21 August 2013

ဆိုးသွမ်းသူကိုမှ ချစ်လှစွာသော မိန်းမ


Anyway,who cares about gentlemen?
No woman cares.
Yes,at least I don’t care.

လို့ ကျွန်မ တစ်ခါက ရေးခဲ့ဖူးပါတယ်။လူကြီးလူကောင်းများအား မလိုအပ်သောကမ္ဘာဆိုတဲ့ အက်ဆေးတစ်ပုဒ်ထဲမှာပေါ့။

ဘာဖြစ်လို့လဲလို့မေးပါလျှင် အဖြေက အရှင်းလေးသာရယ်။ ကျွန်မ မရင့်ကျက်သေးပါဘူး။ ဒီလို ကျွန်မလိုပဲ မရင့်ကျက်သေးသူ အမျိုးသမီးတွေဟာ လူကြီးလူကောင်းတွေကို အရေးမထားကြပါဘူး။ သူတို့တွေဟာ လူဆိုးလူပေလို့ အမည်ဆိုးနဲ့ကျော်ကြားသူများကိုသာ လူကြီးလူကောင်းဆိုသူတွေထက်ပိုပြီး စိတ်ဝင်စားချစ်ခင်ကြတယ်လို့ Anita K.McDanielရဲ့ “Young Women’s Dating Behavior: Why/Why not Date a Nice Guy?” စာတမ်းမှာ ဆိုထားပါတယ်။



အဲဒီစာတမ်းရဲ့စာမျက်နှာသုံးမှာ Herold and Milhausen (1999) က လေ့လာချက်အရ အမျိုးသမီးတွေဟာ သဘောကောင်းဖော်ရွေသော ယောက်ျားလေးတွေကို ယောက်ျားမာန်ချို့တဲ့သော၊ အားနည်းသော၊ ခန့်မှန်းရလွယ်သော၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော၊ အတွေ့အကြုံမရှိသော၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသော၊ ဆွဲဆောင်မှုမရှိသော ယောက်ျားများလို့ မှတ်ထင်ကြပါသတဲ့။

ယောက်ျားလေးတွေကလည်း မိန်းမကောင်းဆိုသူများကို ထိုသို့ပင် တွက်ဆလေ့ရှိကာ မိန်းမဆိုးများကိုသာ နှစ်သက်သဘောကျလေ့ရှိပါသတဲ့။ဒါကြောင့်လည်း Why Women Love Jerks ? Why Men Love Bitches? ဆိုသော မေးခွန်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါလိမ့်မယ်။

အဲဒီတော့ အကျိုးဆက်က အသည်းကွဲခြင်းရယ်ပေါ့။ စွန့်စားခြင်းရဲ့အဆုံးမှာ ရက်စက်ခံရခြင်းဟာ ပျော်စရာမကောင်းပေဘူး။ အသည်းတွေက တစ်စစီဖွာလွင့်ပျက်ဆီးသွားတယ်။  နွေးထွေးလိုက်၊ စိမ်းကားလိုက်၊ ချိုသာလိုက် ၊ ရိုင်းစိုင်းလိုက် ယောက်ျားတစ်ယောက်ဆီက တသမတ်တည်း တည်ငြိမ်တဲ့ချစ်မြတ်နိုးမှုကို မျှော်လင့်လို့ မရနိုင်ဘူး။ တကိုယ်ကောင်းဆန်သူရဲ့ ရက်စက်မှုဟာ စိတ်ကူးယဉ်အိပ်မက်လို မလှပပါဘူး။ ဆက်လက်ချစ်နိုင်သေးရဲ့လားလို့ အခါခါစမ်းစစ်လည်း မသေချာတော့ဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးလို့ အဆိုရှိကြတယ် မဟုတ်ပါလား။

 


စတိဗ်ဂျော့ဘ်စ် (Steve jobs)ရဲ့ အတ္တုပတ္တိစာအုပ်ထဲက စတိဗ်ရဲ့ချစ်သူ တီနာ ရက်စီး (Tina Redse)ကို သတိရမိတာ။

သူမက ဒီလို တကိုယ်ကောင်းဆန်အတ္တကြီးတဲ့ ယောက်ျားကို ချစ်ရတာ ဘယ်လောက်နာကျင်ရတယ်ဆိုတာ ပြောပြပါတယ်။ သူမက သူတို့အိပ်ခန်းအဝင်လမ်းက နံရံမှာ ‘လျစ်လျူရှုခြင်းဟာ နှိပ်စက်ညှင်းပန်းမှု ပုံစံတစ်မျိုး’ လို့ ရေးခဲ့တယ်။ သူမ ထွက်ပြေးခဲ့တယ်။ သူဘယ်လိုပင် လက်ထပ်ခွင့်တောင်းလည်း သူမငြင်းပယ်ခဲ့တယ်။

‘သူ့ကို သဘောကောင်းဖို့၊ တကိုယ်ကောင်းဆန်တာနည်းဖို့ မျှော်လင့်မိတာက မျက်မမြင်ကို မြင်အောင်မျှော်လင့်မိသလိုပဲဆိုတာ သဘောပေါက်ခဲ့တယ်’လို့ သူမ ပြောခဲ့တယ်။ ကျွန်မကရော။ ဆိုးသွမ်းသူကို ပြုပြင်ယူမယ်ဆိုတဲ့ သူရဲကောင်းလုပ်လိုစိတ်နဲ့ ချစ်ကြတဲ့ မိန်းကလေးတွေထဲမှာ ကျွန်မ မပါဝင်ပါဘူး။ ယောက်ျားတစ်ယောက်ကို ပြုပြင်နိုင်တဲ့အချိန်က မွေးစက အသက်သုံးနှစ်သာဆိုတဲ့ ဆိုရိုးကို လက်ခံနာယူသူပါ။ တီနာ့လိုပဲ ကျွန်မ ထွက်ပြေးတယ်။ အသည်းကွဲတယ်။ လွတ်လပ်တယ်။ တီနာရော ကျွန်မပါ မှားသတဲ့လား။

ဒါပေမယ့် ခေါင်းမာတဲ့ကျွန်မက စတိဗ်ကို လက်ထပ်ယူခဲ့တဲ့အမျိုးသမီး လော်ရင်းန် ပိုဝဲလ်(Laurene Powell)ကို ကံကောင်းပျော်ရွှင်ခဲ့သူပါလို့ လက်ခံဖို့ ခက်နေဆဲ။ မြင်မြင်ချင်း ချစ်တဲ့ အချစ်လို့ စတိဗ်က ပြောခဲ့ပေမယ့် လော်ရင်းန်ကို လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် စတိဗ်ရဲ့ တစ်ဖက်သားကို အရေးမထားလျစ်လျူရှုတတ်တဲ့ စိတ်က ဖွံ့ဖြိုးနေဆဲပါ။ ‘သူ့မှာ လေဆာအလင်းတန်းလိုမျိုး စွမ်းအင်ရှိတယ်။ အဲဒါမင်းကို ဖြတ်သွားတဲ့အခါ သူ့အာရုံစိုက်မှုအလင်းတန်းအောက်မှာ နွေးထွေးအလင်းရပေမယ့် တခြားအာရုံစိုက်ရာကို ရွေ့သွားတဲ့အခါ မင်းမှာ အရမ်း၊ အရမ်းကို နက်မှောင်တော့တာပဲ။’ လောရင်းန်ရဲ့ သူငယ်ချင်း စမစ်က ပြောခဲ့ပါတယ်။

ဒါပေမယ့် လိုချင်တာကို ရအောင်ယူတတ်တဲ့ လော်ရင်းန်က ကြင်နာခြင်း၊ လျစ်လျူရှုခြင်း၊အနားတိုးလာခြင်း၊ ပစ်ပယ်ခြင်း သံသရာမှာ စတိဗ်ကို စောင့်နေပေမယ့် ကိုယ်ကျိုးကိုသာကြည့်တတ်သူ စတိဗ်ကတော့ လက်ထပ်ပွဲနီးလာတဲ့တိုင် သူ့သူငယ်ချင်းတွေကိုသာမက သိရုံမျှမိတ်ဆွေတွေကို သူဘာလုပ်သင့်လဲ။ တီနာနဲ့ လော်ရင်းန်မှာ ဘယ်သူက ပိုလှလဲ။ မင်းဘယ်သူ့ကို ကြိုက်လဲ။ သူ ဘယ်သူ့ကို လက်ထပ်သင့်လဲလို့ မေးပြီး ဇဝေဇဝါဖြစ်နေဆဲ။


တီနာ့ဆီ နှင်းဆီပန်းပို့ရင်း၊ သူ့ဆီပြန်လာဖို့ ၊လက်ထပ်ဖို့အထိတောင် ဆွဲဆောင်ရင်း အိမ်ပေါ်ကဆင်းသွားပြီး သူမတိုက်ခန်းမှာပြန်နေတဲ့ ကိုယ်ဝန်သည်လော်ရင်းန်ကို သုန်မှုန်လျစ်လျူရှုဆဲ။ အတူနေချစ်သူရဲ့ ရင်သွေးကို လွယ်ထားရတဲ့ မိန်းမတစ်ယောက်အတွက် ဘယ်လောက်ရင်နာစရာကောင်းလိုက်တဲ့ ဖြစ်ရပ်ပါလဲ။

 


လက်ထပ်ပြီးတဲ့နောက် အနှစ်နှစ်ဆယ်ကြာ ခိုင်မြဲတဲ့သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလို့ အပြင်ပန်းက ဆိုကြပေမယ့် စတိဗ်ရဲ့ မိသားစုကိုလျစ်လျူရှုမှု၊ အလုပ်ကို အရေးထားပြီး မိသားစုကို ပစ်ပယ်မှု၊ တစ်ဖက်သား ခံစားချက်ကို အရေးမထားမှု၊ သမီးတွေနဲ့ ဘာသိဘာသာနေမှုတို့ကြောင့် လော်ရင်းန်တစ်ယောက် တကယ်ပဲ ပျော်ရွှင်ခဲ့ရရဲ့လား။ ကျွန်မ မသင်္ကာဘူး။
 
တီနာ့အကြောင်းပြောရင်း စတိဗ်မျက်ရည်ကျသလို တီနာကလည်း စတိဗ်ကို သေသည့်တိုင် ချစ်ခဲ့ပေမယ့် တစ်ချို့ဘဝတွေဟာ ပေါင်းစပ်ဖို့ ခက်လွန်းလှပါတယ်။ကျွန်မက လော်ရင်းန်လို ခံနိုင်ရည်လောက်ငတဲ့ အမျိုးသမီးမဟုတ်ပါဘူး။

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ အပေါ်ယံပန်းရောင်စုံ ဖြန့်ခင်းထားတဲ့ အချစ်ဆိုတဲ့ အနက်ဆုံးချောက်ရဲ့ကမ်းပါးမှာ ကျွန်မ ရပ်နေမိဆဲလေ။ ဘယ်သူမှ မကယ်နိုင်တော့ဘူးလား။ မျှော်ကြည့်မိတဲ့အခါ မည်းမှောင်စူးရှကာ ကြောက်စရာကောင်းလှချည့်။ ဘဝသေမှာ စိုးရွံ့ကာ တုန်လှုပ်ခြင်းပြင်းစွာနဲ့ ခြေဆုတ်နေရင်း...ကျွန်မရဲ့ အသက်ဓာတ်လေးကို စောင့်ရှောက်ရတော့မှာ။

သူ ယုတ်မာကောက်ကျစ်တဲ့အခါ ကျွန်မ ခွင့်လွှတ်မှာ ဖြစ်ပေမယ့် ကျွန်မ သူ့ကို ကြောက်သွားနိုင်တယ်။ ကျွန်မ ရှောင်ပုန်းချင် ရှောင်ပုန်းကာ ငိုနေမိလိမ့်မယ်။ ကျွန်မဟာ ချို့ယွင်းချက်အပြည့်နဲ့ သာမန်မိန်းမသာ ဖြစ်ပါတယ်။

ဆိုးသွမ်းသူကို လက်တွဲလိုပေမယ့် အနာဂတ်ကိုတော့  သံသယဖြစ်ဆဲ။  ချစ်လွန်းလှပေမယ့်လည်း ဘဝကျွမ်းမဲ့ဘေးကို လန့်ဆဲ။ နာကျင်မှုတွေနဲ့ တမြေ့မြေ့ပြုန်းစေတဲ့ နှစ်ကိုယ်တူ ဘဝတစ်ခုကို မတည်ဆောက်ရဲသူပါ။ ဒီလို ကျွန်မရဲ့ အသက်ဓာတ်လေးကို စောင့်ရှောက်ချင်လွန်းလို့ပါဆိုတဲ့ ဆင်ခြေကို နားလည်သူရှိပါ့မလား။

အသေခံအသည်းကွဲရလောက်အောင်
မရူးနှမ်းသေးတာမို့ နောက်ဆုတ်လို့ ကြိုးဖြေတဲ့အခါ...
ဦးဆွေးဆံမြည့်အောင် ဒဏ်ရာတွေ မြုံနေမယ်ဆိုလည်း ရှိစေ။

မေ့မယ်ဆိုတဲ့ အာမဘန္တေနဲ့
အလွမ်းဆို နကန်းတစ်လုံးပင် မသိလိုတော့။…။

မယ့်ကိုး

(ချစ်သော မမဂျူနဲ့ ညီမလေး စုစုဝေအတွက် )

Quotes : http://www.maecoe.net/2013/01/blog-post.html
             http://www.maecoe.net/2010/05/blog-post_14.html

5 comments:

မိုးငွေ့........ said...

ကိုယ်ကတော့ အဲလိုလစ်လျူရှုတာကို မခံနိုင်ဆုံးပဲ...။

ရိုးမြေကျ said...

လျစ်လျူရှုတာက ညှင်းပန်းနှိပ်စက်နည်းတမျိုးပဲဆိုပါလား ။ မှန်တယ်နော်မမ။
အလွမ်းကို နကန်းတလုံးလို မသိရတာ ခပ်ကောင်းကောင်း

Thain Garra said...

မိန်းမတစ်ယောက်ကို စိတ်ပျက်အောင် ၊ စိတ်နာအောင် လုပ်ရတာက ... တကယ်တော့ ... မြွေ ကို ... မီး ကို ကစားတာမျိုး နဲ့ တူတယ် ထင်တာပါပဲ ... ။

ချစ်ကြည်အေး said...

ဒီပိုစ့်လေးကို အစ်မမဖတ်မိဘူး၊ လွတ်သွားတယ်။ ခုမှ ဖတ်မိပြီး ကြိုက်လိုက်တာ။ ရှယ်ဦးမယ် နော်း)

ရင်လှိုင်း said...

အလွမ်းဆိုတာ မသိချင်လောက်အောင် ကို ပဲနော်။