16 May 2013

မိန်းမနှစ်ယောက်ရဲ့ ချစ်ခြင်း

ချစ်ခြင်းဆိုတာ ကံကြမ္မာလား၊ ဝဋ်ကြွေးလားလို့ ကြံစည်နေခိုက်မှာပဲ အချစ်ဆိုတာ ယုံကြည်မှုလို့ အမျိုးသမီးနှစ်ဦးက ဆိုလာပါတယ်။ သူတို့နှစ်ဦးမှာ ကိုရီးယားဇာတ်လမ်းတွဲမှ ဇာတ်ကောင်များဖြစ်ပါတယ်။ ပထမအမျိုးသမီးမှာ Nice Guy (The innocent Man) ထဲက ဇာတ်ကောင်မင်းသမီးဖြစ်ပြီး ဒုတိယအမျိုးသမီးမှာ Queen in hyun’s Man ဇာတ်ကားမှ ဇာတ်ကောင်မင်းသမီးဖြစ်ပါတယ်။ ကျွန်မကို သူတို့နှစ်ဦးထံ နစ်ကျွံပြိုလဲစေတဲ့အကြောင်းမှာ သူတို့ရဲ့ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော တဇွတ်ထိုးနိုင်မှုနဲ့ သူမတို့ရဲ့အချစ်ကို အရဲကိုးလွန်းမှုကြောင့် ဖြစ်ပါတယ်။


မိန်းမတွေဟာ ချစ်မိတဲ့အခါ သတ္တိရှိလာတယ်ဆိုတာ အမှန်ပဲလား။ ပထမဇာတ်ကောင်အမျိုးသမီး(Sun Eun Gi)ကို ကျွန်မစွဲလမ်းရခြင်းအကြောင်းမှာ ဘာပဲဖြစ်ဖြစ်ဆိုကာ ချစ်တဲ့သူဆီ ဇွတ်တိုးသွားပေမယ့် ထိုသူကငြင်းလိုက်တဲ့အခါ ရှက်စိတ်မွှန်ပြီး သူသေ၊ကိုယ်သေကားနဲ့တိုက်လိုက်တဲ့အထိ ပြင်းထန်သောအချစ်၊အမုန်းပိုင်ဆိုင်မှုကြောင့် ဖြစ်ပါတယ်။ သူမဟာ ဂလဲ့စားချေလိုစိတ်ဖြင့် မရိုးမသားချဉ်းကပ်တယ်လို့ ထင်ရတဲ့ ချစ်သူကို ခြွင်းချက်မရှိယုံကြည်ခဲ့သူ ဖြစ်ပါတယ်။ ဘယ်လောက်ရူးသွပ်မိုက်မဲလိုက်တဲ့ မိန်းမပါလဲလို့ စာနာကရုဏာသက်မိတာ။


မိန်းမတွေဟာ ချစ်မိတဲ့အခါ သည်းခံနိုင်စွမ်းကြီးမားတယ်ဆိုတာ တကယ်ပဲလား။ဒုတိယ ဇာတ်ကောင်အမျိုးသမီး (Choi Hee-jin) မှာ ကျွန်မ စွဲလမ်းရခြင်းအကြောင်းမှာ ချစ်သူကိုကြည့်သော သူမရဲ့မျက်ဝန်း၊အပြုံးတို့မှာ မေတ္တာရိပ်များလျှံပြီး အလွန်တရာ ချစ်စရာကောင်းသောကြောင့်ဖြစ်ပါတယ်။ သူမက နှစ်ပေါင်းသုံးရာကျော်ဝေးတဲ့အရပ်က ချစ်သူကို ယုံယုံကြည်ကြည်ချစ်ရင်း စောင့်နေသူဖြစ်ပါတယ်။ ဘယ်လောက်နုံအညံ့ဖျင်းလိုက်တဲ့ မိန်းမပါလဲလို့ မချင့်မရဲသနားကြင်နာမိတာ။


ဒီမိန်းမတွေဟာ စာမဖတ်ဘူး။ ဒီလိုပဲ ဆိုးရွားပြင်းထန်စွာ မှတ်ချက်ချချင်တယ်။ အထူးသဖြင့် သူမတို့က "He's Just Not That into You" ဆိုတဲ့ Greg Behrendt နဲ့ Liz Tuccillo တို့ ရေးတဲ့စာအုပ်ကို မဖတ်ဖူးဘူးလား မသိ။ ဟုတ်တယ်။ သူမတို့ အဲဒီစာအုပ်ကို ဖတ်မိမယ်ဆိုရင် ဒီလောက်ရဲရင့်နိုင်ပါဦးမလား။ စာအုပ်ထဲမှာ ယောက်ျားတွေက ကိုယ့်ကိုမချစ်ဘူးဆိုတာ ဘယ်လိုသိနိုင်လဲဆိုတဲ့ အချက် ၁၂ ချက်ထဲက ပထမဆုံးအချက်ကို မြင်ရုံနဲ့တင် သူမတို့နောက်ဆုတ်ဖို့သင့်တာ။"He’s Just Not That Into You If He’s Not Asking You Out" တဲ့လေ။ 

ဇာတ်ကားနှစ်ကားစလုံးမှာ ယောက်ျားလေးတွေက သူတို့နဲ့တွဲဖို့ စတင်ကမ်းလှမ်းခြင်းမျိုး မလုပ်ခဲ့ပါဘူး။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေ စိတ်ကူးယဉ်သလို မရှုပ်ထွေးဘဲ သိပ်ရိုးရှင်းတဲ့ သတ္တဝါတွေရယ်လေ။ သူတို့ချစ်ရင် ဘယ်လိုအကြောင်းတွေက ခက်ခဲတားဆီးနေလည်း သူတို့ကိုယ်ထဲက အမဲလိုက်ဗီဇသွေးရဲလာပြီး နီးစပ်ဖို့ကြိုးစားမယ့်သူတွေသာ။ ဒါကြောင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ ရှေ့လှမ်းမလာတဲ့သူတို့ကို သူမတို့ မျှော်လင့်ချစ်နေမသင့်ဘူး။ ကိုယ့်ကိုမေတ္တာရှိမှန်းမသေချာတဲ့သူတို့ရဲ့အချစ်ကို လက်ဝယ်ရရှိဖို့ သူမတို့စွမ်းစွမ်းတမံ မကြိုးစားသင့်ဘူး မဟုတ်လား။ 


ဒီလိုပြောတဲ့အခါ သူမတို့က ကျွန်မကို လှောင်တယ်။ စာအုပ်ကြီးသမားကျွန်မ မှားတယ်တဲ့။ သူမတို့ရဲ့ ခိုင်မြဲယုံကြည်မှုကြောင့်သာ နောက်ဆုံးမှာ စစ်မှန်လှပတဲ့အချစ်ကို သူမတို့ပိုင်ဆိုင်ရသတဲ့လေ။ ဟုတ်ပါလိမ့်မယ်။ ဒါဟာ ရုပ်ရှင်ပြဇာတ်ထဲက ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေမို့ရယ်လေ။ ခေါင်းမာတဲ့ကျွန်မက ဒီလိုပဲဆိုဦးမှာဖြစ်ပေမယ့် သတ္တိရှိတဲ့ သူမတို့ကို လေးစားချစ်ခင်ဆဲဖြစ်ပါတယ်။

ဝန်ခံပါတယ်။ အမှားကင်းဖို့ မစွန့်စားရဲတာဟာ အနာကျင်နည်းသလို ပျော်ရွှင်မှုလည်း ချို့တဲ့တယ်ဆိုတာ။ နောက်ဆုံးတော့ သွေးကြောင်သူက ကျရှုံးပြီး ရဲရင့်သူသာ အောင်ပွဲခံနိုင်တာ မဟုတ်လား။ သူမတို့ကို အားကျပေမယ့် သီအိုရီတွေကို လွှင့်ပစ်ရလောက်အောင် ကျွန်မ မိုက်ရူးရဲမဆန်နိုင်သေးပါ။ ဘယ်လိုလဲ။ အထီးကျန်ခြင်းတောင်ထိပ်ကို စွန့်ပြီး ချောက်တစ်ဘက်ကမ်းက ပျော်ရွှင်မှုအိပ်မက်ဆီ ခုန်ကူးမလား။ ဟင့်အင်း။ နေပါစေတော့။ ချောက်နက်ကိုပဲကြည့်ကာ ကြောက်အားပိုနေသူမှာ နောက်တစ်လှမ်းဆုတ်ကာ လက်ပိုက်ရပ်နေဆဲ။

ဟုတ်တယ်။ ဘဝဟာ စိတ်ကူးယဉ်ရုပ်ရှင်၊ ပျော်ရွှင်ဖွယ်နတ်သမီးပုံပြင်လို ဘယ်တော့မှ ကြည့်ပျော်ရှုပျော် မဖြစ်နိုင်ဘူး။ ကျေးဇူးပြုပြီး နှစ်သိမ့်ပေးပါ။ ပညာရှိသူဟာ မိုက်ရူးရဲမဆန်သင့်ဘူးလို့။ တစိမ့်စိမ့်ကြေကွဲမှုအမှောင်က ကြည်နူးခြင်းတွေခမ်းအောင် ဖမ်းစားလည်း  ဘေးကင်းတယ်လို့။...ပြီးတော့ ဒီလိုပဲ လုပ်ကြံစိတ်ဖြေသင့်တယ်ရယ်လို့။    ။

မယ့်ကိုး

09 May 2013

ဇီဝရုပ် အရည်ပျော်ချိန်

အရုဏ်အိပ်မက်မှာ ကွယ်လွန်ခဲ့ပြီဖြစ်သော အဘွားနဲ့ ဆုံခဲ့။ နေရာက ဇာတိမြို့ရဲ့ ရေမကြီးအောင် တားဆီးထားသော လူလုပ်တာကုန်းမှာဖြစ်ပါတယ်။ ကျွန်မက ကုန်းအတက် အဘွားက ကုန်းအဆင်းဖြစ်ပြီး အဘွားက အနက်ရောင်အောက်ခံ အဖြူအပွင့်အနုပ်သေးသေးလေးများပါသောအဆင်ကို သူ့ဟန်အတိုင်း ရင်စေ့လက်ပြတ်နှင့် အထက်အောင်ဆင်တူ ဝတ်ထားတာ။ သေသပ်လှပသောဝတ်စုံနဲ့ အဘွားမှာ ကြည့်ကောင်းဆဲဖြစ်ပေမယ့် မျက်နှာက မရွှင်လန်းပါချေ။

ထူးဆန်းတာက အဘွားက ဆုံးပါးနှင့်ပြီးမှန်း အိပ်မက်ထဲမှာလည်း ကျွန်မ သိနေခဲ့တာ။ ဆိုကြပါစို့ ။ အဘွားက တစ္ဆေ (ပြိတ္တာ) ဖြစ်နေပါလည်း သရဲဆိုတဲ့ အစွဲနဲ့ ထိတ်လန့်ကြောက်ရွံ့မနေခဲ့ချေ။ ကျွန်မကို မမြင်သောအဘွားကို ‘မေကြီး’ လို့  လှမ်းခေါ်လိုက်တဲ့အခါ အဘွားက မပြုံးမရယ်ခပ်တည်တည်နှင့် ကျွန်မကို လှမ်းကြည့်ပါတယ်။ ပြီးတော့ နှစ်ယောက်လုံး လမ်းရဲ့တစ်ဖက်တစ်ချက်မှာ ရပ်နေကြပြီး ဘယ်သူကမှ  လမ်းကူးပြီး လျှောက်မလာခဲ့ပါ။

‘မေကြီး ဘယ်သွားမလို့လဲ’လို့ ကျွန်မ မေးလိုက်တဲ့အခါ အဘွားက မျက်နှာမသာမယာနှင့် ‘ဟိုနားဒီနား’လို့ ဖြေပါတယ်။ ‘သမီးက အိမ်ကိုသွားမလို့’ လို့ ကျွန်မ ပြောနေစဉ်မှာပင် အဘွားက မျက်နှာလွှဲကာ ကျွန်မနဲ့ ဝေးရာလျှောက်သွားပြီး ကျောက်ခုံလေးတစ်ခုမှာ ထိုင်လိုက်ပါတယ်။ ကျွန်မက ‘သမီးသွားတော့မယ်’ လို့ နှုတ်ဆက်လိုက်မှ အဘွားက စကားပြန်ပြောပါတယ်။ အဘွားနှင့် ကျွန်မမှာ တော်တော်အလှမ်းကွာဝေးနေပြီဖြစ်ပေမယ့် အဘွားရဲ့စကားသံကို ကျွန်မ ကျယ်လောင်စွာကြားလိုက်ရ။

‘တစ်ယောက်တည်း ပျင်းတယ်။ဒီမှာ လာနေပါ။’ တဲ့။

ကျွန်မက ကြောက်လန့်တကြားနဲ့ ငြင်းရန်အားယူခိုက်မှာ အိပ်ရာမှနိုးလာ။ ဘုရား… ဘုရား။ ဒါဟာ နမိတ်လား။ ငါ သေရတော့မယ် ထင်ရဲ့။ အစ်မက ဖုန်းဆက်တဲ့အခါ ‘ ပျော်စရာကြီး ။ ငါတစ်ယောက်တည်း အမွေတွေ ရတော့မယ်’ လို့ စနောက်တဲ့အခါ အရင်လို ပြန်နောက်ကာ မရယ်နိုင်တော့။ သေရမှာ ကြောက်ပြီး မျက်ရည်စိမ့်ကျလာ။

ကျွန်မ မသေချင်သေးပါ။ အကုသိုလ်များအလယ်မှာ သာယာတုန်းရှိပါသေးတယ်။ American Idol ကြည့်တုန်း၊ The Voice ကြည့်တုန်း ၊ စာရေးစရာအခြင်းအရာများစွာ ရှိနေတုန်း၊ အိမ်လေးတစ်ခုဆောက်မယ့်အိမ်မက် မက်တုန်း၊ ဥယျာဉ်ပျိုးဖို့ ကြံရွယ်တုန်း ဖြစ်ပါတယ်။ (စကားမစပ် အမေရိကန်မှ မိတ်ဆွေများ American Idol မှာ ကျွန်မချစ်သော Angie Millerကို မဲလေးပေးပါရန် မေတ္တာရပ်ခံချင်ပါတယ်။)

ဟုတ်ပါတယ်။ ယနေ့ထက်တိုင် တမျှင်မျှင်ငင်သော အစွဲအလမ်းများဖြင့် ငရဲရှိသည်ဆိုပါက ကုသိုလ်နည်းသောကျွန်မ ငရဲကျမှာ အသေအချာပါ။ သေရတော့မယ်တဲ့လား။ အရင်လို ဘယ်သူငိုမှာလဲလို့ မမေးချင်ပါ။ ဘယ်သူတွေ ဝမ်းသာမလဲလို့သာ စဉ်းစားမိရဲ့။ ဝမ်းအသာဆုံးဖြစ်မယ့်သူတွေကတော့ ကျွန်မဆီက အကြွေးယူထားသူများ ဖြစ်နိုင်လေတာ။ ကျန်တာတော့ ဘာကိုမျှ မစဉ်းစားလိုမရအောင် အဘွားရဲ့ အရိပ်က အာရုံမှာ ပေါ်နေဆဲ။

မိုးပြိုမှာစိုးသူလို နေစရာမရှိဖြစ်နေကာ အပြင်ထွက်ရမှာလည်း ကြောက်အားပို။ ဘယ်လိုလုပ်ရမလဲ။လက်ဖဝါးပြင်နှစ်ခုကို ဖြန့်ကြည့်တိုင်းလည်း အသက်လမ်းကြောင်းက တိုတိုလေးရှိရဲ့။ အဆုံးထိအောင်မြင်ခဲ့ပြီးပြီဆို ငယ်ရွယ်စဉ်မှာ သေလိုက်ရတာကို ကြောက်စရာမလိုဘူး ထင်ရဲ့။ ကြည့်ပါဦး ...။ မာရီလင်မွန်ရိုး၊ ခာ့တ် ကိုဘိန်း၊ ဂျိမ်းစ် ဒီးန်၊ ဆာလ်ဗီယာ ပလာသ်… အစရှိသည်ဖြင့်။သူတို့ ဘယ်တော့မှ မအိုဘူး။ သူတို့ အမြဲငယ်ရွယ်လှပအောင်မြင်နေတယ် မဟုတ်လား။ တကယ်လို့သာ အောင်မြင်မှုအရှိန်ကျ၊ အိုမင်းမစွမ်းမှ သူတို့သေရင် ကိုးကွယ်မယ့်သူတွေအရေအတွက်က အခုလိုများပြားနိုင်ပါ့မလား။

သူတို့ကို အားကျပေမယ့် ကျွန်မမှာ ရေးချင်နေသောစာများကို စာလုံးမျှ မစီရသေး။ ကျွန်မက တကယ်အဖြစ်မရှိဘူးပဲ။  အချိန်မီပါတော့မလား။ အဘွားက ခေါ်နေပြီ။ ဟင့်အင်း ။ ဟင့်အင်းလို့ ငြင်းချင်လည်း၊ မလာချင်ဘူးလို့ ပြောကာ ရှောင်ပုန်းချင်လည်း လုံခြုံတဲ့နေရာ မရှိပါဘဲ။ ။ 

မယ့်ကိုး







07 May 2013

ဘုန်းတော်ဘွဲ့မဟုတ်တဲ့ တောင်းဆုသက်သက်

ပြီးဆုံးခဲ့တဲ့ သုံးနှစ်ခန့်ကစပြီး ယုံကြည်မှုအရှိန်ဟာ နိမ့်ရာဆီ ရွေ့စီးသွားရာမှ ကျွန်မရဲ့စိတ်ကျနာ စတင်ခဲ့လေသလား။ မပျော်ရွှင်နိုင်ခြင်းဟာ စိတ်အဆင်မှာ မြဲတည်နေခဲ့။ ရုပ်ရှင်ကြည့်လျှင်လည်း နာကျင်ဝမ်းနည်းစရာများကို ရင်ထဲကို ထပ်မံမထည့်သွင်းချင်တာမို့ ပျော်ရွင်စရာကားများကိုသာ ရွေးချယ်ကြည့်နေရင်းမှာပင် Merlinဆိုတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲက တအုံ့အုံ့နာကျင်မှုကို ပေးခဲ့ပြန်ပါတယ်။ 


ဇာတ်လမ်းအကျဉ်းကို စာလုံးရေအနည်းဆုံးဖြင့် ပြောရမယ်ဆိုပါလျှင် နန်းတွင်းယောက်ျားလေးအစေခံ မှော်ပညာရှင် မာလင် (Merlin)က ဘုရင် အာသာ (Arthur) ကို အိမ်ရှေ့မင်းသားဘဝမှ ကမ်းမလော့ (Camelot) တိုင်းပြည်တူထောင်အောင်မြင်မှုအထိ ကူညီပေးတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မှော်ပညာများ၊ သူရဲကောင်းများ၊ နတ်သမီးပုံပြင်ဇာတ်လမ်း (အာသာရဲ့ မိဖုရားမှာ လူမည်းအစေခံအမျိုးသမီးအဖြစ်မှ ဘုရင်မဖြစ်လာသူ) တွေထက် ပရိသတ်တွေကို ပိုမိုဆွဲဆောင်သောအရာမှာ အာသာနဲ့ မာလင်တို့ရဲ့ ဖွင့်ထုတ်မဆိုခဲ့သော ချစ်ခြင်းဖြူဖြူရယ်ပါ။

'Bromance'လို့ ဆိုသော'ညီအစ်ကိုထက် သံယောဇဉ်ပိုပေမယ့် ရာဂကင်းတဲ့  ယောက်ျားအချင်းချင်း ချစ်ခင်မှု'ဆိုတာကို စတင်ခံစားမိစေခဲ့သော ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်မာလင်ရဲ့ အိုင်းရစ်လေသံမှာ အလွန်ဝဲတာမို့ တစ်ခါတစ်လေ ဘာပြောမှန်းပင် နားမလည်ပေမယ့် စဉ်ဆက်မပြတ်စောင့်ကြည့်ခဲ့သောကားလည်းဖြစ်ရဲ့။ Youtube မှာ ပရိသတ်များက ဗီဒီယိုများတင်ရာမှာ ရမူပိုင်ခွင့်ရှိသူများက ပြန်ဖြုတ်ခိုင်းလေ့ရှိရာ တစ်ချို့က အရုပ်ကိုပြောင်းပြန်ဖြစ်အောင်ပြောင်းပြီးတင်လေရာ ကွန်ပျူတာကို လက်ဖြင့်ဇောက်ထိုးကိုင်ကြည့်ခဲ့ရလို့ တစ်ပတ်မျှ လက်မောင်းကိုက်ခဲ့သော အမှတ်တရများလည်း ရှိဖူးပါတယ်။ ထိုသို့တွယ်တာခဲ့ရသော၊ ပြသမှုရာသီ ငါးနှစ်ကြာမြင့်ခဲ့တဲ့ ဇာတ်လမ်းတွဲမှာ မနှစ်က ဒီဇင်ဘာမှာတော့ ဘုရင်အာသာလုပ်ကြံသတ်ဖြတ်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့ပါပြီ။

BBC One ရဲ့ တင်ဆက်မှုဖြစ်ရာ ‘F… You,BBC’ ‘ How can you do this to us?’ စတဲ့ ကျိန်ဆဲသံများ၊ ကြိမ်းမောင်းသံများ၊ ဇာတ်လမ်းကို အသက်သွင်းပြီး ဆက်လက်ပြသဖို့ တောင်းဆိုသံများက ယနေ့ထက်တိုင် လျှံနေသလို ၊ ဘုရင်အာသာကို ဘယ်တုန်းကမျှ မကြိုက်ခဲ့သောကျွန်မပင် ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သူတစ်ယောက် ဆုံးရှုံးလိုက်ရသလို ယူကြုံးမရဖြစ်ခဲ့ရတာ။ ကျွန်မမှာ သူရဲကောင်းကိုးကွယ်သူ မဟုတ်ပေမယ့်  ဘုရင်အာသာရဲ့ ဖြစ်တည်မှုကိုတော့ နှစ်လိုကြောင်း ဝန်ခံနိုင်ပါတယ်။ 

ကမ္ဘာအနှံ့ကို ကြည့်လိုက်ပါဦး။ ပြည်သူများကို နှိပ်စက်ကာ စည်းစိမ်ခံသော စစ်အာဏာရှင်များ၊ ပြည်သူ့ဆန္ဒကို လျစ်လျူရှုကာ အကျင့်ပျက်ခြစားသော ဦးဆောင်သူများ၊ လူများစုသဘောလိုက်လျှောကာ အားနည်းသူများကိုအနိုင်ကျင့်ပြပြီး ထိပ်ဆုံးရောက်ဖို့ကြိုးစားသော နိုင်ငံရေးသမားများစွာ...။ ထိုသို့ ပြည်သူများအပေါ် ဂရုဏာမထားဘဲ ငါရပ်တည်နိုင်ရေးကိုသာ ကြည့်တတ်နေသော အာဏာပိုင်သူများလက်ထက်မှာ အမှန်တရားများကိုသာ ဖော်ထုတ်လုပ်ဆောင်ခဲ့သော ဘုရင်အာသာကို ကျွန်မလိုလားပါတယ်။ ဘုရင်အာသာဟာ နူးညံ့စွာချစ်တတ်သော၊ တိုက်ပွဲမှာ ရဲရင့်သော၊ သူရဲကောင်းများကို မြေတောင်မြှောက်ပေးသော၊ သူငယ်ချင်းကို သစ္စာရှိသော တကယ့်သူရဲကောင်းရယ်လေ။ အသေချာဆုံးအချက်ကတော့ သူ့အသက်ကိုအခါခါစွန့်ပြီး ပြည်သူတွေကို စောင့်ရှောက်ကယ်တင်ခဲ့သော စစ်မှန်တဲ့ခေါင်းဆောင်ကောင်းလည်း ဖြစ်ရဲ့။ 

သူ့လိုပဲ ကျွန်မ စံထားမိတဲ့ ချစ်မြတ်နိုးလေးစားကြည်ညိုရသော ခေါင်းဆောင်ကောင်းတစ်ယောက်ရှိပါတယ်။ စွန့်လွှတ်အနစ်နာခံကြိုးစားမှုများကို ဂုဏ်မတင်ဘဲ ရွေးချယ်မှုပါလို့ ပြောတတ်သော၊ မိသားစုနဲ့သေကွဲ၊ရှင်ကွဲဖြစ်အောင် အကျဉ်းချခံရတာကိုပင် စာဖတ်ချိန်ရခဲ့ပါတယ်လို့ စိတ်နှလုံးသိမ်မွေ့စွာ ခွင့်လွှတ်ပြောဆိုခဲ့သော၊ ရန်ပြုသတ်ဖြတ်လုပ်ကြံခဲ့သူများကို ကြည်ကြည်ဖြူဖြူ ပြုံးရယ်လက်တွဲနိုင်သော၊ တိုက်ခိုက်ချိုးနှိမ်မှု၊ စော်ကားပုတ်ခတ်မှု၊ မဟုတ်မမှန်စွပ်စွဲဆဲဆိုမှုမှန်သမျှကို ကိုယ်ကျင့်တရားစမ်းသပ်မှုတွေပဲရယ်လို့ သဘောထားတတ်သော၊ ပင်ပန်းနွမ်းနယ်လှပြီဖြစ်ပေမယ့် အပြုံးမပျက် စေတနာမမဲ့သော ၊ပြည်သူတွေအပေါ် ဘယ်တော့မှ မေတ္တာမပျက်ကွက်ခဲ့သော... ထိုထိုနာမဝိသေသနများဖြင့် နှိုင်းဖွဲ့မကုန်နိုင်သော ပညာရဲရင့်စိတ်နေမြင့်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။


ဇာတ်ကောင်ဘုရင်အာသာနတ်ရွာစံမှ သူ့တန်ဖိုးသိပြီး ဝမ်းနည်းနာကျင်ရသလိုမျိုး သူမနဲ့ပက်သက်ပြီး ကျွန်မ မခံစားလိုပါ။ ‘Long live the King!’ လို့ ဘယ်သူ့ကိုမှ မဆိုခဲ့ပေမယ့် ချစ်သောသူမကိုတော့ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု ၊မြင့်မြတ်သောလူပီသမှုများကို ရှေ့ဆောင်လမ်းပြရင်း...လို့ အသက်ရှည်ရှည်နဲ့ ကျန်းမာပျော်ရွှင်စွာ ပြည်သူများကို ဆက်လက်စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းချင်ပါတယ်။

...............................................................
“Saints, it has been said, are the sinners who go on trying. So free men and women are the oppressed who go on trying and who in the process make themselves fit to bear the responsibilities and uphold the disciplines which will maintain a free society.” - Aung San Suu Kyi
...............................................................
မယ့်ကိုး

05 May 2013

ကျေးဇူးပြုပြီး အချိန်မလင့်သေးဘူးလို့ ကျွန်မကို ညာပြောပါဦး။

ငယ်စဉ်အခါက ကျွန်မရဲ့ကတုံးကို မြင်ရင် လူတိုင်းပြုံးကြပြီး အနီးအနားမှာဆို မကြားတကြား စကားတင်းဆိုကြတယ်။ မလှမ်းမကမ်းမှာ ရှိရင်တော့ လက်ညှိုးထိုးပြီး ရယ်မောကြတယ်။ ဒီအဖြစ်အပျက်တွေဟာ ကွင်းဆက်လိုပဲ ဘယ်တော့မှ မပြီးဆုံးတော့ဘူး ထင်ခဲ့ရဲ့။ ဆံပင်တွေဟာ ရှည်ထွက်လာပေမယ့် လှောင်ပြောင်မှုတွေက ရပ်မသွားခဲ့ဘူး။ သူတို့ကိုယ်ထဲက အနိုင့်ကျင်လိုတဲ့သွေးတွေဟာ ကျွန်မကို မြင်ရုံနဲ့ ဆူပွက်လာလေသလား။ ဒါမှမဟုတ် ကျွန်မကပဲ လွယ်ကူတဲ့သားကောင်ဖြစ်နေလို့လား။

အရွယ်ရောက်လာချိန်မှာ ကဲ့ရဲ့မှုတွေ ရပ်သွားမယ်လို့မျှော်လင့်ခဲ့ပေမယ့် မှားပြန်ရဲ့။အခြေအနေတွေဟာ အနည်းငယ်သာ တိုးတက်လာပြီး ထူးထူးထူးခြားမှုပြောင်းလဲမှုရယ်လို့ မရှိခဲ့ပါဘူး။ အဒေါ်တစ်ယောက်က ဆံပင်ညှပ်ဆိုင်ခေါ်သွားပြီး ကတုံးတုံးပေးမှာကို စိုးကြောက်နေတုန်းပဲ။ လူတွေနဲ့ အတူနေရင်း ရင်းနှီးပေါင်းစပ်လို့မရတဲ့ ကျွန်မရဲ့ ခြားနားမှုကို စတင်ခံစားလာတယ်။ လူတွေက ကျွန်မကို တစ်ချိန်လုံးအကဲဖြတ် ဝေဖန်နေတယ်လို့ဆိုတဲ့ ခံစားချက်ကို ရင်မှာ ပိုက်ထားရင်း ကျွန်မရဲ့ လူသားဖြစ်တည်မှုဟာ တဖြည်းဖြည်းအရည်ပျော်ကျနေသလိုရယ်။

ဖြစ်ရပ်မှန်ကို ပြောရမယ်ဆိုရင် ရင်ကျင့်တယ်ဆိုတဲ့ လူကြီးဆိုသူတွေကအစ၊ ကိုယ်ချင်းစာနားလည်နိုင်စွမ်းမဲ့တယ်ဆိုတာ ကျွန်မ သိမြင်လိုက်ရတယ်။ အဒေါ်ရင်းတစ်ယောက်ရဲ့ကဲ့ရဲ့မှုကအစ ခံစားခဲ့ရသူပါ။ လှပတင့်တယ်တဲ့သူငယ်ချင်းတစ်ယောက်က အိမ်အလည်လာတဲ့အခါ အဒေါ်ရဲ့သူငယ်ချင်းက ‘အဲဒီကလေးမလေးက ရှုမငြီးနဲ့ဆင်တယ်’လို့ ပြောတဲ့အခါ ကျွန်မက ‘မတူပါဘူး။ သူက ချောပါတယ်’ လို့ ချက်ချင်းငြင်းလိုက်မိပါတယ်။ တပြိုင်တည်းမှာပဲ အဒေါ်က ရယ်ပြီး ‘အင်းလေ။ နင်က ဒီလောက်ရုပ်ဆိုးတဲ့အခါ ဘယ်လိုလုပ်တူမှာလဲ’ လို့ ပြောတယ်။ ကျွန်မက ခွန်းတုံ့မဆိုနိုင်ဘဲ လှောင်ရယ်နေတဲ့ အဒေါ်ကိုပဲ ငေးကြည့်နေခဲ့မိတယ်။ 

အပျိုဖော်ဝင်စကျွန်မရဲ့ နေ့တွေကို တဲရော့စ်ဖဲချပ်နဲ့ သရုပ်ဖော်မယ်ဆိုရင် ကံဆိုးတဲ့ ဖဲချပ်တွေချည်း စုစည်းထားတာ ဖြစ်လိမ့်မယ်။ ခလုတ်တိုက်လဲကျတာနဲ့ နင်းခြေဖြတ်သန်းသွားမယ့်သူတွေချည်းရယ်။ ဟန်ချီမညီခြေချော်တဲ့အခါ သူတို့တွန်းချကြမယ်။ ကိုယ်ကိုယ်တိုင် မရပ်မတည်နိုင်ချင်း ဘယ်သူကမှ ဖေးကူပင့်မပေးသလို ဘယ်သူ့ကိုမှလည်း နားမလည်တော့ဘူး။ ကျွန်မကပဲ ထိရှလွယ်သူလား ။ ကျွန်မရဲ့ ဝန်းကျင်ကသူတွေကပဲ သွေးအေးရက်စက်တတ်တာလား။ ကျွန်မရဲ့ တုန့်ပြန်မှုကို ကြည့်ရတာ သူတို့အတွက် အရသာရှိသတဲ့လေ။ သူတို့ဆိုစကားအရ အနားကိုဆားပက်သလိုပဲတဲ့လား။ ရှိပါစေတာ့။ ဒါပေမယ့် အဲဒီလူတွေကို ကျွန်မမေးချင်တယ်။ သူတို့ဘဝမှာ အရှက်ခွဲ ၊စော်ကားမှုမျိုးခံစားခဲ့ဖူးသလား ဆိုတာ။ 


ကင်ဆာလိုဘဲ နာကျင်မှုဆိုတာ အစမှာတော့ မခံစားခဲ့ရသလို ထုံအနေခဲ့သူကျွန်မဟာ သံသယလွန်သူအဖြစ် တဖြည်းဖြည်းအသွင်ပြောင်းလာခဲ့တယ်။ နံရံတွေကအစ လှောင်ပြောင်နေတယ်ခံစားရပေမယ့် ဘယ်သူ့ကို တိုင်တည်ရမှန်း မသိခဲ့ဘူး။ အလင်းပြန်မျက်နှာပြင်ထဲက ပုံရိပ်ယောင်ကို ကြည့်ရင်း ‘သူတို့ပြောသလိုပဲ ငါ တကယ်ပဲရုပ်ဆိုးသလား။’ လို့ မေးမိတော့ ပုံရိပ်ယောင်က ဟုတ်တယ်လို့ ဖြေတယ်။ ဟင့်အင်း ငြင်းချင်လည်း ပုံရိပ်ပြောသလိုပဲ အကျည်းတန်သူလို့ ကိုယ်တိုင်လည်း ထင်ယောင်မှားလာတယ်။ ဘယ်လိုလဲ။ အသုံးမကျတဲ့ဘဝကို ဆက်လက်မထိန်းသိမ်းသင့်ဘူး မဟုတ်လား။

သတ်ဖြတ်ခြင်းနဲ့ သေကြောင်းကြံစည်းခြင်းဟာ သိပ်ပါးတဲ့ စည်းလေးပဲ။ တစ်ချို့သော ခုခံတွန်းလှန်နိုင်စွမ်းကုန်ခမ်းသွားတဲ့သူတွေကတော့ ဘဝကို စွန့်လွှတ်ပစ်ခွာလိုက်ရတယ်။ ယေးလ်တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခုအရ အနိုင်ကျင့်ခံရတဲ့ လူငယ်တွေဟာ တခြားလူငယ်တွေထက် ၂ဆကနေ ၉ဆအထိ သေကြောင်းကြံစည်ဖို့ စဉ်းစားကြသတဲ့။ဗြိတိန်မှာ လေ့လာမှုတစ်ခုမှာ လူငယ်တွေရဲ့ သေကြောင်းကြံစည်မှုထက်ဝက်က အနိုင်ကျင့်ခံရခြင်းကြောင့် ဖြစ်တယ်တဲ့။ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားကြတဲ့ လူငယ်တွေရဲ့ ၇၈ ရာခိုင်နှုန်းဟာ ကျောင်းနဲ့ အွန်လိုင်းမှာ အနိုင်ကျင့်ခံရခြင်းဖြစ်ပြီး ၁၇ ရာခိုင်နှုန်းကတော့ အွန်လိုင်းမှာသာ ပစ်မှတ်ထားအနိုင်ကျင့်ခံရခြင်းဖြစ်တတ်တဲ့။

နေပါဦး…။ ဒါဟာ ဘဝတဲ့လား။ take it easy! လို့ လာမပြောခင် ကိုယ်ချင်းစာစိတ်လေး မွေးစေချင်ပါတယ်။ လှောင်ပြောင်မှုဆိုတာ အရွယ်ရောက်မှုဖြစ်စဉ်မှာ မလွှဲသာကြုံတွေ့ရတဲ့ အန္တရာယ်မဲ့အဖြစ်အပျက်မဟုတ်ဘူး။ ဒါဟာ လူပေါင်းများစွာကို သတ်ဖြတ်နေတဲ့ ညှင်းပန်းနှိပ်စက်မှုသာရယ်။



ခံစားနားလည်နိုင်စွမ်းမြင့်မားတဲ့လူသားတွေဟာ ဘာဖြစ်လို့ဒီလောက်တောင် ရက်စက်ယုတ်မာကြတာလဲ။ ရဲရဲရင့်ရင့်ပဲ ထင်ပေါ်လာတဲ့ သူတိုရဲ့ နဂိုမူလသတ်ဖြတ်ချင်စိတ်တွေကို ကျွန်မ အကြောင်သားငေးကြည့်နေမိတယ်။ ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကိုတော့ ကျွန်မ မစဉ်းစားနိုင်ခဲ့ဘူး။ ဒါပေမယ့် ပုံရိပ်ယောင်က ‘နင့်ကို ဒီလောကမှာ မလိုဘူး။ နင်ထွက်သွားတော့’လို့ ပြောနေလည်း ကျွန်မ လက်မခံနိုင်သေးဘူး။ လှောင်ပြောင်စော်ကားသူတွေကို အဆုံးစွန်ထိ အရှုံးမပေးနိုင်သေးပါဘူး။

လူသိရှင်ကြား အိမ်ထောင်ရေးဖောက်ပြန်ခဲ့သူ Bill Clinton က အသက်ရှင်ခြင်းဟာ အောင်မြင်ခြင်းတစ်ခုပဲလို့ ဆိုခဲ့ဖူးတယ်။ ဒီလိုကိုယ်ကျင့်သိက္ခာမဲ့ခဲ့ဖူးသူတောင် အသက်ရှင်ခြင်းမှာ ဂုဏ်ယူတတ်တယ်ဆို ဘယ်ကိုယ်ကျင့်တရားစည်းမှ မချိုးဖျက်သူက သူ့ထက်ပိုခေါင်းမော့ကာ ပျော်ရွှင်အသက်ရှင်သင့်တယ် မဟုတ်လား။ ဒါပေမယ့်  ကြိုးတန်းလမ်းလျှောက်ကာ အသက်မွေးနေရခြင်းဟာ ထင်သလောက်မလွယ်ကူပါဘူး။ စော်ကားမှုတွေကို မျက်နှာချင်းဆိုင်ပြီး ရပ်တည်နေရတာ ခက်ခဲလွန်းလှပါတယ်။  ခြေတစ်လှမ်းမှားသွားတာနဲ့ အနိုင်ကျင့်သူတွေရဲ့ ဆူးအပြည့်ချောက်နက်က ကြိုလင့်နေတယ်။ ဘယ်လိုမှ မမှားယွင်းခဲ့ရင်လည်း ကံနိမ့်တဲ့အခါ ကောလဟာလနဲ့လည်း အသတ်ခံရနိုင်တယ်။ 

ဘယ်မှာ ပုန်းနေရမလဲ။ အီရန်နိုင်ငံမှာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ ယူဆခံရတဲ့အမျိုးသမီးတစ်ယောက်ကို မသေမချင်း ခဲနဲ့ ဝိုင်းပေါက်ကြမယ့်သူတွေလိုမျိုး စကားလုံးမြားတံတွေနဲ့ ပစ်သတ်ဖို့ စောင့်နေသူတွေရှိတယ်။ ကျွန်မ သိပ်ကြောက်တယ်။ ပုံရိပ်ယောင်ကတော့ တဟားဟားရယ်ရင်း လှောင်ပြောင်နေတယ်။ သူရဲဘောကြောင်သူရေ...မြန်မြန်သေတော့လို့ ဆိုနေလည်း  မကြားယောင်ဆောင်ရင်း မျက်နှာလွှဲလိုက်နေခဲ့။ 

စကားမစပ်ပြောရရင် ငရဲကျခံနေသူတွေက နာကျင်ဆင်းရဲလွန်းလို့ သေသွားပေမယ့် အကုသိုလ်အရှိန်ဇောနဲ့ ငရဲကိုပဲ စွဲလမ်းပြီး အသက်ပြန်ရှင်ကာ သေလိုက်ရှင်လိုက်နဲ့ ငရဲမှာ ဒုက္ခဆက်ခံရသတဲ့။ ဖြစ်နိုင်တယ်။ ကျွန်မဘဝကရော သူတို့ထက် ဘာများသာမှာလဲ။ သေချာတာက ငရဲကျနေသူတွေလိုပဲ ကျွန်မက မိုက်မဲလွန်းတယ်။

 ...............

 ပါရမီပြည့် ထောင်ချောက်များ။
 ကြောက်မက်ဖွယ်ရောင်ခြည်တွေနဲ့ ကသိကအောက်ရယ်သံများ...

 ဒါ ဂြိုဟ်ဆိုးလား။ ကြမ္မာလား။ 
သူ့ဓာတ်ခွဲခန်းထဲက ကျွန်မရဲ့မနက်ဖြန်တွေကို ဘယ်လိုပြန်ရွေးရမလဲ။ 

ပုံကြီးချဲ့ကြည့်တဲ့အခါ 
အမည်မဖော်နိုင်တဲ့ ကြိုးတွေ။ 

 ကျေးဇူးပြုပြီး အချိန်မလင့်သေးဘူးလို့ ကျွန်မကို ညာပြောပါဦး။

.................

 မယ့်ကိုး