11 August 2013

ချစ်လို့ရေးတဲ့စာ

ကျွန်မတို့ မိတ်ဆွေသုံးယောက် မြို့ပတ်ရထားစီးကြဆဲ (ဘာအကြောင်းရာက စတယ် မမှတ်မိတော့ဘဲ) မိတ်ဆွေတစ်ယောက်က လူတွေက အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်ချက်မှားတတ်ကြတယ်။ မိုင်းလီ (Miley Cyrus) နဲ့ တေလာ ( Taylor Swift) ကို ကြည့်ရင် မိုင်းလီက ရည်းစားတစ်ယောက်ကို တွဲပြီး အခုစေ့စပ်ပြီးသွားပြီ။ တေလာကသာ ရည်းစားများတာလို့ ပြောပါတယ်။

 

တေလာကို ချစ်သော ကျွန်မက သည်းမခံနိုင်ဘဲ ‘အဲ့လို မပြောပါနဲ့။ သူက အရမ်းချစ်ဖို့ ကောင်းတာ’ လို့ အရင်ငြင်းလိုက်ပေမယ့်လျှင်သောဥာဏ်မရှိသူမို့ ဘယ်လိုချစ်ဖို့ကောင်းတာလို့ ပြောဖို့ကြံဆဲ နောက်တစ်ယောက်က ဟုတ်တယ်။ သူ့လိုပဲ ဟိုကောင်မလေးက ဘယ်လိုဆိုကာ ဖြူစင်ချစ်စဖွယ်ကောင်းလွန်းသော အဆိုတော်မင်းသမီးတစ်ယောက်ရဲ့ ကြောက်ရွံ့စရာအကျင့်တစ်ခုကို ပြောပြပါတယ်။ အဲဒီနောက် ဆက်စပ်အကြောင်းအရာများ ...။ ဒီလိုနဲ့ တေလာဆွဖ်တစ်ယောက် ကျွန်မတို့ စကားဝိုင်းမှ ပျောက်သွားပါတယ်။ 

ဒါပေမယ့် တေလာကို ကာကွယ်ပေးချင်စိတ်က ကျွန်မ နှလုံးသားက ကွယ်ပျောက်မသွားပါ။ သူမထက် အရေးကြီးတဲ့ အရာတွေ၊ ကျွန်မ အချိန်ပေးသင့်တဲ့ ကိစ္စတွေ၊ ရေးသင့်တဲ့ အကြောင်းအရာများစွာကြားမှာ သူမကို မေ့ဖျောက်ဖို့ ကြိုးစားနေခဲ့ပေမယ့် သူမကို အဘယ်ကြောင့် ချစ်ရကြောင်း မပြောနိုင်မချင်း အပြစ်မကင်း၊ကြွေးကျန်သလိုခံစားနေရ။ ဒါကြောင့် ချစ်သမျှဟာ မြင်းမိုရ်ရွှေတောင်လုံးမက ရှိပေမယ့်လည်း အကြွင်းမျှကိုတော့ ဆိုပါရစေ။ 

ဟိုစဉ်အချိန်တစ်ခုမှာတော့ သူမကို ကျွန်မ မချစ်ခဲ့ပါ။ သူမ မျက်နှာပုံစံမှာ ကျွန်မ နှစ်သက်တဲ့ ဖြူစင်မှု၊ နူးညံ့မှုတို့ မရှိဘဲ ကိုယ်ကိုယ်ယုံကြည်မှုတို့ဖြင့် လင်းလက်တောက်ပနေပြီး လှပပြည့်စုံလွန်းသောအခြေအနေအရပ်ရပ်ဖြင့် မောက်မာဟန်ရှိတဲ့ မိန်းကလေးပဲလို့ အကဲဖြတ်ကာ သူမကို မြတ်နိုးဖို့ မရည်ရွယ်ရိုး အမှန်ပါ။ ဒါပေမယ့် သူမ သီချင်းများကို နားထောင်လိုက်တိုင်း ဒီစကားကို ငါပြောချင်တာ။ သူက ငါပြောချင်နေတာ ဘယ်လိုလုပ် သိနေပါလိမ့်။ ငါ့အစား ပြောပေးနေတာ။ လို့ ရင်ထဲက ကျေးဇူးစကားဆိုမိတာ အခါခါဖြစ်ပါတယ်။ country songs မကြိုက်တဲ့ကျွန်မ သူမသီချင်းများကို နားထောင်နေမိသည်မှာ သူမရဲ့ လှပသောစာသားများကြောင့် ဖြစ်ပါတယ်။ ဒီလိုနဲ့ တရားမင်ကာ ပုဂ္ဂိုလ်ခင်လာတဲ့နောက် သူမရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ခဲ့ပါပြီ။ 

သစ္စာတော်ခံပရိသတ်ဖြစ်သည်နှင့်အညီ သူမကို ကာကွယ်မယ့်အချက်အလက်များကိုလည်း ကျွန်မစုဆောင်းထားပါတယ်။ ဥပမာ လူပြောများတဲ့ ရည်းစားများခြင်း အကြောင်း။ ၇ နှစ်မှာ ရည်စား ၈ ယောက်ရှိခြင်းဖြစ်ပြီး ( တစ်ညအိပ် (one night stand )၊ အီစီကလီ၊ တိတ်တိတ်ပုန်း၊အပျော်ကြံ)များမလုပ်ဘဲ လူသိရှင်ကြား တည်တည်တံ့တံ့ရည်းစားထားခြင်းမှာ ဂုဏ်သိက္ခာရှိတဲ့ အပြုအမူမဟုတ်ပါလားလို့ စောဒကတက်ချင်မိတာ။

လူပြောများတဲ့ အသည်းကွဲဖြစ်ရပ်များကို သီချင်းရေးတဲ့ ကိစ္စကိုလည်း အပြစ်ရယ်လို့ပင် မထင်ချင်ပါ။ အနုပညာရှင်အားလုံးလိုလိုမှာ ကိုယ့်ခံစားချက်၊အမြင်၊ဒဿနတွေကို ပုံဖော်ကြတာပဲ မဟုတ်ပါလား။ နောက်ကျောကဓားနဲ့ ထိုးသူထက်စာရင် တရားဝင်ရင်ဖွင့်ဆိုနိုင်ခြင်းကို သတ္တိရှိခြင်းလို့ပင် မှတ်ယူချင်ဆဲ။ 

 

 ပြီးတော့ သူများရည်းစားများက သူမကို ထားခဲ့ခြင်း အကြောင်းရင်းမှာ သူမက အပျိုစင်ဘဝကို မစွန့်လွှတ်သောကြောင့်လို့ တစ်ချို့က သုံးသပ်ကြလေတာ။

 

အရွယ်ရောက်ပြီးသည့်တိုင် (ဘာသာရေးကြောင့်ပဲဖြစ်ဖြစ်၊ တခြားယုံကြည်မှုတစ်ခုကြောင့်ဖြစ်ဖြစ်) အပျိုစင်ဖြစ်နေတယ်ဆိုလျှင် ခေတ်နောက်ပြန်ဆွဲနေသူတွေအဖြစ် ကောက်ချက်ချတတ်သော အနောက်တိုင်းအသိုင်းအဝိုင်းမှာ ယုံကြည်မှုကို မယိုင်လဲ၊ဆုပ်ကိုင်ထားနိုင်တဲ့ သူမကို ကျွန်မ လေးစားပါတယ်။ သွေးဆောင်ဖြားယောင်းမှုများ၊ လိင်ဆန္ဒတောင့်တမှုများကိုလည်း ကြံ့ကြံ့ ခိုင်တွန်းလှန်နိုင်သာ စိတ်စွမ်းရည်မြင့်သူအဖြစ်လည်း မှတ်ယူကာ ပိုလို့ချစ်ခင်မိပါတယ်။  ဒါဟာ ချစ်ခင်မိပြီဆို ဘာလုပ်လုပ် အပြစ်မယူချစ်ခင်တတ်တဲ့ ကျွန်မရဲ့အကျင့်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

ကဲ့ရဲ့မခံရသူမရှိလို့ ဘုရားဟောရှိတဲ့အတိုင်း သူမကို အမုန်းစွဲနေသူတွေကတော့ ဘယ်လိုကာကွယ်ပြောဆိုမှုကိုမဆို မနှစ်လို၊မကြည်ဖြူ ဖြစ်နိုင်ပါတယ်။  ဒါပေမယ့် သူမကတော့ ဘာအရာကိုမှ အရေးယူလိမ့်မယ် မဟုတ်ပါ။ ငယ်စဉ်ကတည်းက အနိုင်ကျင့်မှု(bullying)ကို ခံခဲ့ရသူ သူမက အရင်လိုပဲ အပြုံးနဲ့ အရာရာကို ကြံ့ကြံ့ခိုင်ကျော်လွှားအောင်မြင်နေဦးမှာလို့ ယုံကြည်နေမိပါတယ်။ ။

မယ့်ကိုး



2 comments:

ဆုမြတ်မိုး said...

တေလာ့ကိုအရမ်းချစ်တဲ့သူတွေထဲမှာ ဆုမြတ်လည်းထိပ်ဆုံးက ပါပါတယ်။ တေလာက ရည်းစားများတယ် ။ ရည်းစားတွေအကြောင်းသီချင်းဆိုတယ် ။ ကျောင်းသူဘ၀က အမြဲတမ်း bully လုပ်ခံရတယ် ။ ဒါပေမယ့် သူက ပြုံးပြုံးလေးရင်ဆိုင်ပြီး သူဝါသနာပါရာကိုပဲ အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။ ချစ်စရာအရမ်းကောင်းတယ် ။ သီချင်းတွေလည်းကောင်းတယ် ။နောက်ဆုံးထွက်ခွေမှာ pop ဘက်ကိုကူးသွားပေမယ့် ချစ်တုန်းပဲ ။ ဘာပဲဖြစ်ဖြစ် တေလာရဲ့ရည်းစားများခြင်းက ပရိသတ်အချစ်ကိုမလျော့စေပါဘူး ။ မိန်းမအဆိုတော်တွေမှာ သူ့လို ဘယ်သူသီချင်းတွေရေးနိုင်လို့လဲ ။ ဘာပဲဖြစ်ဖြစ်ချစ်နေဦးမှာပါ ။

ကြည်ဖြူပိုင် said...

အပျိုစင်ဖြစ်နေသေးရင်ခေတ်နောက်ပြန်ဆွဲတယ်လို့သတ်မှတ်တဲ့အနောက်တိုင်းမှာ အပျိုစင်ဖြစ်နေတဲ့သူ့ကို လေးစားလွန်းမကလေးစားတယ်။တူတူပဲ။ ခေတ်ရှေ့လည်းမပြေးချင်နေကြပါစေ ဖြူစင်ခြင်းကိုပဲနှစ်သက်တယ်။ :)