19 November 2013

ရုန်းထွက်သောအခါ


အဆီကျဟင်းရည်သောက်နေတဲ့အကြောင်းကို မျက်နှာစာအုပ်မှာတင်တော့ နှစ်ဦး၊သုံးဦးက အတွေ့အကြုံရေးပါဆိုလို့ အကျဉ်းမျှရေးချင်ပါတယ်။ ဒီလင့်ခမှာ (၇) ရက်အတွင်း ဘယ်လိုသုံးဆောင်သင့်ကြောင်း အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။ အဆီကျစွပ်ပြုတ်သောက်ပြီး ဒုတိယမြောက်နေ့မှာ တခြားသူတွေက ခန္ဓာကိုယ်ပေါ့ပြီးသွားတယ်လို့ ပြောကြပေမယ့် ကျွန်မကတော့ ခေါင်းအလွန်ကိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကင်ဆာဖြစ်နေပြီလားလို့ ထင်မိတဲ့အထိပါပဲ။ လေးရက်မြောက်တဲ့နေ့အထိလည်း ခေါင်းက မူးတူးရီတီဖြစ်နေပါတယ်။

မိတ်ဆွေတစ်ဦးက ရုတ်တရက် အချိုဓာတ်လျော့နည်းသွားခြင်းကြောင့်လို့ ပြောပါတယ်။ နောက်မိတ်ဆွေတစ်ဦးက တရုတ်နံနံပင်ကို အစိမ်းမစားနဲ့လို့ အကြံပေးပါတယ်။ ဒါပေမယ့် ခြောက်ရက်မြောက်နေ့မှာတော့ မိတ်ဆွေတစ်ဦးရဲ့ ဖိတ်ကြားမှုကြောင့် အစည်းအဝေးတစ်ခုကိုသွား၊ ဘူဖေးစားခြင်းများ ပြုလုပ်လိုက်ရာ အဆီကျပြုတ်ရည်မသောက်ဖြစ်တော့ဘဲ ပျက်သွားပါတယ်။ ခုနှစ်ရက်မြောက်နေ့မှာတော့ ထမင်းပြန်စားပါတယ်။

ကျွန်မ ထမင်းအလွန်ကြိုက်ပါတယ်။ ထမင်းဖြတ်ထားတဲ့အခါ စိတ်မဆင်းရဲပေမယ့် နေမထိထိုင်မသာပါဘူး။ ‘နေ့လယ်စာကို ငှက်ပျောသီးနှစ်လုံး ၊ torito chips တစ်ထုပ်ဆို ဗိုက်လည်းမအင့်ဘူး။ ဆာလည်းမဆာဘူး။ ညစာကို ပန်းသီးတစ်လုံးစားတယ်။’လို့ ပြောတဲ့ ညီမငယ်တစ်ယောက်ကို အားကျပါတယ်။ အစားအသောက်ကို အဲဒီလောက် ဥပေက္ခာပြုနိုင်တဲ့သူ မဖြစ်သေးပါဘူး။ ဒါပေမယ့် ရသတဏှာနောက်လိုက်မိပြီး ထမင်းပြန်စားတဲ့အခါ အစာအိမ်က လက်မခံသလို မအီမသာနဲ့ အနေရခက်လှပါတယ်။ 

ဆရာဝန်သူငယ်ချင်းမလေးက ‘အစာအိမ်က Elastic bag သူငယ်ချင်း အစာအိမ်ကျုံ့သွားပုံရတယ် ဆက်ထိန်းထား။’ လို့ အားပေးပါတယ်။ စိတ်မကောင်းပါဘူး။ သူမလေး အားပေးချိန်မှာ ထမင်းတစ်ပန်းကန်နဲ့ ငါးနဲ့သီးရွက်စုံသုပ်တစ်ပန်းကန် အစာအိမ်ထဲရောက်သွားပြီ ဖြစ်ပါတယ်။ မတွေ့တာကြာတဲ့ ညီမငယ်တစ်ယောက်က ပိန်သွားတယ်လို့ အားပေးပါတယ်။ မိတ်ဆွေတစ်ယောက်ကတော့ ကျွန်မက ပိန်တာနဲ့ မလိုက်ဘူးလို့ ပယ်ချပါတယ်။ အားပေးသူ၊ ဆွေးနွေးသူ၊ ကန့်ကွက်သူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

‘ခန္ဓာရှိခြင်းကြောင့် ဆင်းရဲရ၏။ ခန္ဓာမှာ လူ့အလိုသို့ မလိုက်၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေသည်။ ခန္ဓာကို ပြုစုစောင့်ရှောက်နေခြင်းကား ပင်ပန်းလွန်းလှချေသည်။’ တရားဟောတာ မဟုတ်ရပါဘူး။ အဆီကျဟင်းရည်သောက်ခဲ့တဲ့ နေ့ရက်များမှာ ဆင်ခြင်မိခြင်းများ ဖြစ်ပါတယ်။

Breatharinism  ဆိုတဲ့ ဘာအစားအစာမှ မစားဘဲ လေရှုအကျင့်ကို လုပ်ပြီး အဆီချဖို့ စဉ်းစားပေမယ့် ဒီနည်းကို ဖြန့်ဝေသူက လိမ်ထားခြင်းဖြစ်ပြီး ကျင့်ကြံသူအားလုံး သေကံမရောက်၊သက်မပျောက်ပေမယ့် ဆင်းရဲဝေဒနာခံစားရကြောင်း ဖတ်လိုက်ရပါတယ်။ ဥပါဒ်ရောက်မှာ ကြောက်ပြီး ဘယ်အဆီချဆေးမှလည်း မသုံးစွဲလိုသူ ကျွန်မအတွက် ပထမတစ်ပတ်က အဆီကျပြုတ်ရည်စားသုံးခြင်းက တစ်ပတ်မျှမခံ ငါးရက်နဲ့ ပျက်သွားလို့ နောက်တစ်ပတ်ထပ်သောက်ဖို့ ကြံစည်နေရပြန်ပါတယ်။ ဒါပေမယ့် အနံ့မခံနိုင်သေးတာကြောင့် တွေဝေနေမိပြန်ပါတယ်။

ဤခရီးနီးသလားလို့မေးရင် ခယောင်းလမ်းကို ငိုမဲ့မဲ့နဲ့ ဆက်လျှောက်ရဦးမယ်လို့ အတိဿယဝုတ္တိအလင်္ကာသုံးပြီး ပြောချင်ပါတယ်။ ဒါပေမယ့်လည်း မသေမချင်းသွားနေရဦးမယ့် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းခရီးစဉ်ဖြစ်လို့ အဝေးကို မျှော်ကြည့်ရင်း စိတ်ဆင်းရဲမနေချင်ပါဘူး။ ခန္ဓာဝန်ထမ်းနေရခြင်းမှာ ပင်ပန်းလွန်းလှတယ်လို့လည်း မညည်းညူချင်ပါဘူး။

လူ့ဘုံခန်းဝါမှာ ကျင်လည်နေမိသမျှတော့ ဆင်းရဲကို သည်းခံပြီး ရှေ့ဆက်နေပါဦးမယ်။ ။ 

မယ့်ကိုး


Cathy ; Artist: Cathy Guisewite 

2 comments:

ဆွေလေးမွန် said...

အကောင်းဆုံးကတော့ တစ်နေ့ကို လေ့ကျင့်ခန်း မိနစ်သုံးဆယ်လောက် ပုံမှန်လုပ်ပါလား.
ဆွေလေးလဲဝတယ်လေ...အစားလဲလျှော့စားစရာမလိုသလို လေ့ကျင့်ခန်းလဲ နှစ်ရက်တစ်ခါလောက်မှ
လုပ်တယ်..မဆိုးဘူးလို့ပြောရမယ်..၀န်မကြီးသလို အရမ်းကြီးလဲ ထပ်မ၀တော့ဘူးလေ..

Aki said...

မ မယ်ရေ... မလွယ်ဘူးတော့။ မ မယ် ကမှ စလုပ်ဖြစ်လိုက်သေးတယ်။ ညီမတော့ စလုပ်ဖို့တောင် ခရီးကိုမရောက်ဘူးတော့။ T.T ပြီးတော့ သတိထားမိတာက အသက် ၂၀နှစ်မှာတခါ။ ၂၅နှစ်မှာတခါ။ ၁၀ပေါင်စီတက်တယ်..။
တနိုင်တပိုင်လေး ကစား၊ ပြီးရင် ညစာကို ထမင်းနည်းနည်းလေးနဲ့ (ဟင်းများများ ဟီးး) စား။ အဲ့လိုလေးထိန်းမှ လို့ထင်တာပဲ...။