30 October 2013

အောင်မြင်မှုဆိုတဲ့ အရာ

မိတ်ဆွေတစ်ယောက်က သူကလေးဘဝတန်းက အဖေက သူ့ကို ရိုက်ရင် တုတ်တွေဖွာသွားအောင် ရိုက်တာ၊ ခေါင်းကို နံရံနဲ့ဆောင့်တာ စသည့်ဖြင့် နှိပ်စက်ခံရကြောင်းတွေ ပြောပြပါတယ်။ ကျွန်မက အမေက ဝင်မဆွဲဘူးလားမေးတဲ့အခါ မဆွဲဘူး။ ပြီးတော့ အဖေက ရိုက်ပြီးလို့ မောသွားပြီး အိပ်ရာထဲသွားလှဲနေရင် အမေက ‘သားအဖေက သားကို ရိုက်ပြီး စိတ်မကောင်းဖြစ်နေတယ်။သားအဖေကို သွားချော့လိုက်ပါဦး’ လို့ တိုက်တွန်းပါသတဲ့။ အသက်ရှုမဝအောင် နာကျင်သွားကာ နှလုံးရောဂါရှိသူမဟုတ်ပါဘဲ ဘယ်ဘက်ရင်ဘတ်က အောင့်လာ။

သူနဲ့ဆင်တူသော ကျွန်မရဲ့ ဖြစ်ရပ်ကိုတော့ မိတ်ဆွေကို မပြောပြဖြစ်ပါ။ အဘွားဆုံးပါးသွားတဲ့အခါ အဘွားအိမ်ပြန်တော့ ငယ်ငယ်က နှိပ်စက်ညှင်းပန်းခဲ့တဲ့ ဦးလေးနဲ့ဆုံရလေတာ။ ကျွန်မ ပြန်ခါနီးတော့ အဒေါ်က ဆင်းရဲနွမ်းပါးနေတဲ့ဦးလေးကို ကန်တော့ခိုင်းပါတယ်။ အဘွားရဲ့ အသုဘမှာမို့လို့ ငုံ့လျှိုးသည်းခံနေလျှက် ဒေါသက ထိန်းမရထွက်သွားတာမို့ ‘ အန်တီ၊ သမီးက သူ့ကို ဘာလို့ ကန်တော့ရမှာလဲ။ သူက သမီးကို ငယ်ငယ်တုန်းတည်းက ကြိုးတွေနဲ့ ရိုက် ၊ နာရင်းအုပ်ခဲ့တဲ့ လူလေ’ လို့ ပြောတဲ့အခါ ကိုယ်ချင်းမစာတဲ့အပြင် ‘ မသွားခင် ကန်တော့လိုက်ပါ သမီးရယ်။ အန်တီ မုန့်ဖိုးပေးမယ်’ လို့ အားမနာစွာ ဆိုရဲ့။  နှိပ်စက်ခံရခြင်းကြောင့် စိတ်ဖောက်ပြန်ခြင်းမရှိ၊ ရက်စက်ခံရခြင်းကြောင့် ရူးနှမ်းခြင်းမရှိ ခိုင်မာတဲ့ သတိရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ်သာ ကျေးဇူးတင်ရတော့မှာ။

ပါကစ္စတန်က Humaria ဆိုတဲ့ မိန်းကလေးအကြောင်းကိုလည်း အလျဉ်းသင့်လို့ ဖတ်ခဲ့ရပါတယ်။ ထိုမိန်းကလေးမှာ ဦးလေးနဲ့အတူအိပ်ရသူဖြစ်ရာ အသက် ၁၀ နှစ်အရွယ်မှ စပြီး အမေ့မောင်၊ဦးလေးရဲ့ မတရားပြုကျင့်မှုကို ခံခဲ့ရသူလေးဖြစ်ပါတယ်။ သူမရဲ့ အကြောင်းကို အဒေါ်နဲ့ မိခင်ကို ပြောပြသောအခါ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ နှုတ်ပိတ်တဲ့အပြင် သူမရဲ့ အမေက သူမပြောတာ မယုံဘူးလို့ ငြင်းဆန်ပါသတဲ့။ ပြီးတော့ သူမ အမေက ‘ငါ့မောင်က ဒီလောက် မရမ်းကားဘူး။ နင် တစ်ခုခုအမှားလုပ်ပြီး အခုနင့်ကိုနင်ကာကွယ်ဖို့ သူ့ကို အပြစ်ဖို့နေတာ’ လို့ ပြောလေတာ။



ထိုစကားက အမေ့ကို အမှတ်ရစေခဲ့။ ကျွန်မမှာ ငယ်ငယ်က အနှိပ်စက်ခံရသည့်အကြောင်းများ ပြောမိတဲ့အခါ အမေက ပိုရန်ကောဆိုတဲ့ မျက်နှာအမူအယာနှင့် အတိတ်ကို ရယ်သွေးသွမ်းပစ်တတ်တာ။ သူများအမေတွေ သူတို့ သားသမီးကို ဘယ်လိုနှိပ်စက်တာ။ သူတို့သားသမီးက မိဘကို ဘာမှ ပြန်မပြောဘဲ လိမ္မာလိုက်ကြတာလို့လည်း တရားဟောတတ်ရဲ့။ မိဘကျေးဇူးကို အထူးသိနားလည်လည်း ပါကစ္စတန်သူလေးကတော့ 'တိရစ္ဆာန်တွေလည်း သားသမီးမွေးတာပဲ။ လူတွေက ဘာများထူးခြားနေလို့လဲ။ ကလေးတွေကို မစောင့်ရှောက်နိုင်ရင် မွေးဖို့မသင့်ဘူး’ လို့ ဆိုလေတာ။

ကျွန်မကတော့ အမျိုးသမီးတွေ ကလေးဖျက်ချမှုကို အားပေးသလားလို့ မေးရင် ဇဝေဇဝါဖြစ်ကာ ယနေ့ထက်တိုင် အဖြေမပေးနိုင်ဖြစ်နေဆဲ။ မိခင်တွေက လူသတ်ကောင်ဖြစ်မှာကြောက်ပြီး တခြားလူသားတစ်ယောက်ကို မသေရုံနှိပ်စက်ခံစေဖို့သက်သက်တော့ လူ့လောကထဲ ဆွဲမသွင်းသင့်ဘူးလို့ ယုံကြည်မြဲ။ ဒါပေမယ့် ရှင်သန်ရခြင်းကလည်း သိပ်မဆိုးရွားပါဘူးလို့လည်း အိပ်မက်မက်ချင်ဆဲ။ စွန့်ပစ်ခံရတဲ့ ကလေးတွေ ၊ နှိပ်စက်ညှင်းပန်းခံရတဲ့ ကလေးတွေ ၊ အပြစ်မဲ့တဲ့ ကလေးတွေကို ဘယ်လောက် နက်ရှိုင်းပြင်းထန်တဲ့ ဒဏ်ရာကိုပဲ ပေးပေး သူတို့လက်ခံပြီး ဆက်လက်ရှင်သန်နေကြတယ်လေ။ ပျော်ရွှင်မှုကို ဖမ်းဆုပ်ဖို့ ကြိုးစားကြရင်း၊ နာကျင်မှုတွေကို မေ့ပစ်ကြရင်းပေါ့။

ရှင်သန်မှုဟာ အောင်မြင်မှုလို့ အိမ်ထောင်ရေးဖောက်ပြန်သူ ဘီလ်ကလင်တန်က ဆိုခဲ့တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် နှိပ်စက်ခံရသူကလေးငယ်များ ပြိုလဲပျက်စီးသွားခြင်းမရှိဘဲ အသက်ရှင်ရပ်တည်နေခြင်းကလည်း အောင်မြင်မှုလို့ မှတ်ယူနိုင်လိမ့်မလား။ ။

မယ့်ကိုး 

7 comments:

Anonymous said...

ပျက်စီး

မယ့်ကိုး said...

ဟုတ်ကဲ့။ ပြင်လိုက်ပါပြီ။ ကျေးဇူးပါရှင်။

Anonymous said...

ငယ်ငယ်တုန်းက အဖြစ်တွေက မနာကျင်တော့တဲ့တိုင် အဖြေမသိတဲ့မေးခွန်းတွေက အများသား
ဘာကြောင့်ဆိုတာထက် မေးလိုက်ရင်ဘာဖြစ်မလည်း မေးလို့ကောရရဲ့လားဆိုတဲ့ အဆင့်ကနေတက်မလာခဲ့ဘူး

ရိုးမြေကျ said...

ရှင်သန်ခြင်းက အောင်မြင်မှုတဲ့လားမမ။ အသက်ရှင်ပြီး စိတ်ဓာတ်နာကျင်သူအတွက်တော့ အောင်မြင်မှု ဖြစ်နိုင်ပါ့မလားဟင်

လသာည said...

ရင်ထဲမှာ ထိရှတယ်.

အပြစ်မရှိပဲ ဆူပူကျိန်းမောင်းခံရသူက ကိုယ်ဖြစ်ရရဲ့သားနဲ့ "သွားတောင်းပန်လိုက်နော်၊ သမီးက လူငယ်ပဲ၊ လိမ္မာရဲ့သားနဲ့" လို့ တိုက်တွန်းခံရတုန်းက စိတ်ဆိုးလွန်းလို့ ကိုယ့်နှုတ်ခမ်းကို သွေးထွက်အောင် ကိုက်မိဘူးတယ်။

ရင်လှိုင်း said...

အဲဒီအောင်မြင်မှုကြီး ကို ဘယ်သူ တစ်ဦးကိုမှ မတွေ့ စေချင်ဘူး။

Anonymous said...

ကိုယ်ကတော.ကိုယ်.ပတ်ဝန်းကျင်မှာအဲလိုကလေးမျိုးတွေ.ခဲ.ရင် ပြန်တော်လှန်ဖို.အတွက်အားပေးမယ် ။