17 June 2013

နားမလည်နိုင်ခြင်း အကြောင်း

မျှော်လင့်မထားဘဲ တွေ့ရှိခဲ့ကာ ပြန်တမ်းတတိုင်း ကြည်နူးမဆုံးဖြစ်စေခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံအကြောင်း ပြောပြပါရစေ။ ပထမဆုံးမိတ်ဆက်ပေးချင်သူက ‘ဖေဖေ’လို့ သူမ တစ်ခါမှမခေါ်ဘူးတဲ့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။ အမေနဲ့ ဆွေးမျိုးများက ရုပ်ဆိုးအကျည်းတန်လှတယ်လို့ ပြောကြတဲ့ဖခင်ဟာ သူမရဲ့အမြင်မှာတော့ ခန့်ထည်ကြည့်ကောင်းနေပါတယ်။ ချစ်သောမျက်စိနဲ့ကြည့်တာကြောင့်လို့ ညွှန်းကြမယ်ဆိုပါရင် ဖေဖေ့ကို ချစ်လားဆိုတဲ့ ခံစားမှုဟာ မခွဲဖြာနိုင်တဲ့ ပုစ္ဆာဖြစ်ပါတယ်။

 ‘အဲဒီလူအကြောင်း မပြောချင်ဘူး။’ ‘ဘဝမှာ အဖေမလိုဘူး ။ အမေတစ်ယောက်တည်းနဲ့ ပြည့်ပြည့်စုံစုံထားနိုင်တယ်။’ ဆိုတဲ့ စကားလုံးတွေနဲ့ ပုံသွင်းခံရင်း ကြီးပြင်းခဲ့သူပါ။ အဖေဆိုတာ ဘယ်လိုလူလဲဆိုတာ သူမ တကယ်မသိပါဘူး။ ကိုယ့်ထက်ပညာတတ် ထက်မြက်တဲ့မိန်းမနဲ့ အတူနေထိုင်ခြင်းဟာ အဖေရဲ့မာနကို ထိခိုက်စေခဲ့လေသလား။ အနိုင်လိုသွေးဆိုးကြတဲ့ မယားဖက်က ဆွေမျိုးတွေကို မကြည်ဖြူနိုင်ခြင်းဟာ အဖေရဲ့ရွေးချယ်မှုလား။ သမီးများကို စွန့်ပစ်ထားခဲ့ခြင်းဟာ အဖေ့ရဲ့ အခွင့်အရေးလား။

လူတကာတွေ ဘယ်လိုသွေးထိုးလည်း အဖေ့ကို အကြည်ညိုမပျက်ဖို့ သမီးအတတ်နိုင်ဆုံးကြိုးစားပါတယ်။ ဒါပေမယ့် သမီးတို့ကို အဖေဘာလို့ တစ်ခါလေးပင် လာမတွေ့ရတာလဲ။ သမီးတို့ကို နည်းနည်းလေးမှ မချစ်ဘူးပဲနော်။

ကျောင်းဆင်းချိန်တိုင်း သူများကလေးတွေကို အဖေတွေက လာကြိုတိုင်း အဖေများ လာစောင့်နေမလားလို့ အမြဲမျှော်လင့်ခဲ့ဖူးတယ်။ သားအဖတွေ အပြန်အလှန် ချစ်တာမြင်ရတိုင်း၊ ကြင်နာတာ ကြုံရတိုင်း မဖော်ပြနိုင်အောင် နာကျင်တယ်။ ဒါ မနာလိုတာလို့ စွပ်စွဲမလား။  မာရေကျောရေနှလုံးသားဟာ ဘယ်လိုမှ မယုံကြည်နိုင်အောင် ကွဲအက်လာပြန်တယ်။ အဖေ့ရဲ့ နောက်အိမ်ထောင်ကရတဲ့ သားသမီးတွေကိုပဲ အဖေ ချစ်တတ်တာလားဟင်။ ဒီအတွေးစနဲ့ ဓာတ်ပုံကိုကြည့်မိတိုင်း ရင်ထဲမှာ ဆူးထိုးခံရသလို နာကျင်လာကာ မျက်ရည်ရစ်ဝိုင်းပြန်ရဲ့။

ဒါပေမယ့် သူမ ကြည်နူးခဲ့ပါတယ်။အမေ့ကို ဖေဖေနဲ့ တွဲဖက်မြင်ရတယ်။ အမေကလည်း ဓာတ်ပုံထဲမှာ ပြုံးနေပါတယ်။ မွေးကင်းစရက်ပိုင်းလေးမှာတင် သူမကို တနယ်တကျေးက အဘွားလက်ထဲအပ်ကာ အဒေါ်တွေလက်မှာ ကြီးပြင်းခဲ့ရသူ သူမအတွက် အမေဆိုတာလည်း ဖမ်းဆုပ်ရခက်ခဲတဲ့ ပုံရိပ်ရယ်သာ။ သမီးတို့ ပညာရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ တာဝန်ကျရာဒေသတွေမှာ နေထိုင်ပြီး တစ်နှစ်မှာ တစ်ကြိမ်သာတွေ့ဖြစ်တဲ့ အမေ့ပုံလေးကိုကြည့်ကာ အမြဲခေါ်ဝေါ်ချင်လွန်းလှတဲ့နာမ်စား ‘မေမေ’ဆိုတာကို ရင်ထဲက တိုးတိတ်ရွတ်ကြည့်ဦးမယ်။ ပြီးတော့ အမေ့ကို အဒေါ်တွေခေါ်သလို မလေးလို့ ခေါ်ဝေါ်ကာ ‘မလေး သမီးကို ချစ်လား။’လို့ ဘယ်တော့မှ ဖွင့်မဆိုဖြစ်တဲ့စကားကို ဓာတ်ပုံလေးကြည့်ကာ မေးမိဦးမယ်။ 

ဒီလိုဒဏ်ရာတွေ သိပ်သည်းပြင်းထန်လာရင်တော့ မိဘနှစ်ပါးဆီမှ အကြည့်လွှဲကာ ဖခင့်လက်ပေါ်မှ ချစ်စဖွယ်ကောင်းလွန်းလှတဲ့ ကလေးမလေးကို ကြည်နူးစွာကြည့်မိဦးမယ်။ ပညာတတ်မိန်းမနဲ့ ရွက်ကြမ်းရေကျိုဘွဲ့ရ ယောက်ျားတစ်ယောက်ရဲ့ မြေစာပင်နှစ်ပင်ထဲက လှပသန်းစွမ်းတဲ့ ပန်းကလေးတစ်ပွင့်ဟာ သူမရဲ့အစ်မ ဖြစ်ပါတယ်။ ခံစားချက်တွေကို ရင်ထဲမှာပဲ သိုဝှက်ထားတတ်သူအစ်မက သူမထက်ခံနိုင်ရည်ကောင်းသလို ကုသိုလ်ကံလည်း ပိုကောင်းသူဖြစ်ကာ အမြဲလိုလည်း စိတ်ထားကြည်သာစွာနေတတ်သူဖြစ်ပါတယ်။ အခုလည်း ဓာတ်ပုံထဲက ဖခင်ရဲ့လက်ပေါ်မှာ ပြုံးရွှင်လို့နေပါတယ်။

သက်နှောင်းစနေဖြစ်ပေမယ့် စနေဂြုင်္ံဟ်မွှေတာ။ သူမကြောင့် အိမ်ထောင်ရေးပြိုကွဲရတာဆိုတဲ့ စကားသံကို မပြတ်မလတ်ကြားနာခံရပြီး ကြီးပြင်းခဲ့သူ၊ ဦးလေး၊အဒေါ်တွေရဲ့ နှိပ်စက်ညှင်းပန်းခံရပြီး ကြီးပြင်းခဲပသူ သူမကလည်း ဓာတ်ပုံလေးထဲမှာ ပကတိပြုံးရယ်နေတာကြောင့် ဒီဓာတ်ပုံလေးကြည့်မိတိုင်း အလိုအလျှောက်ပြုံးမိပြန်ပါတယ်။ ဒါပေမယ့် သူမရဲ့ပျော်ရွှင်မှုတွေဟာ ဘယ်တော့မှ သက်ဆိုးမရှည်နိုင်တာ အစဉ်အလာဖြစ်ပါတယ်။ ‘ဒီဓာတ်ပုံကို ဘယ်ကရတာလဲ’ ဆိုကာ အဒေါ်လတ်က ပြန်သိမ်းသွားတဲ့အခါ သူဖြဲဆုပ်ပစ်လိုက်ပြီလား။ ဖျောက်ဖျက်ပစ်လိုက်ပြီလားလို့ပင် သူမ မမေးတော့ပါဘူး။ မသိချင်တော့ပါဘူး။ ဝမ်းနည်းနာကျင်မှုမြောက်များစွာထဲက အသေးငယ်ဆုံး အစိတ်အပိုင်းလေးသာမို့ ဒီဓာတ်ပုံတစ်ခုကိုဖြင့် မေ့မေ့ပျောက်ပျောက် ဖြစ်အောင် နေတတ်ခဲ့ပြန်ပါပြီ။

ဒါပေမယ့် ကိုယ့်သမီးတွေကို တစ်ခါမျှလာမတွေ့၊မဆက်သွယ်သော မွေးသဖခင်က သမီးနှင့်အတူနေသည့်အဒေါ်ကိုတော့ စီးပွားရေးလုပ်ငန်းပေါင်းစည်းလုပ်ရန် ဆက်သွယ်(ခဲ့/နေ)သောအခါ ထိုရက်စက်မှုများကို အဘယ်သို့ မေ့နိုင်တော့မည်နည်း။ တစ်ချို့သော ကြောက်ရွံ့စရာအဖြစ်အပျက်များမှာ ပြင်းထန်လွန်းသောကြောင့် မယုံကြည်နိုင်အောင်၊လက်မခံနိုင်အောင်ဖြစ်ရလေတာ။ထို့ကြောင့် အဆုံးမှာ နားမလည်နိုင်တော့ဘူးဟုသာ သုံးနှုန်းရတော့မယ်လေ။

ထိုသို့ဖြင့် သူမသည် နားလည်မှုခေါင်းပါးသော မိန်းမတစ်ယောက်ဖြစ်လာခဲ့လေသလား။အဖေတွေ သားသမီးတွေကို အရမ်းချစ်နေတဲ့ အပြုအမူတွေ၊ ဓာတ်ပုံတွေကိုတွေ့ရင် နားမလည်နိုင်တော့ဘူး။ အူကြောင်ကြောင်ဖြစ်တယ်။ မျက်မမြင်ကို အရောင်တွေအကြောင်း ဘယ်လိုပဲရှင်းပြပြ နားမလည်သလိုဘဲ။ နားမလည်နိုင်တဲ့အတွက် ဝမ်းနည်းရမှာလား။ နာကျင်မှုကို သိုလှောင်တဲ့ နှလုံးသားမရှိတော့ဘူး။ ။

မယ့်ကိုး

15 comments:

yee lin said...

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး ရင်ထိတယ်မယ့်ကိုးရယ်

Kay Thwel said...

ငယ်ငယ်တုန်းက..အကြီးကြီးဖြစ်ခဲ့တဲ့ ကိစ္စတွေက..ကြီးတော့ သေးသေး သွားလို့ သာပဲ....
အမြဲတမ်းသာ အကြီးကြီးတွေ ထမ်းပိုးခံစားနေခဲ့ရရင်.. ...

Anonymous said...

မိဘတိုင်း မှာလည်း သားသမီးအပေါ် မေတ္တာအပြည့် ရှိချင်မှ ရှိမှာပါ (သူတို့လည်း ပုထုဇဉ် တွေကိုး)... ကိုယ့်ရဲ့ ဘ၀ဆက်တိုင်း မှာ ပြုမူခဲ့တဲ့ ကံတရား နဲ့ လည်း သက်ဆိုင်ချင်သက်ဆိုင်မှာပေါ့ .. နောက်ဆုံးတော့ ကံပေါ့လေ

ချစ်တဲ့
ရွှေစင်ဦး

Anonymous said...

မယ်....ညီမလေး။ တို့များငယ်ငယ်တုန်းကလည်း ဒီလိုပဲ ခံစားမှု ၀န်ထုတ်ကြီးကို ထမ်းခဲ့တယ် ညီမရယ်။ စိတ်တံခါးတွေပိတ်လို့ လိုချင်မှုကွက်လပ်တွေ၊ ငါ့အလှည့်ကျ ဒီလို မဖြစ်စေရဘူးတွေရယ်နဲ့....လူကြားတိုးဖို့ ခက်ခဲနေခဲ့ပြန်တယ်။ ဒီအတိတ်တွေက တို့ တွေ ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးဆိုတာကို လက်သင့်ခံဖို့ကြိုးစားရမယ်လို့သတိထားမိတဲ့နောက်ပိုင်း.....နေသာလာတယ်ညီမ။ လေးလွန်းလှတဲ့ဒီဝန်ထုတ်ကြီးကို လွှတ်ချနိုင်ဖို့ ကြိုးစားပါလို့ ပဲ.........

ချစ်ခင်တဲ့.....

မမသန္တာ

ရိုးမြေကျ said...

အဲဒီဓာတ်ပုံလေးအကြောင်းနားလည်သွားတယ်။ ဘယ်လိုပဲပြောပြော စနေဆိုတဲ့ ပညတ်ချက်နဲ့လဲ ချောင်ပိတ်ခံစားခဲ့ရမှာပဲ။ မယ့် စာတွေဟာ နှလုံးသားကို နက်နက်ရှိုင်းရှိုင်းထိတယ်။

Anonymous said...

အိမ်က အကိုဝမ်းကွဲတွေမှာလည်း အဲ့ဒီပြဿနာရှိတယ်။ တယောက်တည်း ကြောင့်မဟုတ်ပဲ နှစ်ယောက်စလုံးရဲ့နားလည်မှု၊ လိုအပ်မှုတွေကြောင့်သာ အခုလို ဖြစ်ရတယ်လို့ပဲ လက်ခံထားဆဲ။ အိမ်မှာလည်း အဲ့ဒီဦးလေးဆိုရင် အကောင်းတစက်မျှ အပြောမခံရပဲ ဇာတ်လမ်းထဲက လူဆိုးကြီးတယောက်လို နားထောင်ရင်း ကြီးပြင်းခဲ့ရတာမို့..ခံစားမှုရဲ့ အပိုင်းအစတခုကို မျှဝေမိလျက်သား

မြသွေးနီ said...

အကြောင်းအရာတွေ တိုက်တိုက်ဆိုင်ဆိုင်ပါင်းစုံသွားတော့
သေးငယ်တဲ့ ကိစ္စတွေကလဲ ကြီးကျယ်သွားတတ်ရဲ့ မယ့်ရေ။ များသောအားဖြင့် အဖေတွေရဲ့ စိတ်ကလဲ ဘာသိဘာသာနေတတ်ကြတာများတယ်။ သူတို့က ထုတ်ဖော်မပြပေမဲ့ သူတို့ ရင်ထဲမှာတော့ အဖေတစ်ယောက်ရဲ့ သမီးအပေါ်ထားရှိတဲ့ ခံစားချက်တွေ အထိုက်အလျှောက် ရှိနေမှာ သေချာပါတယ်။

တိမ်လွှာဖြူ said...

ပညာတတ်မိန်းမနဲ့ ရွက်ကြမ်းရေကျိုဘွဲ့ရ ယောက်ျားတစ်ယောက်ရဲ့ကြားမှာ .. လက်တွဲပြီးနောက်ပိုင်း အဖုအထစ်တွေဖြစ်လာနိုင်တာပဲပေါ့နော်..။ ဒါက တစ်ဦးအပေါ်တစ်ဦး အရှုံးမပေးချင်ကြတဲ့ မာနတွေကြောင့်များ ဖြစ်နေလေမလား..။ နားလည်မှုကို ဘယ်လိုတည်ဆောက်မှ တသက်လုံးပျော်ပျော်ရွှင်ရွှင်လက်တွဲသွားနိုင်မလဲ ဆိုတဲ့အဖြေကို သိချင်နေမိတယ်..။

သက်ဝေ said...

မယ်... ... ...

မိုးနတ်ကြယ်စင် said...

အရမ်းစိတ်မကောင်းဖြစ်မိပါတယ် ဆိုတဲ့စကားအပြင်
ဘာပြောရမှန်းမသိဖြစ်လောက်အောင်ကိုပဲ
စကားလုံးတွေ ဆွံ့အခဲ့တယ် .....
သြော် ....မယ့်ရယ် :(((

Anonymous said...

မယ့်ကိုး....ရေ
တစ်ခေါက် ဆို တစ်ခေါက်ပါဘဲဗျာ။

ဒီပိုစ့်ဟာ တကယ့် ဖြစ်ရပ် ဆိုခဲ့ရင်တောင်ဒ
ဖခင် နားလည်ပေးရင်....
တစ်ချို့တ၀က် ကိုတော့ ကိုယ့်အတွက် သင်ခန်းစာအဖြစ် ယူထားလိုက်ပါ ။


မင်းဧရာ

သိင်္ဂါကျော် said...

ငယ်ငယ်တုန်းက ၇တန်းအထိ အဖေ မရှိပဲ နေခဲ့ဖူးတယ်..
ဘယ်လိုမှ မနေခဲ့ပါဘူး။ မျှော်လည်းမမျှော်ဘူး၊ မေးလည်း မမေးခဲ့ဖူးဘူး။ ပြန်ပေါင်းကြတော့လည်း သူ့အကြောင်းနဲ့ သူပဲ။
ပြန်ပေါင်းပါစေလို့ တစ်ခါမှ ဆုမတောင်းဖူးဘူး။
မိန်းမတစ်ယောက်က မသင့်တော်နဲ့ ယောက်ျားတစ်ယောက်ကို ပြန်ပေါင်းတဲ့ အခါ ကလေးအတွက်လည်း မသင့်တော်တဲ့ အဖေ တစ်ယောက် ပြန်ရလာတာက လွဲလို့ ဘာမှ မပိုပါဘူး။

Anonymous said...

ဖတ်ပြီးတော့ ရင်ထဲမှာဆို့သွားတာဘဲ ညီမရယ်..အဖေအမေနဲ့နေလာခဲ့တော့ အဲလိုခံစားမူမျိုးမရှိပေမဲ့ ကိုယ်ချင်တော့စာတတ်ပါတယ်။
လွင်

ဒီနေ ရိုင်းသစ် said...

မယ့် .....

ဘယ်လိုစကားလုံးသုံးရမယ်မသိ ....
မှင်သက်ဆွတ်အသွားတယ်..
အစိုင်အခဲထုပမာဏကိုမှန်းဆမိတော့
ဝ မ်း နဲ သွား တ ယ်

Anonymous said...

ခံစားချက်များထပ်တူ