31 August 2013

တိမ်းညွတ်တတ်တယ်

သိပ်ချစ်ပါတယ်။ ကြင်နာသူဆီက အပြစ်မြူမှုန်မှန်သမျှ ဖယ်ရှားပေးချင်ခဲ့သူပါ။ သူစေသမျှ မြေဝယ်မကျတည်ဆောက်နိုင်ဖို့ စွမ်းဆောင်ခဲ့သူပါ။ကိုယ်ပိုင်အိပ်မက်ကို မီးရှို့လို့ သူ့ကောင်းကင်ကိုသာ ဆေးခြယ်ခဲ့သူပါ။
သိပ်ချစ်ပါတယ်။ ဆုတောင်းရှိခိုးမှုကို ပစ်ပယ်လို့ ဝဋ်ဒုက္ခအားလုံးကို ရင်ဆိုင်တွေ့ဖို့သာ ဆုံးဖြတ်ခဲ့သူပါ။ ပျော်ရွှင်မှုကျိုးပဲ့ကာ ငရဲတွင်းထဲအကြိမ်ကြိမ်ဆင်းရလည်း တွယ်တာစိတ်မခေါင်းပါးနိုင်သူပါ။ နှလုံးရည်နိမ့်ကာ ထိရှလွယ်ပေမယ့် အရေခွံချက်ချင်းလဲကာ ဒဏ်ရာမဲ့သူလို သူ့အနားမြဲခဲ့သူပါ။
သိပ်ချစ်ပါတယ်။ သူ့ကောက်ကျစ်ပြုံးကို သူတကာမြင်မှာ စိုးကာ မျက်နှာဖုံးလှလှလေး လက်ဆောင်ပေးချင်ခဲ့သူပါ။မလည်မဝယ်နဲ့ ထောင်ချောက်များအနားမှာ ကြောက်စိတ်ဖျောက်လျှက် အချစ်ကြောင့်ရဲနေတဲ့သူပါ။ အသည်းမည်မျှကွဲစေကာမူ သေနည်းမျိုးစုံအဖုံဖုံမှ လွတ်နေသော ရူးမလု သေမတတ်ချစ်မိသူရယ်ပါ။
သိပ်ချစ်ပါတယ်။ ရင်ဝဆီပြေးလာတဲ့ မြှားလှံလက်နက်အလုံးစုံကိုလည်း သူ့ရှေ့မှရပ်ကာ ပမာမခန့်ပြုံးကြည့်နေချင်သူပါ။ သူ့ဆင်ခြင်ဥာဏ်နဲ့သာ လှုပ်ရှားသော၊ သူ့အရိပ်အကဲကိုသာ ကြည့်ကာ ရွေ့လျားတတ်သော စက်ရုပ်ဖြစ်ခဲ့သူပါ။ ဥာဏ်ကလေးလက်တစ်ဆစ်နဲ့ မျှော်မြင်နိုင်သလောက် ပေးဆပ်ရင်း ပိုင်ဆိုင်မှုမှန်သမျှု စတေးဖို့လည်း ဝန်မလေးခဲ့သူပါ။ 


ဒါပေမယ့် သိပ်ချစ်ပါတယ်ဆိုတဲ့ ပြောသမျှစကားအလုံးစုံဟာ ကျွန်မရဲ့ အချစ်ကို စန်းတင်လိုခြင်းသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ အချစ်မှာ မျှော်လင့်ချက်နည်းသော၊ ပကတိအရောင်လင်းသော၊ မကောင်းကြံခြင်း ဝေးကွာသော ၊ အပြစ်ဖွဲ့ခြင်းကင်းသော အချစ်ပါလို့ အမွှန်းတင်လိုနေခြင်းလည်း ဖြစ်ပါလိမ့်မယ်။

သိပ်ချစ်ပါတယ်။ ထိုသို့ပင် ထပ်ပြောပါရစေ။ လူတိုင်းမှာ လူ့အခွင့်အရေးရမယ်ဆိုလျှင် ကျွန်မရဲ့ ချစ်ခြင်းမှာလည်း ကျွန်မရဲ့ ရပိုင်ခွင့်ပင် ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ အချစ်ကို အမုန်းမြူမှုန်များမကပ်ငြိစေလိုပါ။ အတ္တမီးခိုးမျှင်များ မစွဲထင်စေချင်ပါ။ ကျွန်မရဲ့ ချစ်ခြင်းကို သန့်စင်နှစ်လိုဖွယ် ဖြစ်စေလိုသာ ၊ အမှတ်တရလှလှအဖြစ်သာ လိုလားမိသော ကျွန်မရဲ့ဆန္ဒမှာ အပြစ်မရှိဟု ထင်မိတာ။ ဒါကြောင့် လွပ်လပ်ငြိမ်းချမ်းစွာ၊ အနှောင်အဖွဲ့ကင်းစွာ၊ မေတ္တာပြည့်စွာ ဖွဲ့တည်ထားသော ချစ်ခြင်းပါလို့ ဆိုဦးမှာ။ 

သိပ်ချစ်ပါတယ်။ သူတစ်ဦးတစ်ယောက်ကို ချစ်ခြင်းထက် ကျွန်မရဲ့ချစ်ခြင်းကိုသာ ကြည်ညိုလိုခြင်းဖြင့် ထိုသို့ ဆိုချင်ပါတယ်။ ခွင့်ပြုပါ။ သိပ်ချစ်ပါတယ်လို့ မာနအတ္တခေါင်ခိုက်ကာ ကျွန်မ ဆိုချင်ပါသေးတယ်။...။ 

မယ့်ကိုး

27 August 2013

ပျောက်ဆုံးနေသော မိန်းမ

မိတ်ဆွေအစ်မတစ်ယောက်က လွမ်းဆွတ်ဖွယ်စာလေးရေးပါဦးလို့ ပြောသောအခါ သူမ ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ လွမ်းဆွတ်ကြည်နူးဖွယ်ဆိုသော စကားလုံးက သူမနဲ့ မကျွမ်းဝင်၊ မသက်ဆိုင်တော့တာ ကြာခဲ့ပြီ ။သူမမှာ ထိုခံစားမှုကို လက်ခံနိုင်သော နှလုံးသားရှိသေးရဲ့လားလို့ ငုံ့ကြည့်သောအခါ ညှိုးခြောက်နေသော အသည်းအပိုင်းအပဲ့လေးကိုသာ တွေ့ရလေတာ။ 

ဘယ်လိုဖြစ်ပါလိမ့် ။ လူတွေက အသည်းခြောက်ပြီး မကြာခင်သေကြတာ။ ဒီအဖြစ်ဟာ ထူးဆန်းတယ်။ သူမမှာ အသည်းနှလုံးတခုလုံး မရှိတော့ပေမယ့် ဘာလို့ အသက်ရှင်နေသေးပါလိမ့်။ ရှင်သန်နေရခြင်းကို ခါးသီးတယ်။ မသေသေးဘူးဘဲ။ ကြေကွဲလို့ရယ် မကုန်။ အသည်းသရုပ်ဟန် မပေါ်အောင် ကြေကွဲပဲ့ကြွေနေသော အသည်းလေးကို သနားနေမိ။ ဘဝကြီးက ဖွယ်တယ်တယ်နဲ့ ပေါ့ရွှတ်အရသာမဲ့နေပေမယ့် သူမ မသေသေးပါဘဲ။

အသည်းကွဲလို့ သေတဲ့သူ မရှိဘူးဆိုတာ သူမက သက်သေခံနိုင်ပြီလား။ အသည်းကွဲကြေနေပေမယ့် အသက်ရှည်ရှည်နဲ့ စိတ်ဆင်းရဲဒဏ်ကို ဘယ်လောက်တာရှည်ခံမှာလဲ။ အစိတ်စိတ်အမွှာ၊ အပိုင်းပိုင်းအပဲ့ပဲ့ဖြစ်နေသော အသည်းအစအနများ ရင်ခွင်ထဲမှ ခုန်ပေါက်ထွက်နေတာကို စောင့်ကြည့်နေမိ။ တစ်ချို့မှာ အမှုန်အစအဖြစ် အသားကိုပင် လွင့်စင်ပေါက်ကွဲထွက်လာကြ။

အသည်းလေးတစ်စက မြေပေါ်လျှောက်သွားနေတယ်။ မိုးတွေကလည်းရွာနေရာ ချမ်းအေးစိုစွတ်ကာ ဖျားနာတော့မှာ။ စိတ်မကောင်းလိုက်တာ။ ခံနိုင်ရည်ချို့တဲ့အသည်းတစ်ပဲ့မှာ နှာစေးချောင်းဆိုးနဲ့ နေမကောင်းဖြစ်ပြန်ပြီ။ ဝမ်းနည်းစရာ။ ရွားရိုးကိုးပေါက် လျှောက်နေသော မာကျောမိုက်မဲသော အသည်းတစ်ပိုင်းကတော့ ဆူးတွေငြိကာ ထပ်မံနာကျင်တော့မှာ ။ သနားပါတယ်။

နာက်ထပ်အသည်းလေးတစ်ခုမှာ ရက်စက်မာကျောသောစကားလုံးများနဲ့ ထိပြီး လဲပြိုနာကျင်သွား။ အိပ်ရာထဲ ဘုံးဘုံးလဲကာ သူ့ဝေဒနာကို အဖြေမရှာနိုင်တော့ပါတဲ့။ ပျော့ညံ့တွေဝေသော အသည်းလေးတစ်ခုကတော့ နာကျင်မှုဒဏ် သည်းမခံနိုင်တော့ဘူးဆိုကာ မီးပုံထဲ ခုန်ချသွားလေတာ။ ဒါပေမယ့် ပြာဖြစ်မသွားဘူးဘဲ။ အံ့သြစရာ။ သံမီးခဲလို တရဲရဲတောက်ပနေကာ တဟားဟားရယ်နေရာ။ ဘယ်လိုပါလိမ့်။ မျက်ရည်တလည်လည်နဲ့ ကြည့်နေသူမှာ ရှိုက်ကြီးတငင်ငိုမိပြန်တာ။

အသည်းနှလုံးမရှိတော့သော မိန်းမမို့ ယဉ်ယဉ်လေးရူးသွားတာ ဖြစ်ပေလိမ့်။ ပြတင်းပေါက်ကို လှမ်းမျှော်ကြည့်တဲ့အခါ မိုးတွေရွာနေသလား။ အမြင်တွေဟာ ဝေဝေဝါးဝါး။ ဒါပေမယ့် သေချာတာတစ်ခုက သူမရဲ့ လက်ကျန်နှလုံးသားဟာလည်း မိုးဖွဲနှင့်အတူ အရည်ပျော်သွားပြန်လေတာ။

  
 


ငါက သေးသေးသိမ်သိမ် ပပမွှားမွှား ကျောက်စရစ်ခဲငယ်ပါ။
တစ်ခါကတော့ ပျော်ခဲ့ဖူးတာပေါ့။
 နွေးထွေးတဲ့ သူ့လက်မှာ။
လက်သင့်မခံချင်တော့လို့ လွှင့်ပစ်လိုက်တဲ့အခါ 
ဝမ်းနည်းမှုရေပြင်အောက် စုံးစုံးမြုပ်သွားတဲ့ ကျောက်ခဲ။
သူ မချစ်ခဲ့ပြီမို့ အားကိုးရာရလိမ့်နိုးနဲ့ ကောက်ရိုးတစ်မျှင်ကိုမျှ မမျှော်လင့်ခဲ့တဲ့ကျောက်ခဲလေ
နာကျင်ရေလှိုင်းမှာ အလိုက်သင့်ငြိမ်သက်စွာ။
အေးအေးခဲခဲ ကြေကြေကွဲကွဲ တမြေ့မြေ့ ကြွေပြုန်းတော့မယ့် ကျောက်ခဲရယ်ပါ။

မယ့်ကိုး 
(မမစိတ်ကူးသို့ အမှတ်တရ) 
photo credits to Khin Thandar Aung

21 August 2013

ဆိုးသွမ်းသူကိုမှ ချစ်လှစွာသော မိန်းမ


Anyway,who cares about gentlemen?
No woman cares.
Yes,at least I don’t care.

လို့ ကျွန်မ တစ်ခါက ရေးခဲ့ဖူးပါတယ်။လူကြီးလူကောင်းများအား မလိုအပ်သောကမ္ဘာဆိုတဲ့ အက်ဆေးတစ်ပုဒ်ထဲမှာပေါ့။

ဘာဖြစ်လို့လဲလို့မေးပါလျှင် အဖြေက အရှင်းလေးသာရယ်။ ကျွန်မ မရင့်ကျက်သေးပါဘူး။ ဒီလို ကျွန်မလိုပဲ မရင့်ကျက်သေးသူ အမျိုးသမီးတွေဟာ လူကြီးလူကောင်းတွေကို အရေးမထားကြပါဘူး။ သူတို့တွေဟာ လူဆိုးလူပေလို့ အမည်ဆိုးနဲ့ကျော်ကြားသူများကိုသာ လူကြီးလူကောင်းဆိုသူတွေထက်ပိုပြီး စိတ်ဝင်စားချစ်ခင်ကြတယ်လို့ Anita K.McDanielရဲ့ “Young Women’s Dating Behavior: Why/Why not Date a Nice Guy?” စာတမ်းမှာ ဆိုထားပါတယ်။



အဲဒီစာတမ်းရဲ့စာမျက်နှာသုံးမှာ Herold and Milhausen (1999) က လေ့လာချက်အရ အမျိုးသမီးတွေဟာ သဘောကောင်းဖော်ရွေသော ယောက်ျားလေးတွေကို ယောက်ျားမာန်ချို့တဲ့သော၊ အားနည်းသော၊ ခန့်မှန်းရလွယ်သော၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော၊ အတွေ့အကြုံမရှိသော၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသော၊ ဆွဲဆောင်မှုမရှိသော ယောက်ျားများလို့ မှတ်ထင်ကြပါသတဲ့။

ယောက်ျားလေးတွေကလည်း မိန်းမကောင်းဆိုသူများကို ထိုသို့ပင် တွက်ဆလေ့ရှိကာ မိန်းမဆိုးများကိုသာ နှစ်သက်သဘောကျလေ့ရှိပါသတဲ့။ဒါကြောင့်လည်း Why Women Love Jerks ? Why Men Love Bitches? ဆိုသော မေးခွန်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါလိမ့်မယ်။

အဲဒီတော့ အကျိုးဆက်က အသည်းကွဲခြင်းရယ်ပေါ့။ စွန့်စားခြင်းရဲ့အဆုံးမှာ ရက်စက်ခံရခြင်းဟာ ပျော်စရာမကောင်းပေဘူး။ အသည်းတွေက တစ်စစီဖွာလွင့်ပျက်ဆီးသွားတယ်။  နွေးထွေးလိုက်၊ စိမ်းကားလိုက်၊ ချိုသာလိုက် ၊ ရိုင်းစိုင်းလိုက် ယောက်ျားတစ်ယောက်ဆီက တသမတ်တည်း တည်ငြိမ်တဲ့ချစ်မြတ်နိုးမှုကို မျှော်လင့်လို့ မရနိုင်ဘူး။ တကိုယ်ကောင်းဆန်သူရဲ့ ရက်စက်မှုဟာ စိတ်ကူးယဉ်အိပ်မက်လို မလှပပါဘူး။ ဆက်လက်ချစ်နိုင်သေးရဲ့လားလို့ အခါခါစမ်းစစ်လည်း မသေချာတော့ဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးလို့ အဆိုရှိကြတယ် မဟုတ်ပါလား။

 


စတိဗ်ဂျော့ဘ်စ် (Steve jobs)ရဲ့ အတ္တုပတ္တိစာအုပ်ထဲက စတိဗ်ရဲ့ချစ်သူ တီနာ ရက်စီး (Tina Redse)ကို သတိရမိတာ။

သူမက ဒီလို တကိုယ်ကောင်းဆန်အတ္တကြီးတဲ့ ယောက်ျားကို ချစ်ရတာ ဘယ်လောက်နာကျင်ရတယ်ဆိုတာ ပြောပြပါတယ်။ သူမက သူတို့အိပ်ခန်းအဝင်လမ်းက နံရံမှာ ‘လျစ်လျူရှုခြင်းဟာ နှိပ်စက်ညှင်းပန်းမှု ပုံစံတစ်မျိုး’ လို့ ရေးခဲ့တယ်။ သူမ ထွက်ပြေးခဲ့တယ်။ သူဘယ်လိုပင် လက်ထပ်ခွင့်တောင်းလည်း သူမငြင်းပယ်ခဲ့တယ်။

‘သူ့ကို သဘောကောင်းဖို့၊ တကိုယ်ကောင်းဆန်တာနည်းဖို့ မျှော်လင့်မိတာက မျက်မမြင်ကို မြင်အောင်မျှော်လင့်မိသလိုပဲဆိုတာ သဘောပေါက်ခဲ့တယ်’လို့ သူမ ပြောခဲ့တယ်။ ကျွန်မကရော။ ဆိုးသွမ်းသူကို ပြုပြင်ယူမယ်ဆိုတဲ့ သူရဲကောင်းလုပ်လိုစိတ်နဲ့ ချစ်ကြတဲ့ မိန်းကလေးတွေထဲမှာ ကျွန်မ မပါဝင်ပါဘူး။ ယောက်ျားတစ်ယောက်ကို ပြုပြင်နိုင်တဲ့အချိန်က မွေးစက အသက်သုံးနှစ်သာဆိုတဲ့ ဆိုရိုးကို လက်ခံနာယူသူပါ။ တီနာ့လိုပဲ ကျွန်မ ထွက်ပြေးတယ်။ အသည်းကွဲတယ်။ လွတ်လပ်တယ်။ တီနာရော ကျွန်မပါ မှားသတဲ့လား။

ဒါပေမယ့် ခေါင်းမာတဲ့ကျွန်မက စတိဗ်ကို လက်ထပ်ယူခဲ့တဲ့အမျိုးသမီး လော်ရင်းန် ပိုဝဲလ်(Laurene Powell)ကို ကံကောင်းပျော်ရွှင်ခဲ့သူပါလို့ လက်ခံဖို့ ခက်နေဆဲ။ မြင်မြင်ချင်း ချစ်တဲ့ အချစ်လို့ စတိဗ်က ပြောခဲ့ပေမယ့် လော်ရင်းန်ကို လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် စတိဗ်ရဲ့ တစ်ဖက်သားကို အရေးမထားလျစ်လျူရှုတတ်တဲ့ စိတ်က ဖွံ့ဖြိုးနေဆဲပါ။ ‘သူ့မှာ လေဆာအလင်းတန်းလိုမျိုး စွမ်းအင်ရှိတယ်။ အဲဒါမင်းကို ဖြတ်သွားတဲ့အခါ သူ့အာရုံစိုက်မှုအလင်းတန်းအောက်မှာ နွေးထွေးအလင်းရပေမယ့် တခြားအာရုံစိုက်ရာကို ရွေ့သွားတဲ့အခါ မင်းမှာ အရမ်း၊ အရမ်းကို နက်မှောင်တော့တာပဲ။’ လောရင်းန်ရဲ့ သူငယ်ချင်း စမစ်က ပြောခဲ့ပါတယ်။

ဒါပေမယ့် လိုချင်တာကို ရအောင်ယူတတ်တဲ့ လော်ရင်းန်က ကြင်နာခြင်း၊ လျစ်လျူရှုခြင်း၊အနားတိုးလာခြင်း၊ ပစ်ပယ်ခြင်း သံသရာမှာ စတိဗ်ကို စောင့်နေပေမယ့် ကိုယ်ကျိုးကိုသာကြည့်တတ်သူ စတိဗ်ကတော့ လက်ထပ်ပွဲနီးလာတဲ့တိုင် သူ့သူငယ်ချင်းတွေကိုသာမက သိရုံမျှမိတ်ဆွေတွေကို သူဘာလုပ်သင့်လဲ။ တီနာနဲ့ လော်ရင်းန်မှာ ဘယ်သူက ပိုလှလဲ။ မင်းဘယ်သူ့ကို ကြိုက်လဲ။ သူ ဘယ်သူ့ကို လက်ထပ်သင့်လဲလို့ မေးပြီး ဇဝေဇဝါဖြစ်နေဆဲ။


တီနာ့ဆီ နှင်းဆီပန်းပို့ရင်း၊ သူ့ဆီပြန်လာဖို့ ၊လက်ထပ်ဖို့အထိတောင် ဆွဲဆောင်ရင်း အိမ်ပေါ်ကဆင်းသွားပြီး သူမတိုက်ခန်းမှာပြန်နေတဲ့ ကိုယ်ဝန်သည်လော်ရင်းန်ကို သုန်မှုန်လျစ်လျူရှုဆဲ။ အတူနေချစ်သူရဲ့ ရင်သွေးကို လွယ်ထားရတဲ့ မိန်းမတစ်ယောက်အတွက် ဘယ်လောက်ရင်နာစရာကောင်းလိုက်တဲ့ ဖြစ်ရပ်ပါလဲ။

 


လက်ထပ်ပြီးတဲ့နောက် အနှစ်နှစ်ဆယ်ကြာ ခိုင်မြဲတဲ့သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလို့ အပြင်ပန်းက ဆိုကြပေမယ့် စတိဗ်ရဲ့ မိသားစုကိုလျစ်လျူရှုမှု၊ အလုပ်ကို အရေးထားပြီး မိသားစုကို ပစ်ပယ်မှု၊ တစ်ဖက်သား ခံစားချက်ကို အရေးမထားမှု၊ သမီးတွေနဲ့ ဘာသိဘာသာနေမှုတို့ကြောင့် လော်ရင်းန်တစ်ယောက် တကယ်ပဲ ပျော်ရွှင်ခဲ့ရရဲ့လား။ ကျွန်မ မသင်္ကာဘူး။
 
တီနာ့အကြောင်းပြောရင်း စတိဗ်မျက်ရည်ကျသလို တီနာကလည်း စတိဗ်ကို သေသည့်တိုင် ချစ်ခဲ့ပေမယ့် တစ်ချို့ဘဝတွေဟာ ပေါင်းစပ်ဖို့ ခက်လွန်းလှပါတယ်။ကျွန်မက လော်ရင်းန်လို ခံနိုင်ရည်လောက်ငတဲ့ အမျိုးသမီးမဟုတ်ပါဘူး။

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ အပေါ်ယံပန်းရောင်စုံ ဖြန့်ခင်းထားတဲ့ အချစ်ဆိုတဲ့ အနက်ဆုံးချောက်ရဲ့ကမ်းပါးမှာ ကျွန်မ ရပ်နေမိဆဲလေ။ ဘယ်သူမှ မကယ်နိုင်တော့ဘူးလား။ မျှော်ကြည့်မိတဲ့အခါ မည်းမှောင်စူးရှကာ ကြောက်စရာကောင်းလှချည့်။ ဘဝသေမှာ စိုးရွံ့ကာ တုန်လှုပ်ခြင်းပြင်းစွာနဲ့ ခြေဆုတ်နေရင်း...ကျွန်မရဲ့ အသက်ဓာတ်လေးကို စောင့်ရှောက်ရတော့မှာ။

သူ ယုတ်မာကောက်ကျစ်တဲ့အခါ ကျွန်မ ခွင့်လွှတ်မှာ ဖြစ်ပေမယ့် ကျွန်မ သူ့ကို ကြောက်သွားနိုင်တယ်။ ကျွန်မ ရှောင်ပုန်းချင် ရှောင်ပုန်းကာ ငိုနေမိလိမ့်မယ်။ ကျွန်မဟာ ချို့ယွင်းချက်အပြည့်နဲ့ သာမန်မိန်းမသာ ဖြစ်ပါတယ်။

ဆိုးသွမ်းသူကို လက်တွဲလိုပေမယ့် အနာဂတ်ကိုတော့  သံသယဖြစ်ဆဲ။  ချစ်လွန်းလှပေမယ့်လည်း ဘဝကျွမ်းမဲ့ဘေးကို လန့်ဆဲ။ နာကျင်မှုတွေနဲ့ တမြေ့မြေ့ပြုန်းစေတဲ့ နှစ်ကိုယ်တူ ဘဝတစ်ခုကို မတည်ဆောက်ရဲသူပါ။ ဒီလို ကျွန်မရဲ့ အသက်ဓာတ်လေးကို စောင့်ရှောက်ချင်လွန်းလို့ပါဆိုတဲ့ ဆင်ခြေကို နားလည်သူရှိပါ့မလား။

အသေခံအသည်းကွဲရလောက်အောင်
မရူးနှမ်းသေးတာမို့ နောက်ဆုတ်လို့ ကြိုးဖြေတဲ့အခါ...
ဦးဆွေးဆံမြည့်အောင် ဒဏ်ရာတွေ မြုံနေမယ်ဆိုလည်း ရှိစေ။

မေ့မယ်ဆိုတဲ့ အာမဘန္တေနဲ့
အလွမ်းဆို နကန်းတစ်လုံးပင် မသိလိုတော့။…။

မယ့်ကိုး

(ချစ်သော မမဂျူနဲ့ ညီမလေး စုစုဝေအတွက် )

Quotes : http://www.maecoe.net/2013/01/blog-post.html
             http://www.maecoe.net/2010/05/blog-post_14.html

15 August 2013

သွေးသားခရီး

ရထားစီးနေခိုက် ကျွန်တော့်ရှေ့မှာ ကောင်မလေးတစ်ယာက်လာရပ်တော့ ပေါင်သားဖွေးဖွေးတွေဆိုတဲ့ ကဗျာကို ချက်ချင်းပဲ သတိရလိုက်မိတယ်။ ပေါင်တံလှလှတွေမြင်ရင် ဖြစ်လာတဲ့ခံစားမှုကြမ်းကြမ်းကို ရာဂဆိုတဲ့ စကားလုံးအစား တခြားဝေါဟာရရှိမလားလို့ ရှာကြည့်သေးပေမယ့် ကျွန်တော်က ဘာသာစကားမှာ ညံ့ဖျင်းတယ်ဗျာ။ကျွန်တော့်အနားမှာ သူမ ရှိရင်တော့ ပေါင်တံလှတဲ့သူတွေအပေါ် သဘောကျတတ်တဲ့ ကျွန်တော့်ကို ပြုံးစစနဲ့ မသိမသာစောင်းငဲ့ကြည့်ဦးမလားဘဲ။

ကောင်မလေးက ပေါင်တံလေးတွေက အဆီပြင်တွေနဲ့ မသိမသာလှိုင်းထနေတာမရှိ၊ အိုမင်းမှုကြာင့် အသားအရေလျော့ရဲနေတာမရှိပေမယ့် အသိစိတ်ကို  ချုပ်ထိန်းလို့ အကြည့်ကို အောက်ဖက်ဆီ ရွှေ့လိုက်ရတယ်။ ကောင်မလေးရဲ့ ခြေသလုံးတွေက နေရာတကျသွယ်သွယ်လျလျရှိပြီး ခြေဖဝါးလည်း လှသူပေပဲ။ စီးထားတဲ့ ဖိနပ်အနီရင့်နဲ့ အဆင်ပြေပြေ ခြေဖဝါးက ဖောင်းကြွသွေးရောင်လျှမ်းနေတယ်။ 

တစ်ဆက်တည်းပဲ ဒေါက်တာ နော်မင်န်ကင်မရွန်ရဲ့ ပင်ကိုအရည်အသွေးဖွံ့ဖြိုးမှုနှင့် စိတ်ပညာရောဂါဗေဒ ( Dr Norman Cameron’s Personality Development and Psychopathology ) ဆိုတဲ့ စာအုပ်ထဲက တစ်စုံတရာတပ်မက်မှုရာဂ (fetishism) ဆိုတဲ့ အခန်းမှာ “ Fetishists are nearly always man; and their commonest fetish is a woman’s shoe.” လို့ ရေးထားတာကို ကျွန်တော် ဖျက်ကနဲ သတိရနေမိတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ ရမ္မက်လေးအရောင်လက်သွားလာတာနဲ့ မိုက်ရူးရဲမိတဲ့ ကျွန်တော့်အခြေအနေနဲ့ စိတ်ပျက်စရာကောင်းအောင် တိုက်ဆိုင်နေတယ်ဗျ။ ကျွန်တော်က ဘာသာစကားဝေါဟာရတွေဖလှယ်ရမှာ ကျွမ်းကျင်ပိုင်နိုင်သူမဟုတ်တော့ “တစ်စုံတစ်ရာအပေါ် မျက်ကန်းတပ်မက်မှုဟာ ယောက်ျားတွေမှာပဲ အမြဲဖြစ်လေ့ရှိတယ်။ သူတို့ရဲ့ ဘုံတဏှာကတော့ မိန်းမတစ်ယောက်ရဲ့ ရှုးဖိနပ်ပါပဲ” လို့ ခပ်တုံးတုံးပြတ်ပြတ် ဘာသာပြန်ပြီး မေ့ဖျောက်ထားချင်ပေမယ့် နောက်ကွယ်က အမှန်တရားကတော့ စူးရှလွန်းလို့ပါ။ သူက ရှုးဖိနပ်ကို ဥပမာပေးထားပေမယ့် ကျွန်တော့်အတွက်တော့ လှပတဲ့ပေါင်တွေကသာ ရမ္မက်စိတ်ကြွလာအောင် ဖန်တီးနိုင်တာပါ။ 

ဒီအဖြစ်ကို ကောင်းကောင်းသိတဲ့ သူမက ပြောဖူးတယ်။ “ကျေးဇူးပြုပြီး မိန်းမတစ်ယောက်ရဲ့အလှကို အနုပညာပစ္စည်းတစ်ခုလို သဘောထားလို့မရဘူးလား” တဲ့။ ကျွန်တော် ရယ်နေလိုက်တယ်။ “မိန်းမတွေဟာ လိင်ဆွဲဆောင်ဖို့သက်သက် ရည်ရွယ်ချက်နဲ့ ခန္ဓာကိုယ်ကို လှစ်ဟဝတ်ဆင်ပြတာမဟုတ်ဘူး။ တစ်ချို့က ကိုယ့်ရဲ့ အလှတစ်ခုကို ထုတ်ဖော်ပြသတာ။ တစ်ချို့ကတော့ power game ကစားတာပေါ့။ မောင် ငန်းလို့ပဲ ရမယ် သူတို့ကို ထိလို့မရဘူးလေ” လို့ သူမက ရှည်ရှည်ဝေးဝေးလည်း ရှင်းပြတတ်တယ်။ မိန်းမတွေက နားလည်ရသိပ်ခက်တဲ့ သတ္တဝါတွေပဲ။ သူမကအစ ကျွန်တော်နားမလည်ဘူး။ သူမက ဒီလို ကာကွယ်ပြောဆိုတတ်ပေမယ့် သူမရဲ့ ပေါင်တံတွေကို ကျွန်တော် တစ်ခါမှ မမြင်ခဲ့ရဘူး။

သူမက  “ကျွန်မရဲ့မျက်နှာကိုပဲ မောင်ကြည့်စေချင်တာ။ ပေါင်တွေဆီပဲ မောင်အကြည့်ရောက်နေမှာ စိုးလို့” လို့ ရယ်မောပြောတတ်တယ်။ အဲဒီလိုအပြောတွေနဲ့ ကျွန်တော်စိတ်ကို နားလည်မှုရှိလွန်းတဲ့ သူမက ကျွန်တော့်ကို ဘာလို့ စွန့်ခွာခဲ့မှန်း စဉ်းစားလို့ မရနိုင်ဘူး။ ကောင်မလေးက ထိုင်စရာနေရာရသွားပြီး ကျွန်တော့်ရှေ့က ထွက်သွားသလို သူမကလည်း ကျွန်တော့်ဘဝထဲက အေးဆေးငြိမ်သက်စွာ ထွက်ခွာသွားတယ်။ ခင်ဗျားထင်သလိုပါပဲ ထောင်ချောက်မှန်းသိရဲ့နဲ့ စွန့်စားချင်တဲ့ ကြွက်ငယ်လို ကျွန်တော်လည်း ရင်ခုန်မြန်ချင်ခဲ့ဖူးတယ်ဆိုတာ ဝန်ခံပါတယ်။


ဒါကြောင့် ယောက်ျားချင်းနားလည်မှုယူပြီး ကိုယ်ကျင့်တရားဖောက်ပြန်မှုဆိုတဲ့ လက်သီးကြီးနဲ့ အရှိုက်မထိုးဘူးဆိုရင် ကျွန်တော်စကားနည်းနည်းပြောချင်ပါတယ်။မဲပြာပုဆိုးဇာတ်လမ်းပဲ ဖြစ်မှာပါ ဆိုပြီး ခင်ဗျား သရော်နိုင်ပါတယ်။ ဟုတ်တယ်ဗျ။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဘီလ်ကလင်တန်ကစလို့ ဘောင်းဘီဇစ်မခိုင်တဲ့ လူကြီးလူကောင်းယောက်ျားတွေ အများသား မဟုတ်လား။ ပြင်သစ်က IMF ဥက္ကဌ ဒိုမိနစ်ခ် စထရော့စ်ခန်းတို့ရဲ့ ရေးကြီးခွင်ကျယ်အဓမ္မမှုတွေတောင် အေးဆေးညင်သာပြီးဆုံးသွားတာမို့ ကျွန်တော်ရဲ့ အပျော်ရှာကိစ္စက အလွန့်အလွန်သေးဖွဲတဲ့ ခွင့်လွှတ်စရာပါ။ 

သေချာတာက ခင်ဗျားတို့ ကျွန်တော့်ကို အထင်မသေးဘူး မဟုတ်လား။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော့်မှာ အဖြေရှိပါတယ်။ မိန်းမကိုယ်ဝန်ရှိတုန်း ဇတ်လမ်းသစ်ရှာတဲ့ ရွန်းနီကိုလည်း ကျွန်တော်တို့ အပြစ်မမြင်ကြဘူးလေ။ တခါတလေတော့ ကျွန်တော်တို့ယောက်ျားအားလုံးဟာ အမေရိကန်စာရေးဆရာတစ်ယောက် ရေးဖူးသလို တိမ်မြုပ်နေတဲ့ အဓမ္မကျင့်သူတွေလားလို့ တွေးမိပါရဲ့။ သူရေးတာ မမှားဘူးလို့ ကျွန်တော်ယူဆပေမယ့် လူသားစိတ်ပညာလေ့လာသူတွေကတော့ ငြင်းခုန်နေကြဦးမှာပေါ့။ ကျွန်တော်ကတော့ အငြင်းပွားရတာကို မကြိုက်ဘူး။ နားလည်မှုပဲ လိုချင်တယ်။

သူမကိုလည်း ရှင်းပြခဲ့ပါတယ်။ ဖောက်ပြန်တယ်ဆိုတဲ့ စကားလုံးအပြင်းအထန်တွေကို ခေါက်သိမ်းထားစေချင်တယ်။ ဒါဟာ နိုင်ငံရပ်ခြားကို ခဏအလည်သွားသလိုပဲ။ နောက်ဆုံး ကိုယ့်မူလမြေကိုပဲ ချစ်လို့ ပြန်လာကြတာ မဟုတ်လားလို့။ သူမက လက်မခံဘူးဗျ။ ယောက်ျားတစ်ယောက်အတွက် လိင်ကိစ္စနဲ့ အချစ်ဆိုတာ တစ်သီးတခြားစီပဲလို့ နားလည်ရဲ့နဲ့ မာနထားခေါင်းမာပြီး သည်းမခံချင်ဘူး။ သမာရိုးကျမိန်းမပီပီ သစ္စာကို အစွန်းရောက်တန်ဖိုးထားတယ်ဗျ။ ဘယ်လိုမှ မမေ့ပျောက်။ ခွင့်မလွှတ်နိုင်ဘူးဆိုတော့လည်း ကျွန်တော်တို့ ဆက်ဆံရေးက စိတ်မကောင်းစရာ အဆုံးသတ်ရတာပေါ့ဗျာ။ဒါပေမယ့် အခုထိတော့ နာကျင်အကြည့်ကို လက်သင့်မခံနိုင်လို့ မေ့ဖျောက်ရတာ ခက်ခဲနေတုန်းပဲ။ 

ခင်ဗျားကတော့ မေးခွန်းထုတ်ချင်မှာပဲ “one night stand အတွက် လက်တွဲဖော်ကို လဲလှယ်လိုက်ရတာ တန်ရဲ့လား” လို့ ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်မှာ အဖြေမရှိဘူး။ ပြီးတော့ “ one night stand” ဆိုတဲ့ သိုးဆောင်းဗန်းစကားကို တညတာသာယာမှုပေးသူ လို့ အနက်ဖွင့်မယ်ဆို ကျွန်တော်ကျူးလွန်ခဲ့တဲ့ ညတွေက လေးငါးည မကြာခဏဆိုတော့ ဘယ်လိုခေါင်းစဉ်အောက်မှာ ရောက်နိုင်သလဲဆိုတာကိုလည်း  မလေ့လာမိဘူး။ ဒါပေမယ့် အတွဲ (date) လို့လည်း အမည်မတပ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ သူမလည်း ကျွန်တော့်အနားမှာ ရှိနေလို့ပါ။

နောက်တစ်ခုမေတ္တာရပ်ခံချင်တာက ခိုးစားလို့ရတဲ့ အသီးက ချိုပေမယ့် လူမိသွားရင် ခါးသွားတတ်သလားလို့လည်း ကျွန်တော့်ကို လာမမေးပါနဲ့။ ဒါပေမယ့် တိုက်ဂါးဝုဒ်ကို အင်တာဗျူးကြည့်ရင်တော့ ကျွန်တော့်လွင့်စင်မှုနဲ့ တိုက်ဆိုင်ကောင်း တိုက်ဆိုင်နေမလားပဲ။ ကျွန်တော် သူမ နားလည်နိုင်မယ်ဆိုပြီး သူမသဘောထားကြီးနိုင်မှုကို ပိုတွက်မိလေသလား။ ခဏပဲ စိတ်ဆိုးမှာပါလို့ သူမရဲ့ ဒေါသကို လျှော့တွက်မိလေသလား။ အခုချိန်မှစိစစ်နေလည်း ဘဝမှာ အရေးမပါတော့ပေမယ့် ကျွန်တော်မေ့မထားနိုင်ဘူး။ ရောဂါပါပဲ။ ဒါကြောင့် ခုလို တတွတ်တွတ်ရွတ်နေမိတာ။

ဘာလဲဗျာ အချစ်ဆိုတာ။ ကျွန်တော်လည်း သူမကို ချစ်တုန်းက ချစ်ခဲ့ပါတယ်။ ထားလိုက်ပါတော့။ ဟိုမိန်းမနဲ့ ပက်သက်ပြီးပြောရရင်တော့ ယောကျာ်းတွေရဲ့ အမဲလိုက်ဗီဇဟော်မုန်းဟာ ဖျောက်ဖျက်မရဘဲ သွေးထဲမှာ စီးနေတယ်လို့ ပြောကြပေမယ့် ကျွန်တော်ကတော့ အမိခံလိုက်ရတာကို သဘောတွေ့ခဲ့တယ်။ ဒါပါပဲ။ ပုံပြင်လေးက ဒီမျှသာပါပဲ။ 

ဒီအချိန်မှာ ကျွန်တော်စိတ်အဝင်စားဆုံးက ဘီလ်ကလင်တန်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ လက်ရှိ ပေါင်းသင်းဆက်ဆံရေးပဲဗျ။ တကယ်ပါ။ ကျွန်တော်ကတော့ သူမနဲ့ လမ်းခွဲလိုက်ရတာ မဆိုသလောက်လေး နာကျင်သွားပေမယ့် အပြစ်ရှိတဲ့ခံစားချက်နဲ့ သူမကို မျက်နှာချင်းမဆိုင်ရတော့လို့ အကြီးအကျယ် စိတ်သက်ရာရသွားတာပါ။ အခုကျွန်တော် ဖြောင့်ချက်ပေးနေမိတာကလည်း ဒဏ်ပေးတာသက်သာအောင် ဝန်ခံစကားပြောတယ်ဆိုတာထက် ငါးမျှားချိတ်ကို တွယ်ငြိမိတဲ့ ငါးတစ်ကောင်ရဲ့ ပြန်လည်သုံးသပ်ချက်သာ ဖြစ်ပါတယ်။ ယုံပါဗျာ။ ကျွန်တော့်စိတ်ပိုင်းဆိုင်ရာက အခြေမပျက် အေးဆေးပါပဲ။ ခင်ဗျားတို့အားလုံး လက်ခံထားတဲ့အတိုင်း အချစ်ဆိုတာ ယောက်ျားတစ်ယောက်ရဲ့ တစ်စိတ်တစ်ဒေသပဲ မဟုတ်လား။

 “ဒါဖြင့် လိင်ကိစ္စကရော” ဆိုပြီး ကျွန်တော့်ကို အကြပ်မကိုင်စေချင်ပါဘူး။ ဒီတစ်ခါ ရှောင်လွဲမိတာက ကျွန်တော်လည်း အဲဒီအဖြေကို သိချင်နေလို့ပါပဲ။ သူမစွပ်စွဲခဲ့သလို ကျွန်တော်က လိင်စွဲလမ်းသူလည်း မဟုတ်ပါဘူး။ အဲဒီတဒင်္ဂတွေဟာ လူကြီးဖြစ်ချင်တဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ ခပ်ကြောင်ကြောင်သွေးကြွနေတဲ့ ဆေးလိပ်ခိုးသောက်ခါစ အချိန်မျိုးပါပဲ။

ဒါပေမယ့် တစ်ကိုယ်ရည်အာသာဖြေနေချိန်မှာ ကျွန်တော်ဟာ သူမကို မဟုတ်ဘဲ အဲဒီမိန်းမကို သတိရနေမိတတ်တယ်။ မဟုတ်ပါဘူး။ အဲဒီမိန်းမက အကောင်းဆုံးဝန်ဆောင်မှု ပေးခဲ့လို့လည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ စူးစူးနစ်နစ်သိချင်နေပေမယ့် “နီကိုတင်းဓာတ်ဟာ သွေးထဲဝင်သွားပြီမဟုတ်လား” ဆိုတဲ့စကားနဲ့တော့ ရယ်စရာလိုလို ခင်ဗျား မမေးပါနဲ့။ ဒီဘူတာမှာ ကျွန်တော် ဆင်းရတော့မှာ။ ။

မယ့်ကိုး

11 August 2013

ချစ်လို့ရေးတဲ့စာ

ကျွန်မတို့ မိတ်ဆွေသုံးယောက် မြို့ပတ်ရထားစီးကြဆဲ (ဘာအကြောင်းရာက စတယ် မမှတ်မိတော့ဘဲ) မိတ်ဆွေတစ်ယောက်က လူတွေက အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်ချက်မှားတတ်ကြတယ်။ မိုင်းလီ (Miley Cyrus) နဲ့ တေလာ ( Taylor Swift) ကို ကြည့်ရင် မိုင်းလီက ရည်းစားတစ်ယောက်ကို တွဲပြီး အခုစေ့စပ်ပြီးသွားပြီ။ တေလာကသာ ရည်းစားများတာလို့ ပြောပါတယ်။

 

တေလာကို ချစ်သော ကျွန်မက သည်းမခံနိုင်ဘဲ ‘အဲ့လို မပြောပါနဲ့။ သူက အရမ်းချစ်ဖို့ ကောင်းတာ’ လို့ အရင်ငြင်းလိုက်ပေမယ့်လျှင်သောဥာဏ်မရှိသူမို့ ဘယ်လိုချစ်ဖို့ကောင်းတာလို့ ပြောဖို့ကြံဆဲ နောက်တစ်ယောက်က ဟုတ်တယ်။ သူ့လိုပဲ ဟိုကောင်မလေးက ဘယ်လိုဆိုကာ ဖြူစင်ချစ်စဖွယ်ကောင်းလွန်းသော အဆိုတော်မင်းသမီးတစ်ယောက်ရဲ့ ကြောက်ရွံ့စရာအကျင့်တစ်ခုကို ပြောပြပါတယ်။ အဲဒီနောက် ဆက်စပ်အကြောင်းအရာများ ...။ ဒီလိုနဲ့ တေလာဆွဖ်တစ်ယောက် ကျွန်မတို့ စကားဝိုင်းမှ ပျောက်သွားပါတယ်။ 

ဒါပေမယ့် တေလာကို ကာကွယ်ပေးချင်စိတ်က ကျွန်မ နှလုံးသားက ကွယ်ပျောက်မသွားပါ။ သူမထက် အရေးကြီးတဲ့ အရာတွေ၊ ကျွန်မ အချိန်ပေးသင့်တဲ့ ကိစ္စတွေ၊ ရေးသင့်တဲ့ အကြောင်းအရာများစွာကြားမှာ သူမကို မေ့ဖျောက်ဖို့ ကြိုးစားနေခဲ့ပေမယ့် သူမကို အဘယ်ကြောင့် ချစ်ရကြောင်း မပြောနိုင်မချင်း အပြစ်မကင်း၊ကြွေးကျန်သလိုခံစားနေရ။ ဒါကြောင့် ချစ်သမျှဟာ မြင်းမိုရ်ရွှေတောင်လုံးမက ရှိပေမယ့်လည်း အကြွင်းမျှကိုတော့ ဆိုပါရစေ။ 

ဟိုစဉ်အချိန်တစ်ခုမှာတော့ သူမကို ကျွန်မ မချစ်ခဲ့ပါ။ သူမ မျက်နှာပုံစံမှာ ကျွန်မ နှစ်သက်တဲ့ ဖြူစင်မှု၊ နူးညံ့မှုတို့ မရှိဘဲ ကိုယ်ကိုယ်ယုံကြည်မှုတို့ဖြင့် လင်းလက်တောက်ပနေပြီး လှပပြည့်စုံလွန်းသောအခြေအနေအရပ်ရပ်ဖြင့် မောက်မာဟန်ရှိတဲ့ မိန်းကလေးပဲလို့ အကဲဖြတ်ကာ သူမကို မြတ်နိုးဖို့ မရည်ရွယ်ရိုး အမှန်ပါ။ ဒါပေမယ့် သူမ သီချင်းများကို နားထောင်လိုက်တိုင်း ဒီစကားကို ငါပြောချင်တာ။ သူက ငါပြောချင်နေတာ ဘယ်လိုလုပ် သိနေပါလိမ့်။ ငါ့အစား ပြောပေးနေတာ။ လို့ ရင်ထဲက ကျေးဇူးစကားဆိုမိတာ အခါခါဖြစ်ပါတယ်။ country songs မကြိုက်တဲ့ကျွန်မ သူမသီချင်းများကို နားထောင်နေမိသည်မှာ သူမရဲ့ လှပသောစာသားများကြောင့် ဖြစ်ပါတယ်။ ဒီလိုနဲ့ တရားမင်ကာ ပုဂ္ဂိုလ်ခင်လာတဲ့နောက် သူမရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ခဲ့ပါပြီ။ 

သစ္စာတော်ခံပရိသတ်ဖြစ်သည်နှင့်အညီ သူမကို ကာကွယ်မယ့်အချက်အလက်များကိုလည်း ကျွန်မစုဆောင်းထားပါတယ်။ ဥပမာ လူပြောများတဲ့ ရည်းစားများခြင်း အကြောင်း။ ၇ နှစ်မှာ ရည်စား ၈ ယောက်ရှိခြင်းဖြစ်ပြီး ( တစ်ညအိပ် (one night stand )၊ အီစီကလီ၊ တိတ်တိတ်ပုန်း၊အပျော်ကြံ)များမလုပ်ဘဲ လူသိရှင်ကြား တည်တည်တံ့တံ့ရည်းစားထားခြင်းမှာ ဂုဏ်သိက္ခာရှိတဲ့ အပြုအမူမဟုတ်ပါလားလို့ စောဒကတက်ချင်မိတာ။

လူပြောများတဲ့ အသည်းကွဲဖြစ်ရပ်များကို သီချင်းရေးတဲ့ ကိစ္စကိုလည်း အပြစ်ရယ်လို့ပင် မထင်ချင်ပါ။ အနုပညာရှင်အားလုံးလိုလိုမှာ ကိုယ့်ခံစားချက်၊အမြင်၊ဒဿနတွေကို ပုံဖော်ကြတာပဲ မဟုတ်ပါလား။ နောက်ကျောကဓားနဲ့ ထိုးသူထက်စာရင် တရားဝင်ရင်ဖွင့်ဆိုနိုင်ခြင်းကို သတ္တိရှိခြင်းလို့ပင် မှတ်ယူချင်ဆဲ။ 

 

 ပြီးတော့ သူများရည်းစားများက သူမကို ထားခဲ့ခြင်း အကြောင်းရင်းမှာ သူမက အပျိုစင်ဘဝကို မစွန့်လွှတ်သောကြောင့်လို့ တစ်ချို့က သုံးသပ်ကြလေတာ။

 

အရွယ်ရောက်ပြီးသည့်တိုင် (ဘာသာရေးကြောင့်ပဲဖြစ်ဖြစ်၊ တခြားယုံကြည်မှုတစ်ခုကြောင့်ဖြစ်ဖြစ်) အပျိုစင်ဖြစ်နေတယ်ဆိုလျှင် ခေတ်နောက်ပြန်ဆွဲနေသူတွေအဖြစ် ကောက်ချက်ချတတ်သော အနောက်တိုင်းအသိုင်းအဝိုင်းမှာ ယုံကြည်မှုကို မယိုင်လဲ၊ဆုပ်ကိုင်ထားနိုင်တဲ့ သူမကို ကျွန်မ လေးစားပါတယ်။ သွေးဆောင်ဖြားယောင်းမှုများ၊ လိင်ဆန္ဒတောင့်တမှုများကိုလည်း ကြံ့ကြံ့ ခိုင်တွန်းလှန်နိုင်သာ စိတ်စွမ်းရည်မြင့်သူအဖြစ်လည်း မှတ်ယူကာ ပိုလို့ချစ်ခင်မိပါတယ်။  ဒါဟာ ချစ်ခင်မိပြီဆို ဘာလုပ်လုပ် အပြစ်မယူချစ်ခင်တတ်တဲ့ ကျွန်မရဲ့အကျင့်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

ကဲ့ရဲ့မခံရသူမရှိလို့ ဘုရားဟောရှိတဲ့အတိုင်း သူမကို အမုန်းစွဲနေသူတွေကတော့ ဘယ်လိုကာကွယ်ပြောဆိုမှုကိုမဆို မနှစ်လို၊မကြည်ဖြူ ဖြစ်နိုင်ပါတယ်။  ဒါပေမယ့် သူမကတော့ ဘာအရာကိုမှ အရေးယူလိမ့်မယ် မဟုတ်ပါ။ ငယ်စဉ်ကတည်းက အနိုင်ကျင့်မှု(bullying)ကို ခံခဲ့ရသူ သူမက အရင်လိုပဲ အပြုံးနဲ့ အရာရာကို ကြံ့ကြံ့ခိုင်ကျော်လွှားအောင်မြင်နေဦးမှာလို့ ယုံကြည်နေမိပါတယ်။ ။

မယ့်ကိုး