23 July 2013

အရိပ်သစ်ပင်လို မိန်းမ

သူမ အမှားလုပ်မိလျှင် အမေက ‘abnormal’ လို့ မျက်နှာမဲ့ပြောပြီး ကဲ့ရဲ့တတ်ရဲ့။ အမေပြောသလိုပင် သူမက ပုံမှန်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုချို့ယွင်းနေတဲ့ မိန်းမတစ်ယောက်ဖြစ်လေသလား။ မနှစ်လိုသူများက ဆန်းဆန်းတင့်(sensitive)လို့ လှောင်ပြောင်တာကိုလည်း နာကျင်နေလျှက် မချေပနိုင်အာင်ပင်။ စကားလုံးတွေ ထိအရှမှာ ကြေကွဲမဆုံးတော့သလို ဥပေက္ခာစိတ်လည်း မထားနိုင်သူရယ်။ဘာကိုမှ အရေးမစိုက်ဟန်ရှိပေမယ့် တော်တော်အချစ်ခံချင်တဲ့ မိန်းမပါလားဆိုတာ အားလုံးရဲ့အမုန်းကို မျက်ဝါးထင်ထင်မြင်ရမှ သဘောပေါက်တဲ့ မိန်းမလည်း ဖြစ်တယ်လေ။ 

ငယ်စဉ်က မိဘရဲ့စောင့်ရှောက်မှုမခံခဲ့ရသူများ၊ ချစ်မြတ်နိုးမှုမရခဲ့သူများက တခြားသူများရဲ့ချစ်ခင်မျက်နှာပေးမှုကို လိုချင်တဲ့အတွက် လူတွေရဲ့ သဘောတူညီမှု၊ခွင့်ပြုချက်ကို အမြဲရှာဖွေနေသတဲ့။ သူမကလည်း မိခင်စောင့်ရှောက်ခြင်းကို မခံခဲ့ရဘဲ ကြီးပြင်းခဲ့သော၊ ဖခင်ဆိုတာ မမြင်ဖူးသေးသော မိန်းမတစ်ယောက်ဖြစ်တာမို့ ထိုသို့ယိမ်းယောင်တတ်သောအဖွဲ့ထဲပါမှာ ကြောက်ရွံ့ကာ မိုးခါးရည်မသောက်ဘဲ အားလုံးကို ကျောခိုင်းနိုင်သူ ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာ သူမ မဟုတ်တော့သယောင်။

အများမျက်မုန်းမကျိုးအောင် လူတွေအပေါ် လိုက်လျောနေတတ်တဲ့ ကိုယ့်စိတ်ကိုသတိထားစောင့်ကြပ်ရင်း မြေနိမ့်တဲ့ဘက်၊ မှန်ကန်မှုဆီက အမြဲရပ်မယ်လို့ နှလုံးသွင်းထားပေမယ့် ခံနိုင်ရည်နည်းနေဆဲ။ အမုန်းစူးပေမယ့်၊ ဖိနှိပ်ချုပ်ချယ်ပေမယ့်၊ နှိပ်စက်ညှင်းပန်းပေမယ့် ကိုယ်ယုံကြည်ရာအတွက် ကြံ့ကြံ့ခိုင်ရပ်တည်နိုင်တဲ့ လူသားများမှာ သူတို့ကို ပံ့ပိုးယုံကြည်အားပေးတဲ့ မိသားစုရဲ့ ချစ်ခြင်းတရားစွမ်းအားကြောင့်လေလား။

ထိုသူတို့ကို အားကျရင်း၊ စွမ်းဆောင်ရင်းမှာပင် ကျရှုံးနေဆဲ။ ဘယ်သူမှ နားမလည် ကိုယ်ချင်းမစာနိုင်။ တစ်ယောက်တည်းအားမွေးရတာ ခက်ခဲပင်ပန်းလှတာ။ တကယ်တော့ သူမ လူလားမြောက်သင့်ပါပြီ။ မိသားစုချစ်ခြင်းကို မရပေမယ့် မိတ်ဆွေများရဲ့ ချစ်ခြင်းနဲ့ သူမ အသက်ဆက်သင့်တယ် မဟုတ်လား။ ဖတ်ဖူးတဲ့ ဝတ္ထုတိုတစ်ပုဒ်ကိုလည်း နမူနာယူသင့်တာ။

ငယ်သူငယ်ချင်းယောက်ျားလေးနှစ်ယောက်ရှိပြီး တစ်ယောက်က တရားဟောဆရာဖြစ်ချင်တယ်လို့ ပြောတဲ့အခါ သူ့သူငယ်ချင်းက အကြွင်းမဲ့ယုံကြည်ထောက်ခံခဲ့တယ်။ ကြီးပြင်းလာတဲ့အခါ သူ တရားဟောတဲ့ကျောင်းမှာ သူ့သူငယ်ချင်းကလည်း အလုပ်လုပ်ရင်း သူတရားဟောတိုင်း ယုံကြည်ချစ်ခင်သော မျက်လုံးများနဲ့ စောင့်ကြည့်နေခဲ့တယ်။ သူက တရားဟောကောင်းသူဖြစ်ပြီး တရားပြဆိုင်ရာ ရာထူးကြီးအတွက် ရွေးချယ်ခံရပေမယ့် အစမ်းသပ်ခံနေ့မှာ သူ့ရဲ့ ဟောပြောနိုင်စွမ်းကျသွားတယ်။ သူ့သူငယ်ချင်းကို ပရိသတ်ထဲမှာ မတွေ့ရဘူး။ သူ့သူငယ်ချင်းက နေမကောင်းဖြစ်ပြီး ဆုံးပါးသွားသလို သူလည်း တရားမဟောနိုင်တော့ဘူး။ သူ့ကို ယုံကြည်ချစ်ခင်တဲ့ သူငယ်ချင်းရဲ့ ချစ်ခြင်းစွမ်းအားကို သူမရတော့လို့တဲ့လေ။ 

သူမက ထိုတရားဟောဆရာထက်ပင် ကံနည်းသူများလား။ သူမက အမေ့သား (Mama’s Boy) မဟုတ်သလို အဖေ့သမီး (Daddy’s Girl)လည်း မဟုတ်ချေ။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို မရရှိဖူးလို့ မယုံကြည်တဲ့သူဟာ ဘယ်သူ့ချစ်ခြင်းကိုမျှလည်း ယုံကြည်လိမ့်မှာ မဟုတ်ဆိုတဲ့ ဆိုရိုးစကားကို ကြားဖူးကြမယ်ထင်။ ထိုသို့ဆိုလျှင် ဘာကိုမှ မယုံကြည်ရဲသော အမျိုးအစားအဖြစ် သူမကို တံဆိပ်ကပ်ကြဦးမှာလား။

ဖန်သားပြင်လှောင်အိမ်နဲ့ သူမကိုယ်သူမ အကျဉ်းချကာကွယ်ထားတာမို့ ချစ်သူများနှင့် သူမဟာ မြင်သာမြင်ပြီး မကြင်နိုင်ကြ။ ထို့အတူ သူမရဲ့ နှလုံးသားမှာ နူးညံ့တယ်ထင်ရပေမယ့် အတွင်းပိုင်းမှာတော့ စပရိန်လိုအရာမျိုးနဲ့ တည်ဆောက်ထားရဲ့လေ။ မည်သည့်ချစ်ခြင်းကိုမျှ လက်မခံနိုင်ဘဲ တွန်းကန်လွှင့်ပစ်နိုင်သော အစွမ်းရှိတဲ့ နှလုံးသားသာ။ 

အလွန်တရာ ကံဆိုးစွာပဲ ချစ်တယ်ဆိုတဲ့ စကားကြားရုံနဲ့ ယုံကြည်ညွတ်နူးခြင်းငှာ မစွမ်းနိုင်ခဲ့။ ယုံကြည်အောင်ပြောနိုင်သူကိုပင် ငါကောင်းလို့ ချစ်တာ။ ငါဆိုးတဲ့နေ့ သူတို့ငါ့ကို မုန်းပြီး ထားခဲ့မှာပဲလို့ နားလည်နေတဲ့ မိန်းမလည်း ဖြစ်ရဲ့။ ဒါပေမယ့် မချစ်တတ်လို့တော့ မဟုတ်ပါကွယ်။ ချစ်တယ်ဆိုရင်း ထွက်ပြေးနေရခြင်းမှာ   အကြောင်းအရာတစ်စုံတရာကြောင့် သူမကို မုန်းသွားမှာ စိုးရိမ်ပူပန်လွန်းလို့ပါ။

လက်တွေ့စမ်းသပ်မှုတစ်ခုအကြောင်းကိုလည်း အသင် ဖတ်ဖူးလေမလား။ ကျောင်းသားများက အပင်နှစ်ခုကို ခွဲပြီး တစ်ခုကို ချစ်တယ်လို့ပြော၊ အားပေးချီးမွန်းစကားပြောပြီး နောက်တစ်ပင်ကိုတော့ မုန်းစကားပြော၊ ကဲ့ရဲ့နှိမ့်ချကြသတဲ့။ သိပ်မကြာမီပဲ အားလုံးမျှော်လင့်သလို အချစ်ခံရတဲ့အပင်လေးမှာ ဖွံ့ဖြိုးစည်ပင်ပြီး အမုန်းခံရတဲ့ အပင်လေးမှာ သေဆုံးသွားလေတာ။အချစ်လည်း မခံရသလို စဉ်ဆက်မပြတ်လည်း အမုန်းမခံရတဲ့ သူမကရော ဘယ်လိုသစ်ပင်လဲ။

Mom, am I an abnormal plant?

သူမက အသက်ရှင်နေပေမယ့် မဖွံ့ဖြိုးနိုင်တော့သော အပင်ဖြစ်မလား။ တောအုပ်ထဲမှာ ပေါက်ရောက်နေပေမယ့် အခြားသစ်ပင်များနှင့် နှီးနှောဆက်နွယ်နိုင်ခြင်းမရှိတဲ့ အရိပ်လိုသစ်ပင်မျိုးလည်း ဖြစ်နိုင်လိမ့်။ အရိပ်ကောင်းပြီး ငှက်တစ်သောင်းနားနိုင်သော အပင်ကြီးများကဲ့သို့ ကမ္ဘာမြေကို အကျိုးပြုတဲ့အပင်များကို လေးစားပေမယ့်၊ ပင်ချင်းယှက်ပြီး ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီသော အပင်များကို အားကျပေမယ့် အရောမဝင်နိုင်သော အပင်မျိုးများလား။ သေချာတာက အကျိုးပေးညံ့ခဲ့လို့ အေးမြလှပအောင် ပြောင်းလဲခြင်းငှာမတတ်နိုင်သော ထုထည်မဲ့သစ်ပင်သာ ဖြစ်တော့တာ။ ။ 


မယ့်ကိုး 

ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်။ ၂၅ အောက်တိုဘာ ၂၀၁၃။

17 July 2013

တိရစ္ဆာန်မွေးမြူရေးခြံ (မြန်မာနိုင်ငံ)

ဂန္တဝင်ဝတ္ထုတွေဆိုတာ လူတွေက ဖတ်ဖူးရုံသာ ကြိုးစားကြပြီး နောက်တစ်ခေါက်လှန်မကြည့်ချင်တဲ့ စာအုပ်တွေလို့ သရော်စာရေးကြသလိုပဲ ရှည်လျားထွေပြားတဲ့ ဂန္တဝင်ဝတ္ထုတွေကို ဝေရာမန္တိဆိုကာ ဝေးရကရှောင်ကြဉ်သူမှာ ကျွန်မ ဖြစ်ပါတယ်။ ဒါပေမယ့် စာရေးသူတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်ဖြစ်သော ဂန္တဝင်ဝတ္ထုတွေကို မချစ်သော်လည်း အောင့်ကာနမ်းဖြစ်စဉ်အရ စာအုပ်ပုံထဲ ခေါင်းစိုက်ရင်း ဂျော့အိုဝဲလ် (George Orwell )ရဲ့ တိရစ္ဆာန်မွေးမြူရေးခြံ (Animal Farm) စာအုပ်ပါးပါးလှပ်လှပ်ကို ဝမ်းသာပျော်ရွှင်စွာ ရွေးချယ်ခဲ့ပါတယ်။ ဝတ္တုလတ်ဖြစ်တဲ့ ဒီစာအုပ်ထဲက ဇာတ်ကောင်တွေဟာ တိရစ္ဆာန်တွေဖြစ်လို့ ကလေးစာအုပ်လို့ပင် သတ်မှတ်လေ့ရှိပေမယ့် ပေါ့ပေါ့ပါးပါးအကြောင်းအရာ မဟုတ်ခဲ့တာမို့ ဖတ်ပြီးနောက်မှာ မသက်မသာခံစားချက်နဲ့ ကျွန်မ ကျန်ရစ်ခဲ့ပါတယ်။

ဇာတ်လမ်းအစမှာ မြေကြီးရှင်မွေးမြူရေးခြံက တိရစ္ဆာန်တွေဟာ သူတို့ရဲ့ပိုင်ရှင် မစ်စတာဂျုန်းစ်(Mr Jones)ရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ လျစ်လျူရှုခြင်းကို ခံနေရပါတယ်။ တစ်နေ့မှာ ဆုတံဆိပ်ရ အစ်ကိုကြီးအရာဖြစ်တဲ့ တောဝက်ထီးက တိရစ္ဆာန်တွေကို တင်းကုတ်ကြီးထဲမှာ စုစည်းစေခဲ့ပါတယ်။ သူက လူတွေရဲ့ ဖိနှိပ်၊ထိန်းချုပ်မှုမရှိဘဲ တိရစ္ဆာန်အားလုံးဟာ အတူတကွနေရမယ်။ တိရစ္တာန်အားလုံးအလုပ်ကြိုးစားပြီး နိဗ္ဗာန်ကို တည်ဆောက်ရမယ်လို့ မိန့်ခွန်းပြောပြီးတော့ သူ့အိပ်မက်ကို စာသားများနဲ့ ပုံဖော်ထားတဲ့ ‘အင်္ဂလန်ရဲ့ တိရစ္ဆာန်ကြီးများ’သီချင်းကို သင်ကြားပေးခဲ့ပါတယ်။

သူသေပြီး သုံးရက်အကြာ တစ်ခုသောညနက်မှာ တိရစ္ဆာန်တွေဟာ အာဏာဖီဆန်ပြီး သူတို့ရဲ့ပိုင်ရှင်ကို အပြီးအပြတ်ဖယ်ရှား တိုက်ထုတ်ပစ်လိုက်ပါတယ်။ သူတို့က မြေကြီးရှင်မွေးမြူရေးခြံကို တိရစ္ဆာန်မွေးမြူရေးခြံလို့ အမည်ပြောင်းလိုက်ပြီး အစ်ကိုကြီးရဲ့အိပ်မက်ကို စွမ်းဆောင်ဖန်တီးခဲ့ကြပါတယ်။ဝက်ပျိုသုံးကောင် စနိုးဘောလ်၊ နပိုလီယန်နဲ့ စကွိရယ်လာ ( Snowball, Napoleon and Squealer) တို့ကတိရစ္ဆာန်ဝါဒစနစ်ကို တီထွင်ခဲ့ကြပါတယ်။

ဇာတ်ကောင်တွေအကြောင်းပြောရမယ်ဆိုရင် နပိုလီယန်ဟာ အံ့သြစရာအကောင်းဆုံးဝက်ဖြစ်ကာ လုံးလုံးလျားလျားကို အကျင့်ပျက်တဲ့ အခွင့်အရေးရှာ ဖိနှိပ်အုပ်ချုပ်သူ ဖြစ်ပါတယ်။ တိရစ္ဆာန်မွေးမြူရေးခြံရဲ့ တော်လှန်ရေးသမိုင်းတလျှောက်လုံးမှာ အတွေးအမြင်ကအစ သွေးထွက်သံယိုပုန်ကုန်မှုအဆုံး ကူညီဆောင်ရွက်ခဲ့သူ မဟုတ်ပါဘူး။ ပြောင်းလဲချိန်မှာလည်း သူဟာ တိရစ္ဆာန်မွေးမြူရေးခြံရဲ့ ဖွံ့ဖြိုးမှုကို အရေးမထားဘဲ သူ့ကိုယ်ကျိုးတိုးတက်အောင် ကြိုးစားနေခဲ့သူသာ ဖြစ်ပါတယ်။ လိုအပ်ချိန်တိုင်းမှာ သူလုပ်ခဲ့တဲ့ တစ်ခုတည်းသော ဆောင်ရွက်မှုက ခွေးသားပေါက်တစ်စုက လေ့ကျင့်ပျိုးထောင်ခဲ့ခြင်းပါ။ ဒါပေမယ့် သူဟာ ခွေးတွေရဲ့အကျိုးအတွက် သင်ကြားပေးခြင်းမဟုတ်ဘဲ သူ့အကျိုးအတွက်သာ အသုံးချခဲ့တာ ဖြစ်ပါတယ်။ ခွေးတွေဟာ သူ့ရဲ့ ကိုယ်ပိုင်စစ်တပ်၊ ရဲတပ်ဖွဲ့ရယ်ပေါ့။

တော်လှန်ရေးကို ဦးဆောင်ပြီး တိရစ္ဆာန်မွေးမြူရေးခြံကို လွတ်လပ်ဖွံ့ဖြိုးစေခဲ့တဲ့  စနိုးဘောလ်ဟာ နပိုလီယန်ရဲ့ ကောက်ကျစ်ခြင်းခံခဲ့ရတဲ့ ဝက်ဖြစ်ပါတယ်။ စနိုးဘောလ်ဟာ ဥာဏ်ပညာရှိသလို သနားကြင်နာတတ်ပြီး အပြောအဟောကောင်းကာ တိရစ္ဆာန်မွေးမြူရေးခြံရဲ့ လွတ်မြောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ခဲ့ပေမယ့် နပိုလီယက်ထက်စာရင် စဉ်းလဲမှုနည်းသလို ပါးနပ်မှုလည်းလျော့ရဲခဲ့လို့ နောက်ဆုံးမှာ နပိုလီယန်ရဲ့ တစ်ဖက်လှည့်သတ်ဖြတ်ချေမှုန်းခြင်း ခံလိုက်ရသူဖြစ်ပါတယ်။

စကွိရယ်လာဆိုတဲ့ ဝက်ကတော့ နပိုလီယန်ရဲ့လက်စွဲတော်ဖြစ်ကာ တိရစ္ဆာန်တွေအကြားမှာ အမှားဝါဒဖြန့်သူ ဖြစ်ပါတယ်။ စကွိယ်ရယ်လာဟာ တိရစ္ဆာန်မွေးမြူရေးခြံရဲ့ အရင်းအမြစ်တွေပေါ် ဝက်တွေက လက်ဝါးကြီးအုပ်မှုကို လိမ်လည်ရှင်းလင်းချက်ထုတ်တယ် ။ အာဏာပိုင်ဝက်တွေဟာ သူတို့ရဲ့အာဏာကိုထိန်းသိမ်းဖို့ တိရစ္တာန်ထုကို ကြိုးကိုင်ခြယ်လှယ်ဖို့ အကြောင်းပြချက်ဆင်ခြေတွေရယ်လေ။

အုပ်ချုပ်ခံလူတန်းစားဖက်မှာဆိုရင် လှည်းဆွဲတဲ့မြင်း(boxer)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့မှာ အံ့မခန်းစွမ်းအင်ရှိပြီး တိရစ္ဆာန်မွေးမြူရေးခြံရဲ့ အကျိုးစီးပွားနဲ့ လေရဟတ်တည်ဆောက်မှုမှာ အဓိကနေရာက ပါဝင်ခဲ့သူဖြစ်တယ်။ တိရစ္ဆာန်မွေးမြူရေးခြံအတွက် သူ့ဘဝကို စူးစိုက်နှစ်မြှပ်ထားတဲ့ သစ္စာရှိနောက်လိုက်ဖြစ်ပါတယ်။ လျှင်လျှင်မြန်မြန်ကူညီတတ်ပေမယ့် နုံ့နှေးတဲ့ဥာဏ်ရှိတဲ့သူဟာ ဘဝတူတိရစ္ဆာန်တွေကို အလေးထားပေမယ့် လွတ်လပ်စွာတွေးခေါ်နိုင်စွမ်း နည်းပါးသူဖြစ်ပါတယ်။ သူ့အချိန်စွမ်းအားတွေကို ဒီတော်လှန်ရေး၊ လယ်ယာဖွံ့ဖြိုးစည်ပင်ရေး၊ လေရဟတ်ဖန်တီးခြင်းမှာ ကူညီဆောင်ရွက်ခဲ့ပြီး ‘ငါ ပိုပြီး အလုပ်ကြိုးစားမယ်။’ ‘I will work harder’ ဆိုတဲ့ ကိုယ်ပိုင်နီတိကို ချမှတ်ခဲ့ပါတယ်။ သူက ဝက်တွေအပေါ် အလွန်ရိုးသားစွာ ယုံကြည်ထားပြီး နပိုလီယန်က အမြဲမှန်တယ်လို့ စိတ်သဘောထားသူလည်း ဖြစ်တယ်။

ဒါပေမယ့် သူထိခိုက်ဒဏ်ရာရတဲ့အခါ နပိုလီယန်က သူ့ကို သားသတ်ရုံထံ ရောင်းစားခံခဲ့ပြီး တခြားတိရစ္ဆာန်တွေကိုတော့ သူဟာ ဆေးရုံမှာကောင်းစွာကုသခံရပြီး ငြိမ်းချမ်းစွာသေဆုံးခဲ့တယ်လို့ စကွိရယ်လာက မဟုတ်သတင်းလွှင့်ခဲ့ပါတယ်။ ဒီလိုနဲ့ တခြားတိရစ္ဆာန်တွေကို လိမ်လည်အုပ်ချုပ်သူဝက်တွေဟာ တော်လှန်ရေးကာလက ချမှတ်ခဲ့တဲ့ ဆောင်ပိုဒ်တွေကို တဖြည်းဖြည်းလိုရာဆွဲကာ မမှန်မကန်ပြောဆိုလာကြပြီး နောက်ဆုံးမှာတော့ စိတ်ကြိုက်ပြင်ဆင်လာကြပါတယ်။ အဆိုးရွားဆုံးမှာ ‘တိရစ္ဆာန်အားလုံးဟာ ညီမျှတယ်’ (all animals are equal.) ဆိုတဲ့ ဆောင်ပိုဒ်ကို ‘တိရစ္ဆာန်အားလုံးဟာ ညီမျှတယ် ။ ဒါပေမယ့် တိရစ္ဆာန်အချို့ဟာ တခြားတိရစ္ဆာန်တွေထက် ပိုပြီး သာတူညီမျှ ဖြစ်တယ်’ (all animals are equal, but some animals are more equal than others.) လို့ ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆုံးသတ်ကတော့ ဝက်တွေဟာ လူတွေကို အတုခိုးပြုမူဆက်ဆံရုံသာမက တိရစ္ဆာန်မွေးမြူရေးခြံကိုလည်း မြေကြီးရှင်မွေးမြူရေးခြံဆိုတဲ့ အမည်ပြောင်းလဲပြီး လူတွေနဲ့ လက်ဝါးချင်းရိုက်ကာ တိရစ္ဆာန်များကို နှိပ်ကွပ်လှည့်စားကာ စိုးမိုးနေပါတော့တယ်။

အမှန်အတိုင်းဝန်ခံရင် စာအုပ်ဖတ်အပြီး နောက်ကြောင်းကို စုံစမ်းခဲ့ရာမှ စာအုပ်ရဲ့ရည်ရွယ်ရင်းဟာ ဆိုဗီယက်ပြည်ထောင်စုအကြောင်း၊ အာဏာရှင်ဂျိုးဆက်ဖ် စတာလင် (Joseph Stalin) ရဲ့အာဏာရမှုတို့ကို ပုံခိုင်းရေးဖွဲ့ထားတဲ့အကြောင်းကို ကျွန်မ သိခဲ့တာဖြစ်ပါတယ်။ ဆိုဗီယက်နိုင်ငံရဲ့ ပညာတတ်လူတန်းစားလိုပဲ ဝက်တွေဟာ သူတို့ကိုယ်သူတို့ လူ့အဖွဲ့အစည်းသစ်မှာ အုပ်ချုပ်သူလူတန်းစားအဖြစ် တည်ထောင်ခဲ့ကြောင်းများကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ စတာလင်ရဲ့ ဖိနှိပ်ညှဉ်းပန်းသော စည်းမျဉ်းနဲ့ ရုရှတော်လှန်ရေးက ချမှတ်ခဲ့တဲ့ အခြေခံစည်းမျဉ်းများကို နောက်ဆုံးမှာ စွန့်ပစ်လိုက်ခြင်းဟာ ဝက်တွေက အကြမ်းဖက်သော အစိုးရအဖြစ်ပြောင်းလဲသွားပုံနဲ့ ဝက်တွေရဲ့ ခြေနှစ်ချောင်းထောက်လမ်းလျှောက်ပုံဟာ  သူတို့မူလဆန့်ကျင်ခဲ့သော ဖိနှိပ်သူလူတွေရဲ့ အပြုအမူ၊စရိုက်တို့ကို အတုခိုးပုံတို့နှင့် ထပ်တူလို့ ဆိုကြပါတယ်။

ရိုးဖြောင့်တော်သောဝက် စနိုးဘောလ်နဲ့ ကောက်ကျစ်စဉ်းလဲသောဝက် နပိုလီယန်ကြားက ပြိုင်ဆိုင်မှုမှာ Leon Trotsky နဲ့ စတာလင်တို့အကြား ပြိုင်ဆိုင်အာဏာလုမှုကို ရည်ညွှန်းတယ်လို့ ဆိုကြပါတယ်။ အစ်ကိုကြီးအရာက တောဝက်ထီးကို ကွန်မြူနစ်အတွေးအခေါ်ပညာရှင် ဂျာမာန်လူမျိုး ကားမာ့စ်(Karl Marx)နဲ့ ရုရှတော်လှန်ရေးခေါင်းဆောင် လီနင်(Lenin) တို့ကို ပေါင်းစပ်ပုံခိုင်းနိုင်တယ်လို့ ဆိုပါတယ်။ လွတ်လပ်လာတဲ့ မြေကြီးရှင်မွေးမြူရေးခြံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ကွန်မြူနစ်ပါတီအုပ်ချုပ်တဲ့ ဆိုဗီယက်ပြည်ထောင်စုကို သင်္ကေတပြုသရုပ်ဖော်ထားတယ်လို့ ဆိုပေမယ့် ကျွန်မ ဖတ်စဉ်အခါမှာတော့ မြန်မာနိုင်ငံကို မြင်ယောင်နေခဲ့မိပါတယ်။

ဒီတိရစ္ဆာန်မွေးမြူရေးခြံဟာ နိုင်ငံတစ်ခုရဲ့ အတွင်းပိုင်းတည်ဆောက်မှုစနစ်လိုမျိုး ဖွဲ့စည်းထားပြီး အစိုးရ နှင့် လှည့်ဖျားထားတဲ့သတင်းများ (ဝက်များ) ၊ ရဲ(သို့)စစ်တပ်လက်နက်ကိုင်များ (ခွေးများ) နဲ့ အလုပ်လုပ်သူ အခြေခံလူတန်းစားပြည်သူများ (တခြားတိရစ္ဆာန်များ) ပါဝင်ကြတယ် မဟုတ်ပါလား။လူမှုအဖွဲ့အစည်းအားလုံး (အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဖက်ဆစ်စနစ်၊ ကွန်မြူနစ်စနစ်) ကို ကိုယ်စားပြုတယ်ဆိုတဲ့စာအုပ်ကို ကျွန်မက မြန်မာပြည်နဲ့ နှိုင်းယှဉ်မြင်မိတာ အမှားမရှိဘူးထင်ရဲ့။


ကိုလိုနီကျွန်ပြုခြင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံနဲ့ မတရားအုပ်ချုပ်ခံခဲ့ရသော တိရစ္ဆာန်ခြံ၊ အစ်ကိုကြီးအရာက လမ်းညွှန်ပေးခဲ့တာ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ပုံဟာ တိရစ္ဆာန်တွေရဲ့ တော်လှန်ရေး၊ လွတ်လပ်ရေးရခဲ့ပုံက တိရစ္ဆာန်တွေရဲ့ အောင်ပွဲ၊ မတရားလုပ်ကြံခံလိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းက စနိုးဘောလ်၊ စစ်တပ်ရဲ့ အကြီးအကဲတွေက လက်ဆင့်ကမ်းအာဏာသိမ်း အုပ်ချုပ်ပုံစနစ်က ဝက်တွေရဲ့ အုပ်ချုပ်မှုစနစ်မျိုး၊ နောက်ဆုံးတော့ တော်လှန်ခဲ့တဲ့ လူတွေနဲ့ ပေါင်းသင်းကာ အခွင့်ထူးခံရင်း ပြည်သူတွေကို လှည့်ဖျားအုပ်ချုပ်ပုံတွေ…၊ ရိုးလွန်းတော့လည်း ဆန်းနေတဲ့ ဇာတ်ကောင်တွေနဲ့ ဖြစ်ရိုးဖြစ်စဉ် လောကဓမ္မတာအကြောင်းအရာတွေဟာ မှန်လွန်းလို့လည်း ထိရှစေပါတယ်။

စာရေးဆရာတွေဟာ ကမ္ဘာပေါ်မှာ အမှန်ကန်ဆုံးရှေ့ဖြစ်ဟောဆရာတွေ ဖြစ်မယ်ထင်ရဲ့။ ဒါပေမယ့် ‘တိရစ္ဆာန်အားလုံးဟာ ညီမျှတယ် ။ ဒါပေမယ့် တိရစ္ဆာန်အချို့ဟာ တခြားတိရစ္ဆာန်တွေထက် ပိုပြီး သာတူညီမျှ ဖြစ်တယ်’ (all animals are equal, but some animals are more equal than others.) ဆိုတဲ့ ဆောင်ပိုဒ်ဟာ ရုတ်တရက်ကြည့်ရင် ရယ်စရာဖြစ်သလို သရော်စရာကောင်းပေမယ့် ခံစားရသူတွေတော့ မရယ်မောနိုင်ပါဘူး။ အထူးသဖြင့် ညီမျှမှုကို မရရှိဖူးတဲ့သူအတွက် ဟာသ မဟုတ်ပါဘူး။

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့ နိုင်ငံတော်သီချင်းထဲက စာသားက တကယ်မှန်ရဲ့လား။ ဘယ်သူတွေက ဘယ်သူတွေထက် ပိုညီမျှသလဲလို့ ကျွန်မဆက်တွေးနေမိပါတယ်။ သေချာတာက ဒီစာအုပ်ကို နောက်တစ်ခေါက်ဖတ်ဖို့ ကျွန်မ သတ္တိမွေးရတော့မှာပါ။ ဘာအချက်တွေ တိုက်ဆိုင်နေဦးမှာလဲလို့ မစူးစမ်းချင်တော့ပါဘူး။ ။

မယ့်ကိုး

15 July 2013

ငတ်မွတ်ခြင်းအကြောင်း တစေ့တစောင်း

ငတ်တယ်ဆိုတဲ့ ခံစားချက်ကို ရွှေဇွန်းကိုက်ပြီး ဖွားမြင်ခဲ့သူတစ်ချို့ကတော့ စာနာနိုင်မှာ မဟုတ်ပေ။ ဘိုးဘွားအိမ်မှာ ကြီးပြင်းရသောကျွန်မကတော့ သိတတ်စအရွယ်တည်းက ဒီအဓိပ္ပါယ်ကို သိနားလည်ခံစားခဲ့ပါတယ်။ ‘ဒီလောက်ကျွေးထားတာပဲ ဘာငတ်တာလဲ’ လို့ အဘွားကဆူရင် ‘စားချင်တာ မစားရတာကလည်း ငတ်တာ။’ လို့ ပြန်ပြောခဲ့ဖူးသူပါ။ဒါပေမယ့် လူလားမြောက်ပြီး အလုပ်အကိုင်ရလို့ စားချင်တာကို စားနိုင်ပြီလားဆိုတော့ မဟုတ်ပြန်။

အချိုအစိမ့်ကြိုက်သူဖြစ်ပြီး ဝမှာ စိုးကြောက်ကာ ဟိုဟာ မစားချင်၊ ဒီဟာ ရှောင်ရနဲ့ ငတ်ပြန်လေတာ။ စားချင်တိုင်းစားပေမယ့် သွယ်လျလှပနေတဲ့ အစ်မကို အားကျရင်း အရင်ဘဝက ငါတော်တော်ပဲ သူများအစားအသောက်ကို ပိတ်ပင်ခဲ့လေသလားလို့ စိတ်မကောင်းဖြစ်ရင်း အငတ်ခံနေရဆဲ။

မြန်မာပြည်ပြန်လာတဲ့အခါမှာတော့ ဝလိုလျှင် ဝ စေတော့။ စားလို့ရတာ စားမယ်။ ဘာမှ မရှောင်တော့။လို့ စိတ်ကို ဒုံးဒုံးချထားခဲ့ပေမယ့် ကံဆိုးလှစွာပဲ ဟင်းချက်ကျွေးသူညီမငယ်မှာ ချွေတာမှုမှာ တုနှိုင်းမမှီသော မိန်းကလေးဖြစ်နေပါတယ်။ ညီမငယ်က ဈေးသွားသော တစ်ရက်မှာသာ ကောင်းမွန်ရာ ချက်ကျွေးပြီး နောက်ရက်များမှာ တိုက်အောက်ကိုပင်မဆင်းဘဲ အဆင်ပြေသလို စီမံပါတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင်တော့ ကြက်ဥကြော်ကျွေးခြင်း၊ ပဲပြုတ်ကြော်ကျွေးခြင်း၊ ခေါက်ဆွဲကြော်ကျွေးခြင်းအမှုတို့ကိုပြုရင်း ဝယ်ခြမ်းသမျှကို စာရင်းမှတ်ကာ ပိုက်ဆံကုန်လို့ မဖြစ်ဘူး။ အသုံးကြမ်းရင် အဒေါ်ဆူလိမ့်မယ်လို့လည်း ရေရွတ်ပြန်ရဲ့။

ကျွန်မမှာ ညီမငယ်ကိုတော့ ဘာမှမပြောရဲဘဲ အစ်မက ဖုန်းဆက်ရင် ဒီနေ့ ဘာနဲ့စားလဲလို့ မေးတဲ့အခါ ထိုသို့ချက်ကျွေးကြောင်း တိုင်ပြောပေမယ့် အစ်မရော ညီမငယ်ပါ ကျွန်မပြောသမျှကို အရေးမထားဘဲ ရက်ရက်စက်စက် ရယ်မောကြလေတာ။ အစ်မဖြစ်သူက ကိုယ့်ဘက်မပါဘဲ 'ချက်ကျွေးတာကို ဂျီးမများဘဲ စားပေါ့။ မစားနိုင်ရင် ဆိုင်က ဝယ်စား' လို့ သြဘာပေးလေတော့ ... ဟင်း ... ခက်တယ်။ ကျွန်မကလည်း အိမ်ထဲက အိမ်ပြင်မထွက်ချင်သူမို့ ညီမငယ်ရဲ့ အရိပ်အခြည်ကိုသာကြည့်ပြီး စားသောက်ရလေပြီ။

တစ်ခါ နေ့လည်စာကို ဘဲဥတစ်ခြမ်းလို့ ပြောရာ ‘what?’ လို့ ကျွန်မ အော်ပေမယ့် ညီမငယ်က မမှုဟန်နဲ့ ‘ဒါပဲ စားရမယ် အစ်မ ဟီးဟီး’ လို့ ရယ်ပြီး ခြိမ်းခြောက်လေတာ။ ဝမ်းနည်းစရာကောင်းလှပါဘိ။ အစာရေစာမဝလင်သောကျွန်မက လမ်းလျှောက်ရောင်းတဲ့ မုန့်ပဲသရေစာတွေကို ဝယ်စားနေတာ အလိုတူကြည်ဖြူပေမယ့် ပဲကတ္တီပါပြုတ်ကို ဒီအတိုင်းစားလျှင်တော့ ခွင့်မလွှတ်ချေ။ ‘မစားနဲ့ အစ်မ၊ အသုတ်သုတ်ပြီး ထမင်းနဲ့စားရမယ်။’လို့ မျက်နှာတည်နဲ့ ပြောပြီး သိမ်းသွားပြန်ရဲ့။ 

ဝမ်းနည်းခြင်းကြီးစွာ ဖြစ်ရ။ နားမလည်နိုင်ခြင်းများစွာ ဖြစ်တည်။ ငါဟာ လူယောင်ဆောင်ထားတဲ့ ပြိတ္တာလားလို့ပင် တွေးမိလေပြီ။ အဒေါ်ငယ်ကို ထိုအကြောင်းပြောလျှင် သူတို့အမေက အဲဒီလိုသင်ထားတာ။ သူတို့တစ်အိမ်သားလုံး သိပ်စနစ်ကျတာပဲလို့ ဆင်ခြင်ပေးပြန်တာ။ အဖြေကို သိပ်မကျေနပ်ပေမယ့် ညီမငယ်လည်း မကြာခင်ပြန်တော့မယ်ဖြစ်ရာ စောဒကမတက်လိုတော့။

စနစ်ကျခြင်း၊ ခြိုးခြံချွေတာခြင်း၊ အငတ်ထားခြင်းမှာ ပါးလျတဲ့ ပုဝါစမျှ ကာရံထားတဲ့ အခန်းကန့်များ ဖြစ်နေလိမ့်မလား။ ညီမငယ်တို့ (ကျွန်မတို့) တစ်မိသားစုတည်းသာ ထိုသို့ကျင့်ကြံနေသလား။ သမ္မာအာဇီဝနဲ့ ရှာဖွေစားသောက်တဲ့ တခြားမိသားစုတွေကရော။ ကမ္ဘာ့လူဦးရေရဲ့ ၁၅% ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများရဲ့ ၉၈% လူတွေဟာ အာဟာရမပြည့်ဝကြဆိုတဲ့ အချက်ကို ဖတ်ဖူးလေတာ။ ထိုရာခိုင်းနှုန်း လူဦးရေထဲမှာ အခုတော့ ကျွန်မကိုယ်တိုင်လည်း ပါဝင်နေပြီလား။


နှစ်စဉ်နှစ်တိုင်းမှာ ကလေးငယ်၁၅သန်းဟာ အစာရေစာမလောက်ငမှုကြောင့် သေဆုံးရပါသတဲ့။ မြန်မာပြည်မှာရော ဘယ်ရွေ့ဘယ်မျှလဲ။

‘ဗိုက်ဆာလို့ ထမင်းကျန်၊ ဟင်းကျန်လေးများရှိရင် စွန့်ကျဲကြပါ’ ဆိုတဲ့ ကလေးမလေးရဲ့အသံ ကြားရလို့ မရမ်းသီးထုတ်အသစ် ပစ်ချအလှူလှုခံထည့်ရင်း သူတို့အတွက်ရော ကိုယ်အတွက်ပါ ဖြေမဆည်နိုင်ချင်။ ငတ်တယ်ဆိုတဲ့စကားကို မပြောရ၊ မကြားရတဲ့ အလိုရှိတိုင်း လျှူနိုင်မယ့်သူ ဘယ်အချိန်မှ ဖြစ်ရပါ့မလဲလေ။ ။ 

မယ့်ကိုး

12 July 2013

သာတူညီမျှအခွင့်ရချင်သော မိန်းမ

မြန်မာအမျိုးသမီးတွေက မြန်မာအမျိုးသားများနဲ့ တန်းတူညီမျှအခွင့်အရေးရကြပါတယ်ဆိုတဲ့ စကားပြောသံကြားရုံနဲ့တင် ကျွန်မ စိတ်မကောင်းဖြစ်တတ်ပါတယ်။ ဥပဒေရေးရာကို နကန်းတလုံးမျှ မသိသူပင် ဗုဒ္ဓဘာသာဆိုင်ရာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေအရ တစ်လင်တစ်မယားစနစ်မရှိတာ။ မယားပြိုင်ယူခွင့်ပေးထားတာကို မမျှတဘူးလို့ နားလည်လက်ခံနိုင်မယ်ဆိုပါလျှင် အခွင့်အရေးတူညီပါတယ်လို့ပြောနေတဲ့သူများဟာ ဘယ်အတွက်ကြောင့် ထိုအချက်ကို မျက်ကွယ်ပြုပြီး ရက်ရက်စက်စက်ဆိုနိုင်ပါလဲလို့ အံ့သြမဆုံးဖြစ်ရပါတယ်။

'မိန်းမတွေရဲ့ အကြီးမားဆုံးဆင်းရဲဟာ လင်တူမယားရှိခြင်းပဲ'ဆိုတာ ထိုသူတွေ တကယ်ပဲ ကိုယ်ချင်းမစာနိုင်တာလား။

လူမှုရေးပြီးတော့ နောက်ထပ်ထင်ရှားတဲ့အချက်မှာ ပညာရေးပိုင်းဖြစ်ပြီး (ဒေါ်အောင်ဆန်းစုကြည် ထောက်ပြခဲ့ဖူးသော) ပညာရေးမှာ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကအစ တူညီမှုမရှိတာ ဖြစ်ပါတယ်။ ဒီလိုစီရင်သူတို့ရဲ့ အကြောင်းပြချက်ကတော့ တောခြုံအုံကြားနေရာတွေကို (ဆရာဝန်)အမျိုးသမီးတွေက တာဝန်မထမ်းဆောင်နိုင်လို့ပါတဲ့။ ထိုစကားမှာ မြန်မာပြည်အစွန်အဖျား ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ စာသင်ကြားပေးနေသော ဆရာမလေးများကို သွယ်ဝိုက်စော်ကားခြင်းဖြစ်တာမို့ အလွန်ပဲ အားနာစရာကောင်းလွန်းလှပါတယ်။

အားလုံးသိတော်မူကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ၇၆.၄၆% သော ဝန်ထမ်းတွေဟာ အမျိုးသမီးတွေဖြစ်ပြီး မူလတန်းကျောင်းမျှ အနိုင်နိုင်တည်ရတဲ့ ထိုကျေးရွာလေးများမှာ တိုက်နယ်ဆေးရုံဆိုတာ အဝေးဆုံးအရပ်မှာရယ်လေ။ တကယ်တော့ ဆေးတက္ကသိုလ်ဝင်ခွင့်သာမကဘဲ အဆင့်မြင့်ပညာရေးမှာ အမျိုးသမီးတွေ/မိန်းကလေးငယ်တွေမှာ နှိမ့်ချခွဲခြားခံနေရဆဲဖြစ်ပါတယ်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်ကိုပင် ကျား၊ မ ခွဲခြားကာ သတ်မှတ်မှုကြောင့်
ဆေးတက္ကသိုလ် ကျား (၄၉၀)၊ မ (၅၀၈)
 ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား ( ၅၀၀)၊ မ (၅၀၄)
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျား (၄၆၉)၊ မ (၅၀၁)
မန္တလေးနည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား (၄၈၅)၊ မ (၄၉၇)

အစရှိသဖြင့် ကျား၊မ ဝင်ခွင့်အမှတ်မတူညီ ခွဲခြားထားမှုကို တွေ့ရှိရနိုင်ပါတယ်။ ယောက်ျားလေးထက် ရမှတ်တူနေပါလျှက် မိမိသင်ကြားချင်သော ပညာရပ်ကို သင်ကြားခွင့်မရှိဘဲ စွန့်လွှတ်လိုက်ရသော မိန်းကလေးများရဲ့ဘဝဟာ သာတူညီမျှဖြစ်နေပါသည်ဟု သတ်မှတ်နိုင်ပါရဲ့လား။ အဆင့်မြင့်ပညာရေးတွေကို သင်ကြားနိုင်ခွင့်က ယောက်ျားတွေကိုသာ ဦးစားပေးထားတဲ့ စနစ်မှာ တည်ထားသမျှ ကာလပတ်လုံး မိန်းကလေးတွေ လိုချင်တဲ့ ပညာရေးကို လက်လွှတ်ဆုံးရှုံးနေရဦးမှာ ဖြစ်ပါတယ်။ တက္ကာသိုလ်ပညာရေးစနစ်မှာ ယောက်ျားတွေကို အဓိကထား အခွင့်ထူးမပေးဘဲ ပညာရည်မြင့်၊ ဥာဏ်ရည်မြင့်တဲ့သူကို ဦးစားပေးတဲ့စနစ် ဘယ်အချိန်မှ ဖြစ်လာနိုင်ပါတော့မလဲ။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်/ Convention on the Elimination of All Forms of Discrimination Against Women (CEDAW) ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမယ့် မြန်မာမိန်းကလေးတွေဟာ ယနေ့ထက်တိုင် ပညာရွှေအိုးကို ယနေ့ထက်တိုင် တန်းတူညီမျှပိုင်ဆိုင်ခွင့်မရနိုင်သေးပါဘူး။

အခုလည်းတဖန် အမျိုးစောင့်ဥပေဒကို အတည်ပြုရန်ကြိုးစားနေသူများ၊ ပြည့်တန်ဆာကာကွယ်ရေးဥပဒေကို ရှုတ်ချနေသူများကြောင့် တန်းတူညီမျှလူ့အခွင့်အရေးဆိုတာ မိန်းမတွေအနေနဲ့ မထိုက်တန်အရာလား၊ မမျှော်မှန်းသင့်သည့် အရာလားလို့ ဆင်ခြင်စရာ ဖြစ်လာပါတယ်။ ပြည့်တန်ဆာကာကွယ်ရေးဥပဒေကို ကန့်ကွက်သည့်သူများက ပြည့်တန့်ဆာများမှာ လိင်ဆက်ဆံရုံသာ အသုံးချသင့်သောအရာများ (sex objects)သာဖြစ်ပြီး ဥပဒေရဲ့အစောင့်ရှောက်ကို မရယူသင့်သော၊ လူ့အခွင့်အရေးမတောင်းဆိုသင့်သော လူသားများလို့ သတ်မှတ်လေသလား။

 မြန်မာအမျိုးသမီးများဟာ ဆင်ခြင်တုံတရားကင်းမဲ့သူတွေဖြစ်တာမို့ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်မပေးတဲ့ အမျိုးစောင့်ဥပေဒတောင် ပြဌာန်းပြီး လွတ်လပ်ခွင့်ကို ချုပ်ကိုင်လိုက်ရလေသလား။ ယနေ့ခေတ်အမျိုးသမီးများမှာ ၁၈ ရာစု၊ ၁၉ ရာစုအမျိုးသများများကဲ့သို့ အိမ်ထောင်ပြုမှုကအစ လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်မရသင့်ဘဲ ဥပဒေဖြင့် ထိန်းချုပ်မှ သင့်တော်ကောင်းမွန်မယ့်သူများသာလို့ နှိမ့်ချသတ်မှတ်ချင်တာလားဟုပင် တွေးတောဝမ်နည်းစရာ
ဖြစ်နေပါတယ်။

အမြင်မတော်သူအနေဖြင့် ခံစားရသမျှကို ရင်ဖွင့်နေမိပေမယ့် အထက်ပါဥပေဒများနှင့် ကျွန်မမှာ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိ၊ အကျိုးခံစားခွင့်လည်း မရှိပါဘူး။ ကျွန်မအနေဖြင့် မယားပြိုင်ထားမယ့် အမျိုးသားနှင့် လက်ထပ်အိမ်ထောင်ပြုရန်လည်း စိတ်မကူး၊ ဆေးတက္ကသိုလ်ပြန်တက်ဖို့လည်း ဆန္ဒမရှိ၊ လိင်အလုပ်ဖြင့် အသက်မွေးနေသူ မဟုတ်ပါဘူး။ လူကြောက်သူ၊ စကားလုံးတွေ ထိအရှမှာ ကြေကွဲမဆုံးသူ၊ သာတူညီမျှလူအခွင့်အရေးမရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူဖြစ်ရခြင်းကို ရှက်ရွံသူ၊ မတရားမှုတွေ ကြီးစိုးနေတာမြင်လျှက် လက်ပိုက်နှုတ်ပိတ်ကြည့်မနေချင်သူသာ ဖြစ်ပါတယ်။

ခက်တာက စွယ်စုံရအနုပညာရှင် စတိဗ် ဟာဗေး (Steve Harvey)ရဲ့ ဂုဏ်သရေရှိအမျိုးကောင်းသမီးကဲ့သို့ ပြုမူပါ၊ ယောက်ျားလိုတွေးပါ။ (Act Like a Lady;Think Like a Man)ဆိုတဲ့စာအုပ်ကို ဖတ်ပြီး အမျိုးကိုစောင့်ရှောက်ဖို့ အရိုးကို စည်းရိုးထိုးပြီး ကာမယ် ဆိုတဲ့ ရေရွတ်သံဟာ ယောက်ျားများရဲ့ အတ္တဗဟိုပြုချစ်စိတ်ကို အခြေခံထားသလားလို့ သံသယရှိလာသူလည်း ဖြစ်ပါတယ်။စာအုပ်မှာ ယောက်ျားတစ်ယောက်ရဲ့ ချစ်ခြင်းကို အကြောင်းသုံးချက် လူဘုံအလယ်ဝန်ခံခြင်း၊ ထောက်ပံ့ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို (3Ps;Profess,Provide,Protect) ကြည့်လို့ သိနိုင်တယ် ဟူသတတ်။ ထိုအချက်သုံးချက်ကို လက်မခံငြင်းပယ်သော မိန်းမများကိုလည်း ယောက်ျားများက မချစ်လိုဘဲ ငြူစူကာ မကြည်ဖြူနိုင်တော့ပါတဲ့။ ထိုစာအုပ်ဖတ်ပြီးတဲ့အခါ ကျွန်မစိတ်ဝယ်ထင်လာသည်မှာ ယောက်ျားတစ်ယောက်ရဲ့ မိန်းမအပေါ်အချစ်မှာ အိမ်မွေးတိရစ္ဆာန်လေးများကို ချစ်တဲ့အချစ်နဲ့ ဘာများကွဲပြားပါသလဲ ဟူ၍။

ကျွန်မရဲ့ကြောင်လေးများမှအစ အိမ်မွေးတိရစ္ဆာန်လေးများကို အစစအရာရာလိုလေသေးမရှိရအောင် ကျွန်မ ထောက်ပံ့နိုင်ပါတယ်။ မှဲ့တစ်ပေါက်မှ မစွန်းရအောင်လည်း ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။ ကျွန်မပိုင်ဆိုင်သော တိရစ္တာန်လေးများဖြစ်ကြောင်းကိုလည်း လူသိရှင်ကြား ဝံ့ကြွားပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ချစ်စိတ်က မွန်မြတ်တင့်တယ်ပါရဲ့လား။

မတ္တာဆိုတာ သူ့အကျိုးကို လိုလားခြင်းလို့ အနက်ဖွင့်ကြတယ် မဟုတ်ပါလား။ ဆရာတော်ဦးဇောတိကရဲ့ မေတ္တာတရားဆိုတဲ့ စာအုပ်ထဲမှာ ဆရာတော်က ဥပမာပေးခဲ့သည့်အတိုင်း ငှက်ကလေးများကို ချစ်လို့ ၊ သူ့ကို အကာအကွယ်ပေးစောင့်ရှောက်ချင်လို့ လှောင်အိမ်ထဲမှာ ထားခြင်းဟာ သူ့ကိုချစ်ရာမရောက်ဘဲ ကိုယ့်ကို ချစ်တာပဲဖြစ်နေပါလိမ့်မယ်။ အချစ်စစ်ဆိုသည်မှာ ကိုယ်နှင့်ထပ်တူမေတ္တာထား အခွင့်အရေးပေးခြင်းသာ ဖြစ်ပါတယ်။

‘တကယ့်မေတ္တာအစစ်အမှန်နဲ့ချစ်ရင် ကိုယ်ချစ်တဲ့သူကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ၊ ကိုယ့်အသိဥာဏ်နဲ့ကိုယ် စဉ်းစားနိုင်တဲ့သူ၊ ဆုံးဖြတ်နိုင်တဲ့သူ၊သွားရဲ လာရဲ ၊ပြောရဲ ဆိုရဲ၊ လုပ်ရဲ ကိုင်ရဲတဲ့သူ ဖြစ်အောင် လုပ်ပေးချင်တယ်။ စာ - ၃၇’ ‘မစဉ်းစားရဲအောင် ချုပ်ချယ်တာလဲ မေတ္တာမဟုတ်ဘူး။ ကိုယ်က နေရာတကာ စဉ်းစားပေးတာ၊ ဆုံးဖြတ်ပေးတာ မေတ္တာမဟုတ်ဘူး။ စာ-၄၀’ လို့ ဆရာတော်ရဲ့ မေတ္တာတရားစာအုပ်ထဲမှာ ဆိုထားပါတယ်။


ထိုသို့ အသိဥာဏ်ပေးဝေးခဲ့တဲ့ ဆရာတော်ဘုရားနဲ့ ‘ငါ ဘုရားက ဝိနယအားလုံးကို ဟောထားပြီးပြီ။ ဒါဟာ သင်တို့ရဲ့ ဆရာပဲ။ ငါဘုရားဟာ သင်တို့အပေါ်မှာ အကြီးအကဲအဖြစ် အုပ်ချုပ်လိုသူ မဟုတ်ပါဘူး။’လို့ မိန့်ဆိုခဲ့တဲ့ မည်သူ့ကိုမှ လွှမ်းမိုးချုပ်ကိုင်လိုခြင်းသဘော စိုးစဉ်းမျှမရှိသော၊ မေတ္တာတော်အနန္တဖြင့် ပြည့်စုံတော်မူသောမြတ်စွာရားရှင်ကို ကြည်ညိုမဆုံးဖြစ်ရပါတယ်။

ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာကို ပေးမယ်ဆိုပါလျှင် 3Ps ဆိုတာထက် လွပ်လပ်ညီမျှခြင်းကိုသာ ကျွန်မ ရယူလိုပါတယ်။ အသိဥာဏ်ဆိုင်ရာ ၊ ခံစားမှုဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ မှီခိုနှောင်တွယ်မှုအလုံးစုံကင်းအာင်၊ တရားသိမြင်ပြီး လွတ်လပ်အေးချမ်းသူဖြစ်အောင် ဟောပြောလမ်းညွှန်ပေးခြင်းဖြင့် အဆင့်မြင့်ဆုံးသော မေတ္တာကိုပေးခဲ့သော မြတ်စွာဘုရားရဲ့မေတ္တာရိပ်မျိုး ကိုသာ လိုလားတောင်းဆိုချင်ပါတယ်။

‘တကယ်ချစ်ရင် လူကြီးဖြစ်ခွင့် ပေးရတယ်'လို့ ဆရာတော်ဦးဇောတိက အမိန့်ရှိသလို အမျိုးသမီးများကို တကယ်လေးစားတယ်ဆိုရင် လူကြီးဖြစ်ခွင့်ဆိုတဲ့ ယောက်ျားများနဲ့တန်းတူအဆင့်ရှိတဲ့ လွတ်လပ်ညီမျှမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်နိုင်မှုတို့ကို ပေးရပါလိမ့်မယ်။ ဒါပေမယ့် ဒီညီမျှမှုကို မေတ္တာနဲ့လည်း မရ၊ တောင်းဆိုရုံနဲ့ မပေး၊ တွန်းလှန်တိုက်ခိုက်မှ နီးစပ်နိုင်မယ့် အခွင့်အရေးဖြစ်သွားမယ်ဆိုပါလျှင် ကျွန်မတို့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးဟာ ဘယ်လိုအဆင့်အတန်းပါလဲလို့ သုံးသပ်စရာဖြစ်နေပါတယ်။

 .............................................................................

 အမှန်စကားဆိုရပါလျှင် လူတကာနှင့်အညီ ဂုဏ်သိက္ခာရှိ လူ့အခွင့်အရေးတန်းတူရ မြန်မာအမျိုးသမီးဆိုပြီး ခေါင်းမော့ကာ နေချင်တဲ့သူပါ။ အခုတော့ ဒီအကျည်းတန်ကြောက်ရွံ့စရာကောင်းတဲ့ မမျှတမှုတွေ အကြောင်းကို ပြောဆိုနေရခြင်းကပင် ကြေကွဲစရာကောင်းလွန်းလှပါပြီ။ ။

 မယ့်ကိုး

08 July 2013

အခန်းဆက်ခရီး

ညီမငယ်က ကိုရီးယားကားကြည့်ရင်း ‘သမီးတို့က ဘာလို့ ရုပ်ဆိုးရတာလဲ’ လို့ မေးလေ၏။ တို့…လို့ဆိုသောကြောင့် ကျွန်မကိုပါ ရည်ညွှန်းဟန်ပဲဟု အလိုအလျှောက် သဘောပေါက်ရသည်။ ကြားရတာ နားမချမ်းသာပေမယ့် ရင်နာနာနဲ့ပဲ ရှင်းပြရသေးတာပ။ 

‘မလိက္ကာမိဖုရားကြီးကလည်း ဘုရားကို ဒီလိုမေးလျှောက်ဖူးတယ်။ဘုရားက ရုပ်အဆင်းမလှတာ အရင်ဘဝက ဒေါသအားကြီးလို့ လို့မိန့်တယ်’ ညီမငယ်က အဖြေရဟန်နဲ့ ခေါင်းငြိမ့်ပေမယ့် အပြည့်အစုံနားလည်စေချင်သေးတော့ ခက်လှသည်။ ‘ဒေါသမှာ နှစ်မျိုးရှိတယ် သိလား။’ ဟု မေးလိုက်တဲ့အခါ ညီမငယ်က မသိဘူးလို့ ဆိုသည်။

ငုံ့နေတဲ့ဒေါသနဲ့ ဖွင့်ထွက်တဲ့ဒေါသလို့ ရှိတယ်တဲ့။ စိုးရိမ်သောကကြီးတာ။ စိတ်ညစ်တာ၊စိတ်ပျက်တာ၊စိတ်ဓာတ်ကျတာ၊ အလိုမကျတာ၊အငြိုးထားတာတွေက အငုံ့ဒေါသတွေ၊  စိတ်တိုတာ၊ဒေါသထွက်တာ၊ဆူပူတာ၊ရန်လုပ်တာ၊ဂလဲ့စားချေတာ၊ နောက်ဆုံး ကိုယ်ထိလက်ရောက်တိုက်ခိုက်တာတွေက အပွင့်ဒေါသလို့ ဖြေရင်း စိတ်ကြည်မှ ရုပ်ကြည်တယ် လို့ လူတွေပြောကြတယ်မဟုတ်လား။ အဲဒီသဘောလိုပဲ စိတ်ဆိုးတော့ ရုပ်ဆိုး၊ ဒီဘဝမှာ စိတ်မကြည်လင်တဲ့အကြောင်းကြောင့် နောက်ဘဝအထိ ရုပ်အဆင်းထိခိုက်တာလို့ အကျယ်ချဲ့ဖြေမိလေသည်။ 

ညီမငယ်က တစ်ခွန်းလေးမေးမိတာ တစ်မီးနစ်မျှ နားထောင်လိုက်ရသဖြင့် စိတ်လေသွားဟန်နဲ့ ဟုတ်ကဲ့လို့ ပြောပြီး ကိုရီးယားကားဆက်ကြည့်နေရာ အင်း နောက်ဆို မေးသလောက်ပဲဖြေမှလို့ အသိတရားရလေသည်။ စာအုပ်ထဲ မျက်နှာလွှဲပြန်လွှဲလိုက်ပေမယ့် စာထဲမှာ စိတ်မရောက်ဘဲ ပျော်ရွှင်မှုကို ကြာရှည်မသိုလှောင်နိုင်တဲ့ကျွန်မ နောက်ဘဝမှာ အလွန့်အလွန်အကျည်းတန်နေမလားဟု သောကပွားမိလည်း စိတ်ညစ်နေသလားလို့တော့ ကိုယ့်ကိုယ်ကိုယ်မမေးဝံ့အောင်ပင်။


တစ်နေရာမှာ မပျော်ဘူးဆိုပြီး နေပျော်မယ်ထင်ရာဆီ ပြန်လာခဲ့သည်။ စာဖတ်၊စာရေးနေရလျှင် လူဆင်းရဲလည်း စိတ်ချမ်းသာမည် မျှော်လင့်ခဲ့သည်။ တစ်လကျော်ပြီ ဖြစ်ပေမယ့် ရည်ရွယ်ထားတဲ့စာက တစ်မျက်နှာပင် မရှိသေး။ ခက်ပြီ။ စာမရေးနိုင်ပြီမို့ ပိုလို့စိတ်မချမ်းမြေ့အောင်ရှိလေသည်။ စားလိုက်၊အိပ်လိုက်၊စာဖတ်လိုက် လုပ်နေလို့မဖြစ်ဘူးဆိုတာ နားလည်ပေမယ့် ရင်ထဲက တွန်းအားမီးက ဖျော့နေရာမှ ချုပ်ငြိမ်းသွားဟန်ရှိသည်။ ဒီမီးကို ဘယ်လိုပြန်မွှေးရမလဲ။ တစ်နေရာကို ထွက်သွားချင်ပြန်ပေမယ့် ဘယ်ကိုသွားရမှာလဲ။ ကျွန်မနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘယ်အရာလဲ။ ဘာလုပ်ရမည် မသိ။ 

အနားမှာ ဆေးလိပ်ဗူးသာရှိပြီး ဆေးလိပ်သောက်တတ်သူဆိုရင် တလိပ်နဲ့တလိပ်မီးကူးပြီး သောက်မိနေမည်ထင်သည်။ အခုတော့ မီးခိုးငွေ့အစား သက်ပြင်းငွေ့ကိုသာ မှုတ်ထုတ်နေမိသည်။ ငုတ်တုတ်ထိုင်ပြီး မှိုင်နေသူဟာ ငါ မဟုတ်ဘူးလို့ ဆိုရင်းပင် စိတ်ပျက်စိတ်က အစပျိုးလာလေပြီ။ ကောင်းပါလေ့။ ဒီဘဝလည်း ရုပ်အကြည်ပျက်သလို နောက်ဘဝမှာလည်း အကျည်းတန်နေလိမ့်။ ။ 

မယ့်ကိုး

02 July 2013

နာကျင်မှုနှင့် နားလည်ခြင်း

မြန်မာပြည်မှာနေထိုင်ခိုက်မှာ ဝမ်းကွဲညီမငယ်တစ်ယောက်က ကျွန်မနဲ့အတူ ခဏလာနေပေးပါတယ်။ ထိုညီမလေးမှာ မျက်နှာချိုသူဖြစ်ပြီး စကားတစ်ခွန်းပြောတိုင်း အမြဲလိုရယ်သံနဲ့ အဆုံးသတ်လေရဲ့။ ဥပမာဆိုရမယ်ဆို ရုပ်မြင်သံကြားက ကြော်ငြာကြည့်နေရင်း သူမက ‘မင်းသမီးရဲ့ လက်မောင်းက အကြီးကြီး ဟဲဟဲ’လို့ ပြောကာ ရယ်လေတာ။ ကျွန်မက ‘လှောင်တာလား’ လို့မေးလျှင်တော့ ‘မဟုတ်ပါဘူး အစ်မကလည်း ဟဲဟဲ’ လို့ ငြင်းဆန်ပြီး ရယ်ပြန်ရဲ့။

ကျွန်မကိုယ်တိုင် အရယ်သန်သူဖြစ်ပေမယ့် သူမရဲ့အမြဲတစေရယ်မောမှုနှင့်တော့ နေရတာ အချိုးမကျပါချေ။ ရည်းစားရှိလို့ ဒီလိုပျော်နေတာလားလို့ မေးလျှင် ‘မရှိပါဘူး အစ်မရဲ့ ဟဲဟဲ’လို့ ရယ်ပြောပြန်တာ။ ဘွဲ့ရပေမယ့် အလုပ်မရသေးသော အသက်နှစ်ဆယ်ကျော်အရွယ်သူမက ဘာလို့ပျော်နေတာလဲလို့ စဉ်းစားမရနိုင်အောင် ရှိလေပြီ။ လိုချင်တောင့်တ သိပ်မရှိသူ၊ လောဘမကြီးသူလို့ လူတစ်ချို့က သတ်မှတ်ခြင်းခံရသော ကျွန်မပင် သူမရဲ့ပေါ့ပါးသောစိတ်ဓာတ်ကို တအံ့တသြ အားကျမိပေမယ့်  အဒေါ်က သူမကို ဘယ်လိုများ ပျိုးထောင်ခဲ့ပါလိမ့်ဟု ချီးကျူးချင်လျှက် မုန်းတီးပြန်ရဲ့။

ထိုအဒေါ်မှာ ငယ်စဉ်အခါတုန်းက ကလေးလေးကျွန်မကို  ပေါက်လွှတ်ပဲစားလိုသဘောထားကာ မျက်နှာလွှဲခဲပစ်လုပ်ခဲ့ဖူးသူ။ ထိုလက်လွတ်စပယ်ပစ်ခဲ့သော ခဲမှာ ကြီးမားလွန်းတာလို့ ကျွန်မရဲ့ ပျော်ရွှင်မှုမှာ ယိုင်ထွက်သွားပြီး ယနေ့ထက်တိုင် နာကျင်နေဆဲရယ်။ သူမက မျက်နှာကြည်စင်ကာ လောကကြီးကို အရောင်မဲ့ကြည့်နေစဉ်မှာ ကျွန်မကတော့ သံသယကြီးကြီးနှင့် အခဲမကြေဖြစ်နေတုန်းရယ်။ ဘယ်သူ့ကိုမှ ခွှင့်မလွှတ်နိုင်သလို ကလဲ့စားလည်း မချေနိုင်ဘဲ ရင်ထဲမှာသာ အခုအခံကို ထုထည်ပြည့် တည်ဆောက်ဖြစ်နေဆဲ။ မတရားတဲ့လောကကြီးပဲ။ သားသမီးချင်းကိုယ်ချင်းမစာတဲ့အဒေါ်လို့ မျက်နှာ စူပုပ်ပုပ်နဲ့ကျွန်မ ဒေါသကြီးနေစဉ်မှာ သူမကတော့ သီချင်းတအေးအေးနှင့် ချိုအေးပြုံးရွှင်ရှိလှလေတာ။

ထိုသို့မြင်ရတိုင်းမှာ ကျွန်မ မရရှိခဲ့သော ပျော်ရွှင်မှုအတွက် အဒေါ်ကို အမျက်ထားစိတ်မှာ အရှိန်ပြင်းလာပြန်သလို မထွေးနိုင်မအန်နိုင် မုန်းလွန်းလှပေမယ့် ကျိန်ဆဲဖို့ပင် မစိတ်ကူးဝံ့တဲ့ လူယဉ်ကျေးမဟုတ်ပါလား။ သက်ပြင်းကိုသာ နာနာချရင်း ဖြေသာအောင် စာအုပ်များကိုပဲ မဲဖတ်နေကာ ကံအားလျှော်စွာပဲ ဂျူးစာရေးဆရာ Chaim Patok ရဲ့ ‘The Chosen’ ဆိုသော စာအုပ်ကို ဖတ်မိခဲ့ပါတယ်။

.................................................................................................


 ‘How will I teach this mind to understand pain? How will I teach it to want to take on another person’s pain? P-276 

ဂျူးတရားပြဆရာအဖေဟာ ဥာဏ်ရည်ထက်မြတ်တဲ့သူ့သားက ပညာသာထူးချွန်ပြီး စာနာစိတ်မရှိသူဖြစ်သွားမှာ စိုးရိမ်ကာ တရားစာပြချိန်မှလွဲလို့ သူ့သားကို စကားမပြောဘဲ ‘နှုတ်ဆိတ်သောနည်း’ကို ကျင့်သုံးပြီး သားကိုပျိုးထောင်းခဲ့ပါတယ်။

‘He was bewildered and hurt. The nightmares he began to have… But he learned to find answers for himself. He suffered and learned to listen to the suffering of others. In the silence between us,he began to hear the world crying’ p-277

သားဖြစ်သူမှာ စိတ်ရှုပ်ထွေးနာကျင်ခဲ့ရတယ်။ အိပ်မက်ဆိုးတွေ စတင်မက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူကိုယ်တိုင်အဖြေကို ရှာဖွေရမှာဖြစ်ကြောင်း သဘောပေါက်ခဲ့တယ်။ သူထိခိုက်ခံစားရပြီးနောက် တခြားသူများရဲ့ ဒုက္ခကိုလည်း နားထောင်ဖို့ နားလည်ခဲ့တယ်။ သူတို့သားအဖနှစ်ယောက်ကြားက တိတ်ဆိတ်မှုမှာ သားဖြစ်သူဟာ ကမ္ဘာကြီးရဲ့ ငိုကြွေးသံကို စတင်ကြားလာရတယ်။

.................................................................................................

ကျွန်မအတွက်တော့ ကျေးဇူးကြီးလှတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကြောင့် အစ္စရေးနိုင်ငံကို စတင်တည်ထောင်ခြင်းအကြောင်း၊ ဂျူးလူမျိုးစုများရဲ့ အမူအကျင့်အပြင် တိတ်ဆိတ်နာကျင်ခြင်းရဲ့ ကောင်းမြတ်ခြင်းကိုပါ သင်ကြားနိုင်ခဲ့ပါတယ်။ ကျွန်မရဲ့ ရန်လိုစိတ်မှာ သိသိသာသာလျော့ကျ သွားလေတာ။ ကျွန်မသာ အနာကျင်ကင်းကင်းဖြင့် ကြီးပြင်းခဲ့ရမယ်ဆို တခြားသူတွေရဲ့ နာကျင်မှုကို နားမလည်နိုင်သူ ဖြစ်ချင်ဖြစ်နေလိမ့်မှာ။ ထောင်လွှားမောက်မာသူ မဖြစ်နိုင်ဘူးလို့လည်း တပ်အပ်မဆိုနိုင်။ သတ္တဝါတွေရဲ့ ပင်ကိုသဘောအရ ကိုယ်တိုင်ထိမှနာ၊ နာကျင်မှလည်း ထိခိုက်ဒဏ်ရာရသူကို အပြည့်အဝကိုယ်ချင်းစာနိုင်တာ မဟုတ်ပါလား။ 

ကျွန်မသာ မနာကျင်ခဲ့ဖူးသူတစ်ဦးဖြစ်ခဲ့ပါလျှင် အားလုံးကို စာနာစိတ်ကင်းကင်းနဲ့ လောကကြီးက မျှတတယ်လို့ အခုချိန်မှာ ဆိုဖြစ်လိမ့်မလား။ ကံကောင်းခဲ့သူ မဖြစ်လိုတော့ပါ။ ဒဏ်ရာကင်းပြီး အရာ အားလုံးကို အလေးအနက်မထားဘဲ ပေါ့ပါးလွင့်မျောနေသူတစ်ယောက် မဖြစ်ချင်ပါ။ သစ္စာစကားရယ်လေ။ ဒဏ်ရာများကို ရင်ဝယ်ပိုက်သည်းခံရင်း တခြားသူများရဲ့ နာကျင်မှုတွေကို ကြားနာနိုင်စွမ်းရှိသူ၊ ခံစား နားလည်ပေးတတ်သူ၊ ဖေးမမျှဝေယူမယ့်သူသာ ဖြစ်လိုလှပါတယ်။ ။ 

မယ့်ကိုး