03 September 2013

အဖြူရောင်ဝတ်စုံ

Taylor Swift ရဲ့ Everything Has Changed သီချင်းMTVကို ထပ်ဖန်တလဲလဲကြည့်ဖြစ်နေသည်။ သီချင်းကို ကြိုက်လို့အပြင် ကလေးလေးနှစ်ယောက်ရဲ့ ချစ်စရာကောင်းသော အပြုအမူများကြောင့်ဟု မူလက ထင်နေမိသည်။ တကယ်တော့ ကလေးမလေးဝတ်ထားသော ဂါဝန်အဖြူရောင်လေးကအစ တေလာဆွဖ်ဝတ်တဲ့ ဂါဝန်အဖြူလေးကိုပါ နှစ်လိုခြင်းကလည်း တစ်စိတ်တဒေသပါဝင်နေလိမ့်မလား။


ငယ်စဉ်ကအကြိုက်များသည် လူလားမြောက်လာသောအခါ ပြောင်းလဲသွားတတ်ပေမယ့် အဖြူရောင်ဝတ်စုံများအပေါ် တွယ်တာတဲ့ ကျွန်မရဲ့နှစ်သက်မှုမှာ လျော့မသွားခဲ့။ ငယ်စဉ်က ဝတ်ရတဲ့ ကျွန်မရဲ့ အင်္ကျီအဖြူရောင်များတွင် အမြဲပဲ စွန်းပေညစ်ပတ်နေခဲ့သည်။ ဝတ်မရလို့ စိတ်ဆင်းရဲတဲ့အခါ အသက်ကြီးလို့ ပိုက်ဆံရှာနိုင်လျှင် နေ့တိုင်းအင်္ကျီအဖြူရောင်တွေပဲ ဝတ်မည်ဟု ကြုံးဝါးခဲ့သည်။ တကယ်ပဲ ကိုယ့်အဝတ်အစားကို ကိုယ်တိုင်ရွေးချယ်ဝယ်ယူခွင့်ရှိသောအခါ အင်္ကျီအဖြူရောင်(ဂါဝန်အဖြူများ)ကို ဝယ်ဖြစ်ခဲ့ပါသည်။

သို့သော် အဖြူရောင်အဝတ်အထည်များမှာ အမြဲတစေ အလွဲလွဲအချော်ချော်လုပ်တတ်သော ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် မကိုက်ညီပေ။ ကျွန်မကိုယ်တွင် မတော်တဆမှုများကို ဖိတ်ခေါ်ဆွဲငင်သော သံလိုက်ဓာတ်ရှိသည် ထင်သည်။ ကျွန်မ သတိမပြုမိခင်မှာတင် အင်္ကျီအဖြူရောင်များမှာ ဘယ်အချိန်က အစွန်းထင်သွားမှန်း မသိလိုက်ပေ။ အစ်မကလည်း အင်္ကျီအဖြူတွေ မဝယ်နဲ့တော့လို့ ပြောသည်။

နောက်ဆုံးတော့လည်း အသိတရားရကာ အဖြူရောင်ဝတ်စုံများကို မြင်သာမြင်လည်း စိတ်ကြိုက်မဝယ်ရဲတော့ချေ။ ဒါပေမယ့် အဆုံးတိုင် နှစ်ပေါင်းများစွာ စွဲမြဲနေသော တွယ်တာမှုကို မစွန့်လွှတ်နိုင်သူမို့ ကိုယ်နဲ့မအပ်စပ်မှန်းသိလျှက် အဖြူရောင်ဝတ်စုံကို  မိုက်မိုက်မဲမဲ တပ်မက်နေဆဲ။ ကိုယ့်အသားအရေနှင့် မလိုက်ဖက်လှသော်လည်း အဖြူရောင်အင်္ကျီများ (ဂါဝန်များ)ကို ရှာဆဲ ၊ နှစ်သက်လျှင် ဝယ်ယူဆဲ၊ တစ်ခါနှစ်ခါ ဝယ်ပြီးသွားလို့ စွန်းပေညစ်သွားလျှင် အသည်းကွဲကာ စွန့်ပစ်လိုက်ရဆဲ။

လောကကြီးထဲက အရာအားလုံးမှာ ကျွန်မအလိုကို ဆန့်ကျင်မယ်ဆိုပြီးတော့များ သံန္နိဌာန်ဆိုထားကြလေသလား။ ချစ်မြတ်နိုးသောအရာများကို မထိန်းသိမ်းနိုင်သော ကျွန်မကပဲ ညံ့ဖျင်းလွန်းသလား။ သိုသော် ဇွဲတော့ မလျှော့ဘဲ နောင်ဘဝပေါ့ကွယ်ဟု သရော်တော်တော်တွေးပြန်သည်။ ရုပ်ရှင်များတွင် သရုပ်ဖော်သော ပရလောကသားများ၊ သရဲ၊ တစ္ဆေများ (ပြိတ္တာများ)၊ နတ်ဒေဝါများမှာ အဖြူရောင်ဝတ်စုံများနှင့်သာ မဟုတ်ပါလား။

နောင်ဘဝအကြောင်းရေးထားသည့် အနောက်တိုင်းကစာအုပ်တစ်အုပ်လည်း ဖတ်ဖူးခဲ့သည်။ သူတို့က ဘုံဘဝတစ်ခုတွင်ရောက်နေပြီး သူတို့ရောက်နေသည့် ဘုံဘဝအကြောင်း လူ့ဘဝက  ကြားခံလူ (နတ်ဆရာ/နတ်ကတော်)ထံ လာပြောသည့် အဖြစ်အပျက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ထိုသူများက သူတို့ရောက်နေသည့် ဘုံတွင် နေမရှိသောလည်း အမြဲလင်းနေကြောင်း၊ ကြမ်းပြင်က မြေလိုမဟုတ်ဘဲ ဖုန်မရှိဘဲ ဖန်သားလို ကြည်လင်ကြောင်း၊ သူတို့လိုချင်သည့် အိမ်ယာ၊ အသုံးအဆောင်၊ အိမ်မွေးတိရစ္ဆာန်ကအစ ၊ပတ်ဝန်းကျင်အဆုံး အရာအားလုံးမှာ စိတ်ထဲလိုချင်သမျှ အကုန်ဖြစ်ပေါ်နေကြာင်းရေးထားသည်။

အထူးသဖြင့် ကျွန်မအတွက် အရေးပါသော အချက်ကို ပြောရပါလျှင် သူတို့ဝတ်ဆင်သော အဝတ်အထည်များက သူတို့အကြိုက်သာ ဖြစ်လို့ ဘယ်လိုမှ ပြောင်းလဲပြုပြင်ချင်သည့်စိတ်မရှိကြောင်း၊ ငြီးငွေ့လို့ပြောင်းလဲလိုလျှင် အားလုံးကို ပြောင်းလဲနိုင်ပေမယ့် သူတို့အတွက် ပြည့်စုံတင့်တယ်လွန်းလို့ မပြောင်းလဲဖြစ်ကြကြောင်း ဆိုကြသည်။ ထိုဘုံဘဝမှာ ဗုဒ္ဓဘာသာ(မြန်မာ)အယူအဆဆိုလျှင် နတ်ပြည်များဖြစ်နေမလားလို့ ကျွန်မ တွေးခဲ့မိပါသည်။ 

ထိုသို့ဆိုလျှင် နတ်သား၊နတ်သမီးများမှာ မြန်မာရုပ်စုံများတွင်ပုံဖော်ထားသလို အတောင်၊အတက်၊အတွန့်၊အလိမ့်များနှင့် မဟုတ်ဘဲ အတော်ကြည့်ကောင်းမှာပဲ မြင်ယောင်မိသည်။ တကယ်လို့များ ကျွန်မသာ (မတော်တဆ) နတ်ပြည်များရောက်သွားလျှင် အဖြူရောင်ဝတ်စုံကို အမြဲတစေဝတ်ရတော့မည် ထင်သည်။ တွေးကြည့်ရုံနှင့်ပင် စိတ်ချမ်းသာစရာကောင်းလှလေသည်။ နတ်ပြည်လည်း မမြဲဆင်းရဲနှင့် မလွတ်ဘူးဆိုလည်း နေ့လယ်အိပ်မက်မက်ခြင်းကိုကား မစွန့်လွှတ်နိုင်သေးချေ။ 

ကျေးဇူးပြုပြီး နတ်ပြည်မရှိဘူး။ဘာညာဆိုကာ ကျွန်မရဲ့ စိတ်ကူးယဉ်တိမ်တိုက်ကို မဖြိုဖျက်စေချင်ပါ။ အိပ်မက်ဟာ ကျန်းမာပျော်ရွှင်စေတဲ့ အသက်ရှည်ဆေးပဲ မဟုတ်ပါလား။ 

မယ့်ကိုး

8 comments:

poemgarland said...

ခုမှ ရောက်လာပြီး ဖတ်ဖြစ်ပါတယ် မယ့်ကိုး ဆိုတဲ့ နာမည်ကို ကြားဖူး ရင်းနှီးနေပေမယ့် အကြောင်းမျိုးမျိုးကြောင့် ကျနော် မရောက်ဖြစ်ပါဘူး
ပထမဆုံးဖတ်ဖူးခြင်းပါ ပထမဆုံးမှာပဲ တော်တော်လေး ဆွဲဆောင်သွားပါတယ်
ကျနော် အချိန်ရတိုင်းလာရောက် လေ့လာနေဖြစ်တော့မှာ အသေချာပါပဲ

ကြည်ဖြူပိုင် said...

အဖြူရောင်လေးတွေဝတ်ရင် လူကအလိုလိုသန့်ထွက်နေတာ အမှန်ပဲနော်။ တူတူပဲ။ အဖြူရောင်ကြိုက်လို့။ ခဏခဏ ဝတ်ပြီး မုန့်စား ပြီးရင်စွန်းထင်းပေလာ။ဒါမှမဟုတ်အကြောင်းအမျိုးမျိုးနဲ့ပေသွားဆိုတော့။ ဒီကောင်မလေးဟာလေ စည်းကမ်းကိုမရှိဘူး။ အဖြူရောင်နဲ့မတန်ဘူး လို့အမတော် အမြဲပြောတာ ခံရတယ်။ အရေတွေကို ထူလို့ :P အဖြူရောင်ကြိုက်တဲ့ မယ့်ရေ အဖြူရောင်လေးတွေနဲ့အမြဲလှနေပါစေ <3

လသာည said...

တကယ်ဆို အဖြူရောင်က ဘယ်သူနဲ့ မဆို လိုက်ပါတယ် ညီမလေးရယ်..။ မယ်နဲ့လည်း လိုက်မှာ သေချာပါတယ်။

မမလည်း အဖြူကြိုက်တယ်။

ရွှေအိမ်စည် said...

အဖြူလေးတွေပဲ ကြိုက်နှစ်သက်တဲ့ အကြောင်း ၀တ္တုတစ်ပုဒ်တော့ ရေးဖူးတယ်..
ဘယ်မှာမှ မတင်ရသေးဘူးရယ်
ဒါပေမယ့် အဖြူကို မြင်သွားတဲ့ ရှုထောင့်ခြင်းတော့ မတူဘူး
:D

သိ င်္ဂါ ရ said...

Blog Day နောက် ... စာပြန်ရေးဖြစ်နေတဲ့ Blog Post များဆီ ..... :)

နွေတေးရှင် (မင်းဧရာ) said...

ထိုပြည်ထိုရွာကို
ရောက်ရှိပြီး သကာလ
ဝတ်ချင်လှသော အ၀တ်များ
ဝတ်ဆင်နိုင်သောသူ ဖြစ်ပါစေဗျာ ။

ကြည်ဖြူပိုင် said...

http://kyiphyupaing.blogspot.sg/2013/09/blog-post_6.html မယ့်ရေ မယ့်လာမလည်ခင်ညရေးတဲ့...ဒီစနေမှာတင်မယ့်ပို့စ်လေး (တိုက်တိုက်ဆိုင်ဆိုင် တယ်လီပသီ ရှိသွားတယ်)း) အဲ့ဒါ အမှတ်တရလာပို့တာ။း)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အဖြူရောင်ကိုသဘောကျပေမယ့် အပေမခံတော့ တော်တော်သတိထားဝတ်ဆင် ရတာမျိုးမို့ အဖြူရောင် အဝတ်အစားတွေက တိုက်ပိတ်ဖြစ်နေတယ် နေရာရွေးဝတ်ရတာမျိုး ကိုး ပန်းအဖြူရောင်ကျတော့ ကြိုက်ပြန်ရော

အဖြူရောင်က အစွန်းအထင်မခံဖူးကွယ်
စွန်းသွားရင်လည်း အစွန်းတစက်က အဲအဖြူရောင်ကို ရုပ်ဆိုးသွားစေပြန်ရော