09 October 2013

ရေခဲမြစ်

နှုတ်မဆက်ဘဲ ထွက်သွားသူ့ကို ကြာမြင့်စွာ ငေးကြည့်နေမိသည်။ ပြန်မလာတော့မှန်းသိပေမယ့် လည်ပြန်လှည့်ကြည့်လေမလားဟု မျှော်လင်မိပြန်သည်။ ဝမ်းနည်းသော်လည်း ပြောပြီးစကားကို ပြန်မရုပ်သိမ်းချင်။ ဒါပေမယ့် နေလို့ မကောင်းပါချေ။  ရင်ထဲတစ်ဆို့ကာ အသက်ရှုခက်လှသည်။ အစာကြေဆေး စားသည်။ ဘာဆေးသောက်လို့မှ မပျောက်ပေ။ လှဲလျောင်းကာ သက်သာအောင်နေသည်။ နေမသာပါချေ။ ခြေလက်ညောင်းညာကာ ထိုင်မသာပါလေ။ ဇက်ကြောတက်ကာ အန်ချင်သလို ဖြစ်သည်။ ချက်ချင်းပင် ချောင်းဆိုးပြန်ကာ ကိုယ်ခံအားနည်းလေသည်။

ဘယ်လောက်ပင် နေမကောင်းပါလည်း ရင်ထဲတင်းကျပ်နေမှုဝေဒနာကို အဖြေမရှာရဲချေ။ သူ နှုတ်မဆက်ဘဲ ထွက်ခွာသွားခြင်းက အကြောင်းရင်းဖြစ်မှာ စိုးသည်။ မိန်းမများသည် နားလည်ရခက်သော သတ္တဝါတွေဟု ယောက်ျားတွေက ဆိုကြသည်။ သူမလည်း ထိုအဆိုကို ထောက်ခံချင်ခဲ့သည်။ လူသည် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်ပင် နားမလည်ချင်လို့ လှည့်စားတတ်သော သတ္တဝါဆိုတာ လုံးလုံးလျားလျား မေ့လျော့နေခဲ့သည် ။

အတိတ်အခါကတော့ဖြင့်  ယောက်ျားလေးတစ်ယောက်က ချစ်စကားပြောသောအခါ တစ်ခါတော့ငြင်းမယ်လို့ စိတ်ဆုံးဖြတ်ထားသော မိန်းကလေးများကို  မနှစ်သက်တတ်ချေ။ အနိုင်ကျင့်လိုသော သဘောဟု မှတ်ယူသည်။ စဉ်းစားပါရစေဦးလို့ဆိုသော မိန်းကလေးများကိုလည်း အမြင်မကြည်ပေ။ မူပိုကာ မရိုးသားသော အပြုအမူလို့ လက်ခံခဲ့သည်။ ချစ်မိခြင်းမှာ သေချာခိုင်မာနေသော ခံစားမှုမဟုတ်ပါလား။ စဉ်းစားမယ်ဆိုလျှင် အချစ်ထက် တခြားသောအရာတွေသာ ဖြစ်လိမ့်မည် ထင်သည်။

ကိုယ့်ခံစားချက်ကို ရှင်းလင်းပွင့်လင်းခဲ့မှုအတွက် သူမ အမြဲတစေဂုဏ်ယူခဲ့သည်။ထိုသို့ပြုမူနိုင်ခဲ့ခြင်းမှာ ထိုသူများနှင့်ပတ်သက်ပြီး သူမမှာ ခံစားချက်မရှိသောကြောင့်သာ ဖြစ်လိမ့်မည်။ သူတို့အပေါ်မှာ သူမမှာ အချစ်မရှိသလို သူမကို ဆက်လက်ချစ်စေလိုသော မျှော်လင့်ချက်လည်း မရှိချေ။ သူမလည်း လွတ်လပ်သလို သူတို့ကိုလည်း လွတ်လပ်သူများဖြစ်စေချင်ခဲ့သည်။ ယခုတော့ သူနှင့် ပတ်သက်ပြီး အခု သူမ မဖြောင့်မှန်တော့ပြီလား။ သူ့ကို ချစ်လားဆိုတဲ့ အခြေအနေထက် သူ ငါ့ကို ချစ်ရဲ့လားလို့ စမ်းသပ်လိုခဲ့သည်။ ချစ်တဲ့သူဟာ မဖြစ်စလောက်တားဆီးမှုကို အလေးထားမှာ မဟုတ်ဘူးဟု ထင်ချင်သည်။ နော်ဝေတောအုပ်ဆိုတဲ့ စာအုပ်ထဲက မိန်းကလေး မိဒိုးရိကို သတိရသည်။


ထိုမိန်းကလေးသည် အချစ်ကို အမြဲဆာလောင်နေသည့် မိန်းကလေးဖြစ်သည်။ မိုဒိုးရိကလေးသည် မိဘတွေဆီက အချစ်ကို အလုံအလောက်မရခဲ့ပေ။ ထို့ကြောင့် မူလတန်းအရွယ်တန်းက တစ်နှစ်မှာ ၃၆၅ ရက် သူမကို အကြွင်းမဲ့ချစ်မယ့်သူကို ရှာမယ်လို့ စိတ်ဆုံးဖြတ်ခဲ့သူလေး ဖြစ်သည်။ မိဒိုးရိရှာဖွေခဲ့သော အချစ်က ထူးဆန်းသည်။ မိဒိုးရိကိုယ်တိုင်လည်း တကိုယ်ကောင်းဆန်မှုကို ရှာဖွေတယ်ဟုလည်း ပြောခဲ့သည်။

 မိဒိုးရိက စတော်ဘယ်ရီ ဘီစကစ်ကြွပ်ကြွပ်ရွရွစားချင်တယ်ဆိုရင် မိဒိုးရိကို ချစ်သူက လုပ်နေသမျှကို ပစ်ထားပြီး သွားဝယ်ပေးတဲ့သူ ဖြစ်ရမယ်။ ပြီးတော့ မောလွန်းလို့ အသက်ရှုရပ်မတတ်ဖြစ်နေလည်း ဒူးထောက်ပြီး မိဒိုးရိကို စတော်ဘယ်ရိဘီစကစ်မွမွလေး လှမ်းပေးမယ့်သူ ဖြစ်ရမယ်တဲ့။ ဒါပေမယ့် မိဒိုးရိက မလိုချင်တော့ဘူးဆိုကာ ပြတင်းပေါက်က လွှင့်ပစ်မယ်။ အဲဒီလို လုပ်တဲ့အခါ မိဒိုးရိကို တောင်းပန်တဲ့သူကို လိုချင်ပါသတဲ့။ 

 မိဒိုးရိကို ချစ်သူက ‘အခု ကိုယ်နားလည်ပြီ။ မိဒိုးရိ၊ ကိုယ်က ဘယ်လောက်မိုက်လိုက်ပါသလဲ။ မင်းက စတော်ဘယ်ရီဘီစကစ်ကို စားချင်တဲ့ အာသီသကုန်သွားလိမ့်မယ်ဆိုတာ ကိုယ်သိသင့်တယ်။ ကိုယ့်မှာ မြည်းလို ဦးနှောက်နဲ့ အသိတရားသာ ရှိတာပဲ။ မင်းကို ဘယ်အစားထိုးပေးရမလဲ။ ချောကလက် အချိုပွဲ လိုချင်သလား။ ဒိန်ခဲကိတ်မုန့်လိုချင်သလား’လို့ မေးသူဖြစ်ရမတဲ့။ ထိုအခါမှ မိဒိုးရိက သူမပြုမူခဲ့သမျှအတွက် ထိုက်တန်တဲ့ သူမရဲ့အချစ်အားလုံးကို ပေးမယ်တဲ့။ 

ထိုစာကို ဖတ်ခဲ့စဉ်က မိဒိုးရိကို မနှစ်မျို့ဖြစ်ခဲ့သည်။ ဘယ်လောက် တကိုယ်ကောင်းဆန်လိုက်တဲ့ မိန်းကလေးပါလဲလို့ တအံ့တသြဖြစ်ခဲ့သည်။ အခုတော့ သူမတစ်ယောက် မိဒိုးရိကို ကိုယ်ချင်းစာတတ်ပြီ ဖြစ်သည်။ သူမနှင့် မိဒိုးရိမှာ ဘယ်သူက တကိုယ်ကောင်းပိုဆန်သနည်း။ စဉ်းစားလို့ မရနိုင်အောင် ဖြစ်ပေမယ့် ကိုယ့်အပြစ်လွတ်အောင်တော့ တွေးချင်သည်။

သူလှည့်မကြည့်ဘဲ ကျောခိုင်းသွားတာက တကယ်မချစ်လို့ မဟုတ်လား။ ငြင်းလိုက်တာ မှန်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ်အယုံသွင်းသည်။ ထိုမှပဲ စိတ်သက်သာရငြိမ်းချမ်းမှာ မဟုတ်လား။ သေချာတာက မိဒိုးရိလိုပင် အချစ်ကို ပြည့်ပြည့်စုံစုံမရဖူးသူမို့ သံသယကြီးတာ ဖြစ်မည်။ ဒါပေမယ့် သံသယအကျိုးကို ခံစားရသူက သူမ ဖြစ်သည်။ 

ဆရာဝန်ပေးသော အိပ်ဆေးများ၊ ပဋ္ဋိဇီဝဆေးများကို သောက်ကာ အနားယူနေရသည်။ ရင်ထဲမကောင်းရှိလှတာကို ရာသီအပြောင်းအလဲမို့ ကိုယ်လက်မအီသာတာပဲ ဆိုကာသာ ဖြေသိမ့်လေသည်။ သူကလည်း သူမကို မချစ်သလို၊ သူမကလည်း သူ့ကို မချစ်ပါဘူးလို့ ယုံချင်သည်။  ခဏတာစိတ်ယိမ်းယိုင်သွားတာပါဟု အဖြေရှာချင်သည်။ အထီးကျန်လွန်းလို့ စိတ်အားငယ်မိတယ်ထင်ပါ့ဟု ကိုယ့်ကိုယ်ကိုယ်ကြိမ်းမောင်းချင်သည်။

မနက်ဖြန်ရဲ့ မနက်ဖြန်တွေမှာ သက်သာသွားမည်။ ခေါင်းမာသော သူမက ထိုသို့ပင် မျှော်လင့်ပြန်လေသည်။

မယ့်ကိုး

10 comments:

Anonymous said...

ပတ်သက်လို့ စာလုံးပေါင်းပါတယ်

မယ့်ကိုး said...

ဟုတ်ကဲ့။ စာလုံးပေါင်းပြင်လိုက်ပါပြီ။ ကျေးဇူးပါရှင်။

Anonymous said...

ပတ်သက်က သုံးနေရာမှာ သုံးထားတာ။ တနေရာပဲပြင်သွားတယ်

မယ့်ကိုး said...

ဟုတ်ကဲ့။ ပတ်သက် သုံးနေရာ ကျွန်မတောင် ခက်ခက်ခဲခဲပြန်ရှာလိုက်ရပါတယ်။ စေတနာထားတဲ့အပြင်တကယ်တော်ပါတယ်။ ကျေးဇူးအထူးပါရှင်။

ဆွေလေးမွန် said...

"အချစ်ကို ပြည့်ပြည့်စုံစုံမရဖူးသူမို့ သံသယကြီးတာ ဖြစ်မည်။ ဒါပေမယ့် သံသယအကျိုးကို ခံစားရသူက သူမ ဖြစ်မည်"

ဖတ်ပြီးတော့ ကိုယ့်ကိုများလက်ညှိုးထိုးပြောနေသလားထင်ရတယ်။ :):) :)

ရင်လှိုင်း said...

ရေခဲမြစ် တွေ ကို နားလည်ပေးနိုင်သွားပြီ။

Anonymous said...

ဘာပဲဖြစ်ဖြစ်... တကယ်ချစ်မိတဲ့သူက အရှုံးပိုများတတ်တာ အမှန်ပါပဲ မယ်ရယ်...။
ရေးထားတာလေး သဘောတကျနဲ့ ဖတ်သွားတယ်...။

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

May Oo Khaing said...

sis ရေးခဲ့သမျှတွေထဲမှာ "လူယောင်ဆောင်သူများ"ကို အကြိုက်ဆုံးပဲ.. နောက်ဆက်တွဲပို့(စ်)အနေနဲ့ "သက်သေမဲ့အမှု"ထွက်လာတော့လည်း ကြိုက်တယ်။ ဒါပေတဲ့.. ခုတော့ အကြိုက်ဆုံးစာ ပြောင်းသွားပြီ။ ခုတော့ " ရေခဲမြစ်"ကို အကြိုက်ဆုံးပဲ။ FB မှာ notes လုပ်ခွင့် ပြုမလား sis.. ခွင့်ပြုဖို့အဆင်မပြေလည်း ရပါတယ်။ I can understand :)))

ရိုးမြေကျ said...

တချို့ မိန်းကလေးတွေက အဲလိုလုပ်တတ်ကြတာလား။ မိန်းကလေးတော်တော်များများရဲ့ စိတ်ကနားလည်ရခက်တယ်နော်မမ

Anonymous said...

မနက်ဖြန်ရဲ့မနက်ဖြန်ကိုမျှော်လင့်နေသည်