04 December 2013

စိတ်ဝတ်စုံ


ညီမဝမ်းကွဲ မင်္ဂလာဆောင်သွားခါနီးတွင် ဗာဂျီးနီးယားဝုဖ်ရဲ့ ဝတ်စုံသစ်ဝတ္ထုတိုထဲက ‘ ပန်းကန်လုံးနံရံကို တွယ်တက်ဖို့ ကြိုးစားနေတဲ့ ယင်ကောင်တွေ’ ဆိုတဲ့ စကားကို အမှတ်ရသည်။ ယင်ကောင်တွေ၊ ယင်ကောင်တွေလို့ စိတ်ထဲမှာ မြည်နေမိသည်။ ဒီလောကမှာ သူမကို နားအလည်နိုင်ဆုံးမှာ မေဘယ်လ်ဆိုသည့် ထိုအမျိုးသမီးပင် ဖြစ်လိမ့်မည်။ မေဘယ်လ်၏ ရဲရဲဝံ့ဝံ့ရင်မဆိုင်တတ်မှု၊ သရဲဘောကြောင်မှု၊ မရေမရာဖြစ်မှုနှင့် ကြောက်သွေးပါမှုများကိုလည်း သူမကသာ ကိုယ်ချင်းအစာနိုင်ဆုံး ဖြစ်လိမ့်မည်။

 

 မေဘယ်လ်ကို သတိရတိုင်း လောကမှာ ငါတစ်ယောက်တည်း လူတောမတိုးတာ မဟုတ်ဘူးလို့ သက်သာရာရသလို ဖြစ်သည်။  ဒါပေမယ့် ဘာကြောင့် ဒီလိုမိန်းမမျိုးဖြစ်ရသလဲဟုလည်း ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်ဒေါသထွက်ရပြန်သည်။ သို့သော် ကျရှုံးသော၊ ပွဲလယ်မတင့်သော၊ လူရာမဝင်သော မေဘယ်နှင့် ‘ သူမ၏ ပင်ကိုယ်ရုပ်အတိုင်း အဘယ်ကြောင့် သွား၍ မရသနည်း’ ဟုသော အတွေးချင်းကအစ တူနေလေသည်။

 ပွဲတက်လျှင် အဘယ်ကြောင့် အပြိုင်အဆိုင်ဝတ်စားအလှပြင်ကြရသနည်း။ လောကဓမ္မတာဆိုသည်ကို သစ်သီးဖျော်စက်ထဲထည့်ကာ ထည့်ပြီးကြိတ်ချေချင်သည့်အထိ မကျေမချမ်းဖြစ်ရသည်။ အဒေါ်တွေက 'အင်္ကျီဝယ်ပေးမယ်။ ဈေးဝယ်ထွက်မယ်' ပြောတိုင်း ငြင်းမိသောအခါ ညီမဝမ်းကွဲမင်္ဂလာဆောင်ကို သူမ မတက်ချင်သောကြောင့် အကြောင်းအမျိုးမျိုးပြရှောင်တယ်လို့ ထင်နေပေမယ့် မတတ်နိုင်။

 ဈေးဝယ်ထွက်ရမှာ အလွန်စိတ်ပျက်သလို၊ အင်္ကျီတွေကို ရွေးလိုက်၊ ဝတ်ကြည့်လိုက် လုပ်ရမှာ စိတ်ကုန်ခမ်းလွန်းလှသည်။ မဝတ်ကြည့်ဘဲ အဆင်ပြေမယ်ထင်ပြီး ဝယ်လာပြီးမှ ဝတ်ကြည့်သောအခါ အဆင်မပြေသဖြင့် ပစ်ရတဲ့အဝတ်တွေလည်း များလှပြီ။ ထိုအကျင့်ဆိုးကို ကြိုးစားဖျောက်ပေမယ့် အင်တာနက်မှတဆင့် ဈေးဝယ်ချင်နေဆဲ။ မျက်ခုံးမွှေးဆွဲတံမရှိသော၊ မျက်တောင်ကော့ဆေး၊ဆိုးဆေးအပါအဝင် မျက်နှာပြင်ချယ်သစရာ ဘာပစ္စည်းမှ မရှိတဲ့မိန်းမဖြစ်သလို ဈေးဝယ်ထွက်ရမှာပျင်းသောမိန်းမက ဒီလောကမှာ သူမတစ်ယောက်တည်းတော့ မဟုတ်တန်ရာ။ 

မလှသောမိန်းမ မရှိ၊ ပျင်းသောမိန်းမသာရှိသည်ဆိုသော စကားကို ကြားဖူးသည်။ သူမက အဝတ်အစားဝယ်ဖို့ အလှပြင်ဆင်ရမည်ကို ပျင်းရိခြင်းထက် အချိန်ပေးပြင်ဆင်ပေးရမည်ကို နှမျောတွန့်တိုသော မိန်းမဖြစ်သည်။ သို့သော် တော်ရာဝတ်သွားလျှင်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသော သူမသည် မေဘယ်လ်ကဲ့သို့ပင် မလှပ၊ မတင့်တယ်သော ဝတ်စုံဖြင့် သိမ်ငယ်နေရမည်ဟု ကြောင့်ကြမိပြန်သည်။ ဒါပေမယ့်အရွဲ့တိုက်ရာတွင် ထက်သန်သောစိတ်ကလေးက အလံကလေး တလွင့်လွင့်နှင့် ထကြွလာပြန်သည်။

အဘယ်ကြောင့် ပတ်ဝန်းကျင်နှင့် ရုပ်ဝတ္ထုများရဲ့ လွှမ်းမိုးမှုကို ခံရမည်နည်း။ မျက်နှာပြောင်နှင့် ထသွားထလာဝတ်စုံဖြင့်ပင် ပွဲတက်ချင်လည်း လောကကို မထီမဲ့မြင်ပုန်ကန်လိုစိတ်က ကြံစည်ရုံမျှနှင့် အထမမြောက်။ ဝစီကံခြင်း စီးချင်းထိုးလျှင်ပင် အောင်နိုင်ချေမရှိ။ ထိုသို့ ပွဲတက်မယ်ဆိုလျှင် အမေက သမီးအဖြစ်မှ စွန့်လွှတ်မည့် သဘောမှာရှိသည်။ သူဆင်ပေးသည် ရွှေလက်ပတ်ကို မဝတ်ချင်ဘူးလို့ ပြောနေရသည့်တိုက်ပွဲပင် အတော်ပြင်းထန်နေပေပြီ။ 

မတတ်နိုင်လေပြီ။ အခုတော့ဖြင့် သူမသည် စစ်ရှုံးမည့်အရိပ်အယောင်မြင်သဖြင့် ငြိမ်းချမ်းရေးယူလိုက်သည်ဟု စကားအလှသုံးရတော့မည်။ လက်ထပ်ပွဲမတက်မီတရက်အလိုအမှာတော့ ကံကောင်းထောက်မစွာပင် အင်္ကျီတစ်ထည်ရသည်။ မေဘယ်လ်ကို သတိရပြန်သည်။ ဝတ်စုံကို ကြိုတင်ဆင်ယင်သည့်ခဏတော့ မေဘယ်လ်လို ချစ်စရာမိန်းမငယ်လို့ ကိုယ့်ကိုယ်ကိုယ်မမြင်ပေမယ့် မဆိုးပါဘူးလို့ စိတ်ထားတတ်အောင် ကြိုးစားသည်။ မျက်နှာချေပါးပါးလူးပြီးသောအခါမှာတော့ ဒါဟာအစဉ်အလာပဲလေလို့ စိတ်ဖြေဖျောက်နိုင်ရန် အားထုတ်သည်။

သို့သော် ဝတ်ကောင်းစားလှဆင်ယင်ထားသူများကိုမှ လူကြီးလူကောင်းလို ဆက်ဆံသောအတုအယောင်ကမ္ဘာကို မြင်ရပြန်သည့်အခါ မွန်းကျပ်လာပြန်သည်။ လူထူထူ၊ပွဲဆူဆူတွင် နေသားမကျ တကိုယ်တည်း လွတ်လပ်စွာနေချင်စိတ်က တရိပ်ရိပ်ထလာပြန်သည်။ ဝမ်းနည်းဖွယ်ပင်။ကြောက်စရာလူများအကြားတွင် ပျံသန်းပြေးချင်စိတ်မှာ ငုံ့လျှိုးပုန်းကွယ်နေရသည်။ မပေါ့ပါးရုပ်ကို ဟန်လုပ်ပြုံးဖြင့် ကြိုးစားဖုံးထားသည်။

ပကာသနမျက်နှာဖုံးဖြင့် ကျပ်တောက်သောအဝတ်အစားများကို မသက်မသာဆင်ယင်ထားသူများကို တွေ့လျှင်လည်း ယင်ကောင်တွေ ဟု မရေရွတ်ဖြစ်အောင် ကြိုးစားဆောက်တည်နေရသည်။ တရားထိုင်သကဲ့သို့ တစ်နာရီခွဲလောက်တော့ ငါ ရအောင် နေဦးမယ်ဟု သံန္နိဌာန်ချမှတ်ထားရသည်။ ဗာဂျီးနီးယားဝုဖ်ဥပမာပေးထားသည့် လှပမြူးတူးစွာ ပျံသန်းနေသည့် ပုစဉ်ကောင်လေးများ၊ လိပ်ပြာများ၊ ပိုကောင်းလေးများကဲ့သို့ မဖြစ်နိုင်ရင်တောင်မှ ပန်းကန်လုံးထဲသို့ ပြုတ်ကျသွားသော ယင်ကောင်မဖြစ်အောင်တော့ စွမ်းစွမ်းတမံ ဆောက်တည်နေလေသည်။ ။ 

မယ့်ကိုး

5 comments:

Anonymous said...

ပပိုဒ် သရဲဘောကြောင်
ဒုပိုဒ် လူတောမတိုးတာ
ဆဌမအပိုဒ် မ၀တ်ချင်ဘူး
အဌမအပိုဒ် အတုအယောင်ကမ္ဘာ

Anonymous said...


Dear Mae

I am exactly same like you.
I like and feel the same most of your post.

Best Regards,
Esther

မယ့်ကိုး said...

Anonymous ရှင့်
စေတနာထား စာလုံးပေါင်းပြင်ပေးတဲ့အတွက် (အားလည်းနာ) အထူးကျေးဇူးတင်ပါတယ်ရှင်။

:)

ွှDear Esther,

Thanks so much for your kind comment.

With love,
Mae Coe

မယ့်ကိုး said...

ငယ်ငယ်တုန်းက စာလုံးပေါင်းမှားတဲ့ စာရေးသူတွေကို အထင်သေးတတ်ခဲ့သလို ဘာသာစကားတစ်ခုကို မတတ်ကျွမ်းရင် တခြားသာစကားကိုလည်း ညံ့ဖျင်းမှာပဲလို့ ဖြန့်ကျက်တွေးလိုက်သေးရဲ့။ ခုတော့ ဝဋ်လည်လေပြီ။ မြန်မာစာလုံးပေါင်းများကို အသေအချာစစ်သည့်ကြားကပင် အမြင်မှောက်မှားကာ ရေးဖြစ်သွားသော စာလုံးပေါင်းအမှားများ၊ မေ့လျော့နေသော အင်္ဂလိပ်စာလုံးပေါင်းများ၊ လုံးလုံးသတိမရတော့သော ဂျပန်စာလုံးများ။

ဦးနှောက်ကပြောတာ တခြား၊ လက်ကရိုက်တာတခြားဖြစ်နေတာ ကျွန်မ တစ်ယောက်တည်းလား။ စာလုံးပေါင်းအမှားများကို သည်းခံဖတ်ပေးသော စာဖတ်သူများကို အားနာရင်း စာများကို သတိမမူ မလေးမစားရေးသားခြင်း မဟုတ်ကြောင်း တောင်းပန်အပ်ပါတယ်။

Anonymous said...

မမှားသောရှေ့နေ မသေသောဆေးသမားဆိုတယ်.သတိမူကမြူတောင်မြင်နိုင်တယ်ပြောရိုးရှိတာမို့ အမှားကိုသိလို့ အမှန်ကိုပြင်ရင်း အမှားကင်းစင်တဲ့ စာရေးသူတယောက်ဖြစ်လာစေဖို့ရည်ပါတယ်။