27 April 2013

ရုပ်ဆိုးသူဟာ လှောင်စရာ

ဘာဖြစ်လို့ လူတွေဟာ တစ်ဖက်သားကို စော်ကားပုတ်ခတ်ချင်ရတာလဲ။ တခြားသူတွေကို နိမ့်ကျအောင်လုပ်နိုင်မှ အနိုင်ကျင့်သူတွေဟာ မြင့်မားအောင်မြင်သူတွေအဖြစ် လက်ခမောင်းခတ်နိုင်မှာမို့လို့လား။ ဒီသဘောတရားတွေကို ငယ်စဉ်အစမှာပင် ကျွန်မသိကျွမ်းနားလည်ခဲ့ပါတယ်။ ကလေးငယ်ဘဝတုန်းက တက်ကြွဆော့ကစားတတ်တဲ့ ကျွန်မက ဝေဒနာရှာတတ်သူမဟုတ်လည်း ဒုက္ခဟာ ကျွန်မဆီရောက်လာခဲ့။ 

ပထမတန်းရောက်တဲ့အချိန်မှာပဲ စော်ကားရန်စမှုဟာ ပထမဆုံးအကြိမ် ကျွန်မဆီ အလည်အပတ်အဖြစ်ရောက်ရှိလာခဲ့ပါတယ် ။ ‘နာမည်က ရှုမငြီး၊ လူက ဘုတ်အီး’ လို့ ကလေးတွေက သံပြိုင်အော်ကြတယ်။ပြောင်လှောင်အော်ဟစ်သံတွေဟာ ကျောင်းရှေ့မှာ ဟိန်းဆူပွက်နေတယ်။ကျွန်မက သူတို့ကို ဘာမှပြန်မပြောနိုင်ဘဲ ဆရာမကို ငိုယိုပြီး တိုင်ခဲ့တယ်။ ဆရာမက 'ဒီလောက်ကလေးစတာ ငိုစရာလား။ အကဲပိုလိုက်တာ'လို့ ပြောတဲ့အခါ ကျွန်မအငိုရပ်ပြီး ရှိုက်သံကို ထိန်းချုပ်ပစ်လိုက်တယ်။ အဲဒီအချိန်တည်းက ကျွန်မသိခဲ့ရဲ့။ ဒီစိတ်ဆင်းရဲမှုဟာ ကျွန်မနဲ့ အမြဲနေတော့မယ်ဆိုတာ။

 ကျွန်မနဲ့ လောကကြီးဟာ သပ်သပ်စီတစ်ကွဲတစ်ပြားဖြစ်နေပေမယ့်  မတူညီတိုင်း စစ်ဖြစ်လို့မရပါဘူး။ တစ်ဖက်က အားနည်းနေတဲ့ အခါမှာလေ...။ ဘယ်လိုကြံခိုင်စိတ်ထားရမလဲ။ ရှုတ်ချစော်ကားသံတွေဟာ မြားတွေလို နှလုံးသားအနှံ့မှာ စိုက်တယ်။ မုန့်စားကျောင်းဆင်းတဲ့အခါ အပေါ်ထပ်ပြတင်းပေါက်ကနေ နေကြာစေ့ခွံတွေ သွန်ချတယ်။ ကျွန်မ မငိုတော့ဘဲ ဒေါသတကြီးနဲ့ ရန်ဖြစ်ဖို့ ပြေးတက်သွားတယ်။ ယုတ်မာတဲ့ကျောင်းသားကို မမြင်ရတော့ဘူး။ ဒီတစ်ခါငိုတာက ဒေါသနဲ့ဖြစ်ပြီး အတန်းထဲကို ပြန်မဝင်ရဲတော့ဘူး။ နောက်နေ့မှာ နေမကောင်းလို့ ဆိုပြီး အနားယူခဲ့တယ်။ ဒီအချိန်ကစပြီး ရှောင်ပုန်းတဲ့အကျင့် ကျွန်မ ရခဲ့လေသလား။

 ဟုတ်ကဲ့။ သူတို့ လှောင်ပြောင်သလိုပဲ ကျွန်မက အကျည်းတန်သူဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်တိုင်း အမေက ကျွန်မကို ကတုံးတုံးပေးတတ်လို့ ကတုံးမကလေးဟာ ကဲ့ရဲ့လက်ညှိုးထိုးစရာဖြစ်တယ်။ ဆံပင်ရှည်စပြုချိန်မှာလဲ သန်မာပြီးထောင်တန်းနေတဲ့ဆံပင်တွေဟာ ဘောလုံးပန်းလိုပဲ ကြည့်ရဆိုးစွာ လူရယ်စရာဖြစ်တယ်။ ဝဝကစ်ကစ်ကလေးငယ်ကျွန်မဟာ ဖတ်တီး၊ဘုတ်အီးဆိုတဲ့ နာမည်ဆိုးတွေနဲ့ ရှင်သန်ခဲ့ရတယ်။ ဒါပေမယ့် တခြားရုပ်ရည်မလှပတဲ့ ကလေးငယ်တွေ၊ ဝတုတ်ထွားကြိုင်းတဲ့ ကလေးတွေအကြားမှာ ကျွန်မတစ်ဦးတည်းကသာ လှောင်ပြောင်စရာဖြစ်ခဲ့ရခြင်းအကြောင်းရင်းက လူနဲ့မလိုက်မဖက် လှပတဲ့ နာမည်ကြောင့်သာရယ်။

 ‘ရှုမငြီးကြည်သာ’ တဲ့။ မိဘဘိုးဘွားတွေက ချစ်မဝ ရှုမငြီးလွန်းလို့ ပေးခဲ့တဲ့အမည် မဟုတ်ပါဘူး။ အဒေါ်တစ်ယောက်က သူဖတ်ဖူးတဲ့ ဝတ္တုတစ်အုပ်ထဲကနေ စိတ်ကူးပေါက်စွာ ရွေးလိုက်တဲ့ နာမည်ရယ်ပါ။

နာမည်ပြန်ပြောင်းပေးဖို့ အရေးတယူမဲ့တဲ့ အုပ်ထိန်းသူတွေကို ကျွန်မ မပူဆာရဲဘူး။အိမ်မှာလည်း ဖြစ်ပျက်သမျှကို ပြောပြတိုင်တန်းလို့ရမယ့် လူကြီး ၊ ကာကွယ်ပေးမယ့်သူ မရှိဘူး။ သူတို့ကို ပြောပြရင် ကျွန်မက ပုံကြီးချဲ့ပြောတယ်လို့ သတ်မှတ်ခံရလိမ့်ဦးမယ်။ ဒီလိုစော်ကားမော်ကားပြုခံနေရတာတွေကို နားလည်ပေးမယ့်သူ၊ကူညီစောင့်မပေးမယ့်သူ ရှိလာလိမ့်မယ်လို့လည်း မမျှော်လင့်တော့ဘူး။

 စဉ်ဆက်မပြတ်လှောင်ပြောင်ခံရမှုကို ဆရာ၊ဆရာမတွေကို တိုင်ပြောတဲ့အခါမှာလည်း 'သူတို့ကို အရေးမစိုက်နဲ့။ ကိုယ့်ကျောင်းစာ ကိုယ်လုပ်'လို့ပြောပေမယ့် ကျွန်မ အာရုံလွှဲလို့ မရဘူး။ လှောင်ပြောင်သံတွေကြားတိုင်း ခေါင်းကိုအမြဲငုံ့ထားမိတယ်။ ဆရာ၊ဆရာမကအစ ဘယ်သူ့ကိုမှ ခေါင်းမတ်မတ်ထားပြီး ကြည်ကြည်သာသာ မပြုံးပြနိုင်ခဲ့ပါဘူး။မျက်နှာစူပုပ်ကာ မသာယာတဲ့မိန်းကလေးဟာ အချိန်တိုင်းစက္ကန့်တိုင်းမှာ ပေါက်ကွဲလွင့်စင်တော့မလို ဖြစ်နေတယ်။ လူရှုပ်တဲ့ကျောင်းစင်္ကြံမှာ လမ်းမလျှောက်ရဲဘူး။ အတန်းထဲမှာလည်း ခေါင်းငုံ့ပြီးပဲ လမ်းလျှောက်ခဲ့ရသလို မုန့်စားကျောင်းဆင်းချိန်မှာလည်း အတန်းပြင်မထွက်ရဲခဲ့သူပါ။


မုန့်ဈေးတန်းမှာ ‘ကတုံးမ၊ ရုပ်ဆိုးမ၊ဝက်ပုတ်’ ဆိုတဲ့ အသံတွေကို ရင်မဆိုင်နိုင်ဘူး။ ဒါပေမယ့် အတန်းရှေ့လာပြီး စော်ကားမယ့်သူတွေလည်း ရှိတယ်။ငါးတန်းနှစ်မှာ ‘နာမည်လှလို့ လာကြည့်တာ။ ရုပ်ဆိုးလိုက်တာ’ ဆိုပြီး အတန်းငယ်ကလေးမလေးတစ်ယောက်ရဲ့ အပြောကိုအစ သည်းခံခဲ့ရသူပါ။ သူတို့အတွက် ကျွန်မဟာ ကစားစရာအရုပ်လား၊ လှောင်ပြောင်စရာ ပစ်မှတ်တစ်ခုလား။ အတန်းထဲက တစ်ယောက်ယောက်က လှောင်ပြောင်တဲ့အခါ ဆရာ၊ဆရာမတွေကို တိုင်ရင် နောက်တစ်ခါအပြစ်ပေးမယ်လို့ ပြောပေမယ့် ဘယ်တုန်းကမှ အပြစ်မပေးခဲ့ဘူး။ 

အမှုန်အစတွေစုပြီး ပုလဲဖြစ်အောင်လုပ်နိုင်တဲ့ ကမာဟာ ကျွန်မ မဟုတ်ပါဘူး။ လိပ်လိုပဲ အရေခွံမာလာပြီး မခုခံနိုင်ဘဲ ခေါင်းငုံရှောင်ပုန်းသူသာ ဖြစ်လာခဲ့ပါတယ်။ ပြောင်းလဲဖို့ဆိုတာ အပြောလွယ်ပေမယ့် ကျွန်မအတွက်ခက်လွန်းရဲ့။တစ်နေ့ပြီးတစ်နေ့ ကျွန်မမှာ သူငယ်ချင်းရှားလာတယ်။ လှောင်ပြောင်ခံရသူ ကျွန်မဘေးမှာ ရပ်တည်ပေးမယ့် သူငယ်ချင်းကောင်းဆိုတာ မရှိခဲ့ဘူး။ တကယ့် ပြ ဿနာက ကျွန်မကလည်း သူငယ်ချင်းရှာလိုစိတ်မရှိတော့ဘူး။

စက်ရုပ်လို ကျွန်မရဲ့ မျက်နှာပုံဟန်ဟာ တစ်ပုံစံတည်း ဖြစ်လာတယ်။ လှောင်ပြောင်သူတွေကိုရော၊သူငယ်ချင်းတွေကိုပါ တူတူညီညီ ဆက်ဆံခဲ့တယ်။ ကျီစယ်စနောက်သံကိုလည်း လှောင်ပြောင်ကဲ့ရဲ့မှုလို့ ယူဆတယ်။နာကျင်မှုကို တုံ့ပြန်မရယ်မောနိုင်သူမို့ အားလုံးက ထားရစ်ခဲ့ကြတယ်။ ကျွန်မတစ်ယောက်တည်းပဲ။ ရန်စစော်ကားသူတွေကို ဥပေက္ခာပြုနိုင်တာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူပေမယ့် ချစ်တဲ့သူတွေကိုပါ လျစ်လျူရှုတတ်လာတာ မှားယွင်းမှုပဲလား။

တစ်ခါတစ်လေတော့ လှောင်ပြောင်သရော်မှုဆိုတာ ကျွန်မတစ်ဘဝလုံးမှာ ရရှိရမယ့် အတွေ့အကြုံလားလို့ ထင်မိခဲ့။ ကျွန်မဟာ ရွေ့မျောနေတဲ့ လောင်စာဆီလိုပဲ၊ မီးပွင့်ငယ်ထိရုံမျှနဲ့လည်း မိုးလုံးညံအောင် ပေါက်ကွဲချင်တယ်။ ဒီလိုဘဝမှာ ကျွန်မ မပျော်ပါဘူး။ ထိခိုက်နာကျင်မှာစိုးလို့ ခင်မင်ချင်သူတွေကို တွန်းထုတ်ပစ်ရတာကိုလည်း ကျွန်မ မနှစ်လိုပါဘူး။

ရန်ပြုမှာကြောက်လို့ လူတွေရဲ့အဝေးမှာနေရင်း အပြင်ရောက်သူဖြစ်လာတယ်။ ဘေးမကင်းဘဲ တစ်ကိုယ်တည်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မ နောင်တ မရဘူး။ ဒီလိုခက်ထန်ကြမ်းကြုတ်တဲ့လောကမှာ နာကျင်မှုတွေနဲ့ ဝေးအောင် ကိုယ့်ကိုယ်ကိုယ်အတတ်နိုင်ဆုံး စောင့်ရှောက်သင့်တယ်လို့ ထင်ပေမယ့် တစ်ခါတစ်လေတော့လည်း ဒီလိုပုံစံဖြစ်နေတဲ့အတွက် နောင်တရမိတာ။ ဒီတစိမ်းဆန်တဲ့ အေးစက်မာကျောတဲ့ ခင်မင်စရာမကောင်းတဲ့ ကောင်မလေးဟာ ကျွန်မ မဟုတ်ပါဘူး။

လူတွေကြားထဲမှာ ထိန်းချုပ်ကန့်သတ်ထားတဲ့ မျက်နှာဖုံးနဲ့ ကျွန်မ မနေလိုပါဘူး။ ချစ်တဲ့သူငယ်ချင်းတွေနားမှာ လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင်နေချင်ပါတယ်။ ဒါပေမယ့် ကျွန်မ မတတ်နိုင်ပြန်ဘူး။ ရှင်သန်ကြီးပြင်းရာ တစ်လျှောက်ကို ပြန်လှည့်ကြည့်တိုင်းလည်း စိတ်မချမ်းသာဝမ်းနည်းစရာသာ မြင်တယ်။ ကာလတာရှည် စိတ်ခွန်အားယိုင်နဲ့နေတဲ့ အဖြစ်ကိုလည်း မလိုလားတော့ပါဘူး။ 

အဖြေရှာကြည့်ရင် နှစ်ပေါင်းများစွာအနိုင့်ကျင့်ခံရခြင်းအကြောင်းရင်းက ကျွန်မဟာ အခြေအနေမဲ့ထောက်ထားစရာမလိုတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့လို့ပဲ။ ကျွန်မဘေးကရပ်တည်ကာကွယ်ပေးမယ့် မိဘမောင်နှမဆိုတာ မရှိဘူး။ စော်ကားမှုကို တားဆီးပေးမယ့် လူကြီးလူကောင်းမရှိဘူး။ ကျွန်မကို အနိုင်ကျင့်သူတွေဟာ ဒီအခြေအနေကိုသိလို့ ကျွန်မကိုယ်တိုင်လည်း တော်လှန်ခုခံနိုင်စွမ်းမဲ့မှန်းသိလို့ သူတို့ ဆက်လက်အနိုင်ကျင့်နေကြတာပဲ။

 နောက်ဆုံးတော့  ကာကွယ်တားဆီးနိုင်ဖို့ ကိုယ်တိုင်သာ မာကျောအောင်လေ့ကျင့်ရမယ်ဆိုတာ သိခဲ့ပါတယ်။ တနည်းအားဖြင့် ဒီလိုရှုတ်ချခံရတာဟာ ကျွန်မအပြစ်မို့ တစ်ဦးတည်းသာ ရင်ဆိုင်သင့်တယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်ဖျောင်းဖျခဲ့တယ်။ဒါပေမယ့် ဒီတွန်းလှန်ကာကွယ်တဲ့အလုပ်ကို ကျွန်မ မတတ်နိုင်တဲ့အတွက် အားနည်းတဲ့သူ၊ ခုခံနိုင်စွမ်းမဲ့သူလို့ ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြု၊ လက်ခံလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားစိတ်ဟာ သုညမှတ်ရောက်ခဲ့တယ်။

သွက်လက်ချက်ချာတဲ့ မိန်းကလေးငယ်ဟာ ထိခိုက်နာကျင်ပြီး သေဆုံးသွားခဲ့ပါပြီ။ ပင်ကိုဘဝပြန်ရောက်အောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်တော့ပါဘူး။ ငယ်စဉ်မသိတတ်သေးခင်ကတော့ ကျွန်မဟာ ပျော်ရွှင်ခဲ့ဖူးမှာပဲ။ဒီလိုဘဝကို ဘယ်တော့မှ ကျွန်မ ပြန်ရောက်နိုင်မယ် မထင်တော့ပါဘူး။ 

စဉ်းစားရခက်လည်း အမြဲလိုတွေးနေမိတယ်။ အနိုင်ကျင့်မခံရဘူးဆိုရင် ကျွန်မဟာ ဘယ်လိုလူသားတစ်ယောက်အဖြစ် ရှင်သန်နေမလဲလို့။ အနိုင်ကျင့်ခံရမှာစိုးလို့ ကျောင်းတက်ရတာကြောက်နေတဲ့ကလေးတစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် ကျွန်မဟာ ရယ်မောပျော်ရွှင်တတ်တဲ့ လူတစ်ယောက်ဖြစ်နေမလား။ ကျွန်မကို ချစ်ခင်တဲ့သူတွေနဲ့ အတူနေရမယ်ဆိုရင် ခြားနားတဲ့လူတစ်ယောက်ဖြစ်မလား။ ဘယ်သူတွေက ကဲ့ရဲ့လှောင်ပြောင်နေပါစေ ။ သူငယ်ချင်းတွေက ဘေးမှာရပ်တည်ပေးမယ်ဆိုရင် စိတ်ထိခိုက်လွယ်သူဖြစ်မလာဘဲ လောကဓံကို အရေထူလာလေမလား။

 ကောင်းမြတ်တဲ့ လူ့အဖွဲ့အစည်းပါပေ့။ အမည်နာမနဲ့ ရုပ်ရည်ပေါ်အခြေခံပြီး တစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်မှုကို ခံရမှုဟာ မထူးဆန်းတဲ့အရာ ၊ သာမာန်အဖြစ်အပျက်၊ တည်တည်ငြိမ်ငြိမ်လက်ခံသင့်တဲ့ အကြောင်းအရာလား။ သေချာတာတော့ ကျွန်မရဲ့ ပုံစံဟာ ကြောက်လန့်နေတဲ့ တိရစ္ဆာန်လို ဖြစ်ပြီး တခြားသူတွေအတွက် ရယ်စရာဟာသထက် မပိုခဲ့။ ကျွန်မဟာ သူတို့ရဲ့ ဒုက္ခပေးနိုင်စွမ်းကို စမ်းသပ်စရာ သက်ရှိပစ်ကွင်းရယ်သာ။ 
 
မယ့်ကိုး