19 June 2013

မကျွမ်းဝင်တဲ့ဝေါဟာရက သူငယ်ချင်း

စကားပြောချင်တယ်။ အာခေါင်ခြစ်ပြီး အော်ချင်တယ်။ ဘယ်လိုနာကျင်ကြောင်း၊ ဘယ်လောက် ကြေကွဲစရာကောင်းကြောင်း၊ အဘယ်မျှအထီးကျန်စိတ်ဓာတ်ကျကြောင်း…ဟင့်အင်း။ ဒီလို ဘယ်သူမှ မကြားချင်တဲ့ ငြီးငွေ့ဖွယ် သာယာနာပျော်ဖွယ်မဲ့စကားတွေ မဟုတ်ပါဘူး။ ဒါပေမယ့် တောင်ရောက်၊တောရောက် စကားတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ရုံးက ခပ်တည်တည်နဲ့ မျက်နှာပုပ်သိုးနေတဲ့လူကြီးကလေ တစ်ခါမှ အချိန်ပိုမဆင်းတဲ့ငါ့ကို ညကြီးမိုးချုပ်မှာ မြင်တော့ မျက်နှာမဲ့ရှုံ့ပြီး နောက်တာ။ ငါကလည်း အလုပ်လုပ်ရလို့ စိတ်ဆိုးနေတော့ သူနောက်တာကို ရုတ်တရက် ပြန်ရယ်မပြနိုင်ဘူး။ အဲဒါကြောင့် သူက ရှက်ပြီး မျက်နှာနီကာ မအီမလည်ဖြစ်သွားပုံက ဘယ်လိုဆိုတာ သူငယ်ချင်းကို ပြောချင်တာ။

ဒီစကားတွေကို ဘယ်သူ့ကို ပြောရမှာလဲ။ ဟုတ်တယ်။ အဲဒီလိုအဖြစ်အပျက်ကို စိတ်ကူးနဲ့မြင်ပေးမယ့် သူငယ်ချင်းမရှိပါဘဲ။ အဲဒီလူက ဒီလောက်မျက်နှာထားတင်းတာ သူနောက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲလို့ ပြန်ပြောမယ့် သူငယ်ချင်းတစ်ဦးတလေမှ မရှိပါဘဲ။ ပြီးတော့ နှစ်ယောက်သား တဟီးဟီးတဟားဟား ခေါင်းချင်းတိုက်ရယ်ချင်လည်း သူငယ်ချင်းက ဘယ်မှာလဲ။

တစ်ခါတစ်လေတော့ စိတ်ကူးထဲရှိတာ ယုတ္တိမဲ့အကြောင်းအရာတွေကိုလည်း ပြောဖြစ်ချင် ပြောဖြစ်မယ်။ ငါကလေ အထပ်၂၀ကနေပြီး ဓာတ်လှေကားထဲဝင်တော့ အထဲမှာ လူမရှိဘဲ ၂၂ထပ်ကို နှိပ်ထားတာတွေ့တယ်။ တစ်ခါတစ်လေ ဒီလိုပဲ မှားနှိပ်မိတာပဲလေဆိုပြီး ၂၃ ခလုတ်ကိုနှိပ်လိုက်တယ်။ ပြီးတော့ ဒီလိုပဲရပ်နေရင်း ဖုန်းကအောက်ပြုတ်ကျသွားတယ်။ ဖုန်းကိုကောက်ပြီး ဖွင့်ကြည့်လိုက်တော့ message နေရာမှာ စာတွေ ရိုက်ထားတယ်။ ငါက အလိုအလျှောက်နှိပ်မိတာဆိုရင် စာလုံးတွေကအဓိပ္ပါယ်မရှိနိုင်ဘူး။ အခုကြည့်လိုက်တော 333 times UK တဲ့။ ငါလည်း ကြောက်ကြောက်လန့်လန့်နဲ့ ဓာတ်လှေကားကအထွက် နံပါတ်နှိပ်တဲ့နေရာကိုကြည့်လိုက်တော့ ၂၈ ထပ်ကို နှိပ်ထားတာ တွေ့တယ်။ သေချာတယ်။ ငါလုံးဝ မနှိပ်ဘူးလို့ သူငယ်ချင်းကို ပြောမယ်။ 

အဲဒါဆို သူငယ်ချင်းက အေးဟယ်။ကြောက်စရာ ။သရဲရှိတာ သေချာတယ်။...လို့ ကျွန်မရဲ့စကားကို နင်းပြီး ပြောမယ်။ နာနာဘာဝတို့ တစ္ဆေတို့ဆိုတာ မရှိပါဘူး။ ဘာညာနဲ့ ကျွန်မဖြစ်ပျက်သမျှကို အလေးအနက်မထားဘဲ ငြင်းခုန်ပယ်ဖျက်မယ့် သူငယ်ချင်းမျိုး မလိုချင်ပါဘူး။ ဘဝခဏလေးမှာ စကားနိုင်လုပြောဆိုမှုတွေ၊ မေးခွန်းအဖြေအနန္တတွေနဲ့ အချိန်ကုန်မခံနိုင်တော့လို့ပါ။ သိပ်မောပန်းနွမ်းနယ်နေပြီ။ တစ်ခါတစ်လေတော့လည်း ညည်းညူတာတွေ ဖြစ်ချင်ဖြစ်မယ်။ ရွံ့ရေအိုင်ကို တရကြမ်းမောင်းဖြတ်သွားတဲ့ ညှာတာစိတ်မဲ့တဲ့ကားမောင်းသူကြောင့် ကျွန်မရဲ့ဝတ်စုံ ညစ်ပတ်ပြီး အရှက်ရကြောင်း စသည်ဖြင့်...။ 

ရင်ထဲမှာ ဘာနဲ့ဖြည့်လို့မှ ပြည့်နိုင်မယ်မထင်တဲ့ ဟင်းလင်းခွင်ကြီးရှိနေတယ်။ အချစ်မခံချင်တဲ့သူ ဘယ်သူရှိသလဲ။ သူငယ်ချင်းသိပ်လိုချင်တယ်။ အားနည်းချက်ရှိတဲ့အခါ ဒီလောက်ကလေးတောင် အသုံးမကျဘူးလားလို့ ကဲ့ရဲ့မယ့်သူငယ်ချင်းမဟုတ်ဘူး။ ထိခိုက်ထိုးနှက်ခံရလို့ လဲပြိုသွားတဲ့အခါ လက်မကမ်းလည်း ကိစ္စမရှိပါဘူး။ လမ်းကိုဘယ်လိုလျှောက်တာလဲလို့ ဆူပူမယ့် သူငယ်ချင်းတော့ မဟုတ်စေချင်ဘူး။ မတော်တဆမှားယွင်းမှုကို သည်းခံနိုင်တဲ့ သူငယ်ချင်းမျိုးလိုချင်တယ်။ အားနည်းချက်ကို နားလည်ပေးတဲ့ သူငယ်ချင်းရှိချင်တယ်။

ရေးတဲ့စာတွေ အချိုးမကျတဲ့အခါ အသစ်ဖန်တီးနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောတဲ့သူငယ်ချင်းမျိုး မလိုချင်ဘူး။ လိုအပ်မှုတွေကို ဆွေးနွေးအားပေးမယ့် သူငယ်ချင်းကို ရချင်တယ်။ မရယ်ရတဲ့ဟာသပြောပြတဲ့အခါ စိတ်မဆိုးဘဲ အလိုက်တသင့်ပြုံးပြတဲ့ သူငယ်ချင်းမျိုးလိုချင်တယ်။ ဝမ်းနည်းအားငယ်တဲ့အခါ မသိချင်ယောင်ဆောင်နေပြီး ချောကလက်ဝယ်ကျွေးမယ့် ၊ ရေခဲမုန့် ဝယ်ကျွေးမယ့် သူငယ်ချင်းမျိုးလိုချင်တယ်။ ကျွန်မ မရင့်ကျက်သေးပါဘူး။

ကျွန်မကို ချစ်တဲ့သူ မရှိဘူးလို့ ပြောတဲ့အခါ ‘အဲဒါဘာဖြစ်လို့လဲသိလား။ အစ်မက ဘယ်သူ့မှ မချစ်တော့ ဘယ်သူကမှလည်း အစ်မကို မချစ်တာ’ လို့ ပြောတဲ့ ညီမငယ်တစ်ယောက်ကို သတိရတယ်။ မချစ်တတ်ဘူးတဲ့လား။ ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ဟုတ်သလိုလိုလည်းရှိပေမယ့် ချစ်တဲ့သူတွေလက်ကို တွဲနေနိုင်သူက အဝေးကတစ်ယောက်သောသူကို မှန်ကန်စွာ နားလည်အကဲဖြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ချို့လူတွေမှာ စာဖတ်နိုင်စွမ်း ချို့တဲ့မှု(dyslexia) ဖြစ်သလိုမျိုး ကျွန်မလည်း ဆက်သွယ်နိုင်စွမ်းရည် ချို့ယွင်းချက်ဗီဇများ ရှိတယ်ထင်ရဲ့။တကယ်တော့ ဆွံ့အနေခဲ့တာပါ။ စကားမပြောတတ်ပါဘူး။ ကျွန်မကိုနားလည်စွာ ကျွန်မကိုယ်စား စကားပြောပေးမယ့်သူငယ်ချင်း လိုချင်တယ်။ လိုချင်တာတွေ သိပ်များတယ်တဲ့လား။ တကယ်တော့ မရှိတောင့်တပါ။ 

အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ဝမ်းနည်းလာပြန်တယ်။ ဝက်ဝံရုပ်ကို တင်းတင်းပိုက်ထားတယ်။ အသက်ရှုမဝလို့ ပါးစပ်နဲ့ အသက်ရှုရတယ်။ ငါ မသေသေးဘူးလို့ ရေရွတ်တယ်။ Baby Blues ကာတွန်းတွေဖတ်ရင်း သိပ်မရယ်ရပေမယ့် အသံထွက်ရယ်တယ်။ ကြက်သွန်မြိတ်လှီးရင်း ငိုတဲ့ ဂျပန်ဘာသာပြန်ဝတ္တုတိုတစ်ပုဒ်ကို သတိရပြန်တယ်။ သူငယ်ချင်းမဲ့သူမှာတော့ ထွက်ပေါက်ရှာစရာ လှီးရမယ့် ကြက်သွန်နီတောင် မရှိပါဘဲ။ မနက်ဖြန်မှပဲ ငိုရမှာလား။ ကြက်သွန်နီ သွားဝယ်ရဦးမယ်။ ။





မယ့်ကိုး

10 comments:

Anonymous said...

လိုအပ်တာပေါ့...မယ့်ကိုး ရေ
သူငယ်ချင်းကောင်း မိတ်ဆွေ ကောင်းဆိုတာ
လောကမှာ အရှားပါးဆုံးနဲ့ အဖိုးထိုက်ဆုံးသော သူတွေပါ မျှဝေ ခံစားချင်း ဆိုတဲ့ အမြင်မှာပေါ့ ။


မင်းဧရာ

thethe said...

အရမ်းတူပါတယ်.ကိုယ့်ကိုကိုယ်ပြန်ကြည့်နေရသလိုပါပဲ.ဒီနေ့မိုးရေတွေထဲမှာအော်ငိုခဲ့တယ်.လူတွေမမြင်နိုင်တဲ့နေရာမှာ.

သွင် said...

သူငယ်ချင်း ငိုဖို့ အတွက် ကြက်သွန် နီလေး ဖြစ် ပေးချင်တယ်.....။

ရိုးမြေကျ said...

အဲလိုသူငယ်ချင်းမျိုးအဖြစ် အနော်ဖြစ်ချင်ပါရဲ့။ မယ့် သူငယ်ချင်းဖြစ်ဖို့ လျှောက်လွှာတင်ရမလား။ ဘာပြောပြော နားထောင်ပေးနိုင်တဲ့ သူငယ်ချင်းမျိုးလဲဖြစ်ချင်ပါတယ်။ ချောကလက်ဝယ်ကျွေးဖို့လဲ မပျက်ကွက်မယ့် သူငယ်ချင်းမျိုးအဖြစ်၊ ရေခဲမုန့်ဝယ်ကျွေးဖို့လဲ သတိတရရှိတဲ့သူငယ်ချင်းမျိုးအဖြစ်။ ပြီးတော့ စိတ်ညစ်လာရင် အနော်က နည်းနည်းရစ်တတ်တဲ့ ဂျစ်တိုက်တတ်တာတော့ သတိထားရမယ် မယ့်။ သေချာတာကတော့ မယ့်က အနော့်ရဲ့ ရင်ဖွင့်ဖော်ဖြစ်ခဲ့တာပဲ။

သိင်္ဂါကျော် said...

We need lovely friends..
definitely... ^-^

မိုးနတ်ကြယ်စင် said...

ဟုတ်ပါရဲ့ မယ့် ...
မယ့်သူငယ်ချင်း ဖြစ်ဖို့ လျှောက်လွှာတင်ရမယ်ဆိုလဲ
ပြောဗျာ...တင်မယ် အဲဒါ အပန်းမကြီးဘူးးးးးးးးးး
တကယ် အပင်ပန်းကြီး ပင်ပန်းလာတဲ့အခါကျရင်
ိမိဘရင်ခွင်လောက် မဟုတ်ရင်တောင်
သူငယ်ချင်းရင်ခွင်က နံပါတ်နှစ် အကောင်းဆုံးရင်ခွင်ပဲ..
သိတယ်မလား ချစ်သူရင်ခွင်ဆိုတာ အမြဲအစိုးရတာ
မဟုတ်ဘူးလေ :)

ဟန်ကြည် said...

မချစ်တတ်တာကောင်းတယ်...မုန်းစရာ မလိုတော့ဘူးပေါ့...ဘ၀မှ တစ်ခါတစ်ခါ မချစ် မမုန်း နေကြည့်ချင်သပါ့...စကားမစပ် အရေးအသားပုံစံကို သဘောကျတယ်...စိတ်ကစဉ်းကလျား ဖြစ်တာကို ပေါ်လွင်စေတဲ့ အရေးအသားမျိုး...

လသာည said...

ညီမလေးရယ်..

ဘာမှမဆိုင်ပဲ ငါးပုံပြင်လေးကို သတိရမိသေး။

နည်းနည်း အလုပ်ရှူနေတဲ့အခါ လာမနှုတ်ဆက်ဖြစ်ပေမယ့် သတိရနေတာပါ။

လိုတဲ့အခါတိုင်း ဖုန်းဆက်လိုက်၊ မက်ဆေ့ပို့လိုက်..
အမြဲ မယ့်ရဲ့ အစ်မလည်း ဟုတ်၊ သယ်ရင်းလည်း လုပ်မယ့်သူပါ။


Anonymous said...

Call me anytime nyi ma lay. I understand your feeling.

ဆွေလေးမွန် said...

ဆွေလေးကတော့ ကံကောင်းတယ် ပြောရမယ်
အလိုသူငယ်ချင်းမျိုး ရှိတယ်..
မယ့်မှာလဲ ရှိမှပါ.. မယ့်ကမမြင်လို့နေပါလိမ့်မယ်..
အားမငယ်ပါနဲ့