17 October 2013

‘အထင်လွဲမိုး’

အသက် ၁၆ နှစ်ရှိသော မောင်ဝမ်းကွဲကို လွန်ခဲ့တဲ့နှစ်ကမှ  စတင် ကြုံဆုံဖူးခြင်းဖြစ်သည်။ တွေ့တွေ့ချင်းပင် မသင်္ကာချင်။ ညီမဝမ်းကွဲကို ‘သူက ယောက်ျားလေးကို ကြိုက်တာလား။ မိန်းကလေးကို ကြိုက်တာလား’ လို့ မေးဖြစ်သည်။ ညီမငယ်က ‘ယောက်ျားလေးကို ကြိုက်တယ်ထင်တယ် အစ်မ’ လို့ ဖြေသည်။ ရန်ကုန်တစ်မြို့တည်းနေပေမယ့် ဒီသီတင်းကျွတ်မှ ပြန်တွေ့ဖြစ်ကြသည်။

ဒီတစ်ခါတွေ့တော့ ထိုမောင်လေးမှာ ကျွန်မတို့လာလည်စဉ်မှာပင် အဒေါ်ငယ်ရဲ့ ရှေ့ဆံပင်ကို မှတ်ချက်ပေးလေသည်။ နှစ်ပတ်တစ်ခါ မြင်တွေ့နေရသော အဒေါ်ငယ်ရဲ့ဆံပင် အနည်းငယ်ကောက်ထားခြင်းကို ကျွန်မပင် သတိမထားမိ။ သံသယက ပိုခိုင်မာလာသည်။ ယောက်ျားလေးများသည် မိန်းကလေးများဆံပင်ပုံစံပြောင်းလဲခြင်းကို သတိပြုမိတတ်သော အလေ့မရှိ။ မှတ်ချက်ပေးဖို့ဆိုတာကလည်း ကိုယ့်ရည်းစားကိုသာ မတတ်သာလို့ ပြုကြရတာ မဟုတ်လား။

သူ့အမေကို ‘အန်တီ့သားက ယောက်ျားလေးကို ကြိုက်တာလား။ မိန်းကလေးကို ကြိုက်တာလား။’ဆိုတဲ့ တူညီမေးခွန်းဆိုဖြစ်သည်။ အဒေါ်လတ်က 'ကလေးက ငယ်သေးတာကို မသိပါဘူး သမီးရယ်'လို့ ဖြေသည်။ 'အဲဒါဆို သူဘာလည်း သိသွားအောင် gay club ကို ခေါ်သွားရမလား'လို့ မေးတဲ့အခါ အဒေါ်လတ်က ရယ်ရယ်မောမောပင် 'ရတယ်။ခေါ်သွားလေ'ဟု ဖြေသည်။ အဒေါ်ငယ်ကတော့ သဘောမကျ။ 'ကလေးကို အဲလိုတွေ လျှောက်မပြောရဘူး'ဟု ကျွန်မကို ဆူလေသည်။ အဒေါ်ငယ်မှာ ကျွန်မက အဒေါ်လတ်ကို မကျေနပ်စိတ်ရှိတာသိသဖြင့် ကလေးအပေါ် သဘောဆိုးထားသည်ဟု ထင်မြင်ပုံရသည်။

ကျွန်မမှာ မျက်နှာစူပုတ်နေတတ်သော်လည်း ထိုမျှစိတ်မပုပ်ပါ။ ကိုရီးယားဇာတ်လမ်းတွဲထဲကလို မိဘမကောင်းသည်ကို အမျက်ထားပြီး သားသမီးအပေါ် ကလဲ့စားချေလိုသောစိတ်မရှိပါ။ သူ့ရဲ့လိင်စိတ်သဘာဝကို နားမလည်ဘဲ စိတ်ရှုပ်ထွေးပင်ပန်းနေမည်ကိုစိုးရိမ်ကာ ကူညီလိုသော သဘောမျှသာ ရှိလေသည်။ အဒေါ်ငယ်က မောင်ငယ်ကို ‘သား၊ နွဲ့တဲ့တဲ့ မနေနဲ့။ ကျားကျားယားယားနေ’ ဟု ပြောနေသည်။ စေတနာက ဝေဒနာဖြစ်ရသောအခါ ဝမ်းနည်းကြေကွဲရသည်။ ကျွန်မ ပြောလိုက်မှ ထိုကလေးမှာ ဖိအားဖြစ်သွားသလားဟု စိတ်မကောင်းဖြစ်သည်။

ဖြစ်သမျှအကြောင်းမှာ အမှတ်သည်းခြေနည်းသော ကျွန်မအပြစ်သာ ဖြစ်တော့သည်။ ထိုဂေးအမှုဖြင့် ပြဿနာတက်ပေါင်းလည်း များလှပြီဖြစ်သည်။ မိတ်ဆွေတစ်ယောက်ကို ဂေးဘုန်းကြီးတွေ့ဖူးလား မေးရာ ဘုန်းကြီးမှာ ဂေးဆိုလျှင် ဘုန်းကြီးမဝတ်လို့ ပြောကာ မခေါ်နိုင်၊မပြောနိုင် စိတ်ဆိုးလေသည်။ မတတ်နိုင်။ လောကမှာ မဖြစ်နိုင်သောအရာ မရှိလို့ဆိုတော့ သံသယရှိနေဆဲဖြစ်သည်။

ထိုတတိယလိင်တွေကို ဘာကြောင့်ဒီလောက်စိတ်ဝင်စားနေလဲလို့ မေးပါလျှင် မြန်မာပြည်သားများ လူ့အခွင့်အရေးအတွက် တောင်းဆိုသလို တတိယလိင်တွေအတွက်လည်း လူ့အခွင့်အရေး၊သာတူညီမျှဖြစ်မှုကို လိုလားသူသာ ဖြစ်လေသည်။ ဘယ်သူမျှလည်း နားလည်နိုင်ဦးမည် မထင်။ဘာပဲဖြစ်ဖြစ် ပြန်ကာနီးတော့ youtube မှ ဗီဒီယိုပြကာ လိင်တူချစ်သူဆိုတာ သဘာဝအတိုင်းသာဖြစ်တည်လာကြောင်း၊ လူကအစ တခြားတိရစ္တာန်တွေမှာပင် ဖြစ်လေ့ဖြစ်ထရှိသော ဓမ္မတာဖြစ်ကြောင်း၊  ပြောင်းလဲပြုပြင်ကုသရမယ့် ရောဂါမဟုတ်ဘဲ  သဘာဝအခြေအနေသာ ဖြစ်ကြောင်း၊ ရှက်ရွံ့အားငယ်ဖုံးကွယ်စရာ မလိုကြောင်း၊  စသည်ဖြင့် သိသလောက်တော့ ပြောခဲ့သည်။ မောင်လေးနဲ့အတူ ညီမငယ်က စိတ်ဝင်တစားတော့ နားထောင်ကြသည်။




ထိုသို့ ဆွေးနွေးနားလည်မှုပေးရုံမျှသာ တတ်နိုင်လေသည်။ ထို့ထက်ပိုပြီး များစွာကူညီချင်ပါသော်လည်း ဘာမှမတတ်နိုင်သော နေရာမှာ ရှိနေသူသာ ဖြစ်လေသည်။

မယ့်ကိုး

4 comments:

Anonymous said...

ဘာသာရေးမှာတော့ ပန်ဒုတ် (အသံထွက်ကိုရေးလိုက်သည်) လို့ ပါဌိလိုခေါ်တယ်
အတိတ်ဘဝကံကြောင့် ဖြစ်ကြရတယ်လို့ဖတ်မှတ်ဖူးတယ် မယ်ကိုးရေ....
ဥပမာ- သူများသားမယားပြစ်မှားမိသူ ၊သူ့အသက်သတ်သူနဲ့ အကောင်ဘလောင်တွေကို သင်းကွပ်သူတို့လို့မှတ်သားဖူးတယ်။ ဒါကြောင့် ထိုသူတို့နဲ့ ပတ်သက်နွယ်ယှက်သူကို လူကြီးတွေက ပါရမီဖြည့်သူလို့ ရွဲ့ ခေါ်ကြသေးတယ်။



မောင်ဘကြိုင်

ရိုးမြေကျ said...

လိင်တူချစ်တာ အပြစ်မမြင်တဲ့အထဲ မမရယ် ဆရာဆူဒိုနင်ရယ်ကို မှတ်တမ်းတင်ရမယ်။ တော်တော်များများက လိင်တူ ချစ်တာကို အပြစ်တင်ကြတယ်။ ကဲ့ရဲ့ ရှုံ့ချကြတယ်။

mae said...

အမ အခင်ဆုံး ယောက်ျားလေးသူငယ်ချင်းက gay ပါ. သူကတော့ နွဲ့တဲ့ပုံမျိုးမဟုတ်ဘူး.. ယောက်ျားလေးချင်း စိတ်ဝင်စားရုံပဲ..

မောင်ဝမ်းကွဲလေးတယောက်ကတော့ နွဲ့တယ်.. မိန်းကလေးလို အငယ်တွေကို စောင့်ရှောက်တတ်တယ်.. ငယ်သေးတော့ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး..

တခါတလေတော့လဲ သူတို့ကို ဘာမှ မပြောပဲ သူတို့ဘက်က ပြောလာတဲ့ အချိန်ထိ စောင့်တာ ကောင်းမယ်ထင်ပါတယ်.. ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်က စာနာတယ်.. သူတို့ကို အရှိအတိုင်းလက်ခံတယ်ဆိုတာ သိရင် သူတို့ စိတ်ချမ်းသာမှာပါ

လသာည said...

သူများနိုင်ငံတွေတော့ ယောင်္ကျာချင်း အိမ်ထောင်ပြု၊ ကလေးမွေးစားပြီး မိသားစု တည်ထောင်နေကြတာ ကြားရဖတ်ရပေမယ့် မြန်မာနိုင်ငံတော့ တတိယလိင်ကို လက်ခံသူ နည်းသေးတယ်ထင်ပါတယ် ညီမလေးရယ်