04 March 2013

လူယောင်ဆောင်သူများ

တစ်နေ့မှာတော့ ကျွန်မရဲ့ ခင်ပွန်းမှာ ကြောင်ဖြစ်တယ်လို့ သူငယ်ချင်းက သတင်းပေးလာခဲ့တာ။ ‘ဘယ်လို’ ဟုဆိုကာ မယုံနိုင်အောင်ရှိဆဲ သူငယ်ချင်းက စကားဆက်မဆိုတော့ဘဲ ‘နောက်မှ သေချာပြောမယ်။ ခုတော့ အရေးကြီးကိစ္စရှိလို့’ ဆိုကာ ရုတ်ချည်း နှုတ်ဆက်ထွက်ခွာသွားရဲ့။ ‘မဖြစ်နိုင်ဘူး။ ကိုက ကြောင်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး’ ။ သဘာဝမညီ ယုတ္တိကင်းသော အရာမို့ မယုံကြည်လက်မခံနိုင်ပေမယ့်  ဒီအသံပဲ ပဲ့တင်ထပ်ကာ အာရုံနောက်နေခဲ့။

ကိုဟာ ငါးကြော်ကို ခုံခုံမင်မင်စားတတ်တာ၊ နွားနို့ကို တော်တော်လေးကြိုက်တာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအစားအစာတွေကို လူအများစု နှစ်သက်ကြတာ မဟုတ်လား။ ပြီးတော့ ကိုက ကြွက်တွေနဲ့ ပက်သက်ပြီး ထူးခြားပြနာမရှိပါ။ ကိုက ကြွက်တွေကို ထောင်ချောက်ဆင်ဖမ်းတတ်တာလည်း လူသာမန်တို့ ပြုနေကျကိစ္စမဟုတ်လား။ တခြားလူတွေနဲ့ခြားနားအောင် ကိုနဲ့ကြောင်အကြား ထူးထူးခြားခြားဘာတူညီမှ မရှိပေမယ့် ကျွန်မမှာ ကို့ကို အရင်လို ညဖက်မအိပ်ဘဲ နေ့လည်နေခင်း တရေးတမော အိမ်မနေစေချင်ပါ။
‘ကို ဒီညကစပြီး စောစောအိပ်၊စောစောထနော်’ လို့ ပြောမိတော့ ကိုက ကျွန်မကို စူးစမ်းကြည့်နဲ့ ဘာလို့လဲ လို့မေးပါတယ်။ ‘ကြောင်တွေက ညဖက်မအိပ်ဘဲ နေ့ဖက်မှာပဲ အိပ်တာလေ၊ လူတွေက ကို့ကို ကြောင်နဲ့တူတယ်လို့ လူတွေက ပြောမှာစိုးလို့’ လို့ ဖြေလိုက်တော့ ကိုက ဟာသတစ်ခုကြားသလို ဟက်ဟက်ပက်ပက်ရယ်ပါတယ်။ ကျွန်မစကားတွေကို ကိုရယ်ရင် နာသာခံခက်ရှိလှပေမယ့် ဒီတစ်ခါတော့ ကိုနဲ့ ကြောင်တွေအကြား ဘယ်လို တူညီသက်သေမှ မရှိရအောင် ကျွန်မစွမ်းဆောင်ကြည့်ချင်သေးတာ။ ကိုဟာ ကြောင်မဟုတ်ဘူးဆိုတာ သူငယ်ချင်းကအစ ပတ်ဝန်းကျင်အဆုံးသိအောင် သက်သေပြချင်သေးတာ။ 

ကျွန်မ သူငယ်ချင်းဆီ မဝံ့မရဲဖုန်းဆက်လိုက်ပါတယ်။ ကို့ကို ကြောင်လို့ ဘာလို့ပြောတာလဲ။ လို့ မေးလိုက်တော့ သူငယ်ချင်းက ဘာမှမဖြေရှင်းဘဲ ‘ဆောရီးပဲ။ အဲဒီနေ့တွေက ငါသိပ်ပင်ပန်းနေလို့ ဖြစ်မယ်။ နင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စကားတွေ ပြောမိတယ်’ လို့ ဆိုတာကြောင့် သူငယ်ချင်းအတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားခဲ့ရ။ သူငယ်ချင်းလေး သနားပါတယ်။ သူ့ခမျာ သူ့ခင်ပွန်းနဲ့ ကွာရှင်းပြတ်စဲဖို့ ကြိုးစားနေတာမို့ စိတ်ဂယောင်ချောက်ချားတွေများ ဖြစ်သွားလေသလားမသိ။

ကျွန်မ ဖုန်းချပြီး အချိန်ကြာငြိမ်သက်နေမိတာ ကိုက ဗိုက်ဆာပြီလို့ လာပြောချိန်အထိရယ်။ ‘ခုနလေးကတင် ကို လက်ဖက်ရည်နဲ့ မုန့် စားထားတာလေ’ လို့ ကျွန်မ ပြန်မပြောဖြစ်ပါဘူး။ ကိုဟာ ကြောင်တွေလို အစာနည်းနည်းနဲ့ ခဏခဏစားတတ်တာတော့ အမှန်ပါပဲ။ ကိုဟာ ကြောင်များဖြစ်နေမလား။ ‘Cats know how we feel. They don't care, but they know.’ ဆိုတဲ့ ဆိုရိုးစကားကြားဖူးရဲ့ ။ ကြောင်လိုပဲ ကိုဟာ ကျွန်မခံစားနေရတာတွေ နားလည်ပေမယ့် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူး။ ကို ကျွန်မကို ကြင်နာချိန်တွေဟာ သူတစ်ခုခုလိုအပ်ချိန်သာ ။

ကျွန်မက ကို့အတွက် ထမင်းပွဲပြင်ပေးရင်း ‘သတ္တဝါတိုင်း အတိတ်ဘဝက ဘာဖြစ်ခဲ့တယ်ဆိုတာ သိရင်ကောင်းမှာနော်။’ လို့ အဆက်အစပ်မရှိတဲ့ စကားပြောလိုက်မိပါတယ်။ ဒီအကြောင်းအရာကို စိတ်မဝင်းစားတဲ့ကိုက စကားနည်း၊နားအေး အင်း … လို့ပဲ ပြန်ဖြေတာကြောင့် ‘ကိုဟာ ကြောင်ဝင်စားတာ ထင်တယ်နော်’ ဆိုတဲ့ သံသယအုံဖွဲ့စကားကို ဆက်မပြောနိုင်တော့ဘဲ ရေငုံနှုတ်ပိတ်ထားလိုက်ရတော့တာ။

ဟုတ်တယ်။ ကိုဟာ ကြောင်ဝင်စားတာ ဖြစ်နိုင်တာရယ်။ ထမင်းစားချိန်၊အိပ်ချိန်က လွဲလို့ ကိုဟာ ကျွန်မအနားမှာ မရှိဘဲ အိမ်စဉ်လျှောက်လည်တတ်တယ်။ လို့ တောင်တောင်မြောက်မြောက် စဉ်းစားနေခိုက်မှာပဲ ကိုဟာ ကြောင်ဝင်စားလား။ လူယောင်ဆောင်ထားတဲ့ ကြောင်လားဆိုတာ သိခွင့်ရခဲ့တာ။ ကိုဟာ မပြောမဆိုနဲ့ တစ်ပတ်လောက်အိမ်ပြန်မလာတော့ပါဘူး။ ကျွန်မဟာ အသိမိတ်ဆွေသူငယ်ချင်းတွေဆီ ဖုန်းဆက်ရ၊ရဲစခန်းမှာ လူပျောက်ကြေငြာရ၊ ဆေးရုံတွေရဲ့ အရေးပေါ်နက ဖုန်းဆက်ခေါ်ရင် သွားကြည့်ရနဲ့ ရူးတော့မလိုဖြစ်သွားပါတယ်။

အဲဒီအတောအတွင်း လမ်းမထက်မှာ ပူလောင်ဆူဝေစွာ မျက်ရည်အပြည့်နဲ့ ကျွန်မလျှောက်သွားနေခိုက်မှာ ‘ကြောင်တွေက အဲလိုပဲ။ နှစ်ပတ်သုံးပတ်လောက် အိမ်ကနေ ရုတ်တရက်ပျောက်သွားတတ်တယ်။ စိတ်မပူပါနဲ့။ ပြန်ရောက်လာတတ်ပါတယ်’ လို့ သူငယ်ချင်းက အေးအေးဆေးဆေးပဲ ဖုန်းဆက်လာပါတယ်။ ကျွန်မ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ ကျွန်မတတ်နိုင်တာ စောင့်စားဖို့တစ်ခုသာ ရှိတော့တာရယ်။ ကျွန်မဟာ ရင်ထဲက ဗျာပါဒတွေကို လှည်းထုတ်ပြီး တတ်နိုင်သမျှ ဖြေဆည်ရာရှာပါတယ်။ ညမှောင်မှောင်မိုက်မှာ ကို ခရီးသွားရင်း ဒုက္ခရောက်မလားလို့တော့ စိုးရိမ်စရာမရှိပါဘူး။ ကြောင်တွေလို ကို့မျက်လုံးတွေဟာ ညဖက်မြင်နိုင်တယ်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းပြည့်တဲ့ကိုဟာ ရောက်ရာအရပ်မှာ အဆင်ပြေမှာပါလို့လည်း  မဝံ့မရဲမျှော်လင့်မိဆဲ။

ပြီးတော့လည်း အင်တာနက်ကတဆင့် လူယောင်ဆောင်ထားတဲ့ကြောင်တွေအကြောင်း သတင်းအချက်အလက်ကိုရှာရင်းလည်း သောကတွေ တတ်နိုင်သမျှ လျော့ပါးနည်းစေဖို့ ကြိုးစားမိရဲ့။ မယုံကြည်ချင်ပေမယ့် ‘လူယောင်ဆောင်ထားသော ကြောင်တွေရဲ့ မိန်းမများအသင်း’ ဆိုတဲ့ အွန်လိုင်းအဖွဲ့မှာလည်း အသင်းဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီအသင်းကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့တာ အလွန်ပဲအကျိုးရှိခဲ့တာ။

တခြား သီလရှိဖြူစင်သူမျက်နှာဖုံးနဲ့ ဒုက္ခပေးယုတ်မာတတ်တဲ့ ကြောင်သူတော်တို့၊ ဇတ်တူသား အချင်းချင်းသာမက ကိုယ့်သွေးသားကိုပင် သေလောက်တဲ့အထိ မကောင်းကြံနှိပ်စက်တတ်တဲ့ကြောင်စုန်းအကြောင်းတို့ကိုလည်း လေ့လာခွင့်ရခဲ့တာ။ သူတို့ဆီမှာ ကိုယ့်ခင်ပွန်းနဲ့ ပက်သက်တဲ့ မေးခွန်းသုံးရာလောက်မေးပြီး (A,B,C,D) တွေထဲက တိုက်ဆိုင်မှန်ကန်တာ တစ်ခုကို ရွေးခိုင်းတဲ့အခါ မေးခွန်းတွေအားလုံးဖြေပြီး ထွက်လာတဲ့အဖြေက ကိုဟာ သာမာန်ကြောင်သာဖြစ်ပါသတဲ့။

ကိုဟာ ရိုးရိုးကြောင်သာဖြစ်ကြောင်း သက်သေပြထားတဲ့အချက်အလက်တွေထဲမှာ အခါးသီးဆုံးမှန်ကန်မှုတွေကတော့ ကိုဟာ ကျွန်မကို မချစ်ဘူး။ အစာရဖို့ ချွဲနွဲ့ပြောတတ်တဲ့ ကြောင်တွေလို နေစရာ၊စားစရာနဲ့ သွေးသားလိုအင်တွေအတွက်သာ  ကျွန်မကို ခဏတာ ချစ်ယောင်ပြခဲ့တာ။ ကြောင်တွေဟာ ကိုယ့်အိမ်က ကျွေးသမျှနဲ့ မရောင့်ရဲတတ်ဘဲ အိမ်စဉ်လည်ကာ အစားတောင်းစားတတ်သလို ကိုကလည်း ကျွန်မ မမြင်ကွယ်ရာမှာ မိန်းကလေးမြောက်များစွာနဲ့ အပျော်ရှာခဲ့တာ။ ကြောင်တွေဟာ သူတို့ပိုင်ရှင်များကို သခင်လို့ သဘောမထားတတ်ဘဲ ကြုံရာလူကို ချစ်ခင်ချွဲနွဲ့တတ်သလို ကိုကလည်း သူ့ကိုယ်သူ ကျွန်မရဲ့ ပိုင်ဆိုင်သူလို့ သဘောမထားဘဲ သက်ဆိုင်ခြင်းပင် မရှိလေဟန် ကျွန်မရဲ့မျက်မှောက်မှာတင် အွန်လိုင်းက အမျိုးသမီးပေါင်းသောင်းခြောက်ထောင်နဲ့ ချိုချိုအီအီဆိုခဲ့တာ။

မေးခွန်းနဲ့အဖြေတွေကို ပြန်ဖတ်ကြည့်တိုင်း ကိုဟာ ကျွန်မကို တစ်သက်တာလုံး သစ္စာရှိမယ်ဆိုတဲ့ ကတိကို လိမ်ညာစကားအဖြစ် နားလည်လက်ခံလိုက်ရပါတော့တယ်။ ကျွန်မကို မဖောက်မပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ဆက်လက်မဆုပ်ကိုင်တော့ဘဲ လွှတ်ချစိတ်လျှော့လိုက်ရပြီလေ။  ကို ပျော်သလိုနေပါစေ။ ကျွန်မလည်း နေသာသလို နေပါတော့မယ်။ ဒီလိုနဲ့ စိတ်ထွက်ပေါက်မဲ့စွာ ဆံပင်ညှပ်ဖို့ မကြိုးစားတော့ဘဲ အိမ်သန့်ရှင်းရေးပဲ လုပ်နေမိတော့ရဲ့။ အခန်းဖွဲ့ပြင်ဆင်မှုကို အာရုံစိုက်နေမိလို့ ဘာမှမဖြစ်ခဲ့သလိုပုံစံနဲ့ ကို အိမ်ပြန်ရောက်လာတာတောင် ကျွန်မ မသိခဲ့ပါဘူး။ ကိုဟာ ကြောင်ပီပီ ခြေသံသိပ်လုံလို့လည်း ဖြစ်ပါလိမ့်မယ်။          ။
.........................................................................................................................



video
ဒီဝတ္ထုတိုကို VOA မြန်မာပိုင်းအစီအစဉ်မှာ ဆရာမမေငြိမ်းက စေတနာအပြည့်နဲ့ ဝေဖန်သုံးသပ်ထားခြင်း ဖြစ်ပါတယ်။ ကြည်နူးနှစ်သိမ့်ဖွယ် တင်ပြခဲ့တဲ့ ဆရာမမေငြိမ်း၊ သက်တံ့ဆယ်စင်း စာအုပ်စီစဉ်ထုတ်ဝေသူ ကိုရန်အောင် နဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးအထူးပါရှင်။
 ဆက်ရန်ကို သက်သေမဲ့အမှုမှာ ဖတ်နိုင်ပါတယ်။

မယ့်ကိုး
 

17 comments:

ရိုးမြေကျ said...

ဒီဝတ္ထုလေးက ဖတ်ပြီးသားမယ့်ရေ။ သက်တန့်ဆယ်စင်း စာအုပ်ထဲကလေ။ ဟုတ်တယ်မလားမယ့်။

Anonymous said...

ဒီဝတ္ထုလေးကြောင့်
မယ်ကိုးတစ်ဖြစ်လဲ မယ့်ကိုးရဲ့စာတွေကို
ကျမ သဘောကျသွားရတာ..း)

Anonymous said...

အင်း... ကျွန်မရဲ့ ခင်ပွန်းလည်းလူယောင်ဆောင်ထားတဲ့ ကြောင်ပဲထင်ပါရဲ့။

မြသွေးနီ said...

သေချာတာက..
အခုနောက်ပိုင်း...
ကြောင်တွေကို သေချာ သတိထားတတ်လာတယ်..

ထရီဆာ said...

သူမတူတဲ့ အရေးအသားနဲ့ ညီမလေး မယ့်ကိုးရဲ့ ရည်ညွှန်းချက်လေးကို နှစ်သက်မိပါရဲ့ရှင် ..

ဒီလိုကြောင်တွေ ဒုနဲ့ဒေးပေါ့ကွယ် :)

Ma Tint said...

သက်တံဆယ်စင်း တီတင့်ရဲ့ လက်ထဲရောက်ခဲ့ချိန်မှာ ဖတ်ခဲ့ပေမယ့် ပြန်ဖတ်ဖြစ်သွားတယ်။ ထိန်းချုပ်ဘို့ ခက်ခဲတဲ့ လူ့စိတ်ဟာ ထင်တာထက် ပိုကြောက်စရာပေါ့ မယ့်ကိုးရေ ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

ကြောင်အထီးတွေကော ကြောင်အမတွေကော
ရောပြွမ်းနေကြလေရဲ့ ညီမ။ ဒါကြောင့် ဒီကမ္ဘာကို ကြောင်ကမ္ဘာလို့ နာမည်ပေးလိုက်ရင်များ ကောင်းလေမလားဘဲ။

မိုးငွေ့........ said...

ကြောင်ကို ကိုယ်စတွေ့ခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကပေါ့..

မိုးညချမ်း said...

သူမတူ အရေးအသားလေးကို ခုမှသေချာဖတ်ဖူးကြောင်းနဲ့ အလွန်နှစ်သက်မိကြောင်း ပြောပါရစေ မမရေ ... :)

အိမ်မက်စေရာ said...

မမရေ ..ဒါလေးဖတ်ပြီး နောက်ပိုင်း ကိုယ့်ကိုယ်ကို ကြွက်များလားလို့ သံသယ ဝင်လာတယ်..;) ....မမ ကြံဖန်ပြီး စဉ်းစားတက်တယ်..နော်..သဘောကျလိုက်တာ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အင်းးးး သူဂျီးပြောသလို ကြောင်ကမ္ဘာခေါ်ရမယ်း) ဟုမ္မလင်းမှာလည်း ဘလော့စာမျက်နှာကို မြင်ရပေမယ့် အကြောင်းမျိုးမျိုးကြောင့် မန့်နိုင်ခဲ့ဖူး မယ်ကိုးရေ

သက်တန့်ဆယ်စင်းကို ရှာဝယ်အုံးမယ်ကွာာာ

Anonymous said...

Sis မယ့်ကိုး
i like this so much.
let me share this blog at my facebook?
Can i?

မယ့်ကိုး said...

Dear readers,
Thanks so much for your kind comments and sharing my blog link :)

Anonymous said...

တစ်ခါတစ် လေကြောင် တွေက အတက်ဆန်းပြီး မြွေတွေ ဖမ်းလာတယ် ပြီးတော့သူတို့ မကစားနိုင်တော့ဘူး မြွေလွတ် သွားတော့ အိမ်သားတွေ မှာ ထိတ်ရ လန့်ရ အော်ရ ငိုရ...နဲ့

meemee said...

တကယ်ကြိုက်မိတယ် အမရေ......... :)

သိ င်္ဂါ ရ said...

ဒီ ပို့ စ် ကို အခုမှ သိပြီး ... အခုမှ ဖတ်ရပါတယ် ။

ဒုတိယပိုင်း ကို အရင် ဖတ်လိုက်ဖြစ်တယ် ။ ပထမပိုင်း က

ပို လေးနက်တဲ့ အတွေးတွေ ၊ တင်ပြပုံတွေ ပိုပါသလိုပဲ ။

လူတွေ စိတ်မှာ ... အဲလို ... အခြား သတ္တ၀ါတွေ ဆီ က

မကောင်းတဲ့ အကျင့်တွေ ခိုအောင်းနေတတ်တာ အပေါ်

တွေးမိစေပါတယ် ။

သဘောကျမိပါတယ် မမယ်ကိုး ခင်ဗျား .....



ချစ်ခြင်းအားဖြင့် ...

သိ င်္ဂါ ရ

လေပြေညင်း said...

ကျွန်မချစ်ခဲ့တဲ့သူဟာ ကြောင်တစ်ကောင်ပဲ ဖြစ်နေတယ် မယ့်ရယ်။ ရိုးရိုးကြောင်တစ်ကောင်တော့ မဟုတ်ခဲ့ဘူး။ ရင်ဘက်ထဲကို စုတ်ပြတ်သက်အောင် ကုတ်ခြစ်သွားတဲ့ ကြောင် :(