09 March 2013

ညှင်းပန်းနှိပ်စက်မှုနှင့်အတူ ကြီးပြင်းလာသောအခါ


နှစ်ကူးကစပြီး ရီဟားနားနဲ့ ခရစ်ဘရောင်းတို့ ပြန်လည်ချစ်ကြည်နေပြီသတင်းကို ဖတ်ပြီးပြီးပဲ မကျေမနပ်နဲ့ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲ မကျေနပ်ဘူး လို့ မိတ်ဆွေကိုပြောတဲ့အခါ မင်းသား၊မင်းသမီးတွေအကြောင်းကို စိတ်ဝင်စားသူပဲ လို့ ကင်ပွန်းတပ်ကဲ့ရဲ့ခံလိုက်ရပါတယ်။ ရီဟားနားဟာ ကျော်ကြားတဲ့အဆိုတော်မင်းသမီးဖြစ်လို့ ကျွန်မ ပြောနေတာ မဟုတ်ဘူးလို့ သူ့ကို ချက်ချင်းပြန်ပြောလိုက်ပါတယ်။ တကယ်ပါ။ ကျွန်မအတွက်တော့ ရီဟားနားဟာ ချစ်ခင်ကြင်နာစရာ ညီမငယ်တစ်ယောက်လိုသာရယ်။


၂၀၀၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ ရက် ဂရမ်မီဆုပေးပွဲမတိုင်ခင်ညမှာ ခရစ်ဘရောင်းက ရီးဟားနားကို မျက်နှာတစ်ခုလုံး ဖူးဖူးယောင်တဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ရအောင်  ရိုက်ပုတ်နှိပ်စက်ပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကို ကျွန်မ မမေ့သေးဘူး။ ဘယ်သူမှလည်း မေ့လိမ့်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမကတော့ မေ့ခဲ့ပါတယ်။ ညှင်းပန်းနှိပ်စက်မှုအဖြစ် စတင်စစ်ဆေးအရေးယူချိန်ကစပြီး ခရစ်ဘရောင်းရဲ့ သီးချင်းထုတ်လုပ်မှုကို ရေဒီယိုတွေမှာ ရပ်ဆိုင်းလိုက်တာ၊ ဖျော်ဖြေရေး၊ကြော်ငြာရေးစာချုပ်တွေ ပယ်ဖျက်သွားကြတာကြောင့် ခရစ်ဘရောင်းရဲ့ အနုပညာအသက်မွေးမှုရပ်သွားမှာ သူမက စိုးရိမ်ကြောင့်ကြစိတ်မကောင်းဖြစ်ခဲ့တယ်လေ။ ရီဟားနာဟာ ခရစ်ဘရောင်းဆီ ပြန်သွားခဲ့တာရယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ မီယာမီကမ်းခြေမှာ သူတို့နှစ်ဦးအပန်းဖြေနေပုံကို ကျွန်မတို့ မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မဟာ တစ်ခြားသူတွေလိုပဲ ရီဟားနားဟာ ဒီလောက်မမိုက်မဲဘူးလို့ ယုံကြည်တယ်။ ရီဟားနားဟာ စိတ်ထားကြီးမြင့်သူမို့ ခရစ်ဘရောင်းကို မိတ်ဆွေအဖြစ်ဆက်လက်ပေါင်းသင်းပြီး ဂီတလောကမှာ ပြန်လည်ရပ်တည်ခွင့်ပေးခဲ့တာလို့သာ ထင်ခဲ့ရဲ့။၂၀၀၉၊ မတ်လ ၁၂ ရက်နေ့က အိုဖရာရဲ့ တင်ဆက်မှုအစီအစဉ်မှာ သူမက ‘ယောက်ျားတစ်ယောက်က ရှင့်ကို တစ်ကြိမ်ရိုက်တာနဲ့ နောက်တစ်ကြိမ် သူ ရိုက်ဦးမှာပဲ’ လို့ ပြောတဲ့အခါ သူမကို တာဝန်သိတတ်မှုရှိတဲ့ မိန်းကလေးအဖြစ် စိတ်ချနှစ်လိုသွားခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။

ကျွန်မလိုပဲ ကမ္ဘာအနှံ့က အမျိုးသမီးတွေဟာ ရီဟားနားကို လေးစားချစ်ခင်ကြတယ်။ ကိုယ်ချင်းစာနားလည်ကြတယ်။ တစ်ချို့မိန်းကလေးငယ်တွေကတော့ အားကျအတူယူကြတယ်။ ဒါကြောင့် အချစ်နဲ့ခွင့်လွှတ်မှုဆိုတဲ့ အမည်နာမမှာ သူမကို ငေးကြည့်နေတဲ့ မိန်းကလေးငယ်တွေ သေစေနိုင်တယ်ဆိုတာ သူမနားလည်ခဲ့ပါတယ်။ မိန်းကလေးတွေရဲ့ စံအဖြစ်သူမကြိုးစားကြိုးစားရပ်တည်ခဲ့တယ်။ တခြားတွေ့ဆုံမေးမြန်းမှုတစ်ခုမှာလည်း သူမဟာ ‘ ခရစ်က ကျွန်မကို နောက်တစ်ကြိမ်မရိုက်ပုတ်ဘူးဆိုရင်တောင် သူတို့ရည်းစားတွေက သူတို့ကို မရိုက်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ သူတို့ ဒီကောင်မလေးတွေကို မသတ်ဖြတ်ဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ’ လို့ မျက်ရည်တွေကြားက သူမဖြေခဲ့ပါတယ်။

ဒါပေမယ့် ဒီပုံရိပ်တွေဟာ သုံးနှစ်ကြာခဲ့ပြီလေ …ဟုတ်။ လူဆိုတာ ပြောင်းလဲတတ်တာကြောင့်လား။ သူမကပဲ မပြောင်းလဲတာလား။ သူငယ်ချင်းတွေလိုပါပဲ ဆိုကာ ခရစ်ဘရောင်းရဲ့ ‘birthday cake’ သီချင်းကို သူမကဖြည့်စွက်ဆိုကာ ကျွန်မတို့ကို မျက်စိလည်စေခဲ့ပြန်တာ။ ဒါဟာ ပုံမှန်အရ ကောင်းမွန်ကျန်းမာတဲ့ ဆက်သွယ်ရေးမဟုတ်ဘူး။ ကျွန်မဟာ ရီဟားနားကို စိတ်မချဘူး။ twitter မှာ ပရိသတ်တစ်ယောက်က ဝေဖန်တဲ့အခါ သူမ မခံမချိမသာအောင် စိတ်ဆိုးပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်တတ်တာ။ တွေ့ဆုံမေးမြန်းခန်းတွေမှာ အချစ်ရေးနဲ့ပက်သက်ပြီးမေးတိုင်း ကြွပ်ဆတ်ပြတ်တောင်းစွာဖြေတတ်တာဟာ စိတ်ထားမျှတသင့်တင်သူပြုလုပ်သင့်တဲ့ အမူအကျင့်တွေ မဟုတ်ပါဘူး။ 

သူမတစ်ယောက် စိတ်ဓာတ်ကျဆင်းနေတာ အသေအချာရယ်။ အသေးအဖွဲကိစ္စတွေမှာ အလွန်အကျူး ပေါက်ကွဲတတ်တာဟာ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ခု မဟုတ်လား။ ပေါင်းသင်းဆက်ဆံရေးစိတ်ပညာရှင် Jo Hemmings ကတော့ 'ရီဟားနားရဲ့ အပြောင်းအလဲမြန်တဲ့စိတ်အခြေအနေဟာ သူမမှာ NPD - Narcissistic personality disorder (အတ္တကြီးလွန်းတဲ့ စိတ်ရောဂါ) ခံစားနေတာကို ညွှန်ပြနိုင်တယ်။ ရောဂါလက္ခဏာတွေကတော့ ကိုယ့်ကိုယ်ကိုယ်အရေးပါချင်စိတ် အဆမတန်များပြားနေတာ၊ သူတပါးရဲ့ အာရုံစိုက်မှုနဲ့ သဘောကျနှစ်သက်မှုကို အဆက်မပြတ်လိုအပ်နေတာပဲ။ ဒီအချက်တွေကို ရီဟားနားက အဝတ်အစားတစ်ဝက်တစ်ပျက်ချွတ်ထားတဲ့ပုံတွေကို တင်ပြီး ပြသနေတယ်လို့ ပြောပါတယ်။  


စိတ်ပညာရှင်တွေက ဒီလိုဆိုကြတာဟာ twitter မှာ သူမရဲ့ ဓာတ်ပုံများ၊ စာများ အဆတ်မပြတ်တင်ခြင်းနဲ့ ဟာဝိုင်အီမှာ အပန်းဖြေသွားရင်းမှာတောင် သူမရဲ့ အပေါ်ပိုင်းအဝတ်အစားမဲ့ပုံကို တင်ပြခဲ့ကြောင်းဖြစ်ပါတယ်။ လေ့လာနိုင်တဲ့အချက်တွေကတော့ အတ္တကြီးလွန်းတဲ့ စိတ်ဖောက်ပြန်သူတွေဟာ ကိုယ့်ကိုယ်ကိုယ်အရေးပါအောင် ပုံကြီးချဲ့ကားပြောဆိုလုပ်ကိုင်တတ်တယ်။ အဆုံးမဲ့အောင်မြင်ချင်တဲ့ စိတ်ကူးယဉ်မှုမှာ နစ်မြုပ်ထားတတ်ကြတယ်။ ပြီးတော့ အများတကာရဲ့ အာရုံစိုက်မှုကို မရပ်မနားရှာဖွေလုပ်ကြံနေတတ်ကြတယ်လေ။

 
ဒီလိုတွေ ဆွေးနွေးဝေဖန်ကြပေမယ့်လည်း သူမဟာ ထိုထက်ဖော်လှစ်သောဓာတ်ပုံများကိုပါ တင်ပြလာခဲ့ပါတယ်။ ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်လို့လဲ။ သူမဟာ အတ္တကြီးလွန်းလို့ စိတ်ဖောက်ပြန်နေသူတဲ့လား။ မဟုတ်သေးပါဘူး။ ကျွန်မ ချစ်ခင်နှစ်လိုခဲ့သော၊ ချစ်တဲ့သူရဲ့အနိုင်ကျင့်ခံရမှုကို မပြိုလဲဘဲရင်ဆိုင်ခဲ့သော မိန်းကလေးဘယ်ရောက်သွားပြီလဲ။

သူမ အသွင်းပြောင်းသွားခဲ့တာပါ။ ‘နာမည်ကြီးလူသိများစေချင်တဲ့အတွက် အများရဲ့အာရုံစိုက်ခံလိုခြင်း ပြင်းထန်နေသူလဲဖြစ်ပါလျှက် မိန်းကလေးတွေရဲ့ စံအဖြစ်ကြိုးစားရပ်တည်ခဲ့တဲ့သူလဲဖြစ်ပါလျှက် ထိုယောက်ျားတယောက်ကို ချစ်သူတွေအဖြစ် ပြန်လည်လက်သင့်ခံခဲ့တဲ့ စွဲလမ်းတပ်မက်မှုက တော်ရုံတော့မဖြစ်နိုင်ဘူးး။ ဘာလို့ဆို... ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ကြီးမားတဲ့ အဟန့်အတားဖြစ်စေတာမို့...’ လို့ စာရေးသူ Turn On Ideas က မှတ်ချက်ပေး မေးမြန်းခဲ့ပါတယ်။
ဟုတ်ကဲ့။ အနိုင်ကျင့်စော်ကားခဲ့သူကို ချစ်သူအဖြစ် ပြန်လည်လက်ခံခဲ့သောမိန်းမတစ်ယောက်အကြောင်းရေးရာမှာ အဓိကအချက်ကို ဆိုခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း အရင်ဆိုပါရစေ။ ဘာဖြစ်လို့လဲဟု ဖြေရပါလျှင် ရီဟာနားဟာ ညှင်းပန်းနှိပ်စက်တတ်တဲ့ အဖေနဲ့ အတူကြီးပြင်းခဲ့ရခြင်းကြောင့်ရယ်။ ရီးဟားနားရဲ့ မူးယစ်ဆေးဝါးစွဲနေတဲ့ ဖခင်ဟာ မိခင်ကို ရိုက်နှက်နှိပ်စက်ခဲ့သူဖြစ်ပါတယ်။ မိခင်က ဖုံးကွယ်ထားပေမယ့် ရီဟားနားလေးဟာ ဒီညှင်းပန်းမှုတွေကို သိခဲ့ပါတယ်။
စာနာသနားစရာ ကလေးငယ်ရယ်လေ။ ညတွေမှာ သူမဟာ အိပ်မပျော်နိုင်ဘဲ နိုးနိုးကြားကြားနဲ့ မိဘတွေ ဘယ်အချိန်ရန်ဖြစ်မလဲဆိုတာ ကြောက်ကြောက်လန့်လန့်နဲ့ စောင့်နေခဲ့တာပါ။ မိဘတွေရန်ဖြစ်ကြရင် သူမက အလယ်မှာနေကာ ရပ်တန့်တားမြစ်နိုင်အောင် ကြိုးစားခဲ့ချင်လို့ဖြစ်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေဟာ ရီးဟားနားရဲ့ ရုပ်ပိုင်းဆိုင်ရာကိုတောင် ပြင်းထန်စွာသက်ရောက်ခဲ့ပါတယ်။

အသက်ရှစ်နှစ်အရွယ်ကစလို့ သူမမှာ ခေါင်းကိုက်ရောဂါအပြင်းအထန်စွဲခဲ့ပါတယ်။ နာကျင်မှုပြင်းထန်လွန်းလို့ ဦးနှောက်မှာအကျိတ်ဖြစ်နေသလားဆိုကာ ဆရာဝန်က စစ်ဆေးဖို့ ညွှန်ကြားခဲ့ပေမယ့် ကံအားလျှော်စွာပဲ ဘာချွတ်ယွင်းချက်မှ မတွေ့ခဲ့ပါဘူး။ သူမကလေး အသက်ဆယ့်လေးနှစ်အရွယ်ရောက်တဲ့အခါ မိဘများ လမ်းခွဲလိုက်ကြတဲ့အခါမှာတော့ ဆိုးရွားတဲ့ခေါင်းကိုက်နာဟာ ပျောက်ကင်းသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကို ပြန်တွေးရင်း ၂၀၀၉၊ နိုဝင်ဘာလ ၇ ရက် ၊ 20/20 ဆိုတဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ‘ကျွန်မရဲ့ အဖေလိုမျိုးလူနဲ့ ဘယ်တော့မှ မတွဲဘူး’ လို့ သူမက ပြောခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ အိုဖရာရဲ့ အင်တာဗျူးမှာ သူမဟာ ငယ်ချစ်ဦး ခရစ်ဘရောင်းကို ခွင့်လွှတ်ခဲ့ပြီးပြီ။ အခုထိ ချစ်နေတုန်းပဲလို့ ဖြေရင်း သူမရဲ့ပရိသတ်များကို ရင်ထုမနာဖြစ်စေခဲ့ပါတယ်။


ဘာဖြစ်လို့လဲ။ သူမရဲ့ ဂုဏ်သိက္ခာကို ညှိုးရော်စေမယ့် ၊ ရရှိနေတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်ကြင်နာမှုကို တွန့်ဆုတ်လျော့ကျစေနိုင်တဲ့  လမ်းကို ဘာလို့ရွေးချယ်ခဲ့တာလဲ။ ခရစ်ဘရောင်းကိုပဲ ဘာအတွက် တသသချစ်မက်နေရတာလဲ။နှိပ်စက်ညှင်းပန်းခံခြင်းရဲ့ ဆိုးရွားနာကျင်မှုကို အတွေ့အကြုံရှိသူဖြစ်ပါလျှက် ဘာအတွက်ကြောင့် နှိပ်စက်သူဖြစ်ရခြင်း စက်ကွင်းက လွတ်မြောက်ဖို့ မကြိုးစားတာလဲ။ ညှင်းပန်းနှိပ်စက်ခြင်းကို ရင်းနှီးကြုံတွေ့ခဲ့ရတဲ့ကလေးတွေဟာ တခြားသူတွေနဲ့ ညှင်းပန်းနှိပ်စက်သူတွေ၊ဒါမှမဟုတ် နှိပ်စက်ခံရသူတွေ ဖြစ်နိုင်ခြေ ဆယ်ဆ ပိုများတတ်ပါတယ်တဲ့။

ဒီလို နှိပ်စက်မှုစက်ဝန်းအောက် အသွင်ပြောင်းကြသူတွေထဲမှာ ညှင်းပန်းနှိပ်စက်သူနေရာကို ယောက်ျားလေးတွေက ရောက်ရှိသွားတတ်ပြီး မိန်းကလေးတွေက နှိပ်စက်ခံရသူတွေ ဖြစ်သွားပါတယ်။
ဘာအဖြစ်ကြောင့်ပါလဲ။အဓိကအကြောင်းရင်းကတော့ ငယ်နုတဲ့စိတ်ကလေးမှာ အားနည်းသူကို နှိပ်စက်ခြင်းဆိုတာ အရွယ်ရောက်သူတွေရဲ့ အလေ့အထ၊ လက်ခံနိုင်တဲ့ ၊လက်ခံလို့ရတဲ့ အခြေအနေအဖြစ် မသိလွဲမှားစွာ စွဲထင်သွားလို့ဖြစ်ပါတယ်။ ထိုသို့ဆိုပါလျှင် ရိုက်ပုတ်နှိပ်စက်ခဲ့သူ ခရစ်ဘရောင်းကရော ။

ခရစ်ဘရောင်းဟာ သူ့မိခင်ကို ပထွေးက ညှင်းပန်းနှိပ်စက်ခြင်းကို မျက်မြင်တွေ့ဆုံခဲ့ရသူဖြစ်ပြီး ကိုယ်တိုင်ပဲ အားနည်းသူကို ညှင်းပန်းအနိုင်ကျင့်သူဖြစ်လာပါတယ်။အကြာင်းမလှ ကံဆိုးစွာပဲ ခရစ်ဘရောင်းနဲ့ ရီဟားနားဟာ ဒီဇာတ်ရုပ်တွေကို မလိုလားပေမယ့် မတွန်းဆန်နိုင်ဘဲ ကိုယ်တိုင်ချောင်ပိတ်မိခဲ့သူများဖြစ်ပါတယ်။ သူတို့ရဲ့ ငယ်နုစိတ်မှာ စွဲထင်ခဲ့တဲ့ ဒီညှင်းပန်းနှိပ်စက်မှုမြင်ကွင်းပုံရိပ်တွေအောက်က လွတ်မြောက်နိုင်ပါ့မလား။

စိတ်ပညာရှင်တွေအဆိုအရတော့ နှိပ်စက်သူ၊(တစ်ချို့သော နှိပ်စက်ခံရသူ)တွေဟာ စိတ်ရောဂါပညာရှင်နဲ့ဆွေးနွေးတိုင်ပင်ကုသပေမယ့် အနိုင်ကျင်လိုတဲ့စိတ်၊(နာကျင်မှုကို စွဲလမ်းစိတ်တို့)ကို ပျောက်အောင်ကုသနိုင်သူ ရာခိုင်နှုန်းအလွန်နည်းပါသတဲ့။ ဒါကြောင့် နှိပ်စက်ညှင်းပန်းခံရသူပဲ ဒီစိတ်ထောင်ချောက်ညွှတ်ကွင်းက လွတ်အောင်ရုန်းမှသာလျှင် ညှင်းပန်းနှိပ်စက်မှုသံသရာပြတ်မှာဖြစ်ပါတယ်။

အမေရိကန်တစ်နိုင်ငံတည်းမှာတင် ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သော (ချစ်သူ) ယောက်ျားများရဲ့ နှိပ်စက်မှုကိုခံရတဲ့ အမျိုးသမီးပေါင်း ၁.၅ သန်းရှိပါသတဲ့။ ဝမ်းနည်းဖွယ်ကောင်းစွာ သူတို့အမျိုးစုဟာလည်း ရီဟားနားလိုပဲ ညှင်းပန်းနှိပ်စက်သူများနဲ့ ပြတ်စဲဖို့ စိတ်ခွန်အားယူနေကြသူများ၊ ကျောခိုင်းဖို့ ကြိုးစားနေသူများဖြစ်ပါတယ်။

ဒီအမျိုးသမီးတွေကို ရီးဟားနားတစ်ယောက် လှည့်မကြည့်တော့ဘူးတဲ့လား။ ညှင်းပန်းနှိပ်စက်မှုစက်ဝန်းက အတူတကွလွတ်မြောက်အောင် မစွမ်းဆောင်တော့ဘူးလား။ အချစ်မှာစုံလုံးမျောကာ ပျော်သလိုပဲ နေတော့မှာလား။

 

ဘာပဲဖြစ်ဖြစ် ချစ်ခဲ့သူမို့ အပြစ်မမြင်ချင်ဘဲ ချစ်သောရီဟားနားတစ်ယောက် စိတ်ဓာတ်ခွန်အားပြည့်မယ့်နေ့ကို ကျွန်မစောင့်နေဆဲဖြစ်ပါတယ်။    ။

မယ့်ကိုး

04 March 2013

လူယောင်ဆောင်သူများ

တစ်နေ့မှာတော့ ကျွန်မရဲ့ ခင်ပွန်းမှာ ကြောင်ဖြစ်တယ်လို့ သူငယ်ချင်းက သတင်းပေးလာခဲ့တာ။ ‘ဘယ်လို’ ဟုဆိုကာ မယုံနိုင်အောင်ရှိဆဲ သူငယ်ချင်းက စကားဆက်မဆိုတော့ဘဲ ‘နောက်မှ သေချာပြောမယ်။ ခုတော့ အရေးကြီးကိစ္စရှိလို့’ ဆိုကာ ရုတ်ချည်း နှုတ်ဆက်ထွက်ခွာသွားရဲ့။ ‘မဖြစ်နိုင်ဘူး။ ကိုက ကြောင်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး’ ။ သဘာဝမညီ ယုတ္တိကင်းသော အရာမို့ မယုံကြည်လက်မခံနိုင်ပေမယ့်  ဒီအသံပဲ ပဲ့တင်ထပ်ကာ အာရုံနောက်နေခဲ့။

ကိုဟာ ငါးကြော်ကို ခုံခုံမင်မင်စားတတ်တာ၊ နွားနို့ကို တော်တော်လေးကြိုက်တာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအစားအစာတွေကို လူအများစု နှစ်သက်ကြတာ မဟုတ်လား။ ပြီးတော့ ကိုက ကြွက်တွေနဲ့ ပက်သက်ပြီး ထူးခြားပြနာမရှိပါ။ ကိုက ကြွက်တွေကို ထောင်ချောက်ဆင်ဖမ်းတတ်တာလည်း လူသာမန်တို့ ပြုနေကျကိစ္စမဟုတ်လား။ တခြားလူတွေနဲ့ခြားနားအောင် ကိုနဲ့ကြောင်အကြား ထူးထူးခြားခြားဘာတူညီမှ မရှိပေမယ့် ကျွန်မမှာ ကို့ကို အရင်လို ညဖက်မအိပ်ဘဲ နေ့လည်နေခင်း တရေးတမော အိမ်မနေစေချင်ပါ။
‘ကို ဒီညကစပြီး စောစောအိပ်၊စောစောထနော်’ လို့ ပြောမိတော့ ကိုက ကျွန်မကို စူးစမ်းကြည့်နဲ့ ဘာလို့လဲ လို့မေးပါတယ်။ ‘ကြောင်တွေက ညဖက်မအိပ်ဘဲ နေ့ဖက်မှာပဲ အိပ်တာလေ၊ လူတွေက ကို့ကို ကြောင်နဲ့တူတယ်လို့ လူတွေက ပြောမှာစိုးလို့’ လို့ ဖြေလိုက်တော့ ကိုက ဟာသတစ်ခုကြားသလို ဟက်ဟက်ပက်ပက်ရယ်ပါတယ်။ ကျွန်မစကားတွေကို ကိုရယ်ရင် နာသာခံခက်ရှိလှပေမယ့် ဒီတစ်ခါတော့ ကိုနဲ့ ကြောင်တွေအကြား ဘယ်လို တူညီသက်သေမှ မရှိရအောင် ကျွန်မစွမ်းဆောင်ကြည့်ချင်သေးတာ။ ကိုဟာ ကြောင်မဟုတ်ဘူးဆိုတာ သူငယ်ချင်းကအစ ပတ်ဝန်းကျင်အဆုံးသိအောင် သက်သေပြချင်သေးတာ။ 

ကျွန်မ သူငယ်ချင်းဆီ မဝံ့မရဲဖုန်းဆက်လိုက်ပါတယ်။ ကို့ကို ကြောင်လို့ ဘာလို့ပြောတာလဲ။ လို့ မေးလိုက်တော့ သူငယ်ချင်းက ဘာမှမဖြေရှင်းဘဲ ‘ဆောရီးပဲ။ အဲဒီနေ့တွေက ငါသိပ်ပင်ပန်းနေလို့ ဖြစ်မယ်။ နင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စကားတွေ ပြောမိတယ်’ လို့ ဆိုတာကြောင့် သူငယ်ချင်းအတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားခဲ့ရ။ သူငယ်ချင်းလေး သနားပါတယ်။ သူ့ခမျာ သူ့ခင်ပွန်းနဲ့ ကွာရှင်းပြတ်စဲဖို့ ကြိုးစားနေတာမို့ စိတ်ဂယောင်ချောက်ချားတွေများ ဖြစ်သွားလေသလားမသိ။

ကျွန်မ ဖုန်းချပြီး အချိန်ကြာငြိမ်သက်နေမိတာ ကိုက ဗိုက်ဆာပြီလို့ လာပြောချိန်အထိရယ်။ ‘ခုနလေးကတင် ကို လက်ဖက်ရည်နဲ့ မုန့် စားထားတာလေ’ လို့ ကျွန်မ ပြန်မပြောဖြစ်ပါဘူး။ ကိုဟာ ကြောင်တွေလို အစာနည်းနည်းနဲ့ ခဏခဏစားတတ်တာတော့ အမှန်ပါပဲ။ ကိုဟာ ကြောင်များဖြစ်နေမလား။ ‘Cats know how we feel. They don't care, but they know.’ ဆိုတဲ့ ဆိုရိုးစကားကြားဖူးရဲ့ ။ ကြောင်လိုပဲ ကိုဟာ ကျွန်မခံစားနေရတာတွေ နားလည်ပေမယ့် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူး။ ကို ကျွန်မကို ကြင်နာချိန်တွေဟာ သူတစ်ခုခုလိုအပ်ချိန်သာ ။

ကျွန်မက ကို့အတွက် ထမင်းပွဲပြင်ပေးရင်း ‘သတ္တဝါတိုင်း အတိတ်ဘဝက ဘာဖြစ်ခဲ့တယ်ဆိုတာ သိရင်ကောင်းမှာနော်။’ လို့ အဆက်အစပ်မရှိတဲ့ စကားပြောလိုက်မိပါတယ်။ ဒီအကြောင်းအရာကို စိတ်မဝင်းစားတဲ့ကိုက စကားနည်း၊နားအေး အင်း … လို့ပဲ ပြန်ဖြေတာကြောင့် ‘ကိုဟာ ကြောင်ဝင်စားတာ ထင်တယ်နော်’ ဆိုတဲ့ သံသယအုံဖွဲ့စကားကို ဆက်မပြောနိုင်တော့ဘဲ ရေငုံနှုတ်ပိတ်ထားလိုက်ရတော့တာ။

ဟုတ်တယ်။ ကိုဟာ ကြောင်ဝင်စားတာ ဖြစ်နိုင်တာရယ်။ ထမင်းစားချိန်၊အိပ်ချိန်က လွဲလို့ ကိုဟာ ကျွန်မအနားမှာ မရှိဘဲ အိမ်စဉ်လျှောက်လည်တတ်တယ်။ လို့ တောင်တောင်မြောက်မြောက် စဉ်းစားနေခိုက်မှာပဲ ကိုဟာ ကြောင်ဝင်စားလား။ လူယောင်ဆောင်ထားတဲ့ ကြောင်လားဆိုတာ သိခွင့်ရခဲ့တာ။ ကိုဟာ မပြောမဆိုနဲ့ တစ်ပတ်လောက်အိမ်ပြန်မလာတော့ပါဘူး။ ကျွန်မဟာ အသိမိတ်ဆွေသူငယ်ချင်းတွေဆီ ဖုန်းဆက်ရ၊ရဲစခန်းမှာ လူပျောက်ကြေငြာရ၊ ဆေးရုံတွေရဲ့ အရေးပေါ်နက ဖုန်းဆက်ခေါ်ရင် သွားကြည့်ရနဲ့ ရူးတော့မလိုဖြစ်သွားပါတယ်။

အဲဒီအတောအတွင်း လမ်းမထက်မှာ ပူလောင်ဆူဝေစွာ မျက်ရည်အပြည့်နဲ့ ကျွန်မလျှောက်သွားနေခိုက်မှာ ‘ကြောင်တွေက အဲလိုပဲ။ နှစ်ပတ်သုံးပတ်လောက် အိမ်ကနေ ရုတ်တရက်ပျောက်သွားတတ်တယ်။ စိတ်မပူပါနဲ့။ ပြန်ရောက်လာတတ်ပါတယ်’ လို့ သူငယ်ချင်းက အေးအေးဆေးဆေးပဲ ဖုန်းဆက်လာပါတယ်။ ကျွန်မ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ ကျွန်မတတ်နိုင်တာ စောင့်စားဖို့တစ်ခုသာ ရှိတော့တာရယ်။ ကျွန်မဟာ ရင်ထဲက ဗျာပါဒတွေကို လှည်းထုတ်ပြီး တတ်နိုင်သမျှ ဖြေဆည်ရာရှာပါတယ်။ ညမှောင်မှောင်မိုက်မှာ ကို ခရီးသွားရင်း ဒုက္ခရောက်မလားလို့တော့ စိုးရိမ်စရာမရှိပါဘူး။ ကြောင်တွေလို ကို့မျက်လုံးတွေဟာ ညဖက်မြင်နိုင်တယ်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းပြည့်တဲ့ကိုဟာ ရောက်ရာအရပ်မှာ အဆင်ပြေမှာပါလို့လည်း  မဝံ့မရဲမျှော်လင့်မိဆဲ။

ပြီးတော့လည်း အင်တာနက်ကတဆင့် လူယောင်ဆောင်ထားတဲ့ကြောင်တွေအကြောင်း သတင်းအချက်အလက်ကိုရှာရင်းလည်း သောကတွေ တတ်နိုင်သမျှ လျော့ပါးနည်းစေဖို့ ကြိုးစားမိရဲ့။ မယုံကြည်ချင်ပေမယ့် ‘လူယောင်ဆောင်ထားသော ကြောင်တွေရဲ့ မိန်းမများအသင်း’ ဆိုတဲ့ အွန်လိုင်းအဖွဲ့မှာလည်း အသင်းဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီအသင်းကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့တာ အလွန်ပဲအကျိုးရှိခဲ့တာ။

တခြား သီလရှိဖြူစင်သူမျက်နှာဖုံးနဲ့ ဒုက္ခပေးယုတ်မာတတ်တဲ့ ကြောင်သူတော်တို့၊ ဇတ်တူသား အချင်းချင်းသာမက ကိုယ့်သွေးသားကိုပင် သေလောက်တဲ့အထိ မကောင်းကြံနှိပ်စက်တတ်တဲ့ကြောင်စုန်းအကြောင်းတို့ကိုလည်း လေ့လာခွင့်ရခဲ့တာ။ သူတို့ဆီမှာ ကိုယ့်ခင်ပွန်းနဲ့ ပက်သက်တဲ့ မေးခွန်းသုံးရာလောက်မေးပြီး (A,B,C,D) တွေထဲက တိုက်ဆိုင်မှန်ကန်တာ တစ်ခုကို ရွေးခိုင်းတဲ့အခါ မေးခွန်းတွေအားလုံးဖြေပြီး ထွက်လာတဲ့အဖြေက ကိုဟာ သာမာန်ကြောင်သာဖြစ်ပါသတဲ့။

ကိုဟာ ရိုးရိုးကြောင်သာဖြစ်ကြောင်း သက်သေပြထားတဲ့အချက်အလက်တွေထဲမှာ အခါးသီးဆုံးမှန်ကန်မှုတွေကတော့ ကိုဟာ ကျွန်မကို မချစ်ဘူး။ အစာရဖို့ ချွဲနွဲ့ပြောတတ်တဲ့ ကြောင်တွေလို နေစရာ၊စားစရာနဲ့ သွေးသားလိုအင်တွေအတွက်သာ  ကျွန်မကို ခဏတာ ချစ်ယောင်ပြခဲ့တာ။ ကြောင်တွေဟာ ကိုယ့်အိမ်က ကျွေးသမျှနဲ့ မရောင့်ရဲတတ်ဘဲ အိမ်စဉ်လည်ကာ အစားတောင်းစားတတ်သလို ကိုကလည်း ကျွန်မ မမြင်ကွယ်ရာမှာ မိန်းကလေးမြောက်များစွာနဲ့ အပျော်ရှာခဲ့တာ။ ကြောင်တွေဟာ သူတို့ပိုင်ရှင်များကို သခင်လို့ သဘောမထားတတ်ဘဲ ကြုံရာလူကို ချစ်ခင်ချွဲနွဲ့တတ်သလို ကိုကလည်း သူ့ကိုယ်သူ ကျွန်မရဲ့ ပိုင်ဆိုင်သူလို့ သဘောမထားဘဲ သက်ဆိုင်ခြင်းပင် မရှိလေဟန် ကျွန်မရဲ့မျက်မှောက်မှာတင် အွန်လိုင်းက အမျိုးသမီးပေါင်းသောင်းခြောက်ထောင်နဲ့ ချိုချိုအီအီဆိုခဲ့တာ။

မေးခွန်းနဲ့အဖြေတွေကို ပြန်ဖတ်ကြည့်တိုင်း ကိုဟာ ကျွန်မကို တစ်သက်တာလုံး သစ္စာရှိမယ်ဆိုတဲ့ ကတိကို လိမ်ညာစကားအဖြစ် နားလည်လက်ခံလိုက်ရပါတော့တယ်။ ကျွန်မကို မဖောက်မပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ဆက်လက်မဆုပ်ကိုင်တော့ဘဲ လွှတ်ချစိတ်လျှော့လိုက်ရပြီလေ။  ကို ပျော်သလိုနေပါစေ။ ကျွန်မလည်း နေသာသလို နေပါတော့မယ်။ ဒီလိုနဲ့ စိတ်ထွက်ပေါက်မဲ့စွာ ဆံပင်ညှပ်ဖို့ မကြိုးစားတော့ဘဲ အိမ်သန့်ရှင်းရေးပဲ လုပ်နေမိတော့ရဲ့။ အခန်းဖွဲ့ပြင်ဆင်မှုကို အာရုံစိုက်နေမိလို့ ဘာမှမဖြစ်ခဲ့သလိုပုံစံနဲ့ ကို အိမ်ပြန်ရောက်လာတာတောင် ကျွန်မ မသိခဲ့ပါဘူး။ ကိုဟာ ကြောင်ပီပီ ခြေသံသိပ်လုံလို့လည်း ဖြစ်ပါလိမ့်မယ်။          ။
.........................................................................................................................




ဒီဝတ္ထုတိုကို VOA မြန်မာပိုင်းအစီအစဉ်မှာ ဆရာမမေငြိမ်းက စေတနာအပြည့်နဲ့ ဝေဖန်သုံးသပ်ထားခြင်း ဖြစ်ပါတယ်။ ကြည်နူးနှစ်သိမ့်ဖွယ် တင်ပြခဲ့တဲ့ ဆရာမမေငြိမ်း၊ သက်တံ့ဆယ်စင်း စာအုပ်စီစဉ်ထုတ်ဝေသူ ကိုရန်အောင် နဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးအထူးပါရှင်။
 ဆက်ရန်ကို သက်သေမဲ့အမှုမှာ ဖတ်နိုင်ပါတယ်။

မယ့်ကိုး