11 November 2013

မင်းဖတ်ရန်မဟုတ်

ပါရမီနည်းသူရေးတဲ့စာမို့ သိင်္ဂါရရသကို မခံစားနိုင်ဘူးလို့ဆိုတဲ့အခါ ငါတတ်နိုင်တာက ရေထဲခုန်ချဖို့ပဲ။ ဝမ်းနည်းမှုက ကြမ်းတပြေးတည်းထိုင်နေမို့ ငါလေ အသက်တောင် ရဲရဲမရှုရဲဘူး။ ငါ့ရဲ့ စာရေးနိုင်စွမ်းဟာ ပျောက်ကွယ်သွားပြီ။ စိတ်နောက်နေသွားလေသူမို့ အချစ်အကြောင်းမရေးတတ်တော့ဘူးဆိုတဲ့ ဆင်ခြေလည်းမပေးချင်ပါဘူး။ သတ္တလောကသားတွေ မျက်လုံးပြူးကြည့်မယ်ဆိုလည်း ငါလုပ်နိုင်တာ ပုခုံးတွန့်နေရုံမျှပဲ။ 

ဆာဗီယာပလာသ်ရဲ့ The Bell Jar ကို ပြန်ဖတ်တယ်။
 At any rate, I’d be lucky if I wrote a page a day. 
Then I knew what the trouble was. I need experience. 
How could I write about life when I’d never had a love affair or a baby or ever seen anybody die? 

သူမ ပြောသလိုပဲ ပြောကြည့်ချင်တယ်။ (အလုပ်လက်လွှတ်ထားတဲ့အချိန်တွေမှာ) တစ်နေ့ကို တစ်မျက်နှာလောက်ရေးဖြစ်မယ်ဆိုရင် ကံကောင်းမယ်။ အဲဒီနောက်မှာ ဘာက ပြဿနာလည်းဆိုတာ သိခဲ့တယ်။ အတွေ့အကြုံ လိုအပ်တယ်။ တစ်ခါမှ မချစ်ဖူးတဲ့အခါ၊ ရင်သွေးမရှိတဲ့အခါ ( ဒါမှမဟုတ်) တစ်စုံတစ်ယောက်သေတာကို မမြင်ဖူးဘဲနဲ့ ဘယ်လိုလုပ် ဘဝအကြောင်းရေးနိုင်မှာလဲ။

ငါက သေဆုံးတာတွေမြင်ဖူးတယ်။ တစ်စုံတစ်ယောက် ရှင်သန်လာစေဖို့လည်း အလိုမရှိဘူး။ဒီတော့ ဥာဏ်ကွန့်မြူးဖို့၊ ဈာန်ဝင်စားဖို့၊ ဇာတ်ကောင်နေရာမှာ အစားထိုးဖို့ ချစ်ကြည့်သင့်တယ် မဟုတ်လားလို့ ပြောလိုက်ရင် မင်းစိတ်နာကျည်းသွားမလားပဲ။ ခက်တာက ဒီစကားဟာ မင်းရဲ့ သံလိုက်ဓာတ်အားလို ညှို့ငင်မှုကို ရှောင်ရှားလိုတဲ့ ဆင်ခြေလားဆိုတာ ကိုယ်တိုင်လည်း မသိတော့ဘူး။ ကိစ္စမရှိဘူး။ တစ်စုံတစ်ယောက်ကို ချစ်ဖူးချင်သူမို့ ဘယ်လောက် ကြင်နာမိကြောင်း၊နာကျင်ရကြောင်းတွေ တတ်နိုင်သလောက် တီးတိုးလေးရွတ်ချင်တယ်။

ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်ပါဘဲ။ ချစ်မိခြင်းမှာ ကြံ့ခိုင်ချင်ပြီး ချစ်ခြင်းရသကို ပုံဖော်ဖို့ ငါ့မှာ အခွင့်အရေးအပြည့်အဝမရှိဘူး။ တစ်ခါတစ်လေတော့လည်း မိုက်ရူးရဲဆေးသောက်ပြီး မြန်မာဗွီဒီယိုတွေထဲက မရယ်ရတဲ့ဟာသတွေလိုမျိုး ပြောချင်ပြန်တယ်။ အချစ်နဲ့ ကျိန်စာဟာ နှစ်ကိုယ့်တစ်စိတ်ဆိုတာမျိုး။ ဥပေက္ခာဟာ သေစေနိုင်တယ်ဆိုတာ မသိခဲ့ဘူးလို့ ရေရွတ်တာမျိုး။ လောကမှာ ငါ့လောက် လူဖြစ်ရှုံးသူလည်း မရှိတော့ဘူးဆိုတာမျိုး။ အချစ်ဟာ ကုသနိုင်တဲ့ ရောဂါဆိုလည်း ငါက ဆေးမတိုးချင်ဘူးဆိုတာမျိုး။ နမိတ်ပုံတွေက စိတ်ပျက်စရာကောင်းတယ် မဟုတ်လား။  ဘယ်လို။ မင်းပြောလိုက်တာ ငါကြားပါတယ်။ ဖန်တစ်ရာတေ မဲပြာပုဆိုးတဲ့လား။ နည်းနည်းလေးမှ အားမနာဘူးပဲနော်။ တတ်နိုင်ရင်တော့ ချစ်တဲ့အကြောင်းတွေကို ငါလည်း မပြောချင်ပါဘဲ။

ကိုရီးးယားဇာတ်လမ်းတွေထဲက မင်းသမီးတွေလို မူးပြီးလည်း မရမ်းနိုင်တဲ့သူဆိုတော့ ဒီလို မပီမသအော်သံပဲ ထွက်ကျနိုင်တယ်။ ကြားလား။ အသိပျောက်လေသူရဲ့စကားတွေမို့ နားမထောင်ချင်ဘူးဆိုတာ သိလည်း နောက်ဆုတ်ခွင့်ကို ငြင်းပယ်ဦးမယ်။ ပြဿနာအရင်းက ငါ့ကြောင့်မှန်းလည်း သိပါရဲ့။ ကျောခိုင်းလိုက်ရင် လွတ်မြောက်နိုင်မှန်းသိလည်း ထွက်မပြေးချင်ဘူး။ ရင်ထဲရှိရာ ဖွဲ့သီမိမှာ စိုးလို့ လက်က ငါ့ကို ချုပ်ထားတယ်။ မင်းမသိဘူး မဟုတ်လား။ ဒီလို ညံ့ဖျင်းတဲ့မိန်းမမို့ ယောင်ယမ်းပြီး မင်းနာမည်ကို အော်ခေါ်နေမိမှာစိုးလို့ နှုတ်ခမ်းကိုကိုက်တယ်။ ဆက်သွယ်ရေးပြင်ပမှာ ကြိုးစားနေတယ်။ အရိပ်ကလေးမြင်ရတဲ့အခါ အလွမ်းဖွဲ့တွေ ပို့သချင်လည်း အမှာစကားမျှမပါးဘဲ မျက်နှာလွှဲနိုင်အောင် အားထုတ်တယ်။

ရင်ခုန်နှုန်း မငြိမ်သက်သူမို့ လှပနရီတွေက ငါ့ဝန်းကျင်မှာ ပတ်လည်ပျံနေလည်း ဖမ်းမမိနိုင်ဘူး။ ဒါပေမယ့် မျက်နှာပြောင်တိုက်ကာ ဖွင့်ဆိုချင်သေးတာ။ အဆိပ်ငွေ့တွေက လက်တကမ်း၊ မိုက်တွင်းနက်နက်က ခြေတလှမ်းလို့ ကာရန်ညှိတာမျိုး။ ဒီအရူးရဲ့ ကဗျာကလည်း တော်ဝင်ဖို့ မမှီမကမ်းလို့ နဘေထပ်တာမျိုး။ ရယ်ရတယ်နော်။ ဒါပေမယ့် မတတ်နိုင်ခဲ့ဘူး။နှလုံးသားကွဲအက်ပြီး သေဆုံးမှာစိုးရိမ်ကာ အလွမ်းတွေ မသိမ်းချင်တော့ဘူး တကယ်။ အလင်္ကာမမြောက်ဘူးလို့ မှတ်ချက်ချလည်း ရင်ကွဲနာမကျသေးတာကို ဘုရားကျေးဇူးလို့ ရင့်ကျူးနေဦးမယ်။

ပြောပါဦး။ ဘယ်နာကျင်မှုက ငါ့ကို သတ်နိုင်ဦးမှာလဲ။ မင်းစီးတဲ့ ဖိနပ်နံပါတ်ကို မသိဘူးလေ။ မင်းမစားတဲ့ အသီးအရွက်ကို မသိဘူးလေ။ မင်းချော်လဲခဲ့တဲ့အခါကို မသိဘူးလေ။ သေလုမျောပါး တွယ်တာမိခြင်းများ။ ယုံကြည်ပါ။ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ငါလည်း စာတစ်လုံးမှ မစီချင်ဘူး။ ခေါင်းတွေနောက်တယ်။ ရင်တလှပ်လှပ်ခုန်တယ်။ ဘာဖြစ်လို့ ဒီစာကို ရေးတာလဲလို့ မေးခဲ့ရင်တော့ ညီမလေးအိပုံ့က ဖတ်ချင်တယ်ဆိုလို့လေ။ ။

မယ့်ကိုး

8 comments:

Anonymous said...

ညီမလေးအိပုံ့ နောက်ဆုံးနှစ်ပိုဒ် အရှေ့ဆုံးမှာ နှနဲ့ြေ ထည့်ဖတ်ပါကွယ်

မယ့်ကိုး said...

:D စာလုံးပေါင်းမှားတာ (ကျန်ခဲ့တာ) ကို ပြောတာထင်တယ်။ ဒါပေမယ့် ရှာမတွေ့ဘူး။ ရှင်းရှင်းလင်းလင်းပြောပြပေးမယ်ဆိုရင် ထပ်မံကျေးဇူး။

ဆွေလေးမွန် said...

မယ့် ရယ် ညီမလေးအိပုံ့ တင် မဟုတ်ပါဘူး.မယ့်ရေးတဲ့စာဆိုရင် စာဖတ်သူအားလုံးက ဖတ်ချင်တာပါ. ဆွေလေးမွန် အပါအ၀င်ပေါ့။

ရိုးမြေကျ said...

အိပုံ့ ဖတ်ဖို့ဆိုပေမယ့် ရိုးမြေကျက ဖတ်မိသွားပီ။ ဘယ်လိုလုပ်ရပါ့။
ဖိနပ်နံပါတ် သိတယ်။
မမစာတွေကြိုက်တယ်။

သဒ္ဓါလှိုင်း said...

သဒ္ဓါလည်း မယ့်..မမယ့်ကိုး ရဲ့စာတွေကို အမြဲဖတ်ပါတယ်။ စာရေးတော်ရုံမက စာဖတ်ပရိသတ်အတွက် အကျိုးပြုလို့ပါ..

ချစ်ခင်စွာ
သဒ္ဓါ

Anonymous said...

ကောင်းတယ်ဆိုတာထက် ပိုကောင်းပါတယ်

Lin said...


မင်းဖတ်ရန်မဟုတ် ဆိုပေမယ့်
အြရေးအသားတွေကြိုက်လွန်းလို့ဖတ်သွားတယ် ...
ထာဝရ ချစ်ခင်လေးစားလျက် ...
မမ

Lynn Htei said...

ma mae ... ကျေးဇူးများဂျီးတင်ဒယ်။ ပြန်ဖတ်မို့ ... ဖြည့်ဖတ်လိုက်မယ်နော်။ :)