03 June 2013

စာဖတ်သူကို နားလည်ခြင်း

အခုတလော စာပေအရ အံ့အားသင့်ဖွယ်ကောင်းသော၊ ကိုယ့်ကျင့်တရားဆိုင်ရာကို စောဒကတက်ထားသော၊ အငြင်းပွားဖွယ်ဝတ္ထု စာဖတ်သူ (The Reader)ကို သတိရနေမိပါတယ်။ ဂျာမာန်စာပေဆုထဲက တစ်ခုဖြစ်တဲ့ (Hans Fallada Prize) ဆုကို ရရှိခဲ့တဲ့ဒီစာအုပ်ကို အော်စကာဆုများစွာ ဆွတ်ခူးပေးခဲ့သော ရုပ်ရှင်ဇာတ်ကားကြောင့် ဖတ်ခဲ့တာဖြစ်ပေမယ့် စာရေးဆရာရဲ့ ရှင်းလင်းပြတ်သားသောရေးဟန်ကြောင့် မှတ်ထင်စွဲလမ်းခဲ့တာဖြစ်ပါတယ်။ 


စာဖတ်သူမှာ လူပျိုပေါက်အရွယ်က စတင်ခဲ့သော အချစ်ဇာတ်လမ်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့တဲ့ မိုင်ကယ်ဘာ့ဂ်ဆိုသော ယောက်ျားတစ်ယောက်ရဲ့အကြောင်းဖြစ်ပါတယ်။ ၁၉၅၈မှာ ဓာတ်ရထားလက်မှတ်ရောင်းသူ အသက်(၃၆)နှစ်အရွယ်အမျိုးသမီးဟန်နာက အသက်၁၅နှစ်သား မိုင်ကယ်တစ်ယောက် နေမကောင်းဖြစ်နေတာကို သတိပြုမိပြီး အိမ်လိုက်ပို့ပေးရာမှ ဆက်နွယ်မှုစတင်ခဲ့ပါတယ်။ မိုက်ကယ်က ဟန်နာရဲ့တိုက်ခန်းကို သွားရောက် ကျေးဇူးတင်စကားပြောရာမှ သူတို့နှစ်ဦး ချစ်ကျွမ်းဝင်ခဲ့ကြပြီးနောက်ပိုင်း ချစ်တင်းနှောခြင်းမပြုလုပ်ခင်မှာ မိုက်ကယ်က ဟန်နာကို ဂန္တာဝင်စာအုပ်တွေ ဖတ်ပြခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မမျှော်လင့်ဘဲ ဆက်သွယ်မှုပြတ်တောက်သွားခဲ့ပြီး ခုနှစ်နှစ်ကြာပြီးနောက် ဥပဒေကျောင်းသားဖြစ်တဲ့ မိုက်ကယ်ဟာ စစ်ရာဇဝတ်သားအဖြစ် ဟန်နာကို တရားရုံးမှာ ပြန်တွေ့ခဲ့ပါတယ်။

မိုက်ကယ်ရင်ဆိုင်ရတဲ့ အရှက်ရနာကျင်စရြာ ဖစ်ရပ်ဟာ ဟန်နာရဲ့အတိတ်သာမဟုတ်ဘဲ ဂျာမနီတစ်နိုင်ငံလုံးရဲ့အတိတ်လည်း ဖြစ်ပါတယ်။ စာရေးဆရာရည်ရွယ်လိုသော အကြောင်းအရာမှာ ဂျာမနီနိုင်ငံမှာ လူကြီးများက ပြုလုပ်ခဲ့သောနာဇီပြစ်မှုများကို နောက်မျိုးဆက်များက ရုန်းကန်တုန့်ပြန်ရပုံဖြစ်သည်။ အမှန်အတိုင်းဝန်ခံရပါလျှင် ပထမအကြိမ်ဖတ်ခဲ့စဉ်က စာဖတ်သူမိုက်ကယ်ကို သိပ်အရေးမထားမိဘဲ စာနားထောင်သူဟန်နာကိုသာ အာရုံစိုက်ကာ အံ့သြကြောက်ရွံ့နေခဲ့မိပါတယ်။ သူမက စာမဖတ်တတ်မှုကို ဖော်ထုတ်ရမှာကို လူသတ်တရားခံလို့ ခေါင်းစဉ်တပ်ခံရမှာထက် ရှက်ရွံ့နေခဲ့သူရယ်။ ထို့ထက်ပိုပြီး ဂျူးလူမျိုးများစွာကို လူမဆန်စွာသေစေခဲ့တဲ့ သူမဟာ နောင်တအလျဉ်းရှိပုံမရဘဲ တရားရုံးမှာ တာဝန်အရဆိုသော စကားလုံးကို ဂုဏ်ယူပြတ်သားစွာ ပြောခဲ့သလို အလုပ်ခွင်ဝတ်စုံကိုလည်း ခေါင်းမော့ကာ ဝတ်ခဲ့ပါတယ်။

သူမရဲ့နှလုံးသားမှာ တာဝန်သိစိတ်အပြင် လူသားချင်းစာနာထောက်ထားမှု မရှိတော့ဘူးလား။ အပြစ်မဲ့သူတွေကို သတ်ဖြတ်ပြီးတဲ့နောက် တာဝန်အရဆိုတဲ့ ခေါင်းစဉ်နဲ့ ရှောင်လွှဲသင့်ရဲ့လား။ သူမရဲ့ ပုံရိပ်ဟာ ၈၈ အရေးအခင်း၊ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်သံဃာအရေးအခင်းတွေမှာ လက်နက်မဲ့ရဟန်းရှင်လူပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြတိုင်း အကြမ်းဖက်နှိမ်နှင်းသော စစ်အာဏာပိုင်များ၊ နှိပ်စက်သူလက်ပါးစေများရဲ့ပုံရိပ်များကို စိတ်ဝယ်ပြန်ထင်လာစေမိပါတယ်။


တာဝန်အရဆိုတဲ့ ဆင်ခြေကို လက်မခံနိုင်တဲ့ကျွန်မ အငှားယာဉ်မောင်းသူက မိုက်ကယ်ကို ပြောစကားဖတ်ရတဲ့အခါ ပို့လို့ အံ့သြမိခဲ့ပါတယ်။ 'လက်မရွံ့အာဏာသားဆိုတာ လုပ်ခိုင်းတိုင်းလုပ်တာ မဟုတ်ဘူး ။ သူက သူ့အလုပ်သူလုပ်တယ်။ သူသတ်ဖြတ်တဲ့လူတွေကို သူမမုန်းဘူး။ အဲဒီလူတွေကို သူ ကလဲ့စားချေနေတာ မဟုတ်ဘူး။ အဲဒီလူတွေက သူ့သွားတဲ့လမ်းမှာ နှောင့်ယှက်နေလို့ တိုက်ခိုက်နေလို့ သတ်ရတာလဲ မဟုတ်ဘူး' တဲ့။ 

စာရေးဆရာဟာ ဂျူးတွေကိုသတ်ခဲ့သော ဂျာမန်လူမျိုးများဘက်က သက်ညှာခဲ့တယ်လို့ထင်ကာ စာရေးဆရာကို အပြစ်မြင်ခဲ့ပေမယ့် ဒုတိယအကြိမ် စာဖတ်သူကို ပြန်စဉ်းစားတဲ့အခါမှာတော့ ကျွန်မရဲ့စာရေးဆရာအပေါ် အပြစ်တင်စိတ်ဟာ အနည်းငယ်လျော့လာခဲ့ပါတယ်။ ကျွန်မရဲ့ကြည့်မြင်ပုံဟာလည်း ဟန်နာဆီမှ နိမ့်ဆင်းပြီး မိုက်ကယ်အပေါ် ပြောင်းရွှေ့စိတ်ဝင်စားလာခဲ့တာကိုလည်း အံ့သြတုန်လှုပ်စရာ တွေ့ခဲ့ရပါတယ်။ ‘ဒီမိန်းမဟာ တကယ့်ကိုလူမဆန်ဘူး။’ ဇာတ်ကောင်မိုက်ကယ်က ပြောခဲ့သလို မိတ္ထီလာအဓိကရုဏ်းမှစတင်ခဲ့သော သတ်ဖြတ်ကလဲ့စားချေသူများ၊ လက်နက်မဲ့ သက်ကြီးရွယ်အို ဘိုးဘွား၊ကလေးငယ်များကို အိမ်ခြေရာခြေမဲ့စေသူများ၊ လက်ပိုက်ကြည့်နေသော အာဏာပိုင်များကရော လူဆန်ရဲ့လားလို့ ဆန်းစစ်ကြည့်မိပါတယ်။ ကျွန်မ နားမလည်နိုင်ပါ။ လက်ခံနိုင်စွမ်းလည်း မရှိပါ။

မိုက်ကယ်က 'ကျွန်တော်က အမြဲလိုပဲ ဟန်နာရဲ့ပြစ်မှုတွေကို နားလည်ချင်ခဲ့၊ ရှုတ်ချဝေဖန်ချင်ခဲ့တယ်။ ဒါပေမယ့် အဲဒါကိုလုပ်ဖို့ အရမ်းကိုခက်ခဲခဲ့တယ်' လို့ ပြောခဲ့တဲ့အခါမှာတော့ စာရေးဆရာနှင့်ကျွန်မ အမြင်တူသွားခဲ့တာ ကြောက်ရွံ့ကြေကွဲဖွယ်ဖြစ်ပါတယ်။ ဟန်နာကိုယ်စားပြုသော နာဇီတွေကို စာရေးဆရာက အပြစ်တင်ဖို့ ခက်ခဲနေခဲ့သလို ကျွန်မလည်း အကြမ်းဖက်မြန်မာလူတစ်စုကို နားလည်ဖို့ အလွန်ခက်နေပါတယ်။ ငယ်စဉ်တောင်ကျေးကလေးဘဝမှစပြီး ကျွန်မရဲ့သိစိတ်မှာ ထာဝစဉ်ထာဝရဖြစ်တည်ခဲ့သော မြန်မာလူမျိုးပုံရိပ်မှာ ကိုယ်ချင်းစာသည်းခံစိတ်ကြီးမားသော၊ စာနာနားလည်တတ်သော၊ ယဉ်ကျေးသိမ်မွေ့သော၊ မှက်၊ခြင်၊ယင်ပင် မထိခိုက်မနာကျင်စေချင်သော လူမျိုးဟူ၍သာ။

ဟန်နာရဲ့ လူမဆန်တဲ့လုပ်ရပ်တွေအကုန်လုံးဟာ သူမရဲ့စာမတတ်မြောက်မှုဟာ အရင်းခံပါတယ်လို့ စာရေးဆရာက ထုချေလွှာတင်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ ကျွန်မ စွပ်စွဲချင်ခဲ့ပါတယ်။ ‘သူမဟာ သူမရဲ့အကျိုးအမြတ်အတွက် သိမ်းသွင်းဆွဲဆောင်နေတာ မဟုတ်ပေမယ့် သူမရဲ့တကိုယ်တော်အမှန်တရားအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဘာဖြစ်လို့လဲ သူမဟာ အမြဲတမ်းပဲ တစုံတခုကို စိတ်ရင်းနဲ့ဖုံးကွယ်ထားရတယ်။ ဘယ်တုန်းကမှ ပွင့်လင်းမှုမရှိနိုင်ခဲ့ဘူး။ ဒါဟာ နာကျင်ဖွယ်အမှန်တရားဖြစ်သလို နုံချာတဲ့တရားမျှတမှုအကြောင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာသူမရဲ့ အကျိုးအကြောင်းဖြစ်ပါတယ်။ ပြီးတော့ ဒီကြိုးပမ်းရုန်းကန်မှုဟာ သူမရဲ့ ရုန်းကန်ကြိုးစားမှုဖြစ်တယ်’ လို့ စာအုပ်ထဲမှာ ဇာတ်ကောင်မိုက်ကယ်က ပြောခဲ့ပါတယ်။

ဆိုးရွားတာက ရှက်ရွံ့စရာဝန်ခံရရင် မိုက်ကယ်လိုပဲ ကျွန်မလည်း ဒုစရိုက်ပြုသူများဖက်က ကာကွယ်ပေးခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံသား မွတ်စလင်များကို နှိပ်စက်ပုံများ အင်တာနက်စာမျက်နှာများမှာ မြင်မကောင်းအောင်ရှိစဉ် စင်္ကာပူနိုင်ငံသား မလေးအမျိုးသမီးက ‘ဘာကြောင့်လဲ’ လို့ မေးတဲ့အခါ ကျွန်မက ‘သူတို့က နှစ်ပေါင်းများစွာ အမှောင်ထဲမှာ နေလာတာဆိုတော့ နိုင်ငံကြီးသားပီသဖို့ ဘယ်လိုနေရမလဲဆိုတာ သိပ်နားမလည်ကြသေးဘူး။’ လို့ ကျွန်မ ဆင်ခြေပေးခဲ့ဖူးလည်း ဒီစကားဟာ အပြည့်အဝမမှန်ကန်ဘူးဆိုတာ နားလည်ပါတယ်။ ထိုစကားမျိုးကို အသိဥာဏ်ပြည့်ဝသူလူတိုင်းက လက်ခံရန်ခက်ခဲလိမ့်မယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ပါတယ်။

ဟန်နာရဲ့ စာမတတ်မှုကို  နာဇီများရဲ့ ရက်စက်ကြမ်းကြုတ်သောအမှုများကို ကျူးလွန်စေတဲ့  ပညာမဲ့မှု၊မယဉ်ကျေးမှု၊ မသိနားမလည်မှုများသာရယ်လို့ စာရေးဆရာက ပမာပြုတင်စားခဲ့တယ်လို့ ထင်မှတ်ရပေမယ့် စာပေဝေဖန်သူတစ်ဦးက စာရေးသူရဲ့ စာမတတ်လို့ပါဆိုတဲ့ အကြောင်းပြချက်ကို သည်းမခံနိုင်ဘဲ ‘ဂျာမာန်တစ်နိုင်ငံလုံးဟာ ဟန်နာလို စာမတတ်တဲ့သူတွေ ဖြစ်ပါစေ။ ဟစ်တလာရဲ့ စစ်စတင်တာနဲ့ ဂျူးတွေကို မျိုးဖြုတ်ပစ်ဖို့လို့ ဟောကြားခဲ့တဲ့၁၉၃၉ ရေဒီယိုအသံလွှင်မှုကို ကြားခဲ့ဖူးမယ်’လို့ ရေးသားခဲ့ပါတယ်။ အမေရိကန်သမ္မတအိုဘားမားကလည်း ‘အချိန်ကာလအကြာကြီး ဒီတိုင်းပြည်ကလူတွေဟာ (ရခိုင်လူမျိုးစုအပါအဝင်) ဆင်းရဲမွဲတွေမှုနဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံစားရ၊ ချေမှုန်းချိုးနှိမ်ခံထားရတယ်။ ဒါပေမယ့် ဒါဟာ အပြစ်မဲ့သူတွေကို အကြမ်းဖက်ဖို့အတွက် ဆင်ခြေမဟုတ်ဘူး။’ လို့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်စဉ်က ရန်ကုန်တက္ကသိုလ်ခန်းမမှာ မိန့်ခွန်းခြွေခဲ့ပါတယ်။ 

ဂျူးများကို ကာကွယ်စောင့်ရှောက်ခဲ့သော ဂျာမာန်လူမျိုးများစွာရှိသလို နာဇီများက ဂျာမာန်လူမျိုးများကို ကိုယ်စားမပြုပါဘူး။ ဒါပေမယ့် ထိုသို့လက်ခံသောသူ ရှားပါလိမ့်မယ်။ မွတ်စလင်များကို ကာကွယ်စောင့်ရှောက်ပေးခဲ့သသော မြန်မာလူမျိုးရဟန်းရှင်လူများစွာ ရှိသလို အကြမ်းဖက်သူလူတစ်စုသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုကို ကိုယ်စားမပြုပါဘူး။ ဒါပေမယ့် ထိုအမှန်တရားကို နားလည်သောသူ နည်းပါလိမ့်မယ်။


ခက်တာက ဒီစကားအပြင် တခြားအကြောင်းပြချက် ကျွန်မ မပေးတတ်ပေမယ့် မြေနိမ့်ရာ လှံစိုက်ကြတဲ့အခါမှာတော့ ကိုယ်လွတ်ရုန်းပြီး ထွက်မပြေးချင်ပါ။ပြဿနာပြုသူများကို လက်ညှိုးထိုးခြင်းဖြင့်လည်း ကိုယ်တစ်ယောက်သာ အပြစ်ကင်းသူအဖြစ် ဝံ့ကြွားလက်မထောင်မှာ မဟုတ်ပါ။ ‘အပြစ်ရှိတဲ့အဖွဲ့အစည်းကို လက်ညှိုးထိုးခြင်းဟာ ကျွန်တော်တို့ကို အရှက်တရားက လွတ်မြောက်စေမှာမဟုတ်ဘူး။’ လို့လည်း စာဖတ်သူမှာ ဆိုခဲ့ပါတယ်။

ဒီလိုဆို ဒီမှားယွင်းမှုရှက်စိတ်နာက ဘယ်လိုပျောက်အောင် ကုရမလဲ။ စစ်ပြီးခတ်မှာ ဂျာမန်လူငယ်တွေ ခံစားရတဲ့ သိမ်ငယ်စိတ်၊ အပြစ်ရှိစိတ်မျိုးကို ကျွန်မတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို အမွေပေးလို့ မဖြစ်ဘူးမဟုတ်လား။ ဒါပေမယ့် ကျွန်မလည်း ဘာမှ မတတ်နိုင်၊မစွမ်းနိုင်ဘူးတဲ့လေ။ 

ဘာပဲဖြစ်ဖြစ် ခဏမကြာမှာတင် ငြိမ်းချမ်းလှပခြင်းပန်းတွေ လှိုင်လှိုင်ပွင့်လန်းလာဖို့ ဆုတောင်းချင်ပါတယ်။ ကျွန်မထက် မိုက်မဲသူ မရှိတော့ဘူးတဲ့လား။ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ကူးယဉ်သူ ကျွန်မကတော့ လူရဲ့ပင်ကိုစိတ်ဟာ ထိုမျှမဆိုးယုတ်ဘူးဆိုကာ တရားမျှတမှု၊ လူသားချင်းစာနာထောက်ထားမှုကို ယုံကြည်မျှော်လင့်နေဆဲဖြစ်ပါတယ်။ 

မယ့်ကိုး

မှတ်ချက်။  ။ ဒီစာကို ချစ်သောညီမငယ် နေခြည်အတွက် ရေးပါတယ်။

9 comments:

မိုးနတ်ကြယ်စင် said...

The Reader !

စာအုပ်ကိုတော့ မဖတ်ဖူးဘူးးးးးးးးးး
ဇာတ်ကားကိုပဲကြည့်ဖူးတယ်...
မယ့် အယူအဆကို မိုးနတ်နားလည်မိပါရဲ့ :)

Anonymous said...

Very good essay & book review. Thanks.

Yan said...

‘အပြစ်ရှိတဲ့အဖွဲ့အစည်းကို လက်ညှိုးထိုးခြင်းဟာ ကျွန်တော်တို့ကို အရှက်တရားက လွတ်မြောက်စေမှာမဟုတ်ဘူး။’

အဲဒီ့စကားလေးက အများကြီး တာသွားတယ်. တွေးလေလေ အဓိပ္ပါယ်ပိုပေါ်လေလေပါပဲ.

Y.

မြသွေးနီ said...

မြေနိမ့်ရာ လှံစိုက်ကြတဲ့အခါမှာတော့ ကိုယ်လွတ်ရုန်းပြီး ထွက်မပြေးချင်ပါ။ပြဿနာပြုသူများကို လက်ညှိုးထိုးခြင်းဖြင့်လည်း ကိုယ်တစ်ယောက်သာ အပြစ်ကင်းသူအဖြစ် ဝံ့ကြွားလက်မထောင်မှာ မဟုတ်ပါ။ ‘အပြစ်ရှိတဲ့အဖွဲ့အစည်းကို လက်ညှိုးထိုးခြင်းဟာ ကျွန်တော်တို့ကို အရှက်တရားက လွတ်မြောက်စေမှာမဟုတ်ဘူး။’

ထရီဆာ said...

‘အပြစ်ရှိတဲ့အဖွဲ့အစည်းကို လက်ညှိုးထိုးခြင်းဟာ ကျွန်တော်တို့ကို အရှက်တရားက လွတ်မြောက်စေမှာမဟုတ်ဘူး။’

ဆင်ခြင်ဖွယ်ရာ စာစုတစ်စုပါပဲ ..

Anonymous said...

Really appreciated. Can't express by words how nice your post is. =)

ရိုးမြေကျ said...

မယ့် ငြိမ်းချမ်းလှပခြင်းတွေ လှိုင်လှိုင်ပွင့်ဖို့ ဆုတောင်းချင်တာ မယ့် မမိုက်မဲပါဘူး။ ကျနော်တို့ နိုင်ငံလေးလဲ အဓိကရုဏ်းဒဏ်တွေကြောင့် စိုးထိတ်စရာပါပဲ။ ဘာသာရေးနဲ့ ဆက်နွှယ်နေတာ ပိုကြောက်ဖို့ကောင်းတာပဲ။ ငြိမ်းချမ်းဖို့ ဆုတောင်းပေးရုံကလွဲရင် ကျနော်တို့လဲ ဘာမှမတတ်နိုင်ပါဘူး မမရယ်

May Oo Khaing said...

အပြစ်ရှိတဲ့အဖွဲ့အစည်းကို လက်ညှိုးထိုးခြင်းဟာ ကျွန်တော်တို့ကို အရှက်တရားက လွတ်မြောက်စေမှာမဟုတ်ဘူး။ စိတ်ကူးယဉ်သူ ကျွန်မကတော့ လူရဲ့ပင်ကိုစိတ်ဟာ ထိုမျှမဆိုးယုတ်ဘူးဆိုကာ တရားမျှတမှု၊ လူသားချင်းစာနာထောက်ထားမှုကို ယုံကြည်မျှော်လင့်နေဆဲဖြစ်ပါတယ်။ ^^

လသာည said...

Mae lay,

ွှ့Thank you very much for this post and I do appreciate your each word in this post. I feel heartily for them.