15 July 2013

ငတ်မွတ်ခြင်းအကြောင်း တစေ့တစောင်း

ငတ်တယ်ဆိုတဲ့ ခံစားချက်ကို ရွှေဇွန်းကိုက်ပြီး ဖွားမြင်ခဲ့သူတစ်ချို့ကတော့ စာနာနိုင်မှာ မဟုတ်ပေ။ ဘိုးဘွားအိမ်မှာ ကြီးပြင်းရသောကျွန်မကတော့ သိတတ်စအရွယ်တည်းက ဒီအဓိပ္ပါယ်ကို သိနားလည်ခံစားခဲ့ပါတယ်။ ‘ဒီလောက်ကျွေးထားတာပဲ ဘာငတ်တာလဲ’ လို့ အဘွားကဆူရင် ‘စားချင်တာ မစားရတာကလည်း ငတ်တာ။’ လို့ ပြန်ပြောခဲ့ဖူးသူပါ။ဒါပေမယ့် လူလားမြောက်ပြီး အလုပ်အကိုင်ရလို့ စားချင်တာကို စားနိုင်ပြီလားဆိုတော့ မဟုတ်ပြန်။

အချိုအစိမ့်ကြိုက်သူဖြစ်ပြီး ဝမှာ စိုးကြောက်ကာ ဟိုဟာ မစားချင်၊ ဒီဟာ ရှောင်ရနဲ့ ငတ်ပြန်လေတာ။ စားချင်တိုင်းစားပေမယ့် သွယ်လျလှပနေတဲ့ အစ်မကို အားကျရင်း အရင်ဘဝက ငါတော်တော်ပဲ သူများအစားအသောက်ကို ပိတ်ပင်ခဲ့လေသလားလို့ စိတ်မကောင်းဖြစ်ရင်း အငတ်ခံနေရဆဲ။

မြန်မာပြည်ပြန်လာတဲ့အခါမှာတော့ ဝလိုလျှင် ဝ စေတော့။ စားလို့ရတာ စားမယ်။ ဘာမှ မရှောင်တော့။လို့ စိတ်ကို ဒုံးဒုံးချထားခဲ့ပေမယ့် ကံဆိုးလှစွာပဲ ဟင်းချက်ကျွေးသူညီမငယ်မှာ ချွေတာမှုမှာ တုနှိုင်းမမှီသော မိန်းကလေးဖြစ်နေပါတယ်။ ညီမငယ်က ဈေးသွားသော တစ်ရက်မှာသာ ကောင်းမွန်ရာ ချက်ကျွေးပြီး နောက်ရက်များမှာ တိုက်အောက်ကိုပင်မဆင်းဘဲ အဆင်ပြေသလို စီမံပါတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင်တော့ ကြက်ဥကြော်ကျွေးခြင်း၊ ပဲပြုတ်ကြော်ကျွေးခြင်း၊ ခေါက်ဆွဲကြော်ကျွေးခြင်းအမှုတို့ကိုပြုရင်း ဝယ်ခြမ်းသမျှကို စာရင်းမှတ်ကာ ပိုက်ဆံကုန်လို့ မဖြစ်ဘူး။ အသုံးကြမ်းရင် အဒေါ်ဆူလိမ့်မယ်လို့လည်း ရေရွတ်ပြန်ရဲ့။

ကျွန်မမှာ ညီမငယ်ကိုတော့ ဘာမှမပြောရဲဘဲ အစ်မက ဖုန်းဆက်ရင် ဒီနေ့ ဘာနဲ့စားလဲလို့ မေးတဲ့အခါ ထိုသို့ချက်ကျွေးကြောင်း တိုင်ပြောပေမယ့် အစ်မရော ညီမငယ်ပါ ကျွန်မပြောသမျှကို အရေးမထားဘဲ ရက်ရက်စက်စက် ရယ်မောကြလေတာ။ အစ်မဖြစ်သူက ကိုယ့်ဘက်မပါဘဲ 'ချက်ကျွေးတာကို ဂျီးမများဘဲ စားပေါ့။ မစားနိုင်ရင် ဆိုင်က ဝယ်စား' လို့ သြဘာပေးလေတော့ ... ဟင်း ... ခက်တယ်။ ကျွန်မကလည်း အိမ်ထဲက အိမ်ပြင်မထွက်ချင်သူမို့ ညီမငယ်ရဲ့ အရိပ်အခြည်ကိုသာကြည့်ပြီး စားသောက်ရလေပြီ။

တစ်ခါ နေ့လည်စာကို ဘဲဥတစ်ခြမ်းလို့ ပြောရာ ‘what?’ လို့ ကျွန်မ အော်ပေမယ့် ညီမငယ်က မမှုဟန်နဲ့ ‘ဒါပဲ စားရမယ် အစ်မ ဟီးဟီး’ လို့ ရယ်ပြီး ခြိမ်းခြောက်လေတာ။ ဝမ်းနည်းစရာကောင်းလှပါဘိ။ အစာရေစာမဝလင်သောကျွန်မက လမ်းလျှောက်ရောင်းတဲ့ မုန့်ပဲသရေစာတွေကို ဝယ်စားနေတာ အလိုတူကြည်ဖြူပေမယ့် ပဲကတ္တီပါပြုတ်ကို ဒီအတိုင်းစားလျှင်တော့ ခွင့်မလွှတ်ချေ။ ‘မစားနဲ့ အစ်မ၊ အသုတ်သုတ်ပြီး ထမင်းနဲ့စားရမယ်။’လို့ မျက်နှာတည်နဲ့ ပြောပြီး သိမ်းသွားပြန်ရဲ့။ 

ဝမ်းနည်းခြင်းကြီးစွာ ဖြစ်ရ။ နားမလည်နိုင်ခြင်းများစွာ ဖြစ်တည်။ ငါဟာ လူယောင်ဆောင်ထားတဲ့ ပြိတ္တာလားလို့ပင် တွေးမိလေပြီ။ အဒေါ်ငယ်ကို ထိုအကြောင်းပြောလျှင် သူတို့အမေက အဲဒီလိုသင်ထားတာ။ သူတို့တစ်အိမ်သားလုံး သိပ်စနစ်ကျတာပဲလို့ ဆင်ခြင်ပေးပြန်တာ။ အဖြေကို သိပ်မကျေနပ်ပေမယ့် ညီမငယ်လည်း မကြာခင်ပြန်တော့မယ်ဖြစ်ရာ စောဒကမတက်လိုတော့။

စနစ်ကျခြင်း၊ ခြိုးခြံချွေတာခြင်း၊ အငတ်ထားခြင်းမှာ ပါးလျတဲ့ ပုဝါစမျှ ကာရံထားတဲ့ အခန်းကန့်များ ဖြစ်နေလိမ့်မလား။ ညီမငယ်တို့ (ကျွန်မတို့) တစ်မိသားစုတည်းသာ ထိုသို့ကျင့်ကြံနေသလား။ သမ္မာအာဇီဝနဲ့ ရှာဖွေစားသောက်တဲ့ တခြားမိသားစုတွေကရော။ ကမ္ဘာ့လူဦးရေရဲ့ ၁၅% ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများရဲ့ ၉၈% လူတွေဟာ အာဟာရမပြည့်ဝကြဆိုတဲ့ အချက်ကို ဖတ်ဖူးလေတာ။ ထိုရာခိုင်းနှုန်း လူဦးရေထဲမှာ အခုတော့ ကျွန်မကိုယ်တိုင်လည်း ပါဝင်နေပြီလား။


နှစ်စဉ်နှစ်တိုင်းမှာ ကလေးငယ်၁၅သန်းဟာ အစာရေစာမလောက်ငမှုကြောင့် သေဆုံးရပါသတဲ့။ မြန်မာပြည်မှာရော ဘယ်ရွေ့ဘယ်မျှလဲ။

‘ဗိုက်ဆာလို့ ထမင်းကျန်၊ ဟင်းကျန်လေးများရှိရင် စွန့်ကျဲကြပါ’ ဆိုတဲ့ ကလေးမလေးရဲ့အသံ ကြားရလို့ မရမ်းသီးထုတ်အသစ် ပစ်ချအလှူလှုခံထည့်ရင်း သူတို့အတွက်ရော ကိုယ်အတွက်ပါ ဖြေမဆည်နိုင်ချင်။ ငတ်တယ်ဆိုတဲ့စကားကို မပြောရ၊ မကြားရတဲ့ အလိုရှိတိုင်း လျှူနိုင်မယ့်သူ ဘယ်အချိန်မှ ဖြစ်ရပါ့မလဲလေ။ ။ 

မယ့်ကိုး

8 comments:

Anonymous said...

လှူ တယ်လို့ စာလုံးပေါင်းပါတယ်

မယ့်ကိုး said...

ဟုတ်ကဲ့။ ပြင်လိုက်ပါပြီ။ ကျေးဇူးပါရှင်။

နွေတေးရှင် (မင်းဧရာ) said...

အေးဗျာ
ပိုစ့်ကို ဖတ်ပြီးတော့ အတွေးတွေ ပြန့်သွားရတယ် ။

စိတ်ရှိတိုင်း လှူနိုင်တန်းနိုင် ပေးကမ်း နိုင်သောသူ ဖြစ်ပါစေ။

မြသွေးနီ said...

ချွေတာချိုးခြံလွန်းတော့လဲ စေးနည်းသွားပြန်ရော..။ တခြားနေရာမှာသာ ချွေတာရင်ချွေတာမယ်၊ တစ်ရက်ကို အနည်းဆုံးတစ်နပ်တော့ အစားကောင်းကောင်းလေးစားချင်တယ်။

ရိုးမြေကျ said...

အဲ မယ့်နဲ့ အပြင်မှာ လူချင်းတွေ့ရင်တော့ မမကြိုက်တာ ၀ယ်ကျွေးချင်ပါရဲ့။ အနော်ခင်တဲ့သူတွေဆို မုန့်ကျွေးတတ်တဲ့အကျင့်ရှိတယ်လေ။မငတ်စေရပါဘူး။

Mine Shine Maw Oo said...

မမ သမီးလဲ အိမ်မှာဆို အသားနှဟ် ကြ်ဥတစ်လုံး အဲ့လောက်ပဲစားရတာ။ စင်ကာပူရောက်ခါစကဆို အသားတွေ များလွန်းလို့ မကုန်ဘူး။ ကုန်အောင် မစားတတ်တော့ဘူး။ KFC တစ်လုံးကို သုံးရက်လော် ထမင်းနဲ့စားတာ :-P အဲ့ဒီလို ဘ၀ပါ အမရယ်။ ညီမလေးမိုင်

Anonymous said...

မယ့်ရေ.. ရှင် ကျွန်မလိုလူနဲ့နေရင် အစားကျွေးလွန်းလို့ ငိုယိုထွက်ပြေးရမှာ... အားရင် ဘာစားမလဲ.. ဘာစားချင်လဲ... ဗိုက်ဆာလားမေးပြီး အမျိုးမျိုး လုပ်ကျွေးနေတတ်လို့...

m.y.a

Anonymous said...

မယ့်စာလေးဖတ်ရင်း လွန်ခဲ့တဲ့ ၁၀နှစ်လောက်က သူငယ်ချင်းတွေနဲ့ ကြေးအိုးသောက်တုန်း... ကိုဏီတို့ သောက်မကုန်တဲ့ ကြေးအိုးအကျန်လေးတွေကို ကျွတ်ကျွတ်အိတ်လေးတွေနဲ့ လာတောင်းတဲ့ ကလေးလေးတွေကိုတောင် ပြန်မြင်ယောင်လာမိတယ်။

မြင်ယောင်ရင်း တွေးကြည့်မိတာက “ခုဆို သူတို့တွေ ဘယ်အရွယ်ရောက်လို့၊ ဘာတွေ လုပ်ကိုင်စားသောက်နေကြပြီလဲ”...ဆိုတာပါပဲ မယ်ရာ။

အဲ့ဒီလို ကလေးလေးတွေမြင်တိုင်း ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးတတ်တော့ သက်ပြင်းပဲ နာနာချမိတော့တာပါပဲ။

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို