27 August 2013

ပျောက်ဆုံးနေသော မိန်းမ

မိတ်ဆွေအစ်မတစ်ယောက်က လွမ်းဆွတ်ဖွယ်စာလေးရေးပါဦးလို့ ပြောသောအခါ သူမ ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ လွမ်းဆွတ်ကြည်နူးဖွယ်ဆိုသော စကားလုံးက သူမနဲ့ မကျွမ်းဝင်၊ မသက်ဆိုင်တော့တာ ကြာခဲ့ပြီ ။သူမမှာ ထိုခံစားမှုကို လက်ခံနိုင်သော နှလုံးသားရှိသေးရဲ့လားလို့ ငုံ့ကြည့်သောအခါ ညှိုးခြောက်နေသော အသည်းအပိုင်းအပဲ့လေးကိုသာ တွေ့ရလေတာ။ 

ဘယ်လိုဖြစ်ပါလိမ့် ။ လူတွေက အသည်းခြောက်ပြီး မကြာခင်သေကြတာ။ ဒီအဖြစ်ဟာ ထူးဆန်းတယ်။ သူမမှာ အသည်းနှလုံးတခုလုံး မရှိတော့ပေမယ့် ဘာလို့ အသက်ရှင်နေသေးပါလိမ့်။ ရှင်သန်နေရခြင်းကို ခါးသီးတယ်။ မသေသေးဘူးဘဲ။ ကြေကွဲလို့ရယ် မကုန်။ အသည်းသရုပ်ဟန် မပေါ်အောင် ကြေကွဲပဲ့ကြွေနေသော အသည်းလေးကို သနားနေမိ။ ဘဝကြီးက ဖွယ်တယ်တယ်နဲ့ ပေါ့ရွှတ်အရသာမဲ့နေပေမယ့် သူမ မသေသေးပါဘဲ။

အသည်းကွဲလို့ သေတဲ့သူ မရှိဘူးဆိုတာ သူမက သက်သေခံနိုင်ပြီလား။ အသည်းကွဲကြေနေပေမယ့် အသက်ရှည်ရှည်နဲ့ စိတ်ဆင်းရဲဒဏ်ကို ဘယ်လောက်တာရှည်ခံမှာလဲ။ အစိတ်စိတ်အမွှာ၊ အပိုင်းပိုင်းအပဲ့ပဲ့ဖြစ်နေသော အသည်းအစအနများ ရင်ခွင်ထဲမှ ခုန်ပေါက်ထွက်နေတာကို စောင့်ကြည့်နေမိ။ တစ်ချို့မှာ အမှုန်အစအဖြစ် အသားကိုပင် လွင့်စင်ပေါက်ကွဲထွက်လာကြ။

အသည်းလေးတစ်စက မြေပေါ်လျှောက်သွားနေတယ်။ မိုးတွေကလည်းရွာနေရာ ချမ်းအေးစိုစွတ်ကာ ဖျားနာတော့မှာ။ စိတ်မကောင်းလိုက်တာ။ ခံနိုင်ရည်ချို့တဲ့အသည်းတစ်ပဲ့မှာ နှာစေးချောင်းဆိုးနဲ့ နေမကောင်းဖြစ်ပြန်ပြီ။ ဝမ်းနည်းစရာ။ ရွားရိုးကိုးပေါက် လျှောက်နေသော မာကျောမိုက်မဲသော အသည်းတစ်ပိုင်းကတော့ ဆူးတွေငြိကာ ထပ်မံနာကျင်တော့မှာ ။ သနားပါတယ်။

နာက်ထပ်အသည်းလေးတစ်ခုမှာ ရက်စက်မာကျောသောစကားလုံးများနဲ့ ထိပြီး လဲပြိုနာကျင်သွား။ အိပ်ရာထဲ ဘုံးဘုံးလဲကာ သူ့ဝေဒနာကို အဖြေမရှာနိုင်တော့ပါတဲ့။ ပျော့ညံ့တွေဝေသော အသည်းလေးတစ်ခုကတော့ နာကျင်မှုဒဏ် သည်းမခံနိုင်တော့ဘူးဆိုကာ မီးပုံထဲ ခုန်ချသွားလေတာ။ ဒါပေမယ့် ပြာဖြစ်မသွားဘူးဘဲ။ အံ့သြစရာ။ သံမီးခဲလို တရဲရဲတောက်ပနေကာ တဟားဟားရယ်နေရာ။ ဘယ်လိုပါလိမ့်။ မျက်ရည်တလည်လည်နဲ့ ကြည့်နေသူမှာ ရှိုက်ကြီးတငင်ငိုမိပြန်တာ။

အသည်းနှလုံးမရှိတော့သော မိန်းမမို့ ယဉ်ယဉ်လေးရူးသွားတာ ဖြစ်ပေလိမ့်။ ပြတင်းပေါက်ကို လှမ်းမျှော်ကြည့်တဲ့အခါ မိုးတွေရွာနေသလား။ အမြင်တွေဟာ ဝေဝေဝါးဝါး။ ဒါပေမယ့် သေချာတာတစ်ခုက သူမရဲ့ လက်ကျန်နှလုံးသားဟာလည်း မိုးဖွဲနှင့်အတူ အရည်ပျော်သွားပြန်လေတာ။

  
 


ငါက သေးသေးသိမ်သိမ် ပပမွှားမွှား ကျောက်စရစ်ခဲငယ်ပါ။
တစ်ခါကတော့ ပျော်ခဲ့ဖူးတာပေါ့။
 နွေးထွေးတဲ့ သူ့လက်မှာ။
လက်သင့်မခံချင်တော့လို့ လွှင့်ပစ်လိုက်တဲ့အခါ 
ဝမ်းနည်းမှုရေပြင်အောက် စုံးစုံးမြုပ်သွားတဲ့ ကျောက်ခဲ။
သူ မချစ်ခဲ့ပြီမို့ အားကိုးရာရလိမ့်နိုးနဲ့ ကောက်ရိုးတစ်မျှင်ကိုမျှ မမျှော်လင့်ခဲ့တဲ့ကျောက်ခဲလေ
နာကျင်ရေလှိုင်းမှာ အလိုက်သင့်ငြိမ်သက်စွာ။
အေးအေးခဲခဲ ကြေကြေကွဲကွဲ တမြေ့မြေ့ ကြွေပြုန်းတော့မယ့် ကျောက်ခဲရယ်ပါ။

မယ့်ကိုး 
(မမစိတ်ကူးသို့ အမှတ်တရ) 
photo credits to Khin Thandar Aung

3 comments:

ချစ်ကြည်အေး said...

ညီမလေး မယ့်ကိုး....ရေးထားတာလေးတွေ သိပ်သဘောကျတယ်။ ဒါလေး ရှယ်လိုက်မယ် နော်း)

ငြိမ်းစိုးဦး said...

အသည်းနှလုံးကြေမွ ကျောက်ချရပ်နား ကြေပျက်သွားတဲ့ ကျောက်ခဲလေးဟာ ဘ၀အတွက်တော့ မာကြောခဲ့မှာ ...

ရိုးမြေကျ said...

ဒီတခါအရေးအသားကိုလဲ ကြွေပြန်ပါတယ်။ ဒါလေး ဖေ့ဘုတ်မှာ ဖတ်ခဲ့ဖူးပါတယ်မမ။ မမကို အမြဲအားပေးနေမယ့် ပရိသတ်တစ်ယောက်ပါ။