15 August 2013

သွေးသားခရီး

ရထားစီးနေခိုက် ကျွန်တော့်ရှေ့မှာ ကောင်မလေးတစ်ယာက်လာရပ်တော့ ပေါင်သားဖွေးဖွေးတွေဆိုတဲ့ ကဗျာကို ချက်ချင်းပဲ သတိရလိုက်မိတယ်။ ပေါင်တံလှလှတွေမြင်ရင် ဖြစ်လာတဲ့ခံစားမှုကြမ်းကြမ်းကို ရာဂဆိုတဲ့ စကားလုံးအစား တခြားဝေါဟာရရှိမလားလို့ ရှာကြည့်သေးပေမယ့် ကျွန်တော်က ဘာသာစကားမှာ ညံ့ဖျင်းတယ်ဗျာ။ကျွန်တော့်အနားမှာ သူမ ရှိရင်တော့ ပေါင်တံလှတဲ့သူတွေအပေါ် သဘောကျတတ်တဲ့ ကျွန်တော့်ကို ပြုံးစစနဲ့ မသိမသာစောင်းငဲ့ကြည့်ဦးမလားဘဲ။

ကောင်မလေးက ပေါင်တံလေးတွေက အဆီပြင်တွေနဲ့ မသိမသာလှိုင်းထနေတာမရှိ၊ အိုမင်းမှုကြာင့် အသားအရေလျော့ရဲနေတာမရှိပေမယ့် အသိစိတ်ကို  ချုပ်ထိန်းလို့ အကြည့်ကို အောက်ဖက်ဆီ ရွှေ့လိုက်ရတယ်။ ကောင်မလေးရဲ့ ခြေသလုံးတွေက နေရာတကျသွယ်သွယ်လျလျရှိပြီး ခြေဖဝါးလည်း လှသူပေပဲ။ စီးထားတဲ့ ဖိနပ်အနီရင့်နဲ့ အဆင်ပြေပြေ ခြေဖဝါးက ဖောင်းကြွသွေးရောင်လျှမ်းနေတယ်။ 

တစ်ဆက်တည်းပဲ ဒေါက်တာ နော်မင်န်ကင်မရွန်ရဲ့ ပင်ကိုအရည်အသွေးဖွံ့ဖြိုးမှုနှင့် စိတ်ပညာရောဂါဗေဒ ( Dr Norman Cameron’s Personality Development and Psychopathology ) ဆိုတဲ့ စာအုပ်ထဲက တစ်စုံတရာတပ်မက်မှုရာဂ (fetishism) ဆိုတဲ့ အခန်းမှာ “ Fetishists are nearly always man; and their commonest fetish is a woman’s shoe.” လို့ ရေးထားတာကို ကျွန်တော် ဖျက်ကနဲ သတိရနေမိတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ ရမ္မက်လေးအရောင်လက်သွားလာတာနဲ့ မိုက်ရူးရဲမိတဲ့ ကျွန်တော့်အခြေအနေနဲ့ စိတ်ပျက်စရာကောင်းအောင် တိုက်ဆိုင်နေတယ်ဗျ။ ကျွန်တော်က ဘာသာစကားဝေါဟာရတွေဖလှယ်ရမှာ ကျွမ်းကျင်ပိုင်နိုင်သူမဟုတ်တော့ “တစ်စုံတစ်ရာအပေါ် မျက်ကန်းတပ်မက်မှုဟာ ယောက်ျားတွေမှာပဲ အမြဲဖြစ်လေ့ရှိတယ်။ သူတို့ရဲ့ ဘုံတဏှာကတော့ မိန်းမတစ်ယောက်ရဲ့ ရှုးဖိနပ်ပါပဲ” လို့ ခပ်တုံးတုံးပြတ်ပြတ် ဘာသာပြန်ပြီး မေ့ဖျောက်ထားချင်ပေမယ့် နောက်ကွယ်က အမှန်တရားကတော့ စူးရှလွန်းလို့ပါ။ သူက ရှုးဖိနပ်ကို ဥပမာပေးထားပေမယ့် ကျွန်တော့်အတွက်တော့ လှပတဲ့ပေါင်တွေကသာ ရမ္မက်စိတ်ကြွလာအောင် ဖန်တီးနိုင်တာပါ။ 

ဒီအဖြစ်ကို ကောင်းကောင်းသိတဲ့ သူမက ပြောဖူးတယ်။ “ကျေးဇူးပြုပြီး မိန်းမတစ်ယောက်ရဲ့အလှကို အနုပညာပစ္စည်းတစ်ခုလို သဘောထားလို့မရဘူးလား” တဲ့။ ကျွန်တော် ရယ်နေလိုက်တယ်။ “မိန်းမတွေဟာ လိင်ဆွဲဆောင်ဖို့သက်သက် ရည်ရွယ်ချက်နဲ့ ခန္ဓာကိုယ်ကို လှစ်ဟဝတ်ဆင်ပြတာမဟုတ်ဘူး။ တစ်ချို့က ကိုယ့်ရဲ့ အလှတစ်ခုကို ထုတ်ဖော်ပြသတာ။ တစ်ချို့ကတော့ power game ကစားတာပေါ့။ မောင် ငန်းလို့ပဲ ရမယ် သူတို့ကို ထိလို့မရဘူးလေ” လို့ သူမက ရှည်ရှည်ဝေးဝေးလည်း ရှင်းပြတတ်တယ်။ မိန်းမတွေက နားလည်ရသိပ်ခက်တဲ့ သတ္တဝါတွေပဲ။ သူမကအစ ကျွန်တော်နားမလည်ဘူး။ သူမက ဒီလို ကာကွယ်ပြောဆိုတတ်ပေမယ့် သူမရဲ့ ပေါင်တံတွေကို ကျွန်တော် တစ်ခါမှ မမြင်ခဲ့ရဘူး။

သူမက  “ကျွန်မရဲ့မျက်နှာကိုပဲ မောင်ကြည့်စေချင်တာ။ ပေါင်တွေဆီပဲ မောင်အကြည့်ရောက်နေမှာ စိုးလို့” လို့ ရယ်မောပြောတတ်တယ်။ အဲဒီလိုအပြောတွေနဲ့ ကျွန်တော်စိတ်ကို နားလည်မှုရှိလွန်းတဲ့ သူမက ကျွန်တော့်ကို ဘာလို့ စွန့်ခွာခဲ့မှန်း စဉ်းစားလို့ မရနိုင်ဘူး။ ကောင်မလေးက ထိုင်စရာနေရာရသွားပြီး ကျွန်တော့်ရှေ့က ထွက်သွားသလို သူမကလည်း ကျွန်တော့်ဘဝထဲက အေးဆေးငြိမ်သက်စွာ ထွက်ခွာသွားတယ်။ ခင်ဗျားထင်သလိုပါပဲ ထောင်ချောက်မှန်းသိရဲ့နဲ့ စွန့်စားချင်တဲ့ ကြွက်ငယ်လို ကျွန်တော်လည်း ရင်ခုန်မြန်ချင်ခဲ့ဖူးတယ်ဆိုတာ ဝန်ခံပါတယ်။


ဒါကြောင့် ယောက်ျားချင်းနားလည်မှုယူပြီး ကိုယ်ကျင့်တရားဖောက်ပြန်မှုဆိုတဲ့ လက်သီးကြီးနဲ့ အရှိုက်မထိုးဘူးဆိုရင် ကျွန်တော်စကားနည်းနည်းပြောချင်ပါတယ်။မဲပြာပုဆိုးဇာတ်လမ်းပဲ ဖြစ်မှာပါ ဆိုပြီး ခင်ဗျား သရော်နိုင်ပါတယ်။ ဟုတ်တယ်ဗျ။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဘီလ်ကလင်တန်ကစလို့ ဘောင်းဘီဇစ်မခိုင်တဲ့ လူကြီးလူကောင်းယောက်ျားတွေ အများသား မဟုတ်လား။ ပြင်သစ်က IMF ဥက္ကဌ ဒိုမိနစ်ခ် စထရော့စ်ခန်းတို့ရဲ့ ရေးကြီးခွင်ကျယ်အဓမ္မမှုတွေတောင် အေးဆေးညင်သာပြီးဆုံးသွားတာမို့ ကျွန်တော်ရဲ့ အပျော်ရှာကိစ္စက အလွန့်အလွန်သေးဖွဲတဲ့ ခွင့်လွှတ်စရာပါ။ 

သေချာတာက ခင်ဗျားတို့ ကျွန်တော့်ကို အထင်မသေးဘူး မဟုတ်လား။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော့်မှာ အဖြေရှိပါတယ်။ မိန်းမကိုယ်ဝန်ရှိတုန်း ဇတ်လမ်းသစ်ရှာတဲ့ ရွန်းနီကိုလည်း ကျွန်တော်တို့ အပြစ်မမြင်ကြဘူးလေ။ တခါတလေတော့ ကျွန်တော်တို့ယောက်ျားအားလုံးဟာ အမေရိကန်စာရေးဆရာတစ်ယောက် ရေးဖူးသလို တိမ်မြုပ်နေတဲ့ အဓမ္မကျင့်သူတွေလားလို့ တွေးမိပါရဲ့။ သူရေးတာ မမှားဘူးလို့ ကျွန်တော်ယူဆပေမယ့် လူသားစိတ်ပညာလေ့လာသူတွေကတော့ ငြင်းခုန်နေကြဦးမှာပေါ့။ ကျွန်တော်ကတော့ အငြင်းပွားရတာကို မကြိုက်ဘူး။ နားလည်မှုပဲ လိုချင်တယ်။

သူမကိုလည်း ရှင်းပြခဲ့ပါတယ်။ ဖောက်ပြန်တယ်ဆိုတဲ့ စကားလုံးအပြင်းအထန်တွေကို ခေါက်သိမ်းထားစေချင်တယ်။ ဒါဟာ နိုင်ငံရပ်ခြားကို ခဏအလည်သွားသလိုပဲ။ နောက်ဆုံး ကိုယ့်မူလမြေကိုပဲ ချစ်လို့ ပြန်လာကြတာ မဟုတ်လားလို့။ သူမက လက်မခံဘူးဗျ။ ယောက်ျားတစ်ယောက်အတွက် လိင်ကိစ္စနဲ့ အချစ်ဆိုတာ တစ်သီးတခြားစီပဲလို့ နားလည်ရဲ့နဲ့ မာနထားခေါင်းမာပြီး သည်းမခံချင်ဘူး။ သမာရိုးကျမိန်းမပီပီ သစ္စာကို အစွန်းရောက်တန်ဖိုးထားတယ်ဗျ။ ဘယ်လိုမှ မမေ့ပျောက်။ ခွင့်မလွှတ်နိုင်ဘူးဆိုတော့လည်း ကျွန်တော်တို့ ဆက်ဆံရေးက စိတ်မကောင်းစရာ အဆုံးသတ်ရတာပေါ့ဗျာ။ဒါပေမယ့် အခုထိတော့ နာကျင်အကြည့်ကို လက်သင့်မခံနိုင်လို့ မေ့ဖျောက်ရတာ ခက်ခဲနေတုန်းပဲ။ 

ခင်ဗျားကတော့ မေးခွန်းထုတ်ချင်မှာပဲ “one night stand အတွက် လက်တွဲဖော်ကို လဲလှယ်လိုက်ရတာ တန်ရဲ့လား” လို့ ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်မှာ အဖြေမရှိဘူး။ ပြီးတော့ “ one night stand” ဆိုတဲ့ သိုးဆောင်းဗန်းစကားကို တညတာသာယာမှုပေးသူ လို့ အနက်ဖွင့်မယ်ဆို ကျွန်တော်ကျူးလွန်ခဲ့တဲ့ ညတွေက လေးငါးည မကြာခဏဆိုတော့ ဘယ်လိုခေါင်းစဉ်အောက်မှာ ရောက်နိုင်သလဲဆိုတာကိုလည်း  မလေ့လာမိဘူး။ ဒါပေမယ့် အတွဲ (date) လို့လည်း အမည်မတပ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ သူမလည်း ကျွန်တော့်အနားမှာ ရှိနေလို့ပါ။

နောက်တစ်ခုမေတ္တာရပ်ခံချင်တာက ခိုးစားလို့ရတဲ့ အသီးက ချိုပေမယ့် လူမိသွားရင် ခါးသွားတတ်သလားလို့လည်း ကျွန်တော့်ကို လာမမေးပါနဲ့။ ဒါပေမယ့် တိုက်ဂါးဝုဒ်ကို အင်တာဗျူးကြည့်ရင်တော့ ကျွန်တော့်လွင့်စင်မှုနဲ့ တိုက်ဆိုင်ကောင်း တိုက်ဆိုင်နေမလားပဲ။ ကျွန်တော် သူမ နားလည်နိုင်မယ်ဆိုပြီး သူမသဘောထားကြီးနိုင်မှုကို ပိုတွက်မိလေသလား။ ခဏပဲ စိတ်ဆိုးမှာပါလို့ သူမရဲ့ ဒေါသကို လျှော့တွက်မိလေသလား။ အခုချိန်မှစိစစ်နေလည်း ဘဝမှာ အရေးမပါတော့ပေမယ့် ကျွန်တော်မေ့မထားနိုင်ဘူး။ ရောဂါပါပဲ။ ဒါကြောင့် ခုလို တတွတ်တွတ်ရွတ်နေမိတာ။

ဘာလဲဗျာ အချစ်ဆိုတာ။ ကျွန်တော်လည်း သူမကို ချစ်တုန်းက ချစ်ခဲ့ပါတယ်။ ထားလိုက်ပါတော့။ ဟိုမိန်းမနဲ့ ပက်သက်ပြီးပြောရရင်တော့ ယောကျာ်းတွေရဲ့ အမဲလိုက်ဗီဇဟော်မုန်းဟာ ဖျောက်ဖျက်မရဘဲ သွေးထဲမှာ စီးနေတယ်လို့ ပြောကြပေမယ့် ကျွန်တော်ကတော့ အမိခံလိုက်ရတာကို သဘောတွေ့ခဲ့တယ်။ ဒါပါပဲ။ ပုံပြင်လေးက ဒီမျှသာပါပဲ။ 

ဒီအချိန်မှာ ကျွန်တော်စိတ်အဝင်စားဆုံးက ဘီလ်ကလင်တန်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ လက်ရှိ ပေါင်းသင်းဆက်ဆံရေးပဲဗျ။ တကယ်ပါ။ ကျွန်တော်ကတော့ သူမနဲ့ လမ်းခွဲလိုက်ရတာ မဆိုသလောက်လေး နာကျင်သွားပေမယ့် အပြစ်ရှိတဲ့ခံစားချက်နဲ့ သူမကို မျက်နှာချင်းမဆိုင်ရတော့လို့ အကြီးအကျယ် စိတ်သက်ရာရသွားတာပါ။ အခုကျွန်တော် ဖြောင့်ချက်ပေးနေမိတာကလည်း ဒဏ်ပေးတာသက်သာအောင် ဝန်ခံစကားပြောတယ်ဆိုတာထက် ငါးမျှားချိတ်ကို တွယ်ငြိမိတဲ့ ငါးတစ်ကောင်ရဲ့ ပြန်လည်သုံးသပ်ချက်သာ ဖြစ်ပါတယ်။ ယုံပါဗျာ။ ကျွန်တော့်စိတ်ပိုင်းဆိုင်ရာက အခြေမပျက် အေးဆေးပါပဲ။ ခင်ဗျားတို့အားလုံး လက်ခံထားတဲ့အတိုင်း အချစ်ဆိုတာ ယောက်ျားတစ်ယောက်ရဲ့ တစ်စိတ်တစ်ဒေသပဲ မဟုတ်လား။

 “ဒါဖြင့် လိင်ကိစ္စကရော” ဆိုပြီး ကျွန်တော့်ကို အကြပ်မကိုင်စေချင်ပါဘူး။ ဒီတစ်ခါ ရှောင်လွဲမိတာက ကျွန်တော်လည်း အဲဒီအဖြေကို သိချင်နေလို့ပါပဲ။ သူမစွပ်စွဲခဲ့သလို ကျွန်တော်က လိင်စွဲလမ်းသူလည်း မဟုတ်ပါဘူး။ အဲဒီတဒင်္ဂတွေဟာ လူကြီးဖြစ်ချင်တဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ ခပ်ကြောင်ကြောင်သွေးကြွနေတဲ့ ဆေးလိပ်ခိုးသောက်ခါစ အချိန်မျိုးပါပဲ။

ဒါပေမယ့် တစ်ကိုယ်ရည်အာသာဖြေနေချိန်မှာ ကျွန်တော်ဟာ သူမကို မဟုတ်ဘဲ အဲဒီမိန်းမကို သတိရနေမိတတ်တယ်။ မဟုတ်ပါဘူး။ အဲဒီမိန်းမက အကောင်းဆုံးဝန်ဆောင်မှု ပေးခဲ့လို့လည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ စူးစူးနစ်နစ်သိချင်နေပေမယ့် “နီကိုတင်းဓာတ်ဟာ သွေးထဲဝင်သွားပြီမဟုတ်လား” ဆိုတဲ့စကားနဲ့တော့ ရယ်စရာလိုလို ခင်ဗျား မမေးပါနဲ့။ ဒီဘူတာမှာ ကျွန်တော် ဆင်းရတော့မှာ။ ။

မယ့်ကိုး

6 comments:

Anonymous said...

ဖောက်ပြန်တယ်ဆိုတဲ့ စကားလုံးအပြင်းအထန်တွေကို ခေါက်သိမ်းထားစေချင်တယ်။ ဒါဟာ နိုင်ငံရပ်ခြားကို ခဏအလည်သွားသလိုပဲ။ နောက်ဆုံး ကိုယ့်မူလမြေကိုပဲ ချစ်လို့ ပြန်လာကြတာ မဟုတ်လားလို့။....ပြောတတ်ပါ့..:(

မိုးငွေ့........ said...

တကယ့်လက်တွေ့ဖြစ်ရပ်ကလေးကို ပေါ်ပေါ်ထင်ထင် စကားလုံးအသုံးအနှုန်းလှလှပပတွေနဲ့ ရေးထားတာလေး သိပ်ကောင်းတယ်

ကာရံဆူး said...

မမကိုးရေ...သုံးနှစ်ကျော်ပျောက်သွားတာ မှတ်မိသေးပါရဲ့ လား...ကာရံ မမကိုးကို အားပေးနေပါတယ်...လက်တွေ့ နဲ့ အပ်စပ်တဲ့ စာလေးတွေကိုလံ မှတ်မှတ်သားသား ဖတ်သွားပါတယ်...

ရိုးမြေကျ said...

မမ ဒီပို့စ်လေး မိုက်တယ်ဗျ။ အရင်ရက်က ဖတ်ပြီး ဒီနေ့မှ လာမန့်ရတယ်။ မမ ရဲ့ စာရေးစွမ်းအင်ကို အားကျတယ်။

Khaing Khaing said...

Super Like !!!! Ama

ရောင်ပြန် said...

သူတို့တွေ ဆင်ခြေသိပ်များတယ်.. :(