28 November 2013

အရူးချစ်

အချစ်နဲ့ ကြုံရချိန်ကစပြီး သူမမှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီဖြစ်ကြောင်း သတိထားမိသည်။ သူမသည် ဘာကြောင့် သူမအပေါ် စိမ်းကားပစ်ပယ်သူကို ချစ်ရသနည်း။ မဖြစ်သင့်ပြီ မဟုတ်လော။ စိတ်ရောဂါအထူးကုနှင့် သွားရောက်ကုသရတော့မည် ထင်သည်။အမေက သူမအပေါ် လွှမ်းမိုးနိုင်ဆဲ ထင်သည်။ သူမသည် အမေ့လို သူမအပေါ်အေးစက်နာကျင်စေသူကို ချစ်မိနေလေသည်။ 

တကယ်တော့ သူမသည် မရသောအချစ်ကို အစားထိုးဖို့အတွက် ကိုယ့်ကိုချစ်သူကို ရွေးရမည်မဟုတ်ပါလော။ ဒါပေမယ့် ထင်သလောက်လွယ်သောအရေး မဟုတ်ပေ။ သူမမှာ ထိုချစ်တယ်လို့ ပြောသမျှကို မယုံကြည်နိုင်သော စိတ်ရောဂါလည်း ရှိခဲ့ပြီထင်သည်။ အမေ့အချစ်ကို မယုံကြည်လျှင် ဘယ်သူ့ကိုမျှ မယုံကြည်ဘူးလို့ ဆိုကြတယ်မဟုတ်လား။ ထို့ကြောင့် ကိုယ့်ကိုချစ်တယ်လို့ ပြောသူတွေကို လက်မခံခဲ့တာလား။ အကြောင်းအမျိုးမျိုးပြ အပြစ်ရှာနေခဲ့သလား။ 

စိတ်ရောဂါစာအုပ်တွေဖတ်ရတဲ့အခါ အမေ့အချစ်ကို မရသူများက ဘေးနှစ်ခုကြုံတွေ့ရသည်ဟု ဆိုသည်။ တစ်မျိုးမှာ အမေနေရာကို ယူပြီး တစ်ဖက်သားကို သားသမီးကို ချစ်ခြင်းဖြစ်သည်။ နောက်တစ်မျိုးမှာ တစ်ဖက်သားကို အမေနေရာမှာ ယူစေပြီး ကိုယ့်ကို သားသမီးလို ချစ်စေလိုခြင်းဖြစ်သည်။ သူမက နေရာနှစ်မျိုးကို တပြိုင်တည်းရောက်နေတာ ဖြစ်မည်။အမေနေရာမှာ နေပြီး သူ့ကို ချစ်သလို သူ့ကလည်း ကိုယ့်ကို အမေတစ်ယောက်လို ပြန်ချစ်စေလိုသည်။

 

ဒါပေမယ့် ကိုယ့်အချစ်ကို ပြသခွင့်မရ၊ သူ့အချစ်ကိုလည်း မရလို့ သိတဲ့အချိန်မှာ ခြေလှမ်းက လွင့်စင်ယိုင်နဲ့သွားသည်။ အသည်းနှလုံးမှာ နာမကျန်းချူချာသွားသည်။ အိပ်မက်မှာ တစစီ ဖွာလန်မွကြေသွားသည်။ အရာအားလုံးကို လက်လွှတ်ပြီး ထွက်ပြေးချင်သည်။

မင်းသား၊ အဆိုတော်တစ်ယောက်ယောက်နဲ့ အကြိုက်တူသူတွေ့တဲ့အခါ ‘ယူလိုက်။ပေးတယ်။အသည်းကွဲသမားပဲ လုပ်တော့မယ်’ လို့ ညီမလေးတစ်ယောက် ပြောတတ်တဲ့စကားကလည်း နားထဲက မထွက်။ သူကနောက်ပြောင်ပြောပေမယ့် သူမသွေးထဲမှာ အသည်းကွဲပြီးသာ နေလိုတဲ့ ဗီဇစိတ်ဖြစ်နေသလားလို့ သံသယဖြစ်မိသည်။ ကိုယ့်ကိုယ်ကိုယ်ရန်ရှာလုပ်ကြံတတ်သော မကောင်းဆိုးရွားတစ်ကောင် ရင်ထဲမှာ ရှိနေပြီ ထင်သည်။ အနုစားသေကြောင်းကြံခြင်းတစ်မျိုးလည်း ဖြစ်လိမ့်မည်။

အသည်းကွဲသမားပဲလုပ်မယ်လို့ ဆိုခဲ့တဲ့ညီမလေးကတော့ အသည်းကွဲသမားဖြစ်တဲ့အခါ ဥာဏ်ပညာတွေ ကွန့်မြူးလွန်းလို့ပါ ဆိုသည်။ နာကျင်မှ အနုပညာလှတယ်လို့ ဆိုကြတာ နားလည်သည်။ အသည်းကွဲရာမှ မတော်တဆကဗျာဆရာဖြစ်လာသူဆိုတဲ့ ကဗျာဆရာကြီးတစ်ယောက်ရဲ့စကားကို ကြားဖူးသည်။ လောကမှာ လူနှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက သူများကို နာကျင်အောင်လုပ်ပြီး သာယာမှုရှာသူ၊ နောက်တစ်မျိုးက ကိုယ့်ကိုနာကျင်အောင်လုပ်ပြီး သာယာမှုရှာသူဟု အိုရှိုးပြောတာ ဖတ်ဖူးသည်။

သူမက နာကျင်မှုကို စိုးကြောက်လှသူ ဖြစ်သည်။ ဒါဖြင့် ဘာကြောင့် အသည်းကွဲမယ်လို့ ဟောစာတမ်းချိတ်ဆွဲတားမြစ်ထားသော လမ်းကိုမှ လျှောက်ချင်ရပါသလဲ။ ထွက်ပြေးဖို့ ကြံသည်။ ဒါပေမယ့် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် လမ်းဆုံမှာ ပေကပ်ရပ်နေပြန်သည်။ ချစ်လို့ အသည်းကွဲမည့်အရေးထက် မချစ်မိအောင် မုန်းယောင်ဆောင်ရသည်က ပိုလို့နာကျင်ခံခက်လေသည်။ ထိုခက်ခဲသောရွေးချယ်မှုမှာ သူမ အမှန်တကယ်ရူးလေပြီ။

သူမ ဘာတတ်နိုင်သနည်း။‘မင်းကို ချစ်နေတာ မဟုတ်ဘူး။ ငါ က စိတ်ရောဂါဖြစ်နေတာ။ အဲဒါကြောင့် ချစ်တယ်လို့ စိတ်ထင်ယောင်ထင်မှား၊ ဂယောင်ချောက်ချားဖြစ်နေတာ။’လို့ ပြောဦးမည်။ ဘယ်တော့မှ အညံ့ခံမည် မဟုတ်။ အချစ်ရူးလို့ ကင်ပွန်းတပ်ခံရမည်ထက် ရူးလို့ချစ်မိတာကွဟု လက်တစ်လုံးခြားပြောဦးမည်လေ။ ။

 
 မယ့်ကိုး

27 November 2013

အကြွင်းမဲ့


လွန်ခဲ့သောနေ့က အမွေမရမယ့် မွေးစားညီမတစ်ယောက်က အကြွင်းမဲ့အချစ်အကြောင်း အကျယ်ချဲ့ရေးပါလို့ ပြောလာပါတယ်။ မချစ်တတ်သလို၊ အချစ်ငတ်သူကို လှောင်လေသလားလို့ပင် ထင်စရာရှိရဲ့။ သို့မဟုတ်က ချောက်ကမ်းပါးနက်နက်ထက်မှာ ကပြမယ်ဆို အလွန်ကြည့်ကောင်းမှာပဲ ဆိုတဲ့ မြှူဆွယ်ဖြားယောင်းခြင်းလည်း ဖြစ်ပေလိမ့်။ ဘာပဲဖြစ်ဖြစ်   ထောင်ချောက်၊ပိုက်ကွန်ကို မမြင်သော သတ္တဝါကဲ့သို့ တဇွတ်ထိုးတိုးဝင်ခြေချကြည့်ချင်သေးရဲ့။ 

တကယ်တော့ ထိုမျှခက်ခဲသော ဘာသာရပ်ကို သူမ မကျွမ်းကျင်ပါ။ ဒါပေမယ့်  မပြေးသော် ကန်ရာရှိဆိုသလို မျက်နှာစာအုပ်ပေါ်မှာ အကျဉ်းမျှရေးခဲ့မိသော သူမရဲ့ အပြစ်တွေသာ ဖြစ်တော့တာ။ အဘယ်ကြောင့်ဆိုသော် ကေတီပယ်ရီရဲ့ အကြွင်းမဲ့ (unconditionally) ဆိုတဲ့ သီချင်းကို အခုတလောနားထောင်နေသောကြောင့်ရယ်။ စာတန်းထိုးအခွေလေးက မိန်းကလေးနှစ်ဦးအချစ် (lesbian theme) ဆိုတော့ အတွေးအခေါ်၊တင်ပြပုံကိုလည်း နှစ်သက်မိသလို စာသားတွေကလည်း အထူးကောင်းမွန်ပေမယ့် စာကြောင်းတစ်ခုကိုတော့ ခိုးလိုးခုလုဖြစ်နေမိခြင်းက အရင်းခံအကြောင်း ဖြစ်ပါတယ်။

 

 ‘ Will do you the same for me?’ တဲ့။ ငါ့အတွက် အဲဒီလိုမျိုး မင်းလုပ်ပေးနိုင်မလားတဲ့။ ဒါ အကြွင်းမဲ့အချစ် မဖြစ်နိုင်တော့ဘူးလို့ ထင်ရဲ့။ အပြစ်ပြောလိုတာ မဟုတ်ရပါ။ အကြွင်းမဲ့အချစ်ကို စဉ်းစားမိခြင်းမျှသာ။ အကြွင်းမဲ့အချစ်ဆိုတာ ပုထုဇဉ်တွေစိတ်မှာ တည်နိုင်ရဲ့လား။ လူဆိုတာ ပေးဆပ်မှုနောက်မှာ ( ကိုယ့်ကိုယ်ကိုယ် မသိဘဲနဲ့ပင်) မျှော်လင့်မိတတ်တာ သဘာဝမဟုတ်လား။ ချစ်ခြင်းဟာ သူ့အကျိုးလိုလားခြင်းဆိုလျှင် ထိုစေတနာလုပ်ဆောင်မှုအတွက် ပီတိကိုမျှ မမျှော်လင့်သင့်ဘူးလို့ ယုံကြည်နေမိပါတယ်။

အချစ်ကို သစ်ပင်တစ်ပင်ပျိုးသလို သဘောထားပါတယ် ဆိုရင်လည်း အသီး၊အပွင့်အစထားကာ အရိပ်သော်မျှ မည်သည့်တုန့်ပြန်မှုကိုမှ မမျှော်လင့်စကောင်း။ ဒါပေမယ့် ပေးဆပ်ခြင်းလို့ မသုံးဘဲ ကြည်ဖြူစွန့်လွှတ်နိုင်ရဲ့လား။ သူ့အပေါ် အကြင်နာအလျှံပယ်ထားပေမယ့် သူက ကိုယ့်စေတနာကို ငြင်းပယ်သောအခါ၊ မထီမဲ့မြင် မသိကျိုးကျွံပြုတဲ့အခါ၊ နောက်ဆုံး စော်ကားပျက်ရည်ပြုလျှင်ပင် နာကျည်းဒေါသသည်းတဲ့စိတ်မျှ မဖြစ်သင့်ပေမယ့် တတ်နိုင်ရဲ့လား။ ခြွင်းချက်မရှိချစ်လိုတယ်ဆိုလျှင် အမှီအခိုကင်း လွတ်လပ်ခြင်းကို ခံစားနားလည်တတ်မှ ဖြစ်ပေမယ့် အသိခေါက်ခက် အဝင်နက်တဲ့ ဆေးခါးသစ္စာတရားမဟုတ်ပါလား။

မေးခွန်းလေးတစ်ခု ဆိုခွင့်ပြုပါ။ အောက်ပါကဗျာကိုဖတ်ပြီး ခံစားမိတာလေးကို မျှဝေပေးစေချင်ပါတယ်။

 နှင်းဆီပွင့်

 လယ်တောကအပြန်
 ပန်ချင်တယ် ခရေဖူးဆိုလို့
 မောင်ခူးကာပေး
 မနက်တုန်းဆီက
 ကျော့ဆုံးကို မောင်မြင်တော့
 သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
 ဂုဏ်တင့်တယ်လေး။

မင်းသုဝဏ်

ထိုကဗျာကို ဖတ်ပြီးသောအခါ (၁) ပန်းခူးသမားလေးကို ကိုယ်ချင်းစာ သနားသလော။ (၂) ခရေကို မစောင့်စား၊ နှင်းဆီကိုလက်ခံထားတဲ့ မိန်းကလေးကို အဆိုးမြင် အပြစ်ဖို့သလော။ (၃) နှင်းဆီဖြင့် ဂုဏ်တင်တဲ့ မိန်းကလေးအတွက် မုဒိတာပွားသလော။ အမှတ်ပေးပုံက ရှင်းပါတယ်။ ကောင်မလေးအတွက် မုဒိတာပွားနိုင်လျှင် အကြွင်းမဲ့အချစ် ပထမဆင့်အောင်ပြီ မဟုတ်ပါလား။

နေပါဦး။ ဘာဖြစ်လို့ သူမက ဒီဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုနေရပါလလဲ။ သူမနဲ့ မသက်ဆိုင်သော အရာသာ။ အချစ်ဆိုသောအရာကို ပြောဆိုခြင်းငှာ မစွမ်းသာသော မိန်းမမှာ သူမဖြစ်ပါတယ်။ သူကလည်း ခရေဖူးလေးများကို လိုချင်တယ်လို့မျှ မပြောခဲ့သူပဲ။ ဒါပေမယ့် သူက လိုချင်တယ်လို့မဆိုထား ကြိုက်တယ်လို့ အရိပ်အငွေ့မျှပြောရုံနှင့် ချော်ရည်သမုဒ္ဒရာကို ဖြတ်ရ၊ ပင်ချင်းယှက်နေတဲ့ လူသတ်နွယ်တောကိုပင် ဝင်ရ၊ မက်စောက်တဲ့ရေခဲတောင်ကို တက်ရပါစေ ခရေပင်အောက် အရောက်သွားလိုတဲ့ သူမဖြစ်ပါတယ်။

ပြီးတော့ ကဗျာထဲကလို မြေမှာ ကြွေကျပြီးသားတွေ ခရေပန်းလေးများကို မကောက်ယူဘဲ အပင်ပေါ်က အဖူးကလေးများခူးကာ ဖက်စိမ်းကလေးပေါ်မှာ လက်ကိုင်ပုဝါလေးကို ရေဆွတ်ပြီး တညသိပ်ထားမယ်။ အရုဏ်ကျင်းတဲ့အခါ မြေမခသော၊ ဖုန်မှုန့်အမှိုက် ကင်းစင်သော ခရေပွင့် ဖွေးဖွေလွလွလေးများအထဲမှ အလှဆုံးများကိုရွေးကာ ပေးချင်လိုက်တာလေ။ ငိုမိတော့မယ် ထင်တယ်။ သူ့အရိပ်လေးကို မြင်ရဖို့ သွားရောက်ကြည့်နိုင်ခွင့်မျှ မရှိသူရယ်လေ။

နှုတ်မဆက်ဘဲ ထားရစ်ခဲ့သူကို ‘ရက်စက်လိုက်တာ’ဟုပင် စကားနာမျှ မဆိုရက်နိုင်သူဖြစ်ရဲ့။ ဒါပေမယ့် သူမ မျက်ရည်မကျပါ။ ရယ်ရင်ပုလဲ၊ ငိုရင်ရွဲဖြစ်မယ်ဆိုရင်တောင်မှ သူ့ကြောင့်ဆိုတဲ့ ပယောဂ အခိုအကပ်မငြိတွယ်စေချင်ပါ။ ခက်တာက သူမရဲ့ရင်ကွဲနာကျခြင်းမှာ သူနှင့်သက်ဆိုင်နေပါတယ်။

သူက နှိပ်စက်ကလူပြုသူ မဟုတ်ပါ။ သူက သူမရင်ကိုခွဲကာ နှလုံးသားကို ထုတ်ယူသွားတဲ့အမှု မပြုလုပ်ပါ။ သူက ပကတိအပြစ်ရှင်းကာ လွတ်လပ်စိတ်ထားရှိသူသာ ဖြစ်ပါတယ်။ ပြဿနာမှာ သူကျောခိုင်းလိုက်တဲ့ အချိန်မှစလို့ သူမရဲ့နှလုံးသားက သူ့နောက်ကို ဖဝါးခြေထပ်လိုက်ကာ ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။ ဗာဟီရများသောသူက သူ့အရိပ်လိုဖြစ်သော သူမအသည်းနှလုံးကို အမှုမဲ့၊အမှတ်မဲ့ဖြစ်နေပါတယ်။ အပျော်လွန်နေသောကြောင့်လည်း သတိမမူမိတာ ဖြစ်ပါလိမ့်မယ်။

သူမ ဘာတတ်နိုင်ပါသလဲ။ သူမက အကြွင်းမဲ့ချစ်သူ ဖြစ်နိုင်ရဲ့လားဆိုတာ မသေချာပေမယ့် သူမရဲ့ နှလုံးသားကို မထိန်းသိမ်း၊မစောင့်ရှောက်နိုင်ရုံသာမက ပြန်လာအောင် မသိမ်းသွင်းနိုင်ခြင်းက ဘဝမှာ အဆိုးရွားဆုံးအကျည်းတန်မှု ဖြစ်ခဲ့လေရဲ့။ အသုံးမကျတဲ့ မိန်းမပီပီ ဆုတောင်းရုံမျှသာ သူမ တတ်နိုင်လေတာ။

စိတ်ဖိစီးမှုများဒဏ်မှ သူတစ်ယောက် အကြွင်းမဲ့ကင်းပပါစေကြောင်း ပကတိဆုတောင်းလိုက်ပါတယ်။ တိမ်မထိ၊မိုးမငြိဘဲ ကောင်းကင်ခရီးမှာ ထာဝစဉ်ပျံသန်းနိုင်ပါစေ ၊ မိုးကြိုးမခ၊မုန်းတိုင်းမကျတဲ့ နေရောင်သာ ပန်းရောင်စုံပွင့်ရာ အရပ်မှာ ပျော်ရွှင်ပါစေ ချစ်တဲ့သူ။ ။ 

မယ့်ကိုး

မှတ်ချက်။ ။ အမေး- ငုဇာခိုင်။ အဖြေ-မယ့်ကိုး။

25 November 2013

ဟင်းချက်ခြင်း စိတ်ပညာ

 
မိန်းမဆို ဟင်းချက်တတ်ရမယ်။ အိမ်တွင်းမှုနိုင်ရမယ်ဆိုတဲ့ စကားမှာ သူမအတွက်တော့ မကြားဝံ့မနာသာဖြစ်သည်။ အဘယ်ကြောင့် ယောက်ျားများက ဟင်းချက်တတ်စရာ မလိုသနည်း။ အဓိပ္ပါယ်ကို အားလုံးသိပြီးဖြစ်မည်။ မိန်းမကို အိမ်ဦးခန်းမထားလိုဘဲ မီးဖိုချောင်မှာနေရာချထားလိုမှုဖြစ်သည်။

သူမမှာ ထိုနှိမ့်ချသတ်မှတ်မှုကို လက်မခံသော်လည်း တော်လှန်ခဲ့သူတော့ မဟုတ်ပေ။ ကလေးဘဝတုန်းက ဟင်းမချက်တတ်လျှင် ယောက်ျားမရလို့ လူကြီးတွေက ပြောလျှင် စာဖိုမှုးကို ယူမည်ပေါ့ဟု ပြန်ပြောတတ်သည်။ စာဖိုမှုးကို ချက်ခိုင်းဖို့တော့ မဟုတ်ပါ။ သူ ဟိုတယ်မှာ အလုပ်လုပ်လျှင် အစားအသောက်များအလျှံပယ်ရမည် မဟုတ်ပါလော။ နွားနို့နေ့တိုင်းသောက်ချင်သဖြင့် အမေကို မာမူကြီးနှင့် ယူခိုင်းသော ကလေးအတွေးထက်တော့ မနိမ့်ဘူးဟု ထင်ပါသည်။

ငယ်စဉ်က အိမ်ထောင်မှုလုပ်နေရသော အမျိုးသမီးများကို သနားကြင်နာခဲ့သည်။ အသက်အရွယ်ရလာသောအခါ ဟင်းချက်ခြင်းစိတ်ပညာကို စိတ်ဝင်စားလာသည်။ ယောက်ျားတို့ရဲ့ နှလုံးသားကို သွားရာလမ်းသည် အစာအိမ်ကို ဖြတ်သွားသည်ဆိုသော ဆိုရိုးကို မိန်းမတစ်ချို့က အသေအချာ လိုက်နာကျင့်သုံးခြင်းပဲဟု စူးစမ်းမိလာသည်။

ဂျပန်ယောက်ျားအများစုသည် ထမင်းခူးစားဖို့ အသာထား။ထမင်းအိုး ဘယ်နားထားမှန်းပင် မသိလို့ ဖတ်ဖူးသည်။ အမျိုးသမီးများကို ဖိနှိပ်သော ယောက်ျားများပဲဟု မြင်ခဲ့သော်လည်း တစ်ချို့ဂျပန်အမျိုးသမီးများရဲ့ ပြောစကားကြားသောအခါ အံ့သြသွားရသည်။ ‘အဲဒီလိုဖြစ်အောင် တမင်လုပ်ထားတာ။ သူ့ဘဝမှာ ကိုယ်မရှိရင် မဖြစ်အောင်၊ ကိုယ့်ကို မှီခိုနေသူဖြစ်အောင် လုပ်ထားတာ’ တဲ့လေ။

ခင်နှင်းယုရဲ့ သခွတ်ပန်းစာအုပ်ထဲက ဇာတ်ပို့အမျိုးသမီးတစ်ယောက်အကြောင်းကို သတိရသည်။ သူမသည် ဟင်းချက်ကောင်းခြင်း၊ အိမ်ထောင်ထိန်းသိမ်းနိုင်ခြင်းအတတ်ဖြင့် ယောက်ျားတစ်ယောက်ကို ဆွဲဆောင်ထားနိုင်မည် ထင်ခဲ့သော်လည်း သူမရဲ့ အိမ်ထောင်ရေးမှာ ယိုယွင်းခဲ့သည်။ သူမလိုပင် တစ်ချို့သောမိန်းမများကတော့ ဟင်းလျာအထွေထွေကို အောင်မြင်ရေးကျင့်ထုံးတစ်ခုလို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း တွေ့ရသည်။

ဗြိတိန်ပြည်မှ ဝီလျံမင်းသားက ကိတ်မင်းသမီးကို ပိုးပန်းစဉ်အခါက ဟင်းချက်ပြီး စွမ်းရည်ပြကြောင်း အင်တာဗျူးဖတ်ဖူးသည်။ မိန်းမများသည် ဟင်းချက်တတ်သော ယောက်ျားများကို ကြင်နာတတ်သူ၊ ကိုယ်ချင်းစာတရားထားတတ်သူ၊ စာနာညှာတတ်သူလို့ မြင်ကြသည်။ ဟင်းတစ်ပွဲသည် ယောက်ျားနဲ့ မိန်းမကစားပွဲတွင် အရေးပါသော နည်းတစ်နည်းဖြစ်သည်။

အဒေါ်တစ်ယောက်သည် ကျန်မိသားစုက ဟင်းနှစ်ခွက်စားသော်လည်း သူ့ခင်ပွန်းကို ဟင်းသုံးလေးခွက်ဖြင့် ကျွေးတာ နားလည်လာသည်။ အမေသည် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ခဲ့သူ ပထွေးက ဟင်းချက်တော်သူဖြစ်ပါလျှက် အမေကိုယ်တိုင် အထူးဂရုစိုက် ချက်ပြုတ်ကျွေးမွေးတာကို သဘောပေါက်လာသည်။ ဒါပေမယ့် အချစ်လား၊ တာဝန်လား၊ နှောင်ဖွဲ့လိုမှုလားဆိုတာ ယနေ့ထက်တိုင် မဝေခွဲချင်ပေ။

တစ်ချို့အတွက်တော့ ဟင်းချက်ခြင်းသည် စွမ်းရည်ပြသခြင်း အနုပညာတစ်ရပ်အဖြစ် ဖော်ကျူးခြင်း ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါးဟင်းလက်ရာကို မြင်ဖူးသည်။ တစ်ချို့အတွက်တော့ ဟင်းချက်မှုသည် စေတနာဖြစ်မည်။ သူမရဲ့ အစ်မသည် ဟင်းချက်ပြီး သူမကို လာစားဟု ခေါ်တတ်သည်။

ဟင်းချက်ခြင်းသည် အဖိုးတန်သော အချိန်များကို ဖြုန်းတီးခြင်းဟု မြင်ခဲ့သော၊ မတတ်သာမှ မီးဖိုချောင်ထဲ ဝင်တတ်သော သူမသည် အခုတော့ ဟင်းချက်နေသည်။ ဟင်းချက်ခြင်းသည် စိတ်ဖိအားကို လျော့နည်းစေသောနည်းတစ်ခုဖြစ်သည်ဟု လေ့လာတွေ့ရှိသောကြောင့် ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သည်။ စိတ်ကျေနပ်မှုကို ပေးစေသော ဖန်တီးမှုတစ်ခုလည်းဖြစ်သည်။ 

သူမရဲ့အဘွားသည် အလှုဆိုတာ မိသားစုကို ကျွေးမွေးနေတာလည်း အလှုပဲ။ စေတနာသာ အဓိက ဟု ပြောဖူးသည်။ ဟင်းချက်ခြင်းမှာ ပျော်မွေ့လာသော သူမသည် တစ်စုံတစ်ယောက်ကို စားစေချင်သော်လည်း စေတနာမှာ အဟောသိကံဖြစ်နေသည်။ တစ်ယောက်တည်း ချက်ပြုတ်စားသောက်နေရသောအခါ ငြီးငွေ့လာပြန်သည်။ သူမရဲ့မိတ်ဆွေက ဘာချက်ချက် မိတ်ဆွေရဲ့ ခင်ပွန်းက ကောင်းတယ်လို့ မှတ်ချက်ပေးတာ သတိရသည်။ သူမရဲ့ အစ်မက တစ်ယောက်တည်းစားရတာ မချိုပါဘူးဟု ဆိုလေ့ရှိသည်။  လက်ထပ်ခြင်းကို သေမလောက်ကြောက်သော သူမသည် ထို့ကြောင့် မိန်းမများ အိမ်ထောင်ပြုကြသလားဟု ဆီလိုအပေါက်ရှာတွေးမိပြန်သည်။



ကိုရီးယားဇာတ်လမ်းတွဲတစ်ခုတွင် အကောင်းဆုံးဟင်းလျာဆိုတာ ကိုယ်ချစ်တဲ့သူအတွက် ရည်ရွယ်ပြီးချက်တာလို့ ရှင်းပြထားသည်။ ကိုယ်ချစ်တဲ့သူ တပါးသူဆိုပြီး အထူးပြုလျှင် ပိုမိုပြည့်စုံမည် ထင်သည်။ လူသည် ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်အားမနာကြဘူးမဟုတ်လား။ အခုလည်း သူမသည် ပေလျနံကန်ဟင်းလျာကို စီမံမိလေပြီ။ ဖုန်းပြောနေခိုက် ဟင်းအိုးတူးသွားသောအခါ စိတ်မကောင်းလှသော်လည်း မစားရတော့၊ အဆီမတိုးတော့ဘူးပေါ့ဟု ကြံဖန်ဖြေတွေးသည်။ သို့မဟုတ်လျှင် သူမ ဝမ်းနည်းနေရတော့မည် မဟုတ်ပါလော။

ဓာတ်ပုံရိုက်ပြီး ‘ ဟိုတစ်နေ့ကတော့ဖြင့် စိုင်းစိုင်းဟင်းချက်နေတာ မြင်မိသောကြောင့် သူလက်ထပ်သင်ပေးမည့်အခါကို စောင့်နေသူပါလို့ ပြုံးတုံ့တုံ့ဖြင့် ပြောချင်သေး။’ လို့ မျက်နှာစာအုပ်မှာ မခိုးမခန့်ရေးလိုက်သေးသည်။ မည်သူ့ကိုမျှ မျက်နှာပူစရာမလိုချေ။ တစ်ကိုယ်တော်ချက်ပြုတ်စားသောက်ရခြင်းမှာ မသာယာသော်လည်း ဖိစီးမှုမရှိချေ။ ပကာသနကင်း အပြစ်ရှင်းသည့် ဟင်းချက်ခြင်းဟုပင် ဆိုချင်မိသည်လေ။   ။

မယ့်ကိုး

22 November 2013

အရှက်


 ဆီးဂိမ်းပြိုင်ပွဲကြီးနီးလာလေ မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းကလည်း ရနံ့သင်းသင်းမမွှေးဘဲ အပုပ်နံ့ထွက်လာမလားလို့ စိုးရိမ်မကင်းဖြစ်ရလေလေဖြစ်သည်။ လမ်းပေါ်မှာ အမှိုက်တွေ၊ ကွမ်းတံတွေးတွေရှိနေတာ၊ ပတ်ဝန်းကျင် မသန့်ရှင်းတာ၊ နေရာထိုင်ခင်း မခန့်ညားတာထက် ကျွန်မအစိုးရိမ်ဆုံးမှာ ဧည့်သည်နိုင်ငံခြားသားအမျိုးသမီးလေးများ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကြုံတွေ့ခံ ရမှာကို အားနာမျက်နှာပူမိသည်။ ထိုမိန်းကလေးများကို ဘယ်လို ကာယိနြေ္ဒနှောင့်ယှက်မှုမှ မရစေချင်ပါ။

ကာယိနြေ္ဒစော်ကားမှု၊ (လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု)ဆိုရာတွင် ကိလေသာစိတ်ဖြင့် အငမ်းမရကြည့်ခြင်း၊အသံအားဖြင့် နှောင့်ယှက်ခြင်း၊ မသတီစရာစကားများ ပြောခြင်း၊ ရုပ်ရည်သွင်ပြင်နှင့် ပက်သက်ကာ လှောင်ပြောင်ခြင်း၊ အုပ်စုဖွဲ့ ဟားတိုက်ရယ်မောခြင်း၊အလိုမတူဘဲ ထိတွေ့ရန်ကြိုးစားခြင်းအစရှိသည်တို့ ပါဝင်ရာ ကျွန်မကတော့ မြန်မာနာမည်ပျက်မယ့် လာမယ့်ဘေးကို ကြောက်လှသလို လူတွေကိုလည်း ကြောက်လှသည်။

ကျွန်းနိုင်ငံလေးတစ်ခုမှာ နေခဲ့စဉ်တုန်းကတော့ အကြာက်ပျောက်ကာ ကျွန်မ ပျော်ခဲ့ဖူးသည်။ (ရံဖန်ရံခါကြုံရသည့် မြန်မာလူမျိုးတစ်ဦးတစ်လေကလွဲရင်) ကာယိနြေ္ဒပျက်လောက်အောင် နှောင့်ယှက်မှုအသာထား မည်သူမှ ကိုယ့်ကို ပါးစပ်မသရမ်း၊ အကြည့်မရမ်းကားသောကြောင့် ဖြစ်သည်။ ရထားဘယ်လောက်ကြပ်ကြပ်၊ အသားချင်းထိအောင် မကြိုးစားဘဲ စောင့်ထိန်းသော အမျိုးကောင်းသားများကြောင့် သွားလာနေထိုင်ရခြင်းမှာ အလွန်သက်တောင့်သာရှိလှသည်။ သူတို့ ဘာကြောင့်စိတ်ထားတတ်သနည်းလို့တော့ဖြင့် ကျွန်မ တစ်ခါမှ မမေးခဲ့ဖူးပါ။ မိဘ၊ဆရာများသင်ကြားမှုကြောင့်၊ ကိုယ်ပိုင်စိတ်ထားကြီးမြင့်လိုခြင်းကြောင့် ၊ ထိုသို့မဟုတ်ရင် အမျိုးသမီးများကို ကာကွယ်ပေးသော ဥပဒေက တင်းကြပ်သောကြောင့် ဖြစ်မည်ဟုသာ တွေးကြည့်ခဲ့သည်။ 

Eat, Pray , Love စာအုပ်ထဲမှာမူ ဇာတ်ကောင် (စာရေးဆရာမ)က အီတလီနိုင်ငံသားများကို မေးခဲ့ဖူးသည်။ သူမ အသက် ၁၉ နှစ်အရွယ်က အီတလီကို လာလည်စဉ်မှာ လမ်းပေါ်ရောက်သည်နှင့် ယောက်ျားများရဲ့ အဆက်မပြတ် ကာယိနြေထိပါးနှောင့်ယှက်မှုများကို ခံစားခဲ့ရသူဖြစ်သည်။ အသက်သုံးဆယ့်လေးနှစ်ပြန်ရောက်လာသောအခါတွင် သူမကို ဘယ်သူမှ နှစ်ခါပြန် မကြည့်တော့ချေ။ သူမက မနုနယ်၊မချောမော၊ဆွဲဆောင်မှုမရှိတော့သောကြောင့် မဟုတ်ပေ။ အီတလီသားများက ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ 

ဒါကြောင့် သူမက ဟိုဒီနီးစပ်ရာမေးကြည့်ရာ လွန်ခဲ့တယ်ဆယ်နှစ်က ဆယ့်ငါးနှစ်အတွင်း ပြောင်းလဲမှုအစစ်အမှန် ဖြစ်ခဲ့လားဆိုရင် လူတိုင်းက ဟုတ်တယ်လို့ သဘောတူကြသည်။ ဒါဟာ မိန်းမဝါဒီတွေရဲ့ အောင်မြင်မှု၊ ဒါမှမဟုတ် ယဉ်ကျေးမှုပြောင်းလဲတိုးတက်မှု၊ ဒါမှမဟုတ် ဥရောပသမဂ္ဂသို့ ပူးပေါင်းခြင်းကြောင့် ဖြစ်လာတဲ့ ဖြစ်ရိုးဖြစ်စဉ် ခေတ်ဆန်သောအကျိုးသက်ရောက်မှု ကြောင့်လည်းဖြစ်လိမ့်မည်။ ဒါမှမဟုတ်သေးလျှင် လူငယ်တွေက သူတို့အဖေနဲ့ သူတို့အဘိုးတွေရဲ့ သတင်းဆိုးနဲ့ကျော်ကြားသော ညစ်ညမ်းရိုင်းပျမှုကို ရှက်ရွံ့ခြင်းကြောင့်လည်း ဖြစ်မည်။ 

ဘာကြောင့်ပဲဖြစ်ဖြစ် အီတလီနိုင်ငံက အမျိုးသမီးတွေကို ဒီလို တကောက်ကောက်လိုက်ပြီး အနှောင့်အယှက်ပေး၊ ဆက်ဆံပြုမူတာကို လက်မခံတော့သော လူမှုအဖွဲ့အစည်းဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိသည်ကျွန်မတို့နိုင်ငံကရော ဘယ်အချိန်မှ ထိုသို့ဖြစ်လာမလဲလို့ မမျှော်လင့်နိုင်အောင်ရှိသည်။ တကယ်တော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ဦးဦးရဲ့ အမျိုးသမီးများရဲ့ ကာယိနြေကို ထိခိုက်စေရန် ပြောဆိုခြင်း၊ အသံပြုခြင်း၊ပြသခြင်း တစ်ခုခု မပြုလုပ်နိုင်ရန် ဥပဒေများဖြင့် ကာကွယ်ပေထားပြီးဖြစ်သည်။ 

ရာဇသတ်ကြီးပုဒ်မ ၅၀၉ တွင် ‘ မည်သူမဆို မိန်းမတစ်ဦး၏ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်းပြုသည်တွင် သို့တည်းမဟုတ် အသံပြုသည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူအရာပြသည်တွင်၊ သို့မဟုတ် အမျိုးသမီးများအား အရာဝတ္ထုတစ်ခုခုပြသသည်တွင် ပြောဆိုသော စကားကို ဖြစ်စေ၊ ပြုသောအသံကို ဖြစ်စေ၊ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင် သို့မဟုတ် ပြုသော ကိုယ်အမူအရာကို ဖြစ်စေ၊ ပြသော အရာဝတ္ထုကို ဖြစ်စေ၊ ထိုမိန်းမအား ကြံရွယ်လျှင် သို့တည်းမဟုတ် ထိုမိန်းမ၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို ၁ နှစ်ထိအလုပ်နှင့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။’ လို့ ပါရှိသည်။ 

ခက်သည်က ရှက်ကြောက်သည့် မိန်းကလေးများက တိုင်တန်းရမည်ကိုလည်း မဝံ့သောကြောင့် ယောက်ျားသားများ အတင့်ရဲကာ ထုံးတမ်းစဉ်လာကဲ့သို့ပင် မိန်းကလေးများရဲ့ ကာယိနြေ္ဒကို ထိပါးနေကြခြင်းဖြစ်သည်။ ခံနိုင်ရည်ဝ၊ ဥပေက္ခာအကျင့်ကောင်းလှသော မြန်မာမိန်းကလေးများက သည်းခံရည်မြင့်လှပေမယ့် နိုင်ငံခြားသူလေးများမှာမူ ထိုသို့သောလူနေမှုနှင့် အကျွမ်းမဝင်နိုင်ဘဲ ရွံ့ကြောက်သွားနိုင်ပေသည်။

 

 အိန္ဒိယနိုင်ငံလို အမျိုးသမီးများစော်ကားမှုတွင် ဟိုးလေးတကြော်ကြော်ဖြစ်ပြီး မိန်းကလေးများသွားဖို့မရဲသည့် နိုင်ငံဖြစ်သွားမှာ တွေးပူလှသည်။ အစွန်းရောက် (အမည်ခံ)ဗုဒ္ဓဘာသာဝင်များကြောင့် မျက်နှာပန်းမလှနေရသည့်ဘဝမှာ တစ်ပူပေါ်၊နှစ်ပူဆင့် အရှက်ရမည့် အရေးများဖြစ်မလာဖို့သာ ဆုတောင်းနေရတော့သည်။ ။ 

မယ့်ကိုး

19 November 2013

ရုန်းထွက်သောအခါ


အဆီကျဟင်းရည်သောက်နေတဲ့အကြောင်းကို မျက်နှာစာအုပ်မှာတင်တော့ နှစ်ဦး၊သုံးဦးက အတွေ့အကြုံရေးပါဆိုလို့ အကျဉ်းမျှရေးချင်ပါတယ်။ ဒီလင့်ခမှာ (၇) ရက်အတွင်း ဘယ်လိုသုံးဆောင်သင့်ကြောင်း အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။ အဆီကျစွပ်ပြုတ်သောက်ပြီး ဒုတိယမြောက်နေ့မှာ တခြားသူတွေက ခန္ဓာကိုယ်ပေါ့ပြီးသွားတယ်လို့ ပြောကြပေမယ့် ကျွန်မကတော့ ခေါင်းအလွန်ကိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကင်ဆာဖြစ်နေပြီလားလို့ ထင်မိတဲ့အထိပါပဲ။ လေးရက်မြောက်တဲ့နေ့အထိလည်း ခေါင်းက မူးတူးရီတီဖြစ်နေပါတယ်။

မိတ်ဆွေတစ်ဦးက ရုတ်တရက် အချိုဓာတ်လျော့နည်းသွားခြင်းကြောင့်လို့ ပြောပါတယ်။ နောက်မိတ်ဆွေတစ်ဦးက တရုတ်နံနံပင်ကို အစိမ်းမစားနဲ့လို့ အကြံပေးပါတယ်။ ဒါပေမယ့် ခြောက်ရက်မြောက်နေ့မှာတော့ မိတ်ဆွေတစ်ဦးရဲ့ ဖိတ်ကြားမှုကြောင့် အစည်းအဝေးတစ်ခုကိုသွား၊ ဘူဖေးစားခြင်းများ ပြုလုပ်လိုက်ရာ အဆီကျပြုတ်ရည်မသောက်ဖြစ်တော့ဘဲ ပျက်သွားပါတယ်။ ခုနှစ်ရက်မြောက်နေ့မှာတော့ ထမင်းပြန်စားပါတယ်။

ကျွန်မ ထမင်းအလွန်ကြိုက်ပါတယ်။ ထမင်းဖြတ်ထားတဲ့အခါ စိတ်မဆင်းရဲပေမယ့် နေမထိထိုင်မသာပါဘူး။ ‘နေ့လယ်စာကို ငှက်ပျောသီးနှစ်လုံး ၊ torito chips တစ်ထုပ်ဆို ဗိုက်လည်းမအင့်ဘူး။ ဆာလည်းမဆာဘူး။ ညစာကို ပန်းသီးတစ်လုံးစားတယ်။’လို့ ပြောတဲ့ ညီမငယ်တစ်ယောက်ကို အားကျပါတယ်။ အစားအသောက်ကို အဲဒီလောက် ဥပေက္ခာပြုနိုင်တဲ့သူ မဖြစ်သေးပါဘူး။ ဒါပေမယ့် ရသတဏှာနောက်လိုက်မိပြီး ထမင်းပြန်စားတဲ့အခါ အစာအိမ်က လက်မခံသလို မအီမသာနဲ့ အနေရခက်လှပါတယ်။ 

ဆရာဝန်သူငယ်ချင်းမလေးက ‘အစာအိမ်က Elastic bag သူငယ်ချင်း အစာအိမ်ကျုံ့သွားပုံရတယ် ဆက်ထိန်းထား။’ လို့ အားပေးပါတယ်။ စိတ်မကောင်းပါဘူး။ သူမလေး အားပေးချိန်မှာ ထမင်းတစ်ပန်းကန်နဲ့ ငါးနဲ့သီးရွက်စုံသုပ်တစ်ပန်းကန် အစာအိမ်ထဲရောက်သွားပြီ ဖြစ်ပါတယ်။ မတွေ့တာကြာတဲ့ ညီမငယ်တစ်ယောက်က ပိန်သွားတယ်လို့ အားပေးပါတယ်။ မိတ်ဆွေတစ်ယောက်ကတော့ ကျွန်မက ပိန်တာနဲ့ မလိုက်ဘူးလို့ ပယ်ချပါတယ်။ အားပေးသူ၊ ဆွေးနွေးသူ၊ ကန့်ကွက်သူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

‘ခန္ဓာရှိခြင်းကြောင့် ဆင်းရဲရ၏။ ခန္ဓာမှာ လူ့အလိုသို့ မလိုက်၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေသည်။ ခန္ဓာကို ပြုစုစောင့်ရှောက်နေခြင်းကား ပင်ပန်းလွန်းလှချေသည်။’ တရားဟောတာ မဟုတ်ရပါဘူး။ အဆီကျဟင်းရည်သောက်ခဲ့တဲ့ နေ့ရက်များမှာ ဆင်ခြင်မိခြင်းများ ဖြစ်ပါတယ်။

Breatharinism  ဆိုတဲ့ ဘာအစားအစာမှ မစားဘဲ လေရှုအကျင့်ကို လုပ်ပြီး အဆီချဖို့ စဉ်းစားပေမယ့် ဒီနည်းကို ဖြန့်ဝေသူက လိမ်ထားခြင်းဖြစ်ပြီး ကျင့်ကြံသူအားလုံး သေကံမရောက်၊သက်မပျောက်ပေမယ့် ဆင်းရဲဝေဒနာခံစားရကြောင်း ဖတ်လိုက်ရပါတယ်။ ဥပါဒ်ရောက်မှာ ကြောက်ပြီး ဘယ်အဆီချဆေးမှလည်း မသုံးစွဲလိုသူ ကျွန်မအတွက် ပထမတစ်ပတ်က အဆီကျပြုတ်ရည်စားသုံးခြင်းက တစ်ပတ်မျှမခံ ငါးရက်နဲ့ ပျက်သွားလို့ နောက်တစ်ပတ်ထပ်သောက်ဖို့ ကြံစည်နေရပြန်ပါတယ်။ ဒါပေမယ့် အနံ့မခံနိုင်သေးတာကြောင့် တွေဝေနေမိပြန်ပါတယ်။

ဤခရီးနီးသလားလို့မေးရင် ခယောင်းလမ်းကို ငိုမဲ့မဲ့နဲ့ ဆက်လျှောက်ရဦးမယ်လို့ အတိဿယဝုတ္တိအလင်္ကာသုံးပြီး ပြောချင်ပါတယ်။ ဒါပေမယ့်လည်း မသေမချင်းသွားနေရဦးမယ့် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းခရီးစဉ်ဖြစ်လို့ အဝေးကို မျှော်ကြည့်ရင်း စိတ်ဆင်းရဲမနေချင်ပါဘူး။ ခန္ဓာဝန်ထမ်းနေရခြင်းမှာ ပင်ပန်းလွန်းလှတယ်လို့လည်း မညည်းညူချင်ပါဘူး။

လူ့ဘုံခန်းဝါမှာ ကျင်လည်နေမိသမျှတော့ ဆင်းရဲကို သည်းခံပြီး ရှေ့ဆက်နေပါဦးမယ်။ ။ 

မယ့်ကိုး


Cathy ; Artist: Cathy Guisewite 

11 November 2013

မင်းဖတ်ရန်မဟုတ်

ပါရမီနည်းသူရေးတဲ့စာမို့ သိင်္ဂါရရသကို မခံစားနိုင်ဘူးလို့ဆိုတဲ့အခါ ငါတတ်နိုင်တာက ရေထဲခုန်ချဖို့ပဲ။ ဝမ်းနည်းမှုက ကြမ်းတပြေးတည်းထိုင်နေမို့ ငါလေ အသက်တောင် ရဲရဲမရှုရဲဘူး။ ငါ့ရဲ့ စာရေးနိုင်စွမ်းဟာ ပျောက်ကွယ်သွားပြီ။ စိတ်နောက်နေသွားလေသူမို့ အချစ်အကြောင်းမရေးတတ်တော့ဘူးဆိုတဲ့ ဆင်ခြေလည်းမပေးချင်ပါဘူး။ သတ္တလောကသားတွေ မျက်လုံးပြူးကြည့်မယ်ဆိုလည်း ငါလုပ်နိုင်တာ ပုခုံးတွန့်နေရုံမျှပဲ။ 

ဆာဗီယာပလာသ်ရဲ့ The Bell Jar ကို ပြန်ဖတ်တယ်။
 At any rate, I’d be lucky if I wrote a page a day. 
Then I knew what the trouble was. I need experience. 
How could I write about life when I’d never had a love affair or a baby or ever seen anybody die? 

သူမ ပြောသလိုပဲ ပြောကြည့်ချင်တယ်။ (အလုပ်လက်လွှတ်ထားတဲ့အချိန်တွေမှာ) တစ်နေ့ကို တစ်မျက်နှာလောက်ရေးဖြစ်မယ်ဆိုရင် ကံကောင်းမယ်။ အဲဒီနောက်မှာ ဘာက ပြဿနာလည်းဆိုတာ သိခဲ့တယ်။ အတွေ့အကြုံ လိုအပ်တယ်။ တစ်ခါမှ မချစ်ဖူးတဲ့အခါ၊ ရင်သွေးမရှိတဲ့အခါ ( ဒါမှမဟုတ်) တစ်စုံတစ်ယောက်သေတာကို မမြင်ဖူးဘဲနဲ့ ဘယ်လိုလုပ် ဘဝအကြောင်းရေးနိုင်မှာလဲ။

ငါက သေဆုံးတာတွေမြင်ဖူးတယ်။ တစ်စုံတစ်ယောက် ရှင်သန်လာစေဖို့လည်း အလိုမရှိဘူး။ဒီတော့ ဥာဏ်ကွန့်မြူးဖို့၊ ဈာန်ဝင်စားဖို့၊ ဇာတ်ကောင်နေရာမှာ အစားထိုးဖို့ ချစ်ကြည့်သင့်တယ် မဟုတ်လားလို့ ပြောလိုက်ရင် မင်းစိတ်နာကျည်းသွားမလားပဲ။ ခက်တာက ဒီစကားဟာ မင်းရဲ့ သံလိုက်ဓာတ်အားလို ညှို့ငင်မှုကို ရှောင်ရှားလိုတဲ့ ဆင်ခြေလားဆိုတာ ကိုယ်တိုင်လည်း မသိတော့ဘူး။ ကိစ္စမရှိဘူး။ တစ်စုံတစ်ယောက်ကို ချစ်ဖူးချင်သူမို့ ဘယ်လောက် ကြင်နာမိကြောင်း၊နာကျင်ရကြောင်းတွေ တတ်နိုင်သလောက် တီးတိုးလေးရွတ်ချင်တယ်။

ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်ပါဘဲ။ ချစ်မိခြင်းမှာ ကြံ့ခိုင်ချင်ပြီး ချစ်ခြင်းရသကို ပုံဖော်ဖို့ ငါ့မှာ အခွင့်အရေးအပြည့်အဝမရှိဘူး။ တစ်ခါတစ်လေတော့လည်း မိုက်ရူးရဲဆေးသောက်ပြီး မြန်မာဗွီဒီယိုတွေထဲက မရယ်ရတဲ့ဟာသတွေလိုမျိုး ပြောချင်ပြန်တယ်။ အချစ်နဲ့ ကျိန်စာဟာ နှစ်ကိုယ့်တစ်စိတ်ဆိုတာမျိုး။ ဥပေက္ခာဟာ သေစေနိုင်တယ်ဆိုတာ မသိခဲ့ဘူးလို့ ရေရွတ်တာမျိုး။ လောကမှာ ငါ့လောက် လူဖြစ်ရှုံးသူလည်း မရှိတော့ဘူးဆိုတာမျိုး။ အချစ်ဟာ ကုသနိုင်တဲ့ ရောဂါဆိုလည်း ငါက ဆေးမတိုးချင်ဘူးဆိုတာမျိုး။ နမိတ်ပုံတွေက စိတ်ပျက်စရာကောင်းတယ် မဟုတ်လား။  ဘယ်လို။ မင်းပြောလိုက်တာ ငါကြားပါတယ်။ ဖန်တစ်ရာတေ မဲပြာပုဆိုးတဲ့လား။ နည်းနည်းလေးမှ အားမနာဘူးပဲနော်။ တတ်နိုင်ရင်တော့ ချစ်တဲ့အကြောင်းတွေကို ငါလည်း မပြောချင်ပါဘဲ။

ကိုရီးးယားဇာတ်လမ်းတွေထဲက မင်းသမီးတွေလို မူးပြီးလည်း မရမ်းနိုင်တဲ့သူဆိုတော့ ဒီလို မပီမသအော်သံပဲ ထွက်ကျနိုင်တယ်။ ကြားလား။ အသိပျောက်လေသူရဲ့စကားတွေမို့ နားမထောင်ချင်ဘူးဆိုတာ သိလည်း နောက်ဆုတ်ခွင့်ကို ငြင်းပယ်ဦးမယ်။ ပြဿနာအရင်းက ငါ့ကြောင့်မှန်းလည်း သိပါရဲ့။ ကျောခိုင်းလိုက်ရင် လွတ်မြောက်နိုင်မှန်းသိလည်း ထွက်မပြေးချင်ဘူး။ ရင်ထဲရှိရာ ဖွဲ့သီမိမှာ စိုးလို့ လက်က ငါ့ကို ချုပ်ထားတယ်။ မင်းမသိဘူး မဟုတ်လား။ ဒီလို ညံ့ဖျင်းတဲ့မိန်းမမို့ ယောင်ယမ်းပြီး မင်းနာမည်ကို အော်ခေါ်နေမိမှာစိုးလို့ နှုတ်ခမ်းကိုကိုက်တယ်။ ဆက်သွယ်ရေးပြင်ပမှာ ကြိုးစားနေတယ်။ အရိပ်ကလေးမြင်ရတဲ့အခါ အလွမ်းဖွဲ့တွေ ပို့သချင်လည်း အမှာစကားမျှမပါးဘဲ မျက်နှာလွှဲနိုင်အောင် အားထုတ်တယ်။

ရင်ခုန်နှုန်း မငြိမ်သက်သူမို့ လှပနရီတွေက ငါ့ဝန်းကျင်မှာ ပတ်လည်ပျံနေလည်း ဖမ်းမမိနိုင်ဘူး။ ဒါပေမယ့် မျက်နှာပြောင်တိုက်ကာ ဖွင့်ဆိုချင်သေးတာ။ အဆိပ်ငွေ့တွေက လက်တကမ်း၊ မိုက်တွင်းနက်နက်က ခြေတလှမ်းလို့ ကာရန်ညှိတာမျိုး။ ဒီအရူးရဲ့ ကဗျာကလည်း တော်ဝင်ဖို့ မမှီမကမ်းလို့ နဘေထပ်တာမျိုး။ ရယ်ရတယ်နော်။ ဒါပေမယ့် မတတ်နိုင်ခဲ့ဘူး။နှလုံးသားကွဲအက်ပြီး သေဆုံးမှာစိုးရိမ်ကာ အလွမ်းတွေ မသိမ်းချင်တော့ဘူး တကယ်။ အလင်္ကာမမြောက်ဘူးလို့ မှတ်ချက်ချလည်း ရင်ကွဲနာမကျသေးတာကို ဘုရားကျေးဇူးလို့ ရင့်ကျူးနေဦးမယ်။

ပြောပါဦး။ ဘယ်နာကျင်မှုက ငါ့ကို သတ်နိုင်ဦးမှာလဲ။ မင်းစီးတဲ့ ဖိနပ်နံပါတ်ကို မသိဘူးလေ။ မင်းမစားတဲ့ အသီးအရွက်ကို မသိဘူးလေ။ မင်းချော်လဲခဲ့တဲ့အခါကို မသိဘူးလေ။ သေလုမျောပါး တွယ်တာမိခြင်းများ။ ယုံကြည်ပါ။ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ငါလည်း စာတစ်လုံးမှ မစီချင်ဘူး။ ခေါင်းတွေနောက်တယ်။ ရင်တလှပ်လှပ်ခုန်တယ်။ ဘာဖြစ်လို့ ဒီစာကို ရေးတာလဲလို့ မေးခဲ့ရင်တော့ ညီမလေးအိပုံ့က ဖတ်ချင်တယ်ဆိုလို့လေ။ ။

မယ့်ကိုး