28 September 2013

တစ်ယောက်တည်းကမ္ဘာ

အိမ်ဖော်ဆိုသော စကားလုံးကို ကျွန်မလက်မခံပါ။ ထိုသို့အိမ်ဖော်ထားတဲ့သူများကိုလည်း မျက်မုန်းကျိုးကာ လူအချင်ချင်းခေါင်းပုံဖြတ် နှိပ်စက်ခြင်းလို့ထင်သည်။ လူအခွင့်အရေးချိုးဖောက်ကျူးလွန်သူများဟုဆိုကာ အထင်သေးတတ်သည်။ ခုတော့ ဝဋ်လည်ပြီထင်သည်။ ရန်ကုန်မှာ နေတဲ့အခါ ကျွန်မတစ်ယောက်တည်း ညအိပ်ညနေ မနေရဲသဖြင့် အသိအဒေါ်တစ်ယောက်ကို ခေါ်ထားရသည်။

ဒါပေမယ့် ထိုအဒေါ်မှာ အိမ်အကူလည်း မဟုတ်ပါ။ စာဖိုမှုးဟု ခေါ်ဝေါ်သုံးစွဲနိုင်သည်။ အဝတ်လျှော်မီးပူတိုက်ကို ကျွန်မကိုယ်တိုင်လုပ်သည်သာဖြစ်သည်။ ခက်တာက သူချက်သော ထမင်းများကို မစားနိုင်ခြင်းဖြစ်သည်။ မသန့်ရှင်းဟု ထင်သည်။ သူဆေးပြီးသော ပန်းကန်များကို စားခါနီး တစ်ခါထပ်ဆေးနေမိသည်။ ရွံရှာတတ်သူ၊ အလွန်တရာ သန့်ရှင်းသပ်ရပ်စွာ နေတတ်သူမဟုတ်ပေမယ့် စိတ်ထဲက မသိုးမသန့်ဖြင့် ထိုအစာများကို စားပြီး အန်ချင်နေတတ်သည်။ တစ်နေ့လုံးလည်း နေလို့မကောင်းချင်သလို ဖြစ်နေမိသည်။

သူချက်တာကို မစားဘဲ မုန့်ပဲသရေစာများကို စားရတာလည်း စိတ်မချမ်းသာ။ ဒါဖြင့် ကိုယ်တိုင်ချက်ပေါ့လို့ မိတ်ဆွေက ပြောသည်။ ကျွန်မကိုယ်တိုင်ချက်ရင် ဝမှာစိုးရိမ်ပြီး ဆီမပါ ရေလုံပြုတ်များပဲ စီမံတော့မည် ဖြစ်ရာ ထိုအဒေါ် စိတ်ဆင်းရဲရပေတော့မည်။ တစ်ရက်ပြီးတစ်ရက် ထိုအဒေါ်နှင့်ကျွန်မ အတူယှဉ်တွဲနေထိုင်လို့မရတော့တာ သေချာလာသည်။ အဒေါ်ကို ဖုန်းဆက်ပြီး အကူအဒေါ်ကို ပြန်ခေါ်ဖို့ပြောသည်။ လက်မခံ။

နိုင်ငံအနှံ့အပြားမှာ အသက်၁၈နှစ်ပြည့်သည်နှင့် တစ်ယောက်တည်းနေခွင့်ပေးကြသည်က ဒီနိုင်ငံမှာတော့ မဖြစ်နိုင်သောကိစ္စဖြစ်သည်။ ကျွန်မတစ်ယောက်တည်း နေလို့မဖြစ်ဟု ဆိုလေသည်။ ဘယ်ထွက်ပြေးရမလဲလို့ ကြံရာမရဖြစ်သည်။ သူငယ်ချင်းတွေကို ပြောမိလျှင် အဲဒါပေါ့ အပျိုကြီးရောဂါလို့ ကဲ့ရဲ့ခံရမှာ စိုးသည်။ နှစ်ယောက်အတူနေနိုင်စွမ်းမရှိသူလို့ လက်ညှိုးထိုးရယ်မောကြမှာ ကြောက်သည်။ တခြားလူတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံရေးမတည်ဆောက်နိုင်သူလို့ ရှုံ့ချစရာဖြစ်တော့မည်။ ခက်တာက ကျွန်မရဲ့သည်းခံနိုင်စွမ်းလည်း ပါးလျလာပြီဖြစ်သည်။

ရင်ထဲမှာ ချုပ်တည်းထားရလွန်းသဖြင့် လူက ပေါက်ကွဲလွင့်စင်တော့မလို ဖြစ်နေသည်။ မချစ်မနှစ်သူနှင့် အတူနေရသောဆင်းရဲ ဘာညာဆိုကာ ပုံကြီးမချဲ့ချင်ပေမယ့် ခရီးဆောင်အိတ်ဆွဲပြီး ထွက်ပြေးချင်သည်။ တစ်ယောက်တည်းသမားအတွက် လုံခြုံတဲ့နေရာက မြန်မာနိုင်ငံမှာတော့ ရှားပါးလွန်းလှသည်။ ခက်လှချည့်လေ။



မယ့်ကိုး

09 September 2013

မိုးသည်းည

သူစားသောက်ဆိုင်ထဲ လှမ်းဝင်လာတည်းက ကျွန်တော် သတိထားမိနေတယ်။ လူထူထူဆိုင်ထဲကို ဝင်လာပေမယ့် သူ့အိမ်ယာလို သက်တောင့်သက်သာဟန်နဲ့ မျက်ဝန်းလဲ့ရီရီမှာ အပြုံးတွေခိုကာ ချိုသလိုလို။ ကျွန်တော့်အကြိုက် ဆံနွယ်ကောက်ကောက်လေးဟာ ခမ်းနားတဲ့ခြေလှမ်းတိုင်းမှာ ငြိမ့်ငြိမ့်လေးလွင့်နေတာ အသည်းထဲမှာ ရေခဲမြစ် ဖြတ်စီးသလို။

 မြင်မြင်ချင်းအချစ်မဟုတ်ပါဘူး။ မြင်မြင်ချင်းအကြိုက်လို့ ပြောချင်ပေမယ့် သူ ချစ်စရာကောင်းပုံက မျက်လုံးထဲက မထွက်ဘူး။ ဒါပေမယ့် တိုက်ရိုက်ကြည့်လို့ မကောင်းတော့ နံရံမှန်ကတဆင့်ပဲ သူ့ကို ကြည့်နေမိတယ်။ သူကလေးကလည်း မခေဘူး။ ဆံနွယ်တွေ သပ်တင်သလိုလိုနဲ့ ကျွန်တော့်အကြည့်ခိုးကို ဖမ်းတာ ရုတ်တရက်မို့ နှလုံးခုန်တောင် မြန်သွားတယ်။

သူရော ကျွန်တော့်ကို စိတ်ဝင်စားနေလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စွန့်စားသင့်တယ်လို့ ထင်တယ်။ သူ ကျသင့်ငွေရှင်းတော့ ကျွန်တော်လည်း ကဗျာကယာငွေရှင်းပြီး သူ့နောက်လိုက်ခဲ့တယ်။ တကယ်ပဲ။ သူစောင့်နေခဲ့တယ်။ ဟုတ်တယ်။ အသေအချာပဲ။ ဖြတ်သွားတဲ့ အငှားကားကို မတားဘဲ သူလွှတ်ပေးလိုက်ပေမယ့် သူ့အနား ကျွန်တော်တိုးသွားတော့ မသိချင်ယောင်ဆောင်နေတာ အသည်းယားစရာပဲ။

 ‘ဘယ်မှာနေတာလဲ’ လို့ ကျွန်တော်မေးတော့ သမိုင်းတဲ့။ ကံများကောင်းချင်တော့ စကားဆက်ရတာ လွယ်သွားပြီ။ ‘အစ်ကိုက ရှစ်မိုင်မှာ နေတာ တစ်လမ်းတည်းပဲ။ အတူတူစပ်စီးကြတာပေါ့' လို့ ပြောလိုက်တယ်။ အရာအားလုံးက အဆင်ပြေချောမွေ့နေတယ်။ ကားငှားရတာကအစ ဈေးဆစ်စရာမလိုဘူး။

 နှစ်ယောက်စလုံး နောက်ခန်းမှာ အတူတူထိုင်ဖြစ်ချိန်မှာ မိုးဖွဲဖွဲမစဲဘဲ ရွာနေပြီ။ သူ့ကို မသိမသာကြည့်လိုက်တော့ သူ့အင်္ကျီက နာမည်ကြီးတံဆိပ်အတု ဖြစ်နေပြီး ဂျင်းဘောင်းဘီနွမ်းနွမ်းကလည်း အနားတွေ တော်တော်ဖွာနေတာ တွေ့ရတယ်။ စိတ်မကောင်းစရာပဲ။ ထီးပါလား။ လို့ မေးလိုက်တော့ သူလေးက မပါဘူးတဲ့။ နောက်တစ်ဆင့်တက်တဲ့အနေနဲ့ အစ်ကို့အိမ်မှာ ခဏနားပါလား။ မိုးစဲမှ ပြန်လေ။ လို့ ပြောလိုက်တယ်။ ဒီအကြောင်းပြချက်က ရယ်စရာပဲ။

အကြည့်စူးစူးနဲ့ သူက ဘာမှပြန်မဖြေဘဲ နှုတ်ခမ်းထောင့်ချွန်းလေးပဲ ညွှတ်ကွေးသွားတယ်။ ပါးချိုင့်ကလေးပေါ်ရုံပဲ။ ပြုံးတာမဟုတ်ပေမယ့် ကျွန်တော့်ရင်ထဲ လှိုက်တုန်လှပြီ။ ကျွန်တော့်မျှော်လင့်သလိုပဲ သူက ခြောက်လွှာက ကျွန်တော့်တိုက်ခန်းအထိ မမောမပန်းပဲ အတူတက်လာပါတယ်။ အိမ်ပေါ်ရောက်ရောက်ချင်းပဲ သူက ‘ခင်ဗျားက တစ်ယောက်တည်း နေတာလား’ လို့ မေးတော့ ‘အခုနှစ်ယောက်လေ။ မင်းနဲ့ပေါ့’လို့ ပြောရင်း ရေခဲသေတ္တာထဲက ဘီယာတစ်ဗူးကို ဖောက်ငှဲ့ပြီး သူ့ဆီ တစ်ခွက်ကမ်းပေးလိုက်တယ်။ သူက  ဘာမှမပြောဘဲ ဟက်ကနဲရယ်ပြီး ဘီယာကို တကျိုက်တည်း မော့ချလိုက်တယ်။ စွဲမက်စရာပဲ။

သူ့မျက်လုံးတွေ အရောင်ရင့်လာတာ၊ သူ့နှုတ်ခမ်းတွေ စိုရွှဲသွားတာကို အသက်မရှုဘဲ ကျွန်တော်ငေးကြည့်နေဆဲမှာ ကျွန်တော့်ဘောင်းဘီထက် သူ့လက်လှမ်းလာတယ်။သူကလည်း ကျွန်တော့်လိုပဲ နိဒါန်းတွေ ပျိုးရတာ သိပ်စိတ်ရှည်ပုံမရဘူး။ ဒါမှမဟုတ် ကျွန်တော်က သိပ်စွဲဆောင်မှုရှိလို့ ဖြစ်မှာပေါ့။ ဒါပေမယ့် ဒီအတွေးနှစ်ခုလုံးမှားတယ်ဆိုတာ ကျွန်တော့်ကိုယ်ပေါ်က အဝတ်အစားတွေ မဲ့သွားချိန်မှာ သိလိုက်ရတယ်။ ကျွန်တော့်လည်တိုင်မှာ ထိကပ်ထားတာ သူ့နှုတ်ခမ်းမဟုတ်ဘဲ ခြောက်လက်မဓားမြှောင်ဖြစ်နေတယ်။

အသံကုန်အော်ဟစ်ပြီး အကူအညီတောင်းရမလား။ တဝုန်းဝုန်း တဒိုင်းဒိုင်းရွာနေတဲ့မိုးသံကို ဖုံးအောင် အော်နိုင်တယ် ထားဦး၊ လူတွေက ခြောက်လွှာအထိ တက်လာတယ်ထားဦး သူတို့ရောက်လာချိန်မှာ ကျွန်တော်က ဝတ်လစ်စလစ်နဲ့ အသက်ပျောက်နေမလား။ သူထွက်ပြေးစရာကလည်း တံခါးမကြီးတစ်ခုပဲ ရှိတယ်။ သူက ရှိတာတွေ အကုန်ထုတ်ပေးလို့ ပြောနေတယ်။ ပိုက်ဆံအိတ်ထဲမှာ ရှိသမျှ ယူသွားလို့ ကျွန်တော်အော်ပြောလိုက်မိတယ်။ သူက အင်္ကျီနဲ့ပဲ ကျွန်တော့်ကို ပြန်ချည်ထားပေမယ့် ပါးစပ်ကိုတော့ ဆို့ပိတ်မထားဘူး။

ပိုက်ဆံအိတ်အပြင် ဗီရိုထဲကိုပါ သူမွှေနှောက်ရှာနေတယ်။ တကယ်တော့ ကျွန်တော်က ပိုက်ဆံတွေကို အဝတ်တွေနဲ့ လုံးပြီး အဝတ်ဟောင်းခြင်းတောင်းထဲ ထည့်ထားတာ။ ဒီအထဲမှာ ဘာရွေ၊ငွေတွေ မတွေ့တော့ ကျွန်တော့်အဝတ်တွေကို ယူဖို့ ပြင်တယ်။ ကျွန်တော့်ဖုန်းကလည်း သူ့လက်ထဲမှာ။ ဘာဖြစ်လို့ မျက်ရည်ကျလာမှန်းမသိဘူး။ ငါ့ အဝတ်တွေ ယူမသွားပါနဲ့လို့ ငိုပြောနေမိတယ်။ အဝတ်အစားကောင်းမက်တဲ့ ကျွန်တော့်အတွက် ဒီအဝတ်တွေကို ရန်ကုန်မှာ အကုန်ပြန်ရှာနိုင်ဖို့ သိပ်ခက်တယ်။

သူက သရော်တော်တော်အပြုံးနဲ့ပဲ ကျွန်တော့်လက်မှာ ချည်ထားတာကို လာဖြုတ်ပေးတယ်။ တကယ်က သူ့မျက်နှာကို ကျွန်တော်တစ်ချက်လောက် ထိုးလိုက်သင့်တာ။ ဒါပေမယ့် သူ့ခြေသလုံးကိုပဲဖက်ပြီး ကျွန်တော့်အဝတ်တွေပြန်ပေးဖို့၊ ဖုန်းကို ထားခဲ့ဖို့ ရှိုက်ကြီးတငင်ပြောနေမိတယ်။ သူက ခြေထောက်ကို ခါပြီး ကျွန်တော့်ကို ကန်ထုတ်လိုက်ပေမယ့် လဲကျသွားတဲ့ ကျွန်တော့်အပေါ် အဝတ်အစားအိတ်ပစ်ပေးတယ်။ ဖုန်းကိုတော့ သူက ခပ်လှမ်းလှမ်းမှာ ချထားပေးတယ်။ ၁၉၉ကို ဖုန်းမဆက်ဘူး မဟုတ်လားတဲ့။ ခပ်ထေ့ထေ့ပြုံးပြီး ကျွန်တော့်အခန်းထဲက သူထွက်သွားတယ်။ ဒါပေမယ့် ကျွန်တော့်ဘဝထဲကတော့ မဟုတ်ဘူး။


သူငယ်ချင်းတွေတွေ့တိုင်း ကျွန်တော့်ကို လှောင်တယ်။ မင်းကွာ နိုင်ငံခြားက ပြန်လာပြီး အတိတ်မေ့သွားပြီလား။  မြန်မာပြည်က ကောင်တွေကို ဘာမှတ်နေသလဲ။ သတ်မသွားတာ ကံကောင်းတဲ့။ ဒါပေမယ့် သူက ဒီလို ရက်စက်တတ်သူ မဟုတ်ဘူးလို့ ကျွန်တော်ယုံချင်နေတုန်းပဲ။မိုးသည်းညတိုင်း ကျွန်တော်သူ့ကို သတိရတယ်။ ကြောက်ရွံ့စရာအဖြစ်အပျက်ကို မဟုတ်ပါဘူး။

 သူ ဘာလို့ ကျွန်တော်နဲ့ မအိပ်ခဲ့တာလဲ။ အိပ်ပြီးမှ သူလိုချင်တာ ယူလို့ ရတာပဲ မဟုတ်လား။ ကျွန်တော်က သူ့အကြိုက် မဟုတ်လို့လား။ သူလည်း gayပဲဆိုတာ ကျွန်တော်သိတယ်။ ယောက်ျားချင်းကြိုက်တဲ့လောကမှာ အရိုးများသလေး၊ ချေးခါးသလေးလို့ မရွေးကြပါဘဲ။ ဘာလို့လဲလို့ ကျွန်တော်မေးချင်တယ်။ သူနဲ့ ထပ်တွေ့ရမယ်လို့ မျှော်လင့်ယုံကြည်နေတုန်းပဲ။ ။

မယ့်ကိုး

08 September 2013

အသုံးမကျတဲ့ဇာတ်ကောင်

သူမက စာရေးမယ်ဆိုလျှင် သူမဇာတ်ကောင်ကို အများနှင့်မတူစွဲထင်ကျန်ရစ်သော ရေခဲတောင်လို အေးခဲမာကျောပြီး တစ်စိတ်တစ်ပိုင်းသာမြင်ရသော စိတ်ထားနှင့် bitchy ဆန်သော မိန်းမမျိုးသာ ဖြစ်လိုလှသည်။ ထိုမိန်းမများရဲ့စရိုက်ကို သူမ မကြိုက်လှသော်လည်း သာမန်လူများ ဦးညွှတ်တမ်းတတဲ့ မိန်းမများမဟုတ်ပါလား။

သူမရဲ့ ဇာတ်ကောင်ကိုလည်း ခိုင်မာသော၊ ပြတ်သားသော၊ ရက်စက်သော၊ လှည့်စားတတ်သော၊ စွဲဆောင်မှုရှိသော၊ လိုသမျှရ အောင်မြင်သော မိန်းမမျိုးသာ ဖြစ်လိုလှသည်။ သူမကတော့ ထိုဇာတ်ကောင်မျိုးကို ဖန်တီးနိုင်မည်မဟုတ်။ သူမရဲ့ ဇာတ်ကောင်က အသုံးမကျ ပျော့ညံ့ညံ့မိန်းမသာဖြစ်သည်။

သူမဇာတ်ကောင်သည် နှုတ်ခမ်းကို မဟတဟဖွင့်ကာ ယောက်ျားတကာကို ရူးစေနိုင်သော မိန်းမမျိုးမဟုတ်ဘဲ နှုတ်ခမ်းစူပုပ်ပုပ်ဖြင့် အဖော်မဲ့နေလိုသော မူလတည်းက ရူးတူးတူးမိန်းမသာဖြစ်သည်။ ကိစ္စများကို သွေးအေးအေးဖြင့် ဖြေရှင်းတတ်သော မိန်းမမဟုတ်ဘဲ ထိခိုက်မိသောအခါ ဘာမှမဖြစ်သလို နေပြီးမှ တအုံ့နွေးနွေးပူဆွေးတတ်သော မိန်းမဖြစ်သည်။ သူမရဲ့ဇာတ်ကောင်သည် အကြောင်းပြချက်မရှိဘဲလည်း ငိုတတ်သည်။

လွန်လေပြီးသောအခါက ဇာတ်ကောင်ရဲ့အစ်မက ဇာတ်ကောင်ကို ဘဲဥချဉ်ရည်ဟင်းချက်ကျွေးမယ်။ လာစားဟု ခေါ်သည်။ ဇာတ်ကောင်က အင်း။လာမယ်လို့ ပြောပြီးနောက် ပျင်းပြီး အပြင်မထွက်ချင်တော့ပေ။ ထိုအခါ ဇာတ်ကောင်အစ်မက ဖုန်းဆက်သောအခါ မလာတော့ဘူးနော်လို့ ပြောပြီး အစ်မက ဟင်းတွေချက်ထားရတာ သနားပါတယ်လို့ဆိုကာ တစ်ယောက်တည်း ရှိုက်ကြီးတငင်ငိုခဲ့သော ဇာတ်ကောင်ဖြစ်သည်။

သိပ်မကြာသေးခင်ကလည်း မိတ်ဆွေအစ်မတစ်ယောက် ကိုယ်ဝန်ရတော့ ‘သမီးကို မွေးစားပါလား’ လို့ မစနောက်ရတော့မှာကို ဝမ်းနည်းတတ်သော စိတ်ပျက်စရာဇာတ်ကောင်လည်း ဖြစ်သည်။ ‘ No family wants to adopt me’ လို့ ရေးပြီးနောက် ဖြေမဆည်နိုင်သလို ငိုနေခဲ့သော ဇာတ်ကောင်လည်းဖြစ်သည်။ ဇာတ်ကောင်ရဲ့အမေက ‘နင့်ကို ဘယ်သူမှ မချစ်ဘူး။ နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ’ ဆိုတဲ့စကားကို ပြန်ကြားလိုက် ငိုလိုက်နဲ့ အရူးလို ကြေကွဲတတ်သော ဇာတ်ကောင်လည်း ဖြစ်သည်။

သူမသည် မိန်းမတိုင်း စိတ်ကူးယဉ်တောင့်တကာ လိုချင်တဲ့ပုံရိပ်ဖြစ်သော ဇာတ်ကောင်ကို ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်ပေ။ လူဘုံအလယ်မှာ ဝင့်ထယ်သော၊ မျက်လုံးလေးပြူးကြည့်ရုံနဲ့ ယောက်ျားတွေ ဗုံးဗုံးလဲကြွေသော၊ စီးကရက်မီးခိုးများအကြားတွင် ရီတီတီ ညှို့ငင်သော မျက်လုံးများနှင့် သေစေလောက်သော၊ ဖြေဖျော်မှုတွင် လေဒီဂါဂါပင် ရှုံးသော မိန်းမမျိုး။လူတကာ တပ်မက်ကြသည်က ကြည်အေးရဲ့ မီ လို၊ လေရူးသုန်သုန်ထဲက စကားလက်လို ဇာတ်ကောင်မျိုး။

 

ဘဝမှာ မရတာမရှိစေရ ။ လိုချင်တာ ရယူဖို့ဆို အကြောက်တရားမဲ့၊ အရှက်ကို ဘေးဖယ်ကာ၊ ငဲ့ညှာမှုကင်းကင်းနဲ့ လက်ရဲဇက်ရဲ ရယူနိုင်သော မိန်းမမျိုး။ တားဆီးသူမှန်သမျှ တိုက်ခိုက်ချေမှုန်းနိုင်ပြီး လိုချင်သော နေရာကိုသိ၊ ရအောင်နေသော မိန်းမမျိုး။ သူတကာပေါ် ဆရာကြီးလုပ် ဦးဆောင်လွှမ်းမိုးနိုင်သော မိန်းမမျိုး။ လူတွေရဲ့ခေါင်းပေါ်မှာ စင်္ကြံလျှောက်ပြီး အောင်မြင်မှုသရဖူဆောင်းကာ ကျရှုံးစကား မကြားဖူးသော မိန်းမမျိုး။ ထိုထို အကြောက်ကင်းသော၊ မတုန်လှုပ်သော၊ ရက်စက်သော၊ အောင်မြင်သောမိန်းမမျိုးကိုမှ ကိုးကွယ်ချင်သောသူများအတွက် သူမရဲ့ ဇာတ်ကောင်က အလုပ်မဖြစ်ပေ။

သူမကတော့ ထိုမိန်းမမျိုးနဲ့ အလှမ်းကွာသော အဖြစ်မရှိတဲ့ဇာတ်ကောင်နှင့်သာ နှစ်ပါးသွားနေရသည်။ ထိုဇာတ်ကောင်ကို သူမ မြေမြှပ်မှ ဖြစ်တော့မည် ထင်သည်။ ရေထဲတွန်းချရင် ကောင်းမလား။ အဆိပ်ကျွေးရင် ကောင်းမလား။ လျှပ်စစ်ဓာတ်ပေးရင် ကောင်းမလား။

 သူမ စဉ်းစားကာ စိတ်ပျက်နေရဦးမည်။ ။ 

မယ့်ကိုး

03 September 2013

အဖြူရောင်ဝတ်စုံ

Taylor Swift ရဲ့ Everything Has Changed သီချင်းMTVကို ထပ်ဖန်တလဲလဲကြည့်ဖြစ်နေသည်။ သီချင်းကို ကြိုက်လို့အပြင် ကလေးလေးနှစ်ယောက်ရဲ့ ချစ်စရာကောင်းသော အပြုအမူများကြောင့်ဟု မူလက ထင်နေမိသည်။ တကယ်တော့ ကလေးမလေးဝတ်ထားသော ဂါဝန်အဖြူရောင်လေးကအစ တေလာဆွဖ်ဝတ်တဲ့ ဂါဝန်အဖြူလေးကိုပါ နှစ်လိုခြင်းကလည်း တစ်စိတ်တဒေသပါဝင်နေလိမ့်မလား။


ငယ်စဉ်ကအကြိုက်များသည် လူလားမြောက်လာသောအခါ ပြောင်းလဲသွားတတ်ပေမယ့် အဖြူရောင်ဝတ်စုံများအပေါ် တွယ်တာတဲ့ ကျွန်မရဲ့နှစ်သက်မှုမှာ လျော့မသွားခဲ့။ ငယ်စဉ်က ဝတ်ရတဲ့ ကျွန်မရဲ့ အင်္ကျီအဖြူရောင်များတွင် အမြဲပဲ စွန်းပေညစ်ပတ်နေခဲ့သည်။ ဝတ်မရလို့ စိတ်ဆင်းရဲတဲ့အခါ အသက်ကြီးလို့ ပိုက်ဆံရှာနိုင်လျှင် နေ့တိုင်းအင်္ကျီအဖြူရောင်တွေပဲ ဝတ်မည်ဟု ကြုံးဝါးခဲ့သည်။ တကယ်ပဲ ကိုယ့်အဝတ်အစားကို ကိုယ်တိုင်ရွေးချယ်ဝယ်ယူခွင့်ရှိသောအခါ အင်္ကျီအဖြူရောင်(ဂါဝန်အဖြူများ)ကို ဝယ်ဖြစ်ခဲ့ပါသည်။

သို့သော် အဖြူရောင်အဝတ်အထည်များမှာ အမြဲတစေ အလွဲလွဲအချော်ချော်လုပ်တတ်သော ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် မကိုက်ညီပေ။ ကျွန်မကိုယ်တွင် မတော်တဆမှုများကို ဖိတ်ခေါ်ဆွဲငင်သော သံလိုက်ဓာတ်ရှိသည် ထင်သည်။ ကျွန်မ သတိမပြုမိခင်မှာတင် အင်္ကျီအဖြူရောင်များမှာ ဘယ်အချိန်က အစွန်းထင်သွားမှန်း မသိလိုက်ပေ။ အစ်မကလည်း အင်္ကျီအဖြူတွေ မဝယ်နဲ့တော့လို့ ပြောသည်။

နောက်ဆုံးတော့လည်း အသိတရားရကာ အဖြူရောင်ဝတ်စုံများကို မြင်သာမြင်လည်း စိတ်ကြိုက်မဝယ်ရဲတော့ချေ။ ဒါပေမယ့် အဆုံးတိုင် နှစ်ပေါင်းများစွာ စွဲမြဲနေသော တွယ်တာမှုကို မစွန့်လွှတ်နိုင်သူမို့ ကိုယ်နဲ့မအပ်စပ်မှန်းသိလျှက် အဖြူရောင်ဝတ်စုံကို  မိုက်မိုက်မဲမဲ တပ်မက်နေဆဲ။ ကိုယ့်အသားအရေနှင့် မလိုက်ဖက်လှသော်လည်း အဖြူရောင်အင်္ကျီများ (ဂါဝန်များ)ကို ရှာဆဲ ၊ နှစ်သက်လျှင် ဝယ်ယူဆဲ၊ တစ်ခါနှစ်ခါ ဝယ်ပြီးသွားလို့ စွန်းပေညစ်သွားလျှင် အသည်းကွဲကာ စွန့်ပစ်လိုက်ရဆဲ။

လောကကြီးထဲက အရာအားလုံးမှာ ကျွန်မအလိုကို ဆန့်ကျင်မယ်ဆိုပြီးတော့များ သံန္နိဌာန်ဆိုထားကြလေသလား။ ချစ်မြတ်နိုးသောအရာများကို မထိန်းသိမ်းနိုင်သော ကျွန်မကပဲ ညံ့ဖျင်းလွန်းသလား။ သိုသော် ဇွဲတော့ မလျှော့ဘဲ နောင်ဘဝပေါ့ကွယ်ဟု သရော်တော်တော်တွေးပြန်သည်။ ရုပ်ရှင်များတွင် သရုပ်ဖော်သော ပရလောကသားများ၊ သရဲ၊ တစ္ဆေများ (ပြိတ္တာများ)၊ နတ်ဒေဝါများမှာ အဖြူရောင်ဝတ်စုံများနှင့်သာ မဟုတ်ပါလား။

နောင်ဘဝအကြောင်းရေးထားသည့် အနောက်တိုင်းကစာအုပ်တစ်အုပ်လည်း ဖတ်ဖူးခဲ့သည်။ သူတို့က ဘုံဘဝတစ်ခုတွင်ရောက်နေပြီး သူတို့ရောက်နေသည့် ဘုံဘဝအကြောင်း လူ့ဘဝက  ကြားခံလူ (နတ်ဆရာ/နတ်ကတော်)ထံ လာပြောသည့် အဖြစ်အပျက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ထိုသူများက သူတို့ရောက်နေသည့် ဘုံတွင် နေမရှိသောလည်း အမြဲလင်းနေကြောင်း၊ ကြမ်းပြင်က မြေလိုမဟုတ်ဘဲ ဖုန်မရှိဘဲ ဖန်သားလို ကြည်လင်ကြောင်း၊ သူတို့လိုချင်သည့် အိမ်ယာ၊ အသုံးအဆောင်၊ အိမ်မွေးတိရစ္ဆာန်ကအစ ၊ပတ်ဝန်းကျင်အဆုံး အရာအားလုံးမှာ စိတ်ထဲလိုချင်သမျှ အကုန်ဖြစ်ပေါ်နေကြာင်းရေးထားသည်။

အထူးသဖြင့် ကျွန်မအတွက် အရေးပါသော အချက်ကို ပြောရပါလျှင် သူတို့ဝတ်ဆင်သော အဝတ်အထည်များက သူတို့အကြိုက်သာ ဖြစ်လို့ ဘယ်လိုမှ ပြောင်းလဲပြုပြင်ချင်သည့်စိတ်မရှိကြောင်း၊ ငြီးငွေ့လို့ပြောင်းလဲလိုလျှင် အားလုံးကို ပြောင်းလဲနိုင်ပေမယ့် သူတို့အတွက် ပြည့်စုံတင့်တယ်လွန်းလို့ မပြောင်းလဲဖြစ်ကြကြောင်း ဆိုကြသည်။ ထိုဘုံဘဝမှာ ဗုဒ္ဓဘာသာ(မြန်မာ)အယူအဆဆိုလျှင် နတ်ပြည်များဖြစ်နေမလားလို့ ကျွန်မ တွေးခဲ့မိပါသည်။ 

ထိုသို့ဆိုလျှင် နတ်သား၊နတ်သမီးများမှာ မြန်မာရုပ်စုံများတွင်ပုံဖော်ထားသလို အတောင်၊အတက်၊အတွန့်၊အလိမ့်များနှင့် မဟုတ်ဘဲ အတော်ကြည့်ကောင်းမှာပဲ မြင်ယောင်မိသည်။ တကယ်လို့များ ကျွန်မသာ (မတော်တဆ) နတ်ပြည်များရောက်သွားလျှင် အဖြူရောင်ဝတ်စုံကို အမြဲတစေဝတ်ရတော့မည် ထင်သည်။ တွေးကြည့်ရုံနှင့်ပင် စိတ်ချမ်းသာစရာကောင်းလှလေသည်။ နတ်ပြည်လည်း မမြဲဆင်းရဲနှင့် မလွတ်ဘူးဆိုလည်း နေ့လယ်အိပ်မက်မက်ခြင်းကိုကား မစွန့်လွှတ်နိုင်သေးချေ။ 

ကျေးဇူးပြုပြီး နတ်ပြည်မရှိဘူး။ဘာညာဆိုကာ ကျွန်မရဲ့ စိတ်ကူးယဉ်တိမ်တိုက်ကို မဖြိုဖျက်စေချင်ပါ။ အိပ်မက်ဟာ ကျန်းမာပျော်ရွှင်စေတဲ့ အသက်ရှည်ဆေးပဲ မဟုတ်ပါလား။ 

မယ့်ကိုး