19 December 2013

သနားမိသူဟာ ရယ်စရာ




ဂျုံခင်းထဲမှာ လိုက်ဖမ်းသူ (The Catcher in the rye)ကို ဖတ်မလို့ရည်ရွယ်ထားပြီး တခြားစာတွေပဲ ဖတ်ဖြစ်တယ်။ တစ်နေ့က မိတ်ဆွေတစ်ယောက်အိမ်သွားလည်ရင်း မြသန်းတင့်က လေလွင့်သူလို့ ဘာသာပြန်ထားတာကို ငှားဖတ်မိကာ နှစ်သက်စွဲမိသွားရဲ့။ စာကျေအောင် ဘိုလိုတောင် ထပ်ဖတ်လိုက်သေးတယ်။ တစ်ခန်းကတော့ သဘောကျလွန်းလို့  ၁၀၀ ရာခိုင်နှုန်း ထောက်ခံမိအောင်ပါပဲ။

 

‘မိန်းကလေးတွေမှာ ဖြစ်နေတဲ့ ပြဿနာက ကောင်လေးတစ်ယောက်ကို သူတို့ ကြိုက်မိပြီဆိုရင် ဘယ်လောက်ဆိုးရွားတဲ့ အယုတ်တမာကောင်ကြီးပဲ ဖြစ်ဖြစ် သူက သိမ်ငယ်စိတ်ရှိလို့ပါလို့ ပြောလိမ့်မယ်။ သူတို့မကြိုက်တဲ့သူဆို ဘယ်လောက်ကောင်းတဲ့ လူရည်မွန်လေးပဲဖြစ်ဖြစ် ဒါမှမဟုတ် သူက ဘယ်လောက်ကြီးတဲ့သိမ်ငယ်စိတ်ပဲရှိရှိ သူက ကြွားဝါဘဝင်မြင့်နေတယ်လို့ သူတို့ ပြောလိမ့်မယ်။ ထက်မြက်တဲ့မိန်းကလေးတွေတောင် အဲဒီလို ပြောတတ်တယ်’ တဲ့။ မှန်လွန်းလို့ သဘောတကျနဲ့ အသံထွက်အောင်ပင် ရယ်လိုက်မိတာ။

လူကြီးရှက်တော့ ရယ်ဆိုလား။ အဲဒီမိန်းမတွေထဲ ကျွန်မလည်း အပါအဝင်မဟုတ်ပါလား။ မိန်းမတွေဟာ ကိုယ်နှစ်လိုတဲ့သူဆို ဘယ်လောက်ပဲဟိတ်ဟန်ကြီးမော်ကြွားနေပါစေ။ အမြင်ကတ်စရာလို့ မထင်ဘဲ သိမ်ငယ်စိတ်ရှိလို့ပါဆိုပြီး စိတ်မကောင်းဖြစ်တတ်ရဲ့။ ဘယ်လောက်ပဲအောင်မြင်ပြည့်ဝသူဖြစ်နေပါစေ။ ချို့ယွင်းချက်သေးသေးလေးကို ကြည့်ပြီး သနားမဆုံးလည်း ဖြစ်တတ်ရဲ့။ မနှစ်လိုသူဆိုရင်တော့ စကားတစ်ခွန်း၊ အပြံးတစ်စ၊ အကြည့်တချက်ကိုမျှ မြင်ကွင်းထဲ အချိုးတကျ ကြည့်မရ၊ သည်းမခံနိုင်ဖြစ်တတ်ရဲ့။

ဟိုတလောက မိတ်ဆွေတစ်ယောက်ကိုတောင် ‘စိုင်းစိုင်းက သနားစရာလေးပါ ’ လို့ ပြောမိတော့ ‘ဘာလို့ စိုင်းစိုင်းကို သနားရတာလဲဗျ။ ခင်ဗျားတို့ မိန်းကလေးတွေလည်း ခက်တာပဲ။ ဒီလောက် အောင်မြင်နေတဲ့ သူဌေး ဥစ္စာပေါရုပ်ချောသဘောကောင်း လူပျိုကို ဘာလို့ သနားရတာလဲ’ တဲ့။ စာအုပ်ထဲက ကောဖီးနဲ့ တစ်လေသံတည်းပါလေ။

မိန်းမတွေက စိတ်ပျက်စရာလို့ အထင်မခံချင်ဘူး။ ကျွန်မကိုလည်း ဂေါက်ကြောင်နေတယ်လို့ မမြင်စေချင်ဘူး။ ဒါပေမယ့်လည်း အချက်အလက်နဲ့ စီကာပတ်ကုံးရှင်းမပြချင်ပြန်ဘူး။ ရန်ဖြစ်တာက ယောက်ျားလေးအလုပ်၊ သနားတာက မိန်းကလေးအလုပ်လို့ စိတ်ထဲရှိတာ ပြောလိုက်မိတယ်။ ဘာဆိုင်လို့လဲ ဘာညာမေးတဲ့အခါ ဟုတ်တယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို သနားကြင်နာလွန်းလို့ ခုလိုအသက်စွန့်အလုပ်လုပ်နေတာလေ လို့ စကားကို ပိတ်ပြောခဲ့ပြန်တယ်။

ကိုယ့်ဘာသာသနားချင်တာနဲ့ နိုင်ငံရေးပါ စွဲထည့်လိုက်ရတာတော့ စိတ်မကောင်းပါဘူး။ တကယ်တော့ အဲဒီမိတ်ဆွေကိုလည်း သနားခဲ့မိတာပဲ။ အဲဒီလိုများ ပြောလိုက်မိရင် ဒီအလုပ်လက်မဲ့မိန်းမက ငါ့ကိုများသနားတယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်၊နံရံကို လက်သီးနဲ့ထိုး၊ စိတ်တွေဆိုး ရာသက်ပန်သူစိမ်းတွေ ဖြစ်သွားမလားမသိ။ မှန်ပါတယ်။ ကိုယ့်ကို သနားတယ်ဆိုရင် ဘယ်သူက နှစ်သက်လက်ခံနိုင်မှာလဲ။ ဒါပေမယ့် သနားတယ်ဆိုရာဝယ် တစ်စုံတစ်ခုချွို့ယွင်းနေလို့ အပေါ်စီးကနေ ကြည့်ပြီး အရသာခံနေသလိုမျိုး မဟုတ်ရပါဘူး။

ဘာပဲဖြစ်ဖြစ်  အမှန်အတိုင်းမမြင်ဘဲ သနားမိခြင်းရဲ့ ရလာဒ်က အရှုံးချည်းပါပဲ။ ဘယ်သူ့ကိုမဆို လွယ်လွယ်ကူကူ ချေးငှားတတ်သလို အကြွေးတောင်းရမယ့်အခါမှာတော့ မရဲရင့်ပြန်ဘူး။ ကြွေးယူသူက တစ်ခွန်းလောက်တောင်းပန်ပြောလိုက်တာနဲ့ စိတ်မရှိပါနဲ့။ အဆင်ပြေအောင် နေပါ။ စိတ်ချမ်းသာအောင် နေပါနော်လို့ ဆိုမိပြန်ရော။ မခက်ပေဘူးလား။

သနားတာနဲ့ အားနာတတ်တာ ပေါင်းလိုက်တဲ့အခါ ညံ့ဖျင်းတဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်သွားလေသတည်းပေါ့။ တကယ်ဆို ဒီလို နုံအ၊အသုံးမကျတဲ့ ကျွန်မကသာ သနားစရာကောင်းတာ သိတာပေါ့။ အမှန်အတိုင်းအတိအကျဆိုရမယ်ဆို ကျွန်မက သနားစရာထက် စိတ်ပျက်စရာပိုကောင်းနေမယ်ထင်ရဲ့။ အဖြစ်မရှိတဲ့ မိန်းမပါ။နောက်ကွယ်မှာ အရယ်ခံရတဲ့ မိန်းမမျိုး မဖြစ်ချင်ပါဘူး။

ဒါပေမယ့် ကိုယ်ချင်းစာမိခဲ့ခြင်းဟာ လှည့်စားခံရခြင်းနဲ့ အဆုံးသတ်တဲ့အခါ ဒေါသထွက်စရာ၊ ရှက်စရာဖြစ်နေဆဲ။ ကဲ့ရဲ့လက်ညှိုးထိုးစရာ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းမှု ဖြစ်နေဆဲ။ သင်ခန်းစာ ရသင့်ပါပြီ။ ဘယ်သူ့လွှမ်းမိုးမှုမှ မခံဘဲ၊ ဘာကိုမှ မထောက်ထားဘဲ 'ဟင့်အင်း'လို့ ပြောနိုင်အောင် ကြိုးစားမယ်ဆိုကာ ရက်စက်သော၊ အေးစက်နာကျင်စေသော အတိတ်တွေကို သယ်ပိုးထားရင်း  ကိုယ့်ကိုယ်ကိုယ်ထောက်ကန်ထားရတယ်။ ချိုသာပေမယ့် မငဲ့ညှာသော စကားတွေကို အာဂုံဆောင်ထားမိပြန်တယ်။

သေချာတာက ကျွန်မက မဟာဂရုဏာရှင်မဟုတ်ဘူး။ သနားတာကို စကားအလှအဖြစ် အကြင်နာလို့ သုံးမယ်ဆိုရင်လည်း ကျွန်မက အကြင်နာကြီးသူ မဟုတ်ပါဘူး။ သနားကြင်နာမိတဲ့သူတွေကို တခြားလုပ်ခ၊ငွေအား၊အချိန်တွေသာ ပံ့ပိုးချင်ပံ့ပိုးနိုင်ပေမယ့် ဘဝတစ်ခုလုံးရင်းနှီးမြှုပ်နှံ ကိုယ်ကျိုးစွန့်နိုင်သူ မဟုတ်ပါဘဲ။

မိတ်ဆွေမလေးတစ်ယောက်ကလည်း အကြံပေးတယ်။ ကိုယ်ရေးနေတဲ့ ဇာတ်ကောင်ကိုတော့ မသနားစေချင်ဘူးတဲ့။ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ဇာတ်ကောင်အပ်ါမှာ ထားမိတဲ့ ဂရုဏာကို တားဆီးချုပ်ကိုင်ထားခြင်းငှာ မစွမ်းသာပါဘူး။ တစ်ချို့ရွံရှာစက်ဆုပ်စရာဇာတ်ကောင်တောင် သူတို့ဖက်က တစ်ခွန်း၊နှစ်ခွန်းဝင်ပြောမိပြန်ရော။ လူတိုင်းအပေါ် တရားမျှတချင်မိပြန်တာကလည်း ဆေးမတိုးတော့တဲ့ တီဘီရောဂါသည်လို ဒါနဲ့ပဲ အသက်ဆုံးတော့မယ်ထင်ရဲ့။ နောင်တလည်း မရနိုင်သေးတဲ့ လူမိုက်လည်း ဖြစ်ပြန်ရဲ့။

မိတ်ဆွေမလေးတစ်ယောက်ရဲ့ သနားရာက ချစ်မိသွားတတ်သလားလို့ မျက်နှာစာအုပ်မှာ မေးထားတဲ့ စာတစ်ကြောင်းကို သတိရမိပြန်တယ်။ အဲဒါ အန္တာရယ်လို့ ဖြေဖြစ်ခဲ့တယ်။ ဟုတ်တယ် ။ အဲဒါက အဆိပ်ဆူးလွှမ်းထားတဲ့ ချောက်ပဲ။ သနားစရာလူတစ်ယောက်ကို ချစ်တယ်ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီသနားစရာကောင်းမှုတွေက မနှစ်လိုစရာ အရည်အချင်းမဲ့မှုတွေသာ ဖြစ်တယ်လို့ သိရတဲ့အခါမှာ အချစ်တွေဟာ ပျက်ပြယ်ပျောက်ကွယ်သွားတယ်။ တစ်ချို့ဘဝအတွေ့အကြုံတွေက အရှုံးမဟုတ်ပါဘူး။ အနုပညာအဖြစ် အမြတ်ထွက်နိုင်သေးတာလေလို့ ဖြေသိမ့်နိုင်ရင် သက်သာရာရလိမ့်မလား။ မဝေခွဲနိုင်သေးပါဘူး။

ပစ္စုပ္ပန်မှာတော့ တတ်နိုင်သလောက် သနားစရာမလိုသူကို ဥပေက္ခာပြုနိုင်အာင် ကြိုးစားဆောက်တည်နေပါတယ်။ အဲဒီလို ကိုယ့်ဒုက္ခကိုယ်ရှာ မငြိမ်းချမ်းတဲ့ငါကမှ သနားဖို့ကောင်းတာ။ ကိုယ့်ကိုယ်ကိုယ်သနားလို့ တရားပြန်ချရတယ်။ ဒါပေမယ့်လည်း ကျွန်မကိုတော့ သနားတယ်လို့ ပြောဖို့ မကြံစေချင်ဘူး။ ကျွန်မကို သနားတယ်လို့ ပြောရင် စိတ်ဆိုးမှာ မဟုတ်ပေမယ့် ကျွန်မအကြောင်းကို ဘယ်သူမှ သေချာမသိပါဘူး။ နားမလည်ပါဘူး။ မသိဘဲနဲ့ သနားပါတယ် ဆိုပြီး ကျွန်မက ပြန်သနားမိဦးမှာလေ။ ။ 

မယ့်ကိုး

3 comments:

ko zey said...

ဘဝမှာ အရမ်းသဘောကျမိတဲ့ စာအုပ် ၂ အုပ်ထဲမှာ ဒီတစ်အုပ်လည်းပါတယ်... တစ်အုပ်က ဆရာထင်လင်းဘာသာပြန်တဲ့ စည်းအပြင်ကလူ.. နောက်တစ်အုပ်က ဒီတစ်အုပ်...

သဒ္ဓါလှိုင်း said...

သနားတာ၊ အားနာတာ၊ ကိုယ်ချင်းစာတတ်ခြင်းက လူကို နှောင်ကြိုးတခုလို တွယ်မိနေတာ ကိုက ပြန်ဖြည်ဖို့ ခက်တဲ့ အရာတခု..
သိပ်ကောင်းတဲ့စာတွေ အမြဲရေးတဲ့ မယ့်ကို လေးစားမိခြင်းများစွာဖြင့်
ချစ်ခင်စွာ
သဒ္ဓါ

သိ င်္ဂါ ရ said...

သနားတယ် '

ဆိုတဲ့ ဗန်းစကားလေး ကို သတိရမိသေးတယ် ။

ခနဲ့ခံရသလိုလို ၊ အရိခံရသလိုလို ၊ ခံရခက်ခက် ရှိလှတယ် ။

တခြားသူတွေ အတွက် အသနားခံရတယ် ဆိုတာ

ဘယ်လို ယူဆမယ် မပြောတတ်ပါဘူး ။ တစ်ဦးတည်း

အမြင် အရ ပြောရရင်တော့ ... သနားခံရတယ် ဆိုတာ

ကိုယ့် ကို တစ်ဆင့်နှိမ့် ဆက်ဆံခံလိုက်ရသလိုပဲ ... :)