12 June 2013

အစုအဖွဲ့များနှင့် သဟဇာတမဖြစ်သော မိန်းမ

ဘာလို့ လောကကြီးကို ကျောခိုင်းထားတာလဲလို့ ညီမငယ်တစ်ယောက်က မေးတဲ့အခါ မဟုတ်ပါဘူးလို့ အလျင်အမြန်ငြင်းချက်ထုတ်ချင်ပေမယ့် လောကဆိုတဲ့ အရာကြီးထဲကို လှမ်းဝင်ရမှာ ကြောက်လန့်ကာ မဝံ့မရဲငေးကြည့်နေသူမှာ ကျွန်မဖြစ်ပါတယ်။ လောကကြီးဆိုတဲ့ ပတ်ဝင်းကျင်ကို ခင်မင်တွယ်တာလှပေမယ့် George E-Young ရဲ့Fitting In ဆိုတဲ့ ကဗျာတစ်ပုဒ်ထဲက စာကြောင်းတွေကိုလည်း သတိရမိရဲ့။ သားအတွက်ဆိုပြီး ရေးထားတဲ့ ကဗျာစာအုပ်ထဲကပေါ့။

It’s human nature to want to fit in,
But How low will you have to stoop? 

လိုက်လျောညီထွေနေချင်တာ လူ့သဘာဝပဲ
ဒါပေမယ့် မင်းဘယ်လောက်ထိနိမ့်အောင် ငုံ့လျှိုးနိုင်မှာလဲ၊

အုပ်စုဖွဲ့နေတတ်တဲ့ သတ္တဝါဖြစ်သော ကျွန်မလည်း အပေါင်းအသင်း၊မိတ်ဆွေများနဲ့ အတူ ရယ်မောပျော်ရွှင်ချင်သူ၊ ကိုယ့်ကို ချစ်တယ်ဆိုတဲ့ လူတွေရဲ့ လက်ကိုတွဲရင်း လုံခြုံမှုရချင်သူပါ။ ဒါပေမယ့် ဖြစ်နိုင်ရဲ့လား။ တစ်ချို့လူမှုအဖွဲ့အစည်းတွေဟာ သူတို့နဲ့ဆက်ဆံတဲ့အခါ နှိမ့်ချသည်းခံမှ အံဝင်ခွင်ကျဖြစ်နိုင်တယ်။ ကဗျာထဲက ပြောသလိုပဲ ကျွန်မ ဘယ်လောက်ထိ ငုံ့လျှိုးဦးညွှတ်နိုင်မှာလဲ။ မာနလေးလက်တစ်ဆစ်နဲ့ အံတုချင်တာ မဟုတ်လည်း ဒီလိုပေးဆပ်ဖို့ တန်ရဲ့လား  စဉ်းစားဖြစ်နေဆဲ။

ကဗျာကလည်း ဆက်ပြောတယ်။ 
What is the price of fitting in? 
How important is the group? 

ဒီသဟဇာတဖြစ်ခြင်းရဲ့ တန်ဖိုးက ဘာလဲ။ 
ဒီအစုအဖွဲ့က ဘယ်လောက်အရေးပါသလဲ။ 

အံ့သြစရာပဲ၊ ကဗျာဆရာမေးတဲ့ မေးခွန်းတွေဟာ ကျွန်မအမြဲမေးနေတဲ့ မေးခွန်းတွေသာရယ်။

သူတပါးအခြေပျက်မှ ကိုယ်အနေလှမယ်ဆိုပြီး ခြေထိုးခံတတ်သူများအသင်း၊
လူသိရှင်ကြားချစ်မိတ်ဆွေရင်းတွေပါ ဆိုပြီး နောက်ကျောကို ဓားနှင့်ထိုးတတ်သူများအစု၊
ကြည်ညိုချစ်ခင်လှချည့်ရဲ့လို့ လူမြင်ကွင်းမှာ ပြောပြီး မျက်ကွယ်မှာ ကဲ့ရဲ့အတင်းဆိုသူများအဖွဲ့၊
သူတပါးအပြစ်ကို လက်ညှိုးထိုးကဲ့ရဲ့ပြီး ကိုယ်ကြီးကျယ်မြင့်မြတ်ကြောင်း လက်မထောင်ဝံ့ကြွားသူများ အစုအဝေး၊...

ကျွန်မ ကြောက်လှပါတယ်။ချို့ယွင်းအားနည်းသူပါ။ ငုံ့လျှိုးမနေနိုင်သူပါ။ ကိုယ်ပေါင်းစိတ်ခွာ မပေါင်းသင်းတတ်သူပါ။ ကျွမ်းဝင်မိတဲ့အခါ ကိုယ်ရောစိတ်ပါ လှိုက်လှိုက်လှဲလှဲ ချစ်ခင်တတ်သူမို့ နာကျင်ဒဏ်ရာများကို ခံနိုင်ရည်မရှိတော့လို့ပါ။ နောက်ဆုံးတော့ လူရာမဝင်သူတဲ့လား။ အပေါင်းအသင်းကောင်းမှ ကံကောင်းမယ်ဆိုပြီး လူတော်တွေကို ရွေးချယ်စုစည်းပေါင်းသင်းကာ လူပေါ်လူဇော်လုပ်ရင်း အောင်မြင်ကျော်ကြားနေကျသူတွေကိုလည်း အားမကျချင်ပါ။ သူတပါးမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်အလုပ်နဲ့ ကျွန်မ မဆီလျော်ပါဘူး။

တစ်ယောက်ဆို လူသေ၊ နှစ်ယောက်ဆို လူရှင်လို့ ဆိုကြတဲ့အခါ အပေါင်းအဖော်မဲ့ ကျွန်မက  တစ်ကိုယ်တည်း တစ်ကောင်ကြွက်မို့ သေလူလား။ ခက်တာက တစ်ချို့သူတွေဟာ ကိုယ်သေမှန်း ရှင်မှန်း ကွဲကွဲပြားပြားမသိကြပါဘူး။ ဥပမာ ကျွန်မ ။ ဒါဆို နာနာဘာဝလို့ ခေါ်နိုင်သလားတော့ မပြောတတ်ပါ။ လူဆိုတဲ့ ဖောက်ပြန်သူ မဟုတ်တာတော့ အသေအချာရယ်။ 

တစ်ခါတစ်လေတော့လည်း အစုဖွဲ့ ပျော်ပါးနိုင်တဲ့လူတွေကို အလွန်အားကျသူပါ။ သူတို့လို ရယ်ချင်။ ပျော်ချင် ။ ချစ်သူတွေ ပိုင်ဆိုင်ချင်။ ဒါပေမယ့် နောက်ဆုံးတော့ လူအရေခွံမဲ့သူမို့ အကောင်အထည်မရှိ အခြေအနေမှာ ငိုရပြီ။ အငိုလျော့ရင်တော့ စိတ်ပြေလက်ပျောက် ဖြစ်ကာ လူတောထဲ တိုးချင်ပြန်။ ဘဝချင်းခြားနေပြီလို့ သိပေမယ့် လူ့အသိုင်းအဝိုင်းနား ရပ်ချင်သေးတာ။ အတော်ရယ်စရာကောင်းတဲ့သတ္တဝါပေပဲ။

.................................................................................................

ဆက်ဆံရေးစစ်ပွဲမှာ
ဘယ်အခါမှ နလံမထူနိုင်သူလေ
နားလည်မှုတစလည်း မတောင်းဆိုဝံ့ဘူး။
“နေကောင်းလား”....
နှုတ်ခွန်းဆက်သ
မှုန်မှိုင်းစကားစပင် ထုံထိုင်းစည်းကွယ်နေမို့
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ချင်လည်း …
အဆုံးမှာ
အေးခဲခြင်းဆီသာ ပျံပြေးတတ်သူမို့
လူမဆန်ဘူးဆိုလည်း ရှိစေ။ ။
.................................................................................................

လူတွေကို ဂြိုဟ်တွေနဲ့ တင်စားခဲ့ဖူးတယ်။ သူတို့ ဘယ်အရာက ဆွဲငင်ထားလဲ။ ဘာကို ဗဟိုပြုပြီးလည်ပတ်နေလဲ။ သူတို့အစုအဝေးက ဘာလဲဆိုပြီး ခွဲခြားထားမိတတ်တယ်။ တကယ်တော့ ရှုပ်ထွေးလှတဲ့လူ့စိတ်ဟာ အဲဒီလောက် မရှင်းလင်းတာမို့ လူတွေဟာ သံမှုန်သံစတွေလို သံလိုက်တွေရဲ့ ဆွဲငင်အားအလိုက် ပိုပြီးအားကောင်းတဲ့ သံလိုက်တွေနောက်ကို ပြေးကပ်တဲ့ အမျိုးအစားတွေလည်း ရှိချင်ရှိမှာပါပဲ။ ကျွန်မကတော့ ကြယ်တံခွန်သာရယ်။ တစ်ခါတလေ ပျော်ရွှင်နွေးထွေးမယ်လို့ ထင်ရတဲ့ နေအဖွဲ့အစည်းတစ်ခုခုဆီ သွားရောက်မိပေမယ့် နောက်ဆုံးမှာတော့ အေးစက်မှောင်မိုက်နေတဲ့ အာကာသထဲမှာပဲ တစ်ကိုယ်တည်းရွေ့လျားနေရသူပါ။ မလောင်ကျွမ်း၊ မပျက်စီးခင်လေးအထိပေါ့။ 

ကိုယ့်ဖြစ်တည်မှုအတွက် ဝမ်းနည်းအားငယ်သလားလို့ မေးလာရင်တော့ သဘာဝဆိုတာ ပြုပြင်ပြောင်းလဲနိုင်ဖို့ ခက်သားကလား။ နောင်တမရလိုပေမယ့် အဖွဲ့အစည်းရဲ့ အရှိန်ဟပ်ပြီးလည်း မညစ်နွမ်းချင်ပါ။ တစ်ယောက်တည်းနေ တစ်စိတ်တည်းထားတဲ့ ဘုရားဟောကို ကိုးကားကာ ရဲဝံ့ဟန်ဆောင်ပါဦးမယ်။ ကိုယ်ပြုသောကံ ကိုယ့်ထံပြန် ဆိုလား။ ကျွန်မရဲ့အသုဘမှာ လူမစည်နိုင်တဲ့အခါ အသေမလှဘူးလို့ ကဲ့ရဲ့ချင်ပါသလား။ ကိစ္စမရှိပါ။ လိပ်ပြာသန့်စွာကျွန်မ သေဆုံးပါဦးမယ်။   ။



မယ့်ကိုး

7 comments:

Anonymous said...

ဟုတ်တယ် ..မယ့်ကိုး ပြောတာတွေက ဒို့လိုသူအတွက် အမှန်တရားချည်းပဲ၊ တဖြည်းဖြည်း ကြောက်လာလို့ နောက်ဆုတ်ရင်း ဆုတ် ရင်းနဲ့ တိတ်ဆိတ်နေမိတယ် ။

Thwin said...

ဆက်ဆံရေးစစ်ပွဲမှာ
ဘယ်အခါမှ နလံမထူနိုင်သူလေ
နားလည်မှုတစလည်း မတောင်းဆိုဝံ့ဘူး။
“နေကောင်းလား”....
နှုတ်ခွန်းဆက်သ
မှုန်မှိုင်းစကားစပင် ထုံထိုင်းစည်းကွယ်နေမို့
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ချင်လည်း …
အဆုံးမှာ
အေးခဲခြင်းဆီသာ ပျံပြေးတတ်သူမို့
လူမဆန်ဘူးဆိုလည်း ရှိစေ။ ။

တစ်ခါတစ်လေတော့လည်း တစ်ယောက်တည်းနေ တစ်စိတ်ထဲထားဖို့ ကလည်း ကြိုးစားရတာပဲနော်..။

နွေတေးရှင် (မင်းဧရာ) said...

မယ့်ကိုး
မခင်သန္တာအောင်ကိုပြောပြမှာကြားနေတာ
ကျနော်ပါ နားထောင်သွားတယ်။

မည်သည့်အရိပ်မှာ ကိုယ့်အပေါ်ကို အုပ်မိုးကျရောက် မခံတာ အကောင်းဆုံးဘဲ ပေါ့ဗျာ ။

မိုးနတ်ကြယ်စင် said...

nice post !
i have read :)

yee lin said...

အိမ်ထောင်ရှိအမျိုးသမီးတယောက် ကိုယ့်အိမ်ထောင်ရဲ့ လစ်လျှူရှု ခြင်းကို ခံရတဲ့အခါမှာလဲ ကိုယ့်ပတ်ဝန်းကျင်ကြားမှာ ငုံလျှိုးပြီး ခံစားလာရပါတယ် တိုက်ဆိုင်စွာခံစားသွားရတာပါ

yee lin said...

တိုက်ဆိုင်စွာခံစားသွားရပါတယ်မယ့်ကိုးရယ်

မိုးမြင့်တိမ် said...

ကဗျာက ချပြတဲ့အကြောင်းအရာရယ်၊ သုံးနှုန်းထားတဲ့ စကားလုံးတွေရယ်၊ အဆုံးသတ်နင့်နင့်လေးရယ် နဲ့ တော်တော်ကြိုက်မိတဲ့ ကဗျာတစ်ပုဒ်ပါ။

မိုးမြင့်တိမ်