29 June 2013

မိစ္ဆာဒိဋ္ဌိတဲ့လား

တစ်သက်နှင့်တစ်ကိုယ် မပြုမူဖူးသောကိစ္စများကို အခုတလော ပြုမူနေဖြစပါတယ်။ အကြောင်းအရာတစ်ခုကို ပြောချင်လာတဲ့အခါ နှုတ်တရာစာတစ်လုံးလို့ ယုံကြည်ကာ ကိုယ်ရပ်တည်ရာကို စာရေးပြီးသာ ဖော်ပြလေ့ရှိပေမယ့် အမျိုးစောင့်ဥပဒေဆိုတဲ့ ဥပဒေကြမ်းနှင့် ပက်သက်လို့မူ စာတစ်စောင်ပေတစ်ဖွဲ့ မဖြစ်ခင်ပင် သုံးလေးခွန်းမျှ ဆိုမိနေပါပြီ။ မိတ်ဆွေတစ်ယောက်က စာရေးသူတစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုလူမုန်းများမယ့်ကိစ္စကို မလုပ်ဖို့ သတိပေးပေမယ့် တလောကလုံးက မုန်းတီးသွားမယ်ဆိုရင်တောင် နောက်ဆုတ်သွေးကြောင်သူမဖြစ်ချင်ပါ။ သမိုင်းပေးတာဝန်လို့ ကြီးကြီးကျယ်ကျယ်မပြောချင်ပေမယ့် တိတ်တိတ်နေလို့ မဖြစ်အောင်လည်း ဒီရက်ပိုင်းမှာ ဖတ်ဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိ ( Infidel)ဆိုသော ကိုယ်ရေးမှတ်တမ်းစာအုပ်က သတိပေးနေခဲ့တာ။

Ayaan Hirsi Ali ဆိုသော သူမကို submission ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုနဲ့ တွဲပြီးသိခဲ့ကာ တော်တော်သတ္တိရှိတဲ့ မိန်းမပဲလို့ ထိုစဉ်အခါကပင် လေးစားခဲ့ဖူးပါတယ်။ အခုလို သူမရဲ့ဘဝဇာတ်ကြောင်းကို ဖတ်ရတဲ့အခါ လွတ်လပ်အောင် အားထုတ်နိုင်မှု၊ သတ္တိပြောင်မြောက်မှု၊ ရဲဝံ့စွန့်စားမှု၊ ကြံ့ခိုင်ပြတ်သားမှုတို့ကို အံ့ချီးမကုန်နိုင်အောင် ဖြစ်ရပါတယ်။ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်သော ၂၀၀၅ တွင် ကမ္ဘာမြေပေါ်က အလွှမ်းမိုးနိုင်ဆိုးလူ၁၀၀ထဲမှာ ပါဝင်ခဲ့သော သူမဟာ ကျွန်မကိုလည်း လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ၁၉၆၉ နိုဝင်ဘာ၁၃ ရက်နေ့မှာ မွေးဖွားခဲ့သော ဆိုမာလီလူမျိုးဖြစ်ပြီး ဒတ်ခ်ျနှင့် အမေရိကန်နှစ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်တဲ့ သူမဟာ ကိုးကွယ်ခဲ့သော အစ္စလာမ်ဘာသာကို ဆန့်ကျင်မှုကြောင့် (အမည်ဆိုးဖြင့်) ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။


သူမရဲ့ဖခင်မှာ ဆိုမာလီနိုင်ငံရဲ့ ကွန်မြူနစ်တွေကို ဆန့်ကျင့်ရင်းထောင်ကျနေစဉ်မှာ သူမတို့မိသားစုမှာ ဖိနှိပ်မှုနဲ့ ပြည်တွင်းစစ်ကို ရှောင်လွဲရန် ဆော်ဒီအာရေဗျ၊ အီသီယိုးပီးယား၊ ကန်ညာ နိုင်ငံတို့မှာ နေထိုင်ခဲ့ကြပါတယ်။ အသက်ငါးနှစ်မှစပြီး သူမရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ခွဲစိတ်ခြင်းကို ခံခဲ့ရပြီး အစ္စလာမ်တရားတော်နှင့်အညီ ကြီးပြင်းခဲ့သူပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း သူမဟာ အနောက်နိုင်ငံများမှ ဝတ္တုများကို ဖတ်ပြီး ဇာတ်ကောင်များရဲ့ လွတ်လပ်မှု၊ စွန့်စားမှု၊ ယောက်ျားနှင့်မိန်းမတန်းတူညီမျှမှုတို့ကို အံ့သြနှစ်သက်နေခဲ့ပါတယ်။ ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သော ကန်ညာနိုင်ငံမှာ နေထိုင်စဉ် ဆယ်ကျော်သက်အရွယ်သူမဟာ ရေစီးအသစ်ဖြစ်တဲ့ Islamist Muslim Brotherhood မှာ ပါဝင်ခဲ့ပြီး ဘာသာရေးကိုင်းရှိုင်းသူဖြစ်ခဲ့ပေမယ့် အတွေးအခေါ်ပုန်ကန်တဲ့သူမနဲ့ လိုက်လျောညီထွေမရှိခဲ့ပါဘူး။

သူမရဲ့ဖခင်က သူမကို ကနေဒါနိုင်ငံမှ ဆွေမျိုးနီးစပ်နှင့် အတင်းအကျပ်လက်ထပ်ပေးရန် စီစဉ်တဲ့အခါမှာတော့ ထိုအခွင့်အရေးကိုယူပြီး လွတ်မြောက်အောင် ကြိုးစားပါတော့တယ်။ ကနေဒါသို့သွားရန် ဗီဇာစောင့်ဆိုင်းနေစဉ်မှာ ဂျာမဏီကို ထွက်ပြေးသွားခဲ့ပြီး ထိုမှတဆင့် ဟော်လန်(နယ်သာလန်)ကို ရထားနဲ့ ထွက်ခွာပြီး သူမဘဝကို အသစ်စခဲ့လေတာ။ သူမက ထိုအကြောင်းကို ‘ရထားပေါ်တက်ခဲ့တဲ့ အဲဒီနေ့က ၁၉၉၂ ၊ ဂျူလိုင် ၂၄ ရက်၊ သောကြာနေ့။ အဲဒီနေ့ကို ပြန်တွေးကြည့်တိုင်း ကျွန်မရဲ့ တကယ့်မွေးနေ့လို့ပဲ မြင်မိတယ်။ ကိုယ့်ဘဝအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်တဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မမွေးဖွားခဲ့တယ်’ လို့ ပြောခဲ့ပါတယ်။

 

သူမဟာ ဟော်လန်နိုင်ငံရဲ့ နိုင်ငံရေးခိုလှုံသူအဖြစ်မှ အမြဲတမ်းနေထိုင်ခွင့်ရအောင် အကြောင်းအချက်တွေ လိမ်လည်လျှောက်တင်လို့ လိပ်ပြာမလုံမှု ခံစားခဲ့ရရင်း လူမှုဖူလှုံရေးစခန်းမှာ အခမဲ့ဘာသာပြန်ကူညီပေးကာ ကောင်းကျိုးပြန်ပြုခဲ့ပါတယ်။ ကိုယ့်အားကိုယ်ကိုးလိုတဲ့သူမဟာ စက်ရုံများမှာ အချိန်ပိုင်းအလုပ်လုပ်ရင်း၊ တက္ကသိုလ်ပညာရေးရရှိအောင် သင်ကြားရင်းဖြင့်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အင်္ဂလိပ်၊ ဆိုမာလီ၊ အာရပ်၊ ဆွာဟလီ။ ဒတ်ခ်ျ ဘာသာစကားခြောက်မျိုးတတ်သောသူမဟာ အချိန်ပိုင်းဘာသာပြန်အလုပ်ကို ရရှိခဲ့ပါတယ်။

အလုပ်အတွက် ရဲစခန်းများ၊အကျဉ်းထောင်များ၊ ကိုယ်ဝန်ဖျက်ချပေးသည့် ဆေးခန်းများ၊ တရားရုံးများ၊ လူမှုဖူလှုံရေးဒေသများ၊ နိုင်ငံရေးခိုလှုံခွင့်ပေးထားသောစခန်းများကို သွားရောက်ဘာသာပြန်ပေးရပြီး ဖိနှိပ်အနိုင်ကျင့်ခံရသော အမျိုးသမီးပေါင်းမြောက်များစွာနှင့် တွေ့ဆုံခဲ့ရင်း၊ ဖုန်းမှတဆင့် ဘာသာပြန်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့အတူ သမိုင်းအကြောင်းအရာများကိုလေ့လာခြင်းဟာ သူမရဲ့ အစ္စလာမ်ဘာသာအပေါ်အမြင်ကို တနည်းတဖုံအကျိုးသက်ရောက်စေခဲ့ပါတယ်။၂၀၀၀ ခုနှစ်မှာ ဂုဏ်သတင်းကြီးသော တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဖြင့် မာစတာဘွဲ့ရရှိခဲ့ပြီး အလုပ်သမားပါတီ (Labor Party) တွင် အငယ်တန်းသုတသနေပညာရှင်အဖြစ် အလုပ်ရရှိခဲ့ပါတယ်။

သူမရဲ့ ဘဝအကြောင်းဟာ ဒီမျှနဲ့ ရပ်သွားမယ်ဆိုပါလျှင် ဘီလူးကို နှိမ်နှင်းအောင်မြင်ခဲ့သော သူရဲကောင်းပုံပြင်မျိုးဖြစ်ပြီး အားကျအတုယူစရာ တက်ကျမ်းတစ်အုပ်လိုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လိုတရအောင်မြင်ခဲ့ပြီဖြစ်တဲ့ သူမဟာ အသက်ထက်ဆုံး ပျော်ရွှင်စွာနေလေသတည်းလို့ အဆုံးသတ်လို့မရတဲ့ အခြေအနေများကို ဖန်တီးခဲ့ပါတယ်။

သူမရဲ့ ရှေးရိုးမှ ဖောက်ထွက်သောအမြင်များ၊ နှိပ်စက်အနိုင်ကျင့်ခံရသော အမျိုးသမီးများကို တွေ့ကြုံရမှုများ၊ ယောက်ျား၊မိန်းမတို့ရဲ့ အခွင့်အရေးလွတ်လပ်ညီမျှမှု အတွေးအခေါ်ရင့်သန့်လာမှုများ၊ သူမရဲ့ စိတ်ပညာလေ့လာသင်ကြားမှုများက အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်မှုနည်းလာခဲ့ပြီး ပိုဆိုးအောင် ဖန်တီးပေးခဲ့သော အခြေအနေကတော့ ၂၀၀၁မှာ အမေရိကန်နိုင်ငံက ခံစားခဲ့ရသော 9/11 အကြမ်းဖက်မှုကို မြင်တွေ့လိုက်တဲ့အခါ ဖြစ်ပါတယ်။

အဲဒီနောက် သူမက အစ္စလာမ်ဘာသာကို ဝေဖန်ရေးသားမှု၊ ရုပ်မြင်သံကြားမှ တွေ့ဆုံခန်းများ ပြုလုပ်လာတဲ့အခါ အသက်ဘေးရန်ရှာတဲ့ ခြိမ်းခြောက်စာများ ရရှိခဲ့တော့တာ။ ဒါပေမယ့် နောက်မဆုတ်ခဲ့ဘဲ ၂၀၀၂ မေလမှာ ဘာသာမဲ့အဖြစ် လူသိရှင်ကြားထပ်မံပြောကြားပြီးနောက်မှာတော့ သူမရဲ့အသက်အန္တရာယ်ဟာ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ၂၀၀၂ အောက်တိုဘာမှာ အမေရိကန်ကို ထွက်ခွာသွားပြီး ပညာဆက်လက်သင်ကြားကာ PhD ဘွဲ့ရယူဖို့စဉ်းစားခဲ့ပေမယ့် VVD ပါတီ ( People’s Party for Freedom and Democracy)က သူမကို ကမ်းလှမ်းခဲ့ပါတယ်။ ဒီအလုပ်ကို သူမခေါင်းငြိမ့်စေခဲ့တဲ့ တွန်းအားကတော့ မွတ်စလင်အမျိုးသမီးများကို ကူညီစောင့်ရှောက်ချင်သောကြောင့် ဖြစ်ပါတယ်။


ထိုပြင်းပြသောစေတနာဖြင့် ၂၀၀၃မှာ အောက်လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ သူမဟာ ယုံကြည်ရာနိုင်ငံရေးတာဝန်များကိုလည်းယူရင်း Theo Van Gogh နှင့်အတူ submission ဇာတ်လမ်းကို တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ ထိုဇာတ်ကားထုတ်လွှင့်အပြီးမှာတော့ ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းစွာ ထိုဒါရိုက်တာမှာ နေခင်းကြောင်တောင်မှာပင် သေနတ်နှင့်အပစ်ခံရပြီး လည်ပင်းလှီးသတ်ဖြတ်ခံခဲ့ရပါတယ်။ ပြီးတော့ လူသတ်သမားဟာ သူမကို သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာကို ထိုသူ့ရင်ဘတ်မှာ  ဓားနှင်အတူ စိုက်ထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အလွန်တင်းကျပ်သော လုံခြုံရေးကိုရယူပြီး ဟော်လန်နိုင်ငံအနှံ့ပုန်းအောင်းနေရကာ လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ နေထိုင်လျှက်ရှိပါတယ်။


ဒါပေမယ့် သူမရဲ့ ဟော်လန်နိုင်ငံကို ချစ်စိတ်၊ကာကွယ်ပေးလိုစိတ်ဖြင့် VVD ပါလီမန်အမတ်အဖြစ် လုပ်ကြံသတ်ဖြတ်မှုများကို ရင်ဆိုင်တိုးရင်း နိုင်ငံရေးတာဝန်ကို ဆက်လက်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်နိုင်ငံသားမွတ်စလင်အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အခမဲ့အဖွဲ့အစည်း(AHA)ကို ဦးစီတည်ထောင်သူဖြစ်ပါတယ်။

ဒီစာအုပ်ဖတ်နေရင်းမှာပင် မရယ်ရွယ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သတိရမိပါတယ်။ သူမတို့နှစ်ဦးစလုံးမှာ ဖိနှိပ်ချုပ်ချယ်မှုများ၊ သေကြောင်းကြံစည်မှုများ၊ ထိုးနှက်မှုများအားလုံးကို မကြောက်မရွံ့ရင်ဆိုင်ပြီး လူတွေအပေါ် စေတနာသန့်သန့်ဖြင့် အကျိုးဆောင်နေသော အံ့မခန်းထူးခြားသော မိန်းမများရယ်လေ။


အသက်ကြီးလျှင် ရိပ်သာနားနီးသောနေရာတွင် အိမ်ကလေးဆောက်ကာ ဘုရားသွားကျောင်းတက်လုပ်ရင်း လူ့သက်တမ်းကုန်ချင်သော ကျွန်မက လူအခွင့်အရေးကို ချိုးဖောက်သော၊ အမျိုးသမီးများကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကို ကန့်သတ်ချိုးနှိမ်ထားတဲ့ အမျိုးစောင့်ဥပဒေကြမ်းကို ကန့်ကွက်ကြောင်းပြောဖြစ်တဲ့အခါ...ဗုဒ္ဓဘာသာမဟုတ်ဘူလား။ ကံကြီးထိုက်မယ်ဆိုတဲ့ စကားများ အစထားကာ ရုတ်ရင်းကြမ်းတမ်းစွာ ဆဲရေးလာတဲ့အခါ စကားလုံးတွေမှာ ထိရှလွယ်သူမို့ ကြေကွဲမဆုံးအောင်ရှိလည်း သူမတို့ကို စံနမူနာထား အားတင်းသင့်တာ။ မိစ္ဆာဒိဋ္ဌိလို့ မဟုတ်မမှန်စွပ်စွဲခံရလည်း မမှုချင်တော့။ စိတ်တိုလွယ်သောသူမို့ တုန့်ပြန်ချက်မြန်လို့ အမှားတွေ့လည်း ရှိပါစေတော့။ ကြိုးစားပြီး ခေါင်းမတ်နေပါဦးမယ်။ထိုအမျိုးသမီးများကို ကြည်ညိုလျှင် သူတို့ကို စံထားနိုင်ရမှာပေါ့။

ကျွန်မ ရရှိသောဖရုဿဝါစာများ၊ နှိမ့်ချစော်ကားမှုများဟာ သူမတို့ခါးစည်းခံရတဲ့ အသရေဖျက်စော်ကားမှုများ၊ တိုက်ခိုက်ချေမှုန်းမှုများ၊ သေကြောင်းကြံမှုများနှင့် နှိုင်းယှဉ်ပါလျှင် အလွန်တရာပမွှားကာ ရယ်ရွှင်ဖွယ်ရာ ဖြစ်နေတယ်မဟုတ်ပါလား။ လူသန်းပေါင်းများစွာရဲ့ အမုန်းကိုခံပြီး သူမတို့တန်ဖိုးထားရာကို အသက်ကိုစွန့်ပြီး ကာကွယ်စောင့်ရှောက်နိုင်ကြသေးလျှင် ကျွန်မတို့ကလည်း ယုံကြည်ရာအတွက် တွန့်ဆုတ်မနေသင့်ဘူးထင်ရဲ့။ ။

မယ့်ကိုး

26 June 2013

ပြဿနာရှာရန် မရည်ရွယ်သော


ဒီလထုတ် Mandalay Icon မဂ္ဂဇင်းမှာ ကျွန်မရဲ့ကဗျာကို ဖော်ပြထားတယ်လို့ မိတ်ဆွေတစ်ယောက်က သတင်းပေးလာတဲ့အခါ အလွန်တရာမျက်လုံးပြူးသွားခဲ့ပါတယ်။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကျွန်မရဲ့စာမူတစ်ချို့ကို အစ်ကိုကြည်စိုး(ကဗျာဆရာ ဝေးခေါင်)ကို ပေးအပ်ခဲ့ပေမယ့် ထိုစာမူများထဲမှာ ကဗျာမပါဝင်တဲ့အတွက် ဖြစ်ပါတယ်။

မိတ်ဆွေက ကျွန်မရဲ့ဖော်ပြခံရသောစာမူကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်တဲ့အခါမှာတော့ နင့်နင့်သီးသီးတုန်လှုပ်သွားရပြန်ပါတယ်။ ‘ဖျားနေတဲ့ ညနေ’ လို့ အမည်ပေးထားတဲ့စာကို ကြည့်ပြီး အဲဒီညနေမှာ ကျွန်မ အမှန်တကယ်ဖျားနာပါတော့တယ်။ အစ်ကိုကြည်စိုးကို အကြောင်းစုံမေးမြန်းကြည့်ရာ တခြားအယ်ဒီတာက ရွေးချယ်ထားခြင်း ဖြစ်ကြောင်း၊ ဖောင်ပိတ်တဲ့နောက်ဆုံးညမှ သူသိကြောင်း၊ ကဗျာနဲ့ အက်အေးမို့ ပြဿနာမရှိဟု ယူဆကာ မဖြုတ်လိုက်ခြင်းဖြစ်ကြောင်း ဖြေရှင်းပေးပါတယ်။ 


ဟုန်ကဲ့။ မှန်ပါတယ်။ ကံအကြောင်းမလှစွာဘဲ ကဗျာနဲ့ စကားပြေကြားမှာ ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းချဖို့ ခက်ခဲလှတာမို့ ကဗျာလို့ သတ်မှတ်ယူဆလိုက်တာကို လက်ခံနိုင်ပါတယ်။ ဖြစ်သမျှကို ဇာမချဲ့တော့ဘဲ ပုံနှိပ်စာမျက်နှာထက်မှာ ဖော်ပြခံရတဲ့ကဗျာဆရာမ ဖြစ်ပြီရယ်လို့ ချော်လဲရောထိုင်ပြီး ခပ်တည်တည်နေလိုက်လို့လည်း ရပါတယ်။ ဒါပေမယ့် ခက်တာက ကျွန်မ လိပ်ပြာလုံချင်ပါတယ်။

ဘာဖြစ်လို့ပါလဲဆိုရင် ဒီအက်ဆေးဟာ ကျွန်မအတွက်တော့ ကဗျာမဖြစ်ခဲ့ပါဘူး။ ဒါဆို ကဗျာနဲ့ စကားပြေရဲ့ ကွာခြားချက်က ဘာပါလဲလို့ မေးနိုင်ပါတယ်။ ဒီမေးခွန်းဟာ ကျွန်မအတွက်သာမက စာပေသုတေသီတွေကိုပါ ခေါင်းကိုက်စေတဲ့ အကြောင်းအရာဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ပြင်သစ်မော်ဒန်ကဗျာဆရာတွေက စကားပြေကဗျာ (Prose Poetry)ကို တီထွင်လိုက်တဲ့အခါမှာပေါ့။ နောက်တစ်မျိုးမှာ အမျိုးအစားတွေ ကျယ်ပြန့်လွန်းလို့ အကျဉ်းချုံးသတ်မှတ်ဖို့ ခက်ခဲလွန်းတဲ့ လွတ်လပ်ကဗျာ(Free Verse)ကြောင့် ဖြစ်ပါတယ်။

ကဗျာနဲ့စကားပြေတို့ရဲ့ နယ်ခြားမျဉ်းဟာ ထင်ရှားခြားနားတယ်လို့ ထင်ရပေမယ့် ရစ်သမ်နဲ့ ဆက်စပ်လိုက်တဲ့အခါမှာ မယုံနိုင်စရာပါးလျလာကြောင်းကို ဒီလွတ်လပ်ကဗျာနဲ့ စကားပြေကဗျာတို့က သက်သေပြပြီးသား ဖြစ်ပါတယ်။ ကဗျာနဲ့ စကားပြေဟာ လိမ္မော်မှ အဝါ၊ အဝါမှအနီ ဖြတ်စီးနေတဲ့ ရောင်ပြေးတွေလို ဖြစ်နေပြီး လွတ်ထွက်မသွားအောင် ဆုပ်ကိုင်ဖို့ ခက်လှပါတယ်။ ဒါဆို ကျွန်မရဲ့ကဗျာကို ဘယ်လိုစံထားခွဲခြားသတ်မှတ်ထားလဲလို့ ထပ်မံမေးစရာရှိပါတယ်။ ဟုတ်ကဲ့။ ဥပမာသုံးခုဖြင့် အရှင်းဆုံးဖြစ်အောင် ဆိုခွင့်ပြုပါ။

  • ပထမ- ကျွန်မရဲ့ကဗျာမှာ စကားလုံးအသုံးအနှုန်းကို အထူးဂရုစိုက်ပါတယ်။ ပိုလျှံနေတဲ့၊ ထပ်ကျော့နေတဲ့ စကားလုံးတွေကို ပစ်ပယ်ပါတယ်။
         (စိတ်မကောင်းစရာက ဖျားနေတဲ့ညနေမှာ ဖွာနေတဲ့စကားလုံးများကို တွေ့နိုင်ပါတယ်။)
  • ဒုတိယ-အဖြတ်အတောက်ဖြစ်ပါတယ်။ကဗျာမှာ စကားလုံးနေရာချပုံ၊အဆုံးသတ်ပုံဟာ အရေးကြီးတယ်လို့ ကျွန်မ ခံယူထားပါတယ်။ ဒါကြောင့် သီးခြားဂုဏ်ရည်ရှိတဲ့ စာတစ်ကြောင်းဖြစ်အောင် ကြိုးစားပြီး စကားလုံး၊ဝါကျ၊ပါဒများကို ဖြတ်တောက်ပါတယ်။
          (ဖျားနေတဲ့ညနေကို ရေးဖွဲ့ခဲ့ရာမှာ စာပိုဒ်များကိုသာ နေရာတကျအစီအစဉ်ချခဲ့တာ ဖြစ်ပါတယ်။)
  • တတိယ-ကဗျာရဲ့ပုံစံဖြစ်ပါတယ်။ ကျွန်မက အမြင်အာရုံခံစားမှုနောက်လိုက်တဲ့ စာရေးသူဖြစ်တဲ့အတွက် ကဗျာမှာ အချိုးကျနဖို့ အားထုတ်လေ့ရှိပါတယ်။ စာကြောင်းတွေရဲ့ အတိုအရှည်၊ဖြန့်ကားထွက်မှု၊လွတ်လပ်ပုံစံ စသည်ဖြင့် တတ်စွမ်းသလောက် ပုံသဏ္ဍာန်ကို ကစားလေ့ရှိပါတယ်။ 
          (ဖျားနေတဲ့ညနေရဲ့ စာပိုဒ်အစီအစဉ်မှာ စကားပြေပီပီ ငြီးငွေ့ဖွယ်အလှအပမဲ့နေပါတယ်။)

စာပေသုတေသီတွေက ကျွန်မရဲ့ ကဗျာတွေကို အဆင်ပြေသလိုခေါင်းစဉ်အောက်မှာ ထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မသတ်မှတ်ထားတဲ့စံနဲ့ ရေးသားခဲ့တဲ့ ကဗျာများသာ ဖြစ်စေလိုပါတယ်။ ဒါကြောင့် ကဗျာကို အနည်းငယ်သာရေးလေ့ရှိပြီး စိတ်တိုင်းမကျသေးတဲ့အတွက် မည်သည့်ပုံနှိပ်မဂ္ဂဇင်းကိုမှ ပေးပို့ခြင်း မရှိခဲ့ပါဘူး။

မညာတမ်းဝန်ခံရမယ်ဆိုပါရင် ကျွန်မရဲ့ ကဗျာတစ်ခုခုကို လေးစားစွာ အသိအမှတ်ပြုခံရမယ်ဆို ပျော်မဆုံးအောင်ဖြစ်ချင်ပေမယ့်  ‘ဖျားနေတဲ့ညနေ’စာမူဟာ ကျွန်မအတွက် ကဗျာမဖြစ်ခဲ့တဲ့အကြောင်း စိတ်မချမ်းမြေ့စွာပဲ ရိုးရိုးသားသားဆိုပါရစေ။ ဒီအတွက် စာဖတ်သူများက  စိတ်ပျက်လက်ပျက်ဖြစ်ခဲ့မယ်ဆို ဒီကြွေးကို အကျေဆပ်နိုင်ဖို့ ကျွန်မ ကြိုးစားပါဦးမယ်။ ။ 

ချစ်ခင်လေးစားစွာဖြင့်
မယ့်ကိုး

19 June 2013

မကျွမ်းဝင်တဲ့ဝေါဟာရက သူငယ်ချင်း

စကားပြောချင်တယ်။ အာခေါင်ခြစ်ပြီး အော်ချင်တယ်။ ဘယ်လိုနာကျင်ကြောင်း၊ ဘယ်လောက် ကြေကွဲစရာကောင်းကြောင်း၊ အဘယ်မျှအထီးကျန်စိတ်ဓာတ်ကျကြောင်း…ဟင့်အင်း။ ဒီလို ဘယ်သူမှ မကြားချင်တဲ့ ငြီးငွေ့ဖွယ် သာယာနာပျော်ဖွယ်မဲ့စကားတွေ မဟုတ်ပါဘူး။ ဒါပေမယ့် တောင်ရောက်၊တောရောက် စကားတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ရုံးက ခပ်တည်တည်နဲ့ မျက်နှာပုပ်သိုးနေတဲ့လူကြီးကလေ တစ်ခါမှ အချိန်ပိုမဆင်းတဲ့ငါ့ကို ညကြီးမိုးချုပ်မှာ မြင်တော့ မျက်နှာမဲ့ရှုံ့ပြီး နောက်တာ။ ငါကလည်း အလုပ်လုပ်ရလို့ စိတ်ဆိုးနေတော့ သူနောက်တာကို ရုတ်တရက် ပြန်ရယ်မပြနိုင်ဘူး။ အဲဒါကြောင့် သူက ရှက်ပြီး မျက်နှာနီကာ မအီမလည်ဖြစ်သွားပုံက ဘယ်လိုဆိုတာ သူငယ်ချင်းကို ပြောချင်တာ။

ဒီစကားတွေကို ဘယ်သူ့ကို ပြောရမှာလဲ။ ဟုတ်တယ်။ အဲဒီလိုအဖြစ်အပျက်ကို စိတ်ကူးနဲ့မြင်ပေးမယ့် သူငယ်ချင်းမရှိပါဘဲ။ အဲဒီလူက ဒီလောက်မျက်နှာထားတင်းတာ သူနောက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲလို့ ပြန်ပြောမယ့် သူငယ်ချင်းတစ်ဦးတလေမှ မရှိပါဘဲ။ ပြီးတော့ နှစ်ယောက်သား တဟီးဟီးတဟားဟား ခေါင်းချင်းတိုက်ရယ်ချင်လည်း သူငယ်ချင်းက ဘယ်မှာလဲ။

တစ်ခါတစ်လေတော့ စိတ်ကူးထဲရှိတာ ယုတ္တိမဲ့အကြောင်းအရာတွေကိုလည်း ပြောဖြစ်ချင် ပြောဖြစ်မယ်။ ငါကလေ အထပ်၂၀ကနေပြီး ဓာတ်လှေကားထဲဝင်တော့ အထဲမှာ လူမရှိဘဲ ၂၂ထပ်ကို နှိပ်ထားတာတွေ့တယ်။ တစ်ခါတစ်လေ ဒီလိုပဲ မှားနှိပ်မိတာပဲလေဆိုပြီး ၂၃ ခလုတ်ကိုနှိပ်လိုက်တယ်။ ပြီးတော့ ဒီလိုပဲရပ်နေရင်း ဖုန်းကအောက်ပြုတ်ကျသွားတယ်။ ဖုန်းကိုကောက်ပြီး ဖွင့်ကြည့်လိုက်တော့ message နေရာမှာ စာတွေ ရိုက်ထားတယ်။ ငါက အလိုအလျှောက်နှိပ်မိတာဆိုရင် စာလုံးတွေကအဓိပ္ပါယ်မရှိနိုင်ဘူး။ အခုကြည့်လိုက်တော 333 times UK တဲ့။ ငါလည်း ကြောက်ကြောက်လန့်လန့်နဲ့ ဓာတ်လှေကားကအထွက် နံပါတ်နှိပ်တဲ့နေရာကိုကြည့်လိုက်တော့ ၂၈ ထပ်ကို နှိပ်ထားတာ တွေ့တယ်။ သေချာတယ်။ ငါလုံးဝ မနှိပ်ဘူးလို့ သူငယ်ချင်းကို ပြောမယ်။ 

အဲဒါဆို သူငယ်ချင်းက အေးဟယ်။ကြောက်စရာ ။သရဲရှိတာ သေချာတယ်။...လို့ ကျွန်မရဲ့စကားကို နင်းပြီး ပြောမယ်။ နာနာဘာဝတို့ တစ္ဆေတို့ဆိုတာ မရှိပါဘူး။ ဘာညာနဲ့ ကျွန်မဖြစ်ပျက်သမျှကို အလေးအနက်မထားဘဲ ငြင်းခုန်ပယ်ဖျက်မယ့် သူငယ်ချင်းမျိုး မလိုချင်ပါဘူး။ ဘဝခဏလေးမှာ စကားနိုင်လုပြောဆိုမှုတွေ၊ မေးခွန်းအဖြေအနန္တတွေနဲ့ အချိန်ကုန်မခံနိုင်တော့လို့ပါ။ သိပ်မောပန်းနွမ်းနယ်နေပြီ။ တစ်ခါတစ်လေတော့လည်း ညည်းညူတာတွေ ဖြစ်ချင်ဖြစ်မယ်။ ရွံ့ရေအိုင်ကို တရကြမ်းမောင်းဖြတ်သွားတဲ့ ညှာတာစိတ်မဲ့တဲ့ကားမောင်းသူကြောင့် ကျွန်မရဲ့ဝတ်စုံ ညစ်ပတ်ပြီး အရှက်ရကြောင်း စသည်ဖြင့်...။ 

ရင်ထဲမှာ ဘာနဲ့ဖြည့်လို့မှ ပြည့်နိုင်မယ်မထင်တဲ့ ဟင်းလင်းခွင်ကြီးရှိနေတယ်။ အချစ်မခံချင်တဲ့သူ ဘယ်သူရှိသလဲ။ သူငယ်ချင်းသိပ်လိုချင်တယ်။ အားနည်းချက်ရှိတဲ့အခါ ဒီလောက်ကလေးတောင် အသုံးမကျဘူးလားလို့ ကဲ့ရဲ့မယ့်သူငယ်ချင်းမဟုတ်ဘူး။ ထိခိုက်ထိုးနှက်ခံရလို့ လဲပြိုသွားတဲ့အခါ လက်မကမ်းလည်း ကိစ္စမရှိပါဘူး။ လမ်းကိုဘယ်လိုလျှောက်တာလဲလို့ ဆူပူမယ့် သူငယ်ချင်းတော့ မဟုတ်စေချင်ဘူး။ မတော်တဆမှားယွင်းမှုကို သည်းခံနိုင်တဲ့ သူငယ်ချင်းမျိုးလိုချင်တယ်။ အားနည်းချက်ကို နားလည်ပေးတဲ့ သူငယ်ချင်းရှိချင်တယ်။

ရေးတဲ့စာတွေ အချိုးမကျတဲ့အခါ အသစ်ဖန်တီးနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောတဲ့သူငယ်ချင်းမျိုး မလိုချင်ဘူး။ လိုအပ်မှုတွေကို ဆွေးနွေးအားပေးမယ့် သူငယ်ချင်းကို ရချင်တယ်။ မရယ်ရတဲ့ဟာသပြောပြတဲ့အခါ စိတ်မဆိုးဘဲ အလိုက်တသင့်ပြုံးပြတဲ့ သူငယ်ချင်းမျိုးလိုချင်တယ်။ ဝမ်းနည်းအားငယ်တဲ့အခါ မသိချင်ယောင်ဆောင်နေပြီး ချောကလက်ဝယ်ကျွေးမယ့် ၊ ရေခဲမုန့် ဝယ်ကျွေးမယ့် သူငယ်ချင်းမျိုးလိုချင်တယ်။ ကျွန်မ မရင့်ကျက်သေးပါဘူး။

ကျွန်မကို ချစ်တဲ့သူ မရှိဘူးလို့ ပြောတဲ့အခါ ‘အဲဒါဘာဖြစ်လို့လဲသိလား။ အစ်မက ဘယ်သူ့မှ မချစ်တော့ ဘယ်သူကမှလည်း အစ်မကို မချစ်တာ’ လို့ ပြောတဲ့ ညီမငယ်တစ်ယောက်ကို သတိရတယ်။ မချစ်တတ်ဘူးတဲ့လား။ ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ဟုတ်သလိုလိုလည်းရှိပေမယ့် ချစ်တဲ့သူတွေလက်ကို တွဲနေနိုင်သူက အဝေးကတစ်ယောက်သောသူကို မှန်ကန်စွာ နားလည်အကဲဖြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ချို့လူတွေမှာ စာဖတ်နိုင်စွမ်း ချို့တဲ့မှု(dyslexia) ဖြစ်သလိုမျိုး ကျွန်မလည်း ဆက်သွယ်နိုင်စွမ်းရည် ချို့ယွင်းချက်ဗီဇများ ရှိတယ်ထင်ရဲ့။တကယ်တော့ ဆွံ့အနေခဲ့တာပါ။ စကားမပြောတတ်ပါဘူး။ ကျွန်မကိုနားလည်စွာ ကျွန်မကိုယ်စား စကားပြောပေးမယ့်သူငယ်ချင်း လိုချင်တယ်။ လိုချင်တာတွေ သိပ်များတယ်တဲ့လား။ တကယ်တော့ မရှိတောင့်တပါ။ 

အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ဝမ်းနည်းလာပြန်တယ်။ ဝက်ဝံရုပ်ကို တင်းတင်းပိုက်ထားတယ်။ အသက်ရှုမဝလို့ ပါးစပ်နဲ့ အသက်ရှုရတယ်။ ငါ မသေသေးဘူးလို့ ရေရွတ်တယ်။ Baby Blues ကာတွန်းတွေဖတ်ရင်း သိပ်မရယ်ရပေမယ့် အသံထွက်ရယ်တယ်။ ကြက်သွန်မြိတ်လှီးရင်း ငိုတဲ့ ဂျပန်ဘာသာပြန်ဝတ္တုတိုတစ်ပုဒ်ကို သတိရပြန်တယ်။ သူငယ်ချင်းမဲ့သူမှာတော့ ထွက်ပေါက်ရှာစရာ လှီးရမယ့် ကြက်သွန်နီတောင် မရှိပါဘဲ။ မနက်ဖြန်မှပဲ ငိုရမှာလား။ ကြက်သွန်နီ သွားဝယ်ရဦးမယ်။ ။





မယ့်ကိုး

17 June 2013

နားမလည်နိုင်ခြင်း အကြောင်း

မျှော်လင့်မထားဘဲ တွေ့ရှိခဲ့ကာ ပြန်တမ်းတတိုင်း ကြည်နူးမဆုံးဖြစ်စေခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံအကြောင်း ပြောပြပါရစေ။ ပထမဆုံးမိတ်ဆက်ပေးချင်သူက ‘ဖေဖေ’လို့ သူမ တစ်ခါမှမခေါ်ဘူးတဲ့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။ အမေနဲ့ ဆွေးမျိုးများက ရုပ်ဆိုးအကျည်းတန်လှတယ်လို့ ပြောကြတဲ့ဖခင်ဟာ သူမရဲ့အမြင်မှာတော့ ခန့်ထည်ကြည့်ကောင်းနေပါတယ်။ ချစ်သောမျက်စိနဲ့ကြည့်တာကြောင့်လို့ ညွှန်းကြမယ်ဆိုပါရင် ဖေဖေ့ကို ချစ်လားဆိုတဲ့ ခံစားမှုဟာ မခွဲဖြာနိုင်တဲ့ ပုစ္ဆာဖြစ်ပါတယ်။

 ‘အဲဒီလူအကြောင်း မပြောချင်ဘူး။’ ‘ဘဝမှာ အဖေမလိုဘူး ။ အမေတစ်ယောက်တည်းနဲ့ ပြည့်ပြည့်စုံစုံထားနိုင်တယ်။’ ဆိုတဲ့ စကားလုံးတွေနဲ့ ပုံသွင်းခံရင်း ကြီးပြင်းခဲ့သူပါ။ အဖေဆိုတာ ဘယ်လိုလူလဲဆိုတာ သူမ တကယ်မသိပါဘူး။ ကိုယ့်ထက်ပညာတတ် ထက်မြက်တဲ့မိန်းမနဲ့ အတူနေထိုင်ခြင်းဟာ အဖေရဲ့မာနကို ထိခိုက်စေခဲ့လေသလား။ အနိုင်လိုသွေးဆိုးကြတဲ့ မယားဖက်က ဆွေမျိုးတွေကို မကြည်ဖြူနိုင်ခြင်းဟာ အဖေရဲ့ရွေးချယ်မှုလား။ သမီးများကို စွန့်ပစ်ထားခဲ့ခြင်းဟာ အဖေ့ရဲ့ အခွင့်အရေးလား။

လူတကာတွေ ဘယ်လိုသွေးထိုးလည်း အဖေ့ကို အကြည်ညိုမပျက်ဖို့ သမီးအတတ်နိုင်ဆုံးကြိုးစားပါတယ်။ ဒါပေမယ့် သမီးတို့ကို အဖေဘာလို့ တစ်ခါလေးပင် လာမတွေ့ရတာလဲ။ သမီးတို့ကို နည်းနည်းလေးမှ မချစ်ဘူးပဲနော်။

ကျောင်းဆင်းချိန်တိုင်း သူများကလေးတွေကို အဖေတွေက လာကြိုတိုင်း အဖေများ လာစောင့်နေမလားလို့ အမြဲမျှော်လင့်ခဲ့ဖူးတယ်။ သားအဖတွေ အပြန်အလှန် ချစ်တာမြင်ရတိုင်း၊ ကြင်နာတာ ကြုံရတိုင်း မဖော်ပြနိုင်အောင် နာကျင်တယ်။ ဒါ မနာလိုတာလို့ စွပ်စွဲမလား။  မာရေကျောရေနှလုံးသားဟာ ဘယ်လိုမှ မယုံကြည်နိုင်အောင် ကွဲအက်လာပြန်တယ်။ အဖေ့ရဲ့ နောက်အိမ်ထောင်ကရတဲ့ သားသမီးတွေကိုပဲ အဖေ ချစ်တတ်တာလားဟင်။ ဒီအတွေးစနဲ့ ဓာတ်ပုံကိုကြည့်မိတိုင်း ရင်ထဲမှာ ဆူးထိုးခံရသလို နာကျင်လာကာ မျက်ရည်ရစ်ဝိုင်းပြန်ရဲ့။

ဒါပေမယ့် သူမ ကြည်နူးခဲ့ပါတယ်။အမေ့ကို ဖေဖေနဲ့ တွဲဖက်မြင်ရတယ်။ အမေကလည်း ဓာတ်ပုံထဲမှာ ပြုံးနေပါတယ်။ မွေးကင်းစရက်ပိုင်းလေးမှာတင် သူမကို တနယ်တကျေးက အဘွားလက်ထဲအပ်ကာ အဒေါ်တွေလက်မှာ ကြီးပြင်းခဲ့ရသူ သူမအတွက် အမေဆိုတာလည်း ဖမ်းဆုပ်ရခက်ခဲတဲ့ ပုံရိပ်ရယ်သာ။ သမီးတို့ ပညာရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ တာဝန်ကျရာဒေသတွေမှာ နေထိုင်ပြီး တစ်နှစ်မှာ တစ်ကြိမ်သာတွေ့ဖြစ်တဲ့ အမေ့ပုံလေးကိုကြည့်ကာ အမြဲခေါ်ဝေါ်ချင်လွန်းလှတဲ့နာမ်စား ‘မေမေ’ဆိုတာကို ရင်ထဲက တိုးတိတ်ရွတ်ကြည့်ဦးမယ်။ ပြီးတော့ အမေ့ကို အဒေါ်တွေခေါ်သလို မလေးလို့ ခေါ်ဝေါ်ကာ ‘မလေး သမီးကို ချစ်လား။’လို့ ဘယ်တော့မှ ဖွင့်မဆိုဖြစ်တဲ့စကားကို ဓာတ်ပုံလေးကြည့်ကာ မေးမိဦးမယ်။ 

ဒီလိုဒဏ်ရာတွေ သိပ်သည်းပြင်းထန်လာရင်တော့ မိဘနှစ်ပါးဆီမှ အကြည့်လွှဲကာ ဖခင့်လက်ပေါ်မှ ချစ်စဖွယ်ကောင်းလွန်းလှတဲ့ ကလေးမလေးကို ကြည်နူးစွာကြည့်မိဦးမယ်။ ပညာတတ်မိန်းမနဲ့ ရွက်ကြမ်းရေကျိုဘွဲ့ရ ယောက်ျားတစ်ယောက်ရဲ့ မြေစာပင်နှစ်ပင်ထဲက လှပသန်းစွမ်းတဲ့ ပန်းကလေးတစ်ပွင့်ဟာ သူမရဲ့အစ်မ ဖြစ်ပါတယ်။ ခံစားချက်တွေကို ရင်ထဲမှာပဲ သိုဝှက်ထားတတ်သူအစ်မက သူမထက်ခံနိုင်ရည်ကောင်းသလို ကုသိုလ်ကံလည်း ပိုကောင်းသူဖြစ်ကာ အမြဲလိုလည်း စိတ်ထားကြည်သာစွာနေတတ်သူဖြစ်ပါတယ်။ အခုလည်း ဓာတ်ပုံထဲက ဖခင်ရဲ့လက်ပေါ်မှာ ပြုံးရွှင်လို့နေပါတယ်။

သက်နှောင်းစနေဖြစ်ပေမယ့် စနေဂြုင်္ံဟ်မွှေတာ။ သူမကြောင့် အိမ်ထောင်ရေးပြိုကွဲရတာဆိုတဲ့ စကားသံကို မပြတ်မလတ်ကြားနာခံရပြီး ကြီးပြင်းခဲ့သူ၊ ဦးလေး၊အဒေါ်တွေရဲ့ နှိပ်စက်ညှင်းပန်းခံရပြီး ကြီးပြင်းခဲပသူ သူမကလည်း ဓာတ်ပုံလေးထဲမှာ ပကတိပြုံးရယ်နေတာကြောင့် ဒီဓာတ်ပုံလေးကြည့်မိတိုင်း အလိုအလျှောက်ပြုံးမိပြန်ပါတယ်။ ဒါပေမယ့် သူမရဲ့ပျော်ရွှင်မှုတွေဟာ ဘယ်တော့မှ သက်ဆိုးမရှည်နိုင်တာ အစဉ်အလာဖြစ်ပါတယ်။ ‘ဒီဓာတ်ပုံကို ဘယ်ကရတာလဲ’ ဆိုကာ အဒေါ်လတ်က ပြန်သိမ်းသွားတဲ့အခါ သူဖြဲဆုပ်ပစ်လိုက်ပြီလား။ ဖျောက်ဖျက်ပစ်လိုက်ပြီလားလို့ပင် သူမ မမေးတော့ပါဘူး။ မသိချင်တော့ပါဘူး။ ဝမ်းနည်းနာကျင်မှုမြောက်များစွာထဲက အသေးငယ်ဆုံး အစိတ်အပိုင်းလေးသာမို့ ဒီဓာတ်ပုံတစ်ခုကိုဖြင့် မေ့မေ့ပျောက်ပျောက် ဖြစ်အောင် နေတတ်ခဲ့ပြန်ပါပြီ။

ဒါပေမယ့် ကိုယ့်သမီးတွေကို တစ်ခါမျှလာမတွေ့၊မဆက်သွယ်သော မွေးသဖခင်က သမီးနှင့်အတူနေသည့်အဒေါ်ကိုတော့ စီးပွားရေးလုပ်ငန်းပေါင်းစည်းလုပ်ရန် ဆက်သွယ်(ခဲ့/နေ)သောအခါ ထိုရက်စက်မှုများကို အဘယ်သို့ မေ့နိုင်တော့မည်နည်း။ တစ်ချို့သော ကြောက်ရွံ့စရာအဖြစ်အပျက်များမှာ ပြင်းထန်လွန်းသောကြောင့် မယုံကြည်နိုင်အောင်၊လက်မခံနိုင်အောင်ဖြစ်ရလေတာ။ထို့ကြောင့် အဆုံးမှာ နားမလည်နိုင်တော့ဘူးဟုသာ သုံးနှုန်းရတော့မယ်လေ။

ထိုသို့ဖြင့် သူမသည် နားလည်မှုခေါင်းပါးသော မိန်းမတစ်ယောက်ဖြစ်လာခဲ့လေသလား။အဖေတွေ သားသမီးတွေကို အရမ်းချစ်နေတဲ့ အပြုအမူတွေ၊ ဓာတ်ပုံတွေကိုတွေ့ရင် နားမလည်နိုင်တော့ဘူး။ အူကြောင်ကြောင်ဖြစ်တယ်။ မျက်မမြင်ကို အရောင်တွေအကြောင်း ဘယ်လိုပဲရှင်းပြပြ နားမလည်သလိုဘဲ။ နားမလည်နိုင်တဲ့အတွက် ဝမ်းနည်းရမှာလား။ နာကျင်မှုကို သိုလှောင်တဲ့ နှလုံးသားမရှိတော့ဘူး။ ။

မယ့်ကိုး

12 June 2013

အစုအဖွဲ့များနှင့် သဟဇာတမဖြစ်သော မိန်းမ

ဘာလို့ လောကကြီးကို ကျောခိုင်းထားတာလဲလို့ ညီမငယ်တစ်ယောက်က မေးတဲ့အခါ မဟုတ်ပါဘူးလို့ အလျင်အမြန်ငြင်းချက်ထုတ်ချင်ပေမယ့် လောကဆိုတဲ့ အရာကြီးထဲကို လှမ်းဝင်ရမှာ ကြောက်လန့်ကာ မဝံ့မရဲငေးကြည့်နေသူမှာ ကျွန်မဖြစ်ပါတယ်။ လောကကြီးဆိုတဲ့ ပတ်ဝင်းကျင်ကို ခင်မင်တွယ်တာလှပေမယ့် George E-Young ရဲ့Fitting In ဆိုတဲ့ ကဗျာတစ်ပုဒ်ထဲက စာကြောင်းတွေကိုလည်း သတိရမိရဲ့။ သားအတွက်ဆိုပြီး ရေးထားတဲ့ ကဗျာစာအုပ်ထဲကပေါ့။

It’s human nature to want to fit in,
But How low will you have to stoop? 

လိုက်လျောညီထွေနေချင်တာ လူ့သဘာဝပဲ
ဒါပေမယ့် မင်းဘယ်လောက်ထိနိမ့်အောင် ငုံ့လျှိုးနိုင်မှာလဲ၊

အုပ်စုဖွဲ့နေတတ်တဲ့ သတ္တဝါဖြစ်သော ကျွန်မလည်း အပေါင်းအသင်း၊မိတ်ဆွေများနဲ့ အတူ ရယ်မောပျော်ရွှင်ချင်သူ၊ ကိုယ့်ကို ချစ်တယ်ဆိုတဲ့ လူတွေရဲ့ လက်ကိုတွဲရင်း လုံခြုံမှုရချင်သူပါ။ ဒါပေမယ့် ဖြစ်နိုင်ရဲ့လား။ တစ်ချို့လူမှုအဖွဲ့အစည်းတွေဟာ သူတို့နဲ့ဆက်ဆံတဲ့အခါ နှိမ့်ချသည်းခံမှ အံဝင်ခွင်ကျဖြစ်နိုင်တယ်။ ကဗျာထဲက ပြောသလိုပဲ ကျွန်မ ဘယ်လောက်ထိ ငုံ့လျှိုးဦးညွှတ်နိုင်မှာလဲ။ မာနလေးလက်တစ်ဆစ်နဲ့ အံတုချင်တာ မဟုတ်လည်း ဒီလိုပေးဆပ်ဖို့ တန်ရဲ့လား  စဉ်းစားဖြစ်နေဆဲ။

ကဗျာကလည်း ဆက်ပြောတယ်။ 
What is the price of fitting in? 
How important is the group? 

ဒီသဟဇာတဖြစ်ခြင်းရဲ့ တန်ဖိုးက ဘာလဲ။ 
ဒီအစုအဖွဲ့က ဘယ်လောက်အရေးပါသလဲ။ 

အံ့သြစရာပဲ၊ ကဗျာဆရာမေးတဲ့ မေးခွန်းတွေဟာ ကျွန်မအမြဲမေးနေတဲ့ မေးခွန်းတွေသာရယ်။

သူတပါးအခြေပျက်မှ ကိုယ်အနေလှမယ်ဆိုပြီး ခြေထိုးခံတတ်သူများအသင်း၊
လူသိရှင်ကြားချစ်မိတ်ဆွေရင်းတွေပါ ဆိုပြီး နောက်ကျောကို ဓားနှင့်ထိုးတတ်သူများအစု၊
ကြည်ညိုချစ်ခင်လှချည့်ရဲ့လို့ လူမြင်ကွင်းမှာ ပြောပြီး မျက်ကွယ်မှာ ကဲ့ရဲ့အတင်းဆိုသူများအဖွဲ့၊
သူတပါးအပြစ်ကို လက်ညှိုးထိုးကဲ့ရဲ့ပြီး ကိုယ်ကြီးကျယ်မြင့်မြတ်ကြောင်း လက်မထောင်ဝံ့ကြွားသူများ အစုအဝေး၊...

ကျွန်မ ကြောက်လှပါတယ်။ချို့ယွင်းအားနည်းသူပါ။ ငုံ့လျှိုးမနေနိုင်သူပါ။ ကိုယ်ပေါင်းစိတ်ခွာ မပေါင်းသင်းတတ်သူပါ။ ကျွမ်းဝင်မိတဲ့အခါ ကိုယ်ရောစိတ်ပါ လှိုက်လှိုက်လှဲလှဲ ချစ်ခင်တတ်သူမို့ နာကျင်ဒဏ်ရာများကို ခံနိုင်ရည်မရှိတော့လို့ပါ။ နောက်ဆုံးတော့ လူရာမဝင်သူတဲ့လား။ အပေါင်းအသင်းကောင်းမှ ကံကောင်းမယ်ဆိုပြီး လူတော်တွေကို ရွေးချယ်စုစည်းပေါင်းသင်းကာ လူပေါ်လူဇော်လုပ်ရင်း အောင်မြင်ကျော်ကြားနေကျသူတွေကိုလည်း အားမကျချင်ပါ။ သူတပါးမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်အလုပ်နဲ့ ကျွန်မ မဆီလျော်ပါဘူး။

တစ်ယောက်ဆို လူသေ၊ နှစ်ယောက်ဆို လူရှင်လို့ ဆိုကြတဲ့အခါ အပေါင်းအဖော်မဲ့ ကျွန်မက  တစ်ကိုယ်တည်း တစ်ကောင်ကြွက်မို့ သေလူလား။ ခက်တာက တစ်ချို့သူတွေဟာ ကိုယ်သေမှန်း ရှင်မှန်း ကွဲကွဲပြားပြားမသိကြပါဘူး။ ဥပမာ ကျွန်မ ။ ဒါဆို နာနာဘာဝလို့ ခေါ်နိုင်သလားတော့ မပြောတတ်ပါ။ လူဆိုတဲ့ ဖောက်ပြန်သူ မဟုတ်တာတော့ အသေအချာရယ်။ 

တစ်ခါတစ်လေတော့လည်း အစုဖွဲ့ ပျော်ပါးနိုင်တဲ့လူတွေကို အလွန်အားကျသူပါ။ သူတို့လို ရယ်ချင်။ ပျော်ချင် ။ ချစ်သူတွေ ပိုင်ဆိုင်ချင်။ ဒါပေမယ့် နောက်ဆုံးတော့ လူအရေခွံမဲ့သူမို့ အကောင်အထည်မရှိ အခြေအနေမှာ ငိုရပြီ။ အငိုလျော့ရင်တော့ စိတ်ပြေလက်ပျောက် ဖြစ်ကာ လူတောထဲ တိုးချင်ပြန်။ ဘဝချင်းခြားနေပြီလို့ သိပေမယ့် လူ့အသိုင်းအဝိုင်းနား ရပ်ချင်သေးတာ။ အတော်ရယ်စရာကောင်းတဲ့သတ္တဝါပေပဲ။

.................................................................................................

ဆက်ဆံရေးစစ်ပွဲမှာ
ဘယ်အခါမှ နလံမထူနိုင်သူလေ
နားလည်မှုတစလည်း မတောင်းဆိုဝံ့ဘူး။
“နေကောင်းလား”....
နှုတ်ခွန်းဆက်သ
မှုန်မှိုင်းစကားစပင် ထုံထိုင်းစည်းကွယ်နေမို့
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ချင်လည်း …
အဆုံးမှာ
အေးခဲခြင်းဆီသာ ပျံပြေးတတ်သူမို့
လူမဆန်ဘူးဆိုလည်း ရှိစေ။ ။
.................................................................................................

လူတွေကို ဂြိုဟ်တွေနဲ့ တင်စားခဲ့ဖူးတယ်။ သူတို့ ဘယ်အရာက ဆွဲငင်ထားလဲ။ ဘာကို ဗဟိုပြုပြီးလည်ပတ်နေလဲ။ သူတို့အစုအဝေးက ဘာလဲဆိုပြီး ခွဲခြားထားမိတတ်တယ်။ တကယ်တော့ ရှုပ်ထွေးလှတဲ့လူ့စိတ်ဟာ အဲဒီလောက် မရှင်းလင်းတာမို့ လူတွေဟာ သံမှုန်သံစတွေလို သံလိုက်တွေရဲ့ ဆွဲငင်အားအလိုက် ပိုပြီးအားကောင်းတဲ့ သံလိုက်တွေနောက်ကို ပြေးကပ်တဲ့ အမျိုးအစားတွေလည်း ရှိချင်ရှိမှာပါပဲ။ ကျွန်မကတော့ ကြယ်တံခွန်သာရယ်။ တစ်ခါတလေ ပျော်ရွှင်နွေးထွေးမယ်လို့ ထင်ရတဲ့ နေအဖွဲ့အစည်းတစ်ခုခုဆီ သွားရောက်မိပေမယ့် နောက်ဆုံးမှာတော့ အေးစက်မှောင်မိုက်နေတဲ့ အာကာသထဲမှာပဲ တစ်ကိုယ်တည်းရွေ့လျားနေရသူပါ။ မလောင်ကျွမ်း၊ မပျက်စီးခင်လေးအထိပေါ့။ 

ကိုယ့်ဖြစ်တည်မှုအတွက် ဝမ်းနည်းအားငယ်သလားလို့ မေးလာရင်တော့ သဘာဝဆိုတာ ပြုပြင်ပြောင်းလဲနိုင်ဖို့ ခက်သားကလား။ နောင်တမရလိုပေမယ့် အဖွဲ့အစည်းရဲ့ အရှိန်ဟပ်ပြီးလည်း မညစ်နွမ်းချင်ပါ။ တစ်ယောက်တည်းနေ တစ်စိတ်တည်းထားတဲ့ ဘုရားဟောကို ကိုးကားကာ ရဲဝံ့ဟန်ဆောင်ပါဦးမယ်။ ကိုယ်ပြုသောကံ ကိုယ့်ထံပြန် ဆိုလား။ ကျွန်မရဲ့အသုဘမှာ လူမစည်နိုင်တဲ့အခါ အသေမလှဘူးလို့ ကဲ့ရဲ့ချင်ပါသလား။ ကိစ္စမရှိပါ။ လိပ်ပြာသန့်စွာကျွန်မ သေဆုံးပါဦးမယ်။   ။



မယ့်ကိုး

03 June 2013

စာဖတ်သူကို နားလည်ခြင်း

အခုတလော စာပေအရ အံ့အားသင့်ဖွယ်ကောင်းသော၊ ကိုယ့်ကျင့်တရားဆိုင်ရာကို စောဒကတက်ထားသော၊ အငြင်းပွားဖွယ်ဝတ္ထု စာဖတ်သူ (The Reader)ကို သတိရနေမိပါတယ်။ ဂျာမာန်စာပေဆုထဲက တစ်ခုဖြစ်တဲ့ (Hans Fallada Prize) ဆုကို ရရှိခဲ့တဲ့ဒီစာအုပ်ကို အော်စကာဆုများစွာ ဆွတ်ခူးပေးခဲ့သော ရုပ်ရှင်ဇာတ်ကားကြောင့် ဖတ်ခဲ့တာဖြစ်ပေမယ့် စာရေးဆရာရဲ့ ရှင်းလင်းပြတ်သားသောရေးဟန်ကြောင့် မှတ်ထင်စွဲလမ်းခဲ့တာဖြစ်ပါတယ်။ 


စာဖတ်သူမှာ လူပျိုပေါက်အရွယ်က စတင်ခဲ့သော အချစ်ဇာတ်လမ်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့တဲ့ မိုင်ကယ်ဘာ့ဂ်ဆိုသော ယောက်ျားတစ်ယောက်ရဲ့အကြောင်းဖြစ်ပါတယ်။ ၁၉၅၈မှာ ဓာတ်ရထားလက်မှတ်ရောင်းသူ အသက်(၃၆)နှစ်အရွယ်အမျိုးသမီးဟန်နာက အသက်၁၅နှစ်သား မိုင်ကယ်တစ်ယောက် နေမကောင်းဖြစ်နေတာကို သတိပြုမိပြီး အိမ်လိုက်ပို့ပေးရာမှ ဆက်နွယ်မှုစတင်ခဲ့ပါတယ်။ မိုက်ကယ်က ဟန်နာရဲ့တိုက်ခန်းကို သွားရောက် ကျေးဇူးတင်စကားပြောရာမှ သူတို့နှစ်ဦး ချစ်ကျွမ်းဝင်ခဲ့ကြပြီးနောက်ပိုင်း ချစ်တင်းနှောခြင်းမပြုလုပ်ခင်မှာ မိုက်ကယ်က ဟန်နာကို ဂန္တာဝင်စာအုပ်တွေ ဖတ်ပြခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မမျှော်လင့်ဘဲ ဆက်သွယ်မှုပြတ်တောက်သွားခဲ့ပြီး ခုနှစ်နှစ်ကြာပြီးနောက် ဥပဒေကျောင်းသားဖြစ်တဲ့ မိုက်ကယ်ဟာ စစ်ရာဇဝတ်သားအဖြစ် ဟန်နာကို တရားရုံးမှာ ပြန်တွေ့ခဲ့ပါတယ်။

မိုက်ကယ်ရင်ဆိုင်ရတဲ့ အရှက်ရနာကျင်စရြာ ဖစ်ရပ်ဟာ ဟန်နာရဲ့အတိတ်သာမဟုတ်ဘဲ ဂျာမနီတစ်နိုင်ငံလုံးရဲ့အတိတ်လည်း ဖြစ်ပါတယ်။ စာရေးဆရာရည်ရွယ်လိုသော အကြောင်းအရာမှာ ဂျာမနီနိုင်ငံမှာ လူကြီးများက ပြုလုပ်ခဲ့သောနာဇီပြစ်မှုများကို နောက်မျိုးဆက်များက ရုန်းကန်တုန့်ပြန်ရပုံဖြစ်သည်။ အမှန်အတိုင်းဝန်ခံရပါလျှင် ပထမအကြိမ်ဖတ်ခဲ့စဉ်က စာဖတ်သူမိုက်ကယ်ကို သိပ်အရေးမထားမိဘဲ စာနားထောင်သူဟန်နာကိုသာ အာရုံစိုက်ကာ အံ့သြကြောက်ရွံ့နေခဲ့မိပါတယ်။ သူမက စာမဖတ်တတ်မှုကို ဖော်ထုတ်ရမှာကို လူသတ်တရားခံလို့ ခေါင်းစဉ်တပ်ခံရမှာထက် ရှက်ရွံ့နေခဲ့သူရယ်။ ထို့ထက်ပိုပြီး ဂျူးလူမျိုးများစွာကို လူမဆန်စွာသေစေခဲ့တဲ့ သူမဟာ နောင်တအလျဉ်းရှိပုံမရဘဲ တရားရုံးမှာ တာဝန်အရဆိုသော စကားလုံးကို ဂုဏ်ယူပြတ်သားစွာ ပြောခဲ့သလို အလုပ်ခွင်ဝတ်စုံကိုလည်း ခေါင်းမော့ကာ ဝတ်ခဲ့ပါတယ်။

သူမရဲ့နှလုံးသားမှာ တာဝန်သိစိတ်အပြင် လူသားချင်းစာနာထောက်ထားမှု မရှိတော့ဘူးလား။ အပြစ်မဲ့သူတွေကို သတ်ဖြတ်ပြီးတဲ့နောက် တာဝန်အရဆိုတဲ့ ခေါင်းစဉ်နဲ့ ရှောင်လွှဲသင့်ရဲ့လား။ သူမရဲ့ ပုံရိပ်ဟာ ၈၈ အရေးအခင်း၊ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်သံဃာအရေးအခင်းတွေမှာ လက်နက်မဲ့ရဟန်းရှင်လူပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြတိုင်း အကြမ်းဖက်နှိမ်နှင်းသော စစ်အာဏာပိုင်များ၊ နှိပ်စက်သူလက်ပါးစေများရဲ့ပုံရိပ်များကို စိတ်ဝယ်ပြန်ထင်လာစေမိပါတယ်။


တာဝန်အရဆိုတဲ့ ဆင်ခြေကို လက်မခံနိုင်တဲ့ကျွန်မ အငှားယာဉ်မောင်းသူက မိုက်ကယ်ကို ပြောစကားဖတ်ရတဲ့အခါ ပို့လို့ အံ့သြမိခဲ့ပါတယ်။ 'လက်မရွံ့အာဏာသားဆိုတာ လုပ်ခိုင်းတိုင်းလုပ်တာ မဟုတ်ဘူး ။ သူက သူ့အလုပ်သူလုပ်တယ်။ သူသတ်ဖြတ်တဲ့လူတွေကို သူမမုန်းဘူး။ အဲဒီလူတွေကို သူ ကလဲ့စားချေနေတာ မဟုတ်ဘူး။ အဲဒီလူတွေက သူ့သွားတဲ့လမ်းမှာ နှောင့်ယှက်နေလို့ တိုက်ခိုက်နေလို့ သတ်ရတာလဲ မဟုတ်ဘူး' တဲ့။ 

စာရေးဆရာဟာ ဂျူးတွေကိုသတ်ခဲ့သော ဂျာမန်လူမျိုးများဘက်က သက်ညှာခဲ့တယ်လို့ထင်ကာ စာရေးဆရာကို အပြစ်မြင်ခဲ့ပေမယ့် ဒုတိယအကြိမ် စာဖတ်သူကို ပြန်စဉ်းစားတဲ့အခါမှာတော့ ကျွန်မရဲ့စာရေးဆရာအပေါ် အပြစ်တင်စိတ်ဟာ အနည်းငယ်လျော့လာခဲ့ပါတယ်။ ကျွန်မရဲ့ကြည့်မြင်ပုံဟာလည်း ဟန်နာဆီမှ နိမ့်ဆင်းပြီး မိုက်ကယ်အပေါ် ပြောင်းရွှေ့စိတ်ဝင်စားလာခဲ့တာကိုလည်း အံ့သြတုန်လှုပ်စရာ တွေ့ခဲ့ရပါတယ်။ ‘ဒီမိန်းမဟာ တကယ့်ကိုလူမဆန်ဘူး။’ ဇာတ်ကောင်မိုက်ကယ်က ပြောခဲ့သလို မိတ္ထီလာအဓိကရုဏ်းမှစတင်ခဲ့သော သတ်ဖြတ်ကလဲ့စားချေသူများ၊ လက်နက်မဲ့ သက်ကြီးရွယ်အို ဘိုးဘွား၊ကလေးငယ်များကို အိမ်ခြေရာခြေမဲ့စေသူများ၊ လက်ပိုက်ကြည့်နေသော အာဏာပိုင်များကရော လူဆန်ရဲ့လားလို့ ဆန်းစစ်ကြည့်မိပါတယ်။ ကျွန်မ နားမလည်နိုင်ပါ။ လက်ခံနိုင်စွမ်းလည်း မရှိပါ။

မိုက်ကယ်က 'ကျွန်တော်က အမြဲလိုပဲ ဟန်နာရဲ့ပြစ်မှုတွေကို နားလည်ချင်ခဲ့၊ ရှုတ်ချဝေဖန်ချင်ခဲ့တယ်။ ဒါပေမယ့် အဲဒါကိုလုပ်ဖို့ အရမ်းကိုခက်ခဲခဲ့တယ်' လို့ ပြောခဲ့တဲ့အခါမှာတော့ စာရေးဆရာနှင့်ကျွန်မ အမြင်တူသွားခဲ့တာ ကြောက်ရွံ့ကြေကွဲဖွယ်ဖြစ်ပါတယ်။ ဟန်နာကိုယ်စားပြုသော နာဇီတွေကို စာရေးဆရာက အပြစ်တင်ဖို့ ခက်ခဲနေခဲ့သလို ကျွန်မလည်း အကြမ်းဖက်မြန်မာလူတစ်စုကို နားလည်ဖို့ အလွန်ခက်နေပါတယ်။ ငယ်စဉ်တောင်ကျေးကလေးဘဝမှစပြီး ကျွန်မရဲ့သိစိတ်မှာ ထာဝစဉ်ထာဝရဖြစ်တည်ခဲ့သော မြန်မာလူမျိုးပုံရိပ်မှာ ကိုယ်ချင်းစာသည်းခံစိတ်ကြီးမားသော၊ စာနာနားလည်တတ်သော၊ ယဉ်ကျေးသိမ်မွေ့သော၊ မှက်၊ခြင်၊ယင်ပင် မထိခိုက်မနာကျင်စေချင်သော လူမျိုးဟူ၍သာ။

ဟန်နာရဲ့ လူမဆန်တဲ့လုပ်ရပ်တွေအကုန်လုံးဟာ သူမရဲ့စာမတတ်မြောက်မှုဟာ အရင်းခံပါတယ်လို့ စာရေးဆရာက ထုချေလွှာတင်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ ကျွန်မ စွပ်စွဲချင်ခဲ့ပါတယ်။ ‘သူမဟာ သူမရဲ့အကျိုးအမြတ်အတွက် သိမ်းသွင်းဆွဲဆောင်နေတာ မဟုတ်ပေမယ့် သူမရဲ့တကိုယ်တော်အမှန်တရားအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဘာဖြစ်လို့လဲ သူမဟာ အမြဲတမ်းပဲ တစုံတခုကို စိတ်ရင်းနဲ့ဖုံးကွယ်ထားရတယ်။ ဘယ်တုန်းကမှ ပွင့်လင်းမှုမရှိနိုင်ခဲ့ဘူး။ ဒါဟာ နာကျင်ဖွယ်အမှန်တရားဖြစ်သလို နုံချာတဲ့တရားမျှတမှုအကြောင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာသူမရဲ့ အကျိုးအကြောင်းဖြစ်ပါတယ်။ ပြီးတော့ ဒီကြိုးပမ်းရုန်းကန်မှုဟာ သူမရဲ့ ရုန်းကန်ကြိုးစားမှုဖြစ်တယ်’ လို့ စာအုပ်ထဲမှာ ဇာတ်ကောင်မိုက်ကယ်က ပြောခဲ့ပါတယ်။

ဆိုးရွားတာက ရှက်ရွံ့စရာဝန်ခံရရင် မိုက်ကယ်လိုပဲ ကျွန်မလည်း ဒုစရိုက်ပြုသူများဖက်က ကာကွယ်ပေးခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံသား မွတ်စလင်များကို နှိပ်စက်ပုံများ အင်တာနက်စာမျက်နှာများမှာ မြင်မကောင်းအောင်ရှိစဉ် စင်္ကာပူနိုင်ငံသား မလေးအမျိုးသမီးက ‘ဘာကြောင့်လဲ’ လို့ မေးတဲ့အခါ ကျွန်မက ‘သူတို့က နှစ်ပေါင်းများစွာ အမှောင်ထဲမှာ နေလာတာဆိုတော့ နိုင်ငံကြီးသားပီသဖို့ ဘယ်လိုနေရမလဲဆိုတာ သိပ်နားမလည်ကြသေးဘူး။’ လို့ ကျွန်မ ဆင်ခြေပေးခဲ့ဖူးလည်း ဒီစကားဟာ အပြည့်အဝမမှန်ကန်ဘူးဆိုတာ နားလည်ပါတယ်။ ထိုစကားမျိုးကို အသိဥာဏ်ပြည့်ဝသူလူတိုင်းက လက်ခံရန်ခက်ခဲလိမ့်မယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ပါတယ်။

ဟန်နာရဲ့ စာမတတ်မှုကို  နာဇီများရဲ့ ရက်စက်ကြမ်းကြုတ်သောအမှုများကို ကျူးလွန်စေတဲ့  ပညာမဲ့မှု၊မယဉ်ကျေးမှု၊ မသိနားမလည်မှုများသာရယ်လို့ စာရေးဆရာက ပမာပြုတင်စားခဲ့တယ်လို့ ထင်မှတ်ရပေမယ့် စာပေဝေဖန်သူတစ်ဦးက စာရေးသူရဲ့ စာမတတ်လို့ပါဆိုတဲ့ အကြောင်းပြချက်ကို သည်းမခံနိုင်ဘဲ ‘ဂျာမာန်တစ်နိုင်ငံလုံးဟာ ဟန်နာလို စာမတတ်တဲ့သူတွေ ဖြစ်ပါစေ။ ဟစ်တလာရဲ့ စစ်စတင်တာနဲ့ ဂျူးတွေကို မျိုးဖြုတ်ပစ်ဖို့လို့ ဟောကြားခဲ့တဲ့၁၉၃၉ ရေဒီယိုအသံလွှင်မှုကို ကြားခဲ့ဖူးမယ်’လို့ ရေးသားခဲ့ပါတယ်။ အမေရိကန်သမ္မတအိုဘားမားကလည်း ‘အချိန်ကာလအကြာကြီး ဒီတိုင်းပြည်ကလူတွေဟာ (ရခိုင်လူမျိုးစုအပါအဝင်) ဆင်းရဲမွဲတွေမှုနဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံစားရ၊ ချေမှုန်းချိုးနှိမ်ခံထားရတယ်။ ဒါပေမယ့် ဒါဟာ အပြစ်မဲ့သူတွေကို အကြမ်းဖက်ဖို့အတွက် ဆင်ခြေမဟုတ်ဘူး။’ လို့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်စဉ်က ရန်ကုန်တက္ကသိုလ်ခန်းမမှာ မိန့်ခွန်းခြွေခဲ့ပါတယ်။ 

ဂျူးများကို ကာကွယ်စောင့်ရှောက်ခဲ့သော ဂျာမာန်လူမျိုးများစွာရှိသလို နာဇီများက ဂျာမာန်လူမျိုးများကို ကိုယ်စားမပြုပါဘူး။ ဒါပေမယ့် ထိုသို့လက်ခံသောသူ ရှားပါလိမ့်မယ်။ မွတ်စလင်များကို ကာကွယ်စောင့်ရှောက်ပေးခဲ့သသော မြန်မာလူမျိုးရဟန်းရှင်လူများစွာ ရှိသလို အကြမ်းဖက်သူလူတစ်စုသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုကို ကိုယ်စားမပြုပါဘူး။ ဒါပေမယ့် ထိုအမှန်တရားကို နားလည်သောသူ နည်းပါလိမ့်မယ်။


ခက်တာက ဒီစကားအပြင် တခြားအကြောင်းပြချက် ကျွန်မ မပေးတတ်ပေမယ့် မြေနိမ့်ရာ လှံစိုက်ကြတဲ့အခါမှာတော့ ကိုယ်လွတ်ရုန်းပြီး ထွက်မပြေးချင်ပါ။ပြဿနာပြုသူများကို လက်ညှိုးထိုးခြင်းဖြင့်လည်း ကိုယ်တစ်ယောက်သာ အပြစ်ကင်းသူအဖြစ် ဝံ့ကြွားလက်မထောင်မှာ မဟုတ်ပါ။ ‘အပြစ်ရှိတဲ့အဖွဲ့အစည်းကို လက်ညှိုးထိုးခြင်းဟာ ကျွန်တော်တို့ကို အရှက်တရားက လွတ်မြောက်စေမှာမဟုတ်ဘူး။’ လို့လည်း စာဖတ်သူမှာ ဆိုခဲ့ပါတယ်။

ဒီလိုဆို ဒီမှားယွင်းမှုရှက်စိတ်နာက ဘယ်လိုပျောက်အောင် ကုရမလဲ။ စစ်ပြီးခတ်မှာ ဂျာမန်လူငယ်တွေ ခံစားရတဲ့ သိမ်ငယ်စိတ်၊ အပြစ်ရှိစိတ်မျိုးကို ကျွန်မတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို အမွေပေးလို့ မဖြစ်ဘူးမဟုတ်လား။ ဒါပေမယ့် ကျွန်မလည်း ဘာမှ မတတ်နိုင်၊မစွမ်းနိုင်ဘူးတဲ့လေ။ 

ဘာပဲဖြစ်ဖြစ် ခဏမကြာမှာတင် ငြိမ်းချမ်းလှပခြင်းပန်းတွေ လှိုင်လှိုင်ပွင့်လန်းလာဖို့ ဆုတောင်းချင်ပါတယ်။ ကျွန်မထက် မိုက်မဲသူ မရှိတော့ဘူးတဲ့လား။ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ကူးယဉ်သူ ကျွန်မကတော့ လူရဲ့ပင်ကိုစိတ်ဟာ ထိုမျှမဆိုးယုတ်ဘူးဆိုကာ တရားမျှတမှု၊ လူသားချင်းစာနာထောက်ထားမှုကို ယုံကြည်မျှော်လင့်နေဆဲဖြစ်ပါတယ်။ 

မယ့်ကိုး

မှတ်ချက်။  ။ ဒီစာကို ချစ်သောညီမငယ် နေခြည်အတွက် ရေးပါတယ်။