16 May 2013

မိန်းမနှစ်ယောက်ရဲ့ ချစ်ခြင်း

ချစ်ခြင်းဆိုတာ ကံကြမ္မာလား၊ ဝဋ်ကြွေးလားလို့ ကြံစည်နေခိုက်မှာပဲ အချစ်ဆိုတာ ယုံကြည်မှုလို့ အမျိုးသမီးနှစ်ဦးက ဆိုလာပါတယ်။ သူတို့နှစ်ဦးမှာ ကိုရီးယားဇာတ်လမ်းတွဲမှ ဇာတ်ကောင်များဖြစ်ပါတယ်။ ပထမအမျိုးသမီးမှာ Nice Guy (The innocent Man) ထဲက ဇာတ်ကောင်မင်းသမီးဖြစ်ပြီး ဒုတိယအမျိုးသမီးမှာ Queen in hyun’s Man ဇာတ်ကားမှ ဇာတ်ကောင်မင်းသမီးဖြစ်ပါတယ်။ ကျွန်မကို သူတို့နှစ်ဦးထံ နစ်ကျွံပြိုလဲစေတဲ့အကြောင်းမှာ သူတို့ရဲ့ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော တဇွတ်ထိုးနိုင်မှုနဲ့ သူမတို့ရဲ့အချစ်ကို အရဲကိုးလွန်းမှုကြောင့် ဖြစ်ပါတယ်။


မိန်းမတွေဟာ ချစ်မိတဲ့အခါ သတ္တိရှိလာတယ်ဆိုတာ အမှန်ပဲလား။ ပထမဇာတ်ကောင်အမျိုးသမီး(Sun Eun Gi)ကို ကျွန်မစွဲလမ်းရခြင်းအကြောင်းမှာ ဘာပဲဖြစ်ဖြစ်ဆိုကာ ချစ်တဲ့သူဆီ ဇွတ်တိုးသွားပေမယ့် ထိုသူကငြင်းလိုက်တဲ့အခါ ရှက်စိတ်မွှန်ပြီး သူသေ၊ကိုယ်သေကားနဲ့တိုက်လိုက်တဲ့အထိ ပြင်းထန်သောအချစ်၊အမုန်းပိုင်ဆိုင်မှုကြောင့် ဖြစ်ပါတယ်။ သူမဟာ ဂလဲ့စားချေလိုစိတ်ဖြင့် မရိုးမသားချဉ်းကပ်တယ်လို့ ထင်ရတဲ့ ချစ်သူကို ခြွင်းချက်မရှိယုံကြည်ခဲ့သူ ဖြစ်ပါတယ်။ ဘယ်လောက်ရူးသွပ်မိုက်မဲလိုက်တဲ့ မိန်းမပါလဲလို့ စာနာကရုဏာသက်မိတာ။


မိန်းမတွေဟာ ချစ်မိတဲ့အခါ သည်းခံနိုင်စွမ်းကြီးမားတယ်ဆိုတာ တကယ်ပဲလား။ဒုတိယ ဇာတ်ကောင်အမျိုးသမီး (Choi Hee-jin) မှာ ကျွန်မ စွဲလမ်းရခြင်းအကြောင်းမှာ ချစ်သူကိုကြည့်သော သူမရဲ့မျက်ဝန်း၊အပြုံးတို့မှာ မေတ္တာရိပ်များလျှံပြီး အလွန်တရာ ချစ်စရာကောင်းသောကြောင့်ဖြစ်ပါတယ်။ သူမက နှစ်ပေါင်းသုံးရာကျော်ဝေးတဲ့အရပ်က ချစ်သူကို ယုံယုံကြည်ကြည်ချစ်ရင်း စောင့်နေသူဖြစ်ပါတယ်။ ဘယ်လောက်နုံအညံ့ဖျင်းလိုက်တဲ့ မိန်းမပါလဲလို့ မချင့်မရဲသနားကြင်နာမိတာ။


ဒီမိန်းမတွေဟာ စာမဖတ်ဘူး။ ဒီလိုပဲ ဆိုးရွားပြင်းထန်စွာ မှတ်ချက်ချချင်တယ်။ အထူးသဖြင့် သူမတို့က "He's Just Not That into You" ဆိုတဲ့ Greg Behrendt နဲ့ Liz Tuccillo တို့ ရေးတဲ့စာအုပ်ကို မဖတ်ဖူးဘူးလား မသိ။ ဟုတ်တယ်။ သူမတို့ အဲဒီစာအုပ်ကို ဖတ်မိမယ်ဆိုရင် ဒီလောက်ရဲရင့်နိုင်ပါဦးမလား။ စာအုပ်ထဲမှာ ယောက်ျားတွေက ကိုယ့်ကိုမချစ်ဘူးဆိုတာ ဘယ်လိုသိနိုင်လဲဆိုတဲ့ အချက် ၁၂ ချက်ထဲက ပထမဆုံးအချက်ကို မြင်ရုံနဲ့တင် သူမတို့နောက်ဆုတ်ဖို့သင့်တာ။"He’s Just Not That Into You If He’s Not Asking You Out" တဲ့လေ။ 

ဇာတ်ကားနှစ်ကားစလုံးမှာ ယောက်ျားလေးတွေက သူတို့နဲ့တွဲဖို့ စတင်ကမ်းလှမ်းခြင်းမျိုး မလုပ်ခဲ့ပါဘူး။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေ စိတ်ကူးယဉ်သလို မရှုပ်ထွေးဘဲ သိပ်ရိုးရှင်းတဲ့ သတ္တဝါတွေရယ်လေ။ သူတို့ချစ်ရင် ဘယ်လိုအကြောင်းတွေက ခက်ခဲတားဆီးနေလည်း သူတို့ကိုယ်ထဲက အမဲလိုက်ဗီဇသွေးရဲလာပြီး နီးစပ်ဖို့ကြိုးစားမယ့်သူတွေသာ။ ဒါကြောင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ ရှေ့လှမ်းမလာတဲ့သူတို့ကို သူမတို့ မျှော်လင့်ချစ်နေမသင့်ဘူး။ ကိုယ့်ကိုမေတ္တာရှိမှန်းမသေချာတဲ့သူတို့ရဲ့အချစ်ကို လက်ဝယ်ရရှိဖို့ သူမတို့စွမ်းစွမ်းတမံ မကြိုးစားသင့်ဘူး မဟုတ်လား။ 


ဒီလိုပြောတဲ့အခါ သူမတို့က ကျွန်မကို လှောင်တယ်။ စာအုပ်ကြီးသမားကျွန်မ မှားတယ်တဲ့။ သူမတို့ရဲ့ ခိုင်မြဲယုံကြည်မှုကြောင့်သာ နောက်ဆုံးမှာ စစ်မှန်လှပတဲ့အချစ်ကို သူမတို့ပိုင်ဆိုင်ရသတဲ့လေ။ ဟုတ်ပါလိမ့်မယ်။ ဒါဟာ ရုပ်ရှင်ပြဇာတ်ထဲက ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေမို့ရယ်လေ။ ခေါင်းမာတဲ့ကျွန်မက ဒီလိုပဲဆိုဦးမှာဖြစ်ပေမယ့် သတ္တိရှိတဲ့ သူမတို့ကို လေးစားချစ်ခင်ဆဲဖြစ်ပါတယ်။

ဝန်ခံပါတယ်။ အမှားကင်းဖို့ မစွန့်စားရဲတာဟာ အနာကျင်နည်းသလို ပျော်ရွှင်မှုလည်း ချို့တဲ့တယ်ဆိုတာ။ နောက်ဆုံးတော့ သွေးကြောင်သူက ကျရှုံးပြီး ရဲရင့်သူသာ အောင်ပွဲခံနိုင်တာ မဟုတ်လား။ သူမတို့ကို အားကျပေမယ့် သီအိုရီတွေကို လွှင့်ပစ်ရလောက်အောင် ကျွန်မ မိုက်ရူးရဲမဆန်နိုင်သေးပါ။ ဘယ်လိုလဲ။ အထီးကျန်ခြင်းတောင်ထိပ်ကို စွန့်ပြီး ချောက်တစ်ဘက်ကမ်းက ပျော်ရွှင်မှုအိပ်မက်ဆီ ခုန်ကူးမလား။ ဟင့်အင်း။ နေပါစေတော့။ ချောက်နက်ကိုပဲကြည့်ကာ ကြောက်အားပိုနေသူမှာ နောက်တစ်လှမ်းဆုတ်ကာ လက်ပိုက်ရပ်နေဆဲ။

ဟုတ်တယ်။ ဘဝဟာ စိတ်ကူးယဉ်ရုပ်ရှင်၊ ပျော်ရွှင်ဖွယ်နတ်သမီးပုံပြင်လို ဘယ်တော့မှ ကြည့်ပျော်ရှုပျော် မဖြစ်နိုင်ဘူး။ ကျေးဇူးပြုပြီး နှစ်သိမ့်ပေးပါ။ ပညာရှိသူဟာ မိုက်ရူးရဲမဆန်သင့်ဘူးလို့။ တစိမ့်စိမ့်ကြေကွဲမှုအမှောင်က ကြည်နူးခြင်းတွေခမ်းအောင် ဖမ်းစားလည်း  ဘေးကင်းတယ်လို့။...ပြီးတော့ ဒီလိုပဲ လုပ်ကြံစိတ်ဖြေသင့်တယ်ရယ်လို့။    ။

မယ့်ကိုး

9 comments:

မြသွေးနီ said...

“ အမှားကင်းဖို့ မစွန့်စားရဲတာဟာ အနာကျင်နည်းသလို ပျော်ရွှင်မှုလည်း ချို့တဲ့တယ်”..တဲ့။ သဘောကျမိတယ် မယ့်ရေ..။

Myitchaythu said...

ကြိုက်တယ် စာကြောင်းတိုင်းကိုကြိုက်တယ်
အတွေးပြန့် ပြီး အရေးကျစ်တယ်

"He's Just Not That into You" ဆိုတဲ့ စာအုပ်ကို မသိတာ၊ မဖတ်မိတာ ကျွန်မကံကောင်းတယ် ဘာကြောင့်လဲဆိုတော့ ကျွန်မလဲ အဲမိန်းမနှစ်ယောက်ရဲ့  ချစ်ခြင်းကို အားကျနေလို့ 

နွေတေးရှင် (မင်းဧရာ) said...

အဲဒီ စိတ်အစွဲကို
အမျိုးသမီး တော်တော်များများ မဝေခွဲနိုင်သေးဘူးဗျ
မယ့်ကိုး ကတော့ ထင်သာမြင်သာအောင် ပြသွားနိုင်တယ်ဗျို့ ။

မိုးမိုး said...

အတွေးရော၊ အရေးရော အရမ်းကြိုက်ပါတယ်...

ဝေမိုးနိုင်(မုံရွာ) said...

ကိုယ့်ကိုမေတ္တာရှိမှန်းမသေချာတဲ့သူတို့ရဲ့အချစ်ကို လက်ဝယ်ရရှိဖို့ သူမတို့စွမ်းစွမ်းတမံ မကြိုးစားသင့်ဘူး မဟုတ်လား။

Anonymous said...

အန်တီမယ်ကိုး..."နှစ်ပေါင်းသုံးရာကျော်ဝေးတဲ့အရပ်က"...ဆိုတာ...ဘယ်အရပ်တုန်း
လပေါ်မှာနေတာလား....။
မမွန်

မယ့်ကိုး said...

No,I am afraid not, ma . He was from the past .Especially from 1690 :)

ရိုးမြေကျ said...

အမှားကင်းဖို့ မစွန့်စားတာဟာ အနာကျင်နည်းသလို ပျော်ရွှင်မှုလဲ ချို့တဲ့တယ်တဲ့ ။ တော်လိုက်တာ မယ့်ရာ။ ကျနော်တော့ သိပ်သဘောကျတာပဲ။ စာသားတွေကို။ ပျော်ရွှင်မှုအိပ်မက်ဆီ ခုန်ကူးမလား။ အထီးကျန်ခြင်းတောင်ထိပ်မှာ ရမလားဆိုရင် မယ့်နဲ့ အတူတူ ချောက်နက်ထဲ လှမ်းကြည့်ပြီး လက်ပိုက်ရပ်နေတာပဲ ကောင်းပါတယ်။

Thwin said...

စာအုပ်ကြီး ထဲက သီအိုရီတွေကို ခုထိ ဖက်တွယ်နေ ဆဲလေ...။ သူမ တို့ ကို တစ်ခါတစ်လေ တော့ သွင် လေ အားကျမိပါတယ်..။ ဒါပေမယ့် ပညာရှိသူဟာ မိုက်ရူးရဲ မဆန်ပါဘူးလို့ ကိုယ့်ကို ကိုယ်ပဲ နှစ်သိမ့်ရင်း နဲ့ သူမ တို့ ရဲ့ တစ်ခြားတစ်ဘက် မှာ နောက်တစ်လှမ်းဆုတ်ပြီး လက်ပိုက်ရပ်နေတဲ့ သူ ဘက်ကပဲ နေတော့မယ်..။