု မရေရွတ်ဖြစ်အောင် ကြိုးစားဆောက်တည်နေရသည်။ တရားထိုင်သကဲ့သို့ တစ်နာရီခွဲလောက်တော့ ငါ ရအောင် နေဦးမယ်ဟု သံန္နိဌာန်ချမှတ်ထားရသည်။ ဗာဂျီးနီးယားဝုဖ်ဥပမာပေးထားသည့် လှပမြူးတူးစွာ ပျံသန်းနေသည့် ပုစဉ်ကောင်လေးများ၊ လိပ်ပြာများ၊ ပိုကောင်းလေးများကဲ့သို့ မဖြစ်နိုင်ရင်တောင်မှ ပန်းကန်လုံးထဲသို့ ပြုတ်ကျသွားသော ယင်ကောင်မဖြစ်အောင်တော့ စွမ်းစွမ်းတမံ ဆောက်တည်နေလေသည်။ ။ 

မယ့်ကိုး

28 November 2013

အရူးချစ်

အချစ်နဲ့ ကြုံရချိန်ကစပြီး သူမမှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီဖြစ်ကြောင်း သတိထားမိသည်။ သူမသည် ဘာကြောင့် သူမအပေါ် စိမ်းကားပစ်ပယ်သူကို ချစ်ရသနည်း။ မဖြစ်သင့်ပြီ မဟုတ်လော။ စိတ်ရောဂါအထူးကုနှင့် သွားရောက်ကုသရတော့မည် ထင်သည်။အမေက သူမအပေါ် လွှမ်းမိုးနိုင်ဆဲ ထင်သည်။ သူမသည် အမေ့လို သူမအပေါ်အေးစက်နာကျင်စေသူကို ချစ်မိနေလေသည်။ 

တကယ်တော့ သူမသည် မရသောအချစ်ကို အစားထိုးဖို့အတွက် ကိုယ့်ကိုချစ်သူကို ရွေးရမည်မဟုတ်ပါလော။ ဒါပေမယ့် ထင်သလောက်လွယ်သောအရေး မဟုတ်ပေ။ သူမမှာ ထိုချစ်တယ်လို့ ပြောသမျှကို မယုံကြည်နိုင်သော စိတ်ရောဂါလည်း ရှိခဲ့ပြီထင်သည်။ အမေ့အချစ်ကို မယုံကြည်လျှင် ဘယ်သူ့ကိုမျှ မယုံကြည်ဘူးလို့ ဆိုကြတယ်မဟုတ်လား။ ထို့ကြောင့် ကိုယ့်ကိုချစ်တယ်လို့ ပြောသူတွေကို လက်မခံခဲ့တာလား။ အကြောင်းအမျိုးမျိုးပြ အပြစ်ရှာနေခဲ့သလား။ 

စိတ်ရောဂါစာအုပ်တွေဖတ်ရတဲ့အခါ အမေ့အချစ်ကို မရသူများက ဘေးနှစ်ခုကြုံတွေ့ရသည်ဟု ဆိုသည်။ တစ်မျိုးမှာ အမေနေရာကို ယူပြီး တစ်ဖက်သားကို သားသမီးကို ချစ်ခြင်းဖြစ်သည်။ နောက်တစ်မျိုးမှာ တစ်ဖက်သားကို အမေနေရာမှာ ယူစေပြီး ကိုယ့်ကို သားသမီးလို ချစ်စေလိုခြင်းဖြစ်သည်။ သူမက နေရာနှစ်မျိုးကို တပြိုင်တည်းရောက်နေတာ ဖြစ်မည်။အမေနေရာမှာ နေပြီး သူ့ကို ချစ်သလို သူ့ကလည်း ကိုယ့်ကို အမေတစ်ယောက်လို ပြန်ချစ်စေလိုသည်။

 

ဒါပေမယ့် ကိုယ့်အချစ်ကို ပြသခွင့်မရ၊ သူ့အချစ်ကိုလည်း မရလို့ သိတဲ့အချိန်မှာ ခြေလှမ်းက လွင့်စင်ယိုင်နဲ့သွားသည်။ အသည်းနှလုံးမှာ နာမကျန်းချူချာသွားသည်။ အိပ်မက်မှာ တစစီ ဖွာလန်မွကြေသွားသည်။ အရာအားလုံးကို လက်လွှတ်ပြီး ထွက်ပြေးချင်သည်။

မင်းသား၊ အဆိုတော်တစ်ယောက်ယောက်နဲ့ အကြိုက်တူသူတွေ့တဲ့အခါ ‘ယူလိုက်။ပေးတယ်။အသည်းကွဲသမားပဲ လုပ်တော့မယ်’ လို့ ညီမလေးတစ်ယောက် ပြောတတ်တဲ့စကားကလည်း နားထဲက မထွက်။ သူကနောက်ပြောင်ပြောပေမယ့် သူမသွေးထဲမှာ အသည်းကွဲပြီးသာ နေလိုတဲ့ ဗီဇစိတ်ဖြစ်နေသလားလို့ သံသယဖြစ်မိသည်။ ကိုယ့်ကိုယ်ကိုယ်ရန်ရှာလုပ်ကြံတတ်သော မကောင်းဆိုးရွားတစ်ကောင် ရင်ထဲမှာ ရှိနေပြီ ထင်သည်။ အနုစားသေကြောင်းကြံခြင်းတစ်မျိုးလည်း ဖြစ်လိမ့်မည်။

အသည်းကွဲသမားပဲလုပ်မယ်လို့ ဆိုခဲ့တဲ့ညီမလေးကတော့ အသည်းကွဲသမားဖြစ်တဲ့အခါ ဥာဏ်ပညာတွေ ကွန့်မြူးလွန်းလို့ပါ ဆိုသည်။ နာကျင်မှ အနုပညာလှတယ်လို့ ဆိုကြတာ နားလည်သည်။ အသည်းကွဲရာမှ မတော်တဆကဗျာဆရာဖြစ်လာသူဆိုတဲ့ ကဗျာဆရာကြီးတစ်ယောက်ရဲ့စကားကို ကြားဖူးသည်။ လောကမှာ လူနှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက သူများကို နာကျင်အောင်လုပ်ပြီး သာယာမှုရှာသူ၊ နောက်တစ်မျိုးက ကိုယ့်ကိုနာကျင်အောင်လုပ်ပြီး သာယာမှုရှာသူဟု အိုရှိုးပြောတာ ဖတ်ဖူးသည်။

သူမက နာကျင်မှုကို စိုးကြောက်လှသူ ဖြစ်သည်။ ဒါဖြင့် ဘာကြောင့် အသည်းကွဲမယ်လို့ ဟောစာတမ်းချိတ်ဆွဲတားမြစ်ထားသော လမ်းကိုမှ လျှောက်ချင်ရပါသလဲ။ ထွက်ပြေးဖို့ ကြံသည်။ ဒါပေမယ့် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် လမ်းဆုံမှာ ပေကပ်ရပ်နေပြန်သည်။ ချစ်လို့ အသည်းကွဲမည့်အရေးထက် မချစ်မိအောင် မုန်းယောင်ဆောင်ရသည်က ပိုလို့နာကျင်ခံခက်လေသည်။ ထိုခက်ခဲသောရွေးချယ်မှုမှာ သူမ အမှန်တကယ်ရူးလေပြီ။

သူမ ဘာတတ်နိုင်သနည်း။‘မင်းကို ချစ်နေတာ မဟုတ်ဘူး။ ငါ က စိတ်ရောဂါဖြစ်နေတာ။ အဲဒါကြောင့် ချစ်တယ်လို့ စိတ်ထင်ယောင်ထင်မှား၊ ဂယောင်ချောက်ချားဖြစ်နေတာ။’လို့ ပြောဦးမည်။ ဘယ်တော့မှ အညံ့ခံမည် မဟုတ်။ အချစ်ရူးလို့ ကင်ပွန်းတပ်ခံရမည်ထက် ရူးလို့ချစ်မိတာကွဟု လက်တစ်လုံးခြားပြောဦးမည်လေ။ ။

 
 မယ့်ကိုး

27 November 2013

အကြွင်းမဲ့


လွန်ခဲ့သောနေ့က အမွေမရမယ့် မွေးစားညီမတစ်ယောက်က အကြွင်းမဲ့အချစ်အကြောင်း အကျယ်ချဲ့ရေးပါလို့ ပြောလာပါတယ်။ မချစ်တတ်သလို၊ အချစ်ငတ်သူကို လှောင်လေသလားလို့ပင် ထင်စရာရှိရဲ့။ သို့မဟုတ်က ချောက်ကမ်းပါးနက်နက်ထက်မှာ ကပြမယ်ဆို အလွန်ကြည့်ကောင်းမှာပဲ ဆိုတဲ့ မြှူဆွယ်ဖြားယောင်းခြင်းလည်း ဖြစ်ပေလိမ့်။ ဘာပဲဖြစ်ဖြစ်   ထောင်ချောက်၊ပိုက်ကွန်ကို မမြင်သော သတ္တဝါကဲ့သို့ တဇွတ်ထိုးတိုးဝင်ခြေချကြည့်ချင်သေးရဲ့။ 

တကယ်တော့ ထိုမျှခက်ခဲသော ဘာသာရပ်ကို သူမ မကျွမ်းကျင်ပါ။ ဒါပေမယ့်  မပြေးသော် ကန်ရာရှိဆိုသလို မျက်နှာစာအုပ်ပေါ်မှာ အကျဉ်းမျှရေးခဲ့မိသော သူမရဲ့ အပြစ်တွေသာ ဖြစ်တော့တာ။ အဘယ်ကြောင့်ဆိုသော် ကေတီပယ်ရီရဲ့ အကြွင်းမဲ့ (unconditionally) ဆိုတဲ့ သီချင်းကို အခုတလောနားထောင်နေသောကြောင့်ရယ်။ စာတန်းထိုးအခွေလေးက မိန်းကလေးနှစ်ဦးအချစ် (lesbian theme) ဆိုတော့ အတွေးအခေါ်၊တင်ပြပုံကိုလည်း နှစ်သက်မိသလို စာသားတွေကလည်း အထူးကောင်းမွန်ပေမယ့် စာကြောင်းတစ်ခုကိုတော့ ခိုးလိုးခုလုဖြစ်နေမိခြင်းက အရင်းခံအကြောင်း ဖြစ်ပါတယ်။

 

 ‘ Will do you the same for me?’ တဲ့။ ငါ့အတွက် အဲဒီလိုမျိုး မင်းလုပ်ပေးနိုင်မလားတဲ့။ ဒါ အကြွင်းမဲ့အချစ် မဖြစ်နိုင်တော့ဘူးလို့ ထင်ရဲ့။ အပြစ်ပြောလိုတာ မဟုတ်ရပါ။ အကြွင်းမဲ့အချစ်ကို စဉ်းစားမိခြင်းမျှသာ။ အကြွင်းမဲ့အချစ်ဆိုတာ ပုထုဇဉ်တွေစိတ်မှာ တည်နိုင်ရဲ့လား။ လူဆိုတာ ပေးဆပ်မှုနောက်မှာ ( ကိုယ့်ကိုယ်ကိုယ် မသိဘဲနဲ့ပင်) မျှော်လင့်မိတတ်တာ သဘာဝမဟုတ်လား။ ချစ်ခြင်းဟာ သူ့အကျိုးလိုလားခြင်းဆိုလျှင် ထိုစေတနာလုပ်ဆောင်မှုအတွက် ပီတိကိုမျှ မမျှော်လင့်သင့်ဘူးလို့ ယုံကြည်နေမိပါတယ်။

အချစ်ကို သစ်ပင်တစ်ပင်ပျိုးသလို သဘောထားပါတယ် ဆိုရင်လည်း အသီး၊အပွင့်အစထားကာ အရိပ်သော်မျှ မည်သည့်တုန့်ပြန်မှုကိုမှ မမျှော်လင့်စကောင်း။ ဒါပေမယ့် ပေးဆပ်ခြင်းလို့ မသုံးဘဲ ကြည်ဖြူစွန့်လွှတ်နိုင်ရဲ့လား။ သူ့အပေါ် အကြင်နာအလျှံပယ်ထားပေမယ့် သူက ကိုယ့်စေတနာကို ငြင်းပယ်သောအခါ၊ မထီမဲ့မြင် မသိကျိုးကျွံပြုတဲ့အခါ၊ နောက်ဆုံး စော်ကားပျက်ရည်ပြုလျှင်ပင် နာကျည်းဒေါသသည်းတဲ့စိတ်မျှ မဖြစ်သင့်ပေမယ့် တတ်နိုင်ရဲ့လား။ ခြွင်းချက်မရှိချစ်လိုတယ်ဆိုလျှင် အမှီအခိုကင်း လွတ်လပ်ခြင်းကို ခံစားနားလည်တတ်မှ ဖြစ်ပေမယ့် အသိခေါက်ခက် အဝင်နက်တဲ့ ဆေးခါးသစ္စာတရားမဟုတ်ပါလား။

မေးခွန်းလေးတစ်ခု ဆိုခွင့်ပြုပါ။ အောက်ပါကဗျာကိုဖတ်ပြီး ခံစားမိတာလေးကို မျှဝေပေးစေချင်ပါတယ်။

 နှင်းဆီပွင့်

 လယ်တောကအပြန်
 ပန်ချင်တယ် ခရေဖူးဆိုလို့
 မောင်ခူးကာပေး
 မနက်တုန်းဆီက
 ကျော့ဆုံးကို မောင်မြင်တော့
 သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
 ဂုဏ်တင့်တယ်လေး။

မင်းသုဝဏ်

ထိုကဗျာကို ဖတ်ပြီးသောအခါ (၁) ပန်းခူးသမားလေးကို ကိုယ်ချင်းစာ သနားသလော။ (၂) ခရေကို မစောင့်စား၊ နှင်းဆီကိုလက်ခံထားတဲ့ မိန်းကလေးကို အဆိုးမြင် အပြစ်ဖို့သလော။ (၃) နှင်းဆီဖြင့် ဂုဏ်တင်တဲ့ မိန်းကလေးအတွက် မုဒိတာပွားသလော။ အမှတ်ပေးပုံက ရှင်းပါတယ်။ ကောင်မလေးအတွက် မုဒိတာပွားနိုင်လျှင် အကြွင်းမဲ့အချစ် ပထမဆင့်အောင်ပြီ မဟုတ်ပါလား။

နေပါဦး။ ဘာဖြစ်လို့ သူမက ဒီဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုနေရပါလလဲ။ သူမနဲ့ မသက်ဆိုင်သော အရာသာ။ အချစ်ဆိုသောအရာကို ပြောဆိုခြင်းငှာ မစွမ်းသာသော မိန်းမမှာ သူမဖြစ်ပါတယ်။ သူကလည်း ခရေဖူးလေးများကို လိုချင်တယ်လို့မျှ မပြောခဲ့သူပဲ။ ဒါပေမယ့် သူက လိုချင်တယ်လို့မဆိုထား ကြိုက်တယ်လို့ အရိပ်အငွေ့မျှပြောရုံနှင့် ချော်ရည်သမုဒ္ဒရာကို ဖြတ်ရ၊ ပင်ချင်းယှက်နေတဲ့ လူသတ်နွယ်တောကိုပင် ဝင်ရ၊ မက်စောက်တဲ့ရေခဲတောင်ကို တက်ရပါစေ ခရေပင်အောက် အရောက်သွားလိုတဲ့ သူမဖြစ်ပါတယ်။

ပြီးတော့ ကဗျာထဲကလို မြေမှာ ကြွေကျပြီးသားတွေ ခရေပန်းလေးများကို မကောက်ယူဘဲ အပင်ပေါ်က အဖူးကလေးများခူးကာ ဖက်စိမ်းကလေးပေါ်မှာ လက်ကိုင်ပုဝါလေးကို ရေဆွတ်ပြီး တညသိပ်ထားမယ်။ အရုဏ်ကျင်းတဲ့အခါ မြေမခသော၊ ဖုန်မှုန့်အမှိုက် ကင်းစင်သော ခရေပွင့် ဖွေးဖွေလွလွလေးများအထဲမှ အလှဆုံးများကိုရွေးကာ ပေးချင်လိုက်တာလေ။ ငိုမိတော့မယ် ထင်တယ်။ သူ့အရိပ်လေးကို မြင်ရဖို့ သွားရောက်ကြည့်နိုင်ခွင့်မျှ မရှိသူရယ်လေ။

နှုတ်မဆက်ဘဲ ထားရစ်ခဲ့သူကို ‘ရက်စက်လိုက်တာ’ဟုပင် စကားနာမျှ မဆိုရက်နိုင်သူဖြစ်ရဲ့။ ဒါပေမယ့် သူမ မျက်ရည်မကျပါ။ ရယ်ရင်ပုလဲ၊ ငိုရင်ရွဲဖြစ်မယ်ဆိုရင်တောင်မှ သူ့ကြောင့်ဆိုတဲ့ ပယောဂ အခိုအကပ်မငြိတွယ်စေချင်ပါ။ ခက်တာက သူမရဲ့ရင်ကွဲနာကျခြင်းမှာ သူနှင့်သက်ဆိုင်နေပါတယ်။

သူက နှိပ်စက်ကလူပြုသူ မဟုတ်ပါ။ သူက သူမရင်ကိုခွဲကာ နှလုံးသားကို ထုတ်ယူသွားတဲ့အမှု မပြုလုပ်ပါ။ သူက ပကတိအပြစ်ရှင်းကာ လွတ်လပ်စိတ်ထားရှိသူသာ ဖြစ်ပါတယ်။ ပြဿနာမှာ သူကျောခိုင်းလိုက်တဲ့ အချိန်မှစလို့ သူမရဲ့နှလုံးသားက သူ့နောက်ကို ဖဝါးခြေထပ်လိုက်ကာ ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။ ဗာဟီရများသောသူက သူ့အရိပ်လိုဖြစ်သော သူမအသည်းနှလုံးကို အမှုမဲ့၊အမှတ်မဲ့ဖြစ်နေပါတယ်။ အပျော်လွန်နေသောကြောင့်လည်း သတိမမူမိတာ ဖြစ်ပါလိမ့်မယ်။

သူမ ဘာတတ်နိုင်ပါသလဲ။ သူမက အကြွင်းမဲ့ချစ်သူ ဖြစ်နိုင်ရဲ့လားဆိုတာ မသေချာပေမယ့် သူမရဲ့ နှလုံးသားကို မထိန်းသိမ်း၊မစောင့်ရှောက်နိုင်ရုံသာမက ပြန်လာအောင် မသိမ်းသွင်းနိုင်ခြင်းက ဘဝမှာ အဆိုးရွားဆုံးအကျည်းတန်မှု ဖြစ်ခဲ့လေရဲ့။ အသုံးမကျတဲ့ မိန်းမပီပီ ဆုတောင်းရုံမျှသာ သူမ တတ်နိုင်လေတာ။

စိတ်ဖိစီးမှုများဒဏ်မှ သူတစ်ယောက် အကြွင်းမဲ့ကင်းပပါစေကြောင်း ပကတိဆုတောင်းလိုက်ပါတယ်။ တိမ်မထိ၊မိုးမငြိဘဲ ကောင်းကင်ခရီးမှာ ထာဝစဉ်ပျံသန်းနိုင်ပါစေ ၊ မိုးကြိုးမခ၊မုန်းတိုင်းမကျတဲ့ နေရောင်သာ ပန်းရောင်စုံပွင့်ရာ အရပ်မှာ ပျော်ရွှင်ပါစေ ချစ်တဲ့သူ။ ။ 

မယ့်ကိုး

မှတ်ချက်။ ။ အမေး- ငုဇာခိုင်။ အဖြေ-မယ့်ကိုး။

25 November 2013

ဟင်းချက်ခြင်း စိတ်ပညာ

 
မိန်းမဆို ဟင်းချက်တတ်ရမယ်။ အိမ်တွင်းမှုနိုင်ရမယ်ဆိုတဲ့ စကားမှာ သူမအတွက်တော့ မကြားဝံ့မနာသာဖြစ်သည်။ အဘယ်ကြောင့် ယောက်ျားများက ဟင်းချက်တတ်စရာ မလိုသနည်း။ အဓိပ္ပါယ်ကို အားလုံးသိပြီးဖြစ်မည်။ မိန်းမကို အိမ်ဦးခန်းမထားလိုဘဲ မီးဖိုချောင်မှာနေရာချထားလိုမှုဖြစ်သည်။

သူမမှာ ထိုနှိမ့်ချသတ်မှတ်မှုကို လက်မခံသော်လည်း တော်လှန်ခဲ့သူတော့ မဟုတ်ပေ။ ကလေးဘဝတုန်းက ဟင်းမချက်တတ်လျှင် ယောက်ျားမရလို့ လူကြီးတွေက ပြောလျှင် စာဖိုမှုးကို ယူမည်ပေါ့ဟု ပြန်ပြောတတ်သည်။ စာဖိုမှုးကို ချက်ခိုင်းဖို့တော့ မဟုတ်ပါ။ သူ ဟိုတယ်မှာ အလုပ်လုပ်လျှင် အစားအသောက်များအလျှံပယ်ရမည် မဟုတ်ပါလော။ နွားနို့နေ့တိုင်းသောက်ချင်သဖြင့် အမေကို မာမူကြီးနှင့် ယူခိုင်းသော ကလေးအတွေးထက်တော့ မနိမ့်ဘူးဟု ထင်ပါသည်။

ငယ်စဉ်က အိမ်ထောင်မှုလုပ်နေရသော အမျိုးသမီးများကို သနားကြင်နာခဲ့သည်။ အသက်အရွယ်ရလာသောအခါ ဟင်းချက်ခြင်းစိတ်ပညာကို စိတ်ဝင်စားလာသည်။ ယောက်ျားတို့ရဲ့ နှလုံးသားကို သွားရာလမ်းသည် အစာအိမ်ကို ဖြတ်သွားသည်ဆိုသော ဆိုရိုးကို မိန်းမတစ်ချို့က အသေအချာ လိုက်နာကျင့်သုံးခြင်းပဲဟု စူးစမ်းမိလာသည်။

ဂျပန်ယောက်ျားအများစုသည် ထမင်းခူးစားဖို့ အသာထား။ထမင်းအိုး ဘယ်နားထားမှန်းပင် မသိလို့ ဖတ်ဖူးသည်။ အမျိုးသမီးများကို ဖိနှိပ်သော ယောက်ျားများပဲဟု မြင်ခဲ့သော်လည်း တစ်ချို့ဂျပန်အမျိုးသမီးများရဲ့ ပြောစကားကြားသောအခါ အံ့သြသွားရသည်။ ‘အဲဒီလိုဖြစ်အောင် တမင်လုပ်ထားတာ။ သူ့ဘဝမှာ ကိုယ်မရှိရင် မဖြစ်အောင်၊ ကိုယ့်ကို မှီခိုနေသူဖြစ်အောင် လုပ်ထားတာ’ တဲ့လေ။

ခင်နှင်းယုရဲ့ သခွတ်ပန်းစာအုပ်ထဲက ဇာတ်ပို့အမျိုးသမီးတစ်ယောက်အကြောင်းကို သတိရသည်။ သူမသည် ဟင်းချက်ကောင်းခြင်း၊ အိမ်ထောင်ထိန်းသိမ်းနိုင်ခြင်းအတတ်ဖြင့် ယောက်ျားတစ်ယောက်ကို ဆွဲဆောင်ထားနိုင်မည် ထင်ခဲ့သော်လည်း သူမရဲ့ အိမ်ထောင်ရေးမှာ ယိုယွင်းခဲ့သည်။ သူမလိုပင် တစ်ချို့သောမိန်းမများကတော့ ဟင်းလျာအထွေထွေကို အောင်မြင်ရေးကျင့်ထုံးတစ်ခုလို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း တွေ့ရသည်။

ဗြိတိန်ပြည်မှ ဝီလျံမင်းသားက ကိတ်မင်းသမီးကို ပိုးပန်းစဉ်အခါက ဟင်းချက်ပြီး စွမ်းရည်ပြကြောင်း အင်တာဗျူးဖတ်ဖူးသည်။ မိန်းမများသည် ဟင်းချက်တတ်သော ယောက်ျားများကို ကြင်နာတတ်သူ၊ ကိုယ်ချင်းစာတရားထားတတ်သူ၊ စာနာညှာတတ်သူလို့ မြင်ကြသည်။ ဟင်းတစ်ပွဲသည် ယောက်ျားနဲ့ မိန်းမကစားပွဲတွင် အရေးပါသော နည်းတစ်နည်းဖြစ်သည်။

အဒေါ်တစ်ယောက်သည် ကျန်မိသားစုက ဟင်းနှစ်ခွက်စားသော်လည်း သူ့ခင်ပွန်းကို ဟင်းသုံးလေးခွက်ဖြင့် ကျွေးတာ နားလည်လာသည်။ အမေသည် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ခဲ့သူ ပထွေးက ဟင်းချက်တော်သူဖြစ်ပါလျှက် အမေကိုယ်တိုင် အထူးဂရုစိုက် ချက်ပြုတ်ကျွေးမွေးတာကို သဘောပေါက်လာသည်။ ဒါပေမယ့် အချစ်လား၊ တာဝန်လား၊ နှောင်ဖွဲ့လိုမှုလားဆိုတာ ယနေ့ထက်တိုင် မဝေခွဲချင်ပေ။

တစ်ချို့အတွက်တော့ ဟင်းချက်ခြင်းသည် စွမ်းရည်ပြသခြင်း အနုပညာတစ်ရပ်အဖြစ် ဖော်ကျူးခြင်း ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါးဟင်းလက်ရာကို မြင်ဖူးသည်။ တစ်ချို့အတွက်တော့ ဟင်းချက်မှုသည် စေတနာဖြစ်မည်။ သူမရဲ့ အစ်မသည် ဟင်းချက်ပြီး သူမကို လာစားဟု ခေါ်တတ်သည်။

ဟင်းချက်ခြင်းသည် အဖိုးတန်သော အချိန်များကို ဖြုန်းတီးခြင်းဟု မြင်ခဲ့သော၊ မတတ်သာမှ မီးဖိုချောင်ထဲ ဝင်တတ်သော သူမသည် အခုတော့ ဟင်းချက်နေသည်။ ဟင်းချက်ခြင်းသည် စိတ်ဖိအားကို လျော့နည်းစေသောနည်းတစ်ခုဖြစ်သည်ဟု လေ့လာတွေ့ရှိသောကြောင့် ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သည်။ စိတ်ကျေနပ်မှုကို ပေးစေသော ဖန်တီးမှုတစ်ခုလည်းဖြစ်သည်။ 

သူမရဲ့အဘွားသည် အလှုဆိုတာ မိသားစုကို ကျွေးမွေးနေတာလည်း အလှုပဲ။ စေတနာသာ အဓိက ဟု ပြောဖူးသည်။ ဟင်းချက်ခြင်းမှာ ပျော်မွေ့လာသော သူမသည် တစ်စုံတစ်ယောက်ကို စားစေချင်သော်လည်း စေတနာမှာ အဟောသိကံဖြစ်နေသည်။ တစ်ယောက်တည်း ချက်ပြုတ်စားသောက်နေရသောအခါ ငြီးငွေ့လာပြန်သည်။ သူမရဲ့မိတ်ဆွေက ဘာချက်ချက် မိတ်ဆွေရဲ့ ခင်ပွန်းက ကောင်းတယ်လို့ မှတ်ချက်ပေးတာ သတိရသည်။ သူမရဲ့ အစ်မက တစ်ယောက်တည်းစားရတာ မချိုပါဘူးဟု ဆိုလေ့ရှိသည်။  လက်ထပ်ခြင်းကို သေမလောက်ကြောက်သော သူမသည် ထို့ကြောင့် မိန်းမများ အိမ်ထောင်ပြုကြသလားဟု ဆီလိုအပေါက်ရှာတွေးမိပြန်သည်။



ကိုရီးယားဇာတ်လမ်းတွဲတစ်ခုတွင် အကောင်းဆုံးဟင်းလျာဆိုတာ ကိုယ်ချစ်တဲ့သူအတွက် ရည်ရွယ်ပြီးချက်တာလို့ ရှင်းပြထားသည်။ ကိုယ်ချစ်တဲ့သူ တပါးသူဆိုပြီး အထူးပြုလျှင် ပိုမိုပြည့်စုံမည် ထင်သည်။ လူသည် ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်အားမနာကြဘူးမဟုတ်လား။ အခုလည်း သူမသည် ပေလျနံကန်ဟင်းလျာကို စီမံမိလေပြီ။ ဖုန်းပြောနေခိုက် ဟင်းအိုးတူးသွားသောအခါ စိတ်မကောင်းလှသော်လည်း မစားရတော့၊ အဆီမတိုးတော့ဘူးပေါ့ဟု ကြံဖန်ဖြေတွေးသည်။ သို့မဟုတ်လျှင် သူမ ဝမ်းနည်းနေရတော့မည် မဟုတ်ပါလော။

ဓာတ်ပုံရိုက်ပြီး ‘ ဟိုတစ်နေ့ကတော့ဖြင့် စိုင်းစိုင်းဟင်းချက်နေတာ မြင်မိသောကြောင့် သူလက်ထပ်သင်ပေးမည့်အခါကို စောင့်နေသူပါလို့ ပြုံးတုံ့တုံ့ဖြင့် ပြောချင်သေး။’ လို့ မျက်နှာစာအုပ်မှာ မခိုးမခန့်ရေးလိုက်သေးသည်။ မည်သူ့ကိုမျှ မျက်နှာပူစရာမလိုချေ။ တစ်ကိုယ်တော်ချက်ပြုတ်စားသောက်ရခြင်းမှာ မသာယာသော်လည်း ဖိစီးမှုမရှိချေ။ ပကာသနကင်း အပြစ်ရှင်းသည့် ဟင်းချက်ခြင်းဟုပင် ဆိုချင်မိသည်လေ။   ။

မယ့်ကိုး

22 November 2013

အရှက်


 ဆီးဂိမ်းပြိုင်ပွဲကြီးနီးလာလေ မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းကလည်း ရနံ့သင်းသင်းမမွှေးဘဲ အပုပ်နံ့ထွက်လာမလားလို့ စိုးရိမ်မကင်းဖြစ်ရလေလေဖြစ်သည်။ လမ်းပေါ်မှာ အမှိုက်တွေ၊ ကွမ်းတံတွေးတွေရှိနေတာ၊ ပတ်ဝန်းကျင် မသန့်ရှင်းတာ၊ နေရာထိုင်ခင်း မခန့်ညားတာထက် ကျွန်မအစိုးရိမ်ဆုံးမှာ ဧည့်သည်နိုင်ငံခြားသားအမျိုးသမီးလေးများ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကြုံတွေ့ခံ ရမှာကို အားနာမျက်နှာပူမိသည်။ ထိုမိန်းကလေးများကို ဘယ်လို ကာယိနြေ္ဒနှောင့်ယှက်မှုမှ မရစေချင်ပါ။

ကာယိနြေ္ဒစော်ကားမှု၊ (လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု)ဆိုရာတွင် ကိလေသာစိတ်ဖြင့် အငမ်းမရကြည့်ခြင်း၊အသံအားဖြင့် နှောင့်ယှက်ခြင်း၊ မသတီစရာစကားများ ပြောခြင်း၊ ရုပ်ရည်သွင်ပြင်နှင့် ပက်သက်ကာ လှောင်ပြောင်ခြင်း၊ အုပ်စုဖွဲ့ ဟားတိုက်ရယ်မောခြင်း၊အလိုမတူဘဲ ထိတွေ့ရန်ကြိုးစားခြင်းအစရှိသည်တို့ ပါဝင်ရာ ကျွန်မကတော့ မြန်မာနာမည်ပျက်မယ့် လာမယ့်ဘေးကို ကြောက်လှသလို လူတွေကိုလည်း ကြောက်လှသည်။

ကျွန်းနိုင်ငံလေးတစ်ခုမှာ နေခဲ့စဉ်တုန်းကတော့ အကြာက်ပျောက်ကာ ကျွန်မ ပျော်ခဲ့ဖူးသည်။ (ရံဖန်ရံခါကြုံရသည့် မြန်မာလူမျိုးတစ်ဦးတစ်လေကလွဲရင်) ကာယိနြေ္ဒပျက်လောက်အောင် နှောင့်ယှက်မှုအသာထား မည်သူမှ ကိုယ့်ကို ပါးစပ်မသရမ်း၊ အကြည့်မရမ်းကားသောကြောင့် ဖြစ်သည်။ ရထားဘယ်လောက်ကြပ်ကြပ်၊ အသားချင်းထိအောင် မကြိုးစားဘဲ စောင့်ထိန်းသော အမျိုးကောင်းသားများကြောင့် သွားလာနေထိုင်ရခြင်းမှာ အလွန်သက်တောင့်သာရှိလှသည်။ သူတို့ ဘာကြောင့်စိတ်ထားတတ်သနည်းလို့တော့ဖြင့် ကျွန်မ တစ်ခါမှ မမေးခဲ့ဖူးပါ။ မိဘ၊ဆရာများသင်ကြားမှုကြောင့်၊ ကိုယ်ပိုင်စိတ်ထားကြီးမြင့်လိုခြင်းကြောင့် ၊ ထိုသို့မဟုတ်ရင် အမျိုးသမီးများကို ကာကွယ်ပေးသော ဥပဒေက တင်းကြပ်သောကြောင့် ဖြစ်မည်ဟုသာ တွေးကြည့်ခဲ့သည်။ 

Eat, Pray , Love စာအုပ်ထဲမှာမူ ဇာတ်ကောင် (စာရေးဆရာမ)က အီတလီနိုင်ငံသားများကို မေးခဲ့ဖူးသည်။ သူမ အသက် ၁၉ နှစ်အရွယ်က အီတလီကို လာလည်စဉ်မှာ လမ်းပေါ်ရောက်သည်နှင့် ယောက်ျားများရဲ့ အဆက်မပြတ် ကာယိနြေထိပါးနှောင့်ယှက်မှုများကို ခံစားခဲ့ရသူဖြစ်သည်။ အသက်သုံးဆယ့်လေးနှစ်ပြန်ရောက်လာသောအခါတွင် သူမကို ဘယ်သူမှ နှစ်ခါပြန် မကြည့်တော့ချေ။ သူမက မနုနယ်၊မချောမော၊ဆွဲဆောင်မှုမရှိတော့သောကြောင့် မဟုတ်ပေ။ အီတလီသားများက ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ 

ဒါကြောင့် သူမက ဟိုဒီနီးစပ်ရာမေးကြည့်ရာ လွန်ခဲ့တယ်ဆယ်နှစ်က ဆယ့်ငါးနှစ်အတွင်း ပြောင်းလဲမှုအစစ်အမှန် ဖြစ်ခဲ့လားဆိုရင် လူတိုင်းက ဟုတ်တယ်လို့ သဘောတူကြသည်။ ဒါဟာ မိန်းမဝါဒီတွေရဲ့ အောင်မြင်မှု၊ ဒါမှမဟုတ် ယဉ်ကျေးမှုပြောင်းလဲတိုးတက်မှု၊ ဒါမှမဟုတ် ဥရောပသမဂ္ဂသို့ ပူးပေါင်းခြင်းကြောင့် ဖြစ်လာတဲ့ ဖြစ်ရိုးဖြစ်စဉ် ခေတ်ဆန်သောအကျိုးသက်ရောက်မှု ကြောင့်လည်းဖြစ်လိမ့်မည်။ ဒါမှမဟုတ်သေးလျှင် လူငယ်တွေက သူတို့အဖေနဲ့ သူတို့အဘိုးတွေရဲ့ သတင်းဆိုးနဲ့ကျော်ကြားသော ညစ်ညမ်းရိုင်းပျမှုကို ရှက်ရွံ့ခြင်းကြောင့်လည်း ဖြစ်မည်။ 

ဘာကြောင့်ပဲဖြစ်ဖြစ် အီတလီနိုင်ငံက အမျိုးသမီးတွေကို ဒီလို တကောက်ကောက်လိုက်ပြီး အနှောင့်အယှက်ပေး၊ ဆက်ဆံပြုမူတာကို လက်မခံတော့သော လူမှုအဖွဲ့အစည်းဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိသည်ကျွန်မတို့နိုင်ငံကရော ဘယ်အချိန်မှ ထိုသို့ဖြစ်လာမလဲလို့ မမျှော်လင့်နိုင်အောင်ရှိသည်။ တကယ်တော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ဦးဦးရဲ့ အမျိုးသမီးများရဲ့ ကာယိနြေကို ထိခိုက်စေရန် ပြောဆိုခြင်း၊ အသံပြုခြင်း၊ပြသခြင်း တစ်ခုခု မပြုလုပ်နိုင်ရန် ဥပဒေများဖြင့် ကာကွယ်ပေထားပြီးဖြစ်သည်။ 

ရာဇသတ်ကြီးပုဒ်မ ၅၀၉ တွင် ‘ မည်သူမဆို မိန်းမတစ်ဦး၏ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်းပြုသည်တွင် သို့တည်းမဟုတ် အသံပြုသည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူအရာပြသည်တွင်၊ သို့မဟုတ် အမျိုးသမီးများအား အရာဝတ္ထုတစ်ခုခုပြသသည်တွင် ပြောဆိုသော စကားကို ဖြစ်စေ၊ ပြုသောအသံကို ဖြစ်စေ၊ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင် သို့မဟုတ် ပြုသော ကိုယ်အမူအရာကို ဖြစ်စေ၊ ပြသော အရာဝတ္ထုကို ဖြစ်စေ၊ ထိုမိန်းမအား ကြံရွယ်လျှင် သို့တည်းမဟုတ် ထိုမိန်းမ၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို ၁ နှစ်ထိအလုပ်နှင့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။’ လို့ ပါရှိသည်။ 

ခက်သည်က ရှက်ကြောက်သည့် မိန်းကလေးများက တိုင်တန်းရမည်ကိုလည်း မဝံ့သောကြောင့် ယောက်ျားသားများ အတင့်ရဲကာ ထုံးတမ်းစဉ်လာကဲ့သို့ပင် မိန်းကလေးများရဲ့ ကာယိနြေ္ဒကို ထိပါးနေကြခြင်းဖြစ်သည်။ ခံနိုင်ရည်ဝ၊ ဥပေက္ခာအကျင့်ကောင်းလှသော မြန်မာမိန်းကလေးများက သည်းခံရည်မြင့်လှပေမယ့် နိုင်ငံခြားသူလေးများမှာမူ ထိုသို့သောလူနေမှုနှင့် အကျွမ်းမဝင်နိုင်ဘဲ ရွံ့ကြောက်သွားနိုင်ပေသည်။

 

 အိန္ဒိယနိုင်ငံလို အမျိုးသမီးများစော်ကားမှုတွင် ဟိုးလေးတကြော်ကြော်ဖြစ်ပြီး မိန်းကလေးများသွားဖို့မရဲသည့် နိုင်ငံဖြစ်သွားမှာ တွေးပူလှသည်။ အစွန်းရောက် (အမည်ခံ)ဗုဒ္ဓဘာသာဝင်များကြောင့် မျက်နှာပန်းမလှနေရသည့်ဘဝမှာ တစ်ပူပေါ်၊နှစ်ပူဆင့် အရှက်ရမည့် အရေးများဖြစ်မလာဖို့သာ ဆုတောင်းနေရတော့သည်။ ။ 

မယ့်ကိုး

19 November 2013

ရုန်းထွက်သောအခါ


အဆီကျဟင်းရည်သောက်နေတဲ့အကြောင်းကို မျက်နှာစာအုပ်မှာတင်တော့ နှစ်ဦး၊သုံးဦးက အတွေ့အကြုံရေးပါဆိုလို့ အကျဉ်းမျှရေးချင်ပါတယ်။ ဒီလင့်ခမှာ (၇) ရက်အတွင်း ဘယ်လိုသုံးဆောင်သင့်ကြောင်း အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။ အဆီကျစွပ်ပြုတ်သောက်ပြီး ဒုတိယမြောက်နေ့မှာ တခြားသူတွေက ခန္ဓာကိုယ်ပေါ့ပြီးသွားတယ်လို့ ပြောကြပေမယ့် ကျွန်မကတော့ ခေါင်းအလွန်ကိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကင်ဆာဖြစ်နေပြီလားလို့ ထင်မိတဲ့အထိပါပဲ။ လေးရက်မြောက်တဲ့နေ့အထိလည်း ခေါင်းက မူးတူးရီတီဖြစ်နေပါတယ်။

မိတ်ဆွေတစ်ဦးက ရုတ်တရက် အချိုဓာတ်လျော့နည်းသွားခြင်းကြောင့်လို့ ပြောပါတယ်။ နောက်မိတ်ဆွေတစ်ဦးက တရုတ်နံနံပင်ကို အစိမ်းမစားနဲ့လို့ အကြံပေးပါတယ်။ ဒါပေမယ့် ခြောက်ရက်မြောက်နေ့မှာတော့ မိတ်ဆွေတစ်ဦးရဲ့ ဖိတ်ကြားမှုကြောင့် အစည်းအဝေးတစ်ခုကိုသွား၊ ဘူဖေးစားခြင်းများ ပြုလုပ်လိုက်ရာ အဆီကျပြုတ်ရည်မသောက်ဖြစ်တော့ဘဲ ပျက်သွားပါတယ်။ ခုနှစ်ရက်မြောက်နေ့မှာတော့ ထမင်းပြန်စားပါတယ်။

ကျွန်မ ထမင်းအလွန်ကြိုက်ပါတယ်။ ထမင်းဖြတ်ထားတဲ့အခါ စိတ်မဆင်းရဲပေမယ့် နေမထိထိုင်မသာပါဘူး။ ‘နေ့လယ်စာကို ငှက်ပျောသီးနှစ်လုံး ၊ torito chips တစ်ထုပ်ဆို ဗိုက်လည်းမအင့်ဘူး။ ဆာလည်းမဆာဘူး။ ညစာကို ပန်းသီးတစ်လုံးစားတယ်။’လို့ ပြောတဲ့ ညီမငယ်တစ်ယောက်ကို အားကျပါတယ်။ အစားအသောက်ကို အဲဒီလောက် ဥပေက္ခာပြုနိုင်တဲ့သူ မဖြစ်သေးပါဘူး။ ဒါပေမယ့် ရသတဏှာနောက်လိုက်မိပြီး ထမင်းပြန်စားတဲ့အခါ အစာအိမ်က လက်မခံသလို မအီမသာနဲ့ အနေရခက်လှပါတယ်။ 

ဆရာဝန်သူငယ်ချင်းမလေးက ‘အစာအိမ်က Elastic bag သူငယ်ချင်း အစာအိမ်ကျုံ့သွားပုံရတယ် ဆက်ထိန်းထား။’ လို့ အားပေးပါတယ်။ စိတ်မကောင်းပါဘူး။ သူမလေး အားပေးချိန်မှာ ထမင်းတစ်ပန်းကန်နဲ့ ငါးနဲ့သီးရွက်စုံသုပ်တစ်ပန်းကန် အစာအိမ်ထဲရောက်သွားပြီ ဖြစ်ပါတယ်။ မတွေ့တာကြာတဲ့ ညီမငယ်တစ်ယောက်က ပိန်သွားတယ်လို့ အားပေးပါတယ်။ မိတ်ဆွေတစ်ယောက်ကတော့ ကျွန်မက ပိန်တာနဲ့ မလိုက်ဘူးလို့ ပယ်ချပါတယ်။ အားပေးသူ၊ ဆွေးနွေးသူ၊ ကန့်ကွက်သူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

‘ခန္ဓာရှိခြင်းကြောင့် ဆင်းရဲရ၏။ ခန္ဓာမှာ လူ့အလိုသို့ မလိုက်၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေသည်။ ခန္ဓာကို ပြုစုစောင့်ရှောက်နေခြင်းကား ပင်ပန်းလွန်းလှချေသည်။’ တရားဟောတာ မဟုတ်ရပါဘူး။ အဆီကျဟင်းရည်သောက်ခဲ့တဲ့ နေ့ရက်များမှာ ဆင်ခြင်မိခြင်းများ ဖြစ်ပါတယ်။

Breatharinism  ဆိုတဲ့ ဘာအစားအစာမှ မစားဘဲ လေရှုအကျင့်ကို လုပ်ပြီး အဆီချဖို့ စဉ်းစားပေမယ့် ဒီနည်းကို ဖြန့်ဝေသူက လိမ်ထားခြင်းဖြစ်ပြီး ကျင့်ကြံသူအားလုံး သေကံမရောက်၊သက်မပျောက်ပေမယ့် ဆင်းရဲဝေဒနာခံစားရကြောင်း ဖတ်လိုက်ရပါတယ်။ ဥပါဒ်ရောက်မှာ ကြောက်ပြီး ဘယ်အဆီချဆေးမှလည်း မသုံးစွဲလိုသူ ကျွန်မအတွက် ပထမတစ်ပတ်က အဆီကျပြုတ်ရည်စားသုံးခြင်းက တစ်ပတ်မျှမခံ ငါးရက်နဲ့ ပျက်သွားလို့ နောက်တစ်ပတ်ထပ်သောက်ဖို့ ကြံစည်နေရပြန်ပါတယ်။ ဒါပေမယ့် အနံ့မခံနိုင်သေးတာကြောင့် တွေဝေနေမိပြန်ပါတယ်။

ဤခရီးနီးသလားလို့မေးရင် ခယောင်းလမ်းကို ငိုမဲ့မဲ့နဲ့ ဆက်လျှောက်ရဦးမယ်လို့ အတိဿယဝုတ္တိအလင်္ကာသုံးပြီး ပြောချင်ပါတယ်။ ဒါပေမယ့်လည်း မသေမချင်းသွားနေရဦးမယ့် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းခရီးစဉ်ဖြစ်လို့ အဝေးကို မျှော်ကြည့်ရင်း စိတ်ဆင်းရဲမနေချင်ပါဘူး။ ခန္ဓာဝန်ထမ်းနေရခြင်းမှာ ပင်ပန်းလွန်းလှတယ်လို့လည်း မညည်းညူချင်ပါဘူး။

လူ့ဘုံခန်းဝါမှာ ကျင်လည်နေမိသမျှတော့ ဆင်းရဲကို သည်းခံပြီး ရှေ့ဆက်နေပါဦးမယ်။ ။ 

မယ့်ကိုး


Cathy ; Artist: Cathy Guisewite 

11 November 2013

မင်းဖတ်ရန်မဟုတ်

ပါရမီနည်းသူရေးတဲ့စာမို့ သိင်္ဂါရရသကို မခံစားနိုင်ဘူးလို့ဆိုတဲ့အခါ ငါတတ်နိုင်တာက ရေထဲခုန်ချဖို့ပဲ။ ဝမ်းနည်းမှုက ကြမ်းတပြေးတည်းထိုင်နေမို့ ငါလေ အသက်တောင် ရဲရဲမရှုရဲဘူး။ ငါ့ရဲ့ စာရေးနိုင်စွမ်းဟာ ပျောက်ကွယ်သွားပြီ။ စိတ်နောက်နေသွားလေသူမို့ အချစ်အကြောင်းမရေးတတ်တော့ဘူးဆိုတဲ့ ဆင်ခြေလည်းမပေးချင်ပါဘူး။ သတ္တလောကသားတွေ မျက်လုံးပြူးကြည့်မယ်ဆိုလည်း ငါလုပ်နိုင်တာ ပုခုံးတွန့်နေရုံမျှပဲ။ 

ဆာဗီယာပလာသ်ရဲ့ The Bell Jar ကို ပြန်ဖတ်တယ်။
 At any rate, I’d be lucky if I wrote a page a day. 
Then I knew what the trouble was. I need experience. 
How could I write about life when I’d never had a love affair or a baby or ever seen anybody die? 

သူမ ပြောသလိုပဲ ပြောကြည့်ချင်တယ်။ (အလုပ်လက်လွှတ်ထားတဲ့အချိန်တွေမှာ) တစ်နေ့ကို တစ်မျက်နှာလောက်ရေးဖြစ်မယ်ဆိုရင် ကံကောင်းမယ်။ အဲဒီနောက်မှာ ဘာက ပြဿနာလည်းဆိုတာ သိခဲ့တယ်။ အတွေ့အကြုံ လိုအပ်တယ်။ တစ်ခါမှ မချစ်ဖူးတဲ့အခါ၊ ရင်သွေးမရှိတဲ့အခါ ( ဒါမှမဟုတ်) တစ်စုံတစ်ယောက်သေတာကို မမြင်ဖူးဘဲနဲ့ ဘယ်လိုလုပ် ဘဝအကြောင်းရေးနိုင်မှာလဲ။

ငါက သေဆုံးတာတွေမြင်ဖူးတယ်။ တစ်စုံတစ်ယောက် ရှင်သန်လာစေဖို့လည်း အလိုမရှိဘူး။ဒီတော့ ဥာဏ်ကွန့်မြူးဖို့၊ ဈာန်ဝင်စားဖို့၊ ဇာတ်ကောင်နေရာမှာ အစားထိုးဖို့ ချစ်ကြည့်သင့်တယ် မဟုတ်လားလို့ ပြောလိုက်ရင် မင်းစိတ်နာကျည်းသွားမလားပဲ။ ခက်တာက ဒီစကားဟာ မင်းရဲ့ သံလိုက်ဓာတ်အားလို ညှို့ငင်မှုကို ရှောင်ရှားလိုတဲ့ ဆင်ခြေလားဆိုတာ ကိုယ်တိုင်လည်း မသိတော့ဘူး။ ကိစ္စမရှိဘူး။ တစ်စုံတစ်ယောက်ကို ချစ်ဖူးချင်သူမို့ ဘယ်လောက် ကြင်နာမိကြောင်း၊နာကျင်ရကြောင်းတွေ တတ်နိုင်သလောက် တီးတိုးလေးရွတ်ချင်တယ်။

ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်ပါဘဲ။ ချစ်မိခြင်းမှာ ကြံ့ခိုင်ချင်ပြီး ချစ်ခြင်းရသကို ပုံဖော်ဖို့ ငါ့မှာ အခွင့်အရေးအပြည့်အဝမရှိဘူး။ တစ်ခါတစ်လေတော့လည်း မိုက်ရူးရဲဆေးသောက်ပြီး မြန်မာဗွီဒီယိုတွေထဲက မရယ်ရတဲ့ဟာသတွေလိုမျိုး ပြောချင်ပြန်တယ်။ အချစ်နဲ့ ကျိန်စာဟာ နှစ်ကိုယ့်တစ်စိတ်ဆိုတာမျိုး။ ဥပေက္ခာဟာ သေစေနိုင်တယ်ဆိုတာ မသိခဲ့ဘူးလို့ ရေရွတ်တာမျိုး။ လောကမှာ ငါ့လောက် လူဖြစ်ရှုံးသူလည်း မရှိတော့ဘူးဆိုတာမျိုး။ အချစ်ဟာ ကုသနိုင်တဲ့ ရောဂါဆိုလည်း ငါက ဆေးမတိုးချင်ဘူးဆိုတာမျိုး။ နမိတ်ပုံတွေက စိတ်ပျက်စရာကောင်းတယ် မဟုတ်လား။  ဘယ်လို။ မင်းပြောလိုက်တာ ငါကြားပါတယ်။ ဖန်တစ်ရာတေ မဲပြာပုဆိုးတဲ့လား။ နည်းနည်းလေးမှ အားမနာဘူးပဲနော်။ တတ်နိုင်ရင်တော့ ချစ်တဲ့အကြောင်းတွေကို ငါလည်း မပြောချင်ပါဘဲ။

ကိုရီးးယားဇာတ်လမ်းတွေထဲက မင်းသမီးတွေလို မူးပြီးလည်း မရမ်းနိုင်တဲ့သူဆိုတော့ ဒီလို မပီမသအော်သံပဲ ထွက်ကျနိုင်တယ်။ ကြားလား။ အသိပျောက်လေသူရဲ့စကားတွေမို့ နားမထောင်ချင်ဘူးဆိုတာ သိလည်း နောက်ဆုတ်ခွင့်ကို ငြင်းပယ်ဦးမယ်။ ပြဿနာအရင်းက ငါ့ကြောင့်မှန်းလည်း သိပါရဲ့။ ကျောခိုင်းလိုက်ရင် လွတ်မြောက်နိုင်မှန်းသိလည်း ထွက်မပြေးချင်ဘူး။ ရင်ထဲရှိရာ ဖွဲ့သီမိမှာ စိုးလို့ လက်က ငါ့ကို ချုပ်ထားတယ်။ မင်းမသိဘူး မဟုတ်လား။ ဒီလို ညံ့ဖျင်းတဲ့မိန်းမမို့ ယောင်ယမ်းပြီး မင်းနာမည်ကို အော်ခေါ်နေမိမှာစိုးလို့ နှုတ်ခမ်းကိုကိုက်တယ်။ ဆက်သွယ်ရေးပြင်ပမှာ ကြိုးစားနေတယ်။ အရိပ်ကလေးမြင်ရတဲ့အခါ အလွမ်းဖွဲ့တွေ ပို့သချင်လည်း အမှာစကားမျှမပါးဘဲ မျက်နှာလွှဲနိုင်အောင် အားထုတ်တယ်။

ရင်ခုန်နှုန်း မငြိမ်သက်သူမို့ လှပနရီတွေက ငါ့ဝန်းကျင်မှာ ပတ်လည်ပျံနေလည်း ဖမ်းမမိနိုင်ဘူး။ ဒါပေမယ့် မျက်နှာပြောင်တိုက်ကာ ဖွင့်ဆိုချင်သေးတာ။ အဆိပ်ငွေ့တွေက လက်တကမ်း၊ မိုက်တွင်းနက်နက်က ခြေတလှမ်းလို့ ကာရန်ညှိတာမျိုး။ ဒီအရူးရဲ့ ကဗျာကလည်း တော်ဝင်ဖို့ မမှီမကမ်းလို့ နဘေထပ်တာမျိုး။ ရယ်ရတယ်နော်။ ဒါပေမယ့် မတတ်နိုင်ခဲ့ဘူး။နှလုံးသားကွဲအက်ပြီး သေဆုံးမှာစိုးရိမ်ကာ အလွမ်းတွေ မသိမ်းချင်တော့ဘူး တကယ်။ အလင်္ကာမမြောက်ဘူးလို့ မှတ်ချက်ချလည်း ရင်ကွဲနာမကျသေးတာကို ဘုရားကျေးဇူးလို့ ရင့်ကျူးနေဦးမယ်။

ပြောပါဦး။ ဘယ်နာကျင်မှုက ငါ့ကို သတ်နိုင်ဦးမှာလဲ။ မင်းစီးတဲ့ ဖိနပ်နံပါတ်ကို မသိဘူးလေ။ မင်းမစားတဲ့ အသီးအရွက်ကို မသိဘူးလေ။ မင်းချော်လဲခဲ့တဲ့အခါကို မသိဘူးလေ။ သေလုမျောပါး တွယ်တာမိခြင်းများ။ ယုံကြည်ပါ။ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ငါလည်း စာတစ်လုံးမှ မစီချင်ဘူး။ ခေါင်းတွေနောက်တယ်။ ရင်တလှပ်လှပ်ခုန်တယ်။ ဘာဖြစ်လို့ ဒီစာကို ရေးတာလဲလို့ မေးခဲ့ရင်တော့ ညီမလေးအိပုံ့က ဖတ်ချင်တယ်ဆိုလို့လေ။ ။

မယ့်ကိုး

30 October 2013

အောင်မြင်မှုဆိုတဲ့ အရာ

မိတ်ဆွေတစ်ယောက်က သူကလေးဘဝတန်းက အဖေက သူ့ကို ရိုက်ရင် တုတ်တွေဖွာသွားအောင် ရိုက်တာ၊ ခေါင်းကို နံရံနဲ့ဆောင့်တာ စသည့်ဖြင့် နှိပ်စက်ခံရကြောင်းတွေ ပြောပြပါတယ်။ ကျွန်မက အမေက ဝင်မဆွဲဘူးလားမေးတဲ့အခါ မဆွဲဘူး။ ပြီးတော့ အဖေက ရိုက်ပြီးလို့ မောသွားပြီး အိပ်ရာထဲသွားလှဲနေရင် အမေက ‘သားအဖေက သားကို ရိုက်ပြီး စိတ်မကောင်းဖြစ်နေတယ်။သားအဖေကို သွားချော့လိုက်ပါဦး’ လို့ တိုက်တွန်းပါသတဲ့။ အသက်ရှုမဝအောင် နာကျင်သွားကာ နှလုံးရောဂါရှိသူမဟုတ်ပါဘဲ ဘယ်ဘက်ရင်ဘတ်က အောင့်လာ။

သူနဲ့ဆင်တူသော ကျွန်မရဲ့ ဖြစ်ရပ်ကိုတော့ မိတ်ဆွေကို မပြောပြဖြစ်ပါ။ အဘွားဆုံးပါးသွားတဲ့အခါ အဘွားအိမ်ပြန်တော့ ငယ်ငယ်က နှိပ်စက်ညှင်းပန်းခဲ့တဲ့ ဦးလေးနဲ့ဆုံရလေတာ။ ကျွန်မ ပြန်ခါနီးတော့ အဒေါ်က ဆင်းရဲနွမ်းပါးနေတဲ့ဦးလေးကို ကန်တော့ခိုင်းပါတယ်။ အဘွားရဲ့ အသုဘမှာမို့လို့ ငုံ့လျှိုးသည်းခံနေလျှက် ဒေါသက ထိန်းမရထွက်သွားတာမို့ ‘ အန်တီ၊ သမီးက သူ့ကို ဘာလို့ ကန်တော့ရမှာလဲ။ သူက သမီးကို ငယ်ငယ်တုန်းတည်းက ကြိုးတွေနဲ့ ရိုက် ၊ နာရင်းအုပ်ခဲ့တဲ့ လူလေ’ လို့ ပြောတဲ့အခါ ကိုယ်ချင်းမစာတဲ့အပြင် ‘ မသွားခင် ကန်တော့လိုက်ပါ သမီးရယ်။ အန်တီ မုန့်ဖိုးပေးမယ်’ လို့ အားမနာစွာ ဆိုရဲ့။  နှိပ်စက်ခံရခြင်းကြောင့် စိတ်ဖောက်ပြန်ခြင်းမရှိ၊ ရက်စက်ခံရခြင်းကြောင့် ရူးနှမ်းခြင်းမရှိ ခိုင်မာတဲ့ သတိရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ်သာ ကျေးဇူးတင်ရတော့မှာ။

ပါကစ္စတန်က Humaria ဆိုတဲ့ မိန်းကလေးအကြောင်းကိုလည်း အလျဉ်းသင့်လို့ ဖတ်ခဲ့ရပါတယ်။ ထိုမိန်းကလေးမှာ ဦးလေးနဲ့အတူအိပ်ရသူဖြစ်ရာ အသက် ၁၀ နှစ်အရွယ်မှ စပြီး အမေ့မောင်၊ဦးလေးရဲ့ မတရားပြုကျင့်မှုကို ခံခဲ့ရသူလေးဖြစ်ပါတယ်။ သူမရဲ့ အကြောင်းကို အဒေါ်နဲ့ မိခင်ကို ပြောပြသောအခါ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ နှုတ်ပိတ်တဲ့အပြင် သူမရဲ့ အမေက သူမပြောတာ မယုံဘူးလို့ ငြင်းဆန်ပါသတဲ့။ ပြီးတော့ သူမ အမေက ‘ငါ့မောင်က ဒီလောက် မရမ်းကားဘူး။ နင် တစ်ခုခုအမှားလုပ်ပြီး အခုနင့်ကိုနင်ကာကွယ်ဖို့ သူ့ကို အပြစ်ဖို့နေတာ’ လို့ ပြောလေတာ။



ထိုစကားက အမေ့ကို အမှတ်ရစေခဲ့။ ကျွန်မမှာ ငယ်ငယ်က အနှိပ်စက်ခံရသည့်အကြောင်းများ ပြောမိတဲ့အခါ အမေက ပိုရန်ကောဆိုတဲ့ မျက်နှာအမူအယာနှင့် အတိတ်ကို ရယ်သွေးသွမ်းပစ်တတ်တာ။ သူများအမေတွေ သူတို့ သားသမီးကို ဘယ်လိုနှိပ်စက်တာ။ သူတို့သားသမီးက မိဘကို ဘာမှ ပြန်မပြောဘဲ လိမ္မာလိုက်ကြတာလို့လည်း တရားဟောတတ်ရဲ့။ မိဘကျေးဇူးကို အထူးသိနားလည်လည်း ပါကစ္စတန်သူလေးကတော့ 'တိရစ္ဆာန်တွေလည်း သားသမီးမွေးတာပဲ။ လူတွေက ဘာများထူးခြားနေလို့လဲ။ ကလေးတွေကို မစောင့်ရှောက်နိုင်ရင် မွေးဖို့မသင့်ဘူး’ လို့ ဆိုလေတာ။

ကျွန်မကတော့ အမျိုးသမီးတွေ ကလေးဖျက်ချမှုကို အားပေးသလားလို့ မေးရင် ဇဝေဇဝါဖြစ်ကာ ယနေ့ထက်တိုင် အဖြေမပေးနိုင်ဖြစ်နေဆဲ။ မိခင်တွေက လူသတ်ကောင်ဖြစ်မှာကြောက်ပြီး တခြားလူသားတစ်ယောက်ကို မသေရုံနှိပ်စက်ခံစေဖို့သက်သက်တော့ လူ့လောကထဲ ဆွဲမသွင်းသင့်ဘူးလို့ ယုံကြည်မြဲ။ ဒါပေမယ့် ရှင်သန်ရခြင်းကလည်း သိပ်မဆိုးရွားပါဘူးလို့လည်း အိပ်မက်မက်ချင်ဆဲ။ စွန့်ပစ်ခံရတဲ့ ကလေးတွေ ၊ နှိပ်စက်ညှင်းပန်းခံရတဲ့ ကလေးတွေ ၊ အပြစ်မဲ့တဲ့ ကလေးတွေကို ဘယ်လောက် နက်ရှိုင်းပြင်းထန်တဲ့ ဒဏ်ရာကိုပဲ ပေးပေး သူတို့လက်ခံပြီး ဆက်လက်ရှင်သန်နေကြတယ်လေ။ ပျော်ရွှင်မှုကို ဖမ်းဆုပ်ဖို့ ကြိုးစားကြရင်း၊ နာကျင်မှုတွေကို မေ့ပစ်ကြရင်းပေါ့။

ရှင်သန်မှုဟာ အောင်မြင်မှုလို့ အိမ်ထောင်ရေးဖောက်ပြန်သူ ဘီလ်ကလင်တန်က ဆိုခဲ့တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် နှိပ်စက်ခံရသူကလေးငယ်များ ပြိုလဲပျက်စီးသွားခြင်းမရှိဘဲ အသက်ရှင်ရပ်တည်နေခြင်းကလည်း အောင်မြင်မှုလို့ မှတ်ယူနိုင်လိမ့်မလား။ ။

မယ့်ကိုး 

17 October 2013

‘အထင်လွဲမိုး’

အသက် ၁၆ နှစ်ရှိသော မောင်ဝမ်းကွဲကို လွန်ခဲ့တဲ့နှစ်ကမှ  စတင် ကြုံဆုံဖူးခြင်းဖြစ်သည်။ တွေ့တွေ့ချင်းပင် မသင်္ကာချင်။ ညီမဝမ်းကွဲကို ‘သူက ယောက်ျားလေးကို ကြိုက်တာလား။ မိန်းကလေးကို ကြိုက်တာလား’ လို့ မေးဖြစ်သည်။ ညီမငယ်က ‘ယောက်ျားလေးကို ကြိုက်တယ်ထင်တယ် အစ်မ’ လို့ ဖြေသည်။ ရန်ကုန်တစ်မြို့တည်းနေပေမယ့် ဒီသီတင်းကျွတ်မှ ပြန်တွေ့ဖြစ်ကြသည်။

ဒီတစ်ခါတွေ့တော့ ထိုမောင်လေးမှာ ကျွန်မတို့လာလည်စဉ်မှာပင် အဒေါ်ငယ်ရဲ့ ရှေ့ဆံပင်ကို မှတ်ချက်ပေးလေသည်။ နှစ်ပတ်တစ်ခါ မြင်တွေ့နေရသော အဒေါ်ငယ်ရဲ့ဆံပင် အနည်းငယ်ကောက်ထားခြင်းကို ကျွန်မပင် သတိမထားမိ။ သံသယက ပိုခိုင်မာလာသည်။ ယောက်ျားလေးများသည် မိန်းကလေးများဆံပင်ပုံစံပြောင်းလဲခြင်းကို သတိပြုမိတတ်သော အလေ့မရှိ။ မှတ်ချက်ပေးဖို့ဆိုတာကလည်း ကိုယ့်ရည်းစားကိုသာ မတတ်သာလို့ ပြုကြရတာ မဟုတ်လား။

သူ့အမေကို ‘အန်တီ့သားက ယောက်ျားလေးကို ကြိုက်တာလား။ မိန်းကလေးကို ကြိုက်တာလား။’ဆိုတဲ့ တူညီမေးခွန်းဆိုဖြစ်သည်။ အဒေါ်လတ်က 'ကလေးက ငယ်သေးတာကို မသိပါဘူး သမီးရယ်'လို့ ဖြေသည်။ 'အဲဒါဆို သူဘာလည်း သိသွားအောင် gay club ကို ခေါ်သွားရမလား'လို့ မေးတဲ့အခါ အဒေါ်လတ်က ရယ်ရယ်မောမောပင် 'ရတယ်။ခေါ်သွားလေ'ဟု ဖြေသည်။ အဒေါ်ငယ်ကတော့ သဘောမကျ။ 'ကလေးကို အဲလိုတွေ လျှောက်မပြောရဘူး'ဟု ကျွန်မကို ဆူလေသည်။ အဒေါ်ငယ်မှာ ကျွန်မက အဒေါ်လတ်ကို မကျေနပ်စိတ်ရှိတာသိသဖြင့် ကလေးအပေါ် သဘောဆိုးထားသည်ဟု ထင်မြင်ပုံရသည်။

ကျွန်မမှာ မျက်နှာစူပုတ်နေတတ်သော်လည်း ထိုမျှစိတ်မပုပ်ပါ။ ကိုရီးယားဇာတ်လမ်းတွဲထဲကလို မိဘမကောင်းသည်ကို အမျက်ထားပြီး သားသမီးအပေါ် ကလဲ့စားချေလိုသောစိတ်မရှိပါ။ သူ့ရဲ့လိင်စိတ်သဘာဝကို နားမလည်ဘဲ စိတ်ရှုပ်ထွေးပင်ပန်းနေမည်ကိုစိုးရိမ်ကာ ကူညီလိုသော သဘောမျှသာ ရှိလေသည်။ အဒေါ်ငယ်က မောင်ငယ်ကို ‘သား၊ နွဲ့တဲ့တဲ့ မနေနဲ့။ ကျားကျားယားယားနေ’ ဟု ပြောနေသည်။ စေတနာက ဝေဒနာဖြစ်ရသောအခါ ဝမ်းနည်းကြေကွဲရသည်။ ကျွန်မ ပြောလိုက်မှ ထိုကလေးမှာ ဖိအားဖြစ်သွားသလားဟု စိတ်မကောင်းဖြစ်သည်။

ဖြစ်သမျှအကြောင်းမှာ အမှတ်သည်းခြေနည်းသော ကျွန်မအပြစ်သာ ဖြစ်တော့သည်။ ထိုဂေးအမှုဖြင့် ပြဿနာတက်ပေါင်းလည်း များလှပြီဖြစ်သည်။ မိတ်ဆွေတစ်ယောက်ကို ဂေးဘုန်းကြီးတွေ့ဖူးလား မေးရာ ဘုန်းကြီးမှာ ဂေးဆိုလျှင် ဘုန်းကြီးမဝတ်လို့ ပြောကာ မခေါ်နိုင်၊မပြောနိုင် စိတ်ဆိုးလေသည်။ မတတ်နိုင်။ လောကမှာ မဖြစ်နိုင်သောအရာ မရှိလို့ဆိုတော့ သံသယရှိနေဆဲဖြစ်သည်။

ထိုတတိယလိင်တွေကို ဘာကြောင့်ဒီလောက်စိတ်ဝင်စားနေလဲလို့ မေးပါလျှင် မြန်မာပြည်သားများ လူ့အခွင့်အရေးအတွက် တောင်းဆိုသလို တတိယလိင်တွေအတွက်လည်း လူ့အခွင့်အရေး၊သာတူညီမျှဖြစ်မှုကို လိုလားသူသာ ဖြစ်လေသည်။ ဘယ်သူမျှလည်း နားလည်နိုင်ဦးမည် မထင်။ဘာပဲဖြစ်ဖြစ် ပြန်ကာနီးတော့ youtube မှ ဗီဒီယိုပြကာ လိင်တူချစ်သူဆိုတာ သဘာဝအတိုင်းသာဖြစ်တည်လာကြောင်း၊ လူကအစ တခြားတိရစ္တာန်တွေမှာပင် ဖြစ်လေ့ဖြစ်ထရှိသော ဓမ္မတာဖြစ်ကြောင်း၊  ပြောင်းလဲပြုပြင်ကုသရမယ့် ရောဂါမဟုတ်ဘဲ  သဘာဝအခြေအနေသာ ဖြစ်ကြောင်း၊ ရှက်ရွံ့အားငယ်ဖုံးကွယ်စရာ မလိုကြောင်း၊  စသည်ဖြင့် သိသလောက်တော့ ပြောခဲ့သည်။ မောင်လေးနဲ့အတူ ညီမငယ်က စိတ်ဝင်တစားတော့ နားထောင်ကြသည်။




ထိုသို့ ဆွေးနွေးနားလည်မှုပေးရုံမျှသာ တတ်နိုင်လေသည်။ ထို့ထက်ပိုပြီး များစွာကူညီချင်ပါသော်လည်း ဘာမှမတတ်နိုင်သော နေရာမှာ ရှိနေသူသာ ဖြစ်လေသည်။

မယ့်ကိုး

09 October 2013

ရေခဲမြစ်

နှုတ်မဆက်ဘဲ ထွက်သွားသူ့ကို ကြာမြင့်စွာ ငေးကြည့်နေမိသည်။ ပြန်မလာတော့မှန်းသိပေမယ့် လည်ပြန်လှည့်ကြည့်လေမလားဟု မျှော်လင်မိပြန်သည်။ ဝမ်းနည်းသော်လည်း ပြောပြီးစကားကို ပြန်မရုပ်သိမ်းချင်။ ဒါပေမယ့် နေလို့ မကောင်းပါချေ။  ရင်ထဲတစ်ဆို့ကာ အသက်ရှုခက်လှသည်။ အစာကြေဆေး စားသည်။ ဘာဆေးသောက်လို့မှ မပျောက်ပေ။ လှဲလျောင်းကာ သက်သာအောင်နေသည်။ နေမသာပါချေ။ ခြေလက်ညောင်းညာကာ ထိုင်မသာပါလေ။ ဇက်ကြောတက်ကာ အန်ချင်သလို ဖြစ်သည်။ ချက်ချင်းပင် ချောင်းဆိုးပြန်ကာ ကိုယ်ခံအားနည်းလေသည်။

ဘယ်လောက်ပင် နေမကောင်းပါလည်း ရင်ထဲတင်းကျပ်နေမှုဝေဒနာကို အဖြေမရှာရဲချေ။ သူ နှုတ်မဆက်ဘဲ ထွက်ခွာသွားခြင်းက အကြောင်းရင်းဖြစ်မှာ စိုးသည်။ မိန်းမများသည် နားလည်ရခက်သော သတ္တဝါတွေဟု ယောက်ျားတွေက ဆိုကြသည်။ သူမလည်း ထိုအဆိုကို ထောက်ခံချင်ခဲ့သည်။ လူသည် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်ပင် နားမလည်ချင်လို့ လှည့်စားတတ်သော သတ္တဝါဆိုတာ လုံးလုံးလျားလျား မေ့လျော့နေခဲ့သည် ။

အတိတ်အခါကတော့ဖြင့်  ယောက်ျားလေးတစ်ယောက်က ချစ်စကားပြောသောအခါ တစ်ခါတော့ငြင်းမယ်လို့ စိတ်ဆုံးဖြတ်ထားသော မိန်းကလေးများကို  မနှစ်သက်တတ်ချေ။ အနိုင်ကျင့်လိုသော သဘောဟု မှတ်ယူသည်။ စဉ်းစားပါရစေဦးလို့ဆိုသော မိန်းကလေးများကိုလည်း အမြင်မကြည်ပေ။ မူပိုကာ မရိုးသားသော အပြုအမူလို့ လက်ခံခဲ့သည်။ ချစ်မိခြင်းမှာ သေချာခိုင်မာနေသော ခံစားမှုမဟုတ်ပါလား။ စဉ်းစားမယ်ဆိုလျှင် အချစ်ထက် တခြားသောအရာတွေသာ ဖြစ်လိမ့်မည် ထင်သည်။

ကိုယ့်ခံစားချက်ကို ရှင်းလင်းပွင့်လင်းခဲ့မှုအတွက် သူမ အမြဲတစေဂုဏ်ယူခဲ့သည်။ထိုသို့ပြုမူနိုင်ခဲ့ခြင်းမှာ ထိုသူများနှင့်ပတ်သက်ပြီး သူမမှာ ခံစားချက်မရှိသောကြောင့်သာ ဖြစ်လိမ့်မည်။ သူတို့အပေါ်မှာ သူမမှာ အချစ်မရှိသလို သူမကို ဆက်လက်ချစ်စေလိုသော မျှော်လင့်ချက်လည်း မရှိချေ။ သူမလည်း လွတ်လပ်သလို သူတို့ကိုလည်း လွတ်လပ်သူများဖြစ်စေချင်ခဲ့သည်။ ယခုတော့ သူနှင့် ပတ်သက်ပြီး အခု သူမ မဖြောင့်မှန်တော့ပြီလား။ သူ့ကို ချစ်လားဆိုတဲ့ အခြေအနေထက် သူ ငါ့ကို ချစ်ရဲ့လားလို့ စမ်းသပ်လိုခဲ့သည်။ ချစ်တဲ့သူဟာ မဖြစ်စလောက်တားဆီးမှုကို အလေးထားမှာ မဟုတ်ဘူးဟု ထင်ချင်သည်။ နော်ဝေတောအုပ်ဆိုတဲ့ စာအုပ်ထဲက မိန်းကလေး မိဒိုးရိကို သတိရသည်။


ထိုမိန်းကလေးသည် အချစ်ကို အမြဲဆာလောင်နေသည့် မိန်းကလေးဖြစ်သည်။ မိုဒိုးရိကလေးသည် မိဘတွေဆီက အချစ်ကို အလုံအလောက်မရခဲ့ပေ။ ထို့ကြောင့် မူလတန်းအရွယ်တန်းက တစ်နှစ်မှာ ၃၆၅ ရက် သူမကို အကြွင်းမဲ့ချစ်မယ့်သူကို ရှာမယ်လို့ စိတ်ဆုံးဖြတ်ခဲ့သူလေး ဖြစ်သည်။ မိဒိုးရိရှာဖွေခဲ့သော အချစ်က ထူးဆန်းသည်။ မိဒိုးရိကိုယ်တိုင်လည်း တကိုယ်ကောင်းဆန်မှုကို ရှာဖွေတယ်ဟုလည်း ပြောခဲ့သည်။

 မိဒိုးရိက စတော်ဘယ်ရီ ဘီစကစ်ကြွပ်ကြွပ်ရွရွစားချင်တယ်ဆိုရင် မိဒိုးရိကို ချစ်သူက လုပ်နေသမျှကို ပစ်ထားပြီး သွားဝယ်ပေးတဲ့သူ ဖြစ်ရမယ်။ ပြီးတော့ မောလွန်းလို့ အသက်ရှုရပ်မတတ်ဖြစ်နေလည်း ဒူးထောက်ပြီး မိဒိုးရိကို စတော်ဘယ်ရိဘီစကစ်မွမွလေး လှမ်းပေးမယ့်သူ ဖြစ်ရမယ်တဲ့။ ဒါပေမယ့် မိဒိုးရိက မလိုချင်တော့ဘူးဆိုကာ ပြတင်းပေါက်က လွှင့်ပစ်မယ်။ အဲဒီလို လုပ်တဲ့အခါ မိဒိုးရိကို တောင်းပန်တဲ့သူကို လိုချင်ပါသတဲ့။ 

 မိဒိုးရိကို ချစ်သူက ‘အခု ကိုယ်နားလည်ပြီ။ မိဒိုးရိ၊ ကိုယ်က ဘယ်လောက်မိုက်လိုက်ပါသလဲ။ မင်းက စတော်ဘယ်ရီဘီစကစ်ကို စားချင်တဲ့ အာသီသကုန်သွားလိမ့်မယ်ဆိုတာ ကိုယ်သိသင့်တယ်။ ကိုယ့်မှာ မြည်းလို ဦးနှောက်နဲ့ အသိတရားသာ ရှိတာပဲ။ မင်းကို ဘယ်အစားထိုးပေးရမလဲ။ ချောကလက် အချိုပွဲ လိုချင်သလား။ ဒိန်ခဲကိတ်မုန့်လိုချင်သလား’လို့ မေးသူဖြစ်ရမတဲ့။ ထိုအခါမှ မိဒိုးရိက သူမပြုမူခဲ့သမျှအတွက် ထိုက်တန်တဲ့ သူမရဲ့အချစ်အားလုံးကို ပေးမယ်တဲ့။ 

ထိုစာကို ဖတ်ခဲ့စဉ်က မိဒိုးရိကို မနှစ်မျို့ဖြစ်ခဲ့သည်။ ဘယ်လောက် တကိုယ်ကောင်းဆန်လိုက်တဲ့ မိန်းကလေးပါလဲလို့ တအံ့တသြဖြစ်ခဲ့သည်။ အခုတော့ သူမတစ်ယောက် မိဒိုးရိကို ကိုယ်ချင်းစာတတ်ပြီ ဖြစ်သည်။ သူမနှင့် မိဒိုးရိမှာ ဘယ်သူက တကိုယ်ကောင်းပိုဆန်သနည်း။ စဉ်းစားလို့ မရနိုင်အောင် ဖြစ်ပေမယ့် ကိုယ့်အပြစ်လွတ်အောင်တော့ တွေးချင်သည်။

သူလှည့်မကြည့်ဘဲ ကျောခိုင်းသွားတာက တကယ်မချစ်လို့ မဟုတ်လား။ ငြင်းလိုက်တာ မှန်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ်အယုံသွင်းသည်။ ထိုမှပဲ စိတ်သက်သာရငြိမ်းချမ်းမှာ မဟုတ်လား။ သေချာတာက မိဒိုးရိလိုပင် အချစ်ကို ပြည့်ပြည့်စုံစုံမရဖူးသူမို့ သံသယကြီးတာ ဖြစ်မည်။ ဒါပေမယ့် သံသယအကျိုးကို ခံစားရသူက သူမ ဖြစ်သည်။ 

ဆရာဝန်ပေးသော အိပ်ဆေးများ၊ ပဋ္ဋိဇီဝဆေးများကို သောက်ကာ အနားယူနေရသည်။ ရင်ထဲမကောင်းရှိလှတာကို ရာသီအပြောင်းအလဲမို့ ကိုယ်လက်မအီသာတာပဲ ဆိုကာသာ ဖြေသိမ့်လေသည်။ သူကလည်း သူမကို မချစ်သလို၊ သူမကလည်း သူ့ကို မချစ်ပါဘူးလို့ ယုံချင်သည်။  ခဏတာစိတ်ယိမ်းယိုင်သွားတာပါဟု အဖြေရှာချင်သည်။ အထီးကျန်လွန်းလို့ စိတ်အားငယ်မိတယ်ထင်ပါ့ဟု ကိုယ့်ကိုယ်ကိုယ်ကြိမ်းမောင်းချင်သည်။

မနက်ဖြန်ရဲ့ မနက်ဖြန်တွေမှာ သက်သာသွားမည်။ ခေါင်းမာသော သူမက ထိုသို့ပင် မျှော်လင့်ပြန်လေသည်။

မယ့်ကိုး

03 October 2013

သက်သေမဲ့အမှု


အရင်ခေတ်က အင်္ဂလန်မှာ ခွေးမွေးရင် မှတ်ပုံတင်လုပ်ရပေမယ့် ကြောင်မွေးရင် မှတ်ပုံတင်စရာမလိုဘူးလို့ ဖတ်ခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲ။ ကြောင်တွေဟာ ဘာချည်နှောင်မှုမှ မလိုအပ်လို့လား။  ဒါကြောင့် ကျွန်မဟာ ကြောင်ကို ခင်ပွန်းလုပ်ပြီး နေသင့်ရဲ့လား။ ကိုက ကျွန်မကို ဖုံးကွယ်ဟန်ဆောင်ခဲ့တယ်။ လှည့်ဖျားချစ်ယောင်ဆောင်ခဲ့တယ်။ အခွင့်အရေးယူမင်းမူပြီး သစ္စာမတည် ထားရစ်ခဲ့ဖူးတယ်။ ဘာလုပ်သင့်လဲလို့ သူငယ်ချင်းကိုမေးတော့ သူမက ‘ကြောင်သားကြော်ပြီး အောင်သေအောင်သား စားသင့်တယ်’ တဲ့။

ဒီအဖြေစကားဟာ နေ့နေ့ညည ကျွန်မကို ထိတ်လန့်စေခဲ့။ ကျွန်မရဲ့ အိမ်ထောင်ရေးဟာ မှောင်တိဖြစ်သွားပြီလေ။ ကိုက အသိုက်အမြုံမလို၊ လွတ်လပ်တဲ့ ကြောင်သာ ဖြစ်တယ်လေ။ ပြီးတော့ ကိုးကွယ်ခံရဖူးတဲ့ ကြောင်လည်း ဖြစ်ရဲ့။ ရှေးခေတ်အီဂျစ်တွေက နံရံတွေထက်မှာ ကြောင်ပုံတွေကို ရေးပြီး ကိုးကွယ်ခဲ့ကြသတဲ့။ ကျွန်မကလည်း ကို့ကိုသာ မက၊ ကိုယ့်ကို မချစ်တဲ့ကြောင်ရဲ့ ချစ်ဟန်ဆောင်နေတဲ့ဓာတ်ပုံတွေကို နံရံမှာ ချိတ်ဆွဲပြီး ကိုးကွယ်နေခဲ့မိတာပဲ။ ဘယ်လောက် ရှက်စရာကောင်းလိုက်ပါသလဲ။

ကျွန်မက ကို့ကို မသိမသာစောင့်ကြည့်နေတယ်။ ကိုကတော့ ကြောင်တွေရဲ့ ပင်ကိုဟန်အတိုင်း ကျွန်မဘာတွေပဲလုပ်လုပ် ကျွန်မကို အလေးမထားဘဲ လှပခန့်ထည် ဣနြေ္ဒတင့်တယ်စွာပဲ နဂိုအတိုင်းနေထိုင်ပြုမူဆဲ။ ကို့ရဲ့ အေးဆေးသက်တောင့်သက်သာ အနားယူလှုပ်ရှားနေပုံတွေက ကြင်နာယုယဖွယ် ချစ်စရာကောင်းလွန်းလို့ သူ့အပြစ်တွေကိုတောင် မေ့မိမတတ်ရယ်။


တစ်ခါတစ်လေတော့လည်း  ကြည့်နေရင်းမှာပင်  Alice's Adventures in Wonderland စာအုပ်ထဲက ချက်ရှာကြောင်(Cheshire cat)လိုပဲ ကိုက ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတတ်တယ်။ ချက်ရှာကြောင်လိုပဲ  ကို့မှာ ကိုယ်ပျောက်စွမ်းအင်ရှိလေသလား။ "Grinning like a Cheshire cat"  ချက်ရှာကြောင်လို ပြုံးဖြီးဖြီးဆိုတဲ့ ဥပမာအလင်္ကာကို ကြားဖူးကြမှာပါ။ ချက်ရှားဒေသက ကြောင်တွေက နွားနို့နဲ့မလိုင်တွေ အလျှံပယ်ရလို့ ပြုံးပျော်နေတဲ့ သဘောမျိုးပေါ်လာတဲ့ ဝေါဟာရလေ။ ဒါပေမယ့် စာအုပ်ထဲမှာသာမက အပြင်မှာပါ ကျီစယ်ဟန် ပြုံးဖြဲဖြဲကြီးက ကြောက်စရာကောင်းလှတယ် မဟုတ်ပါလား။ ကိုက ကျွန်မကို ပြုံးပြတိုင်း သရော်လှောင်ပြောင်နေတယ်လို့ ခံစားမိခဲ့။


တိုင်းတပါးသားတွေက ခွေးတွေကို တယုတယမွေးမြူပြီး လူတွေက ကြောင်တွေကို စွန့်ပစ်တတ်တယ်။ သူတို့က ကြောင်တွေကို မွေးစဉ်တည်းက စွန့်ပစ်ခဲ့တာလား။ အသက်ကြီးရင့်မှ စွန့်ပစ်လို့ ဖြစ်နိုင်ပါ့မလား။ သူတို့ရဲ့စွန့်ပစ်ခြင်းက ကြောင်တွေကို မောင်းထုတ်အဝေးပို့လိုက်ခြင်းလား။ ဒါပေမယ့် ကြောင်တွေက အိမ်ပြန်လာတတ်တယ်။ သခင်ကို မတွယ်တာပေမယ့် အိမ်ကိုတော့ ခုံမင်လွန်းလှတဲ့ ကြောင်အများစုပေါ့။ ကျွန်မ ကို့ကို စွန့်ပစ်သင့်လားလို့ ကြံစည်နေခဲ့ပါတယ်။

ကို့ကို အိမ်က မောင်းထုတ်ရမလား။ ကျွန်မကပဲ အိမ်ပေါ်က ဆင်းသွားရမလား။ ပထမဆုံး ကျွန်မ ထွက်သွားဖို့ စီစဉ်မိရဲ့။ အမေ့အိမ်ခဏပြန်လိုက်ဦးမယ်လို့ ပြောပြီး ခရီးဆောင်အိတ်ဆွဲကာ ကျောခိုင်းလာခဲ့တယ်။ လူတွေခွဲခွာသွားတာကို အရေးမထားတတ်တဲ့ ကြောင်ပီပီ ကိုက ကျွန်မကို ခေါင်းငဲ့လို့သာ  နှုတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့် တစ်လလောက်အကြာမှာ စားရေးသောက်ရေးခက်ခဲနေပြီဖြစ်တဲ့ကိုက ဘယ်တော့ပြန်လာမှာလဲလို့  မေးမြန်းစူးစမ်းလာခဲ့။ ကိုနဲ့ အတူမနေတော့ဘူး။ ကျွန်မတို့ဇာတ်လမ်း ပြီးပြီလို့ ဖြေရမလား။ ကျွန်မတို့ဆီကို လာလည်ပါဦးလို့ ကို့ကို ဖိတ်ခေါ်လိုက်မိပါတယ်။ အထပ်၁၂လွှာ အမြင့်မှာရှိတဲ့ ကျွန်မတို့တိုက်ခန်းကို လာလည်တဲ့အခါ ရှုခင်းကောင်းကောင်း ၊လေတဖြူးဖြူး၊ ရန်ကုန်မြို့ကို အထက်စီးကမြင်ရတာမို့ နေရာဒေသကို ကို သဘောကျနေလေရဲ့။ သူရပ်ကြည့်နေတဲ့ လသာဆောင်က ကျွန်မ တွန်းမချခင်အထိရယ်။

လူသတ်မှုနဲ့ ကျွန်မ အဖမ်းခံလိုက်ရတယ်လေ။ ကျွန်မက လူသတ်မှုမဟုတ်ဘူး။ ကြောင်ကို တွန်းချမှုပါလို့ တရားရုံးမှာ လျှောက်ထားခဲ့ပါသေးတယ်။ လေ့လာချက်တွေအရ ၂လွှာမှ ၆လွှာအမြင့်က ပြုတ်ကျပြီး သေဆုံးတဲ့ကြောင်အရေအတွက်က ၆လွှာမှ၃၂လွှာကြားအမြင့်က ကျတဲ့ကြောင်တွေထက် သေဆုံးမှုပိုများတယ်လို့ ဆိုတယ်။အထပ်မြင့်ကကျလာတဲ့ကြောင်တွေဟာ သူကျချင်တဲ့ ကိုယ်ဟန်အနေအထားကို ပြင်ဆင်နိုင်လို့ပါတဲ့။

သူတို့အတွက် အသက်သာဆုံး၊ ထိခိုက်မှုအအနည်းဆုံး ကိုယ်ဟန်ကတော့ ခြေလေးချောင်ထောက်ကျမယ့် လှုပ်ရှားမှုသဏ္ဍာန်ကို ရယူလို့ပေါ့။ အမြင့်မှ ကျလာတဲ့အခါ ကြောင်ရဲ့ဝမ်းဗိုက်ဘက်အခြမ်းကို လေထီးလို ဖြန့်ကားထားတတ်ကြတယ်တဲ့။ ကြောင်ရဲ့ အသားအရေကလည်း ပျော့ပြောင်းတဲ့အတွက် လေအဟုန်မှာ အလွယ်တကူပြန့်ကားနိုင်ကြတဲ့အတွက် လေရဲ့ပွတ်တိုက်မှုအားနဲ့ ကျဆင်းတဲ့အရှိန်ကို တားဆီးထားနိုင်တယ်။

ကျလာတဲ့အရှိန်ကို အတတ်နိုင်ဆုံး ထိန်းထားနိုင်ပြီး မြေကြီးနဲ့ဆောင့်မိမဲ့ ပွတ်တိုက်မှုကို လျှော့ချပေးနိုင်တယ်။ အဲဒါကြောင့် အောက်ကိုကျလာတဲ့အခါမှာ အရှိန်မပြင်းတော့ဘဲ ပျော့ပြောင်းတဲ့ကိုယ်နေဟန်ကြောင့် အထိနာသက်သာစေတယ်တဲ့။ ပြင်းထန်ဒဏ်ရာကင်းပြီး ကိုယ်ဖော့သိုင်းပညာရှင်လို မြေပြင်ပေါ်ဆင်းသက်နိုင်မှုပေါ့။ ကြောင်ကျ ကျတယ်လို့ လူတွေက ဆိုကြတယ် မဟုတ်လား။

ကျွန်မသာ ကို့ကို သတ်ဖို့ ရည်ရွယ်ရင်းရှိရင် လူမသိအောင် အိမ်မှာတင် သတ်နည်းမျိုးစုံနဲ့သတ်နိုင်တာပဲ။ အိမ်အမြင့် ၃ လွှာကနေတွန်းချချင်လည်း တွန်းချမိမယ်။ ကို့ကို မသေစေချင်လို့သာ ၁၂လွှာ တိုက်ခန်းကနေ တွန်းချခဲ့တာ။ ကိုက ကြောင်ဖြစ်ကြောင်း လူသိရှင်ကြား သက်သေပြခဲ့တာပါ။ 
 
လူတွေက ကျွန်မကို မယုံကြည်ကြပါဘူး။ ဆေးရုံပေါ်က ကိုကလည်း အမှန်စကားမဆိုဘဲ လူထုမေတ္တာခံယူရင်း ကျွန်မရဲ့သေမိန့်ကို စောင့်နေဆဲလေ။ ။


မယ့်ကိုး

လူယောင်ဆောင်သူများ  ရဲ့အဆက်ဖြစ်ပါတယ်။

28 September 2013

တစ်ယောက်တည်းကမ္ဘာ

အိမ်ဖော်ဆိုသော စကားလုံးကို ကျွန်မလက်မခံပါ။ ထိုသို့အိမ်ဖော်ထားတဲ့သူများကိုလည်း မျက်မုန်းကျိုးကာ လူအချင်ချင်းခေါင်းပုံဖြတ် နှိပ်စက်ခြင်းလို့ထင်သည်။ လူအခွင့်အရေးချိုးဖောက်ကျူးလွန်သူများဟုဆိုကာ အထင်သေးတတ်သည်။ ခုတော့ ဝဋ်လည်ပြီထင်သည်။ ရန်ကုန်မှာ နေတဲ့အခါ ကျွန်မတစ်ယောက်တည်း ညအိပ်ညနေ မနေရဲသဖြင့် အသိအဒေါ်တစ်ယောက်ကို ခေါ်ထားရသည်။

ဒါပေမယ့် ထိုအဒေါ်မှာ အိမ်အကူလည်း မဟုတ်ပါ။ စာဖိုမှုးဟု ခေါ်ဝေါ်သုံးစွဲနိုင်သည်။ အဝတ်လျှော်မီးပူတိုက်ကို ကျွန်မကိုယ်တိုင်လုပ်သည်သာဖြစ်သည်။ ခက်တာက သူချက်သော ထမင်းများကို မစားနိုင်ခြင်းဖြစ်သည်။ မသန့်ရှင်းဟု ထင်သည်။ သူဆေးပြီးသော ပန်းကန်များကို စားခါနီး တစ်ခါထပ်ဆေးနေမိသည်။ ရွံရှာတတ်သူ၊ အလွန်တရာ သန့်ရှင်းသပ်ရပ်စွာ နေတတ်သူမဟုတ်ပေမယ့် စိတ်ထဲက မသိုးမသန့်ဖြင့် ထိုအစာများကို စားပြီး အန်ချင်နေတတ်သည်။ တစ်နေ့လုံးလည်း နေလို့မကောင်းချင်သလို ဖြစ်နေမိသည်။

သူချက်တာကို မစားဘဲ မုန့်ပဲသရေစာများကို စားရတာလည်း စိတ်မချမ်းသာ။ ဒါဖြင့် ကိုယ်တိုင်ချက်ပေါ့လို့ မိတ်ဆွေက ပြောသည်။ ကျွန်မကိုယ်တိုင်ချက်ရင် ဝမှာစိုးရိမ်ပြီး ဆီမပါ ရေလုံပြုတ်များပဲ စီမံတော့မည် ဖြစ်ရာ ထိုအဒေါ် စိတ်ဆင်းရဲရပေတော့မည်။ တစ်ရက်ပြီးတစ်ရက် ထိုအဒေါ်နှင့်ကျွန်မ အတူယှဉ်တွဲနေထိုင်လို့မရတော့တာ သေချာလာသည်။ အဒေါ်ကို ဖုန်းဆက်ပြီး အကူအဒေါ်ကို ပြန်ခေါ်ဖို့ပြောသည်။ လက်မခံ။

နိုင်ငံအနှံ့အပြားမှာ အသက်၁၈နှစ်ပြည့်သည်နှင့် တစ်ယောက်တည်းနေခွင့်ပေးကြသည်က ဒီနိုင်ငံမှာတော့ မဖြစ်နိုင်သောကိစ္စဖြစ်သည်။ ကျွန်မတစ်ယောက်တည်း နေလို့မဖြစ်ဟု ဆိုလေသည်။ ဘယ်ထွက်ပြေးရမလဲလို့ ကြံရာမရဖြစ်သည်။ သူငယ်ချင်းတွေကို ပြောမိလျှင် အဲဒါပေါ့ အပျိုကြီးရောဂါလို့ ကဲ့ရဲ့ခံရမှာ စိုးသည်။ နှစ်ယောက်အတူနေနိုင်စွမ်းမရှိသူလို့ လက်ညှိုးထိုးရယ်မောကြမှာ ကြောက်သည်။ တခြားလူတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံရေးမတည်ဆောက်နိုင်သူလို့ ရှုံ့ချစရာဖြစ်တော့မည်။ ခက်တာက ကျွန်မရဲ့သည်းခံနိုင်စွမ်းလည်း ပါးလျလာပြီဖြစ်သည်။

ရင်ထဲမှာ ချုပ်တည်းထားရလွန်းသဖြင့် လူက ပေါက်ကွဲလွင့်စင်တော့မလို ဖြစ်နေသည်။ မချစ်မနှစ်သူနှင့် အတူနေရသောဆင်းရဲ ဘာညာဆိုကာ ပုံကြီးမချဲ့ချင်ပေမယ့် ခရီးဆောင်အိတ်ဆွဲပြီး ထွက်ပြေးချင်သည်။ တစ်ယောက်တည်းသမားအတွက် လုံခြုံတဲ့နေရာက မြန်မာနိုင်ငံမှာတော့ ရှားပါးလွန်းလှသည်။ ခက်လှချည့်လေ။



မယ့်ကိုး

09 September 2013

မိုးသည်းည

သူစားသောက်ဆိုင်ထဲ လှမ်းဝင်လာတည်းက ကျွန်တော် သတိထားမိနေတယ်။ လူထူထူဆိုင်ထဲကို ဝင်လာပေမယ့် သူ့အိမ်ယာလို သက်တောင့်သက်သာဟန်နဲ့ မျက်ဝန်းလဲ့ရီရီမှာ အပြုံးတွေခိုကာ ချိုသလိုလို။ ကျွန်တော့်အကြိုက် ဆံနွယ်ကောက်ကောက်လေးဟာ ခမ်းနားတဲ့ခြေလှမ်းတိုင်းမှာ ငြိမ့်ငြိမ့်လေးလွင့်နေတာ အသည်းထဲမှာ ရေခဲမြစ် ဖြတ်စီးသလို။

 မြင်မြင်ချင်းအချစ်မဟုတ်ပါဘူး။ မြင်မြင်ချင်းအကြိုက်လို့ ပြောချင်ပေမယ့် သူ ချစ်စရာကောင်းပုံက မျက်လုံးထဲက မထွက်ဘူး။ ဒါပေမယ့် တိုက်ရိုက်ကြည့်လို့ မကောင်းတော့ နံရံမှန်ကတဆင့်ပဲ သူ့ကို ကြည့်နေမိတယ်။ သူကလေးကလည်း မခေဘူး။ ဆံနွယ်တွေ သပ်တင်သလိုလိုနဲ့ ကျွန်တော့်အကြည့်ခိုးကို ဖမ်းတာ ရုတ်တရက်မို့ နှလုံးခုန်တောင် မြန်သွားတယ်။

သူရော ကျွန်တော့်ကို စိတ်ဝင်စားနေလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စွန့်စားသင့်တယ်လို့ ထင်တယ်။ သူ ကျသင့်ငွေရှင်းတော့ ကျွန်တော်လည်း ကဗျာကယာငွေရှင်းပြီး သူ့နောက်လိုက်ခဲ့တယ်။ တကယ်ပဲ။ သူစောင့်နေခဲ့တယ်။ ဟုတ်တယ်။ အသေအချာပဲ။ ဖြတ်သွားတဲ့ အငှားကားကို မတားဘဲ သူလွှတ်ပေးလိုက်ပေမယ့် သူ့အနား ကျွန်တော်တိုးသွားတော့ မသိချင်ယောင်ဆောင်နေတာ အသည်းယားစရာပဲ။

 ‘ဘယ်မှာနေတာလဲ’ လို့ ကျွန်တော်မေးတော့ သမိုင်းတဲ့။ ကံများကောင်းချင်တော့ စကားဆက်ရတာ လွယ်သွားပြီ။ ‘အစ်ကိုက ရှစ်မိုင်မှာ နေတာ တစ်လမ်းတည်းပဲ။ အတူတူစပ်စီးကြတာပေါ့' လို့ ပြောလိုက်တယ်။ အရာအားလုံးက အဆင်ပြေချောမွေ့နေတယ်။ ကားငှားရတာကအစ ဈေးဆစ်စရာမလိုဘူး။

 နှစ်ယောက်စလုံး နောက်ခန်းမှာ အတူတူထိုင်ဖြစ်ချိန်မှာ မိုးဖွဲဖွဲမစဲဘဲ ရွာနေပြီ။ သူ့ကို မသိမသာကြည့်လိုက်တော့ သူ့အင်္ကျီက နာမည်ကြီးတံဆိပ်အတု ဖြစ်နေပြီး ဂျင်းဘောင်းဘီနွမ်းနွမ်းကလည်း အနားတွေ တော်တော်ဖွာနေတာ တွေ့ရတယ်။ စိတ်မကောင်းစရာပဲ။ ထီးပါလား။ လို့ မေးလိုက်တော့ သူလေးက မပါဘူးတဲ့။ နောက်တစ်ဆင့်တက်တဲ့အနေနဲ့ အစ်ကို့အိမ်မှာ ခဏနားပါလား။ မိုးစဲမှ ပြန်လေ။ လို့ ပြောလိုက်တယ်။ ဒီအကြောင်းပြချက်က ရယ်စရာပဲ။

အကြည့်စူးစူးနဲ့ သူက ဘာမှပြန်မဖြေဘဲ နှုတ်ခမ်းထောင့်ချွန်းလေးပဲ ညွှတ်ကွေးသွားတယ်။ ပါးချိုင့်ကလေးပေါ်ရုံပဲ။ ပြုံးတာမဟုတ်ပေမယ့် ကျွန်တော့်ရင်ထဲ လှိုက်တုန်လှပြီ။ ကျွန်တော့်မျှော်လင့်သလိုပဲ သူက ခြောက်လွှာက ကျွန်တော့်တိုက်ခန်းအထိ မမောမပန်းပဲ အတူတက်လာပါတယ်။ အိမ်ပေါ်ရောက်ရောက်ချင်းပဲ သူက ‘ခင်ဗျားက တစ်ယောက်တည်း နေတာလား’ လို့ မေးတော့ ‘အခုနှစ်ယောက်လေ။ မင်းနဲ့ပေါ့’လို့ ပြောရင်း ရေခဲသေတ္တာထဲက ဘီယာတစ်ဗူးကို ဖောက်ငှဲ့ပြီး သူ့ဆီ တစ်ခွက်ကမ်းပေးလိုက်တယ်။ သူက  ဘာမှမပြောဘဲ ဟက်ကနဲရယ်ပြီး ဘီယာကို တကျိုက်တည်း မော့ချလိုက်တယ်။ စွဲမက်စရာပဲ။

သူ့မျက်လုံးတွေ အရောင်ရင့်လာတာ၊ သူ့နှုတ်ခမ်းတွေ စိုရွှဲသွားတာကို အသက်မရှုဘဲ ကျွန်တော်ငေးကြည့်နေဆဲမှာ ကျွန်တော့်ဘောင်းဘီထက် သူ့လက်လှမ်းလာတယ်။သူကလည်း ကျွန်တော့်လိုပဲ နိဒါန်းတွေ ပျိုးရတာ သိပ်စိတ်ရှည်ပုံမရဘူး။ ဒါမှမဟုတ် ကျွန်တော်က သိပ်စွဲဆောင်မှုရှိလို့ ဖြစ်မှာပေါ့။ ဒါပေမယ့် ဒီအတွေးနှစ်ခုလုံးမှားတယ်ဆိုတာ ကျွန်တော့်ကိုယ်ပေါ်က အဝတ်အစားတွေ မဲ့သွားချိန်မှာ သိလိုက်ရတယ်။ ကျွန်တော့်လည်တိုင်မှာ ထိကပ်ထားတာ သူ့နှုတ်ခမ်းမဟုတ်ဘဲ ခြောက်လက်မဓားမြှောင်ဖြစ်နေတယ်။

အသံကုန်အော်ဟစ်ပြီး အကူအညီတောင်းရမလား။ တဝုန်းဝုန်း တဒိုင်းဒိုင်းရွာနေတဲ့မိုးသံကို ဖုံးအောင် အော်နိုင်တယ် ထားဦး၊ လူတွေက ခြောက်လွှာအထိ တက်လာတယ်ထားဦး သူတို့ရောက်လာချိန်မှာ ကျွန်တော်က ဝတ်လစ်စလစ်နဲ့ အသက်ပျောက်နေမလား။ သူထွက်ပြေးစရာကလည်း တံခါးမကြီးတစ်ခုပဲ ရှိတယ်။ သူက ရှိတာတွေ အကုန်ထုတ်ပေးလို့ ပြောနေတယ်။ ပိုက်ဆံအိတ်ထဲမှာ ရှိသမျှ ယူသွားလို့ ကျွန်တော်အော်ပြောလိုက်မိတယ်။ သူက အင်္ကျီနဲ့ပဲ ကျွန်တော့်ကို ပြန်ချည်ထားပေမယ့် ပါးစပ်ကိုတော့ ဆို့ပိတ်မထားဘူး။

ပိုက်ဆံအိတ်အပြင် ဗီရိုထဲကိုပါ သူမွှေနှောက်ရှာနေတယ်။ တကယ်တော့ ကျွန်တော်က ပိုက်ဆံတွေကို အဝတ်တွေနဲ့ လုံးပြီး အဝတ်ဟောင်းခြင်းတောင်းထဲ ထည့်ထားတာ။ ဒီအထဲမှာ ဘာရွေ၊ငွေတွေ မတွေ့တော့ ကျွန်တော့်အဝတ်တွေကို ယူဖို့ ပြင်တယ်။ ကျွန်တော့်ဖုန်းကလည်း သူ့လက်ထဲမှာ။ ဘာဖြစ်လို့ မျက်ရည်ကျလာမှန်းမသိဘူး။ ငါ့ အဝတ်တွေ ယူမသွားပါနဲ့လို့ ငိုပြောနေမိတယ်။ အဝတ်အစားကောင်းမက်တဲ့ ကျွန်တော့်အတွက် ဒီအဝတ်တွေကို ရန်ကုန်မှာ အကုန်ပြန်ရှာနိုင်ဖို့ သိပ်ခက်တယ်။

သူက သရော်တော်တော်အပြုံးနဲ့ပဲ ကျွန်တော့်လက်မှာ ချည်ထားတာကို လာဖြုတ်ပေးတယ်။ တကယ်က သူ့မျက်နှာကို ကျွန်တော်တစ်ချက်လောက် ထိုးလိုက်သင့်တာ။ ဒါပေမယ့် သူ့ခြေသလုံးကိုပဲဖက်ပြီး ကျွန်တော့်အဝတ်တွေပြန်ပေးဖို့၊ ဖုန်းကို ထားခဲ့ဖို့ ရှိုက်ကြီးတငင်ပြောနေမိတယ်။ သူက ခြေထောက်ကို ခါပြီး ကျွန်တော့်ကို ကန်ထုတ်လိုက်ပေမယ့် လဲကျသွားတဲ့ ကျွန်တော့်အပေါ် အဝတ်အစားအိတ်ပစ်ပေးတယ်။ ဖုန်းကိုတော့ သူက ခပ်လှမ်းလှမ်းမှာ ချထားပေးတယ်။ ၁၉၉ကို ဖုန်းမဆက်ဘူး မဟုတ်လားတဲ့။ ခပ်ထေ့ထေ့ပြုံးပြီး ကျွန်တော့်အခန်းထဲက သူထွက်သွားတယ်။ ဒါပေမယ့် ကျွန်တော့်ဘဝထဲကတော့ မဟုတ်ဘူး။


သူငယ်ချင်းတွေတွေ့တိုင်း ကျွန်တော့်ကို လှောင်တယ်။ မင်းကွာ နိုင်ငံခြားက ပြန်လာပြီး အတိတ်မေ့သွားပြီလား။  မြန်မာပြည်က ကောင်တွေကို ဘာမှတ်နေသလဲ။ သတ်မသွားတာ ကံကောင်းတဲ့။ ဒါပေမယ့် သူက ဒီလို ရက်စက်တတ်သူ မဟုတ်ဘူးလို့ ကျွန်တော်ယုံချင်နေတုန်းပဲ။မိုးသည်းညတိုင်း ကျွန်တော်သူ့ကို သတိရတယ်။ ကြောက်ရွံ့စရာအဖြစ်အပျက်ကို မဟုတ်ပါဘူး။

 သူ ဘာလို့ ကျွန်တော်နဲ့ မအိပ်ခဲ့တာလဲ။ အိပ်ပြီးမှ သူလိုချင်တာ ယူလို့ ရတာပဲ မဟုတ်လား။ ကျွန်တော်က သူ့အကြိုက် မဟုတ်လို့လား။ သူလည်း gayပဲဆိုတာ ကျွန်တော်သိတယ်။ ယောက်ျားချင်းကြိုက်တဲ့လောကမှာ အရိုးများသလေး၊ ချေးခါးသလေးလို့ မရွေးကြပါဘဲ။ ဘာလို့လဲလို့ ကျွန်တော်မေးချင်တယ်။ သူနဲ့ ထပ်တွေ့ရမယ်လို့ မျှော်လင့်ယုံကြည်နေတုန်းပဲ။ ။

မယ့်ကိုး

08 September 2013

အသုံးမကျတဲ့ဇာတ်ကောင်

သူမက စာရေးမယ်ဆိုလျှင် သူမဇာတ်ကောင်ကို အများနှင့်မတူစွဲထင်ကျန်ရစ်သော ရေခဲတောင်လို အေးခဲမာကျောပြီး တစ်စိတ်တစ်ပိုင်းသာမြင်ရသော စိတ်ထားနှင့် bitchy ဆန်သော မိန်းမမျိုးသာ ဖြစ်လိုလှသည်။ ထိုမိန်းမများရဲ့စရိုက်ကို သူမ မကြိုက်လှသော်လည်း သာမန်လူများ ဦးညွှတ်တမ်းတတဲ့ မိန်းမများမဟုတ်ပါလား။

သူမရဲ့ ဇာတ်ကောင်ကိုလည်း ခိုင်မာသော၊ ပြတ်သားသော၊ ရက်စက်သော၊ လှည့်စားတတ်သော၊ စွဲဆောင်မှုရှိသော၊ လိုသမျှရ အောင်မြင်သော မိန်းမမျိုးသာ ဖြစ်လိုလှသည်။ သူမကတော့ ထိုဇာတ်ကောင်မျိုးကို ဖန်တီးနိုင်မည်မဟုတ်။ သူမရဲ့ ဇာတ်ကောင်က အသုံးမကျ ပျော့ညံ့ညံ့မိန်းမသာဖြစ်သည်။

သူမဇာတ်ကောင်သည် နှုတ်ခမ်းကို မဟတဟဖွင့်ကာ ယောက်ျားတကာကို ရူးစေနိုင်သော မိန်းမမျိုးမဟုတ်ဘဲ နှုတ်ခမ်းစူပုပ်ပုပ်ဖြင့် အဖော်မဲ့နေလိုသော မူလတည်းက ရူးတူးတူးမိန်းမသာဖြစ်သည်။ ကိစ္စများကို သွေးအေးအေးဖြင့် ဖြေရှင်းတတ်သော မိန်းမမဟုတ်ဘဲ ထိခိုက်မိသောအခါ ဘာမှမဖြစ်သလို နေပြီးမှ တအုံ့နွေးနွေးပူဆွေးတတ်သော မိန်းမဖြစ်သည်။ သူမရဲ့ဇာတ်ကောင်သည် အကြောင်းပြချက်မရှိဘဲလည်း ငိုတတ်သည်။

လွန်လေပြီးသောအခါက ဇာတ်ကောင်ရဲ့အစ်မက ဇာတ်ကောင်ကို ဘဲဥချဉ်ရည်ဟင်းချက်ကျွေးမယ်။ လာစားဟု ခေါ်သည်။ ဇာတ်ကောင်က အင်း။လာမယ်လို့ ပြောပြီးနောက် ပျင်းပြီး အပြင်မထွက်ချင်တော့ပေ။ ထိုအခါ ဇာတ်ကောင်အစ်မက ဖုန်းဆက်သောအခါ မလာတော့ဘူးနော်လို့ ပြောပြီး အစ်မက ဟင်းတွေချက်ထားရတာ သနားပါတယ်လို့ဆိုကာ တစ်ယောက်တည်း ရှိုက်ကြီးတငင်ငိုခဲ့သော ဇာတ်ကောင်ဖြစ်သည်။

သိပ်မကြာသေးခင်ကလည်း မိတ်ဆွေအစ်မတစ်ယောက် ကိုယ်ဝန်ရတော့ ‘သမီးကို မွေးစားပါလား’ လို့ မစနောက်ရတော့မှာကို ဝမ်းနည်းတတ်သော စိတ်ပျက်စရာဇာတ်ကောင်လည်း ဖြစ်သည်။ ‘ No family wants to adopt me’ လို့ ရေးပြီးနောက် ဖြေမဆည်နိုင်သလို ငိုနေခဲ့သော ဇာတ်ကောင်လည်းဖြစ်သည်။ ဇာတ်ကောင်ရဲ့အမေက ‘နင့်ကို ဘယ်သူမှ မချစ်ဘူး။ နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ’ ဆိုတဲ့စကားကို ပြန်ကြားလိုက် ငိုလိုက်နဲ့ အရူးလို ကြေကွဲတတ်သော ဇာတ်ကောင်လည်း ဖြစ်သည်။

သူမသည် မိန်းမတိုင်း စိတ်ကူးယဉ်တောင့်တကာ လိုချင်တဲ့ပုံရိပ်ဖြစ်သော ဇာတ်ကောင်ကို ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်ပေ။ လူဘုံအလယ်မှာ ဝင့်ထယ်သော၊ မျက်လုံးလေးပြူးကြည့်ရုံနဲ့ ယောက်ျားတွေ ဗုံးဗုံးလဲကြွေသော၊ စီးကရက်မီးခိုးများအကြားတွင် ရီတီတီ ညှို့ငင်သော မျက်လုံးများနှင့် သေစေလောက်သော၊ ဖြေဖျော်မှုတွင် လေဒီဂါဂါပင် ရှုံးသော မိန်းမမျိုး။လူတကာ တပ်မက်ကြသည်က ကြည်အေးရဲ့ မီ လို၊ လေရူးသုန်သုန်ထဲက စကားလက်လို ဇာတ်ကောင်မျိုး။

 

ဘဝမှာ မရတာမရှိစေရ ။ လိုချင်တာ ရယူဖို့ဆို အကြောက်တရားမဲ့၊ အရှက်ကို ဘေးဖယ်ကာ၊ ငဲ့ညှာမှုကင်းကင်းနဲ့ လက်ရဲဇက်ရဲ ရယူနိုင်သော မိန်းမမျိုး။ တားဆီးသူမှန်သမျှ တိုက်ခိုက်ချေမှုန်းနိုင်ပြီး လိုချင်သော နေရာကိုသိ၊ ရအောင်နေသော မိန်းမမျိုး။ သူတကာပေါ် ဆရာကြီးလုပ် ဦးဆောင်လွှမ်းမိုးနိုင်သော မိန်းမမျိုး။ လူတွေရဲ့ခေါင်းပေါ်မှာ စင်္ကြံလျှောက်ပြီး အောင်မြင်မှုသရဖူဆောင်းကာ ကျရှုံးစကား မကြားဖူးသော မိန်းမမျိုး။ ထိုထို အကြောက်ကင်းသော၊ မတုန်လှုပ်သော၊ ရက်စက်သော၊ အောင်မြင်သောမိန်းမမျိုးကိုမှ ကိုးကွယ်ချင်သောသူများအတွက် သူမရဲ့ ဇာတ်ကောင်က အလုပ်မဖြစ်ပေ။

သူမကတော့ ထိုမိန်းမမျိုးနဲ့ အလှမ်းကွာသော အဖြစ်မရှိတဲ့ဇာတ်ကောင်နှင့်သာ နှစ်ပါးသွားနေရသည်။ ထိုဇာတ်ကောင်ကို သူမ မြေမြှပ်မှ ဖြစ်တော့မည် ထင်သည်။ ရေထဲတွန်းချရင် ကောင်းမလား။ အဆိပ်ကျွေးရင် ကောင်းမလား။ လျှပ်စစ်ဓာတ်ပေးရင် ကောင်းမလား။

 သူမ စဉ်းစားကာ စိတ်ပျက်နေရဦးမည်။ ။ 

မယ့်ကိုး