05 May 2013

ကျေးဇူးပြုပြီး အချိန်မလင့်သေးဘူးလို့ ကျွန်မကို ညာပြောပါဦး။

ငယ်စဉ်အခါက ကျွန်မရဲ့ကတုံးကို မြင်ရင် လူတိုင်းပြုံးကြပြီး အနီးအနားမှာဆို မကြားတကြား စကားတင်းဆိုကြတယ်။ မလှမ်းမကမ်းမှာ ရှိရင်တော့ လက်ညှိုးထိုးပြီး ရယ်မောကြတယ်။ ဒီအဖြစ်အပျက်တွေဟာ ကွင်းဆက်လိုပဲ ဘယ်တော့မှ မပြီးဆုံးတော့ဘူး ထင်ခဲ့ရဲ့။ ဆံပင်တွေဟာ ရှည်ထွက်လာပေမယ့် လှောင်ပြောင်မှုတွေက ရပ်မသွားခဲ့ဘူး။ သူတို့ကိုယ်ထဲက အနိုင့်ကျင်လိုတဲ့သွေးတွေဟာ ကျွန်မကို မြင်ရုံနဲ့ ဆူပွက်လာလေသလား။ ဒါမှမဟုတ် ကျွန်မကပဲ လွယ်ကူတဲ့သားကောင်ဖြစ်နေလို့လား။

အရွယ်ရောက်လာချိန်မှာ ကဲ့ရဲ့မှုတွေ ရပ်သွားမယ်လို့မျှော်လင့်ခဲ့ပေမယ့် မှားပြန်ရဲ့။အခြေအနေတွေဟာ အနည်းငယ်သာ တိုးတက်လာပြီး ထူးထူးထူးခြားမှုပြောင်းလဲမှုရယ်လို့ မရှိခဲ့ပါဘူး။ အဒေါ်တစ်ယောက်က ဆံပင်ညှပ်ဆိုင်ခေါ်သွားပြီး ကတုံးတုံးပေးမှာကို စိုးကြောက်နေတုန်းပဲ။ လူတွေနဲ့ အတူနေရင်း ရင်းနှီးပေါင်းစပ်လို့မရတဲ့ ကျွန်မရဲ့ ခြားနားမှုကို စတင်ခံစားလာတယ်။ လူတွေက ကျွန်မကို တစ်ချိန်လုံးအကဲဖြတ် ဝေဖန်နေတယ်လို့ဆိုတဲ့ ခံစားချက်ကို ရင်မှာ ပိုက်ထားရင်း ကျွန်မရဲ့ လူသားဖြစ်တည်မှုဟာ တဖြည်းဖြည်းအရည်ပျော်ကျနေသလိုရယ်။

ဖြစ်ရပ်မှန်ကို ပြောရမယ်ဆိုရင် ရင်ကျင့်တယ်ဆိုတဲ့ လူကြီးဆိုသူတွေကအစ၊ ကိုယ်ချင်းစာနားလည်နိုင်စွမ်းမဲ့တယ်ဆိုတာ ကျွန်မ သိမြင်လိုက်ရတယ်။ အဒေါ်ရင်းတစ်ယောက်ရဲ့ကဲ့ရဲ့မှုကအစ ခံစားခဲ့ရသူပါ။ လှပတင့်တယ်တဲ့သူငယ်ချင်းတစ်ယောက်က အိမ်အလည်လာတဲ့အခါ အဒေါ်ရဲ့သူငယ်ချင်းက ‘အဲဒီကလေးမလေးက ရှုမငြီးနဲ့ဆင်တယ်’လို့ ပြောတဲ့အခါ ကျွန်မက ‘မတူပါဘူး။ သူက ချောပါတယ်’ လို့ ချက်ချင်းငြင်းလိုက်မိပါတယ်။ တပြိုင်တည်းမှာပဲ အဒေါ်က ရယ်ပြီး ‘အင်းလေ။ နင်က ဒီလောက်ရုပ်ဆိုးတဲ့အခါ ဘယ်လိုလုပ်တူမှာလဲ’ လို့ ပြောတယ်။ ကျွန်မက ခွန်းတုံ့မဆိုနိုင်ဘဲ လှောင်ရယ်နေတဲ့ အဒေါ်ကိုပဲ ငေးကြည့်နေခဲ့မိတယ်။ 

အပျိုဖော်ဝင်စကျွန်မရဲ့ နေ့တွေကို တဲရော့စ်ဖဲချပ်နဲ့ သရုပ်ဖော်မယ်ဆိုရင် ကံဆိုးတဲ့ ဖဲချပ်တွေချည်း စုစည်းထားတာ ဖြစ်လိမ့်မယ်။ ခလုတ်တိုက်လဲကျတာနဲ့ နင်းခြေဖြတ်သန်းသွားမယ့်သူတွေချည်းရယ်။ ဟန်ချီမညီခြေချော်တဲ့အခါ သူတို့တွန်းချကြမယ်။ ကိုယ်ကိုယ်တိုင် မရပ်မတည်နိုင်ချင်း ဘယ်သူကမှ ဖေးကူပင့်မပေးသလို ဘယ်သူ့ကိုမှလည်း နားမလည်တော့ဘူး။ ကျွန်မကပဲ ထိရှလွယ်သူလား ။ ကျွန်မရဲ့ ဝန်းကျင်ကသူတွေကပဲ သွေးအေးရက်စက်တတ်တာလား။ ကျွန်မရဲ့ တုန့်ပြန်မှုကို ကြည့်ရတာ သူတို့အတွက် အရသာရှိသတဲ့လေ။ သူတို့ဆိုစကားအရ အနားကိုဆားပက်သလိုပဲတဲ့လား။ ရှိပါစေတာ့။ ဒါပေမယ့် အဲဒီလူတွေကို ကျွန်မမေးချင်တယ်။ သူတို့ဘဝမှာ အရှက်ခွဲ ၊စော်ကားမှုမျိုးခံစားခဲ့ဖူးသလား ဆိုတာ။ 


ကင်ဆာလိုဘဲ နာကျင်မှုဆိုတာ အစမှာတော့ မခံစားခဲ့ရသလို ထုံအနေခဲ့သူကျွန်မဟာ သံသယလွန်သူအဖြစ် တဖြည်းဖြည်းအသွင်ပြောင်းလာခဲ့တယ်။ နံရံတွေကအစ လှောင်ပြောင်နေတယ်ခံစားရပေမယ့် ဘယ်သူ့ကို တိုင်တည်ရမှန်း မသိခဲ့ဘူး။ အလင်းပြန်မျက်နှာပြင်ထဲက ပုံရိပ်ယောင်ကို ကြည့်ရင်း ‘သူတို့ပြောသလိုပဲ ငါ တကယ်ပဲရုပ်ဆိုးသလား။’ လို့ မေးမိတော့ ပုံရိပ်ယောင်က ဟုတ်တယ်လို့ ဖြေတယ်။ ဟင့်အင်း ငြင်းချင်လည်း ပုံရိပ်ပြောသလိုပဲ အကျည်းတန်သူလို့ ကိုယ်တိုင်လည်း ထင်ယောင်မှားလာတယ်။ ဘယ်လိုလဲ။ အသုံးမကျတဲ့ဘဝကို ဆက်လက်မထိန်းသိမ်းသင့်ဘူး မဟုတ်လား။

သတ်ဖြတ်ခြင်းနဲ့ သေကြောင်းကြံစည်းခြင်းဟာ သိပ်ပါးတဲ့ စည်းလေးပဲ။ တစ်ချို့သော ခုခံတွန်းလှန်နိုင်စွမ်းကုန်ခမ်းသွားတဲ့သူတွေကတော့ ဘဝကို စွန့်လွှတ်ပစ်ခွာလိုက်ရတယ်။ ယေးလ်တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခုအရ အနိုင်ကျင့်ခံရတဲ့ လူငယ်တွေဟာ တခြားလူငယ်တွေထက် ၂ဆကနေ ၉ဆအထိ သေကြောင်းကြံစည်ဖို့ စဉ်းစားကြသတဲ့။ဗြိတိန်မှာ လေ့လာမှုတစ်ခုမှာ လူငယ်တွေရဲ့ သေကြောင်းကြံစည်မှုထက်ဝက်က အနိုင်ကျင့်ခံရခြင်းကြောင့် ဖြစ်တယ်တဲ့။ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားကြတဲ့ လူငယ်တွေရဲ့ ၇၈ ရာခိုင်နှုန်းဟာ ကျောင်းနဲ့ အွန်လိုင်းမှာ အနိုင်ကျင့်ခံရခြင်းဖြစ်ပြီး ၁၇ ရာခိုင်နှုန်းကတော့ အွန်လိုင်းမှာသာ ပစ်မှတ်ထားအနိုင်ကျင့်ခံရခြင်းဖြစ်တတ်တဲ့။

နေပါဦး…။ ဒါဟာ ဘဝတဲ့လား။ take it easy! လို့ လာမပြောခင် ကိုယ်ချင်းစာစိတ်လေး မွေးစေချင်ပါတယ်။ လှောင်ပြောင်မှုဆိုတာ အရွယ်ရောက်မှုဖြစ်စဉ်မှာ မလွှဲသာကြုံတွေ့ရတဲ့ အန္တရာယ်မဲ့အဖြစ်အပျက်မဟုတ်ဘူး။ ဒါဟာ လူပေါင်းများစွာကို သတ်ဖြတ်နေတဲ့ ညှင်းပန်းနှိပ်စက်မှုသာရယ်။



ခံစားနားလည်နိုင်စွမ်းမြင့်မားတဲ့လူသားတွေဟာ ဘာဖြစ်လို့ဒီလောက်တောင် ရက်စက်ယုတ်မာကြတာလဲ။ ရဲရဲရင့်ရင့်ပဲ ထင်ပေါ်လာတဲ့ သူတိုရဲ့ နဂိုမူလသတ်ဖြတ်ချင်စိတ်တွေကို ကျွန်မ အကြောင်သားငေးကြည့်နေမိတယ်။ ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကိုတော့ ကျွန်မ မစဉ်းစားနိုင်ခဲ့ဘူး။ ဒါပေမယ့် ပုံရိပ်ယောင်က ‘နင့်ကို ဒီလောကမှာ မလိုဘူး။ နင်ထွက်သွားတော့’လို့ ပြောနေလည်း ကျွန်မ လက်မခံနိုင်သေးဘူး။ လှောင်ပြောင်စော်ကားသူတွေကို အဆုံးစွန်ထိ အရှုံးမပေးနိုင်သေးပါဘူး။

လူသိရှင်ကြား အိမ်ထောင်ရေးဖောက်ပြန်ခဲ့သူ Bill Clinton က အသက်ရှင်ခြင်းဟာ အောင်မြင်ခြင်းတစ်ခုပဲလို့ ဆိုခဲ့ဖူးတယ်။ ဒီလိုကိုယ်ကျင့်သိက္ခာမဲ့ခဲ့ဖူးသူတောင် အသက်ရှင်ခြင်းမှာ ဂုဏ်ယူတတ်တယ်ဆို ဘယ်ကိုယ်ကျင့်တရားစည်းမှ မချိုးဖျက်သူက သူ့ထက်ပိုခေါင်းမော့ကာ ပျော်ရွှင်အသက်ရှင်သင့်တယ် မဟုတ်လား။ ဒါပေမယ့်  ကြိုးတန်းလမ်းလျှောက်ကာ အသက်မွေးနေရခြင်းဟာ ထင်သလောက်မလွယ်ကူပါဘူး။ စော်ကားမှုတွေကို မျက်နှာချင်းဆိုင်ပြီး ရပ်တည်နေရတာ ခက်ခဲလွန်းလှပါတယ်။  ခြေတစ်လှမ်းမှားသွားတာနဲ့ အနိုင်ကျင့်သူတွေရဲ့ ဆူးအပြည့်ချောက်နက်က ကြိုလင့်နေတယ်။ ဘယ်လိုမှ မမှားယွင်းခဲ့ရင်လည်း ကံနိမ့်တဲ့အခါ ကောလဟာလနဲ့လည်း အသတ်ခံရနိုင်တယ်။ 

ဘယ်မှာ ပုန်းနေရမလဲ။ အီရန်နိုင်ငံမှာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ ယူဆခံရတဲ့အမျိုးသမီးတစ်ယောက်ကို မသေမချင်း ခဲနဲ့ ဝိုင်းပေါက်ကြမယ့်သူတွေလိုမျိုး စကားလုံးမြားတံတွေနဲ့ ပစ်သတ်ဖို့ စောင့်နေသူတွေရှိတယ်။ ကျွန်မ သိပ်ကြောက်တယ်။ ပုံရိပ်ယောင်ကတော့ တဟားဟားရယ်ရင်း လှောင်ပြောင်နေတယ်။ သူရဲဘောကြောင်သူရေ...မြန်မြန်သေတော့လို့ ဆိုနေလည်း  မကြားယောင်ဆောင်ရင်း မျက်နှာလွှဲလိုက်နေခဲ့။ 

စကားမစပ်ပြောရရင် ငရဲကျခံနေသူတွေက နာကျင်ဆင်းရဲလွန်းလို့ သေသွားပေမယ့် အကုသိုလ်အရှိန်ဇောနဲ့ ငရဲကိုပဲ စွဲလမ်းပြီး အသက်ပြန်ရှင်ကာ သေလိုက်ရှင်လိုက်နဲ့ ငရဲမှာ ဒုက္ခဆက်ခံရသတဲ့။ ဖြစ်နိုင်တယ်။ ကျွန်မဘဝကရော သူတို့ထက် ဘာများသာမှာလဲ။ သေချာတာက ငရဲကျနေသူတွေလိုပဲ ကျွန်မက မိုက်မဲလွန်းတယ်။

 ...............

 ပါရမီပြည့် ထောင်ချောက်များ။
 ကြောက်မက်ဖွယ်ရောင်ခြည်တွေနဲ့ ကသိကအောက်ရယ်သံများ...

 ဒါ ဂြိုဟ်ဆိုးလား။ ကြမ္မာလား။ 
သူ့ဓာတ်ခွဲခန်းထဲက ကျွန်မရဲ့မနက်ဖြန်တွေကို ဘယ်လိုပြန်ရွေးရမလဲ။ 

ပုံကြီးချဲ့ကြည့်တဲ့အခါ 
အမည်မဖော်နိုင်တဲ့ ကြိုးတွေ။ 

 ကျေးဇူးပြုပြီး အချိန်မလင့်သေးဘူးလို့ ကျွန်မကို ညာပြောပါဦး။

.................

 မယ့်ကိုး

6 comments:

ကြည်ဖြူပိုင် said...

ပုံကြီးချဲ့ကြည့်တဲ့အခါ
အမည်မဖော်နိုင်တဲ့ကြိုးတွေ
ကျေးဇူးပြုပြီး အချိန်မလင့်သေးဘူလို့ ကျွန်မကို
ညာပြောပါဦး<<<ဒီစာသားလေးကြိုက်

ကမာနီလာ said...

လှောင်ပြောင်မူဆိုတာ လူပေါင်းများစွာကို သတ်ဖြတ်နေတဲ့ ညှင်းပန်းနှိပ်စက်မူသာဖြစ်တယ်။

Vista said...

ဖတ် သွား မော သွား

မိုးငွေ့........ said...

ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး

ဝေမိုးနိုင်(မုံရွာ) said...

လူသိရှင်ကြား အိမ်ထောင်ရေးဖောက်ပြန်ခဲ့သူ Bill Clinton က အသက်ရှင်ခြင်းဟာ အောင်မြင်ခြင်းတစ်ခုပဲလို့ ဆိုခဲ့ဖူးတယ်။ ဒီလိုကိုယ်ကျင့်သိက္ခာမဲ့ခဲ့ဖူးသူတောင် အသက်ရှင်ခြင်းမှာ ဂုဏ်ယူတတ်တယ်ဆို ဘယ်ကိုယ်ကျင့်တရားစည်းမှ မချိုးဖျက်သူက သူ့ထက်ပိုခေါင်းမော့ကာ ပျော်ရွှင်အသက်ရှင်သင့်တယ် မဟုတ်လား။ ဒါပေမယ့် ကြိုးတန်းလမ်းလျှောက်ကာ အသက်မွေးနေရခြင်းဟာ ထင်သလောက်မလွယ်ကူပါဘူး။ စော်ကားမှုတွေကို မျက်နှာချင်းဆိုင်ပြီး ရပ်တည်နေရတာ ခက်ခဲလွန်းလှပါတယ်။ ခြေတစ်လှမ်းမှားသွားတာနဲ့ အနိုင်ကျင့်သူတွေရဲ့ ဆူးအပြည့်ချောက်နက်က ကြိုလင့်နေတယ်။ ဘယ်လိုမှ မမှားယွင်းခဲ့ရင်လည်း ကံနိမ့်တဲ့အခါ ကောလဟာလနဲ့လည်း အသတ်ခံရနိုင်တယ်။

မင်းနေဝေး said...

နင့်နင့်နဲနဲပါပဲ ....

နေမကောင်းနေလို့ပဲလား ... စာလုံးလေးတွေ ထစ်နေတယ်