30 October 2013

အောင်မြင်မှုဆိုတဲ့ အရာ

မိတ်ဆွေတစ်ယောက်က သူကလေးဘဝတန်းက အဖေက သူ့ကို ရိုက်ရင် တုတ်တွေဖွာသွားအောင် ရိုက်တာ၊ ခေါင်းကို နံရံနဲ့ဆောင့်တာ စသည့်ဖြင့် နှိပ်စက်ခံရကြောင်းတွေ ပြောပြပါတယ်။ ကျွန်မက အမေက ဝင်မဆွဲဘူးလားမေးတဲ့အခါ မဆွဲဘူး။ ပြီးတော့ အဖေက ရိုက်ပြီးလို့ မောသွားပြီး အိပ်ရာထဲသွားလှဲနေရင် အမေက ‘သားအဖေက သားကို ရိုက်ပြီး စိတ်မကောင်းဖြစ်နေတယ်။သားအဖေကို သွားချော့လိုက်ပါဦး’ လို့ တိုက်တွန်းပါသတဲ့။ အသက်ရှုမဝအောင် နာကျင်သွားကာ နှလုံးရောဂါရှိသူမဟုတ်ပါဘဲ ဘယ်ဘက်ရင်ဘတ်က အောင့်လာ။

သူနဲ့ဆင်တူသော ကျွန်မရဲ့ ဖြစ်ရပ်ကိုတော့ မိတ်ဆွေကို မပြောပြဖြစ်ပါ။ အဘွားဆုံးပါးသွားတဲ့အခါ အဘွားအိမ်ပြန်တော့ ငယ်ငယ်က နှိပ်စက်ညှင်းပန်းခဲ့တဲ့ ဦးလေးနဲ့ဆုံရလေတာ။ ကျွန်မ ပြန်ခါနီးတော့ အဒေါ်က ဆင်းရဲနွမ်းပါးနေတဲ့ဦးလေးကို ကန်တော့ခိုင်းပါတယ်။ အဘွားရဲ့ အသုဘမှာမို့လို့ ငုံ့လျှိုးသည်းခံနေလျှက် ဒေါသက ထိန်းမရထွက်သွားတာမို့ ‘ အန်တီ၊ သမီးက သူ့ကို ဘာလို့ ကန်တော့ရမှာလဲ။ သူက သမီးကို ငယ်ငယ်တုန်းတည်းက ကြိုးတွေနဲ့ ရိုက် ၊ နာရင်းအုပ်ခဲ့တဲ့ လူလေ’ လို့ ပြောတဲ့အခါ ကိုယ်ချင်းမစာတဲ့အပြင် ‘ မသွားခင် ကန်တော့လိုက်ပါ သမီးရယ်။ အန်တီ မုန့်ဖိုးပေးမယ်’ လို့ အားမနာစွာ ဆိုရဲ့။  နှိပ်စက်ခံရခြင်းကြောင့် စိတ်ဖောက်ပြန်ခြင်းမရှိ၊ ရက်စက်ခံရခြင်းကြောင့် ရူးနှမ်းခြင်းမရှိ ခိုင်မာတဲ့ သတိရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ်သာ ကျေးဇူးတင်ရတော့မှာ။

ပါကစ္စတန်က Humaria ဆိုတဲ့ မိန်းကလေးအကြောင်းကိုလည်း အလျဉ်းသင့်လို့ ဖတ်ခဲ့ရပါတယ်။ ထိုမိန်းကလေးမှာ ဦးလေးနဲ့အတူအိပ်ရသူဖြစ်ရာ အသက် ၁၀ နှစ်အရွယ်မှ စပြီး အမေ့မောင်၊ဦးလေးရဲ့ မတရားပြုကျင့်မှုကို ခံခဲ့ရသူလေးဖြစ်ပါတယ်။ သူမရဲ့ အကြောင်းကို အဒေါ်နဲ့ မိခင်ကို ပြောပြသောအခါ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ နှုတ်ပိတ်တဲ့အပြင် သူမရဲ့ အမေက သူမပြောတာ မယုံဘူးလို့ ငြင်းဆန်ပါသတဲ့။ ပြီးတော့ သူမ အမေက ‘ငါ့မောင်က ဒီလောက် မရမ်းကားဘူး။ နင် တစ်ခုခုအမှားလုပ်ပြီး အခုနင့်ကိုနင်ကာကွယ်ဖို့ သူ့ကို အပြစ်ဖို့နေတာ’ လို့ ပြောလေတာ။



ထိုစကားက အမေ့ကို အမှတ်ရစေခဲ့။ ကျွန်မမှာ ငယ်ငယ်က အနှိပ်စက်ခံရသည့်အကြောင်းများ ပြောမိတဲ့အခါ အမေက ပိုရန်ကောဆိုတဲ့ မျက်နှာအမူအယာနှင့် အတိတ်ကို ရယ်သွေးသွမ်းပစ်တတ်တာ။ သူများအမေတွေ သူတို့ သားသမီးကို ဘယ်လိုနှိပ်စက်တာ။ သူတို့သားသမီးက မိဘကို ဘာမှ ပြန်မပြောဘဲ လိမ္မာလိုက်ကြတာလို့လည်း တရားဟောတတ်ရဲ့။ မိဘကျေးဇူးကို အထူးသိနားလည်လည်း ပါကစ္စတန်သူလေးကတော့ 'တိရစ္ဆာန်တွေလည်း သားသမီးမွေးတာပဲ။ လူတွေက ဘာများထူးခြားနေလို့လဲ။ ကလေးတွေကို မစောင့်ရှောက်နိုင်ရင် မွေးဖို့မသင့်ဘူး’ လို့ ဆိုလေတာ။

ကျွန်မကတော့ အမျိုးသမီးတွေ ကလေးဖျက်ချမှုကို အားပေးသလားလို့ မေးရင် ဇဝေဇဝါဖြစ်ကာ ယနေ့ထက်တိုင် အဖြေမပေးနိုင်ဖြစ်နေဆဲ။ မိခင်တွေက လူသတ်ကောင်ဖြစ်မှာကြောက်ပြီး တခြားလူသားတစ်ယောက်ကို မသေရုံနှိပ်စက်ခံစေဖို့သက်သက်တော့ လူ့လောကထဲ ဆွဲမသွင်းသင့်ဘူးလို့ ယုံကြည်မြဲ။ ဒါပေမယ့် ရှင်သန်ရခြင်းကလည်း သိပ်မဆိုးရွားပါဘူးလို့လည်း အိပ်မက်မက်ချင်ဆဲ။ စွန့်ပစ်ခံရတဲ့ ကလေးတွေ ၊ နှိပ်စက်ညှင်းပန်းခံရတဲ့ ကလေးတွေ ၊ အပြစ်မဲ့တဲ့ ကလေးတွေကို ဘယ်လောက် နက်ရှိုင်းပြင်းထန်တဲ့ ဒဏ်ရာကိုပဲ ပေးပေး သူတို့လက်ခံပြီး ဆက်လက်ရှင်သန်နေကြတယ်လေ။ ပျော်ရွှင်မှုကို ဖမ်းဆုပ်ဖို့ ကြိုးစားကြရင်း၊ နာကျင်မှုတွေကို မေ့ပစ်ကြရင်းပေါ့။

ရှင်သန်မှုဟာ အောင်မြင်မှုလို့ အိမ်ထောင်ရေးဖောက်ပြန်သူ ဘီလ်ကလင်တန်က ဆိုခဲ့တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် နှိပ်စက်ခံရသူကလေးငယ်များ ပြိုလဲပျက်စီးသွားခြင်းမရှိဘဲ အသက်ရှင်ရပ်တည်နေခြင်းကလည်း အောင်မြင်မှုလို့ မှတ်ယူနိုင်လိမ့်မလား။ ။

မယ့်ကိုး 

17 October 2013

‘အထင်လွဲမိုး’

အသက် ၁၆ နှစ်ရှိသော မောင်ဝမ်းကွဲကို လွန်ခဲ့တဲ့နှစ်ကမှ  စတင် ကြုံဆုံဖူးခြင်းဖြစ်သည်။ တွေ့တွေ့ချင်းပင် မသင်္ကာချင်။ ညီမဝမ်းကွဲကို ‘သူက ယောက်ျားလေးကို ကြိုက်တာလား။ မိန်းကလေးကို ကြိုက်တာလား’ လို့ မေးဖြစ်သည်။ ညီမငယ်က ‘ယောက်ျားလေးကို ကြိုက်တယ်ထင်တယ် အစ်မ’ လို့ ဖြေသည်။ ရန်ကုန်တစ်မြို့တည်းနေပေမယ့် ဒီသီတင်းကျွတ်မှ ပြန်တွေ့ဖြစ်ကြသည်။

ဒီတစ်ခါတွေ့တော့ ထိုမောင်လေးမှာ ကျွန်မတို့လာလည်စဉ်မှာပင် အဒေါ်ငယ်ရဲ့ ရှေ့ဆံပင်ကို မှတ်ချက်ပေးလေသည်။ နှစ်ပတ်တစ်ခါ မြင်တွေ့နေရသော အဒေါ်ငယ်ရဲ့ဆံပင် အနည်းငယ်ကောက်ထားခြင်းကို ကျွန်မပင် သတိမထားမိ။ သံသယက ပိုခိုင်မာလာသည်။ ယောက်ျားလေးများသည် မိန်းကလေးများဆံပင်ပုံစံပြောင်းလဲခြင်းကို သတိပြုမိတတ်သော အလေ့မရှိ။ မှတ်ချက်ပေးဖို့ဆိုတာကလည်း ကိုယ့်ရည်းစားကိုသာ မတတ်သာလို့ ပြုကြရတာ မဟုတ်လား။

သူ့အမေကို ‘အန်တီ့သားက ယောက်ျားလေးကို ကြိုက်တာလား။ မိန်းကလေးကို ကြိုက်တာလား။’ဆိုတဲ့ တူညီမေးခွန်းဆိုဖြစ်သည်။ အဒေါ်လတ်က 'ကလေးက ငယ်သေးတာကို မသိပါဘူး သမီးရယ်'လို့ ဖြေသည်။ 'အဲဒါဆို သူဘာလည်း သိသွားအောင် gay club ကို ခေါ်သွားရမလား'လို့ မေးတဲ့အခါ အဒေါ်လတ်က ရယ်ရယ်မောမောပင် 'ရတယ်။ခေါ်သွားလေ'ဟု ဖြေသည်။ အဒေါ်ငယ်ကတော့ သဘောမကျ။ 'ကလေးကို အဲလိုတွေ လျှောက်မပြောရဘူး'ဟု ကျွန်မကို ဆူလေသည်။ အဒေါ်ငယ်မှာ ကျွန်မက အဒေါ်လတ်ကို မကျေနပ်စိတ်ရှိတာသိသဖြင့် ကလေးအပေါ် သဘောဆိုးထားသည်ဟု ထင်မြင်ပုံရသည်။

ကျွန်မမှာ မျက်နှာစူပုတ်နေတတ်သော်လည်း ထိုမျှစိတ်မပုပ်ပါ။ ကိုရီးယားဇာတ်လမ်းတွဲထဲကလို မိဘမကောင်းသည်ကို အမျက်ထားပြီး သားသမီးအပေါ် ကလဲ့စားချေလိုသောစိတ်မရှိပါ။ သူ့ရဲ့လိင်စိတ်သဘာဝကို နားမလည်ဘဲ စိတ်ရှုပ်ထွေးပင်ပန်းနေမည်ကိုစိုးရိမ်ကာ ကူညီလိုသော သဘောမျှသာ ရှိလေသည်။ အဒေါ်ငယ်က မောင်ငယ်ကို ‘သား၊ နွဲ့တဲ့တဲ့ မနေနဲ့။ ကျားကျားယားယားနေ’ ဟု ပြောနေသည်။ စေတနာက ဝေဒနာဖြစ်ရသောအခါ ဝမ်းနည်းကြေကွဲရသည်။ ကျွန်မ ပြောလိုက်မှ ထိုကလေးမှာ ဖိအားဖြစ်သွားသလားဟု စိတ်မကောင်းဖြစ်သည်။

ဖြစ်သမျှအကြောင်းမှာ အမှတ်သည်းခြေနည်းသော ကျွန်မအပြစ်သာ ဖြစ်တော့သည်။ ထိုဂေးအမှုဖြင့် ပြဿနာတက်ပေါင်းလည်း များလှပြီဖြစ်သည်။ မိတ်ဆွေတစ်ယောက်ကို ဂေးဘုန်းကြီးတွေ့ဖူးလား မေးရာ ဘုန်းကြီးမှာ ဂေးဆိုလျှင် ဘုန်းကြီးမဝတ်လို့ ပြောကာ မခေါ်နိုင်၊မပြောနိုင် စိတ်ဆိုးလေသည်။ မတတ်နိုင်။ လောကမှာ မဖြစ်နိုင်သောအရာ မရှိလို့ဆိုတော့ သံသယရှိနေဆဲဖြစ်သည်။

ထိုတတိယလိင်တွေကို ဘာကြောင့်ဒီလောက်စိတ်ဝင်စားနေလဲလို့ မေးပါလျှင် မြန်မာပြည်သားများ လူ့အခွင့်အရေးအတွက် တောင်းဆိုသလို တတိယလိင်တွေအတွက်လည်း လူ့အခွင့်အရေး၊သာတူညီမျှဖြစ်မှုကို လိုလားသူသာ ဖြစ်လေသည်။ ဘယ်သူမျှလည်း နားလည်နိုင်ဦးမည် မထင်။ဘာပဲဖြစ်ဖြစ် ပြန်ကာနီးတော့ youtube မှ ဗီဒီယိုပြကာ လိင်တူချစ်သူဆိုတာ သဘာဝအတိုင်းသာဖြစ်တည်လာကြောင်း၊ လူကအစ တခြားတိရစ္တာန်တွေမှာပင် ဖြစ်လေ့ဖြစ်ထရှိသော ဓမ္မတာဖြစ်ကြောင်း၊  ပြောင်းလဲပြုပြင်ကုသရမယ့် ရောဂါမဟုတ်ဘဲ  သဘာဝအခြေအနေသာ ဖြစ်ကြောင်း၊ ရှက်ရွံ့အားငယ်ဖုံးကွယ်စရာ မလိုကြောင်း၊  စသည်ဖြင့် သိသလောက်တော့ ပြောခဲ့သည်။ မောင်လေးနဲ့အတူ ညီမငယ်က စိတ်ဝင်တစားတော့ နားထောင်ကြသည်။




ထိုသို့ ဆွေးနွေးနားလည်မှုပေးရုံမျှသာ တတ်နိုင်လေသည်။ ထို့ထက်ပိုပြီး များစွာကူညီချင်ပါသော်လည်း ဘာမှမတတ်နိုင်သော နေရာမှာ ရှိနေသူသာ ဖြစ်လေသည်။

မယ့်ကိုး

09 October 2013

ရေခဲမြစ်

နှုတ်မဆက်ဘဲ ထွက်သွားသူ့ကို ကြာမြင့်စွာ ငေးကြည့်နေမိသည်။ ပြန်မလာတော့မှန်းသိပေမယ့် လည်ပြန်လှည့်ကြည့်လေမလားဟု မျှော်လင်မိပြန်သည်။ ဝမ်းနည်းသော်လည်း ပြောပြီးစကားကို ပြန်မရုပ်သိမ်းချင်။ ဒါပေမယ့် နေလို့ မကောင်းပါချေ။  ရင်ထဲတစ်ဆို့ကာ အသက်ရှုခက်လှသည်။ အစာကြေဆေး စားသည်။ ဘာဆေးသောက်လို့မှ မပျောက်ပေ။ လှဲလျောင်းကာ သက်သာအောင်နေသည်။ နေမသာပါချေ။ ခြေလက်ညောင်းညာကာ ထိုင်မသာပါလေ။ ဇက်ကြောတက်ကာ အန်ချင်သလို ဖြစ်သည်။ ချက်ချင်းပင် ချောင်းဆိုးပြန်ကာ ကိုယ်ခံအားနည်းလေသည်။

ဘယ်လောက်ပင် နေမကောင်းပါလည်း ရင်ထဲတင်းကျပ်နေမှုဝေဒနာကို အဖြေမရှာရဲချေ။ သူ နှုတ်မဆက်ဘဲ ထွက်ခွာသွားခြင်းက အကြောင်းရင်းဖြစ်မှာ စိုးသည်။ မိန်းမများသည် နားလည်ရခက်သော သတ္တဝါတွေဟု ယောက်ျားတွေက ဆိုကြသည်။ သူမလည်း ထိုအဆိုကို ထောက်ခံချင်ခဲ့သည်။ လူသည် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်ပင် နားမလည်ချင်လို့ လှည့်စားတတ်သော သတ္တဝါဆိုတာ လုံးလုံးလျားလျား မေ့လျော့နေခဲ့သည် ။

အတိတ်အခါကတော့ဖြင့်  ယောက်ျားလေးတစ်ယောက်က ချစ်စကားပြောသောအခါ တစ်ခါတော့ငြင်းမယ်လို့ စိတ်ဆုံးဖြတ်ထားသော မိန်းကလေးများကို  မနှစ်သက်တတ်ချေ။ အနိုင်ကျင့်လိုသော သဘောဟု မှတ်ယူသည်။ စဉ်းစားပါရစေဦးလို့ဆိုသော မိန်းကလေးများကိုလည်း အမြင်မကြည်ပေ။ မူပိုကာ မရိုးသားသော အပြုအမူလို့ လက်ခံခဲ့သည်။ ချစ်မိခြင်းမှာ သေချာခိုင်မာနေသော ခံစားမှုမဟုတ်ပါလား။ စဉ်းစားမယ်ဆိုလျှင် အချစ်ထက် တခြားသောအရာတွေသာ ဖြစ်လိမ့်မည် ထင်သည်။

ကိုယ့်ခံစားချက်ကို ရှင်းလင်းပွင့်လင်းခဲ့မှုအတွက် သူမ အမြဲတစေဂုဏ်ယူခဲ့သည်။ထိုသို့ပြုမူနိုင်ခဲ့ခြင်းမှာ ထိုသူများနှင့်ပတ်သက်ပြီး သူမမှာ ခံစားချက်မရှိသောကြောင့်သာ ဖြစ်လိမ့်မည်။ သူတို့အပေါ်မှာ သူမမှာ အချစ်မရှိသလို သူမကို ဆက်လက်ချစ်စေလိုသော မျှော်လင့်ချက်လည်း မရှိချေ။ သူမလည်း လွတ်လပ်သလို သူတို့ကိုလည်း လွတ်လပ်သူများဖြစ်စေချင်ခဲ့သည်။ ယခုတော့ သူနှင့် ပတ်သက်ပြီး အခု သူမ မဖြောင့်မှန်တော့ပြီလား။ သူ့ကို ချစ်လားဆိုတဲ့ အခြေအနေထက် သူ ငါ့ကို ချစ်ရဲ့လားလို့ စမ်းသပ်လိုခဲ့သည်။ ချစ်တဲ့သူဟာ မဖြစ်စလောက်တားဆီးမှုကို အလေးထားမှာ မဟုတ်ဘူးဟု ထင်ချင်သည်။ နော်ဝေတောအုပ်ဆိုတဲ့ စာအုပ်ထဲက မိန်းကလေး မိဒိုးရိကို သတိရသည်။


ထိုမိန်းကလေးသည် အချစ်ကို အမြဲဆာလောင်နေသည့် မိန်းကလေးဖြစ်သည်။ မိုဒိုးရိကလေးသည် မိဘတွေဆီက အချစ်ကို အလုံအလောက်မရခဲ့ပေ။ ထို့ကြောင့် မူလတန်းအရွယ်တန်းက တစ်နှစ်မှာ ၃၆၅ ရက် သူမကို အကြွင်းမဲ့ချစ်မယ့်သူကို ရှာမယ်လို့ စိတ်ဆုံးဖြတ်ခဲ့သူလေး ဖြစ်သည်။ မိဒိုးရိရှာဖွေခဲ့သော အချစ်က ထူးဆန်းသည်။ မိဒိုးရိကိုယ်တိုင်လည်း တကိုယ်ကောင်းဆန်မှုကို ရှာဖွေတယ်ဟုလည်း ပြောခဲ့သည်။

 မိဒိုးရိက စတော်ဘယ်ရီ ဘီစကစ်ကြွပ်ကြွပ်ရွရွစားချင်တယ်ဆိုရင် မိဒိုးရိကို ချစ်သူက လုပ်နေသမျှကို ပစ်ထားပြီး သွားဝယ်ပေးတဲ့သူ ဖြစ်ရမယ်။ ပြီးတော့ မောလွန်းလို့ အသက်ရှုရပ်မတတ်ဖြစ်နေလည်း ဒူးထောက်ပြီး မိဒိုးရိကို စတော်ဘယ်ရိဘီစကစ်မွမွလေး လှမ်းပေးမယ့်သူ ဖြစ်ရမယ်တဲ့။ ဒါပေမယ့် မိဒိုးရိက မလိုချင်တော့ဘူးဆိုကာ ပြတင်းပေါက်က လွှင့်ပစ်မယ်။ အဲဒီလို လုပ်တဲ့အခါ မိဒိုးရိကို တောင်းပန်တဲ့သူကို လိုချင်ပါသတဲ့။ 

 မိဒိုးရိကို ချစ်သူက ‘အခု ကိုယ်နားလည်ပြီ။ မိဒိုးရိ၊ ကိုယ်က ဘယ်လောက်မိုက်လိုက်ပါသလဲ။ မင်းက စတော်ဘယ်ရီဘီစကစ်ကို စားချင်တဲ့ အာသီသကုန်သွားလိမ့်မယ်ဆိုတာ ကိုယ်သိသင့်တယ်။ ကိုယ့်မှာ မြည်းလို ဦးနှောက်နဲ့ အသိတရားသာ ရှိတာပဲ။ မင်းကို ဘယ်အစားထိုးပေးရမလဲ။ ချောကလက် အချိုပွဲ လိုချင်သလား။ ဒိန်ခဲကိတ်မုန့်လိုချင်သလား’လို့ မေးသူဖြစ်ရမတဲ့။ ထိုအခါမှ မိဒိုးရိက သူမပြုမူခဲ့သမျှအတွက် ထိုက်တန်တဲ့ သူမရဲ့အချစ်အားလုံးကို ပေးမယ်တဲ့။ 

ထိုစာကို ဖတ်ခဲ့စဉ်က မိဒိုးရိကို မနှစ်မျို့ဖြစ်ခဲ့သည်။ ဘယ်လောက် တကိုယ်ကောင်းဆန်လိုက်တဲ့ မိန်းကလေးပါလဲလို့ တအံ့တသြဖြစ်ခဲ့သည်။ အခုတော့ သူမတစ်ယောက် မိဒိုးရိကို ကိုယ်ချင်းစာတတ်ပြီ ဖြစ်သည်။ သူမနှင့် မိဒိုးရိမှာ ဘယ်သူက တကိုယ်ကောင်းပိုဆန်သနည်း။ စဉ်းစားလို့ မရနိုင်အောင် ဖြစ်ပေမယ့် ကိုယ့်အပြစ်လွတ်အောင်တော့ တွေးချင်သည်။

သူလှည့်မကြည့်ဘဲ ကျောခိုင်းသွားတာက တကယ်မချစ်လို့ မဟုတ်လား။ ငြင်းလိုက်တာ မှန်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ်အယုံသွင်းသည်။ ထိုမှပဲ စိတ်သက်သာရငြိမ်းချမ်းမှာ မဟုတ်လား။ သေချာတာက မိဒိုးရိလိုပင် အချစ်ကို ပြည့်ပြည့်စုံစုံမရဖူးသူမို့ သံသယကြီးတာ ဖြစ်မည်။ ဒါပေမယ့် သံသယအကျိုးကို ခံစားရသူက သူမ ဖြစ်သည်။ 

ဆရာဝန်ပေးသော အိပ်ဆေးများ၊ ပဋ္ဋိဇီဝဆေးများကို သောက်ကာ အနားယူနေရသည်။ ရင်ထဲမကောင်းရှိလှတာကို ရာသီအပြောင်းအလဲမို့ ကိုယ်လက်မအီသာတာပဲ ဆိုကာသာ ဖြေသိမ့်လေသည်။ သူကလည်း သူမကို မချစ်သလို၊ သူမကလည်း သူ့ကို မချစ်ပါဘူးလို့ ယုံချင်သည်။  ခဏတာစိတ်ယိမ်းယိုင်သွားတာပါဟု အဖြေရှာချင်သည်။ အထီးကျန်လွန်းလို့ စိတ်အားငယ်မိတယ်ထင်ပါ့ဟု ကိုယ့်ကိုယ်ကိုယ်ကြိမ်းမောင်းချင်သည်။

မနက်ဖြန်ရဲ့ မနက်ဖြန်တွေမှာ သက်သာသွားမည်။ ခေါင်းမာသော သူမက ထိုသို့ပင် မျှော်လင့်ပြန်လေသည်။

မယ့်ကိုး

03 October 2013

သက်သေမဲ့အမှု


အရင်ခေတ်က အင်္ဂလန်မှာ ခွေးမွေးရင် မှတ်ပုံတင်လုပ်ရပေမယ့် ကြောင်မွေးရင် မှတ်ပုံတင်စရာမလိုဘူးလို့ ဖတ်ခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲ။ ကြောင်တွေဟာ ဘာချည်နှောင်မှုမှ မလိုအပ်လို့လား။  ဒါကြောင့် ကျွန်မဟာ ကြောင်ကို ခင်ပွန်းလုပ်ပြီး နေသင့်ရဲ့လား။ ကိုက ကျွန်မကို ဖုံးကွယ်ဟန်ဆောင်ခဲ့တယ်။ လှည့်ဖျားချစ်ယောင်ဆောင်ခဲ့တယ်။ အခွင့်အရေးယူမင်းမူပြီး သစ္စာမတည် ထားရစ်ခဲ့ဖူးတယ်။ ဘာလုပ်သင့်လဲလို့ သူငယ်ချင်းကိုမေးတော့ သူမက ‘ကြောင်သားကြော်ပြီး အောင်သေအောင်သား စားသင့်တယ်’ တဲ့။

ဒီအဖြေစကားဟာ နေ့နေ့ညည ကျွန်မကို ထိတ်လန့်စေခဲ့။ ကျွန်မရဲ့ အိမ်ထောင်ရေးဟာ မှောင်တိဖြစ်သွားပြီလေ။ ကိုက အသိုက်အမြုံမလို၊ လွတ်လပ်တဲ့ ကြောင်သာ ဖြစ်တယ်လေ။ ပြီးတော့ ကိုးကွယ်ခံရဖူးတဲ့ ကြောင်လည်း ဖြစ်ရဲ့။ ရှေးခေတ်အီဂျစ်တွေက နံရံတွေထက်မှာ ကြောင်ပုံတွေကို ရေးပြီး ကိုးကွယ်ခဲ့ကြသတဲ့။ ကျွန်မကလည်း ကို့ကိုသာ မက၊ ကိုယ့်ကို မချစ်တဲ့ကြောင်ရဲ့ ချစ်ဟန်ဆောင်နေတဲ့ဓာတ်ပုံတွေကို နံရံမှာ ချိတ်ဆွဲပြီး ကိုးကွယ်နေခဲ့မိတာပဲ။ ဘယ်လောက် ရှက်စရာကောင်းလိုက်ပါသလဲ။

ကျွန်မက ကို့ကို မသိမသာစောင့်ကြည့်နေတယ်။ ကိုကတော့ ကြောင်တွေရဲ့ ပင်ကိုဟန်အတိုင်း ကျွန်မဘာတွေပဲလုပ်လုပ် ကျွန်မကို အလေးမထားဘဲ လှပခန့်ထည် ဣနြေ္ဒတင့်တယ်စွာပဲ နဂိုအတိုင်းနေထိုင်ပြုမူဆဲ။ ကို့ရဲ့ အေးဆေးသက်တောင့်သက်သာ အနားယူလှုပ်ရှားနေပုံတွေက ကြင်နာယုယဖွယ် ချစ်စရာကောင်းလွန်းလို့ သူ့အပြစ်တွေကိုတောင် မေ့မိမတတ်ရယ်။


တစ်ခါတစ်လေတော့လည်း  ကြည့်နေရင်းမှာပင်  Alice's Adventures in Wonderland စာအုပ်ထဲက ချက်ရှာကြောင်(Cheshire cat)လိုပဲ ကိုက ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတတ်တယ်။ ချက်ရှာကြောင်လိုပဲ  ကို့မှာ ကိုယ်ပျောက်စွမ်းအင်ရှိလေသလား။ "Grinning like a Cheshire cat"  ချက်ရှာကြောင်လို ပြုံးဖြီးဖြီးဆိုတဲ့ ဥပမာအလင်္ကာကို ကြားဖူးကြမှာပါ။ ချက်ရှားဒေသက ကြောင်တွေက နွားနို့နဲ့မလိုင်တွေ အလျှံပယ်ရလို့ ပြုံးပျော်နေတဲ့ သဘောမျိုးပေါ်လာတဲ့ ဝေါဟာရလေ။ ဒါပေမယ့် စာအုပ်ထဲမှာသာမက အပြင်မှာပါ ကျီစယ်ဟန် ပြုံးဖြဲဖြဲကြီးက ကြောက်စရာကောင်းလှတယ် မဟုတ်ပါလား။ ကိုက ကျွန်မကို ပြုံးပြတိုင်း သရော်လှောင်ပြောင်နေတယ်လို့ ခံစားမိခဲ့။


တိုင်းတပါးသားတွေက ခွေးတွေကို တယုတယမွေးမြူပြီး လူတွေက ကြောင်တွေကို စွန့်ပစ်တတ်တယ်။ သူတို့က ကြောင်တွေကို မွေးစဉ်တည်းက စွန့်ပစ်ခဲ့တာလား။ အသက်ကြီးရင့်မှ စွန့်ပစ်လို့ ဖြစ်နိုင်ပါ့မလား။ သူတို့ရဲ့စွန့်ပစ်ခြင်းက ကြောင်တွေကို မောင်းထုတ်အဝေးပို့လိုက်ခြင်းလား။ ဒါပေမယ့် ကြောင်တွေက အိမ်ပြန်လာတတ်တယ်။ သခင်ကို မတွယ်တာပေမယ့် အိမ်ကိုတော့ ခုံမင်လွန်းလှတဲ့ ကြောင်အများစုပေါ့။ ကျွန်မ ကို့ကို စွန့်ပစ်သင့်လားလို့ ကြံစည်နေခဲ့ပါတယ်။

ကို့ကို အိမ်က မောင်းထုတ်ရမလား။ ကျွန်မကပဲ အိမ်ပေါ်က ဆင်းသွားရမလား။ ပထမဆုံး ကျွန်မ ထွက်သွားဖို့ စီစဉ်မိရဲ့။ အမေ့အိမ်ခဏပြန်လိုက်ဦးမယ်လို့ ပြောပြီး ခရီးဆောင်အိတ်ဆွဲကာ ကျောခိုင်းလာခဲ့တယ်။ လူတွေခွဲခွာသွားတာကို အရေးမထားတတ်တဲ့ ကြောင်ပီပီ ကိုက ကျွန်မကို ခေါင်းငဲ့လို့သာ  နှုတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့် တစ်လလောက်အကြာမှာ စားရေးသောက်ရေးခက်ခဲနေပြီဖြစ်တဲ့ကိုက ဘယ်တော့ပြန်လာမှာလဲလို့  မေးမြန်းစူးစမ်းလာခဲ့။ ကိုနဲ့ အတူမနေတော့ဘူး။ ကျွန်မတို့ဇာတ်လမ်း ပြီးပြီလို့ ဖြေရမလား။ ကျွန်မတို့ဆီကို လာလည်ပါဦးလို့ ကို့ကို ဖိတ်ခေါ်လိုက်မိပါတယ်။ အထပ်၁၂လွှာ အမြင့်မှာရှိတဲ့ ကျွန်မတို့တိုက်ခန်းကို လာလည်တဲ့အခါ ရှုခင်းကောင်းကောင်း ၊လေတဖြူးဖြူး၊ ရန်ကုန်မြို့ကို အထက်စီးကမြင်ရတာမို့ နေရာဒေသကို ကို သဘောကျနေလေရဲ့။ သူရပ်ကြည့်နေတဲ့ လသာဆောင်က ကျွန်မ တွန်းမချခင်အထိရယ်။

လူသတ်မှုနဲ့ ကျွန်မ အဖမ်းခံလိုက်ရတယ်လေ။ ကျွန်မက လူသတ်မှုမဟုတ်ဘူး။ ကြောင်ကို တွန်းချမှုပါလို့ တရားရုံးမှာ လျှောက်ထားခဲ့ပါသေးတယ်။ လေ့လာချက်တွေအရ ၂လွှာမှ ၆လွှာအမြင့်က ပြုတ်ကျပြီး သေဆုံးတဲ့ကြောင်အရေအတွက်က ၆လွှာမှ၃၂လွှာကြားအမြင့်က ကျတဲ့ကြောင်တွေထက် သေဆုံးမှုပိုများတယ်လို့ ဆိုတယ်။အထပ်မြင့်ကကျလာတဲ့ကြောင်တွေဟာ သူကျချင်တဲ့ ကိုယ်ဟန်အနေအထားကို ပြင်ဆင်နိုင်လို့ပါတဲ့။

သူတို့အတွက် အသက်သာဆုံး၊ ထိခိုက်မှုအအနည်းဆုံး ကိုယ်ဟန်ကတော့ ခြေလေးချောင်ထောက်ကျမယ့် လှုပ်ရှားမှုသဏ္ဍာန်ကို ရယူလို့ပေါ့။ အမြင့်မှ ကျလာတဲ့အခါ ကြောင်ရဲ့ဝမ်းဗိုက်ဘက်အခြမ်းကို လေထီးလို ဖြန့်ကားထားတတ်ကြတယ်တဲ့။ ကြောင်ရဲ့ အသားအရေကလည်း ပျော့ပြောင်းတဲ့အတွက် လေအဟုန်မှာ အလွယ်တကူပြန့်ကားနိုင်ကြတဲ့အတွက် လေရဲ့ပွတ်တိုက်မှုအားနဲ့ ကျဆင်းတဲ့အရှိန်ကို တားဆီးထားနိုင်တယ်။

ကျလာတဲ့အရှိန်ကို အတတ်နိုင်ဆုံး ထိန်းထားနိုင်ပြီး မြေကြီးနဲ့ဆောင့်မိမဲ့ ပွတ်တိုက်မှုကို လျှော့ချပေးနိုင်တယ်။ အဲဒါကြောင့် အောက်ကိုကျလာတဲ့အခါမှာ အရှိန်မပြင်းတော့ဘဲ ပျော့ပြောင်းတဲ့ကိုယ်နေဟန်ကြောင့် အထိနာသက်သာစေတယ်တဲ့။ ပြင်းထန်ဒဏ်ရာကင်းပြီး ကိုယ်ဖော့သိုင်းပညာရှင်လို မြေပြင်ပေါ်ဆင်းသက်နိုင်မှုပေါ့။ ကြောင်ကျ ကျတယ်လို့ လူတွေက ဆိုကြတယ် မဟုတ်လား။

ကျွန်မသာ ကို့ကို သတ်ဖို့ ရည်ရွယ်ရင်းရှိရင် လူမသိအောင် အိမ်မှာတင် သတ်နည်းမျိုးစုံနဲ့သတ်နိုင်တာပဲ။ အိမ်အမြင့် ၃ လွှာကနေတွန်းချချင်လည်း တွန်းချမိမယ်။ ကို့ကို မသေစေချင်လို့သာ ၁၂လွှာ တိုက်ခန်းကနေ တွန်းချခဲ့တာ။ ကိုက ကြောင်ဖြစ်ကြောင်း လူသိရှင်ကြား သက်သေပြခဲ့တာပါ။ 
 
လူတွေက ကျွန်မကို မယုံကြည်ကြပါဘူး။ ဆေးရုံပေါ်က ကိုကလည်း အမှန်စကားမဆိုဘဲ လူထုမေတ္တာခံယူရင်း ကျွန်မရဲ့သေမိန့်ကို စောင့်နေဆဲလေ။ ။


မယ့်ကိုး

လူယောင်ဆောင်သူများ  ရဲ့အဆက်ဖြစ်ပါတယ်။