09 September 2013

မိုးသည်းည

သူစားသောက်ဆိုင်ထဲ လှမ်းဝင်လာတည်းက ကျွန်တော် သတိထားမိနေတယ်။ လူထူထူဆိုင်ထဲကို ဝင်လာပေမယ့် သူ့အိမ်ယာလို သက်တောင့်သက်သာဟန်နဲ့ မျက်ဝန်းလဲ့ရီရီမှာ အပြုံးတွေခိုကာ ချိုသလိုလို။ ကျွန်တော့်အကြိုက် ဆံနွယ်ကောက်ကောက်လေးဟာ ခမ်းနားတဲ့ခြေလှမ်းတိုင်းမှာ ငြိမ့်ငြိမ့်လေးလွင့်နေတာ အသည်းထဲမှာ ရေခဲမြစ် ဖြတ်စီးသလို။

 မြင်မြင်ချင်းအချစ်မဟုတ်ပါဘူး။ မြင်မြင်ချင်းအကြိုက်လို့ ပြောချင်ပေမယ့် သူ ချစ်စရာကောင်းပုံက မျက်လုံးထဲက မထွက်ဘူး။ ဒါပေမယ့် တိုက်ရိုက်ကြည့်လို့ မကောင်းတော့ နံရံမှန်ကတဆင့်ပဲ သူ့ကို ကြည့်နေမိတယ်။ သူကလေးကလည်း မခေဘူး။ ဆံနွယ်တွေ သပ်တင်သလိုလိုနဲ့ ကျွန်တော့်အကြည့်ခိုးကို ဖမ်းတာ ရုတ်တရက်မို့ နှလုံးခုန်တောင် မြန်သွားတယ်။

သူရော ကျွန်တော့်ကို စိတ်ဝင်စားနေလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စွန့်စားသင့်တယ်လို့ ထင်တယ်။ သူ ကျသင့်ငွေရှင်းတော့ ကျွန်တော်လည်း ကဗျာကယာငွေရှင်းပြီး သူ့နောက်လိုက်ခဲ့တယ်။ တကယ်ပဲ။ သူစောင့်နေခဲ့တယ်။ ဟုတ်တယ်။ အသေအချာပဲ။ ဖြတ်သွားတဲ့ အငှားကားကို မတားဘဲ သူလွှတ်ပေးလိုက်ပေမယ့် သူ့အနား ကျွန်တော်တိုးသွားတော့ မသိချင်ယောင်ဆောင်နေတာ အသည်းယားစရာပဲ။

 ‘ဘယ်မှာနေတာလဲ’ လို့ ကျွန်တော်မေးတော့ သမိုင်းတဲ့။ ကံများကောင်းချင်တော့ စကားဆက်ရတာ လွယ်သွားပြီ။ ‘အစ်ကိုက ရှစ်မိုင်မှာ နေတာ တစ်လမ်းတည်းပဲ။ အတူတူစပ်စီးကြတာပေါ့' လို့ ပြောလိုက်တယ်။ အရာအားလုံးက အဆင်ပြေချောမွေ့နေတယ်။ ကားငှားရတာကအစ ဈေးဆစ်စရာမလိုဘူး။

 နှစ်ယောက်စလုံး နောက်ခန်းမှာ အတူတူထိုင်ဖြစ်ချိန်မှာ မိုးဖွဲဖွဲမစဲဘဲ ရွာနေပြီ။ သူ့ကို မသိမသာကြည့်လိုက်တော့ သူ့အင်္ကျီက နာမည်ကြီးတံဆိပ်အတု ဖြစ်နေပြီး ဂျင်းဘောင်းဘီနွမ်းနွမ်းကလည်း အနားတွေ တော်တော်ဖွာနေတာ တွေ့ရတယ်။ စိတ်မကောင်းစရာပဲ။ ထီးပါလား။ လို့ မေးလိုက်တော့ သူလေးက မပါဘူးတဲ့။ နောက်တစ်ဆင့်တက်တဲ့အနေနဲ့ အစ်ကို့အိမ်မှာ ခဏနားပါလား။ မိုးစဲမှ ပြန်လေ။ လို့ ပြောလိုက်တယ်။ ဒီအကြောင်းပြချက်က ရယ်စရာပဲ။

အကြည့်စူးစူးနဲ့ သူက ဘာမှပြန်မဖြေဘဲ နှုတ်ခမ်းထောင့်ချွန်းလေးပဲ ညွှတ်ကွေးသွားတယ်။ ပါးချိုင့်ကလေးပေါ်ရုံပဲ။ ပြုံးတာမဟုတ်ပေမယ့် ကျွန်တော့်ရင်ထဲ လှိုက်တုန်လှပြီ။ ကျွန်တော့်မျှော်လင့်သလိုပဲ သူက ခြောက်လွှာက ကျွန်တော့်တိုက်ခန်းအထိ မမောမပန်းပဲ အတူတက်လာပါတယ်။ အိမ်ပေါ်ရောက်ရောက်ချင်းပဲ သူက ‘ခင်ဗျားက တစ်ယောက်တည်း နေတာလား’ လို့ မေးတော့ ‘အခုနှစ်ယောက်လေ။ မင်းနဲ့ပေါ့’လို့ ပြောရင်း ရေခဲသေတ္တာထဲက ဘီယာတစ်ဗူးကို ဖောက်ငှဲ့ပြီး သူ့ဆီ တစ်ခွက်ကမ်းပေးလိုက်တယ်။ သူက  ဘာမှမပြောဘဲ ဟက်ကနဲရယ်ပြီး ဘီယာကို တကျိုက်တည်း မော့ချလိုက်တယ်။ စွဲမက်စရာပဲ။

သူ့မျက်လုံးတွေ အရောင်ရင့်လာတာ၊ သူ့နှုတ်ခမ်းတွေ စိုရွှဲသွားတာကို အသက်မရှုဘဲ ကျွန်တော်ငေးကြည့်နေဆဲမှာ ကျွန်တော့်ဘောင်းဘီထက် သူ့လက်လှမ်းလာတယ်။သူကလည်း ကျွန်တော့်လိုပဲ နိဒါန်းတွေ ပျိုးရတာ သိပ်စိတ်ရှည်ပုံမရဘူး။ ဒါမှမဟုတ် ကျွန်တော်က သိပ်စွဲဆောင်မှုရှိလို့ ဖြစ်မှာပေါ့။ ဒါပေမယ့် ဒီအတွေးနှစ်ခုလုံးမှားတယ်ဆိုတာ ကျွန်တော့်ကိုယ်ပေါ်က အဝတ်အစားတွေ မဲ့သွားချိန်မှာ သိလိုက်ရတယ်။ ကျွန်တော့်လည်တိုင်မှာ ထိကပ်ထားတာ သူ့နှုတ်ခမ်းမဟုတ်ဘဲ ခြောက်လက်မဓားမြှောင်ဖြစ်နေတယ်။

အသံကုန်အော်ဟစ်ပြီး အကူအညီတောင်းရမလား။ တဝုန်းဝုန်း တဒိုင်းဒိုင်းရွာနေတဲ့မိုးသံကို ဖုံးအောင် အော်နိုင်တယ် ထားဦး၊ လူတွေက ခြောက်လွှာအထိ တက်လာတယ်ထားဦး သူတို့ရောက်လာချိန်မှာ ကျွန်တော်က ဝတ်လစ်စလစ်နဲ့ အသက်ပျောက်နေမလား။ သူထွက်ပြေးစရာကလည်း တံခါးမကြီးတစ်ခုပဲ ရှိတယ်။ သူက ရှိတာတွေ အကုန်ထုတ်ပေးလို့ ပြောနေတယ်။ ပိုက်ဆံအိတ်ထဲမှာ ရှိသမျှ ယူသွားလို့ ကျွန်တော်အော်ပြောလိုက်မိတယ်။ သူက အင်္ကျီနဲ့ပဲ ကျွန်တော့်ကို ပြန်ချည်ထားပေမယ့် ပါးစပ်ကိုတော့ ဆို့ပိတ်မထားဘူး။

ပိုက်ဆံအိတ်အပြင် ဗီရိုထဲကိုပါ သူမွှေနှောက်ရှာနေတယ်။ တကယ်တော့ ကျွန်တော်က ပိုက်ဆံတွေကို အဝတ်တွေနဲ့ လုံးပြီး အဝတ်ဟောင်းခြင်းတောင်းထဲ ထည့်ထားတာ။ ဒီအထဲမှာ ဘာရွေ၊ငွေတွေ မတွေ့တော့ ကျွန်တော့်အဝတ်တွေကို ယူဖို့ ပြင်တယ်။ ကျွန်တော့်ဖုန်းကလည်း သူ့လက်ထဲမှာ။ ဘာဖြစ်လို့ မျက်ရည်ကျလာမှန်းမသိဘူး။ ငါ့ အဝတ်တွေ ယူမသွားပါနဲ့လို့ ငိုပြောနေမိတယ်။ အဝတ်အစားကောင်းမက်တဲ့ ကျွန်တော့်အတွက် ဒီအဝတ်တွေကို ရန်ကုန်မှာ အကုန်ပြန်ရှာနိုင်ဖို့ သိပ်ခက်တယ်။

သူက သရော်တော်တော်အပြုံးနဲ့ပဲ ကျွန်တော့်လက်မှာ ချည်ထားတာကို လာဖြုတ်ပေးတယ်။ တကယ်က သူ့မျက်နှာကို ကျွန်တော်တစ်ချက်လောက် ထိုးလိုက်သင့်တာ။ ဒါပေမယ့် သူ့ခြေသလုံးကိုပဲဖက်ပြီး ကျွန်တော့်အဝတ်တွေပြန်ပေးဖို့၊ ဖုန်းကို ထားခဲ့ဖို့ ရှိုက်ကြီးတငင်ပြောနေမိတယ်။ သူက ခြေထောက်ကို ခါပြီး ကျွန်တော့်ကို ကန်ထုတ်လိုက်ပေမယ့် လဲကျသွားတဲ့ ကျွန်တော့်အပေါ် အဝတ်အစားအိတ်ပစ်ပေးတယ်။ ဖုန်းကိုတော့ သူက ခပ်လှမ်းလှမ်းမှာ ချထားပေးတယ်။ ၁၉၉ကို ဖုန်းမဆက်ဘူး မဟုတ်လားတဲ့။ ခပ်ထေ့ထေ့ပြုံးပြီး ကျွန်တော့်အခန်းထဲက သူထွက်သွားတယ်။ ဒါပေမယ့် ကျွန်တော့်ဘဝထဲကတော့ မဟုတ်ဘူး။


သူငယ်ချင်းတွေတွေ့တိုင်း ကျွန်တော့်ကို လှောင်တယ်။ မင်းကွာ နိုင်ငံခြားက ပြန်လာပြီး အတိတ်မေ့သွားပြီလား။  မြန်မာပြည်က ကောင်တွေကို ဘာမှတ်နေသလဲ။ သတ်မသွားတာ ကံကောင်းတဲ့။ ဒါပေမယ့် သူက ဒီလို ရက်စက်တတ်သူ မဟုတ်ဘူးလို့ ကျွန်တော်ယုံချင်နေတုန်းပဲ။မိုးသည်းညတိုင်း ကျွန်တော်သူ့ကို သတိရတယ်။ ကြောက်ရွံ့စရာအဖြစ်အပျက်ကို မဟုတ်ပါဘူး။

 သူ ဘာလို့ ကျွန်တော်နဲ့ မအိပ်ခဲ့တာလဲ။ အိပ်ပြီးမှ သူလိုချင်တာ ယူလို့ ရတာပဲ မဟုတ်လား။ ကျွန်တော်က သူ့အကြိုက် မဟုတ်လို့လား။ သူလည်း gayပဲဆိုတာ ကျွန်တော်သိတယ်။ ယောက်ျားချင်းကြိုက်တဲ့လောကမှာ အရိုးများသလေး၊ ချေးခါးသလေးလို့ မရွေးကြပါဘဲ။ ဘာလို့လဲလို့ ကျွန်တော်မေးချင်တယ်။ သူနဲ့ ထပ်တွေ့ရမယ်လို့ မျှော်လင့်ယုံကြည်နေတုန်းပဲ။ ။

မယ့်ကိုး

9 comments:

Anonymous said...

ဝိုးးးးးး
အဖြစ်အပျက်ကလေးတစ်ခုကို ပြန်အပြောနဲ့တင် စိတ်ကို..နောက် ကာရိုက်တာကို သရုပ်ဖော်သွားတာ သိပ်မိုက်တယ်
အင်းလေ မယ် ပဲဟာ :))

သူသူ

မိုးငွေ့........ said...

မြန်မာပြည်မှာ အထုးသဖြင့်ရန်ကုန်မှာ Gay တွေအရမ်းပေါများလာ ပွင့်လင်းလာတဲ့အချိန်မှာ ညီမရေးတဲ့ဇာတ်တွေက တကယ်ပည်ာရပါတယ်...။

ဟန်ကြည် said...

ဖြစ်တတ်တဲ့ သဘာဝကို ရေးထားပေမယ့် စာသားပြေပြစ်မှု ဖွဲ့စည်းပုံ စနစ်ကျမှုကြောင့် အဆုံးအထိ ဆွဲခေါ်သွားနိုင်တာ ချီးကျူးပါတယ်...

လသာည said...

Maeကတော့ တကယ့် ပါရမီရှင်ပါ။ ဘယ်အကြောင်းကိုပဲ ရေးရေး ဖတ်လိုက်၇င် ရင်ထဲကျန်ခဲ့တာချည်းပဲ..။

အမြဲ စောင့်ဖတ်နေမှာ..။

ငြိမ်းစိုးဦး said...

ရမ္မက်နဲ့ ရောဂါတို့ ထွေပြား များပြားလာတဲ့ခေတ်ကို ပုံဖော်လိုက်တာ ...

ရိုးမြေကျ said...

ရင်တထိတ်ထိတ်နဲ့ ဖတ်လာတာ အဆုံးသတ်ကို အဲလိုဖြစ်မယ် ထင်မထားဘူး။ ကြိုက်တယ် မယ့်။ အားပေးနေမယ်အမြဲ

သိ င်္ဂါ ရ said...

လူတွေ အပေါ် ယုံလွယ်တဲ့ စိတ် ...

မင်းနေဝေး said...

မောလိုက်တာဗျာ

mabaydar said...

အစ်မ သရုပ်ဖော်ရေးတာရဲ့ တစ်ဝက်လောက် သရုပ်ဖော်တတ်ချင်လိုက်တာ... တိုတိုလေးနဲ့ ထိထိမိမိလေးရေးတာကို သဘောကျတယ်...