06 December 2013

သူ့ကိုသာရည် ဖွဲ့သီတဲ့သီချင်း


ပေါက်ပေါက်ဖောက်သလို ၊ ကရားရေလွှတ်သလို စကားတွေ တတွတ်တွတ်မပြောချင်။ သူ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်လို့ပါ။ စာမရေးချင် ။ နှလုံးသားထဲအရောက် ဖွဲ့ဆိုနိုင်ရင်တောင်မှ သုံးခေါက်ထက်ပိုလွန်ကာ ဘယ်သူ ဖတ်ချင်မှာလဲနော်။ ခံစားရသမျှကို သီချင်းရေးပြီး ပြောချင်လိုက်တာလေ။ ထိုအခါမှ အလိုရှိတိုင်း ကြိမ်ဖန်များစွာ အမှာပါးနိုင်လိမ့်မှာ မဟုတ်လား။



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို သူ့အနားမှာ ပျံသန်းတေးဆိုနေတဲ့ ငှက်ငယ်လေးသာ ဖြစ်ချင်တာပေါ့။ ဝမ်းနည်းဖွယ်။  အတောင်ပံမဲ့လူဟာ ကံနိမ့်သူဖြစ်ပြန်တော့ ကလောင်တံနဲ့လည်း တေးမဖြစ်နိုင်။ အသက်ကွဲအက်သံတွေဟာ သံစဉ်ဖြစ်မယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲလေ။  ကြားစေချင်သူ နာလိုမယ့် သံစဉ်တွေပဲ သီချင်တဲ့ ချင်ခြင်းဖြစ်နေမိပြီ။ ဖြေမဆည်နိုင်အောင်ပင်။သီချင်းကိုသာ ရေးဖွဲ့နိုင်မယ်ဆို ဝေးကွာသောအရပ်မှ သူကြားလိမ့်မှာ။ သူမ ပြောလိုသမျှကို သူ နားလည်နိုင်လိမ့်မှာလို့ (ယုံကြည် ) မျှော်လင့်နေမိတာ။

လရိပ်ပြာလေးရေ…ငါ့ရဲ့ ရှင်သန်ခြင်းတေးလေးရေ… မင်းအပြုံးလေးနဲ့ ရင်တွင်းမီးငြှိမ်းပါကွယ့်လို့ တေးသီရတော့မလား။ ကောင်းကင်ကြည်လေးရယ် အလင်းမှုန်ဖွဲ့ ပေးပါလှည့်လို့ သီချင်းညည်းဆိုရတော့မလား။ ထိုစာသားမျိုးရေးရတာ ရှက်စရာကောင်းလှပါတယ်။ အထူးသဖြင့် ဂီတနက်သန် ကိုစောညိန်းရေးတဲ့ သီချင်းများကို နားထောင်ဖြစ်နေတဲ့ ခုနေခါမှာပေါ့။

နာဝါလှေများတွေရယ်၊ ဆွေးသူကို ကယ်ယူပါလှဲ့ ၊ လမ်းကြုံရင်ခေါ်စေချင်ရဲ့  ပြာရီလဲ့ဆည်းဆာ ညနေချမ်းဝယ်၊ မျှော်လေလေ မေ့ကိုလွမ်းတယ်၊ ကမ်းဆိပ်က, သာယာလှပေတယ်။ ရွှေဟင်္သာ မောင်နှံရယ်၊ တောင်ပံယှက်ပြီ၊ လည်ချင်းမှီလို့ ၊ ချချီချစ်ကျွမ်း၊ အောင်တော်သံ ခွန်းတုံ့လှယ်၊ နေညိုအိပ်တန်းတက်ဝယ်၊ တူနွှဲယှက်ကာ ပျော်နိုင်ပါပေတယ်။ (ဆည်းဆာ- ဂီတနက်သန် ကိုစောညိန်း) 
………………….. 

ဥသြငှက်ကလေးတို့ရယ်၊ ဟိုပင်ယံရွှေယင်းမာက၊ တေးသံသာဖွဲ့ ကာ ကြည်စယ်၊ ရယ်ရွှင်ပါလို့ မောင့်ကိုညွှန်းသည့်နှယ်၊ ပူပူဝန်ကြွေးရယ်နဲ့ ၊ ဆွေးရတဲ့မိန်အကျန်ဝယ်၊ ရော်ရွက်ဝါတို့  သက်ကြွေဆဲ၊ ဖော်နည်းသူမို့  မျက်ရည်ဝဲပြီကွယ်။ (နွေဦး- ဂီတနက်သန် ကိုစောညိန်း)

ကိုစောညိန်းရဲ့ သီချင်းစာသားများကို ကြားမိသလို ချရေးနေမိပြန်။ ထိုမျှ လှပသောစကားလုံးများ၊ လွမ်းမောသာယာဖွယ် သံစဉ်ဖြင့် သီချင်းရေးဖွဲ့တတ်မယ်ဆို  သေပျော်တော့မယ် ထင်ရဲ့။ တကယ်ပါ။ ဒါပေမယ့် လှောင်ချင်လည်းလှောင်လိုက်ပါဦး။ ဒို ရေ မီ ဖာ ဆို လာ တီ ကိုပင် ကွဲပြားခြားနားအောင် မသိသူပါကွယ်။ ခက်ပါဘိ။ သံစဉ်ကို ဖွဲ့နိုင်လျှင်ပင် ဘယ်လိုစ စကားလုံးစီရပါ့။ 

တိမ်ညိုတွေကောင်းကင်မှာဝေနေတာက ခြေဆင်းဖြစ်မလား။ မိုးကြိုးပြိုးပျက်လျှပ်လက်နေတယ်ဆိုကာ ရာသီဥတု အကြောင်းနဲ့ လွမ်းချင်းစရဦးမှာလား။ နိဂုံးချုပ်တော့ ကိုယ်ဟာ ကယ်တင်မှု လိုပါတယ် ဆိုကာ နွဲ့ပြရမှာလား။ ဟင့်အင်း ။မာကျောဟန် ဆောင်ပါရစေဦး။ ဒါပေမယ့် ကာလတစ်ခုထိ  အနားမှာ သူရှိနေပါ့မယ်လို့ ကတိပေးရင် မာနတွေ ဟန်ဆောင်မှုတွေ ဘေးချထားပြီး မျက်ရည်ကျနေမိမလား မသိ။ သူလည်း ဘယ်တော့မှ မသိနိုင်။ ဒီဘဝ ဒီမျှသာ ရှိပါစေတော့လို့ တစ်သက်တာ ငိုညည်းရတော့မယ်ထင်။

...........................................

 အောင်မြင်သောသီချင်းတစ်ပုဒ်သည် မအောင်မြင်သောအချစ်နှင့် မည်သို့ပက်သက်ခဲ့ပါသနည်း။- ကေဇော်
...........................................

ဖြစ်နိုင်မယ်ဆို ဖြစ်ကြောင်းကုန်စင်ကို လေလှိုင်းကသာ လွင့်ပါးနိုင်မယ့် သီချင်းသာ သီဖွဲ့ချင်သူရယ်လေ။ ပူလွလွစိတ်နဲ့ ကြံရာမရပြန်။ အလွမ်းဆိုသော ပန်းချီကားပဲဆွဲဖြစ်တော့မလား။ ဂီတဗီဇချို့သူမို့ ပန်းချီဖက်ပဲ ခြေဦးလှည့်ရတော့မှာပင်။ နေပါဦး။ ဘယ်လိုစုတ်ချက်သရမှာလဲ။ သောကပရိဒေဝကို အရိပ်၊အရောင်နဲ့ ညွှန်းပြမယ်ဆိုလျှင် ညို့မှိုင်းဝေရီ ဝိုးတဝါးဖြစ်နေမလား။ သူက သူ့အိပ်ခန်းမှာ ချိတ်ဆွဲထားနိုင်ခွင့်ပေးမယ်ဆို ရူးချင်ရူးပါစေ ပန်းချီပဲရေးနေချင်တော့။

သူမ သေသင့်ပြီမဟုတ်လားဟင်။ အနုပညာဆိုတဲ့အရာကို ခံစားမှု၊အတွေးအခေါ်တို့နဲ့ ဖွဲ့စည်းရမယ်လို့ ဆိုကြတဲ့အခါ...သူမကတော့ ခံစားချက်ကိုပင် အကျယ်တဝင့် ခြယ်မှုန်းနိုင်သူ မဟုတ်ဘူးဘဲ။ သီချင်းလေးတစ်စ၊ ပန်းချီကားလေးတစ်ချပ် မပြီးမြောက်သေးဘဲ  မျက်လုံးမှိတ်ဖို့ မတော်သေးပါဘူး။  ဒါပေမယ့် သူမ ဘာတတ်နိုင်မှာလဲ။ အဆုံးမှာတော့ ပါရမီနည်းသူမို့ ဝမ်းနည်းနာကျင်ခြင်းနဲ့သာ မိတ်ဖွဲ့နေရပြန်ပြီလေ။  ။ 

မယ့်ကိုး

4 comments:

Shwe Oo Khin said...

သိပ်လှတဲ့ စာသားတွေကို အသေအချာ ဖတ်နေရင်း
နုသော နွဲ့သော စိတ်များကို ၇လိုက်တာမို့
ဒီလို အရေးမျိုး ကို သဘောကျနေမိရင်းပဲ။

သဒ္ဓါလှိုင်း said...

စာပေအနုပညာကိုမြတ်နိုးသူ တယောက်အတွက် ခံစားချက်ကို အနုပညာနဲ့ ညွှန်းဖွဲ့ ခြယ်မှုန်း ချင်သူပါ.. ခြယ်မှုန်းပြီးသား ပန်းချီကားလေး တစ်ချပ်ကိုသာ နားလည်နိုင်မယ် ဆိုရင်ဖြင့်..
ချစ်ခင်စွာ
သဒ္ဓါ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ပို့စ်နဲ့ ကိုစောညိန်းသီချင်းစာသား ဟပ်နေတော့တာပဲ

ကြည်ဖြူပိုင် said...

ပို့စ်လေးရော

သုံးသွားတဲ့ သီချင်းစာသားလေးတွေရော

သိပ်ကြိုက်တယ်

မယ့်

<3