01 January 2013

လူကြီးလူကောင်းများအား မလိုအပ်သောကမ္ဘာ


၂၀၁၂ မှာ နောက်ဆုံးကြည့်ခဲ့သောရုပ်ရှင်မှာ 'The Tale of Despereaux' ဆိုတဲ့ ကာတွန်းကားလေးဖြစ်ပါတယ်။ဒတ်စပရိုဒ်လို့ အမည်ရတဲ့ မွေးကတည်းက ထူးထူးခြားခြားရဲရင့်ခဲ့သော ကြွက်ကလေးတစ်ကောင်အကြောင်းပါ။ ကြောက်တတ်အောင်သင်ကြားခံရပေမယ့် ရဲဝံ့စွန့်စားလို့ မိဘအသိုင်းအဝိုင်းက စွန့်ပယ်ခြင်းခံရပေမယ့် သတ္တိမလျှော့ခဲ့သော ကြွက်ကလေးရယ်လေ။ ချိုမြတဲ့ပုံပြင်တွေထဲက မင်းသားလေးတွေလိုမျိုး ဘုရင့်သမီးတော်လေးကို အသက်ဘေးရန်က စွန့်စားကယ်တင်ခဲ့သော ကြွက်ကလေးလည်း ဖြစ်ပါတယ်။


ကျွန်မ သဘောအကျဆုံးအခန်းကတော့ မင်းသမီးလေးနှင့် ဒတ်စပရိုဒ် စတင်တွေ့ဆုံချိန်မှာ မင်းသမီးလေးက ‘Are you a mouse?’ လို့မေးတော့ ဒတ်စပရိုဒ်က ‘No,I’m a gentleman.’ လို့ ပြန်ဖြေချိန်ဖြစ်ရဲ့။ gentleman လူကြီးလူကောင်းတဲ့လား။ ကြည့်ပါဦး။ ကြွက်ကလေးက လူကြီးလူကောင်းဖြစ်ချင်တယ်တဲ့။ သဘောတကျပြုံးမိပေမယ့် လည်သူစားစတမ်းခေတ်အကြောင်းတွေးမိတော့ မရွှင်လန်းနိုင်တော့ပါဘူး။ လူကြီးလူကောင်းဆိုတာ ဘယ်လိုအရည်အချင်းတွေ ရှိရမှာလဲ။ မွန်ရည်သောအမျိုးကောင်းသားဆိုသော ဘာသာပြန်ချက်တစ်ခုတည်းနှင့်တော့ မလုံလောက်ပြီပဲ။ စာရေးဆရာ မူရာကာမိရဲ့ နော်ဝေရဲ့တောအုပ် (Norwegian Wood by Haruki Murakami) စာအုပ်ထဲမှာ လူကြီးလူကောင်းဖြစ်ချင်တယ်လို့ ဇာတ်ကောင် နာဂါဆိုဝါက ပြောခဲ့ဖူးတာကိုလည်း အမှတ်ရနေဆဲ။   စာအုပ်ထဲက စကားပြောခန်းတစ်ခုမှာ လူကြီးလူကောင်းဆိုတာ လုပ်ချင်တာကို မလုပ်ဘဲ၊  လုပ်သင့်တာကိုလုပ်တာလို့ နာဂါဆဝါကတဆင့် မူရာကာမိက အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။


လူ့လောကမှာ အမြင့်ကို သူဘယ်မျှတက်လှမ်းနိုင်ကြောင်း စမ်းသပ်ချင်ခဲ့သော၊ မိန်းကလေးပေါင်း အယောက် (၇၀) ကျော်နှင့်အိပ်ခဲ့သော၊ သူ့ကို အသက်ထက်ပိုချစ်သော မိန်းကလေးကို ထားရစ်ကာ ဘဝတက်လမ်းကိုသာ ရွေးချယ်ခဲ့သူ နာဂါဆာဝါဟာ ပညာတတ်လူရည်လည်ဥာဏ်ရည်မြင့်သူ လူကုံထံတစ်ယောက်မျှသာလား။ စိတ်နေမြင့်သူ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာဦးမှာလား။

Anyway,who cares about gentlemen?
No woman cares.
Yes,at least I don’t care.

ဘာဖြစ်လို့လဲလို့မေးပါလျှင် အဖြေက အရှင်းလေးသာရယ်။ ကျွန်မ မရင့်ကျက်သေးပါဘူး။ ဒီလို ကျွန်မလိုပဲ မရင့်ကျက်သေးသူ အမျိုးသမီးတွေဟာ လူကြီးလူကောင်းတွေကို အရေးမထားကြပါဘူး။ သူတို့တွေဟာ လူဆိုးလူပေလို့ အမည်ဆိုးနဲ့ကျော်ကြားသူများကိုသာ လူကြီးလူကောင်းဆိုသူတွေထက်ပိုပြီး စိတ်ဝင်စားချစ်ခင်ကြတယ်လို့ Anita K.McDanielရဲ့ “Young Women’s Dating Behavior: Why/Why not Date a Nice Guy?” စာတမ်းမှာ ဆိုထားပါတယ်။


အဲဒီစာတမ်းရဲ့စာမျက်နှာသုံး မှာ Herold and Milhausen (1999) က လေ့လာချက်အရ အမျိုးသမီးတွေဟာ သဘောကောင်းဖော်ရွေသော ယောက်ျားလေးတွေကို ယောက်ျားမာန်ချို့တဲ့သော၊ အားနည်းသော၊ ခန့်မှန်းရလွယ်သော၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော၊ အတွေ့အကြုံမရှိသော၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသော၊ ဆွဲဆောင်မှုမရှိသော ယောက်ျားများလို့ မှတ်ထင်ကြပါသတဲ့။ ယောက်ျားလေးတွေကလည်း မိန်းမကောင်းဆိုသူများကို ထိုသို့ပင် တွက်ဆလေ့ရှိကာ မိန်းမဆိုးများကိုသာ နှစ်သက်သဘောကျလေ့ရှိပါသတဲ့။ဒါကြောင့်လည်း Why Women Love Jerks ? Why Men Love Bitches? ဆိုသော မေးခွန်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါလိမ့်မယ်။



ခက်တာက ထိုနှစ်သက်စိတ်ကူးယဉ်မှုများဟာ အချစ်တစ်ခုထဲမှာသာမက လူမှုပေါင်းသင်းဆက်ဆံရေးအားလုံးအပေါ်မှာပါ အကျုံးဝင်နေသလားလို့ တွေးဆမိလာတာဖြစ်ပါတယ်။ ကျွန်မရဲ့ ရှုခင်းမှာ လူစုလူဝေးလိုက် ကြည်ညိုသဒ္ဓါပွား ညွတ်တွားခယခံနေကြသူများမှာ လူကြီးလူကောင်းဆိုသူများမဟုတ်ဘဲ လူပေါ်လူဇော်များသာ။ အနိုင်ကျင့်ဗိုလ်ကျမှုများကိုသာ သြဘာပေးကြ၊ လက်ခုပ်တီးကြ၊ ချီးကျူးထောက်ခံကြတဲ့ ကာလ။ တိရစ္ဆာန်တွေလိုပင် အင်အားကြီးသူက အင်အားနည်းသူသတ်ဖြတ်စားသောက်နေကြမှုများကလည်း မမြင်ချင့်အဆုံး။ လူယုတ်မာများကိုသာ အောက်ကျို့တတ်သော၊ ယုံကြည်မှု မခိုင်မြဲသော၊ ကြောက်ရွံ့အားနည်းတွေဝေတတ်သောလူပင်လယ်ကြီးက လက်တစ်ကမ်းမှာလေ ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ အနိုင်ရသူသာ အမှန်တရားအကြောင်း တရားဟောနိုင်တာမဟုတ်လား။

ဒီကမ္ဘာကြီးပေါ်က လူတွေရဲ့ ဓလေ့ပေါ့။ သဘောကောင်းမှုကို အခွင့်ကောင်းအဖြစ်အသုံးချမယ်။ သည်းခံမှုကို အားနည်းမှုအဖြစ်မြင်မယ်။ ရိုးဖြောင့်သူဆိုတာ ခန့်မှန်းရလွယ်သောကြောင့် နောက်ကျောက ဓားတွေကိုလက်ခံရရုံမက ရှေ့တည်တည်ကပင် အရှိုက်ထိုးခံရနိုင်တယ်လေ။ ပလီဆိခြောက်ချက်၊ ကလိမ်စေ့ငြမ်းစင်မပြောတတ်သောကြောင့် စကားများဟာလည်း ငြီးငွေ့ဖွယ်အတိ ဖြစ်နိုင်တယ်။

မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ခိုင်မာသောစိတ်သတ္တိလို့မမြင်ဘဲ အတွေ့အကြုံမရှိသော သရဲဘောကြောင်သူလို့ မြင်ကြမယ်။ တိုက်ခိုက်ထိုးနှက်ပြီး ရှေ့ထွက်မရပ်ချင်သောအခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသူဟု စွပ်စွဲကြမယ်။ နှိမ့်ချသူကို ဘယ်သူကမှ ပြည့်ဝသူလို့ မထင်ဘူး။ အားနည်းချို့ယွင်းနေတယ်လို့ မြင်တယ်။ အထင်သေးနှိမ့်ချတယ်။ စော်ကားအနိုင်ကျင့်တယ်။ ဆရာလုပ်မောက်မာတယ်။ ရိုင်းစိုင်းဗိုလ်ကျသူကိုသာ ရှိခိုးဦးတင်ပူဇော်တဲ့ လူ့အဖွဲ့အစည်းပေါ့။

ထိုသို့သော အချက်အလက်များမှာ ၂၀၁၂ ခုနှစ် အတွင်းကျွန်မ သင်ကြားခံခဲ့ရသော ၊ နှလုံးသွေးပျက်စွာ လက်ခံလိုက်ရသော လူ့ဘောင်အဖွဲ့အစည်းအကြောင်းဖြစ်ပါတယ်။ ရုပ်ရှင်က ပေးသော ရွည်ရွယ်ချက်မှာ ကောင်းမွန်ပေမယ့် ရုပ်ရှင်ကပြောသလို ကျွန်မတို့ လူ့အဖွဲ့အစည်းမှာရော စိတ်ထားကြီးမြင့်သော လူကြီးလူကောင်းများအတွက် ကြိုဆိုကမ်းလှမ်းနေရာပေးမှုဆိုတာရှိရဲ့လားလို့ ကျွန်မ သံသယဖြစ်ဆဲရယ်။

ဒါကြောင့် ဒီကမ္ဘာမှာ အပြစ်ကင်းအောင်ကြိုးစားအသက်ရှင်နေသူတွေအတွက် နေရာ အသေအချာရှိပါသေးတယ်လို့ အာမခံပြောလာရင်တောင် ကျွန်မ တွေဝေနေတော့မှာပါ။ ကျွန်မ မယုံနိုင်သေးဘူး။ ဒါပေမယ့် လူ့သဘာဝအကြောင်း မသိသေးသော  လူကြီးလူကောင်းဖြစ်ချင်တဲ့ ဒတ်စပရိုဒ်လေး ကံကောင်းပါစေ။ မှန်ကန်တဲ့စိတ်ကလေး ဆက်လက်မွေးမြူနိုင်ပါစေလို့တော့  သက်ပြင်းချရင်း ဆုတောင်းနေဆဲဖြစ်ပါတယ်။  ။

ချစ်ခင်လေးစားစွာဖြင့်
မယ့်ကိုး

(ညီမလေး ခင်သန္တာအောင် ရေးခိုင်းတဲ့ ၂၀၁၂ မှာ တဂ်စာရဲ့ တစ်ပိုင်းတစ်စ နောက်ဆုံးကြည့်ခဲ့ဖူးသော ရုပ်ရှင်အကြောင်းဖြစ်ပါတယ်။)

9 comments:

Ma Tint said...

တဂ်စာကို တဂ်စာကျွေးတဲ့လူထက် ဦးအောင် ဖတ်သွားပြီ မယ့်ကိုးရေး)
နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

နှစ်သစ်လေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ။
နှစ်သစ်ရဲ့ ပထမဆုံးရက်လေးမှာ ရောက်ခဲ့ပါကြောင်း


ချစ်ခြင်းအားဖြင့်
အလွမ်း

အပြုံးပန်း said...

ဒီလို စာမျိုးရေးလို့ သဘောကျတယ်။

သဒ္ဓါလှိုင်း said...

နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး တောင့်တသောအရာအားလုံး ပြည့်ဝမှာပါ
Happy New Year !!!
ချစ်ခင်စွာဖြင့်
သဒ္ဓါ

လသာည said...

ကြိုက်တယ်...

မယ့် စာအုပ် ၀ယ်ခဲ့ပြီ။ နောင်ကြုံရင် လက်မှတ်အမှတ်တရ ထိုးပေးနော်။

မမ

Anonymous said...

[url=http://cytotecdirectly.com/#xowhm]cheap cytotec[/url] - cytotec online without prescription , http://cytotecdirectly.com/#ypbmy cheap generic cytotec

ကိုကိုမောင်(ပန်းရနံ့) said...

ရေးထားတာတွေက အခုဖြစ်ပျက်နေတဲ့ ၀န်းကျင်နဲ့ ကွက်တိပါဘဲ။ မြင်တတ်တယ်နော်။ ရုပ်ရှင်ကြည့်ရင်းကနေ တကယ့် အကျိုးရှိတဲ့ အတွေးအခေါ်စာတွေ ထွက်ပေါ်လာတယ်။

မြသွေးနီ said...

မယ့်ညီမရေ..
လူကြီးလူကောင်းဆိုသူတွေ တို့တွေရဲ့ ပတ်ဝန်းကျင်မှာ အလျှံအပယ်ပါပဲ။ အများစု လက်ခံသဘောကျတဲ့ စရိုက်တွေထက်၊ လူစိတ်မ၀င်စားတဲ့၊ လူတွေမနှစ်မြို့ ပစ်ပယ်တတ်တဲ့ စရိုက်တွေကို ပိုစိတ်ဝင်စားမိတယ်။ သူတို့ဆီက ရလိုက်တာတွေက အဲ့ဒီလူကြီးလူကောင်းတွေမှာ မရှိတဲ့ ရှားပါးတဲ့ နှစ်သက်စရာ ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်နေတာကိုလည်း အံ့သြစဖွယ် ကြုံခဲ့ဖူးတယ်။

ရိုးမြေကျ said...

နောက်ဆုံးမှာ အနိုင်ရသူသာ အမှန်တရားအကြောင်း တရားဟောနိုင်တာမဟုတ်လား။
ခုလောလောဆယ် ခံစားချက်နဲ့ တော်တော်တိုက်ဆိုင်နေတယ်။ မယ့်ရယ် ခုလောကကြီးက လူညီရင် ဤ တောင် ကျွဲဖြစ်သွားတာ။ ကျွဲလဲ ကျွဲပစေတော့ ရှင်းပြနေရတာမောတယ်။ ဒီအတိုင်းပဲ ပစ်ထားလိုက်တာ နားအေးတယ်မလား မယ့်။