27 November 2013

အကြွင်းမဲ့


လွန်ခဲ့သောနေ့က အမွေမရမယ့် မွေးစားညီမတစ်ယောက်က အကြွင်းမဲ့အချစ်အကြောင်း အကျယ်ချဲ့ရေးပါလို့ ပြောလာပါတယ်။ မချစ်တတ်သလို၊ အချစ်ငတ်သူကို လှောင်လေသလားလို့ပင် ထင်စရာရှိရဲ့။ သို့မဟုတ်က ချောက်ကမ်းပါးနက်နက်ထက်မှာ ကပြမယ်ဆို အလွန်ကြည့်ကောင်းမှာပဲ ဆိုတဲ့ မြှူဆွယ်ဖြားယောင်းခြင်းလည်း ဖြစ်ပေလိမ့်။ ဘာပဲဖြစ်ဖြစ်   ထောင်ချောက်၊ပိုက်ကွန်ကို မမြင်သော သတ္တဝါကဲ့သို့ တဇွတ်ထိုးတိုးဝင်ခြေချကြည့်ချင်သေးရဲ့။ 

တကယ်တော့ ထိုမျှခက်ခဲသော ဘာသာရပ်ကို သူမ မကျွမ်းကျင်ပါ။ ဒါပေမယ့်  မပြေးသော် ကန်ရာရှိဆိုသလို မျက်နှာစာအုပ်ပေါ်မှာ အကျဉ်းမျှရေးခဲ့မိသော သူမရဲ့ အပြစ်တွေသာ ဖြစ်တော့တာ။ အဘယ်ကြောင့်ဆိုသော် ကေတီပယ်ရီရဲ့ အကြွင်းမဲ့ (unconditionally) ဆိုတဲ့ သီချင်းကို အခုတလောနားထောင်နေသောကြောင့်ရယ်။ စာတန်းထိုးအခွေလေးက မိန်းကလေးနှစ်ဦးအချစ် (lesbian theme) ဆိုတော့ အတွေးအခေါ်၊တင်ပြပုံကိုလည်း နှစ်သက်မိသလို စာသားတွေကလည်း အထူးကောင်းမွန်ပေမယ့် စာကြောင်းတစ်ခုကိုတော့ ခိုးလိုးခုလုဖြစ်နေမိခြင်းက အရင်းခံအကြောင်း ဖြစ်ပါတယ်။

 

 ‘ Will do you the same for me?’ တဲ့။ ငါ့အတွက် အဲဒီလိုမျိုး မင်းလုပ်ပေးနိုင်မလားတဲ့။ ဒါ အကြွင်းမဲ့အချစ် မဖြစ်နိုင်တော့ဘူးလို့ ထင်ရဲ့။ အပြစ်ပြောလိုတာ မဟုတ်ရပါ။ အကြွင်းမဲ့အချစ်ကို စဉ်းစားမိခြင်းမျှသာ။ အကြွင်းမဲ့အချစ်ဆိုတာ ပုထုဇဉ်တွေစိတ်မှာ တည်နိုင်ရဲ့လား။ လူဆိုတာ ပေးဆပ်မှုနောက်မှာ ( ကိုယ့်ကိုယ်ကိုယ် မသိဘဲနဲ့ပင်) မျှော်လင့်မိတတ်တာ သဘာဝမဟုတ်လား။ ချစ်ခြင်းဟာ သူ့အကျိုးလိုလားခြင်းဆိုလျှင် ထိုစေတနာလုပ်ဆောင်မှုအတွက် ပီတိကိုမျှ မမျှော်လင့်သင့်ဘူးလို့ ယုံကြည်နေမိပါတယ်။

အချစ်ကို သစ်ပင်တစ်ပင်ပျိုးသလို သဘောထားပါတယ် ဆိုရင်လည်း အသီး၊အပွင့်အစထားကာ အရိပ်သော်မျှ မည်သည့်တုန့်ပြန်မှုကိုမှ မမျှော်လင့်စကောင်း။ ဒါပေမယ့် ပေးဆပ်ခြင်းလို့ မသုံးဘဲ ကြည်ဖြူစွန့်လွှတ်နိုင်ရဲ့လား။ သူ့အပေါ် အကြင်နာအလျှံပယ်ထားပေမယ့် သူက ကိုယ့်စေတနာကို ငြင်းပယ်သောအခါ၊ မထီမဲ့မြင် မသိကျိုးကျွံပြုတဲ့အခါ၊ နောက်ဆုံး စော်ကားပျက်ရည်ပြုလျှင်ပင် နာကျည်းဒေါသသည်းတဲ့စိတ်မျှ မဖြစ်သင့်ပေမယ့် တတ်နိုင်ရဲ့လား။ ခြွင်းချက်မရှိချစ်လိုတယ်ဆိုလျှင် အမှီအခိုကင်း လွတ်လပ်ခြင်းကို ခံစားနားလည်တတ်မှ ဖြစ်ပေမယ့် အသိခေါက်ခက် အဝင်နက်တဲ့ ဆေးခါးသစ္စာတရားမဟုတ်ပါလား။

မေးခွန်းလေးတစ်ခု ဆိုခွင့်ပြုပါ။ အောက်ပါကဗျာကိုဖတ်ပြီး ခံစားမိတာလေးကို မျှဝေပေးစေချင်ပါတယ်။

 နှင်းဆီပွင့်

 လယ်တောကအပြန်
 ပန်ချင်တယ် ခရေဖူးဆိုလို့
 မောင်ခူးကာပေး
 မနက်တုန်းဆီက
 ကျော့ဆုံးကို မောင်မြင်တော့
 သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
 ဂုဏ်တင့်တယ်လေး။

မင်းသုဝဏ်

ထိုကဗျာကို ဖတ်ပြီးသောအခါ (၁) ပန်းခူးသမားလေးကို ကိုယ်ချင်းစာ သနားသလော။ (၂) ခရေကို မစောင့်စား၊ နှင်းဆီကိုလက်ခံထားတဲ့ မိန်းကလေးကို အဆိုးမြင် အပြစ်ဖို့သလော။ (၃) နှင်းဆီဖြင့် ဂုဏ်တင်တဲ့ မိန်းကလေးအတွက် မုဒိတာပွားသလော။ အမှတ်ပေးပုံက ရှင်းပါတယ်။ ကောင်မလေးအတွက် မုဒိတာပွားနိုင်လျှင် အကြွင်းမဲ့အချစ် ပထမဆင့်အောင်ပြီ မဟုတ်ပါလား။

နေပါဦး။ ဘာဖြစ်လို့ သူမက ဒီဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုနေရပါလလဲ။ သူမနဲ့ မသက်ဆိုင်သော အရာသာ။ အချစ်ဆိုသောအရာကို ပြောဆိုခြင်းငှာ မစွမ်းသာသော မိန်းမမှာ သူမဖြစ်ပါတယ်။ သူကလည်း ခရေဖူးလေးများကို လိုချင်တယ်လို့မျှ မပြောခဲ့သူပဲ။ ဒါပေမယ့် သူက လိုချင်တယ်လို့မဆိုထား ကြိုက်တယ်လို့ အရိပ်အငွေ့မျှပြောရုံနှင့် ချော်ရည်သမုဒ္ဒရာကို ဖြတ်ရ၊ ပင်ချင်းယှက်နေတဲ့ လူသတ်နွယ်တောကိုပင် ဝင်ရ၊ မက်စောက်တဲ့ရေခဲတောင်ကို တက်ရပါစေ ခရေပင်အောက် အရောက်သွားလိုတဲ့ သူမဖြစ်ပါတယ်။

ပြီးတော့ ကဗျာထဲကလို မြေမှာ ကြွေကျပြီးသားတွေ ခရေပန်းလေးများကို မကောက်ယူဘဲ အပင်ပေါ်က အဖူးကလေးများခူးကာ ဖက်စိမ်းကလေးပေါ်မှာ လက်ကိုင်ပုဝါလေးကို ရေဆွတ်ပြီး တညသိပ်ထားမယ်။ အရုဏ်ကျင်းတဲ့အခါ မြေမခသော၊ ဖုန်မှုန့်အမှိုက် ကင်းစင်သော ခရေပွင့် ဖွေးဖွေလွလွလေးများအထဲမှ အလှဆုံးများကိုရွေးကာ ပေးချင်လိုက်တာလေ။ ငိုမိတော့မယ် ထင်တယ်။ သူ့အရိပ်လေးကို မြင်ရဖို့ သွားရောက်ကြည့်နိုင်ခွင့်မျှ မရှိသူရယ်လေ။

နှုတ်မဆက်ဘဲ ထားရစ်ခဲ့သူကို ‘ရက်စက်လိုက်တာ’ဟုပင် စကားနာမျှ မဆိုရက်နိုင်သူဖြစ်ရဲ့။ ဒါပေမယ့် သူမ မျက်ရည်မကျပါ။ ရယ်ရင်ပုလဲ၊ ငိုရင်ရွဲဖြစ်မယ်ဆိုရင်တောင်မှ သူ့ကြောင့်ဆိုတဲ့ ပယောဂ အခိုအကပ်မငြိတွယ်စေချင်ပါ။ ခက်တာက သူမရဲ့ရင်ကွဲနာကျခြင်းမှာ သူနှင့်သက်ဆိုင်နေပါတယ်။

သူက နှိပ်စက်ကလူပြုသူ မဟုတ်ပါ။ သူက သူမရင်ကိုခွဲကာ နှလုံးသားကို ထုတ်ယူသွားတဲ့အမှု မပြုလုပ်ပါ။ သူက ပကတိအပြစ်ရှင်းကာ လွတ်လပ်စိတ်ထားရှိသူသာ ဖြစ်ပါတယ်။ ပြဿနာမှာ သူကျောခိုင်းလိုက်တဲ့ အချိန်မှစလို့ သူမရဲ့နှလုံးသားက သူ့နောက်ကို ဖဝါးခြေထပ်လိုက်ကာ ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။ ဗာဟီရများသောသူက သူ့အရိပ်လိုဖြစ်သော သူမအသည်းနှလုံးကို အမှုမဲ့၊အမှတ်မဲ့ဖြစ်နေပါတယ်။ အပျော်လွန်နေသောကြောင့်လည်း သတိမမူမိတာ ဖြစ်ပါလိမ့်မယ်။

သူမ ဘာတတ်နိုင်ပါသလဲ။ သူမက အကြွင်းမဲ့ချစ်သူ ဖြစ်နိုင်ရဲ့လားဆိုတာ မသေချာပေမယ့် သူမရဲ့ နှလုံးသားကို မထိန်းသိမ်း၊မစောင့်ရှောက်နိုင်ရုံသာမက ပြန်လာအောင် မသိမ်းသွင်းနိုင်ခြင်းက ဘဝမှာ အဆိုးရွားဆုံးအကျည်းတန်မှု ဖြစ်ခဲ့လေရဲ့။ အသုံးမကျတဲ့ မိန်းမပီပီ ဆုတောင်းရုံမျှသာ သူမ တတ်နိုင်လေတာ။

စိတ်ဖိစီးမှုများဒဏ်မှ သူတစ်ယောက် အကြွင်းမဲ့ကင်းပပါစေကြောင်း ပကတိဆုတောင်းလိုက်ပါတယ်။ တိမ်မထိ၊မိုးမငြိဘဲ ကောင်းကင်ခရီးမှာ ထာဝစဉ်ပျံသန်းနိုင်ပါစေ ၊ မိုးကြိုးမခ၊မုန်းတိုင်းမကျတဲ့ နေရောင်သာ ပန်းရောင်စုံပွင့်ရာ အရပ်မှာ ပျော်ရွှင်ပါစေ ချစ်တဲ့သူ။ ။ 

မယ့်ကိုး

မှတ်ချက်။ ။ အမေး- ငုဇာခိုင်။ အဖြေ-မယ့်ကိုး။

3 comments:

Anonymous said...

:)

ဆွေလေးမွန် said...

ဆွေလေးလဲ တူတူပဲ လို့ ၀န်ခံရလိမ့်မည်.

ပြသနာမှာ သူကျောခိုင်းလိုက်တဲ့ အချိန်မှစလို့ သူမရဲ့နှလုံးသားက သူ့နောက်ကို ဖဝါးခြေထပ်လိုက်ကာ ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။

:) :)

ငြိမ်းစိုးဦး said...

စိတ်ဖိစီးမှုများဒဏ်မှ သူတစ်ယောက် အကြွင်းမဲ့ကင်းပပါစေကြောင်း ပကတိဆုတောင်းလိုက်ပါတယ်။ ... ဆိုပြီး ရင်းလိုက်တဲ့ အမြင်ဟာ ရှင်းသန့်ခဲ့ ...