28 September 2013

တစ်ယောက်တည်းကမ္ဘာ

အိမ်ဖော်ဆိုသော စကားလုံးကို ကျွန်မလက်မခံပါ။ ထိုသို့အိမ်ဖော်ထားတဲ့သူများကိုလည်း မျက်မုန်းကျိုးကာ လူအချင်ချင်းခေါင်းပုံဖြတ် နှိပ်စက်ခြင်းလို့ထင်သည်။ လူအခွင့်အရေးချိုးဖောက်ကျူးလွန်သူများဟုဆိုကာ အထင်သေးတတ်သည်။ ခုတော့ ဝဋ်လည်ပြီထင်သည်။ ရန်ကုန်မှာ နေတဲ့အခါ ကျွန်မတစ်ယောက်တည်း ညအိပ်ညနေ မနေရဲသဖြင့် အသိအဒေါ်တစ်ယောက်ကို ခေါ်ထားရသည်။

ဒါပေမယ့် ထိုအဒေါ်မှာ အိမ်အကူလည်း မဟုတ်ပါ။ စာဖိုမှုးဟု ခေါ်ဝေါ်သုံးစွဲနိုင်သည်။ အဝတ်လျှော်မီးပူတိုက်ကို ကျွန်မကိုယ်တိုင်လုပ်သည်သာဖြစ်သည်။ ခက်တာက သူချက်သော ထမင်းများကို မစားနိုင်ခြင်းဖြစ်သည်။ မသန့်ရှင်းဟု ထင်သည်။ သူဆေးပြီးသော ပန်းကန်များကို စားခါနီး တစ်ခါထပ်ဆေးနေမိသည်။ ရွံရှာတတ်သူ၊ အလွန်တရာ သန့်ရှင်းသပ်ရပ်စွာ နေတတ်သူမဟုတ်ပေမယ့် စိတ်ထဲက မသိုးမသန့်ဖြင့် ထိုအစာများကို စားပြီး အန်ချင်နေတတ်သည်။ တစ်နေ့လုံးလည်း နေလို့မကောင်းချင်သလို ဖြစ်နေမိသည်။

သူချက်တာကို မစားဘဲ မုန့်ပဲသရေစာများကို စားရတာလည်း စိတ်မချမ်းသာ။ ဒါဖြင့် ကိုယ်တိုင်ချက်ပေါ့လို့ မိတ်ဆွေက ပြောသည်။ ကျွန်မကိုယ်တိုင်ချက်ရင် ဝမှာစိုးရိမ်ပြီး ဆီမပါ ရေလုံပြုတ်များပဲ စီမံတော့မည် ဖြစ်ရာ ထိုအဒေါ် စိတ်ဆင်းရဲရပေတော့မည်။ တစ်ရက်ပြီးတစ်ရက် ထိုအဒေါ်နှင့်ကျွန်မ အတူယှဉ်တွဲနေထိုင်လို့မရတော့တာ သေချာလာသည်။ အဒေါ်ကို ဖုန်းဆက်ပြီး အကူအဒေါ်ကို ပြန်ခေါ်ဖို့ပြောသည်။ လက်မခံ။

နိုင်ငံအနှံ့အပြားမှာ အသက်၁၈နှစ်ပြည့်သည်နှင့် တစ်ယောက်တည်းနေခွင့်ပေးကြသည်က ဒီနိုင်ငံမှာတော့ မဖြစ်နိုင်သောကိစ္စဖြစ်သည်။ ကျွန်မတစ်ယောက်တည်း နေလို့မဖြစ်ဟု ဆိုလေသည်။ ဘယ်ထွက်ပြေးရမလဲလို့ ကြံရာမရဖြစ်သည်။ သူငယ်ချင်းတွေကို ပြောမိလျှင် အဲဒါပေါ့ အပျိုကြီးရောဂါလို့ ကဲ့ရဲ့ခံရမှာ စိုးသည်။ နှစ်ယောက်အတူနေနိုင်စွမ်းမရှိသူလို့ လက်ညှိုးထိုးရယ်မောကြမှာ ကြောက်သည်။ တခြားလူတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံရေးမတည်ဆောက်နိုင်သူလို့ ရှုံ့ချစရာဖြစ်တော့မည်။ ခက်တာက ကျွန်မရဲ့သည်းခံနိုင်စွမ်းလည်း ပါးလျလာပြီဖြစ်သည်။

ရင်ထဲမှာ ချုပ်တည်းထားရလွန်းသဖြင့် လူက ပေါက်ကွဲလွင့်စင်တော့မလို ဖြစ်နေသည်။ မချစ်မနှစ်သူနှင့် အတူနေရသောဆင်းရဲ ဘာညာဆိုကာ ပုံကြီးမချဲ့ချင်ပေမယ့် ခရီးဆောင်အိတ်ဆွဲပြီး ထွက်ပြေးချင်သည်။ တစ်ယောက်တည်းသမားအတွက် လုံခြုံတဲ့နေရာက မြန်မာနိုင်ငံမှာတော့ ရှားပါးလွန်းလှသည်။ ခက်လှချည့်လေ။



မယ့်ကိုး

4 comments:

လသာည said...

ဟုတ်တယ် ညီမလေးရယ်။ မမလည်း ဇူးဇူးလေးကျောင်းတစ်ဖက်နဲ့မို့ မဖြစ်လို့ ခေါ်ရပေမယ့် တတ်နိုင်ရင် တစ်ယောက်ထဲကို နေချင်တာ..။

မိုးငွေ့........ said...

အမှန်တော့ တစ်ယောက်တည်းနေရတာပိုတောင် ကောင်းသေးတယ် မြန်မာပြည်မှာ အဲလို ရှေးရိုးကျတဲ့အတွေးအခေါ်တွေရှိနေသေးတာကိုတော့ သိပ်ဂရုမစိုက်ပါနဲ့လို့ပြောချင်ပါတယ်..။ ခုခေတ်က အစားအသောက်အတွက်လဲ အရင်လို မခက်ခဲတော့ပါဘူး..။

သိ င်္ဂါ ရ said...

ဆရာတော် ဦးဇောတိက စာအုပ်တစ်အုပ် ကို

သတိရမိတယ် ။ တစ်ယောက်တည်းနေ ၊

တစ်စိတ်တည်းထား ဆိုတာ ... လူ ဆိုတာ အဖွဲ့အစည်း

နဲ့ နေတဲ့ သတ္တ၀ါ ဆိုတာ မှန်ပါလိမ့်မယ် ။ ဒါပေမယ့် ...

အဲဒီ အဖွဲ့အစည်း ကြောင့်ပဲ တခါတခါ ... လူ အဖြစ် က

အတွေးတွေ ပိုရှုပ်ထွေးစေသလိုပါပဲ ခင်ဗျာ ...


ချစ်ခြင်းအားဖြင့်

သိ င်္ဂါ ရ

ရိုးမြေကျ said...

မမ ဘာ့ကြောင့်အပျိုကြီးဆိုတဲ့ စကားလုံး မနှစ်မြို့မှန်းသိပြီ။
မကောင်းတဲ့ အဖော်အပေါင်းထက် တစ်ယောက်တည်းနေရတာ ပိုကောင်းတယ်။ (ဒါ အနော့် ခံယူချက်)
ဟုတ်ပနော် မယ့် မြန်မာနိုင်ငံမှာ တစ်ယောက်တည်းနေရင် နေစရာမရှိဘူး။ အနော်လဲ ကြီးရင် ဘယ်သူနဲ့ နေရပါ့