25 November 2013

ဟင်းချက်ခြင်း စိတ်ပညာ

 
မိန်းမဆို ဟင်းချက်တတ်ရမယ်။ အိမ်တွင်းမှုနိုင်ရမယ်ဆိုတဲ့ စကားမှာ သူမအတွက်တော့ မကြားဝံ့မနာသာဖြစ်သည်။ အဘယ်ကြောင့် ယောက်ျားများက ဟင်းချက်တတ်စရာ မလိုသနည်း။ အဓိပ္ပါယ်ကို အားလုံးသိပြီးဖြစ်မည်။ မိန်းမကို အိမ်ဦးခန်းမထားလိုဘဲ မီးဖိုချောင်မှာနေရာချထားလိုမှုဖြစ်သည်။

သူမမှာ ထိုနှိမ့်ချသတ်မှတ်မှုကို လက်မခံသော်လည်း တော်လှန်ခဲ့သူတော့ မဟုတ်ပေ။ ကလေးဘဝတုန်းက ဟင်းမချက်တတ်လျှင် ယောက်ျားမရလို့ လူကြီးတွေက ပြောလျှင် စာဖိုမှုးကို ယူမည်ပေါ့ဟု ပြန်ပြောတတ်သည်။ စာဖိုမှုးကို ချက်ခိုင်းဖို့တော့ မဟုတ်ပါ။ သူ ဟိုတယ်မှာ အလုပ်လုပ်လျှင် အစားအသောက်များအလျှံပယ်ရမည် မဟုတ်ပါလော။ နွားနို့နေ့တိုင်းသောက်ချင်သဖြင့် အမေကို မာမူကြီးနှင့် ယူခိုင်းသော ကလေးအတွေးထက်တော့ မနိမ့်ဘူးဟု ထင်ပါသည်။

ငယ်စဉ်က အိမ်ထောင်မှုလုပ်နေရသော အမျိုးသမီးများကို သနားကြင်နာခဲ့သည်။ အသက်အရွယ်ရလာသောအခါ ဟင်းချက်ခြင်းစိတ်ပညာကို စိတ်ဝင်စားလာသည်။ ယောက်ျားတို့ရဲ့ နှလုံးသားကို သွားရာလမ်းသည် အစာအိမ်ကို ဖြတ်သွားသည်ဆိုသော ဆိုရိုးကို မိန်းမတစ်ချို့က အသေအချာ လိုက်နာကျင့်သုံးခြင်းပဲဟု စူးစမ်းမိလာသည်။

ဂျပန်ယောက်ျားအများစုသည် ထမင်းခူးစားဖို့ အသာထား။ထမင်းအိုး ဘယ်နားထားမှန်းပင် မသိလို့ ဖတ်ဖူးသည်။ အမျိုးသမီးများကို ဖိနှိပ်သော ယောက်ျားများပဲဟု မြင်ခဲ့သော်လည်း တစ်ချို့ဂျပန်အမျိုးသမီးများရဲ့ ပြောစကားကြားသောအခါ အံ့သြသွားရသည်။ ‘အဲဒီလိုဖြစ်အောင် တမင်လုပ်ထားတာ။ သူ့ဘဝမှာ ကိုယ်မရှိရင် မဖြစ်အောင်၊ ကိုယ့်ကို မှီခိုနေသူဖြစ်အောင် လုပ်ထားတာ’ တဲ့လေ။

ခင်နှင်းယုရဲ့ သခွတ်ပန်းစာအုပ်ထဲက ဇာတ်ပို့အမျိုးသမီးတစ်ယောက်အကြောင်းကို သတိရသည်။ သူမသည် ဟင်းချက်ကောင်းခြင်း၊ အိမ်ထောင်ထိန်းသိမ်းနိုင်ခြင်းအတတ်ဖြင့် ယောက်ျားတစ်ယောက်ကို ဆွဲဆောင်ထားနိုင်မည် ထင်ခဲ့သော်လည်း သူမရဲ့ အိမ်ထောင်ရေးမှာ ယိုယွင်းခဲ့သည်။ သူမလိုပင် တစ်ချို့သောမိန်းမများကတော့ ဟင်းလျာအထွေထွေကို အောင်မြင်ရေးကျင့်ထုံးတစ်ခုလို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း တွေ့ရသည်။

ဗြိတိန်ပြည်မှ ဝီလျံမင်းသားက ကိတ်မင်းသမီးကို ပိုးပန်းစဉ်အခါက ဟင်းချက်ပြီး စွမ်းရည်ပြကြောင်း အင်တာဗျူးဖတ်ဖူးသည်။ မိန်းမများသည် ဟင်းချက်တတ်သော ယောက်ျားများကို ကြင်နာတတ်သူ၊ ကိုယ်ချင်းစာတရားထားတတ်သူ၊ စာနာညှာတတ်သူလို့ မြင်ကြသည်။ ဟင်းတစ်ပွဲသည် ယောက်ျားနဲ့ မိန်းမကစားပွဲတွင် အရေးပါသော နည်းတစ်နည်းဖြစ်သည်။

အဒေါ်တစ်ယောက်သည် ကျန်မိသားစုက ဟင်းနှစ်ခွက်စားသော်လည်း သူ့ခင်ပွန်းကို ဟင်းသုံးလေးခွက်ဖြင့် ကျွေးတာ နားလည်လာသည်။ အမေသည် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ခဲ့သူ ပထွေးက ဟင်းချက်တော်သူဖြစ်ပါလျှက် အမေကိုယ်တိုင် အထူးဂရုစိုက် ချက်ပြုတ်ကျွေးမွေးတာကို သဘောပေါက်လာသည်။ ဒါပေမယ့် အချစ်လား၊ တာဝန်လား၊ နှောင်ဖွဲ့လိုမှုလားဆိုတာ ယနေ့ထက်တိုင် မဝေခွဲချင်ပေ။

တစ်ချို့အတွက်တော့ ဟင်းချက်ခြင်းသည် စွမ်းရည်ပြသခြင်း အနုပညာတစ်ရပ်အဖြစ် ဖော်ကျူးခြင်း ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါးဟင်းလက်ရာကို မြင်ဖူးသည်။ တစ်ချို့အတွက်တော့ ဟင်းချက်မှုသည် စေတနာဖြစ်မည်။ သူမရဲ့ အစ်မသည် ဟင်းချက်ပြီး သူမကို လာစားဟု ခေါ်တတ်သည်။

ဟင်းချက်ခြင်းသည် အဖိုးတန်သော အချိန်များကို ဖြုန်းတီးခြင်းဟု မြင်ခဲ့သော၊ မတတ်သာမှ မီးဖိုချောင်ထဲ ဝင်တတ်သော သူမသည် အခုတော့ ဟင်းချက်နေသည်။ ဟင်းချက်ခြင်းသည် စိတ်ဖိအားကို လျော့နည်းစေသောနည်းတစ်ခုဖြစ်သည်ဟု လေ့လာတွေ့ရှိသောကြောင့် ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သည်။ စိတ်ကျေနပ်မှုကို ပေးစေသော ဖန်တီးမှုတစ်ခုလည်းဖြစ်သည်။ 

သူမရဲ့အဘွားသည် အလှုဆိုတာ မိသားစုကို ကျွေးမွေးနေတာလည်း အလှုပဲ။ စေတနာသာ အဓိက ဟု ပြောဖူးသည်။ ဟင်းချက်ခြင်းမှာ ပျော်မွေ့လာသော သူမသည် တစ်စုံတစ်ယောက်ကို စားစေချင်သော်လည်း စေတနာမှာ အဟောသိကံဖြစ်နေသည်။ တစ်ယောက်တည်း ချက်ပြုတ်စားသောက်နေရသောအခါ ငြီးငွေ့လာပြန်သည်။ သူမရဲ့မိတ်ဆွေက ဘာချက်ချက် မိတ်ဆွေရဲ့ ခင်ပွန်းက ကောင်းတယ်လို့ မှတ်ချက်ပေးတာ သတိရသည်။ သူမရဲ့ အစ်မက တစ်ယောက်တည်းစားရတာ မချိုပါဘူးဟု ဆိုလေ့ရှိသည်။  လက်ထပ်ခြင်းကို သေမလောက်ကြောက်သော သူမသည် ထို့ကြောင့် မိန်းမများ အိမ်ထောင်ပြုကြသလားဟု ဆီလိုအပေါက်ရှာတွေးမိပြန်သည်။



ကိုရီးယားဇာတ်လမ်းတွဲတစ်ခုတွင် အကောင်းဆုံးဟင်းလျာဆိုတာ ကိုယ်ချစ်တဲ့သူအတွက် ရည်ရွယ်ပြီးချက်တာလို့ ရှင်းပြထားသည်။ ကိုယ်ချစ်တဲ့သူ တပါးသူဆိုပြီး အထူးပြုလျှင် ပိုမိုပြည့်စုံမည် ထင်သည်။ လူသည် ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်အားမနာကြဘူးမဟုတ်လား။ အခုလည်း သူမသည် ပေလျနံကန်ဟင်းလျာကို စီမံမိလေပြီ။ ဖုန်းပြောနေခိုက် ဟင်းအိုးတူးသွားသောအခါ စိတ်မကောင်းလှသော်လည်း မစားရတော့၊ အဆီမတိုးတော့ဘူးပေါ့ဟု ကြံဖန်ဖြေတွေးသည်။ သို့မဟုတ်လျှင် သူမ ဝမ်းနည်းနေရတော့မည် မဟုတ်ပါလော။

ဓာတ်ပုံရိုက်ပြီး ‘ ဟိုတစ်နေ့ကတော့ဖြင့် စိုင်းစိုင်းဟင်းချက်နေတာ မြင်မိသောကြောင့် သူလက်ထပ်သင်ပေးမည့်အခါကို စောင့်နေသူပါလို့ ပြုံးတုံ့တုံ့ဖြင့် ပြောချင်သေး။’ လို့ မျက်နှာစာအုပ်မှာ မခိုးမခန့်ရေးလိုက်သေးသည်။ မည်သူ့ကိုမျှ မျက်နှာပူစရာမလိုချေ။ တစ်ကိုယ်တော်ချက်ပြုတ်စားသောက်ရခြင်းမှာ မသာယာသော်လည်း ဖိစီးမှုမရှိချေ။ ပကာသနကင်း အပြစ်ရှင်းသည့် ဟင်းချက်ခြင်းဟုပင် ဆိုချင်မိသည်လေ။   ။

မယ့်ကိုး

7 comments:

mlla said...

ယောက်ျားတွေကိုအိမ်ဦးနတ် လို့ဆိုပြီး ပြုစုလုပ်ကျွေး တာ တခါတရံတော့ မိန်းမမာယာထဲမှာပါလေမလားပဲ။ ယောက်ျားရဲ့ခွန်အားဗလအကာအကွယ်ကိုရချင်လို့လေ။ ကြာလာတဲ့အခါမှာတော့ယောက်ျားတွေက သူတို့ကိုယ်သူတို့ တကယ့်နတ်ဘုရားတစ်ပါးလိုထင်မှတ်သွားပြီး အိမ်ကိုစောင့်ရှောက်ရမယ့်အစား စိတ်အလိုမကျတဲ့အခါ ကိုင်လိုက်မဟဲ့လို့ပဲစိတ်ကူးကြတော့တယ်။အိမ်တွင်းအကြမ်းဖက်မှုတွေပေါ်လာတော့တာပေါ့။ ခွန်အားဗလအကာအကွယ်ထက်၊ဥာဏ်ပညာအကာအကွယ်ကပိုလုံခြုံလာတဲ့အခါ ယောက်ျားတွေခမျာလဲအိမ်ဦးနတ်ဘ၀ကရာထူးလျောဖို့ဖန်လာပါရောလား။ အာဏာခွဲဝေပေးဖို့ဆိုတာတော်ရုံစိတ်စေတနာနဲ့ဖြစ်တာမှမဟုတ်ပဲလေ။




Mee Chit said...

ဟင်းတူးပုံလေးကိုတော့ အရမ်းသဘောကျသွားပြီ

Anonymous said...

တခါတလေလည်း စားတဲ့သူတွေအတွက် စေတနာဆိုတဲ့ အရာတခုအရင်းပြုပြီး ချက်တယ်
အဲ့ဒီစေတနာနောက်မှာ တခြားရလိုမှုဆိုတဲ့ အကြောင်းအရာတွေ တစိုးတစိမှ မပါခဲ့ဘူး။

တခါတလေလည်း စိတ်အလိုလိုက်ပြီး ကိုယ်စားချင်တဲ့ အရာကို ချက်တယ်
သူ့နောက်မှာ ဘာအနက်မှ မပါတာမို့ အခုအချိန်ထိတော့ လိပ်ပြာသန့်ရှင်းစွာ ဟင်းချက်နေဆဲ

meemee said...

မမရေ င်္မီက ဟင်းချက်တတ်တာ ကိုယ့်ဘာသာ ချက်စားဖို့ သင်ထားတာ ဟိဟိ

Kay Thwel said...

အပြစ်မရှင်းတဲ့ ဟင်းချက်ခြင်းများ ကြားမှာ အိုးမဲတွေ နဲ့ မြန်မြန်တွေ့ရပါစေ.. မရှိရင် မနေတတ်အောင် လုပ်တဲ့ နည်းပညာလည်း တတ်သိ ကျေပွန်ပါစေ..း)

သဒ္ဓါလှိုင်း said...

အမျိုးသမီးတွေရဲ့ မိခင်စိတ်အရ ချစ်ခင်တဲ့သူတွေကို ချက်ပြုတ်ကျွေးမွေးရတာ ပီတိဖြစ်တတ်ကြဟန် တူပါရဲ့.. တဘက်လူကသာ အဲဒီစိတ်ကို နားလည်တာ ရှားမယ်ထင်ပါတယ် . တကိုယ်တော်လည်း ချက်ပြုတ်စားသောက်နိုင်တာပါပဲနော် မယ့်..း))

ချစ်တဲ့
သဒ္ဓါ

Anonymous said...

း)