08 September 2013

အသုံးမကျတဲ့ဇာတ်ကောင်

သူမက စာရေးမယ်ဆိုလျှင် သူမဇာတ်ကောင်ကို အများနှင့်မတူစွဲထင်ကျန်ရစ်သော ရေခဲတောင်လို အေးခဲမာကျောပြီး တစ်စိတ်တစ်ပိုင်းသာမြင်ရသော စိတ်ထားနှင့် bitchy ဆန်သော မိန်းမမျိုးသာ ဖြစ်လိုလှသည်။ ထိုမိန်းမများရဲ့စရိုက်ကို သူမ မကြိုက်လှသော်လည်း သာမန်လူများ ဦးညွှတ်တမ်းတတဲ့ မိန်းမများမဟုတ်ပါလား။

သူမရဲ့ ဇာတ်ကောင်ကိုလည်း ခိုင်မာသော၊ ပြတ်သားသော၊ ရက်စက်သော၊ လှည့်စားတတ်သော၊ စွဲဆောင်မှုရှိသော၊ လိုသမျှရ အောင်မြင်သော မိန်းမမျိုးသာ ဖြစ်လိုလှသည်။ သူမကတော့ ထိုဇာတ်ကောင်မျိုးကို ဖန်တီးနိုင်မည်မဟုတ်။ သူမရဲ့ ဇာတ်ကောင်က အသုံးမကျ ပျော့ညံ့ညံ့မိန်းမသာဖြစ်သည်။

သူမဇာတ်ကောင်သည် နှုတ်ခမ်းကို မဟတဟဖွင့်ကာ ယောက်ျားတကာကို ရူးစေနိုင်သော မိန်းမမျိုးမဟုတ်ဘဲ နှုတ်ခမ်းစူပုပ်ပုပ်ဖြင့် အဖော်မဲ့နေလိုသော မူလတည်းက ရူးတူးတူးမိန်းမသာဖြစ်သည်။ ကိစ္စများကို သွေးအေးအေးဖြင့် ဖြေရှင်းတတ်သော မိန်းမမဟုတ်ဘဲ ထိခိုက်မိသောအခါ ဘာမှမဖြစ်သလို နေပြီးမှ တအုံ့နွေးနွေးပူဆွေးတတ်သော မိန်းမဖြစ်သည်။ သူမရဲ့ဇာတ်ကောင်သည် အကြောင်းပြချက်မရှိဘဲလည်း ငိုတတ်သည်။

လွန်လေပြီးသောအခါက ဇာတ်ကောင်ရဲ့အစ်မက ဇာတ်ကောင်ကို ဘဲဥချဉ်ရည်ဟင်းချက်ကျွေးမယ်။ လာစားဟု ခေါ်သည်။ ဇာတ်ကောင်က အင်း။လာမယ်လို့ ပြောပြီးနောက် ပျင်းပြီး အပြင်မထွက်ချင်တော့ပေ။ ထိုအခါ ဇာတ်ကောင်အစ်မက ဖုန်းဆက်သောအခါ မလာတော့ဘူးနော်လို့ ပြောပြီး အစ်မက ဟင်းတွေချက်ထားရတာ သနားပါတယ်လို့ဆိုကာ တစ်ယောက်တည်း ရှိုက်ကြီးတငင်ငိုခဲ့သော ဇာတ်ကောင်ဖြစ်သည်။

သိပ်မကြာသေးခင်ကလည်း မိတ်ဆွေအစ်မတစ်ယောက် ကိုယ်ဝန်ရတော့ ‘သမီးကို မွေးစားပါလား’ လို့ မစနောက်ရတော့မှာကို ဝမ်းနည်းတတ်သော စိတ်ပျက်စရာဇာတ်ကောင်လည်း ဖြစ်သည်။ ‘ No family wants to adopt me’ လို့ ရေးပြီးနောက် ဖြေမဆည်နိုင်သလို ငိုနေခဲ့သော ဇာတ်ကောင်လည်းဖြစ်သည်။ ဇာတ်ကောင်ရဲ့အမေက ‘နင့်ကို ဘယ်သူမှ မချစ်ဘူး။ နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ’ ဆိုတဲ့စကားကို ပြန်ကြားလိုက် ငိုလိုက်နဲ့ အရူးလို ကြေကွဲတတ်သော ဇာတ်ကောင်လည်း ဖြစ်သည်။

သူမသည် မိန်းမတိုင်း စိတ်ကူးယဉ်တောင့်တကာ လိုချင်တဲ့ပုံရိပ်ဖြစ်သော ဇာတ်ကောင်ကို ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်ပေ။ လူဘုံအလယ်မှာ ဝင့်ထယ်သော၊ မျက်လုံးလေးပြူးကြည့်ရုံနဲ့ ယောက်ျားတွေ ဗုံးဗုံးလဲကြွေသော၊ စီးကရက်မီးခိုးများအကြားတွင် ရီတီတီ ညှို့ငင်သော မျက်လုံးများနှင့် သေစေလောက်သော၊ ဖြေဖျော်မှုတွင် လေဒီဂါဂါပင် ရှုံးသော မိန်းမမျိုး။လူတကာ တပ်မက်ကြသည်က ကြည်အေးရဲ့ မီ လို၊ လေရူးသုန်သုန်ထဲက စကားလက်လို ဇာတ်ကောင်မျိုး။

 

ဘဝမှာ မရတာမရှိစေရ ။ လိုချင်တာ ရယူဖို့ဆို အကြောက်တရားမဲ့၊ အရှက်ကို ဘေးဖယ်ကာ၊ ငဲ့ညှာမှုကင်းကင်းနဲ့ လက်ရဲဇက်ရဲ ရယူနိုင်သော မိန်းမမျိုး။ တားဆီးသူမှန်သမျှ တိုက်ခိုက်ချေမှုန်းနိုင်ပြီး လိုချင်သော နေရာကိုသိ၊ ရအောင်နေသော မိန်းမမျိုး။ သူတကာပေါ် ဆရာကြီးလုပ် ဦးဆောင်လွှမ်းမိုးနိုင်သော မိန်းမမျိုး။ လူတွေရဲ့ခေါင်းပေါ်မှာ စင်္ကြံလျှောက်ပြီး အောင်မြင်မှုသရဖူဆောင်းကာ ကျရှုံးစကား မကြားဖူးသော မိန်းမမျိုး။ ထိုထို အကြောက်ကင်းသော၊ မတုန်လှုပ်သော၊ ရက်စက်သော၊ အောင်မြင်သောမိန်းမမျိုးကိုမှ ကိုးကွယ်ချင်သောသူများအတွက် သူမရဲ့ ဇာတ်ကောင်က အလုပ်မဖြစ်ပေ။

သူမကတော့ ထိုမိန်းမမျိုးနဲ့ အလှမ်းကွာသော အဖြစ်မရှိတဲ့ဇာတ်ကောင်နှင့်သာ နှစ်ပါးသွားနေရသည်။ ထိုဇာတ်ကောင်ကို သူမ မြေမြှပ်မှ ဖြစ်တော့မည် ထင်သည်။ ရေထဲတွန်းချရင် ကောင်းမလား။ အဆိပ်ကျွေးရင် ကောင်းမလား။ လျှပ်စစ်ဓာတ်ပေးရင် ကောင်းမလား။

 သူမ စဉ်းစားကာ စိတ်ပျက်နေရဦးမည်။ ။ 

မယ့်ကိုး

7 comments:

Kay Thwel said...

စက်ရုပ်ဆိုရင်တော့..Reengineering လုပ်လိုက်..။ လေဒီဂါဂါလို ဆိုရင်တော့ Rehab ကို ဖြစ်ဖြစ် ပို့လိုက်။ ဒါမှမဟုတ် ဗမာကွန်တန့် ဆိုရင် သီလရှင် ခဏ၀တ်လိုက်။ ပြီးမှ... (=====) ပြန်လာပြီ ပေါ့..။ :)

ကြည်ဖြူပိုင် said...

လိုချင်တာ ရယူဖို့ဆို အကြောက်တရားမဲ့၊ အရှက်ကို ဘေးဖယ်ကာ၊ ငဲ့ညှာမှုကင်းကင်းနဲ့ လက်ရဲဇက်ရဲ ရယူနိုင်သော မိန်းမမျိုး။ တားဆီးသူမှန်သမျှ တိုက်ခိုက်ချေမှုန်းနိုင်ပြီး လိုချင်သော နေရာကိုသိ၊ ရအောင်နေသော မိန်းမမျိုး။ သူတကာပေါ် ဆရာကြီးလုပ် ဦးဆောင်လွှမ်းမိုးနိုင်သော မိန်းမမျိုး။ လူတွေရဲ့ခေါင်းပေါ်မှာ စင်္ကြံလျှောက်ပြီး အောင်မြင်မှုသရဖူဆောင်းကာ ကျရှုံးစကား မကြားဖူးသော မိန်းမမျိုး။ ထိုထို အကြောက်ကင်းသော၊ မတုန်လှုပ်သော၊ ရက်စက်သော၊ အောင်မြင်သောမိန်းမမျိုးကိုမှ ကိုးကွယ်ချင်သောသူများအတွက် သူမရဲ့ ဇာတ်ကောင်က အလုပ်မဖြစ်ပေ။
<<< အဲ့သည့်လို ဇာတ်ကောင်မျိုးဆိုရင်တော့ရွံမုန်းမိတယ်။


မယ့်ဇာတ်ကောင်လေးတွေ သိပ်လှပါတယ်။
မြေမမြှုပ်လိုက်ပါနဲ့မယ့်ရယ်။ <3

အဲသည့်ဇာတ်ကောင်လေးတွေကပဲ လူတွေရဲ့ စာဖတ်အာရုံကို စွဲဆောင်သွားခဲ့တာ....

ရွှေအိမ်စည် said...

ကိုယ် တွေ ဇာတ်ကောင်က အသက်ဝင်တဲ့အတိုင်းပေါ့ကွယ်
ပြီးတော့ တို့များ မသိစိတ်ကလည်း ရှိသေးသကိုး
တို့တော့ ခပ်ပြတ်ပြတ်ဇာတ်ကောင်ဖန်တီးကြည့်ဖြစ်တာပဲ
ဒါပေမယ့် ပြတ်သားထက်မြက်မနေဘဲ အစွန်းရောက်သွားတယ်
:D :D :D

ဆုမြတ်မိုး said...

မမယ့်ရဲ့ဇာတ်ကောင်လေးမှာ
ဖြူစင်မှု ၊ အထီးကျန်မှု ၊ ချစ်ခြင်းမေတ္တာတရားကိုသွန်ချခံရခြင်းမကြုံမှု ၊ ကြိတ်မှိတ်ခံစားမှုတွေနဲ့ပြည့်နေတဲ့ သာမန်လူထဲကလူဇာတ်ကောင်တစ်ကောင်ပါပဲ ။ အဆိပ်လည်းမကျွေးပါနဲ့ သတ်လည်းမသတ်ပါနဲ့ ။
စာဖတ်တတ်သူတွေဟာ စကားလက် နဲ့ မီ့ကိုကြိုက်သလို တိတ်တိတ်လေးငိုတတ်တဲ့ စကားလုံးကျစ်ကျစ်လေးတွေနဲ့စာသားရှတတလေးတွေကိုလည်း တမက်တမောဖြစ်နေဆဲပါ ။

ချစ်ခင်လျက်
ဆုမြတ်

ရင်လှိုင်း said...

ဒီအတိုင်းပဲ ထားလိုက်ပါ နော်။

Anonymous said...

မယ်ရေ စာလုံးကလေးတွေပြန်ကြည်.လိုက်အုံးနော် ။ bitchy ဆန်သော လား ဆန်သာ လား ၊ဇာတ်ကောင်ရဲ့အစ်မကို ဇာတ်ကောင်ကို ဆိုတဲ.နေရာလေးမှာ ။ စာလေးတွေလှစေချင်လို.နော်စိတ်မဆိုးနဲ.နော်




ချစ်သော စု

မယ့်ကိုး said...

ချစ်သော စု

စု စေတနာထားပြောတဲ့အတိုင်း ပြင်လိုက်ပါပြီနော်။ စာလုံးတွေအမြဲလို မှားမိတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ နောက်ဆို တတ်နိုင်သလောက် သတိထားပါဦးမယ်။ ကျေးဇူးအထူးပါနော်။

ချစ်သောမယ့်ကိုး