07 May 2013

ဘုန်းတော်ဘွဲ့မဟုတ်တဲ့ တောင်းဆုသက်သက်

ပြီးဆုံးခဲ့တဲ့ သုံးနှစ်ခန့်ကစပြီး ယုံကြည်မှုအရှိန်ဟာ နိမ့်ရာဆီ ရွေ့စီးသွားရာမှ ကျွန်မရဲ့စိတ်ကျနာ စတင်ခဲ့လေသလား။ မပျော်ရွှင်နိုင်ခြင်းဟာ စိတ်အဆင်မှာ မြဲတည်နေခဲ့။ ရုပ်ရှင်ကြည့်လျှင်လည်း နာကျင်ဝမ်းနည်းစရာများကို ရင်ထဲကို ထပ်မံမထည့်သွင်းချင်တာမို့ ပျော်ရွင်စရာကားများကိုသာ ရွေးချယ်ကြည့်နေရင်းမှာပင် Merlinဆိုတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲက တအုံ့အုံ့နာကျင်မှုကို ပေးခဲ့ပြန်ပါတယ်။ 


ဇာတ်လမ်းအကျဉ်းကို စာလုံးရေအနည်းဆုံးဖြင့် ပြောရမယ်ဆိုပါလျှင် နန်းတွင်းယောက်ျားလေးအစေခံ မှော်ပညာရှင် မာလင် (Merlin)က ဘုရင် အာသာ (Arthur) ကို အိမ်ရှေ့မင်းသားဘဝမှ ကမ်းမလော့ (Camelot) တိုင်းပြည်တူထောင်အောင်မြင်မှုအထိ ကူညီပေးတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မှော်ပညာများ၊ သူရဲကောင်းများ၊ နတ်သမီးပုံပြင်ဇာတ်လမ်း (အာသာရဲ့ မိဖုရားမှာ လူမည်းအစေခံအမျိုးသမီးအဖြစ်မှ ဘုရင်မဖြစ်လာသူ) တွေထက် ပရိသတ်တွေကို ပိုမိုဆွဲဆောင်သောအရာမှာ အာသာနဲ့ မာလင်တို့ရဲ့ ဖွင့်ထုတ်မဆိုခဲ့သော ချစ်ခြင်းဖြူဖြူရယ်ပါ။

'Bromance'လို့ ဆိုသော'ညီအစ်ကိုထက် သံယောဇဉ်ပိုပေမယ့် ရာဂကင်းတဲ့  ယောက်ျားအချင်းချင်း ချစ်ခင်မှု'ဆိုတာကို စတင်ခံစားမိစေခဲ့သော ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်မာလင်ရဲ့ အိုင်းရစ်လေသံမှာ အလွန်ဝဲတာမို့ တစ်ခါတစ်လေ ဘာပြောမှန်းပင် နားမလည်ပေမယ့် စဉ်ဆက်မပြတ်စောင့်ကြည့်ခဲ့သောကားလည်းဖြစ်ရဲ့။ Youtube မှာ ပရိသတ်များက ဗီဒီယိုများတင်ရာမှာ ရမူပိုင်ခွင့်ရှိသူများက ပြန်ဖြုတ်ခိုင်းလေ့ရှိရာ တစ်ချို့က အရုပ်ကိုပြောင်းပြန်ဖြစ်အောင်ပြောင်းပြီးတင်လေရာ ကွန်ပျူတာကို လက်ဖြင့်ဇောက်ထိုးကိုင်ကြည့်ခဲ့ရလို့ တစ်ပတ်မျှ လက်မောင်းကိုက်ခဲ့သော အမှတ်တရများလည်း ရှိဖူးပါတယ်။ ထိုသို့တွယ်တာခဲ့ရသော၊ ပြသမှုရာသီ ငါးနှစ်ကြာမြင့်ခဲ့တဲ့ ဇာတ်လမ်းတွဲမှာ မနှစ်က ဒီဇင်ဘာမှာတော့ ဘုရင်အာသာလုပ်ကြံသတ်ဖြတ်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့ပါပြီ။

BBC One ရဲ့ တင်ဆက်မှုဖြစ်ရာ ‘F… You,BBC’ ‘ How can you do this to us?’ စတဲ့ ကျိန်ဆဲသံများ၊ ကြိမ်းမောင်းသံများ၊ ဇာတ်လမ်းကို အသက်သွင်းပြီး ဆက်လက်ပြသဖို့ တောင်းဆိုသံများက ယနေ့ထက်တိုင် လျှံနေသလို ၊ ဘုရင်အာသာကို ဘယ်တုန်းကမျှ မကြိုက်ခဲ့သောကျွန်မပင် ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သူတစ်ယောက် ဆုံးရှုံးလိုက်ရသလို ယူကြုံးမရဖြစ်ခဲ့ရတာ။ ကျွန်မမှာ သူရဲကောင်းကိုးကွယ်သူ မဟုတ်ပေမယ့်  ဘုရင်အာသာရဲ့ ဖြစ်တည်မှုကိုတော့ နှစ်လိုကြောင်း ဝန်ခံနိုင်ပါတယ်။ 

ကမ္ဘာအနှံ့ကို ကြည့်လိုက်ပါဦး။ ပြည်သူများကို နှိပ်စက်ကာ စည်းစိမ်ခံသော စစ်အာဏာရှင်များ၊ ပြည်သူ့ဆန္ဒကို လျစ်လျူရှုကာ အကျင့်ပျက်ခြစားသော ဦးဆောင်သူများ၊ လူများစုသဘောလိုက်လျှောကာ အားနည်းသူများကိုအနိုင်ကျင့်ပြပြီး ထိပ်ဆုံးရောက်ဖို့ကြိုးစားသော နိုင်ငံရေးသမားများစွာ...။ ထိုသို့ ပြည်သူများအပေါ် ဂရုဏာမထားဘဲ ငါရပ်တည်နိုင်ရေးကိုသာ ကြည့်တတ်နေသော အာဏာပိုင်သူများလက်ထက်မှာ အမှန်တရားများကိုသာ ဖော်ထုတ်လုပ်ဆောင်ခဲ့သော ဘုရင်အာသာကို ကျွန်မလိုလားပါတယ်။ ဘုရင်အာသာဟာ နူးညံ့စွာချစ်တတ်သော၊ တိုက်ပွဲမှာ ရဲရင့်သော၊ သူရဲကောင်းများကို မြေတောင်မြှောက်ပေးသော၊ သူငယ်ချင်းကို သစ္စာရှိသော တကယ့်သူရဲကောင်းရယ်လေ။ အသေချာဆုံးအချက်ကတော့ သူ့အသက်ကိုအခါခါစွန့်ပြီး ပြည်သူတွေကို စောင့်ရှောက်ကယ်တင်ခဲ့သော စစ်မှန်တဲ့ခေါင်းဆောင်ကောင်းလည်း ဖြစ်ရဲ့။ 

သူ့လိုပဲ ကျွန်မ စံထားမိတဲ့ ချစ်မြတ်နိုးလေးစားကြည်ညိုရသော ခေါင်းဆောင်ကောင်းတစ်ယောက်ရှိပါတယ်။ စွန့်လွှတ်အနစ်နာခံကြိုးစားမှုများကို ဂုဏ်မတင်ဘဲ ရွေးချယ်မှုပါလို့ ပြောတတ်သော၊ မိသားစုနဲ့သေကွဲ၊ရှင်ကွဲဖြစ်အောင် အကျဉ်းချခံရတာကိုပင် စာဖတ်ချိန်ရခဲ့ပါတယ်လို့ စိတ်နှလုံးသိမ်မွေ့စွာ ခွင့်လွှတ်ပြောဆိုခဲ့သော၊ ရန်ပြုသတ်ဖြတ်လုပ်ကြံခဲ့သူများကို ကြည်ကြည်ဖြူဖြူ ပြုံးရယ်လက်တွဲနိုင်သော၊ တိုက်ခိုက်ချိုးနှိမ်မှု၊ စော်ကားပုတ်ခတ်မှု၊ မဟုတ်မမှန်စွပ်စွဲဆဲဆိုမှုမှန်သမျှကို ကိုယ်ကျင့်တရားစမ်းသပ်မှုတွေပဲရယ်လို့ သဘောထားတတ်သော၊ ပင်ပန်းနွမ်းနယ်လှပြီဖြစ်ပေမယ့် အပြုံးမပျက် စေတနာမမဲ့သော ၊ပြည်သူတွေအပေါ် ဘယ်တော့မှ မေတ္တာမပျက်ကွက်ခဲ့သော... ထိုထိုနာမဝိသေသနများဖြင့် နှိုင်းဖွဲ့မကုန်နိုင်သော ပညာရဲရင့်စိတ်နေမြင့်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။


ဇာတ်ကောင်ဘုရင်အာသာနတ်ရွာစံမှ သူ့တန်ဖိုးသိပြီး ဝမ်းနည်းနာကျင်ရသလိုမျိုး သူမနဲ့ပက်သက်ပြီး ကျွန်မ မခံစားလိုပါ။ ‘Long live the King!’ လို့ ဘယ်သူ့ကိုမှ မဆိုခဲ့ပေမယ့် ချစ်သောသူမကိုတော့ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု ၊မြင့်မြတ်သောလူပီသမှုများကို ရှေ့ဆောင်လမ်းပြရင်း...လို့ အသက်ရှည်ရှည်နဲ့ ကျန်းမာပျော်ရွှင်စွာ ပြည်သူများကို ဆက်လက်စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းချင်ပါတယ်။

...............................................................
“Saints, it has been said, are the sinners who go on trying. So free men and women are the oppressed who go on trying and who in the process make themselves fit to bear the responsibilities and uphold the disciplines which will maintain a free society.” - Aung San Suu Kyi
...............................................................
မယ့်ကိုး

4 comments:

လသာည said...

အခုပဲ မာလင်ကားကို ကြည့်နေတာ အပိုင်း ၆၅ ထိ ရှိတယ်။
တကယ်ပါ ခံစားရတယ်။ မာလင်ကို ကြည့်ရတာ ကိုယ်တိုင်က မာလင်ဖြစ်နေသလို ဖြစ်ပြီး သူကြည်ညိုသူအတွက် လုပ်နေတာတွေအတွက် ကြည်နှုးသလိုလို ဂုဏ်ယူသလိုလို ပျော်သလိုလို နောက်တော့ ၀မ်းနည်းသလိုလို အဲလိုမျိုး...

~ဏီလင်းညို~ said...

အဲ့ဒီကားလေး ကိုဏီ မကြည့်ဖူးသေးဘူးရယ်...
ကွန်ပျူတာကို လက်နဲ့ ဇောက်ထိုးကိုင်ကြည့်တယ်ဆိုတာလည်း ဖတ်ရရော ခွိခ,နဲ ရယ်မိသေး။
အရမ်းပျောက်ပျောက်မနေပါနဲ့ဦး မယ်...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

မိုးငွေ့........ said...

သွားရှာကြည့်ဦးမှပါပဲ

နွေလ said...

ကြည့်တာ မပြီးသေးဘူး အစ်မရေ
ရှာမရသေးတာနဲ့ ကြည့်လက်စကို
ဒီအတိုင်း ရပ်ထားရတယ်

နွေလ