12 July 2013

သာတူညီမျှအခွင့်ရချင်သော မိန်းမ

မြန်မာအမျိုးသမီးတွေက မြန်မာအမျိုးသားများနဲ့ တန်းတူညီမျှအခွင့်အရေးရကြပါတယ်ဆိုတဲ့ စကားပြောသံကြားရုံနဲ့တင် ကျွန်မ စိတ်မကောင်းဖြစ်တတ်ပါတယ်။ ဥပဒေရေးရာကို နကန်းတလုံးမျှ မသိသူပင် ဗုဒ္ဓဘာသာဆိုင်ရာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေအရ တစ်လင်တစ်မယားစနစ်မရှိတာ။ မယားပြိုင်ယူခွင့်ပေးထားတာကို မမျှတဘူးလို့ နားလည်လက်ခံနိုင်မယ်ဆိုပါလျှင် အခွင့်အရေးတူညီပါတယ်လို့ပြောနေတဲ့သူများဟာ ဘယ်အတွက်ကြောင့် ထိုအချက်ကို မျက်ကွယ်ပြုပြီး ရက်ရက်စက်စက်ဆိုနိုင်ပါလဲလို့ အံ့သြမဆုံးဖြစ်ရပါတယ်။

 'မိန်းမတွေရဲ့ အကြီးမားဆုံးဆင်းရဲဟာ လင်တူမယားရှိခြင်းပဲ'ဆိုတာ ထိုသူတွေ တကယ်ပဲ ကိုယ်ချင်းမစာနိုင်တာလား။

လူမှုရေးပြီးတော့ နောက်ထပ်ထင်ရှားတဲ့အချက်မှာ ပညာရေးပိုင်းဖြစ်ပြီး (ဒေါ်အောင်ဆန်းစုကြည် ထောက်ပြခဲ့ဖူးသော) ပညာရေးမှာ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကအစ တူညီမှုမရှိတာ ဖြစ်ပါတယ်။ ဒီလိုစီရင်သူတို့ရဲ့ အကြောင်းပြချက်ကတော့ တောခြုံအုံကြားနေရာတွေကို (ဆရာဝန်)အမျိုးသမီးတွေက တာဝန်မထမ်းဆောင်နိုင်လို့ပါတဲ့။ ထိုစကားမှာ မြန်မာပြည်အစွန်အဖျား ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ စာသင်ကြားပေးနေသော ဆရာမလေးများကို သွယ်ဝိုက်စော်ကားခြင်းဖြစ်တာမို့ အလွန်ပဲ အားနာစရာကောင်းလွန်းလှပါတယ်။

အားလုံးသိတော်မူကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ၇၆.၄၆% သော ဝန်ထမ်းတွေဟာ အမျိုးသမီးတွေဖြစ်ပြီး မူလတန်းကျောင်းမျှ အနိုင်နိုင်တည်ရတဲ့ ထိုကျေးရွာလေးများမှာ တိုက်နယ်ဆေးရုံဆိုတာ အဝေးဆုံးအရပ်မှာရယ်လေ။ တကယ်တော့ ဆေးတက္ကသိုလ်ဝင်ခွင့်သာမကဘဲ အဆင့်မြင့်ပညာရေးမှာ အမျိုးသမီးတွေ/မိန်းကလေးငယ်တွေမှာ နှိမ့်ချခွဲခြားခံနေရဆဲဖြစ်ပါတယ်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်ကိုပင် ကျား၊ မ ခွဲခြားကာ သတ်မှတ်မှုကြောင့်
ဆေးတက္ကသိုလ် ကျား (၄၉၀)၊ မ (၅၀၈)
 ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား ( ၅၀၀)၊ မ (၅၀၄)
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျား (၄၆၉)၊ မ (၅၀၁)
မန္တလေးနည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား (၄၈၅)၊ မ (၄၉၇)

အစရှိသဖြင့် ကျား၊မ ဝင်ခွင့်အမှတ်မတူညီ ခွဲခြားထားမှုကို တွေ့ရှိရနိုင်ပါတယ်။ ယောက်ျားလေးထက် ရမှတ်တူနေပါလျှက် မိမိသင်ကြားချင်သော ပညာရပ်ကို သင်ကြားခွင့်မရှိဘဲ စွန့်လွှတ်လိုက်ရသော မိန်းကလေးများရဲ့ဘဝဟာ သာတူညီမျှဖြစ်နေပါသည်ဟု သတ်မှတ်နိုင်ပါရဲ့လား။ အဆင့်မြင့်ပညာရေးတွေကို သင်ကြားနိုင်ခွင့်က ယောက်ျားတွေကိုသာ ဦးစားပေးထားတဲ့ စနစ်မှာ တည်ထားသမျှ ကာလပတ်လုံး မိန်းကလေးတွေ လိုချင်တဲ့ ပညာရေးကို လက်လွှတ်ဆုံးရှုံးနေရဦးမှာ ဖြစ်ပါတယ်။ တက္ကာသိုလ်ပညာရေးစနစ်မှာ ယောက်ျားတွေကို အဓိကထား အခွင့်ထူးမပေးဘဲ ပညာရည်မြင့်၊ ဥာဏ်ရည်မြင့်တဲ့သူကို ဦးစားပေးတဲ့စနစ် ဘယ်အချိန်မှ ဖြစ်လာနိုင်ပါတော့မလဲ။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်/ Convention on the Elimination of All Forms of Discrimination Against Women (CEDAW) ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမယ့် မြန်မာမိန်းကလေးတွေဟာ ယနေ့ထက်တိုင် ပညာရွှေအိုးကို ယနေ့ထက်တိုင် တန်းတူညီမျှပိုင်ဆိုင်ခွင့်မရနိုင်သေးပါဘူး။

အခုလည်းတဖန် အမျိုးစောင့်ဥပေဒကို အတည်ပြုရန်ကြိုးစားနေသူများ၊ ပြည့်တန်ဆာကာကွယ်ရေးဥပဒေကို ရှုတ်ချနေသူများကြောင့် တန်းတူညီမျှလူ့အခွင့်အရေးဆိုတာ မိန်းမတွေအနေနဲ့ မထိုက်တန်အရာလား၊ မမျှော်မှန်းသင့်သည့် အရာလားလို့ ဆင်ခြင်စရာ ဖြစ်လာပါတယ်။ ပြည့်တန်ဆာကာကွယ်ရေးဥပဒေကို ကန့်ကွက်သည့်သူများက ပြည့်တန့်ဆာများမှာ လိင်ဆက်ဆံရုံသာ အသုံးချသင့်သောအရာများ (sex objects)သာဖြစ်ပြီး ဥပဒေရဲ့အစောင့်ရှောက်ကို မရယူသင့်သော၊ လူ့အခွင့်အရေးမတောင်းဆိုသင့်သော လူသားများလို့ သတ်မှတ်လေသလား။

 မြန်မာအမျိုးသမီးများဟာ ဆင်ခြင်တုံတရားကင်းမဲ့သူတွေဖြစ်တာမို့ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်မပေးတဲ့ အမျိုးစောင့်ဥပေဒတောင် ပြဌာန်းပြီး လွတ်လပ်ခွင့်ကို ချုပ်ကိုင်လိုက်ရလေသလား။ ယနေ့ခေတ်အမျိုးသမီးများမှာ ၁၈ ရာစု၊ ၁၉ ရာစုအမျိုးသများများကဲ့သို့ အိမ်ထောင်ပြုမှုကအစ လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်မရသင့်ဘဲ ဥပဒေဖြင့် ထိန်းချုပ်မှ သင့်တော်ကောင်းမွန်မယ့်သူများသာလို့ နှိမ့်ချသတ်မှတ်ချင်တာလားဟုပင် တွေးတောဝမ်နည်းစရာ
ဖြစ်နေပါတယ်။

အမြင်မတော်သူအနေဖြင့် ခံစားရသမျှကို ရင်ဖွင့်နေမိပေမယ့် အထက်ပါဥပေဒများနှင့် ကျွန်မမှာ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိ၊ အကျိုးခံစားခွင့်လည်း မရှိပါဘူး။ ကျွန်မအနေဖြင့် မယားပြိုင်ထားမယ့် အမျိုးသားနှင့် လက်ထပ်အိမ်ထောင်ပြုရန်လည်း စိတ်မကူး၊ ဆေးတက္ကသိုလ်ပြန်တက်ဖို့လည်း ဆန္ဒမရှိ၊ လိင်အလုပ်ဖြင့် အသက်မွေးနေသူ မဟုတ်ပါဘူး။ လူကြောက်သူ၊ စကားလုံးတွေ ထိအရှမှာ ကြေကွဲမဆုံးသူ၊ သာတူညီမျှလူအခွင့်အရေးမရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူဖြစ်ရခြင်းကို ရှက်ရွံသူ၊ မတရားမှုတွေ ကြီးစိုးနေတာမြင်လျှက် လက်ပိုက်နှုတ်ပိတ်ကြည့်မနေချင်သူသာ ဖြစ်ပါတယ်။

ခက်တာက စွယ်စုံရအနုပညာရှင် စတိဗ် ဟာဗေး (Steve Harvey)ရဲ့ ဂုဏ်သရေရှိအမျိုးကောင်းသမီးကဲ့သို့ ပြုမူပါ၊ ယောက်ျားလိုတွေးပါ။ (Act Like a Lady;Think Like a Man)ဆိုတဲ့စာအုပ်ကို ဖတ်ပြီး အမျိုးကိုစောင့်ရှောက်ဖို့ အရိုးကို စည်းရိုးထိုးပြီး ကာမယ် ဆိုတဲ့ ရေရွတ်သံဟာ ယောက်ျားများရဲ့ အတ္တဗဟိုပြုချစ်စိတ်ကို အခြေခံထားသလားလို့ သံသယရှိလာသူလည်း ဖြစ်ပါတယ်။


စာအုပ်မှာ ယောက်ျားတစ်ယောက်ရဲ့ ချစ်ခြင်းကို အကြောင်းသုံးချက် လူဘုံအလယ်ဝန်ခံခြင်း၊ ထောက်ပံ့ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို (3Ps;Profess,Provide,Protect) ကြည့်လို့ သိနိုင်တယ် ဟူသတတ်။ ထိုအချက်သုံးချက်ကို လက်မခံငြင်းပယ်သော မိန်းမများကိုလည်း ယောက်ျားများက မချစ်လိုဘဲ ငြူစူကာ မကြည်ဖြူနိုင်တော့ပါတဲ့။ ထိုစာအုပ်ဖတ်ပြီးတဲ့အခါ ကျွန်မစိတ်ဝယ်ထင်လာသည်မှာ ယောက်ျားတစ်ယောက်ရဲ့ မိန်းမအပေါ်အချစ်မှာ အိမ်မွေးတိရစ္ဆာန်လေးများကို ချစ်တဲ့အချစ်နဲ့ ဘာများကွဲပြားပါသလဲ ဟူ၍။

ကျွန်မရဲ့ကြောင်လေးများမှအစ အိမ်မွေးတိရစ္ဆာန်လေးများကို အစစအရာရာလိုလေသေးမရှိရအောင် ကျွန်မ ထောက်ပံ့နိုင်ပါတယ်။ မှဲ့တစ်ပေါက်မှ မစွန်းရအောင်လည်း ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။ ကျွန်မပိုင်ဆိုင်သော တိရစ္တာန်လေးများဖြစ်ကြောင်းကိုလည်း လူသိရှင်ကြား ဝံ့ကြွားပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ချစ်စိတ်က မွန်မြတ်တင့်တယ်ပါရဲ့လား။

မတ္တာဆိုတာ သူ့အကျိုးကို လိုလားခြင်းလို့ အနက်ဖွင့်ကြတယ် မဟုတ်ပါလား။ ဆရာတော်ဦးဇောတိကရဲ့ မေတ္တာတရားဆိုတဲ့ စာအုပ်ထဲမှာ ဆရာတော်က ဥပမာပေးခဲ့သည့်အတိုင်း ငှက်ကလေးများကို ချစ်လို့ ၊ သူ့ကို အကာအကွယ်ပေးစောင့်ရှောက်ချင်လို့ လှောင်အိမ်ထဲမှာ ထားခြင်းဟာ သူ့ကိုချစ်ရာမရောက်ဘဲ ကိုယ့်ကို ချစ်တာပဲဖြစ်နေပါလိမ့်မယ်။ အချစ်စစ်ဆိုသည်မှာ ကိုယ်နှင့်ထပ်တူမေတ္တာထား အခွင့်အရေးပေးခြင်းသာ ဖြစ်ပါတယ်။

‘တကယ့်မေတ္တာအစစ်အမှန်နဲ့ချစ်ရင် ကိုယ်ချစ်တဲ့သူကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ၊ ကိုယ့်အသိဥာဏ်နဲ့ကိုယ် စဉ်းစားနိုင်တဲ့သူ၊ ဆုံးဖြတ်နိုင်တဲ့သူ၊သွားရဲ လာရဲ ၊ပြောရဲ ဆိုရဲ၊ လုပ်ရဲ ကိုင်ရဲတဲ့သူ ဖြစ်အောင် လုပ်ပေးချင်တယ်။ စာ - ၃၇’ ‘မစဉ်းစားရဲအောင် ချုပ်ချယ်တာလဲ မေတ္တာမဟုတ်ဘူး။ ကိုယ်က နေရာတကာ စဉ်းစားပေးတာ၊ ဆုံးဖြတ်ပေးတာ မေတ္တာမဟုတ်ဘူး။ စာ-၄၀’ လို့ ဆရာတော်ရဲ့ မေတ္တာတရားစာအုပ်ထဲမှာ ဆိုထားပါတယ်။


ထိုသို့ အသိဥာဏ်ပေးဝေးခဲ့တဲ့ ဆရာတော်ဘုရားနဲ့ ‘ငါ ဘုရားက ဝိနယအားလုံးကို ဟောထားပြီးပြီ။ ဒါဟာ သင်တို့ရဲ့ ဆရာပဲ။ ငါဘုရားဟာ သင်တို့အပေါ်မှာ အကြီးအကဲအဖြစ် အုပ်ချုပ်လိုသူ မဟုတ်ပါဘူး။’လို့ မိန့်ဆိုခဲ့တဲ့ မည်သူ့ကိုမှ လွှမ်းမိုးချုပ်ကိုင်လိုခြင်းသဘော စိုးစဉ်းမျှမရှိသော၊ မေတ္တာတော်အနန္တဖြင့် ပြည့်စုံတော်မူသောမြတ်စွာရားရှင်ကို ကြည်ညိုမဆုံးဖြစ်ရပါတယ်။

ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာကို ပေးမယ်ဆိုပါလျှင် 3Ps ဆိုတာထက် လွပ်လပ်ညီမျှခြင်းကိုသာ ကျွန်မ ရယူလိုပါတယ်။ အသိဥာဏ်ဆိုင်ရာ ၊ ခံစားမှုဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ မှီခိုနှောင်တွယ်မှုအလုံးစုံကင်းအာင်၊ တရားသိမြင်ပြီး လွတ်လပ်အေးချမ်းသူဖြစ်အောင် ဟောပြောလမ်းညွှန်ပေးခြင်းဖြင့် အဆင့်မြင့်ဆုံးသော မေတ္တာကိုပေးခဲ့သော မြတ်စွာဘုရားရဲ့မေတ္တာရိပ်မျိုး ကိုသာ လိုလားတောင်းဆိုချင်ပါတယ်။

‘တကယ်ချစ်ရင် လူကြီးဖြစ်ခွင့် ပေးရတယ်'လို့ ဆရာတော်ဦးဇောတိက အမိန့်ရှိသလို အမျိုးသမီးများကို တကယ်လေးစားတယ်ဆိုရင် လူကြီးဖြစ်ခွင့်ဆိုတဲ့ ယောက်ျားများနဲ့တန်းတူအဆင့်ရှိတဲ့ လွတ်လပ်ညီမျှမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်နိုင်မှုတို့ကို ပေးရပါလိမ့်မယ်။ ဒါပေမယ့် ဒီညီမျှမှုကို မေတ္တာနဲ့လည်း မရ၊ တောင်းဆိုရုံနဲ့ မပေး၊ တွန်းလှန်တိုက်ခိုက်မှ နီးစပ်နိုင်မယ့် အခွင့်အရေးဖြစ်သွားမယ်ဆိုပါလျှင် ကျွန်မတို့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးဟာ ဘယ်လိုအဆင့်အတန်းပါလဲလို့ သုံးသပ်စရာဖြစ်နေပါတယ်။

 .............................................................................

 အမှန်စကားဆိုရပါလျှင် လူတကာနှင့်အညီ ဂုဏ်သိက္ခာရှိ လူ့အခွင့်အရေးတန်းတူရ မြန်မာအမျိုးသမီးဆိုပြီး ခေါင်းမော့ကာ နေချင်တဲ့သူပါ။ အခုတော့ ဒီအကျည်းတန်ကြောက်ရွံ့စရာကောင်းတဲ့ မမျှတမှုတွေ အကြောင်းကို ပြောဆိုနေရခြင်းကပင် ကြေကွဲစရာကောင်းလွန်းလှပါပြီ။ ။

 မယ့်ကိုး

2 comments:

ထရီဆာ (Teresa) said...

ဟုတ်တယ် ညီမလေး မယ့်ကိုး၊ အမကိုယ်တိုင်လည်း ပြည့်တန်ဆာဥပဒေကို ကန့်ကွက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ ကို မြင်တွေ့ဖူးတယ်၊ သူတို့ ပါးစပ်က ပြောနေကြတဲ့ စကားသံတွေကိုတောင် ကြားဖူးပါရဲ့၊ ပြည့်တန်ဆာ အမည်တပ်သူတိုင်းကလည်း သမာအာဇီဝနဲ့ သူတို့ခန္ဓာကို အရင်းပြုပြီး ရှာဖွေကြသူတွေပါပဲ၊ သူတို့လည်း ကိုယ်တွေလို နည်းတူ မိန်းမသားတွေပါ၊ သူတို့ကကော ဒီလိုမျိုး လုပ်ချင်လို့ လုပ်နေကြတယ်လို့ ဘယ်သူက တတ်အက်ပြောဆိုနိုင်မှာလဲ?
တခါဆို ကြားဖူးပါတယ် "အခုမှ လိုင်းစ ၀င်လာတဲ့ မိန်းကလေးကို ဧည့်သည်က သတ်မှတ်ချိန် ထက် ကျော်သွားတာကို အခကြေးငွေ မပေးလို့ ဒီ ပြည့်တန်ဆာမလေးရဲ့ စီနီယာလို့ ပြောလို့ရတဲ့ အမျိုးသမီးနဲ့ ဧည့်သည်နဲ့ အချင်းများကြတာ" ဒါမျိုး အဖြစ်အပျက်မျိုးဆို ဒီ ကလေးမလေး(ပြည့်တန် ဆာ)က ဘယ်လို တိုင်တန်းမလဲ?

ဒါတောင် Publish ချပြလို့ မဖြစ်သင့်တဲ့ အကြောင်းတရားတောင် အမ တွေ့ဖူးတယ်၊ သူတို့အတွက် ဥပဒေဆိုတာလည်း လိုအပ်တယ်လေ ။

တခါတလေလည်း မယောင်ရာ ဆီလူး ကြတဲ့ အဖြစ် အပျက်တွေမြင်တွေ့ရတော့လည်း လူ့ခန္ဓာကိုယ်သာကြီးထွားလာကြရယ်သူတွေလို့ မြင်မိတယ် ။

ရိုးမြေကျ said...

အချစ်စစ်ဆိုသည်မှာ ကိုယ်နှင့်ထပ်တူမေတ္တာထား အခွင့်အရေးပေးခြင်းသာ ဖြစ်ပါလိမ့်မယ်။ ဟုတ်တယ်နော်မမ။ မမျှတမှုတွေကတော့ ဆက်ပြီးရှိနေဦးမှာပဲနော် မမ။ လူအခွင့်အရေးရတဲ့ မြန်မာအမျိုးသမီးအဖြစ် ခေါင်းမော့နိုင်မှာပါ တနေ့နေ့ ။ အတူတူမော့ကြမယ် ။