03 October 2013

သက်သေမဲ့အမှု


အရင်ခေတ်က အင်္ဂလန်မှာ ခွေးမွေးရင် မှတ်ပုံတင်လုပ်ရပေမယ့် ကြောင်မွေးရင် မှတ်ပုံတင်စရာမလိုဘူးလို့ ဖတ်ခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲ။ ကြောင်တွေဟာ ဘာချည်နှောင်မှုမှ မလိုအပ်လို့လား။  ဒါကြောင့် ကျွန်မဟာ ကြောင်ကို ခင်ပွန်းလုပ်ပြီး နေသင့်ရဲ့လား။ ကိုက ကျွန်မကို ဖုံးကွယ်ဟန်ဆောင်ခဲ့တယ်။ လှည့်ဖျားချစ်ယောင်ဆောင်ခဲ့တယ်။ အခွင့်အရေးယူမင်းမူပြီး သစ္စာမတည် ထားရစ်ခဲ့ဖူးတယ်။ ဘာလုပ်သင့်လဲလို့ သူငယ်ချင်းကိုမေးတော့ သူမက ‘ကြောင်သားကြော်ပြီး အောင်သေအောင်သား စားသင့်တယ်’ တဲ့။

ဒီအဖြေစကားဟာ နေ့နေ့ညည ကျွန်မကို ထိတ်လန့်စေခဲ့။ ကျွန်မရဲ့ အိမ်ထောင်ရေးဟာ မှောင်တိဖြစ်သွားပြီလေ။ ကိုက အသိုက်အမြုံမလို၊ လွတ်လပ်တဲ့ ကြောင်သာ ဖြစ်တယ်လေ။ ပြီးတော့ ကိုးကွယ်ခံရဖူးတဲ့ ကြောင်လည်း ဖြစ်ရဲ့။ ရှေးခေတ်အီဂျစ်တွေက နံရံတွေထက်မှာ ကြောင်ပုံတွေကို ရေးပြီး ကိုးကွယ်ခဲ့ကြသတဲ့။ ကျွန်မကလည်း ကို့ကိုသာ မက၊ ကိုယ့်ကို မချစ်တဲ့ကြောင်ရဲ့ ချစ်ဟန်ဆောင်နေတဲ့ဓာတ်ပုံတွေကို နံရံမှာ ချိတ်ဆွဲပြီး ကိုးကွယ်နေခဲ့မိတာပဲ။ ဘယ်လောက် ရှက်စရာကောင်းလိုက်ပါသလဲ။

ကျွန်မက ကို့ကို မသိမသာစောင့်ကြည့်နေတယ်။ ကိုကတော့ ကြောင်တွေရဲ့ ပင်ကိုဟန်အတိုင်း ကျွန်မဘာတွေပဲလုပ်လုပ် ကျွန်မကို အလေးမထားဘဲ လှပခန့်ထည် ဣနြေ္ဒတင့်တယ်စွာပဲ နဂိုအတိုင်းနေထိုင်ပြုမူဆဲ။ ကို့ရဲ့ အေးဆေးသက်တောင့်သက်သာ အနားယူလှုပ်ရှားနေပုံတွေက ကြင်နာယုယဖွယ် ချစ်စရာကောင်းလွန်းလို့ သူ့အပြစ်တွေကိုတောင် မေ့မိမတတ်ရယ်။


တစ်ခါတစ်လေတော့လည်း  ကြည့်နေရင်းမှာပင်  Alice's Adventures in Wonderland စာအုပ်ထဲက ချက်ရှာကြောင်(Cheshire cat)လိုပဲ ကိုက ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတတ်တယ်။ ချက်ရှာကြောင်လိုပဲ  ကို့မှာ ကိုယ်ပျောက်စွမ်းအင်ရှိလေသလား။ "Grinning like a Cheshire cat"  ချက်ရှာကြောင်လို ပြုံးဖြီးဖြီးဆိုတဲ့ ဥပမာအလင်္ကာကို ကြားဖူးကြမှာပါ။ ချက်ရှားဒေသက ကြောင်တွေက နွားနို့နဲ့မလိုင်တွေ အလျှံပယ်ရလို့ ပြုံးပျော်နေတဲ့ သဘောမျိုးပေါ်လာတဲ့ ဝေါဟာရလေ။ ဒါပေမယ့် စာအုပ်ထဲမှာသာမက အပြင်မှာပါ ကျီစယ်ဟန် ပြုံးဖြဲဖြဲကြီးက ကြောက်စရာကောင်းလှတယ် မဟုတ်ပါလား။ ကိုက ကျွန်မကို ပြုံးပြတိုင်း သရော်လှောင်ပြောင်နေတယ်လို့ ခံစားမိခဲ့။


တိုင်းတပါးသားတွေက ခွေးတွေကို တယုတယမွေးမြူပြီး လူတွေက ကြောင်တွေကို စွန့်ပစ်တတ်တယ်။ သူတို့က ကြောင်တွေကို မွေးစဉ်တည်းက စွန့်ပစ်ခဲ့တာလား။ အသက်ကြီးရင့်မှ စွန့်ပစ်လို့ ဖြစ်နိုင်ပါ့မလား။ သူတို့ရဲ့စွန့်ပစ်ခြင်းက ကြောင်တွေကို မောင်းထုတ်အဝေးပို့လိုက်ခြင်းလား။ ဒါပေမယ့် ကြောင်တွေက အိမ်ပြန်လာတတ်တယ်။ သခင်ကို မတွယ်တာပေမယ့် အိမ်ကိုတော့ ခုံမင်လွန်းလှတဲ့ ကြောင်အများစုပေါ့။ ကျွန်မ ကို့ကို စွန့်ပစ်သင့်လားလို့ ကြံစည်နေခဲ့ပါတယ်။

ကို့ကို အိမ်က မောင်းထုတ်ရမလား။ ကျွန်မကပဲ အိမ်ပေါ်က ဆင်းသွားရမလား။ ပထမဆုံး ကျွန်မ ထွက်သွားဖို့ စီစဉ်မိရဲ့။ အမေ့အိမ်ခဏပြန်လိုက်ဦးမယ်လို့ ပြောပြီး ခရီးဆောင်အိတ်ဆွဲကာ ကျောခိုင်းလာခဲ့တယ်။ လူတွေခွဲခွာသွားတာကို အရေးမထားတတ်တဲ့ ကြောင်ပီပီ ကိုက ကျွန်မကို ခေါင်းငဲ့လို့သာ  နှုတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့် တစ်လလောက်အကြာမှာ စားရေးသောက်ရေးခက်ခဲနေပြီဖြစ်တဲ့ကိုက ဘယ်တော့ပြန်လာမှာလဲလို့  မေးမြန်းစူးစမ်းလာခဲ့။ ကိုနဲ့ အတူမနေတော့ဘူး။ ကျွန်မတို့ဇာတ်လမ်း ပြီးပြီလို့ ဖြေရမလား။ ကျွန်မတို့ဆီကို လာလည်ပါဦးလို့ ကို့ကို ဖိတ်ခေါ်လိုက်မိပါတယ်။ အထပ်၁၂လွှာ အမြင့်မှာရှိတဲ့ ကျွန်မတို့တိုက်ခန်းကို လာလည်တဲ့အခါ ရှုခင်းကောင်းကောင်း ၊လေတဖြူးဖြူး၊ ရန်ကုန်မြို့ကို အထက်စီးကမြင်ရတာမို့ နေရာဒေသကို ကို သဘောကျနေလေရဲ့။ သူရပ်ကြည့်နေတဲ့ လသာဆောင်က ကျွန်မ တွန်းမချခင်အထိရယ်။

လူသတ်မှုနဲ့ ကျွန်မ အဖမ်းခံလိုက်ရတယ်လေ။ ကျွန်မက လူသတ်မှုမဟုတ်ဘူး။ ကြောင်ကို တွန်းချမှုပါလို့ တရားရုံးမှာ လျှောက်ထားခဲ့ပါသေးတယ်။ လေ့လာချက်တွေအရ ၂လွှာမှ ၆လွှာအမြင့်က ပြုတ်ကျပြီး သေဆုံးတဲ့ကြောင်အရေအတွက်က ၆လွှာမှ၃၂လွှာကြားအမြင့်က ကျတဲ့ကြောင်တွေထက် သေဆုံးမှုပိုများတယ်လို့ ဆိုတယ်။အထပ်မြင့်ကကျလာတဲ့ကြောင်တွေဟာ သူကျချင်တဲ့ ကိုယ်ဟန်အနေအထားကို ပြင်ဆင်နိုင်လို့ပါတဲ့။

သူတို့အတွက် အသက်သာဆုံး၊ ထိခိုက်မှုအအနည်းဆုံး ကိုယ်ဟန်ကတော့ ခြေလေးချောင်ထောက်ကျမယ့် လှုပ်ရှားမှုသဏ္ဍာန်ကို ရယူလို့ပေါ့။ အမြင့်မှ ကျလာတဲ့အခါ ကြောင်ရဲ့ဝမ်းဗိုက်ဘက်အခြမ်းကို လေထီးလို ဖြန့်ကားထားတတ်ကြတယ်တဲ့။ ကြောင်ရဲ့ အသားအရေကလည်း ပျော့ပြောင်းတဲ့အတွက် လေအဟုန်မှာ အလွယ်တကူပြန့်ကားနိုင်ကြတဲ့အတွက် လေရဲ့ပွတ်တိုက်မှုအားနဲ့ ကျဆင်းတဲ့အရှိန်ကို တားဆီးထားနိုင်တယ်။

ကျလာတဲ့အရှိန်ကို အတတ်နိုင်ဆုံး ထိန်းထားနိုင်ပြီး မြေကြီးနဲ့ဆောင့်မိမဲ့ ပွတ်တိုက်မှုကို လျှော့ချပေးနိုင်တယ်။ အဲဒါကြောင့် အောက်ကိုကျလာတဲ့အခါမှာ အရှိန်မပြင်းတော့ဘဲ ပျော့ပြောင်းတဲ့ကိုယ်နေဟန်ကြောင့် အထိနာသက်သာစေတယ်တဲ့။ ပြင်းထန်ဒဏ်ရာကင်းပြီး ကိုယ်ဖော့သိုင်းပညာရှင်လို မြေပြင်ပေါ်ဆင်းသက်နိုင်မှုပေါ့။ ကြောင်ကျ ကျတယ်လို့ လူတွေက ဆိုကြတယ် မဟုတ်လား။

ကျွန်မသာ ကို့ကို သတ်ဖို့ ရည်ရွယ်ရင်းရှိရင် လူမသိအောင် အိမ်မှာတင် သတ်နည်းမျိုးစုံနဲ့သတ်နိုင်တာပဲ။ အိမ်အမြင့် ၃ လွှာကနေတွန်းချချင်လည်း တွန်းချမိမယ်။ ကို့ကို မသေစေချင်လို့သာ ၁၂လွှာ တိုက်ခန်းကနေ တွန်းချခဲ့တာ။ ကိုက ကြောင်ဖြစ်ကြောင်း လူသိရှင်ကြား သက်သေပြခဲ့တာပါ။ 
 
လူတွေက ကျွန်မကို မယုံကြည်ကြပါဘူး။ ဆေးရုံပေါ်က ကိုကလည်း အမှန်စကားမဆိုဘဲ လူထုမေတ္တာခံယူရင်း ကျွန်မရဲ့သေမိန့်ကို စောင့်နေဆဲလေ။ ။


မယ့်ကိုး

လူယောင်ဆောင်သူများ  ရဲ့အဆက်ဖြစ်ပါတယ်။

8 comments:

လင်းဒီပ said...

ကြောင် သနားပါတယ်... :)

လသာည said...

စဖတ်မိထဲက လူယောင်ဆောင်သူ ပိုစ်နဲ့ ဆက်စပ်နေတယ်ထင်ပါရဲ့လို့ တွေးမိသား..။

ကြောင်တွေရဲ့ ပင်ကိုယ်ဟန်အတိုင်း လှပခန့်ထည်စွာ နေထိုင်ပြုမှုဆဲ...

ရေးတတ်လိုက်တာ ညီမလေးရယ်

Vista said...

အိမ်မှာလာနေတဲ့ကြောင်က အမမို့ တော်သေး ..

မိုးချိုသင်း said...

မယ်..ကြောင်လေးတွေကို စွပ်စွဲတာ တဖက်သတ်ဆန် ပြင်းထန်လှချည့်..
နောက်ပြီး ကြောင်ကို သေကြောင်းကြံတာကို သူတို့ဗိုက်ကလေး လေထီးလို ကားနိုင်လို့ လုပ်မိတာပါ ဆိုပြန်တယ်။
ငိုဘီ..

သိ င်္ဂါ ရ said...

သစ္စာရှိတဲ့ ခွေးတွေ အကြောင်း ဖတ်ဖူးတယ် ။

ဆရာ သိပ္ပံမောင်ဝ ရဲ့ မောင်လူအေး စာစုတွေ ထဲ က ...

သစ္စာရှိတဲ့ ချင်းခွေးတစ်ကောင် အကြောင်း ကို

သတိရမိတယ် ။ ကြောင်တွေ က တော့ ... လက်သာရာ

နေတတ်တဲ့ အမျိုး တဲ့ ၊ နောက် မစင် ကို မမြင်အောင်

သဲ နဲ့ ပြန်ဖုံးထားတတ်တာ တို့ ၊ ပြာသို ဆို သူတို့ အသံ

ကျယ်ကျယ်လောင်လောင်တွေ နဲ့ နားညည်းရတာ တို့ နဲ့

အစုံပါပဲ ။ လုံးဝ သဘောမကျတတ်ဘူး ။

ကြောင်လို လူတွေ ဆိုရင်တော့ ... ပိုဆိုးပေါ့ဗျာ ...



ချစ်ခြင်းအားဖြင့် ...

သိ င်္ဂါ ရ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဖတ်သွားတယ် မယ်ကိုးရေ
ကြောင်ထက် ခွေးကိုပိုမွေးချင်တယ်
အိမ်မှာ ကျွေးမွေးထားချင်တယ်

Anonymous said...

ကြောင်အစစ်ကိုတော့ ချစ်တယ်။ လူယောင်ဆောင်ထားတဲ့ ကြောင်ဆိုရင်တော့မုန်းတယ်။

ရိုးမြေကျ said...

တမျိုးလေးပဲ။ သူမတူတဲ့ အတွေးအရေးက သိသာလွန်းလှတယ်မမ။