04 December 2014

‘ကစားမလား။နားမလား’

အဆိပ်၊ လက်နက်၊ အရက်၊ မူးယစ်ဆေးဝါး၊ ငါး၊တိရစ္ဆာန်အသားတို့ကို ရောင်းချတာ၊ လူကုန်ကူးရောင်းချတာနဲ့ သူတပါးတို့ကို ထိခိုက်စေတဲ့ စီးပွားရေးတွေဟာ သမ္မာအာဇီဝ (မှန်ကန်တဲ့အသက်မွေးမှု) မဟုတ်ဘူးလို့ ဖတ်ဖူးထားရာ သူမ အခုလုပ်နေသောအလုပ်ဟာ ကောင်းရောင်းကောင်းဝယ်ဆိုတဲ့အမျိုးအစားမှာ အကျုံးဝင်ရဲ့လားလို့ မစဉ်းစားချင်ပေမယ့် နောက်ဘဝမှာခံစားရမည့် ငရဲဆိုသည်ထက် အခုဘဝဆင်းရဲကို ကြောက်ကာ bartender ဖြစ်နေလေပြီ။ 

မပင်မပန်းငွေလွယ်လွယ်ရတဲ့ အလုပ်တော့ မဟုတ်ပါလေ။ အချိုယမကာဖျော်နည်းစပ်နည်းအမျိုးမျိုးကို လေ့ကျင့်ရတဲ့အပြင် အရက်သမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျသမျှကို မျက်နှာတစ်ချက်မမဲ့ရအောင်လည်း အားထုတ်ရသေးတာ။ အမူးသမားတွေရဲ့ စော်ကားဂျီကျသမျှကို သည်းခံပါမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ချည်နှောင်ထားတဲ့အလုပ် မဟုတ်လား။ ဒါပေမယ့် အလုပ်ခွင်အခက်အခဲတွေ၊ ကြာမြင့်စွာ ရပ်နေရလို့ ခါးနာတာ၊ ခြေသလုံးတောင့်တာတွေအားလုံးဟာ သူ့ကျေးဇူးကြောင့် သက်သာရာရ စိတ်ကြည်လင် ချမ်းမြသွားတယ်လေ။

ဒါဖြင့် သူက အလုပ်ရှင်လား။ ကူညီပေးသည့် လုပ်ဖော်ကိုင်ဖက်လား မေးလာရင်တော့ ရှက်ရှက်နဲ့ ငြင်းရလိမ့်မှာ။ သူက ပုံမှန်လာရောက်စားသောက်သူသာရယ်။  ပြီးတော့ ဝမ်းနည်းစရာ သူ့ရဲ့ထူးခြားမှုတစ်ခုက လူအစည်ဆုံးသာကြာနဲ့ စနေနေ့တွေမှာ အစုအဖွဲ့နဲ့ဖြစ်ဖြစ်၊တစ်ယောက်တည်း ဖြစ်ဖြစ် ရောက်လာတတ်တဲ့သူဟာ ပြန်သွားရင် ကောင်မလေးတစ်ယောက်ယောက် ခေါ်သွားနိုင်တာ။

ဒါပေမယ့် သူ့ကို မျက်နှာမလွှဲနိုင်တာ။ ခင်မင်နေမိတာ။ စကားလက်ဆုံပြောနေမိတာတွေဟာ သူ့ရဲ့အပတ်စဉ်အလေ့အထကြောင့်မဟုတ်ဘဲ သူ့ရဲ့ ကြင်နာတဲ့အပြုံးတွေ၊ ဟာသစကားတွေနဲ့ သူမအပေါ် ဂရုစိုက်မှုတွေကြောင့်သာ။ ပြီးတော့ သူက သူမရဲ့ဆရာနဲ့ ခပ်ဆင်ဆင်တူတာ။ သူ့ရဲ့ ဖြာထွက်နေတဲ့ အရှိန်အဝါတစ်ခုအောက်မှာ အံ့သြမင်သက်ကာ အငိုက်မိနေတာလည်း ပါဝင်တာပေါ့လေ။

ဒါပေမယ့် သူနဲ့သူမအကြား ဘားကောင်တာ ခြားနေသလို အချိန်ကြာလာလို့ သူနဲ့ရင်းနှီးလာသည့်တိုင် တစ်ချို့မေးခွန်းများကို မေးရဲအောင် မကျွမ်းဝင်သေးပါဘူးလေ။ ဥပမာ- ဘားကိုလာတဲ့ ကောင်မလေးတွေထဲက ပြည့်တန်ဆာမဟုတ်တဲ့သူတွေကို သူ ဘယ်လိုသိပြီး ရွေးချယ်ချဉ်းကပ်တာလဲ ဆိုတာမျိုး …။ ဘယ်တော့မှလဲ မေးဖြစ်လိမ့်မှာ မဟုတ်ပေ။ အမေရိကန်နိုင်ငံသားတွေရဲ့ privacyဆိုတဲ့အရာကို ထိုးဆွပြီး စပ်စုရိုင်းပြသလိုဖြစ်သွားမှာ စိုးရိမ်ပါတယ်လေ။ ဒီလိုနဲ့ သူမတစ်ယောက် နှုတ်ခမ်းကို တင်းတင်းစေ့၊ သက်ပြင်းချပြီး မေးခွန်းများစွာကို မြိုသိပ်ထားရတာပေါ့။ ပုံမှန်စားသုံးသူမို့ ဂရုစိုက်ရမယ် မဟုတ်လား။

သို့ပေမယ့်လည်း ထို့ထက် ဆိုးရွားသော တိုက်ခိုက်စော်ကားမှုများကို သတိလက်လွတ်ပြောမိ တတ်သူကလည်း သူမပါပဲ။ သူ့ရဲ့အလုပ်ရာထူးတိုးကြောင်း ပြောတဲ့အခါ သူမက ဝမ်းသာအားရဂုဏ်ပြုရင်း ‘ ရှင် ဘာပဲလုပ်လုပ် ထူးချွန်မယ်ဆိုတာ သိတယ်။ အခု ဘားကို လာပြီး PUA လုပ်တော့လည်း အောင်မြင်တာပဲလေ’ လို့  ပြောလိုက်မိတာမျိုး။ ပြောပြီးပြီးချင်း သူမတစ်မျက်နှာလုံးပူနွေးသွားပြီး စိတ်မရှိနဲ့နော်လို့ ချက်ချင်းတောင်းပန်ရင်း လျှာကိုကိုက်ကာ သေလိုက်ချင်ရဲ့။ ဒါပေမယ့် သူကတော့ စိတ်မဆိုးဟန်နဲ့ သဘောတကျရယ်လေတာ။

ကြည့်ပါဦး။ ဘယ်လိုပဲအကဲခတ်ခတ် သဘောကောင်း၊ကြင်နာ၊ ဥာဏ်ရည်ထက်မြက်၊ သူတပါးကိုလည်း နားလည်တတ်တဲ့အရည်အချင်းတွေရှိတဲ့သူဟာ ဘာကြောင့် မိန်းကလေးများနဲ့ ခဏအိပ်ဖို့ ဖြားယောင်းသွေးဆောင် ကစားတာမျိုး လုပ်ရတာလဲလို့ အံ့သြနားမလည်နိုင်အောင်ဖြစ်မိပြန်တာ။ သူက သူမအတွေးတွေကို ဖတ်နိုင်ဟန်နဲ ‘ကိုယ်က ဒီမှာ ခဏပဲ နေမှာ။ ဘယ်သူနဲ့မှ မငြိချင်ဘူး’တဲ့။ ရူးသွပ်နေတဲ့သူမမို့ အလျှင်အမြန်ပဲ သူ့ကို ခွင့်လွှတ်နားလည်ချင်သွားမိပြန်တာ။  မဖြစ်ဘူး။ လုံးဝမချစ်ဘူး။ သူက Danger ။ အဆိုးရွားဆုံး ဘေးဒုက္ခ။လို့ နှုတ်ကတတွတ်တွတ် ရွတ်မှတ်နေရင်းမှာပင် သူ့ကို စောင့်ရှောက်ချင်မိပြန်တာ။

‘မူးနေတဲ့ မိန်းကလေးတွေနဲ့ အိပ်လို့ မဖြစ်ဘူးနော်။ မုဒိမ်းမှု ဖြစ်သွားမယ် သိလား’ လို့ ပြောမိခဲ့တယ်လေ။ သူက မျက်လုံးများပါ ပြုံးရယ်ပြီး လှိုက်လှိုက်လှဲလှဲခေါင်းငြိမ့်တာ။ အင်း ရှက်သင့်ပြီ။ သူ့အမေလည်း မဟုတ်၊ နှမလည်း မဟုတ်။ ပြီးတော့ သူငယ်ချင်းအရင်းအချာလည်း မဟုတ်။ သူ့ကို ကြောင့်ကြစိတ်ထားရမှာ ငါ့အလုပ်မဟုတ်ဘူး။ ဥပေက္ခာထုံး နှလုံးသွင်းစမ်းလို့ ကိုယ့်ကိုယ်ကိုယ်ဖြောင်းဖျ။ တကယ်တော့ သူ့ကို စိတ်ပူရမှာမဟုတ်ဘဲ သူ့ကို ယုံစားသက်ဝင်စိတ်ကူးယဉ်ကြတဲ့ မိန်းကလေးတွေကိုသာ မိန်းမချင်း ကိုယ်ချင်းစာကာ ဂရုစိုက်ရမှာ မဟုတ်လား။ 

သူဘားကို လှမ်းဝင်ခါစမှာပင် ရီဝေသာယာစွာ သူ့ကို ကြည့်နေသော မိန်းကလေးများကို အရက်တည်ခင်းရလျှင် သူက PUA လို့  ပြောဖြစ်အောင် သူမ ကြိုးစားအားထုတ်တော့တာ။ ဘာလဲ PUA တဲ့။ မိန်းကလေးအများစုက ထိုအတိုကောက်စကားကို နားမလည်ကြပါချေ။ Pick Up Artist ကို ပြောတာလေ။ ခဏအိပ်ဖို့ ဖြားယောင်းသွေးဆောင်တဲ့သူ လို့ သူမပြောလိုက်ရင် အများစုက မျက်မှောင်ကြုံ့ကာ ပုခုံးတွန့်ကြတာ။ သူမကပဲ မနာလိုလို့ ပြောလေဟန် မယုံသင်္ကာဖြစ်ကြပြန်တာ။ ပြီးတော့ သူမကို အနိုင်ရတာ ပြချင်ဟန်နဲ့ သူမရှေ့မှာ သူ့လက်ကို ချိတ်ကာ ခေါင်းမော့ထွက်သွားတော့။ အင်း… မခက်ပေဘူးလား။

သူမပြောမှပင် မိန်းကလေးတွေက မလုပ်နဲ့ပြောလို့ စမ်းသပ်ကြည့်သူတွေလို သူက လက်မကမ်းခင်မှာပင် သူ့ရှေ့ကို လှမ်းသွားကြတာကြည့်ပြီး သူမရဲ့ ပေါင်းသင်းဆက်ဆံမှုအရည်အသွေးက ဒီလောက်တောင် ညံ့ဖျင်းနေပြီလားလို့ စိတ်ဓာတ်ကျရတော့မှာ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်ကောင်လေးတစ်ယောက် ကတော့ ခေါင်းကို သွင်သွင်ခါပြီး သူမကို အားပေးလေရဲ့။ ‘ ကောင်မလေးတွေက ဘာပြောပြော ရမှာ မဟုတ်ဘူး။ အဖြူကောင်တွေဆိုတာနဲ့ ပါပြီးသားပဲ။ တစ်ညမပြောနဲ့။ တစ်နာရီပဲ အိပ်ရရ’ လို့ ရက်စက်ကြမ်းကြုတ်စွာ ပြောလေတာ။

ဘုရား.. ဘုရား။ သူမကို စောင်းမြောင်းပြောတာ မဟုတ်တဲ့တိုင် ကြားရာတာ ခါးလိုက်တာ။ ရင်ထဲမှာ မသက်မသာ။ ဝမ်းနည်းတယ်။ နာကျင်တယ်။ အသည်းကွဲတယ်။ ဒီလိုအပြောအဆိုမျိုး မခံချင်ပါဘူး။ သူ့ရဲ့စာရင်းထဲမှာ သူမ မပါဝင်ပါရစေနဲ့။ သူမမှာ  'white fetish' (အာရှသားတွေရဲ့ လူဖြူတွေကို ကာမစိတ်စွဲလမ်းမှု) ရှိတယ်လို့ စွပ်စွဲမှာလည်း စိုးကြောက်ပါတယ်။

စိတ်ပင်ပန်းဆင်းရဲရပါတယ်။ ဒါပေမယ့် မကြာတော့ပါဘူး။ သူမ ကျောင်းတက်ရတော့မှာ။ တခြားအလုပ်ပြောင်းလုပ်ရတော့မှာ။ သူနဲ့ဝေးရင် သူ့ရဲ့ ချိုသာသောမျက်နှာ၊ (ပကတိလို့ ထင်မှတ်ရသော) အားပေးစာနာတဲ့ အကြည့်တွေ၊ ယဉ်ကျေးတဲ့ အပြုအမူတွေကို မေ့သွားတော့မှာ။ 


ဟုတ်တယ်။ အမျိုးသမီးထုအားလုံးရဲ့ ရန်စွယ်ဖြစ်တဲ့သူ့ကို စိတ်ထဲကို ဝင်လာလို့တောင် မရအောင် နှိမ်နှင်းပစ်ရမယ်။ တိုက်ထုတ်ပစ်ရမယ်။ သုတ်သင်ပစ်ရမယ်လို့ ကြိမ်းဝါး။ ဒါပေမယ့် အောင်မြင်မှာလားလို့ မေးလာရင် သေချာတာပေါ့လို့ ခေါင်းမော့ဖြေရင်းမှာပင် မယုံသင်္ကာချင်။ ဆုတောင်းလေ ဆုတောင်းဆိုတဲ့ သီချင်းစာသားကို ကြားယောင်ရင်း မေ့နိုင်ဖို့ တိုးတိတ်ဆုတောင်း။ ။

 မယ့်ကိုး

25 October 2014

‘တိမ်ဖွဲ့နှောင်သောမြို့’

တိုးဖွဖွရေရွတ်ရုံမျှနဲ့ နှလုံးသားဟာ ညင်းသဲ့သဲ့ရွေ့လျား။ အရာအားလုံးကို (သူမအတွက်) ဖန်တီးပေးနိုင်အောင် စွမ်းအင်ရှိရာ … အိပ်မက်။ တိမ်တိုက်။ အေးမြမှု။ သစ်ရွက်ကိုင်းတွေ လှုပ်ယိမ်းတာကအစ အာရုံသိစိတ်မှာ သာသာညောင်းညောင်းရှိနေတယ်။ နှင်းငွေ့တွေ တဖျတ်ဖျတ် လှုပ်ခါနေတဲ့ ဝန်းကျင်။ ဟုတ်တယ်။ အဲဒီနေရာဟာ သူမအတွက် အစိမ်းသက်သက်ကမ္ဘာ။


ဒါပေမယ့် မြင်ယောင်ကြည့်မိတိုင်း (နာရီတွေ ဘယ်လောက်ပဲ ဝေးကွာကြာညောင်းနေပါစေ) စိမ်းမြရောင်သစ်ပင်တန်းမှာ ပြန်လည်လျှောက်လှမ်းရသလို သံစဉ်လွင်သာသာကို နာပျော်ဖွယ် ကြားယောင်နေရဆဲ။ ပြီးတော့ နတ်သမီးပုံပြင်ထဲကလို ကြည်နူးဖွယ်အခန်းဆက်နဲ့ အိပ်မက်ပြန်မက်ချင်သူ မိန်းမငယ်ဟာ အဲဒီရပ်ဝန်းကို တစ်ခေါက်ပြန်သွားဦးမယ်လို့ မျှော်ငေးရင်း မဟောင်းနွမ်းတဲ့ နရီနဲ့ တိတ်တိတ်လေးရင်ခုန်။


ဒါပေမယ့် နောက်ကျသွားပြီလား။ တောတွေက သိပ်နက်လွန်းတယ်။ တောင်တွေက မြင့်မားလွန်းတယ်။ နောက်တော့ အချိန်ဆိုတဲ့ ချော်ရည်ပူတွေ အောက်မှာ ...။ ရက်စက်တဲ့ လေပူရိုင်းတွေ အောက်မှာ ... ။ အရှိန်ပြင်းတဲ့ လှိုင်းကြီးတွေ အောက်မှာ ...။အဝေးက မြို့ကလေးရယ် အနားမှာ နေချင်ပါတယ်။

 

အခွင့်အခါရယ်… ဆောက်တည်ရာမဲ့နေသူကို အမြန်ဆုံးလက်ကမ်းကွယ်။ ရင်ဖွင့်လိုက်ပါရဲ့ မြို့ကလေးရေ…ပြန်လာမယ်။ တကယ်လာမှာ သိလား။ ကတိမ်းကပါး ယောင်တမ်းမိပြန်။ လကို ငေးလိုက်၊ ငှက်လေးတွေ ကြည့်လိုက်၊ သစ်ရွက်လေးတွေကို အထူးအဆန်းဖြစ်။ဝန်းကျင်စိမ်းအလယ်မှာ စိတ်တွေ ဖွာလွင့်မွကြွေ။


 မင်း မသိပါဘူး အိပ်မက်နက်နက်လေးရယ်။ ရင့်ကျက်ရတာ ဘယ်လောက်များ ခက်ခဲလိုက်ပါသလဲ။တကယ်ပါ။ အိပ်မက်နဲ့ ဝေးတော့မှ လောကရဲ့ အလှတရားတွေဟာ ပြိုကျပျောက်ကျသွားခဲ့တာ။ ကိုယ်ကိုယ်တိုင်ခင်းတဲ့ လမ်းမှာ ငိုတစ်ခါ ရှိုက်တစ်လှည့်။အုံ့ပုန်းလွမ်းနာ။ခါးသီးလွန်းလှတယ်။ 


မသနားနဲ့တော့ မြို့ငယ်လေးရေ…။အဝေးက ခေါ်သံကြားရင် ဘာရယ်မဟုတ် ငဲ့ကြည့်ပေးပါနော်။သတိထားကြည့်မိရင် နှုတ်ဆိတ်နေတဲ့ ခြေသံလုံလုံ မိန်းမတစ်ယောက်ကို တွေ့နိုင်လိမ့်မှာ။ ။ 

မယ့်ကိုး

05 September 2014

စက်ဘီးစီးတဲ့ ဥသြငှက်ငယ်

ဥသြသံကြားပေမယ့် မနွမ်းလျသောသူရှိပါသလား။ ဥသြငှက်လေးသည် သူ့ကြည်နူးချမ်းမြေ့မှုများကို ဖွင့်အံနေခြင်းဖြစ်နိုင်သော်လည်း သူမကတော့ ဥသြသံလေးကြားတိုင်း ဥသြငှက်လေး မပျော်ရွှင်ဘူးလား။ အဖော်မဲ့လွမ်းဆွတ်နေသလား။ မြည်တမ်းရင်ဖွင့်နေသလားလို့ ထင်ယောင်မြဲဖြစ်သည်။ တစ်ခါတစ်ရံ ဥသြငှက်ကလေးမှာ ဝမ်းနည်းနာကျင်မှုကို မခံမရပ်နိုင်လွန်းသဖြင့် စူးစူးဝါးဝါးအော်ဟစ်ပေါက်ကွဲနေသည် ဟု ထင်မိသည်။ အဆွေးဓာတ်ခံနဲ့သူမို့ ကိုယ်ချင်းစာရင်နာမိခြင်းလည်း ဖြစ်မည်။ ခက်တာက သူမသည် ထိုမျှကြေကွဲဖွယ်မြည်တမ်းသံကို တစ်ကြိမ်တစ်ခါထက်ပိုကာ ကြားနာခြင်းငှာ မစွမ်းနိုင်သူဖြစ်သည်။

သို့သော် ရက်စက်တတ်သော ဥသြငှက်သည် နံနက်ငါးနာရီခွဲကစကာ  စက်ဘီးစီးကာ သူမပတ်ဝန်းကျင်သို့ ရောက်လာတတ်သည်။ ဥသြငှက်ငယ်သည် ဥသြဟု မမြည်တွန်ပါ။' ပဲပြုတ်၊ အီကြာကွေး' လို့သာ ရွတ်ဆိုလေသည်။ ထိုအသံသည် သူမရဲ့ နားတွင်းအမြှေးပါးကို ထိုးဖောက်ကာ သွေးကြောထဲသို့ ဝင်ရောက်ပြီး နှလုံးသားကို လှုပ်ရမ်းစေလေသည်။ ဥသြငှက်ငယ်ရဲ့ အသံမှာ ဘာကြောင့်ဆွေးမြေ့ တုန်ခါနေသနည်းဟု သူမ နားမလည်နိုင်အောင် ရှိရသည်။

သူမသည် ဥသြငှက်ငယ်ကို ဖမ်းရန်ကြိုးစားသည်။ မူလအစမှာတော့ မအောင်မြင်ချေ။ ဥသြသံကြားခိုက်မှာ သူမက တိုက်ခန်းအတွင်းပိုင်းကို ရောက်နေတတ်ပြီး လသာဆောင်ကို အပြေးအလွှားခြေချမိချိန်မှာတော့ စက်ဘီးလေးနဲ့ ဥသြက အဝေးကို ရောက်နှင့်နေပြီ။ သက်ပြင်းချသည်။ နာရီကြည့်သည်။ နောက်ထပ်တစ်နာရီ ဥသြငှက်လေးကို ထပ်စောင့်ရဦးမည်။ ခြောက်နာရီခွဲခန့်တွင် ဥသြငှက်ကလေးသည် တစ်ခေါက်ပြန်လည်လာတတ်သည်။

လက်ခုပ်တီးကာ ဥသြငှက်လေးရဲ့ ရွေ့လျားမှုကို နှောင့်ယှက်လိုက်သည်။ ဥသြငှက်လေးက မပြုံးမရယ်ခပ်တည်တည်ကြည့်ကာ ခေါင်းငြိမ့်သည်။ လိမ္မော်ရောင်စက်ဘီးပေါ်မှ ဆင်းသည်။ 'ဘာယူမလဲ အစ်မ' ဟု မေးသည်။ ရန်ကုန်မှာ ဈေးရောင်းသူအများတို့ရဲ့ စံအတိုင်း နူးညံ့ချိုသာခြင်းအလျဉ်းမဲ့သည့် အသံနှုန်းဖြင့် ဆိုသည်။ ခုနက အော်သံနဲ့ စကားပြောသံ ဘာဖြစ်လို့ ဒီလောက်တောင်ခြားနားရတာလဲဟု မေးချင်ပေမယ့် ' ပဲပြုတ်တစ်ရာဖိုး၊ အီကြာကွေးတစ်ချောင်းပေးပါ' လို့သာ ဆိုဖြစ်သည်။

ဥသြငှက်ငယ်ရဲ့ စကားပြောသံမှာ မညက်ညောပေမယ့် ဝတ်ပုံစားပုံမှာ ပြေပြစ်လှသည်။ သွယ်လျသောကိုယ်မှာ တီရှပ်နဲ့ ဒူးအထက်ဘောင်းဘီတိုကို အချိုးတကျ ဝတ်ဆင်ထားသည်။ သူမသည် ဥသြငှက်ငယ်ရဲ့ ဝတ်စုံအရေအတွက်ကို မခန့်မှန်းတတ်ပေမယ့် တစ်နေ့တစ်မျိုးမရိုးသောဆင်ယင်မှုကြောင့် ဥသြငှက်ငယ်သည် သူမထက် အဝတ်အစားပေါကြွယ်သူဖြစ်ကြောင်း သတိထားမိသည်။ သူမသည် ပဲပြုတ်နဲ့အီကြာကွေးကို တွဲဖက်စားသုံးတတ်သော ရန်ကုန်သူမဟုတ်ချေ။ ပဲပြုတ်ကို နံပြား၊ပလာတာနဲ့သာ အီကြာကွေးကို လက်ဖက်ရည်နဲ့သာ ဆက်စပ်စားသောက်တတ်သူသာ ဖြစ်သည်။ သူမသည် နောက်ထပ်လမ်းလျှောက်ဈေးရောင်းသူတစ်ယောက်ကို စောင့်ကာ ပလာတာဝယ်ရဦးတော့မည်။

ထိုမျှအစားအသောက်ကရိကထကတော့ ဥသြငှက်ကို အနီးကပ်စောင့်ကြည့်နိုင်ခြင်းရလာဒ်အတွက် ပေးဆောင်ရမည့်အဖိုးအခဟု သဘောထားရမည်။ အဘယ့်ကြောင့်နည်း။ အဘယ်ကြောင့် ဥသြငှက်သည် သူမရဲ့စိတ်ဝင်စားမှုအာရုံအတွင်းရောက်လာသနည်း။ သူမသည် အသံတွေကို စွဲလမ်းခုံမင်တတ်သူ မဟုတ်ချေ။ အထူးသဖြင့်လိင်တူမိန်းကလေးတစ်ယောက်ရဲ့အသံက သူမကို ဘယ်တုန်းကမျှ မလွှမ်းမိုးခဲ့ဖူးပေ။ သို့သော် ဥသြငှက်ငယ်နဲ့ ဆုံလိုက်ချိန်မှစကာ ထိုသမာရိုးကျဖြစ်တည်မှု၊အတွေ့အကြုံ အားလုံးမှာ ခြွင်းချက်ရှိလာသည်။



photo credits to The Loner


ဥသြငှက်သည် အရှိန်ပြင်းပြင်းဖြင့် သူမ မရောက်ဖူးသောတစ်နေရာသို့ တွန်းပို့နေသည်။ ထိုနေရာမှာ သူမ ကူရာမဲ့၊ကယ်ရာမဲ့ ခံစားရသောနေရာဖြစ်သည်။ ဒီလောကကြီးမှာ သူမ တတ်နိုင်သောအရာမျာရှိကြောင်း နားလည်စိတ်ဓာတ်ကျစေသော အသံဖြစ်သည်။ ဥသြငှက်ရဲ့ ဝမ်းနည်းနာကျင်မှုစွက်နေသောအသံကို သူမက ဖြေလျော့သက်သာအောင် မလုပ်ဆောင်နိုင်ကြောင်း သိသာစေသော နေရာဖြစ်သည်။ သူမရဲ့ စွမ်းအင်မဲ့မှုကို အထူးပြုမြင်သာအာင် မီးမောင်းထိုးပြနေသာ နေရာလည်း ဖြစ်သည်။ အဘယ်မျှ ကြေကွဲစရာကောင်းလိုက်ပါသနည်း။

သိပ်မကြာမီမနက် ၇ နာရီခွဲခန့်တွင် ဥသြငှက်အသံကို ထပ်မံကြားရဦးမည်။ ဥသြက သူမ၊ သူမက ဥသြဖြစ်နေသည်။ ဥသြငှက်လေးသည် သူမရဲ့ဖွင့်ထုတ်မဆိုနိုင်သောဝေဒနာများကို ကိုယ်စားဖော် ပြပေးနေသည်ဟု ခံစားရသည်။ အသံလှိုင်းမဖြတ်သန်းနိုင်သည့် လေဟာနယ်တစ်ခုဆီ သူမ ထွက်ပြေးချင်သည်။ဘယ်အရပ်တွင် သူမ လုံခြုံမည်နည်း။လေပြင်းတွေ တိုက်ခိုက်ကာ သူမ လွင့်သွားချင်သည်။ ဘယ်အရပ်သို့ ရှောင်ပုန်းရမည်နည်း။ ဥသြငှက်သံကြောင့် နာကျင်မှုများသည် ကမ်းခြေသို့ တလိမ့်လိမ့်ရွေ့လာသော လှိုင်းများလို ရင်ခွင်သို့ ပြန်ရောက်လာသည်။

မိုးခြိမ်းသံတွေ ကြားသည်။ မိုးရွာတော့မည်။ မိုးရွာလျှင် စက်ဘီးနှင့် ဥသြငှက်ငယ်အတွက် ဈောင်းရောင်းရာမှာ ကသီလင်တဖြစ်ပေတော့မည်။ ဥသြငှက်ငယ်သည်အရင်လို အီကြာကွေးချောင်းများကို စက်ဘီးလက်ကိုင်မှာ ချိတ်နိုင်တော့မည်မဟုတ်ပေ။ မိုးကာအကျီဝတ်ကာ စက်ဘီးစီးလာသည့် ဥသြငှက်ငယ်လေးကို သူမတွေ့ရပေတော့မည်။

ဘယ်ရာသီမှာ ဥသြသံကို နားဆင်ရခြင်းက သင့်ကို ပိုလို့ ဆွေးမြေ့စေပါသလဲဟု သူမ မေးချင်သည်။ သူမအတွက်တော့ ဆောင်းကုန်စ အေးစိမ့်ရာသီမှာ ကြားရသော နွေဦးရဲ့ ပူပြင်းခြောက်သွေ့မှုအကြား လွင့်ပျံလာသော ဥသြသံထက် ကောင်းကင်မည်းမှောင်ကာ ထစ်ချုန်းမိုးရွာနေစဉ်မှာ နားဆင်ရသော ဥသြသံက ပိုလို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်စေသည်။ မမြင်ရသော်လည်း အတောင်ဖျားမှာ မိုးရေစိုစွတ်နေသော ဥသြငှက်လေးပုံရိပ် စိတ်ဝယ်ထင်လာကြီး ကြေကွဲဝမ်းနည်းခဲ့ဖူးသည်။ အခုတော့ မိုးစက်တွေကြားမှာ ဖြတ်သန်းဈေးရောင်းနေသည့် ဥသြငှက်ငယ်အတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားရပေဦးတော့မည်။

ဂီတနက်သန်ကိုစောငြိမ်းရဲ့ နွေဦးသီချင်းကို ပြန်နားထောင်မိပြန်သည်။ ‘ဥသြငှက်ကလေးတို့ရယ်၊ ဟိုပင်ယံရွှေယင်းမာက၊ တေးသံသာဖွဲ့ကာ ကျီစယ်၊ ရယ်ရွှင်ပါလို့ မောင့်ကိုညွှန်းသည့်နှယ်၊ ပူပူဝန်ကြွေးရယ်နဲ့၊ ဆွေးရတဲ့မိန်အကျန်ဝယ်၊ ရော်ရွက်ဝါတို့ သက်ကြွေဆဲ၊ ဖော်နည်းသူမို့ မျက်ရည်ဝဲပြီကွယ်။’

ဥသြငှက်ငယ်လေးကြောင့် ဖြေမဆည်နိုင်ဖြစ်ရခြင်းက ဖော်နည်းခြင်းကြောင့်ဆိုလျှင် သူမအတွက်တော့ အပေါင်းအသင်းသူငယ်ချင်း မိတ်ဖက်နည်းခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သူငယ်ချင်းမရှိသော သူမတစ်ယောက် ဥသြငှက်ကလေးကို မိတ်ဆွေရင်းလို စိတ်ထားကာ ဥသြငှက်လေးရဲ့ လိုအပ်ချက်၊ဖော်ပြလိုချက်၊ မကျေနပ်ချက်မှန်သမျှကို မျှဝေချင်ပေမယ့် မစွမ်းနိုင်တဲ့ ဘဝပိုင်ဆိုင်ထားလေသည်။

သို့သော် သူမက မျက်ရည်မဝဲပါ။ နာကျင်လှိုင်းရိုက်ခတ်ခံရသော်လည်း မျက်နှာစူပုတ်ပုတ်နှင့် လူသိခံသူ မဟုတ်ပါ။ ဥသြငှက်လေးလို ရင်တွင်းခံစားမှုကို ဖော်ပြနိုင်စွမ်းလည်း ရှိသူမဟုတ်ပါ။ ဥသြမဖြစ်ရခြင်းရဲ့ ဆိုးကျိုးတစ်ခုရယ်လေ။ ။

မယ့်ကိုး
နှင်းဆီဖြူဂျာနယ် ၊ အတွဲ၁၊ အမှတ်၂၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅

29 May 2014

အချစ်ဦးလည်း ဖြစ်ဖူးတယ်...

ဘဝမှာ အခက်ခဲဆုံးအချိန်ပဲ။ ကျွန်တော့်ကိုကျွန်တော် မကောင်းဆိုးဝါးလို့ မြင်နေတယ်။ စိတ်တိုရင် ကိုယ့်ကိုယ်ကိုယ်ရိုက်နှက်တတ်လာတယ်။ ကျွန်တော့်အပြစ်တွေဟာ ဘယ်လိုပဲ ပြန်ပေးဆပ်ပါစေ မပျောက်တော့ဘူးလို့ ထင်မိတယ်။ စိတ်ဆင်းရဲခြင်းက ရထားလမ်းပေါ်သွားရပ်စို့ဆိုကာ ကျွန်တော့်ကို ဖြားယောင်းနေသလို သေခြင်းကသာ ဒီဒုက္ခတွေက လွတ်မြောက်အောင် ကူညီပေးလိမ့်မယ်လို့ ယုံမှားခဲ့တယ်။

ရထားဥသြသံတွေနောက်ကို အပြေးလိုက်တယ်။ အံ့သြစရာကောင်းတာက မောမောပန်းပန်း အသက်ရှုလိုက်တဲ့အခါ ညီ့ခေါ်သံလိုလို ကြားရတယ်။ ညီက ကျွန်တော့်ကို ခွင့်လွှတ်မယ့်နမိတ်ပဲလို့ ကောက်ချက်ချကာ ညီတစ်ယောက် ကျွန်တော်အခန်းတံခါးကို လာခေါက်မယ့်နေ့ကို မျှော်လင့်နေခဲ့တယ်။ စိက်ကူးယဉ်စိတ်နဲ့ ရူးနေပြီး မသေဖြစ်ခဲ့ဘူး။

လိင်တူချစ်သူလူငယ်တွေဟာ တခြားလူငယ်တွေထက် သေကြောင်းကြံစည်မှုလေးဆပိုမြင့်တယ်ဆိုတာ စာတွေဖတ်မှ ကျွန်တော် သိလာခဲ့တယ်။ သူတို့မှာ ကျွန်တော့်လိုမျိုး ညီဆိုတဲ့ နှောင်ကြိုးတစ်စမရှိခဲ့လို့လား။ ဒီအချိန်မှာပဲ ညီက ကောင်မလေးတစ်ယောက်နဲ့တွဲနေပြီဆိုတဲ့ သတင်းကိုရတယ်။ 

ဖမ်းဆုပ်ထားမိတဲ့ မျှော်လင့်ချက်ကောက်ရိုးတစ်မျှင်က ဆွေးမြေ့သွားပြီးနောက် သမုဒ္ဒရာကြမ်းပြင်အောက် ဒလိမ့်ခေါက်ကွေး ကျွန်တော် ရောက်သွားခဲ့တယ်။ မသေခင်ကလေး ညီ့ပုံကိုဆွဲမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အိမ်နောက်က သစ်ပင်ကြီးအပေါ်တက်ပြီး ကျွန်တော်ပုံဆွဲလေ့ရှိတယ်။

မျဉ်းကြောင်းတွေ၊ အရောင်တွေ၊ ဖြာထွက်နေတဲ့ ပုံရိပ်တွေကို သဘောကျသလိုလိုရှိပေမယ့် နောက်ခံအကြောင်းအရာကတော့ မချောမွေ့မကြည်သာပါဘူး။ ခံစားနေရတဲ့ အကြောက်တရားတွေ၊ စိုးရိမ်သောကတွေဟာ ပုံထဲမှာ အရိပ်ထင်နေတယ်။ တစ်ပုံပြီးတစ်ပုံ ဆွဲလိုက်၊ ဆုတ်ဖြဲလိုက်လုပ်နေမိတယ်။ ချစ်သောသူနဲ့ ကွေကွင်းရခြင်းဆင်းရဲကို မဖော်ပြနိုင်အောင်ပါဘဲ။ နောက်ဆုံးမှာ ကျွန်တော့်ပုံရိပ်ပဲ ကျွန်တော်ဆွဲဖြစ်သွားခဲ့တယ်။

သေနတ်ကျည်ဆန် ထိမှန်တဲ့အခါ အရာဝတ္ထုတွေ ပေါက်ကွဲလွင့်စင်သွားသလိုမျိုး တစ်စစီဖြစ်သွားတဲ့စိတ်တွေဟာ စာရွက်ပေါ်မှာ တစ်ဖောက်ဖောက်နဲ့လာကပ်ကြတယ်။ ပုံရိပ်တွေက နာကျင်မှုတွေ၊ ပရိဒေဝတွေ၊ သေခြင်းတရားတွေကို ဖော်ညွှန်းကြတယ်။ မျဉ်းတစ်ကြောင်းတိုင်းမှာ ကျွန်တော် သက်သာရာရခဲ့တယ်။ ဒါပေမဲ့ အလုံးစုံလွတ်မြောက်မယ့်လမ်းက ဒီနည်းမှ မဟုတ်ဘဲလေ။ ကျွန်တော့်ရဲ့စွမ်းအင်နဲ့ဆင်ခြင်တုံတရားဟာ လက်ချောင်းတွေအောက်က ဖောက်ထွက်နေတယ်။ 

အိပ်မက်ထဲမှာလည်း ပုံတွေဆွဲဖြစ်နေပေမယ့် လက်ရှိပြင်ပကလို ပတ်ဝန်းကျင်ဟာ နေရောင်သာ၊ ပန်းရောင်စုံပွင့်ကာ ကြည်လင်စိမ်းလန်းနေတဲ့သရုပ် မရှိဘူး။ အိပ်မက်ထဲမှာ ကျွန်တော်ကဒူးထောက်ပြီး မြေပြင်မှာ ကင်းဗတ်စဖြန့်ကာ ပန်းချီရေး နေခဲ့တယ်။ အိပ်မက်ထဲက ပုံဆွဲစာရွက်မှာ လူသေကောင်တစ်ယောက်က ပြေးလွှားလို့။ ကောင်းကင်က ညိုမည်းကာ လျှပ်စီးတွေလက် မိုးတွေခြိမ်းလို့ ရီဝေမှောင်အုပ်ဆိုင်းနေချိန်မှာ ပုံရိပ်ကတော့ အနီရောင်တောက်တောက်။ သူ့ကိုယ်က နီရင့်လွန်းလို့ အညိုနုလိုဖြစ်နေတဲ့ သွေးတွေက ဝန်းကျင်အနှံ့ပျံ့လွင့်လို့။

အမှောင်တွေ၊ ဒေါသတွေ၊ ဝမ်းနည်းနာကျင်မှုတွေ၊ သံသယတွေနဲ့ ကြောက်လန့်မှုအရိပ်တွေ ဖြာထွက်နေတဲ့ အိပ်မက်ထဲကပုံရိပ်ဟာ အနုပညာ အရ ကျေနပ်စရာဖြစ်ပေမယ့် ကျွန်တော် ဒီလိုပုံရိပ်မျိုးမဆွဲလိုပါဘူး။ ကျွန်တော့်ရဲ့ပုံတူပန်းချီဟာ တစ်ဝက်တပျက်နဲ့ ရပ်သွားပြန်တယ်။ ညှိုးနွမ်းအရိပ်တွေ ထင်ဟပ်နေတဲ့မျက်ဝန်းတွေကို ကျွန်တော်ဆေးမခြယ်ချင်ဘူး။

အထီးကျန်ခြင်းက ကျွန်တော့်ကို မြိန်ရည်ရှက်ရည်စားသုံးခဲ့ပြီ။ စုတ်တံကိုကိုင်ကာ လက်စသတ်နိုင်တဲ့ အင်အားတောင် ကျွန်တော့်မှာ မကျန်ရှိတော့ဘူး။ တစ်ရက်ပြီးတစ်ရက် စွမ်းအင်တွေဟာ လျောကျကုန်ခမ်းနေတယ်။ ဝမ်းနည်း အားငယ်စိတ်ဟာ အလံတူလူလွှင့်ကာ အောင်ပွဲခံနေတယ်။ ညီကတော့ ကောင်မလေးနဲ့ ပျော်ပွဲဝင်နေခဲ့သလား။ဘာပဲဖြစ်ဖြစ် ညီ့ကို အပြစ် မယူနိုင်သလို ညီ့ကောင်မလေးကိုလည်း ကျွန်တော်မနာလိုရန်မူ ငြူစူမှုမရှိပါဘူး။ တကယ် လို့သာ ကျွန်တော်ထီပေါက်ရင် ညီ့ဆီသွားပြီး ကားတစ်စီးတောင် ဝယ်ပေးချင်ခဲ့မိတယ်။ ညီ ကျွန်တော့်ကို စိမ်းကားခဲ့ပေမယ့် ကျွန်တော်ကတော့ စေတနာကြည်ဖြူနေမိတုန်းပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့ပြန်တွေ့ချိန်မှာ ညီက ကားပိုင်ရုံတင်မက အိုးပိုင်၊ အိမ်ပိုင်ဖြစ်နေပါပြီ။

အဆက်အသွယ်တွေပြတ်တာ ဆယ်နှစ်ကျော်ပြီး အင်တာနက်က လူမှုဆက်သွယ်ရေးကွန်ယက်တစ်ခုမှာ ပြန်တွေ့ဖြစ်ကြတယ်လေ။ ညီ့ရည်းစားက တခြားကောင်မလေးတစ်ယောက်ဖြစ်နေတယ်။ ကျွန်တော့်မှာလည်း တွဲနေသူရှိခဲ့တယ်။ ကျွန်တော်တို့ ပြန်လည် နွေးထွေးသွားကြပြီး ဖုန်းခေါ်တယ်။ အပြင်မှာချိန်းတွေ့ဖြစ်ကြတယ်။ ဆုံကာစအချိန်မှာ အနေခက်သလိုရှိပေမယ့် တစ်ယောက်ပခုံးကိုတစ်ယောက် လက်သီးနဲ့ထိုးကာ နှုတ်ဆက်ပြီး နောက်မှာတော့ အရင်လို ကျွမ်းဝင်နီးကပ်သွားတယ်။ ညီက ကျွန်တော့်ကို ဘယ်လောက်တွေ့ချင်နေတဲ့အကြောင်း၊ ဘယ်လောက် သတိရတဲ့အကြောင်းပြောပြီး အလွမ်းသယ်တာပေါ့။ ကျွန်တော်လည်း အရည်ပျော်ပြီး ငိုမိတော့မတတ်ပဲ။

‘I love you,Man’ ဆိုတာ လူတိုင်းဆိုနေကျစကားဖြစ်နေပြီမို့ ကျွန်တော် တို့ရဲ့ တွယ်တာမှုကိုလည်း ဘယ်သူမှ တစ်မျိုးတမည်ခေါင်းစဉ်မတပ်ကြပေမယ့် ညီ့အပေါ်မှာ တည်ခဲ့တဲ့ ကျွန်တော့်အချစ်တွေဟာ အားကောင်းရှင်သန်လာပြန်တယ်။ လူချင်းမတွေ့ စကားမပြောဖြစ်ခဲ့ကြတာ နှစ်တာရှည်လည်း ညီ့ရုပ်သွင်ကို မမြင်ရတာ ကြာညောင်းလှလည်း ကျွန်တော့်အချစ်က ပျယ်ပြယ်မသွားခဲ့ဘူး။ အကောင်းဆုံး စံနမူနာပြု ချစ်လိုမှုတွေဟာ ညီ့ထံမှာသာ ရှိနေဆဲဆိုတာကို အံ့သြလက်ခံလိုက်ရတယ်။ သူအရင်တုန်းက ဖယ်ခွာခဲ့တာကို စိတ်မရှိပါနဲ့လို့ ညီပြောတဲ့အခါမှာတော့ ဒီလောက်ချစ်စရာ ကောင်းသူတစ်ယောက်ကို ကျွန်တော့်အနား ပြန်လာထားပေးတဲ့ကံကို ဒူးထောက်ကန်တော့လိုက်ချင်ပြီ။

ညီနဲ့ ပြန်တွဲဖြစ်ကြတဲ့အခါ ကျွန်တော့်ရည်းစားနဲ့ အလိုလိုပြတ်သွားခဲ့တယ်။ အရင်လိုပဲ နှစ်ကိုယ့်တစ်စိတ်ပြန်ဖြစ်သွားပြီး တွေ့ကြုံသမျှကို အတွေးတူညီစွာ ပြောဖြစ်ကြ ပြန်တယ်။ တစ်ခုပိုလာတာက ညီ့ကောင်မလေးအကြောင်းပြောရင်းနဲ့ ကျွန်တော်ဘယ်သူနဲ့ တွဲနေလဲလို့ မေးတယ်။ မရှိဘူးလို့ ကျွန်တော်ဖြေပေမယ့် မယုံသင်္ကာနဲ့ စပ်စပ်စုစုကိုမေးတယ်။ သူကလွဲပြီး ဘယ်သူ့ကို ချစ်ခဲ့သေးလဲတဲ့။ 

ကျွန်တော် ရင်ဖွင့်သင့်ရဲ့လား။ တစ်ခါတလေမှာ ပုံရိပ်တွေဟာ တခြားပုံရိပ်ရဲ့တုံ့ပြန်ချက်ကို လိုအပ်ပေမယ့် ကျွန်တော်နှုတ်ဆိတ်နေမိတယ်။ ဒါပေမဲ့ အိမ်အပြန်လမ်းမှာ ကြည်ညိုဖွယ်အရိပ်တစ်ခုကို ပြန်မြင်ယောင်မိတယ်။

ခင်ဗျားရင်ထဲမှာ ရှောင်ကြဉ်နေတဲ့ ပုံရိပ်များမရှိဘူးလား။ စွမ်းအင်သုံးပြီး မေ့ဖျောက်လေ နှလုံးသားထဲအထိတိုးဝင်ပြီး နက်နက်ရှိုင်းရှိုင်းသတိရလေဖြစ်စေတဲ့ ပုံရိပ် တစ်ခုတလေရှိလေမလား။ အဲဒီပုံရိပ်ကို ခင်ဗျားနှလုံးသားထဲက ထာဝရနှင်ထုတ်နိုင်ရဲ့လား။ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်သေးပါဘဲ။



( photo credits to  May Thoon Khit)

မှတ်ချက်။ ဒီအပိုင်းမှစတင်ကာ 'အရေးပေါ်အခန်းထဲမှာ' စာအုပ်မှအခန်းအချို့ဖော်ပြမှုကို ရပ်တန့်လိုက်ပြီးဖြစ်ပေမယ့် မေလ(၃)ရက်နေ့မှ စတင်ကာ 'အရေးပေါ်အခန်းထဲမှာ' စာအုပ်ကို မြန်မာတစ်နိုင်ငံလုံး ဖြန့်ချီခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းက မှာမယ်ဆို စာအုပ်ကို အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုလည်း ရနိုင်ပါတယ်။ ဖြန့်ချီရေးဖြစ်တဲ့ မြန်မာ့ခေတ်ကို ဖုန်းနံပါတ်...၀၉၄၂၂၄၉၃၀၉၀-၀၉၄၂၂၅၄၀၅၉၆-၀၉၄၀၀၃၀၁၄၆၀- email .... mmage.publishing@gmail.com တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ onlineမှ စာအုပ်မှာယူလိုပါလျှင် Myanmar Bookshop က ဝန်ဆောင်မှုပေးပြီး http://www.myanmarbookshop.com/MyanmarBooks/BookDetails/31735မှာ မှာယူနိုင်ပါတယ်။

စာကြွင်း။ စာဖတ်အညွှန်း... စာမျက်နှာ(၃၀)ပြီးနောက်ခဏနားပါ။ အအေးသောက်ပါ။ စာမျက်နှာ (၃၁) ကို ရှာပါ။ (တစ်ချို့စာအုပ်များတွင် စာအုပ်ချုပ်မှားယွင်းမှုကြောင့် နောက်နှစ်ရွက်ကျော်မှာ (၃၁) ဖြစ်နေပါတယ်။) ကျွန်မကို ခွင့်လွှတ်ပါ။ စိတ်ငြိုငြင်မှုကင်းစွာ စာအုပ်လေးကို ချစ်နိုင်ဖို့ ဆုတောင်းပါတယ်။ ကျေးဇူးအထူး... :) Happy Reading!

 မယ့်ကိုး

20 May 2014

အမှတ်တရဆိုတာ အနာတရလား

ညီအနားကိုရောက်လာတိုင်း ဖန်တီးထားတဲ့အပြုံးကို အကျယ်ချဲ့ရတယ်။ ပါးစပ်ထဲမှာ တွေ့သမျှအရာ လျှောက်ပြောဖို့ ကြိုးစားရင်း ဘောလုံးအကြောင်းပဲ ရောက်သွားတာများတယ်။ စိတ်ဆိုတာ ထိန်းချုပ်ရခက်လှပါလားဆိုကာ မသက်မသာ ဝန်ခံရတော့မယ်။

ညီ့ဆီ အာရုံမရောက်အောင် မြင်သမျှအရာတွေကို လျှောက်ကိုင်ကာ အကြည့်လွှဲနေရတယ်။ ကျွန်တော့်ပခုံးကို ညီလာဖက်တိုင်း အသိစိတ်လွတ်ချင်သလိုဖြစ်ပြီး တိမ်လွှာကိုကျော်ကာ လွင့်မျောသွားသလို ခံစားရတယ်။ လျှပ်စီးက ခန္ဓာကိုယ်မှာ စီးဆင်းသွားသလိုမျိုး အာရုံကြောတွေ ကျင်သွားတဲ့အတွေ့အကြုံကိုရတယ်။ ခန္ဓာကိုယ်က မီးပွင့်သလိုဖြစ်နေပြီး သက်တန့်ရောင်စုံမြင်ရတယ်။ မတရားဘူးဗျာ။ တခြားယောက်ျားတွေက မိန်းကလေးတွေကို စိတ်ကြိုက်ကြည့်နေချိန်၊ နှမချင်းမစာနာ ပါးစပ်သရမ်းနေချိန်မှာ ကျွန်တော်ကတော့ ညီ့ကိုဖျတ်ခနဲကြည့်ပြီး အာရုံလွှဲဖို့သာ တတ်နိုင်ခဲ့တာပဲ။ ကျွန်တော် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာတွေကို ညီသတိမမူမိဖို့လည်း ဘုရားမှာ ဆုတောင်းပန်ကြားရတယ်။

လူကဲခတ်ကောင်းတဲ့ညီဟာ ကျွန်တော့်အရိပ်အခြည်ကို စိုးစဉ်းမျှ ဂရုမပြုမိခဲ့ဘူးဆိုရင် အံ့သြစရာပဲ။ ကျွန်တော့်ကို ညီကြည့်နေရင်လည်း ရင်ထဲအထိထိုးဖော်မြင်မှာကြောက်ကာ အကြောင်းကိစ္စရှာပြီး ရုတ်ချည်း ထွက်ပြေးချင်လည်း ခြေတစ်လှမ်းရွေ့ဖို့ ခက်ခဲနေတယ်။ ချွေးပျံလာမှာကိုကြောက်လေ ဇောချွေးပြန်လေဖြစ်နေတယ်။ သင့်တော်မယ့်နေရာဆီ ဦးတည်မျှော်ကိုးကာ ရှေ့တိုးလျှောက်ပေမယ့် ချောက်နဲ့ဆုံရတဲ့ လမ်းမှားရောက်သူလို ရပ်တန့်နေမိပြန်တယ်။ ညီက အနားမှာရှိနေရုံတင် ခြေလက်မခိုင်ချင်၊ ဒူးယိုင်ချင်သလိုဖြစ်လာပြီး နှလုံးခုန်သံကျယ်လောင်လွန်းလို့ ညီကြားသွားမှာကို ထိတ်လန့်နေရတယ်။

ဖိစီးမှုတွေကို ပြင်းထန်လွန်းလာကာ ထိန်းချုပ်နိုင်စွမ်းကင်းလွတ်သွားတဲ့တစ်နေ့မှာတော့ ညီ့အခန်းထဲမှာအတူ ဂစ်တာတီးကြရင်း ညီ့ကို နမ်းလိုက်မိတယ်။ ညီက နှုတ်ခမ်းမှာ တစ်စုံတရာစွန်းပေနေသလိုမျိုး သုတ်ပစ်လိုက်ပြီး ဂစ်တာပဲ ဆက်တီးနေခဲ့တယ်။ ရင်ထဲမှာ ပိုမိုပူနွေးလာကာ စိတ်လှုပ်ရှားနေတဲ့ကျွန်တော်က ညီ့လက်ကို ဆွဲကိုင်လိုက်ပြီး ချစ်တယ်လို့ ပြောလိုက်မိတယ်။ ညီက ဟက်ခနဲရယ်လိုက်ပြီး စကားတစ်ခွန်းပြောဖို့ ကြိုးစားပေမယ့် နောက်ထပ်တစ်ခါထိနမ်းပြီး ညီ့ကို ရပ်တန့်စေလိုက်မိတယ်။ ညီက ကျွန်တော့်ကို ပြန်မနမ်းခဲ့ပါဘူး။ သက်ပြင်းချပြီး 'ငါ မင်းကို မမုန်းဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာကိုတော့ မကြိုက်ဘူး'လို့ ပြတ်သားစွာပြောခဲ့တယ်။

ဟုတ်ပါတယ်။ ကျွန်တော်လည်း အဲဒီအခိုက်မှာ ကျွန်တော်မဟုတ်ခဲ့ပါဘူး။ ညီ အထင်သေးလောက်အောင် လက်ရဲဇက်ရဲပြုမူတတ်တဲ့သူ ကျွန်တော်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ဆင်ခြင်ဥာဏ်ဟာ ဘယ်လိုဖြစ်ပြီး ကြိုးပြတ်သွားခဲ့ပါလိမ့်။ ကံနိမ့်ခိုက်မို့ ပြုမိပြုရာ လုပ်မိတာပါ ညီရယ်လို့ ကျွန်တော်မျက်ရည်ခံမထိုးနိုင်ဘူး။ ညီ့မှာ မိန်းကလေးရည်းစားမရှိခဲ့လို့ ညီလည်း ကျွန်တော့်လိုမျိုးစိတ်ဝင်စားမှုတွေရှိနေမလားလို့ ထင်ယောင်မှားမိခဲ့တဲ့ ကျွန်တော့်အပြစ်တွေချည်းပါပဲ။

အတွေးက အစလွဲခဲ့တာမို့ လုပ်ကိုင်မှုလည်း မှားခဲ့တယ်။ ငရဲတွင်းထဲ ပြုတ်ကျသွားသလို တစ်ကိုယ်လုံးပူခြစ်တောက်လောင်သွားပြီး အငွေ့ပျံလုမတတ်ဖြစ်ခဲ့တယ်။ ရှက်စိတ်ထူပူကာ တစ်ခွန်းမျှ မနှုတ်ဆက်နိုင်ဘဲ ညီ့အိမ်က ပြန်လာခဲ့တယ်။ လမ်းတစ်လျှောက်မှာ ကျွန်တော်ငိုခဲ့သလား။ လူတွေက ကဲ့ရဲ့ကြည့်နဲ့ အတင်းပြောဆိုခဲ့သလား။ ပတ်ဝန်းကျင်ကို သတိမပြုမိလောက်အောင် စိတ်တစ်ခုလုံး အမှောင်ကျခဲ့တယ်။

ညီဟာ ကျွန်တော့်ကို ရွံ့ရှာသလိုမပြုမူပေမယ့် ကျွန်တော်နဲ့ နီးနီးကပ်ကပ်မနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကိုချစ်တယ်လို့ ဖွင့်ပြောမိတဲ့တိုင်အောင် ညီ့ဘဝထဲကနေ ကျွန်တော့်ကို မထုတ်ပယ်သေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက် အရင်လို ဖက်လှဲတကင်းအတူရှိနေဖို့ဆိုတာ ခက်ခဲသွားခဲ့ပြီ။ ကိုယ်ထိလက်ရောက်ချစ်ခဲ့မိတဲ့အတွက် မှားယွင်းမှုဟာ ပြင်မရတော့ဘူး။ တစ်ရပ်ကွက်သားညီက ကျွန်တော်လက်လှမ်း မမီနိုင်တဲ့အဝေးကို ရောက်သွားခဲ့ပြီ။

မီးတောက်တွေအလယ်မှာ ရှင်သန်နေရသလိုမျိုးမို့ ခြေဦးတည့်ရာထွက်ပြေးချင်ခဲ့တယ်။ ညီနဲ့ ကျွန်တော် တဖြည်းဖြည်းဝေးကွာလာခဲ့ပြီး ဆုံးရှုံးခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ ကံဆိုးမိုးမှောင်ကျခြင်းဆိုတာကို ရင်းနှီးကျွမ်းဝင်လာခဲ့တယ်။ မန္တလေးမြို့မှာ သင်တန်းတွေ သွားတက်တော့မယ်ဆိုပြီး ညီလာနှုတ်ဆက်တယ်။ 'စိတ်မရှိပါနဲ့'လို့လည်း ဆိုတယ်။ ကိစ္စမရှိပါဘူးလို့ ကျွန်တော်မဖြေခဲ့ဘူး။ ကျွန်တော်က တောင်းပန်ရမယ့်ကိစ္စကို ညီ တောင်းပန်တဲ့အတွက် တိုးလို့ကြင်နာမိတယ်။ ကြင်သာကြင်ပေမယ့် တစ်မြေစီခြားသွားပြီမို့ ညီ့ကို မမြင်ရတော့ဘူး။

ညီ့ဘဝထဲကနေ လူစိမ်းတစ်ယောက်အဖြစ် မအောင်မြင်စွာ ဆုတ်ခွာလိုက်ရသူက ကျွန်တော်ပါ။ ဘဝပျက်မသွားပေမယ့် ဒါဟာ ဘဝအဆုံးလို့ ထင်ခဲ့ တယ်။ ညီ့ကို မတောင်းပန်ဖြစ်ခဲ့တဲ့ ဖြစ်ပျက်သမျှကို ညီ့ပန်းပုရုပ်ကတဆင့် တောင်းပန်ချင်မိတယ်။ ညီမသိခဲ့ဘူးမဟုတ်လား။ မန္တလေးကို ညီထွက်သွားပြီးတဲ့နောက်မှာ အပြီးမသတ်နိုင်ခဲ့တဲ့ ညီ့ပုံကြမ်းတွေ၊ လက်စမသိမ်းနိုင်သေးတဲ့ အချစ်တွေနဲ့အတူ ကျန်ရစ်ခဲ့သူအကြောင်းလေ။

(ဆက်ရန်...)

မယ့် ကိုး


( photo credits to  Hnin Wai Phyo)

မှတ်ချက်။ မေလ(၃)ရက်နေ့မှ စတင်ကာ 'အရေးပေါ်အခန်းထဲမှာ' စာအုပ်ကို မြန်မာတစ်နိုင်ငံလုံး ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းက မှာမယ်ဆို စာအုပ်ကို အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုလည်း ရနိုင်ပါတယ်။ ဖြန့်ချီရေးဖြစ်တဲ့ မြန်မာ့ခေတ်ကို ဖုန်းနံပါတ်...၀၉၄၂၂၄၉၃၀၉၀-၀၉၄၂၂၅၄၀၅၉၆-၀၉၄၀၀၃၀၁၄၆၀- email .... mmage.publishing@gmail.com တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ onlineမှ စာအုပ်မှာယူလိုပါလျှင် Myanmar Bookshop က ဝန်ဆောင်မှုပေးပြီး http://www.myanmarbookshop.com/MyanmarBooks/BookDetails/31735မှာ မှာယူနိုင်ပါတယ်။

စာကြွင်း။စာဖတ်အညွှန်း... စာမျက်နှာ(၃၀)ပြီးနောက်ခဏနားပါ။ အအေးသောက်ပါ။ စာမျက်နှာ (၃၁) ကို ရှာပါ။ (တစ်ချို့စာအုပ်များတွင် စာအုပ်ချုပ်မှားယွင်းမှုကြောင့် နောက်နှစ်ရွက်ကျော်မှာ (၃၁) ဖြစ်နေပါတယ်။) ကျွန်မကို ခွင့်လွှတ်ပါ။ စိတ်ငြိုငြင်မှုကင်းစွာ စာအုပ်လေးကို ချစ်နိုင်ဖို့ ဆုတောင်းပါတယ်။ ကျေးဇူးအထူး... :) Happy Reading!

14 May 2014

လူငယ်တစ်ယောက်ချစ်ခြင်း

အပုန်းဘဝမှာ တွေ့ကြုံရတဲ့ စိတ်ပင်ပန်းခက်ခဲမှုကို ဥပမာနှိုင်းစရာတောင်မရှိပါဘဲ။ ကျွန်တော့်ကိုကျွန်တော် ညာနေတာထက် သူမကိုညာရတဲ့အခါ နက်ရှိုင်းစွာအားနာမိတယ်။နောက်ဆုံးမှာ ကျွန်တော်စိတ်ဝင်စားနေတာ ယောက်ျားလေးတစ်ယောက်သာဖြစ်တဲ့ အကြောင်း ဖွင့်ပြောလိုက်တယ်။

သူမလေးငိုနေရတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်ပေမယ့် ဝန်ထုပ်ဝန်ပိုးကြီး လွတ်ကျသွားသလို ပေါ့ပါးသွားတယ်။ မလိမ်လည်၊ မလှည့်စားတော့ဘဲ ရိုးသားလိုက်ခြင်းအတွက် ပကတိထူးခြားတဲ့ လွတ်လပ်မှုကိုရရှိခဲ့တယ်။ သူမကိုဝန်ခံပြီးတဲ့နောက်မှာ ကျွန်တော်ရဲရင့်လာတယ်။ ညီ့ကိုပါဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ပြီး စိတ်အားတင်းကာ အချိန်ရွေးနေမိတယ်။ 

ဆယ်တန်းစာမေးပွဲပြီးသွားတဲ့အခါ နှစ်ယောက်တည်း အေးအေးဆေးဆေးရှိနိုင်မယ့် အချိန်တွေချည်းဖြစ်ပေမယ့် မျက်နှာချင်းဆိုင်အကြည့်ဆုံမိချိန်တိုင်း ဖွင့်ပြောရမှာကြောက်ကာ နောက်ဆုတ်မိပြန်ရော။ ညီ့မိဘတွေ ခရီးသွားတဲ့ညမှာ သူတို့အိမ်မှာ သွားအိပ်ဖို့ ဖြစ်လာပြန်တယ်။ ဒီအခိုက်အတန့်လေးက ကောင်းမွန်လှပေမယ့် ကျွန်တော့်ရင်ဝမှာ အဖုလုံးကြီးတစ်ခုက ပိတ်ပင်တစ်ဆို့နေသလိုမျိုး ဘာမှမပြောနိုင်ခဲ့ဘူး။ ညီက သတိထားမိတယ်။ ဘာဖြစ်နေတာလဲလို့ သင်္ကာမကင်းစွာမေးတယ်။ ကျွန်တော် ရေရေရာရာမရှင်းပြနိုင်ဘူး။

တစ်နေ့မှာတော့ ကျွန်တော်တို့နှစ်ယောက် ဆိုင်ကယ်ပတ်စီးကြပြီးနောက် သစ်ပင်အောက်မှာ မှောင်ရိပ်ခိုရင်း ကျွန်တော့်ကိုပြောခဲ့ဖူးတဲ့ ညီ့လျှို့ဝှက်ချက်တစ်ခုကို ပြန်ပြောနေမိတယ်။ ဒီစကားစကနေပြီး ကျွန်တော့်ဇာတ်ကြောင်းကို ခင်းဖို့ ရည်ရွယ်တာပါ။ ညီက အကဲမခတ်မိဘဲ အဲဒီအကြောင်းကို နာရီဝက်လောက် ပြောတော့တယ်ဗျ။ ကျွန်တော်က သတ္တိစုဆောင်းပြီး စကားစမယ်လို့ကြံတိုင်း ညီက ဆက်ပြောပြန်တယ်။

နောက်ဆုံးတော့ ကျွန်တော်က 'ငါတို့ ပြန်ကြရင် ကောင်းမယ်ထင်တယ်။ ဒါပေမဲ့ ငါတို့မပြန်ခင် မင်းတော်တော်လေးစိတ်ကသိကအောက်ဖြစ်နိုင်တဲ့အကြောင်းတစ်ခုပြော ချင်တယ်'လို့ ပြောလိုက်ပေမယ့် မိနစ်အနည်းငယ် ငြိမ်သက်နေမိပြန်တယ်။ 'ဘာအကြောင်းပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ပြော'လို့ ညီက စကားဖွင့်ပြောသလို 'ပြောစရာရှိတာပြော။ ငါနားလည်နိုင်တယ်'လို့လည်း ပြုံးကာဆိုပေမယ့် ကျွန်တော်ရင်တုန်နေတုန်းပဲ။

ညီ့မျက်လုံးကို မကြည့်ဘဲ မာန်တင်းပြီး 'ငါ ဘာလို့ မင်းကို ပြောတာလဲဆိုရင် ယုံလို့။ ပြီးတော့ မင်းကို ဖုံးကွယ်မထားချင်ဘူး။ ရိုးသားချင်တယ်'လို့ အစချီလိုက်တယ်။ ကျွန်တော့်အသံက အလွတ်ကျက်ထားတဲ့စာတွေကို ဆိုအံနေသလိုပဲ။ တကယ်လည်း အကြိမ်တစ်ထောင်လောက် စိတ်ထဲရေရွတ်ပြီးမှပြောတာဆိုတော့ ပြန်စဉ်းစားကြည့်မိတိုင်း အသံက အတက်အကျမရှိဘဲ ရယ်စရာကာင်းနေခဲ့တယ်။ ဒါပေမဲ့ 'ငါ့ကိုယ်ငါ gayလို့ ထင်တယ်'လို့ ပြောတဲ့ အသံကတော့ ကြောက်စရာကောင်းလောက်အောင် ခြောက်သွေ့နေခဲ့တယ်။

 ပြောပြီးပြီးချင်း ကျွန်တော်အသက်အောင့်နေမိတယ်။ ဘာကိုမှ မဆုတောင်းရဲဘူး။ ဘာကိုမှ မမျှော်လင့်ရဲဘူး။ ညီရဲ့တုံ့ပြန်ချက်ဟာ ဘာဖြစ်လာမလဲဆိုပြီး တုန်လှုပ်ကြောက်ရွံ့ နေမိတယ်။ ညီက ဓာတ်လိုက်ခံရသလိုမျိုး ငြိမ်သက်မှင်တက်နေပြီးမှ 'မင်း သေချာလား'လို့ မေးတယ်ဗျ။ အင်းလို့ ကျွန်တော်ပြောလိုက်တော့ 'မင်းဘာဖြေဖြေ ကိစ္စမရှိပေမယ့် တစ်ခုတော့မေးချင်တယ်။ မင်း ငါ့ကို ကြိုက်နေလား'တဲ့။

ဟန်မဆောင်တတ်တဲ့ ညီရယ်လေ။ 'ဟင့်အင်း'လို့ ဖြေလိုက်နိုင်ပေမယ့် လိမ်ညာမှုအတွက် ချက်ချင်းပဲဝမ်းနည်းနာကျင်ခဲ့ရတယ်။ 'တော်သေးတာပေါ့။ ငါလည်း အခုမှစိတ်ထဲပေါ့သွားတယ်'လို့ ညီက သက်ပြင်းချရင်းဆိုတယ်။ နောက်ထပ်နာရီဝက်လောက်ကြာအောင် ကျွန်တော်တို့စကားပြောဖြစ်ကြပြန် တယ်။ ညီ့အိမ်နားရောက်လို့ လမ်းခွဲကြတဲ့အခါ 'မင်းကိစ္စကို ဖွင့်ပြောတဲ့အထိ ယုံကြည်တဲ့ အတွက် ဝမ်းသာတယ်'လို့ ပြုံးပြုံးရွှင်ရွှင်ပြောပြီး ညီက ကျွန်တော့်ကိုဖက်တယ်။ ညီ လက်ပြပြီး ထွက်ခွာသွားတဲ့အခါမှာတော့ ကျွန်တော်မျက်ရည်ကျမိတယ်။

မိန်းကလေးတွေကို စိတ်ဝင်စားတယ်ထင်ခဲ့တာဟာ ညီနဲ့နှိုင်းယှဉ်ရင် အမှုန်အမွှားမျှသာရယ်။ ညီ့လက်ကလေးကို ကိုင်ကြည့်ချင်တယ်။ ညီ့ပါးကလေးကို ထိနမ်းချင်တယ်။ ညီ့ရင်ခွင်ထဲမှာ ကျွန်တော်ရှိနေချင်တယ်။ ခင်ဗျားလည်း နားလည်မယ်ထင်တယ်။ တချို့ အိပ်မက်တွေက အဆိပ်ဖြစ်တယ်။ ကျွန်တော်တို့ဆက်ဆံရေးက အရိပ်အရောင်မျှမပြောင်းလဲခဲ့ဘူး။ ညီ့ကိုချစ်မိတာ ကျွန်တော့်ဘဝရဲ့ပျော်ရွှင်မှုဖြစ်ပေမယ့် တစ်ယောက်တည်းရှိခိုက်မှသာ စိတ်ကူးယဉ်ကာ ကြည်နူးရင်ခုန်နိုင်တယ်။

နောက်နေ့မှာ အဲဒီအကြောင်းပြောဖြစ်ကြတဲ့အခါ ညီရော ကျွန်တော်ပါ ဟန်မူရာမပျက် တည်ငြိမ်ခန့်ညားလျှက်ပဲ။ ကျွန်တော်ပြောတုန်းက သူ့အမူအရာကို စားမြုံ့ပြန်ဖြစ်ကြတော့ ညီကရယ်တယ်။ 'အဲဒီတုန်းက မင်း ငါ့ကို ကြိုက်နေမလားဆိုပြီး ကြောက်ခဲ့တာအမှန်ပဲ။ တကယ်သာ အဲဒီလိုဆိုရင် ဘယ်လိုတုံ့ပြန်ရမှန်း မသိဘူး။ ဒါပေမဲ့ မင်းက မဟုတ်ဘူးဆိုတော့ အေးဆေးပေါ့ကွာ'တဲ့။

 ဝမ်းနည်းဝမ်းသာဆိုတဲ့ ခံစားချက်ကို ကျွန်တော်ထိထိခိုက်ခိုက် နားလည်သွားပေမယ့် စိတ်သက်သာရာရသွားတယ်။ ညီ့ကို ကျွန်တော်မဆုံးရှုံးတော့ဘူး။ ဖွင့်ပြောပြီးနောက်မှာ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားတဲ့ခံစားချက်ဟာ အံ့သြစရာကောင်းတယ်။ ညီ့ကို လိမ်နေမိတယ်လို့ မခံစားရတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုလာတယ်။ ကြင်နာတတ်တဲ့ညီ့သဘောကို ပိုတိုးလို့သိခွင့်ရခဲ့တယ်။

ကျွန်တော်တို့ရဲ့ ဆက်ဆံရေးပုံစံမပြောင်းလဲသွားဘဲ ညီက မူလအတိုင်း ကျွန်တော်နဲ့ကယုကယင်နေတတ်တုန်းပဲ။ ရုပ်ရှင်ကြည့်နေတုန်း ညီ့ပခုံးပေါ်မှီလိုက်လည်း နေရာရွေ့မသွားဘူး။ ညီက လည်း ကျွန်တော့်ကျောမှာ ခေါင်းအုံးအိပ်ဖို့ဝန်မလေးဘူး။ ကျွန်တော်က ဘယ်လိုလိင်ဆန္ဒတွေပဲရှိရှိ အဲဒါက ပြဿနာမဟုတ်ဘူး။ တွေးတော စိတ်ပူစရာမလိုဘူးလို့ ညီက ပြောတတ်သလို ကျွန်တော့်ကို အရင်လိုဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ ညီက လူ့အရိပ်အကဲကို ထုံးလိုမွှေရေလိုနှောက်သိကျွမ်းသူမို့ သူဒီလို ဆက်ဆံနေတာ ကျွန်တော့်စိတ်ထဲ မသက်မသာဖြစ်နေလားလို့ မေးခဲ့တယ်လေ။

သက်ပြင်းပူကို ခိုးရှိုက်ရင်း 'အရင်လိုပဲ ရှိစေချင်တယ်'လို့ဖြေခဲ့ပေမယ့် နှစ်ယောက်အတူရှိချိန်တိုင်းမှာ ညီက အေးဆေးကြည်သာဖြစ်နေတာနဲ့ ဆန့်ကျင်ဘက် - ကျွန်တော်ကတော့ စိတ်မငြိမ်မသက် ဖြစ်နေခဲ့တယ်။  

(ဆက်ရန်...)
မယ့်ကိုး 


မှတ်ချက်။ မေလ(၃)ရက်နေ့မှ စတင်ကာ 'အရေးပေါ်အခန်းထဲမှာ' စာအုပ်ကို မြန်မာတစ်နိုင်ငံလုံး ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းက မှာမယ်ဆို စာအုပ်ကို အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုလည်း ရနိုင်ပါတယ်။ ဖြန့်ချီရေးဖြစ်တဲ့ မြန်မာ့ခေတ်ကို ဖုန်းနံပါတ်...၀၉၄၂၂၄၉၃၀၉၀-၀၉၄၂၂၅၄၀၅၉၆-၀၉၄၀၀၃၀၁၄၆၀- email .... mmage.publishing@gmail.com တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ onlineမှ စာအုပ်မှာယူလိုပါလျှင် Myanmar Bookshop က ဝန်ဆောင်မှုပေးပြီး  http://www.myanmarbookshop.com/MyanmarBooks/BookDetails/31735မှာ မှာယူနိုင်ပါတယ်။ 

စာကြွင်း။စာဖတ်အညွှန်း... 
စာမျက်နှာ(၃၀)ပြီးနောက်ခဏနားပါ။ အအေးသောက်ပါ။ စာမျက်နှာ (၃၁) ကို ရှာပါ။ (တစ်ချို့စာအုပ်များတွင် စာအုပ်ချုပ်မှားယွင်းမှုကြောင့် နောက်နှစ်ရွက်ကျော်မှာ (၃၁) ဖြစ်နေပါတယ်။) ကျွန်မကို ခွင့်လွှတ်ပါ။ စိတ်ငြိုငြင်မှုကင်းစွာ စာအုပ်လေးကို ချစ်နိုင်ဖို့ ဆုတောင်းပါတယ်။ ကျေးဇူးအထူး... :)
Happy Reading!

11 May 2014

ညီရဲ့ ကျွန်တော် ... ကျွန်တော်ရဲ့ သူမ

သူတို့ကိုယ်သူတို့ လက်တွေ့ကျတယ်လို့ဆိုသူတွေက ပြောကြတယ်။ မြင်မြင်ချင်းအချစ်ဆိုတာ မရှိဘူးတဲ့။ မဖြစ်နိုင်ဘူး။ ကျွန်တော် ညီ့ကို မြင်စဉ်ခဏမှာပဲ စွဲလမ်းချစ်ခဲ့ တယ်။ ဟုတ်တယ်။ ‘It was love at second sight’ ဆိုတဲ့ စကားပုံမှ မရှိတာ။ ညီက ကျွန်တော့်စိတ်ကူးယဉ်အိပ်မက်ထဲက ယောက်ျားလေးဖြစ်ခဲ့တယ်။ ကျွန်တော့်အိပ်မက်ထဲမှာရှိနေတဲ့ လိုအပ်ချက်ကွက်လပ်တွေ၊ လစ်ဟာမှုတွေကိုတောင် ဖြည့် ဆည်းပေးနိုင်သူရယ်လေ။ ကျွန်တော်ကရော ညီ့ပန်းပုကို ချို့ယွင်းချက်မရှိ ထုလုပ်နိုင်ပါ့ မလား။

 ကျောင်းတွေဖွင့်လို့ တစ်ခန်းတည်းတက်ရတဲ့အခါ စိတ်ထားကောင်းမွန်ဟန်ရှိပြီး ရှက်တတ်တဲ့ညီ့ကို ပိုတိုးလို့ ငြိတွယ်ခဲ့မိတယ်။ ယနေ့ထက်တိုင် ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်ပေါ့။ ညီ့ကို အရိပ်တကြည့်ကြည့် စောင့်ကြည့်နေမိတာဟာ ပန်းချီဆွဲ နေတုန်းမှာ ဘယ်နေရာမှာ အသေးစိတ်ထည့်ရမလဲလို့ သတိထားနေမိသလိုမျိုးပဲ။

 ညီက တခြားယောက်ျားလေးတွေလို ပါးစပ်မသရမ်းဘူး။ မိန်းကလေးတွေကို မလှောင်ဘူး။ မစနောက်ဘူး။ အခံရခက်တဲ့ စကားတွေမပြောဘူး။ ညီက ကျောင်းသားသစ် အပေါင်းမသင်းမရှိဖြစ်နေတာလည်း အရေးပါတဲ့အချက်ဖြစ်ပါလိမ့်မယ်။ ဒါကို အခွင့်ကောင်း ယူပြီး ညီနဲ့နီးစပ်အောင် လက်ဦးမှုရယူနိုင်ပါလျှက် သူငယ်ချင်းဖြစ်ဖို့ မချဉ်းကပ်ရဲပြန်ဘူး။ ကျွန်တော်က အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ပေါင်းသင်းတတ်တဲ့သူမဟုတ်ဘူး။ 

ညီ့ပုံရိပ်ကိုတော့ တစ်ချိန်လုံးဆွဲဖြစ်နေခဲ့တယ်။ ပန်းချီဆွဲတယ်ဆိုတာလည်း စွမ်းအင်တစ်ခုကို မြင်နိုင်တဲ့အရာတစ်ခုအဖြစ် ပြောင်းလဲယူခြင်းပဲ။ ခင်ဗျားက ဘယ်စွမ်းအင်ကို ဖော်ပြချင်တာလဲ။ ပုံရိပ်မှာ သူ့ဝိညာဉ်ကို ဘယ်လိုထည့်သွင်းချင်တာလဲ။ အဲဒီပုံရိပ်က အသက်ဝင်ဖို့ ဇာတ်လမ်း၊ ဇာတ်ကွက်လိုအပ်တယ်။

ကံကောင်းချင်တော့ ကျွန်တော်တို့ညီအစ်ကိုတွေ ရပ်ကွက်ဘောလုံးကွင်းမှာ ဘောလုံးကန်နေတုန်း ညီဖြတ်လျှောက်လာတာ တွေ့တယ်။ ကျွန်တော် မသိမသာနဲ့ ဘောလုံးကို ညီ့ရှေ့နားရောက်အောင် ကန်ပစ်လိုက်ပြီး ဘောလုံးကောက်ဖို့ ပြေးသွားတော့ ညီက ဘောလုံးကို ကျွန်တော့်ဆီ ပြန်ကန်တယ်။ ကျွန်တော်ကလည်း ဘောလုံးကိုမထိန်းယူဘဲ ညီ့ဆီပြန်ကန်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်အပျော်လွန်နေခဲ့သလို ညီကလည်း ပြုံးနေခဲ့တယ်။ အစ်ကိုတွေက 'ညီလေး အစ်ကိုတို့နဲ့ လာကစားပါလား'ဆိုကာ ညီ့ကို ကြိုဆိုကြတယ်။

ပန်းပုထုသလိုပဲ အဆုံးမှာတော့ လက်တွေလည်ပတ်နေစဉ်မှာပဲ တစ်စုံတစ်ရာဟာ သက်ဝင်ရောက်ရှိလာပြီလေ။ ဗွက်အိုင်ထဲမွှေနေစဉ်မှာ ရုပ်လုံးပေါ်လာပြီး ရေတွေငြိမ်ကျသွားတာ မြင်ရသလိုမျိုး စိတ်အားတက်သွားတယ်။ ညီခေါင်းငြိတ်ပြီးတဲ့နောက် ကျွန်တော်တို့ တွေ သူငယ်ချင်းဖြစ်လာခဲ့တယ်။ အနီးကပ်ပေါင်းသင်းကြည့်လေ ညီ့ရဲ့အဖိုးမဖြတ်နိုင်တဲ့အရည်အချင်းကို မြတ်နိုးမိလေပဲ။

 ညီ့မှာ ဖွဲ့ဆိုစရာအရည်အချင်းများစွာရှိတယ်။ ဥာဏ်ရည်ထက်မြက်တယ်။ ပါးနပ် ချက်ချာတယ်။ ဟာသဥာဏ်ရှိတယ်။ ကြင်နာသနားတတ်သူဖြစ်တယ်။ ဘယ်အချိန်ကြည့်ကြည့် တင့်တယ်လှပတယ်။ ညီဟာ စိတ်ညစ်ညူးမှုမြစ်ထဲမှာ တစ်ပိုင်းတစ်စနစ်နေတဲ့ ကျွန်တော့်ကို လာဆယ်ဖို့ကြိုးစားတဲ့ မေခလာနတ်သမီးလို့တင်စားချင်တယ်။ တစ်ယောက်အတွက်တစ်ယောက် အဆင်သင့်ရှိခဲ့ကြတယ်။ ညီချစ်ဖို့ကောင်းတာ စာဖွဲ့မမီနိုင်အောင်ဘဲ။ အထူးသဖြင့် မျက်ဝန်းညိုညိုလေးတွေက အရည်တလဲ့လဲ့နဲ့ ရယ်နေသလိုပဲ။ အထူးခြားဆုံးက ရိုးသားမှုဟာ ညီ့ရိုးတွင်းချဉ်ဆီတိုင် စိမ့်ဝင်နေတယ်။ အမြဲတစေ ဟန်ဆောင်နေရတဲ့ ကျွန်တော့်အတွက်တော့ ညီရဲ့ဖြူစင်ပွင့်လင်းမှုက အကောင်းမွန်ဆုံး အရည်အချင်းပဲ။

ညီ့ရဲ့တည်ကြည်လှပတဲ့စိတ်ထားက ကျွန်တော်မနှစ်လိုတဲ့ လူနေမှုဘဝအထွေ ထွေကို အကောင်းမြင်လာစေတယ်။ ခါးသီးမှုတွေလျော့ပါးစေတဲ့ အကျိုးသက်ရောက်မှုရှိခဲ့ တယ်။ ကျွန်တော်နားလည်ခံစားမိတဲ့ ဒီလက္ခဏာရပ်တွေကို ညီ့ပုံတူပန်းပုထဲမှာ အပြည့်အစုံ ဖြည့်စွက်နိုင်ပါ့မလား။ ဆယ်တန်းနှစ်မှာ ကျူရှင်အတူတက်ဖြစ်ကြတယ်။ စာသင်ချိန်ပြီးသွားတဲ့အခါ ညီ့အိမ်ကို သွားလည်ဖြစ်တယ်။ နှစ်ဖက်မိဘကလည်း ကျွန်တော်တို့တွဲနေတာ ကြည်ဖြူတယ်။

ညီနဲ့ဆုံရင် မိန်းကလေးတွေအကြောင်း နားထောင်ရတဲ့အပြင် ကိုယ့်အကြောင်း၊ သူ့အကြောင်းလည်း ပြောဖြစ်ကြတယ်။ ကျွန်တော်တို့နှစ်ယောက်မှာ တူညီမှုတွေများတယ်။ ဆန်းကြယ်တဲ့အမှန်တရားပါ။ ပထမဆုံးအနေနဲ့ ကျွန်တော့်တို့မှာ မနီးရိုးစွဲဖက်ရှင်အမြင်ရှိတယ်။ နေကာမျက်မှန်ဆင်တူအပြင် အင်္ကျီတွေလည်း ဆင်တူရှိတယ်။ ကျွန်တော်တောင့်တခဲ့တဲ့ အရင်းနှီးဆုံးယောက်ျားလေးသူငယ်ချင်းပုံစံမျိုးပေါ့။ ညီမတိုင်ခင်အထိ ဘယ်သူစိမ်းယောက်ျားလေးနဲ့မှ မကျွမ်းဝင်ခဲ့ဘူးလေ။ ကျွန်တော့်မှာ အသိမိတ်ဆွေတွေရှိပေမယ့် စိတ်လွတ်ကိုယ်လွတ်ရင်းနှီးတဲ့ယောက်ျားလေး သူငယ်ချင်းဆိုတာ မရှိခဲ့ဘူး။

 ယောက်ျားလေးတွေကိုကြည့်ရတာ မရင့်ကျက်တဲ့ ကလေးတွေနဲ့ တူပြီး ကျွန်တော်တို့ကြားမှာ ပြောစရာစကားမရှိဘူး။ ညီနဲ့ကျတော့ ပြောစရာမကုန်နိုင် အောင်ဘဲ။ နှစ်ယောက်လုံးအတွက် ဂီတက အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး နှစ်သက်ရာတွေကလည်း ထပ်တူထပ်မျှညီညာတယ်။ ကျွန်တော့်အကြိုက်ဆုံးသီချင်းတွေအကြောင်း ညီ့ကိုမိတ်ဆက်ပေးတဲ့အခါ သူနားထောင်တဲ့သီချင်းတွေ ဖြစ်နေတယ်။ ညီ့လက်ရွေးစင် သီချင်းတွေကလည်း ကျွန်တော့်အနှစ်သက်ဆုံးတွေပဲ။ ကျွန်တော်တို့ရဲ့အတွေးအမြင်တွေ၊ တန်ဖိုးထားမှုတွေ၊ ဘဝကို ကြည့်တာတွေ၊ လူတွေအပေါ်မြင်တာခြင်းကအစ နီးစပ်ဆင်တူတယ်။ ညီမျှတဲ့ ရင်းနှီးကျွမ်းဝင်မှုတွေရှိတယ်။ နီးကပ်ဆက်စပ်နေတဲ့ စိတ်သဘောတွေရှိတယ်။

အထူး ပြောစရာရှိသေးတယ်ဗျ။ ကြက်သီးထရလောက်အောင် တိုက်ဆိုင်မှုကတော့ ကျွန်တော်တို့စိတ်ကူးထဲက အိမ်ကလေးအကြောင်း ဆွေးနွေးဖြစ်တဲ့အခါမှာလေ။ ကျွန်တော်အနှစ်သက်ဆုံးအရောင်က စိမ်းပြာရောင်ဖြစ်ပြီး အဲဒီအရောင်တွေကို ကျွန်တော့်အိပ်ခန်းထဲမှာ ထည့်မယ်လို့ပြောတဲ့အခါ ညီကလည်း ထပ်တူဆိုတယ်။ နောက်ဆုံး ထမင်းစားပွဲကို ဖန်နဲ့လုပ်မယ်ဆိုတာကအစ နောက်ဆုံးအိမ်ခေါင်မိုးကို အပေါက်ဖောက်ပြီး မှန်နဲ့ဆောက်ကာ ကြယ်တွေကြည့်ချင်တာကအဆုံး တစ်ပုံစံတည်းဖြစ်နေတယ်။ အံ့သြစရာပဲ။ ကျွန်တော်တို့ခေါင်းထဲမှာ ရှိနေတဲ့အိမ်က တစ်ခုတည်းလား။

ကျွန်တော်တို့နှစ်ဦးဟာ စိတ်တူအဖော်လို့တောင်ခံစားရပြီး ဘယ်လိုအခြေအနေမှာပဲရှိရှိ သန်စွမ်းတဲ့ဆက်နွယ်မှုရှိတယ်။ တခြားလူတွေကပြောလိမ့်မယ်။ ဆန့်ကျင်ဘက်ဖြစ်မှ စိတ်လှုပ်ရှားစရာကောင်းမှာမို့ ဒီလောက်တူနေတဲ့အခါ ပျင်းရိငြီးငွေ့စရာကောင်းမှာပဲဆိုပြီး။ ဒါပေမဲ့ ကိုယ့်နဲ့ အတွေးခေါ်တူသူ၊ အကြိုက်တူသူနဲ့နေရတာ ကြည်နူးစရာကောင်းလွန်းလှ တယ်ဗျာ။ နောက်ထပ်ဘာတွေများ သဘောညီဦးမလဲဆိုပြီး မျှော်တလင့်လင့်စောင့်ရတာ လည်း ကြည်နူးရင်ခုန်စရာပဲ။ ညီနဲ့အတူရှိချိန်တိုင်းမှာ ဆယ်တန်းစာမေးပွဲအမှတ်စာရင်း ထွက်လာမှာကို စောင့်ရတာထက် ပိုပြီးစိတ်လှုပ်ရှားရတယ်။

 ရင့်ကျက်သူတို့ ထားအပ်တဲ့ စိတ်နေသဘောထားကိုလည်း မိဘ၊ အစ်ကို၊ အစ်မတွေဆီကသာမက ညီ့နဲ့ဆက်ဆံမှုကတဆင့်လည်း သင်ယူခဲ့တယ်။ ခက်တာက အများအမြင်မှာရော ညီ့အမြင်မှာပါ ကျွန်တော်က ယောက်ျားစင်စစ် ဖြစ်နေတယ်။ ကျွန်တော့်ကို စိတ်ဝင်စားတဲ့မိန်းကလေးတွေရှိတယ်။ သဘောကျတဲ့သမီးရှင် တွေရှိတယ်။ အဖေရိုက်တာ၊ အစ်ကိုတွေက လှောင်ပြောင်တာတွေကိုလည်း ရပ်တန့်စေချင်ပြီ။ ရည်းစားထားလိုက်မှ အားလုံးရဲ့သံသယအကြည့်တွေကို ပယ်ဖျောက်နိုင်မယ်လို့ ထင်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း မိန်းမဆန်တယ်ဆိုတဲ့စာတန်းကို ကျွန်တော့်နဖူးမှာ ကပ်မနေစေချင်ဘူး။ မိန်းမလျာဆိုပြီး ပွင့်ပွင့်လင်းလင်းဖြစ်သွားမှာလည်း စိုးထိတ်နေတယ်။

ညီ့ခြေရာကိုနင်းပြီး မိန်းကလေးတွေကို ကြိုးစားပြီး စိတ်ဝင်စားခဲ့တယ်။ ဒါမှမဟုတ် ညီနဲ့ ပိုမိုတူညီနီးစပ်နိုင်အောင် စိတ်ဝင်စားဖို့ ကြိုးစားမိတာလည်းဖြစ်မယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေကိုပဲချစ်ရမယ်လို့ ဆိုကြတယ်မဟုတ်လား။ ကျွန်တော်နှစ်လိုတဲ့ ကောင်မလေး လေးငါးခြောက်ယောက်ရှိပြီး သူတို့နဲ့တွဲချင်ခဲ့တယ်။ မိန်းကလေးတွေက ကျွန်တော့်ကို ပြန်ကြိုက်ချင်သလိုရှိပေမယ့် သူတို့အပါးမှာ မသာယာနိုင်ဘူး။

နီးစပ်မှုဟာ တစ်လမျှမကြာခင် စိတ်ဝင်စားမှုက လျှောကျပျောက်ကွယ် သွားတယ်။ ပြီးတော့ သူတို့အပေါ်စိတ်ခံစားမှုဟာ မကြမ်းတမ်းခဲ့ဘူး။ အစ်ကိုတွေပြောသလို ဘယ်တုန်းကမှ သူတို့နဲ့အိပ်ဖို့မစဉ်းစားခဲ့ဘူး။ လက်ကလေးကိုင်ရုံ၊ နမ်းရုံလောက်သာ စိက်ကူးယဉ်ခဲ့တာပါ။ အခုပြန်စဉ်းစားမှ ဟိုတစ်ယောက်၊ ဒီတစ်ယောက် အတွေးနဲ့ကြိုက်ခဲ့တဲ့ မိန်းကလေးတွေက ယောက်ျားလေးဆန်ဆန်၊ ယောက်ျားလျာပုံစံလေးတွေဖြစ်နေတာ သတိထားမိတယ်။

ကောင်မလေးတစ်ယောက်နဲ့တော့ သုံးလလောက်တွဲဖြစ်ခဲ့တယ်။ ကောင်မလေးကို ကျွန်တော့် အနားမှာခေါ်ထားတာ ချစ်လို့မဟုတ်ဘူးဆိုတာ သူမသာသိရင် ဘယ်လောက်ရင်နာလိမ့်မလဲ။ သူမအနားမှာ ကျွန်တော်ရှိနေတဲ့အခါ စိတ်လုံခြုံပြီး တည်ငြိမ်အေးချမ်းစေတာမို့ အကာအကွယ်ယူတယ်ဆိုတဲ့သဘောကို နားလည်လာတယ်။ အသုံးချတယ်လို့ စွပ်စွဲလည်း စိတ်မကောင်းပေမယ့် မငြင်းနိုင်ပါဘဲ။ သူမက ရုပ်ရည်ချောမောသူလေး၊ မိကောင်းဖခင် သမီးလေး၊ စိတ်ထားကောင်းမွန်သူလေး။ လိင်ဆန္ဒကလွဲပြီး ကျွန်တော်လိုအပ်သမျှကို ဖြည့်ဆည်းပေးတဲ့ မိန်းကလေးပါ။

အရာအားလုံးဟာ ရည်းစားသဘာဝအခြေအနေတွေကို လွယ်လင့်တကူ အဆင်ပြေစေတယ်။ ညီ့ကြောင့်သာ မဟုတ်ရင်ပေါ့။ ကောင်မလေးနဲ့အတူရှိနေလျှက်မှာပဲ ညီ့ကို မျက်နှာမလွှဲနိုင်ဘူး။ လူပျိုပေါက်အရွယ်တည်းက အလိုအလျှောက်ငြိတွယ်မိတာ၊ သိစိတ်မှာ လက်ခံမိတာ၊ အိပ်မက်မှာ တောင့်တမိတာ ညီတစ်ယောက်သာပဲ။ ဂုဏ်ပကာသနတွေ၊ အခြွေအရံတွေထက် ညီနဲ့ တရားဝင်ချစ်ခွင့်ရဖို့ကို လဲလှယ်လိုက်ချင်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကောင်မလေးကို အနိုင်ကျင့်နေသလို ခံစားရတယ်။

ကျွန်တော်စဉ်းစားတယ်။ ဘာမှားနေလဲ။ သူမက ချိုသာတယ်။ လှပတယ်။ သွက်လက်ချက်ချာသလို ရည်မွန်ချစ်စရာကောင်းတဲ့ မိန်းကလေးပါ။ သူမမှာ ယောက်ျားအင်္ဂါသာရှိရင် အလုံးစုံပြီးပြည့်စုံသွားမယ်လို့ တွေးနေမိတယ်။ သူမအပေါ် အတွေးအခေါ်ကအစ မတရားမှန်းသိပေမယ့်၊ လူတစ်ယောက်ကို အသုံးချဖို့သက်သက် ဆက်သွယ်နေတာ ဆိုးရွားမှန်းနားလည်ပေမယ့် တွေဝေကာ မပြတ်သားနိုင်ခဲ့ဘူး။ 

မယ့်ကိုး




မှတ်ချက်။ မေလ (၃) ရက်နေ့မှ စတင်ကာ 'အရေးပေါ်အခန်းထဲမှာ စာအုပ်ကို မြန်မာတစ်နိုင်ငံလုံး ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်းက မှာမယ်ဆို စာအုပ်ကို အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုလည်း ရနိုင်ပါတယ်။ ဖြန့်ချီရေးဖြစ်တဲ့ မြန်မာ့ခေတ်ကို ဖုန်းနံပါတ်...၀၉၄၂၂၄၉၃၀၉၀-၀၉၄၂၂၅၄၀၅၉၆-၀၉၄၀၀၃၀၁၄၆၀- email  .... mmage.publishing@gmail.com တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။

 onlineမှ စာအုပ်မှာယူလိုပါလျှင် Myanmar Bookshop က  ဝန်ဆောင်မှုပေးပြီး http://www.myanmarbookshop.com/MyanmarBooks/BookDetails/31735  မှာ မှာယူနိုင်ပါတယ်။

စာကြွင်း။စာဖတ်အညွှန်း... 

စာမျက်နှာ(၃၀)ပြီးနောက်ခဏနားပါ။ အအေးသောက်ပါ။ စာမျက်နှာ (၃၁) ကို ရှာပါ။ (တစ်ချို့စာအုပ်များတွင် စာအုပ်ချုပ်မှားယွင်းမှုကြောင့် နောက်နှစ်ရွက်ကျော်မှာ (၃၁) ဖြစ်နေပါတယ်။) ကျွန်မကို ခွင့်လွှတ်ပါ။ စိတ်ငြိုငြင်မှုကင်းစွာ စာအုပ်လေးကို ချစ်နိုင်ဖို့ ဆုတောင်းပါတယ်။ ကျေးဇူးအထူး... :)

Happy Reading!

28 April 2014

ညီ


မိသားစုပန်းပုရုပ်ကို လက်စသတ်လိုက်ပေမယ့် ဒီရုပ်တုကြောင့် တစ်စုံတစ်ယောက်ကို ထိခိုက်မိမှာ စိုးထိတ်တယ်။ မိဘကျေးဇူးဂုဏ်တွေက ကျွန်တော့်ကို ကျောစိမ့်အောင် ကြောက်စေသလို ဒဏ်ရာတွေက မြစ်တစ်စင်းဆိုရင် ကျွန်တော်မနစ်မြုပ်ချင်ဘူး။ အနုပညာကို လှေလုပ်ပြီး တစ်ဖက်ကမ်းဆီ ဖြတ်ကူးချင်တယ်။ ဘယ်သူ့ကိုမှလည်း မထိခိုက် မနာကျင်စေဘဲနဲ့ပေါ့။ ဒါပေမဲ့ ကလေးငယ်ရဲ့မျက်ဝန်းတွေကိုမြင်တိုင်း ကျွန်တော့်စိတ်ဟာ နောက်ကျိအားကုန်သွားတယ်။ သူ့သွင်ပြင်ဟာ သေဆုံးသွားပြီး တခြားဝိညာဉ်ရောက်လာတဲ့ ဖုတ်ကောင်လိုပဲ။ ရွံ့နဲ့ထုထားပေမယ့် ဒီရုပ်ထုရဲ့အတွင်းပိုင်းမှာ ဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ်လို့ ခံစားရတယ်။

 ကျွန်တော့်ကိုယ်ပွားအရိပ်ကလေးရယ်လေ။ လူဘုံအလယ်မှာ အဝတ်အစားမဲ့မနေချင်သလို ရင်ထဲက ဖြစ်ပျက်မှုတစ်စိတ် တစ်ဒေသ၊ အားနည်းချက်၊ ပျော့ကွက်တွေကို မဖော်ပြချင်ပေမယ့် ပန်းပုထုခြင်းဟာ ဝေဒနာကုစားနည်းတစ်ခုလည်းဖြစ်တယ်။ သုတေသီတွေကတော့ ပန်းပုဟာ ကျွန်တော့်ရဲ့မျက်နှာပြင်တစ်ဖက်လို့ ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်တော့ မိသားစုပန်းပုရုပ်ဟာ အမှောင်ထုထဲတိုးဝင်ပြီး အလင်းရောင်ရှိရာဆီ မှန်းသွားသလို၊ လေလုံခန်းထဲမှာ အသက်ရှုပေါက်ကို ဖောက်နေသလို၊ ပိတ်မိနေတဲ့ ခံစားချက်တွေကို လွတ်မြောက်ခွင့်ပေးခြင်းသာ ဖြစ်တယ်။

ဖြစ်ရပ်မှန်က အနုပညာသာ ဒဏ်ရာတွေကိုသက်သာအောင် ကုသပေးနိုင်တယ်။ အနုပညာသာ ကျွန်တော့်ဘဝမှာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်ဖြစ်ပျက်ခံစားရသမျှကို မဖွင့်ထုတ်နိုင်ဘဲ လူတွေနဲ့ ကျွန်တော့်အကြား ဆက်သွယ်မှု ပျောက်ဆုံးပြီး ကျွန်တော်လည်း လူပီသသူဖြစ်လာမယ် မထင်ဘူး။

 လေ့လာသူတစ်ဦးမှာ မြင်တတ်တဲ့မျက်ဝန်း၊ ခံစားတတ်တဲ့ နှလုံးသားမရှိပေမယ့် ကျွန်တော့်ပန်းပုရုပ်တွေကို သူ့လွတ်လပ်ခွင့်အရ အကဲဖြတ်ဝေဖန်နိုင်တယ်။ ချီးကျူးအမွှမ်းတင်နိုင်တယ်။ လက်မခံငြင်းပယ်နိုင်တယ်။ ချင့်တွက်တန်ဖိုးဖြတ်နိုင်တယ်။ ကျွန်တော်ကတော့ အတိတ်ပုံပြင်တွေနဲ့အတူ ကျွန်တော့်ရုပ်တုတွေကို အဝတ်ပါးစကိုတောင်ခွာချပြီး မျှဝေခဲ့ပြီးပြီ။ အခုရုပ်တုတွေနဲ့အတူ ကျွန်တော့် အတိတ်ကို နှုတ်ဆက်ထားခဲ့လိုက်ပြီ။ ချမ်းမြေ့ ငြိမ်းအေးစွာ နေတော့မယ်။

ကျွန်တော်ဟာ လိင်သဘာဝကြောင့် အကျဉ်းကျနေသူမဟုတ်ပေမယ့် ဒီအနုပညာက အတိတ်နံရံတွေကြားမှာ ပိတ်မိနေတဲ့ကျွန်တော့်ကို လွတ်မြောက်စေတယ်။ အတိတ်သာမက အနာဂတ်မှာပါ လွတ်လပ်စွာထွက်မြောက်နိုင်ပြီလို့တောင် ဝံ့ကြွားပြောချင်တယ်။ ကျွန်တော့်အတွက် စိတ်လျော်ကြေးသဘောမျိုးလည်း ဖြစ်မယ်။ ပန်းပုထုတဲ့အခါမှာ ကျွန်တော်တွေ့ရှိနားလည်လာတာ တစ်ခုရှိတယ်။ လူတွေရဲ့ စရိုက်၊လူနေမှုစနစ်က ဘဝဖြစ်ခြင်း အကြောင်းဆိုသလိုပဲ ပန်းပုထုခြင်းကလည်း အဖြစ် အပျက်တွေ ထပ်ခါထပ်ခါ၊ တစ်ခါတလေကြိမ်ဖန်များစွာ ဖြတ်သန်းထွင်းထုပြီးမှ ပုံပေါ်လာတာ ဖြစ်တယ်။

 ဟုတ်ပါတယ်။ ဒီရုပ်တုတွေဟာ ကျွန်တော့်ခံစားချက်၊အမြင်တွေကို ရှင်သန်နိုးထလာစေပေမယ့် ဝေးကွာနေသူတွေကို မနီးစပ်စေနိုင်သလို အေးစက်မှုတွေကို မနွေးထွေးစေနိုင်ပါဘူး။ တခြားဖြစ်စဉ်တွေလို မခြားနားတဲ့ ဘဝဖြတ်သန်းမှုပါ။ ဒါပေမဲ့ ပန်းပုထုရင်း ကျွန်တော့်အကြောင်းကို တခြားသူတွေရဲ့တုံ့ပြန်ချက်ကို မူတည်ပြီး လေ့လာသလို စိတ်ဓာတ်အား ပိုမိုခိုင်မာလာခဲ့တယ်။ အခုလည်း ညီ့ပန်းပုက ကျွန်တော့်ကို အမှန်တရားတစ်ချို့  မြင်ခွင့်ပေးဦးမယ်လို့ မျှော်လင့်မိတယ်။

 ညီအစစ်နဲ့ ကျွန်တော့်တစ်ဖက်ကပဲ မြင်နေရတဲ့ညီ၊ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ပညာရှင်အမြင်၊ ရင်းနှီးသူပုံဖော်တာနဲ့ သူစိမ်းသူရဲ့ပုံရိပ်၊ သမာရိုးကျသဘောထားနဲ့ ဖောက်ထွင်းမြင်မိတဲ့စိတ်ထားတွေ။ ခက်ခဲပေမယ့် ကျွန်တော်ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ ညီ ကူညီပါ။ 

 

=======================================
ညီဟာ ထူးခြားအံ့သြစရာ တည်တံ့လှပတဲ့စွမ်းအင်နဲ့ ဖွဲ့စည်းတည်ဆောက်ထားသူပါ။ ဒါကြောင့် ညီ့ပန်းပုရုပ်ထုခြင်းဟာ ကျွန်တော့်အတွက် ခက်ခဲလှတယ်။ ပန်းပုထုခြင်းမှာ ခရီးရှည်တစ်ခု ဖြတ်သန်းရသလို ပုံရိပ်ကလည်း အဓိပ္ပါယ်တစ်မျိုးတည်းမရှိဘူး။

ညီဆိုတဲ့ရုပ်တုဟာ ကျွန်တော့်ရဲ့တစ်စိတ်တစ်ဒေသလည်းဖြစ်တယ်။ သူ့ပုံတူကို တွေ့မယ်ဆိုရင် ကျွန်တော့်ကိုလည်း လှမ်းမြင်နိုင်မှာပဲ။ ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်စပ်နေတဲ့ ဘဝတွေ၊ ပေါင်းယှက်ထားတဲ့ စိတ်ခံစားမှုတွေ၊ နှီးနွယ်နေတဲ့ ခေတ်ကာလတွေ အားလုံးကို ထွင်းဖောက်မြင်တွေ့ခံစားနိုင်မယ်။ အမှတ်တရတွေဟာ ညီပန်းပုရုပ်ဖြစ်တည်မှုမှာ အရေးပါတဲ့ ပါဝင်ပစ္စည်းပေါ့။ 

ညီတို့အမေမုဆိုးမသူနာပြုဆရာမက ကျွန်တော်တို့မြို့လေးရဲ့ မြို့နယ်ဆေးရုံကို ပြောင်းလာပြီး ကျွန်တော်တို့ရပ်ကွက်က မုဆိုးဖိုတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်လေ။ တနယ်တကျေးက ပြောင်းလာသူညီ့ကို နာမည်မှမသိခင်၊ အကျင့်ကိုမကြုံခင် မြင်စဉ်ခဏမှာပဲ စွဲလွမ်းပျော်ဝင်ခဲ့တာပါ။ ညီ့ပထွေးက ညီ့ကို ဂရုစိုက်ပေမယ့် အမြင်မကြည်တဲ့ တစ်ဘက်ဆွေမျိုးတွေ ကြားမှာ ညီနေထိုင်ရတာခက်ခဲမယ်ဆိုတာ အမေတို့ပြောဆိုနေတာတွေကြားရင်းနဲ့ သတိ ထားမိခဲ့တယ်။

အိမ်ရှေ့က ညီဖြတ်သွားတိုင်း ညီ့မျက်နှာတည်တည်လေးကအစ ဆံပင်ဖွာဖွာလေးတွေအဆုံး အလိုလိုဂရုဏာသက်ကြင်နာနေမိတယ်။ ညီ့ကို အများက 'ညီညီ'လို့ခေါ်ကြပေမယ့် ကျွန်တော်ကတော့ ညီရေ ... ညီရေလို့ အိပ်မက်ထဲမှာပင် စတင်ခေါ်နေမိတယ်။ 

ဆက်ရန်...

( အရေးပေါ်အခန်းထဲမှာ ဝတ္ထုရဲ့ တစ်စိတ်တစ်ဒေသဖော်ပြချက်ဖြစ်ပါတယ်ရှင်။ လုံးချင်းစာအုပ်ကို မေလ (၃)ရက်နေ့မှ စတင်ကာ ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။ :) 

ချစ်ခင်လေးစားစွာဖြင့်
မယ့်ကိုး

09 April 2014

ကျွန်တော်က...ဘယ်သူလဲ

တာဇံ၊ စူပါမင်းစတဲ့ ရုပ်ရှင်ကားတွေကြည့်ရင် မင်းသားတွေကိုသာ အာရုံဝင်စားနေမိတာ ပြန်မပြောချင်ဘူး။ ဘောလုံးသမားဒေးဗစ်ဘက်ခမ်းရဲ့ပုံတွေကို အခန်းနံရံပြည့်ကပ်ထားပြီး အားကျလို့၊ သူ့ပရိသတ်မို့လို့၊ သူ့ခန္ဓာကိုယ်မျိုးလိုချင်လို့ဆိုပြီး မိသားစုကို လှည့်ဖျားခဲ့ရတာတွေကို ပြန်မတွေးချင်ဘူး။ စိတ်ခံစားမှုအာရုံအားလုံးဟာ ရှုပ်ထွေးကာ ဝေခွဲမရဖြစ်နေပြီး ကျွန်တော်က ဘာလဲလို့ ရေရေရာရာမသိသေးတဲ့အချိန်ကို ပြန်မသွားချင်တော့ဘူး။ 

မင်းဘယ်သူလဲဆိုတာသိဖို့ မင်းရဲ့လိင်ရမ္မက်ကို သိရမယ်လို့ဆိုကြတယ်။ ကျွန်တော်ဘယ်သူလဲဆိုတာ ဒီပန်းပုရုပ်တုလေးက ပြောပြနိုင်ပါ့မလား။ ကျွန်တော်အတုကို ဗန်းပြပြီး အဖေ့ကို စိတ်ချမ်းသာစေချင်တဲ့၊ ဖြစ်သမျှအကြောင်း ကျွန်တော့်ကံအကြောင်းသာလို့ သက်သာရာရအောင် လှည့်စားဖြေသာအောင်နေတဲ့စိတ်က ဒီပန်းပုရုပ်အထိ ပါဝင်ချင်နေဆဲပဲ။

အိမ်ပြေးပြီးတည်းက အဖေနဲ့အမေ့စိတ်ကြိုက်ဖြစ်အောင်နေခဲ့တယ်။ ပကတိအမှန်တရားကို ဖုံးကွယ်ပြီးတော့ပေါ့။ ပင်ပန်းလွန်းလှတယ်။ ကလေးငယ်လေးဟာ သူဘယ်သူလဲလို့ ရှင်းလင်းပြောပြ ပေးမယ့်သူကို တောင့်တခဲ့တယ်။ ယောက်ျားပီပီသသကြီးတွေက သူတို့ကိုယ်သူတို့ လိင်တူချစ်သူလို့ ပြောတာတွေကိုလည်း မမြင်ဖူး၊မကြားဖူးခဲ့ဘူးလေ။ မိန်းမနဲ့ကလေးတွေရှိပေမယ့် ယောက်ျားတွေနဲ့ ပုန်းလျှိုးကွယ်လျှိုးတွဲနေတဲ့သူတွေရှိလိမ့်မယ်လို့လည်း တွေးမကြည့်တတ်ခဲ့ဘူး။ လိင် သဘာဝဆိုတာ ဘယ်လိုဆိုတာ ကျွန်တော့်ကိုရှင်းပြပေးမယ့်သူမရှိဘူး။ အနားမှာ ဘယ်သူမှ မရှိဘူး။

ဒုတိယအကြိမ် အိမ်ကထွက်ပြေးချင်နေပေမယ့် အဝေးကို မပြေးတော့ဘူး။ အခန်းထောင့်ကိုပဲ ပြေးပြီးစာအုပ်တစ်အုပ်နဲ့ ထွက်ပါက်ရှာခဲ့တယ်။ အမေက ကျွန်တော့်ကို တက်ကျမ်းစာအုပ်တွေ ဖတ်ခိုင်းတယ်။ မြသန်းတင့်ရဲ့ 'လူကလေးသို့ပေးစာ'စာအုပ်ကိုဖတ်ပြီး အဲဒီလိုဖခင်မျိုးလိုချင်ခဲ့ပေမယ့် အဲဒီလူကလေးက လိင်တူချစ်သူဆိုရင် သူ့အဖေက ဘယ်လို စာမျိုးရေးမှာလဲလို့ သိချင်မိတယ်။

ကျွန်တော်ကြည်ခဲ့ဖူးတဲ့ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုအများစုမှာ လိင်တူချစ်သူတွေဆိုတာ ယောက်ျားတွေကို သိက္ခာမဲ့၊ အရှက်မဲ့၊ ဣနြေ္ဒမဲ့တပ်မက်နေတဲ့သူတွေအဖြစ် ပုံဖော်ထားတယ်။ လိင်တူချစ်သူကို လှောင်စရာ၊ ပြောင်စရာ၊ လေးစားစရာမရှိတဲ့ဇာတ်ရုပ် အဖြစ်ပြသကြတဲ့အခါ ကလေးလေးကျွန်တော် မရယ်နိုင်ခဲ့ဘူး။ ဂန်ဒူး၊အခြောက်ဆိုပြီး လိင်တူချစ်သူတွေကို နှိမ့်ချဆက်ဆံတာ၊ စော်ကား ပြောဆိုတာ၊ လှောင်ပြောင်သရော်တာ၊ မထီမဲ့မြင်စော်ကားတာခံရတဲ့သူတွေကိုမြင်ယောင်ရင်း သူတို့လိုမဖြစ်ချင်ဘူး။ နိုင်ငံရပ်ခြားက ရုပ်ရှင်၊ ရုပ်မြင်သံကြားအစီအစဉ်တွေလို သာမန်လူသားတွေအဖြစ် ဘာဖြစ်လို့သရုပ်မဖော်နိုင်ရတာလဲဆိုပြီးလည်း ကလေးမို့ စောဒကမတက်တတ်ဘူး။

 အသက်ကြီးလာတဲ့အခါ မိန်းမတစ်ယောက်နဲ့ချစ်လိုက်ရင် ကျွန်တော့်ရဲ့စွဲလမ်းမှုတွေ ပျောက်သွားပါစေလို့သာ မျှော်လင့်ဆုတောင်းနေမိပေမယ့်လည်း ခက်တာက မင်းသမီးတွေကအစ လှပတဲ့ဘယ်မိန်းကလေးကိုမှ စွဲလမ်းလို့မရခဲ့ဘူး။ ခန့်ထည်တဲ့ယောက်ျားလေးတွေရဲ့အပြုံး၊ အကြည့်တွေ ပြီးတော့ သူတို့ရဲ့ခမ်းနားလှပတဲ့ ကိုယ်ခန္ဓာတွေကိုသာ နှစ်လိုတပ် မက်နေခဲ့တယ်။

ယောက်ျားလေးတွေနဲ့စကားပြောတဲ့အခါမှာ သူတို့အပေါ်မှာ ထူးခြားတဲ့ အလင်းရောင် ဖြာကျနေသလို ခံစားရတယ်။ မိန်းကလေးတွေကို ကြည့်မိတဲ့အခါထက် သူတို့က ပိုလှနေတယ်။ တကယ်တော့ အလှတရားတစ်ခုအပေါ်မှာ တည်နေတဲ့ချစ်စိတ်ပါ။ လိင်ကိစ္စအတွေးတွေ ကျွန်တော့်စိတ်ကူးထဲမှာ ရှိမနေခဲ့ပါဘူး။ အဆုံးစွန်ပြောရမယ်ဆို လိင်ဘယ်လိုဆက်ဆံလဲတောင် မသိခဲ့သေးပါဘူး။ ဒါပေမဲ့ ယောက်ျားလေးကို စွဲမက်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ဆင်ခြင်ခဲ့တယ်။ စွဲဆောင်မှုတွေကို ကျွန်တော်ခုခံတွန်းလှန်ခဲ့တယ်။

အမှန်တရားကိုပြောဆိုတဲ့အခါမှာ လိင်ဟာ မဖြစ်မနေထည့်သွင်းဆွေးနွေးရမယ့် အရာဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ပြောကြတယ်။ ကျွန်တော့်ဘဝမှာတော့ လှည့်ဖျားမှုသာ ပဓာနကျခဲ့တယ်။ ယောက်ျားတစ်ယောက်ဟာ ဘယ်လို နေထိုင်ပြုမူရတယ်ဆိုတာကို မိသားစုနဲ့ပတ်ဝန်းကျင်က ပြောဆိုနေသမျှကို ကျွန်တော့်သိစိတ်ကရော၊ မသိစိတ်ကပါ လက်ခံထားနေမိတယ်။ အပြင်ပန်းအရတော့ အဖေ့စိတ်ကြိုက် ယောက်ျားဆန်အောင်နေတတ်လာခဲ့တယ်။ 

မိဘကချစ်အောင် ယောက်ျားလေးပုံစံနေပြီး မိသားစုကလက်ခံချင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် ယောက်ျားလေးတွေအပေါ် စိတ်ဝင်စားနေတာကို မချေမှုန်းနိုင်ခဲ့ဘူး။ ယောက်ျားလေးတွေကပဲ ကျွန်တော့်အပေါ် ဆွဲဆောင်နိုင်တယ်ဆိုတာ သဘောပေါက်နေခဲ့ပြီး သူတို့နဲ့နီးစပ်ခွင့်ကို လိုချင်ခဲ့တယ်။ သူတို့ရဲ့လက်တွေနဲ့ ကျွန်တော့်ကို ထွေးပွေ့ထားပြီး သူတို့ရင်ခွင်ထဲမှာ နွေးထွေးကြင်နာမှုကို ခံယူနိုင်တဲ့နီးစပ်မှုမျိုးပေါ့။ လူပျိုပေါက်အရွယ်တည်းက ပကတိအတိုင်းဖြစ်တည်နေတဲ့ ယောက်ျားလေးတွေအပေါ် စွဲလမ်းခြင်း ကို ဘယ်လိုဖျောက်ဖျက်နိုင်မလဲ။ 

ကယ်တင်ရှင်ကတော့ နတ်သမီးပုံပြင်တွေထဲက မင်းသားလေးမဟုတ်ဘဲ အိမ်နားက ပန်းပုထုတဲ့ ဦးလေးကြီးဖြစ်နေတယ်။ ခင်ဗျားလည်း အသိပဲ။ ပန်းချီဆရာဖြစ်ချင်တဲ့ ဟစ်တလာက ပန်းချီကျောင်းက ငြင်းပယ်ခဲ့လို့ ပန်းချီဆရာ မဖြစ်ခဲ့ရဘဲ ကမ္ဘာကျော်လူသတ်သမားဖြစ်လာခဲ့တယ်။ အနုပညာကို စိတ်ဝင်စားတဲ့ ကျွန်တော်လည်း ခိုလှုံစရာ အနုပညာရိပ်မရှိဘူးဆိုရင် ကျွန်တော့်ဘဝက တစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ပြီး ဖြစ်လိမ့်မယ်။ တစ်ချို့လူတွေလို စွဲလမ်းမှုကိုတိမ်းရှောင်ဖို့၊ ကဲ့ရဲ့မှုဒဏ်က လွတ်မြောက်ဖို့၊ စိတ်ဆင်းရဲမှုကိုမေ့ပစ်ဖို့၊ ဆေးခြောက်ကအစ ဘိန်းဖြူအဆုံး မူးယစ်ဆေးသုံးစွဲမိနိုင်တယ်။ အခုတော့ အဲဒီလွတ်မြောက်နည်းတွေမလိုဘဲ အနုပညာဟာ ကျွန်တော့်ကို စိတ်ဆင်းရဲမှုနွံ့ထဲက ကယ်တင်ခဲ့တယ်။

ကျွန်တော့်အတွက် ပန်းချီဆိုတာ လွင့်မျောနေတဲ့ တိမ်မျှင်လို ဝိုးတဝါးဖော်ပြချက်တွေသာဖြစ်ပြီး ပန်းပုက မြုပ်ကွယ်နေတဲ့ ခံစားချက်တွေ၊ အကြောက်တရားတွေ၊ အမှတ်တရတွေ၊ ဝိုးတဝါးပုံရိပ်တွေကို ဖမ်းဆုပ်ပြီး ရုပ်လုံးပေါ်အောင် ဖမ်းဆုပ်အသက်သွင်းရတာ ဖြစ်နေတယ်။ ရွံ့တွေနဲ့ ပန်းပုထုရတာကို သင်ယူစဉ်ကတည်းက အရသာတွေ့ခဲ့တယ်။ ပြီးတော့ ဆေးခြယ်တယ်။ မြင်မြင်ချင်းချစ်ခဲ့မိတာ ညီနဲ့ ပန်းချီ၊ ပန်းပုအတတ်ပညာပါပဲ။ ပန်းပုမှာ ထူးခြား တာတစ်ခုက အရာဝတ္ထုတွေက ကျွန်တော့်ကိုလှမ်းခေါ်နေတယ်လို့ ခံစားရတယ်။ သူတို့ကို အသက်သွင်းပေးပါလို့ ပြောနေတယ်။ ဒါကြောင့်ပန်းပုထုဖြစ်တာပဲ။

ပန်းချီ၊ ပန်းပုမှာ နစ်မြုပ်နေချိန်မှသာ ကျွန်တော့်ကိုကျွန်တော် လူသားစင်စစ်တစ်ယောက်ဖြစ်တယ်လို့ ခံစားရတယ်။ ပန်းချီ၊ ပန်းပုအနုပညာရှင်တွေဖြစ်သလို လိင်တူချစ်သူတွေဖြစ်တဲ့ လီယိုနာဒို ဒါဗင်ချီ၊ မိုက်ကယ် အိန်ဂျလိုတို့နဲ တစ်တန်းတစားတည်းလို့ ခံစားရတယ်။ ဒီလိုပြောလို့ လှောင်ချင်လည်းရပါတယ်။ ကျွန်တော်က အနုပညာချင်းနှိုင်းယှဉ် တာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်လို လိင်တူချစ်သူလို့ သိလိုက်ရချိန်မှာ သက်သာရာ ရခဲ့တဲ့ ခံစားချက်ကိုနားလည်နိုင်သူ နည်းပါလိမ့်မယ်။

မငတ်မွတ်ဖူးသူတွေဟာ ဆာလောင်သူတွေရဲ့ဝေဒနာကို ခံစားနားလည်နိုင်စွမ်းမရှိသလိုဘဲ ကျွန်တော့်ပြောစကားကို ကြားသူတွေကလည်း ကိုယ်ချင်းစာဖို့ခက်မှာပါပဲ။ ညီကတော့ ကျွန်တော်ပြောသမျှကို ခေါင်းတညိတ်ညိတ်နဲ့ နားလည်မှုရှိတဲ့ မျက်လုံးလေးတွေနဲ့ နားထောင်တတ်တယ်။ အဲဒါကြောင့်ပဲ ကျွန်တော်အရူးကြီးရူးခဲ့တာ ထင်ပါရဲ့။

ဒါပေမဲ့ ညီ့အကြံပြုချက်အတိုင်း မိသားစုပန်းပုထုဖြစ်သွားတာက ကျွန်တော်ရူးမိုက်လို့ မဟုတ်ပါဘူး။ ခင်ဗျားလည်း ခင်ဗျားရဲ့အတွေ့အကြုံတွေကို အသိပညာအဖြစ် ဘဝမှာအသုံး ချဖူးမယ်။ ကျွန်တော်က ပန်းပု၊ ပန်းချီအဖြစ် ဖန်တီးမယ်။ ကျွန်တော့်အတွက်တော့ ပန်းပုထုတယ်ဆိုတာ ကျွန်တော့်ကိုယ်ထဲမှာရှိနေတဲ့သူကို ပိုသိအောင်လုပ်တာဖြစ်တယ်။ စာဆန်ဆန် ပြောရရင်တော့ ကျွန်တော့်ကိုကျွန်တော်ရှာဖွေခြင်းပေါ့။ ကျွန်တော့်ကိုကျွန်တော် လေ့လာပြီး သိနားလည်လာခြင်းလည်းဖြစ်တယ်။ မကောင်းတဲ့အချက်ကတော့ ဒီလိုပုံသွင်းရင်း ရှာဖွေရတာ အားကုန်လှတယ်။

ထုလက်စကလေးပန်းပုရုပ်မှာ စိတ်ပျက်စရာ အကျည်းတန်တဲ့မွန်းကျပ်မှုတွေ ငြိတွယ်နေတယ်။ ဘယ်လိုလဲ။ ဒီရုပ်ပျက်ဆင်းပျက်ရုပ်တုကို ကြည့်ပျော်ရှုပျော်ရှိလာအောင် ပြုပြင်မွမ်းမံပြီး ဆက်ကစားသွားမလား။ ဒါမှမဟုတ် ဒီအသုံးမကျတဲ့ပန်းပုကို ဖျက်ဆီးပြီး အသစ်ပြန်တည်ဆောက်မလားလို့ ရွေးရတော့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ငယ်ပုံရိပ်ရုပ်တုမှာ ရိုးသားပွင့်လင်းမှုပဲ ရှိစေချင်တယ်။

မယ့်ကိုး 

(ဆက်ရန်...)  


မကြာမီထုတ်ဝေဖြန့်ချီမယ့် အရေးပေါ်အခန်းထဲမှာ ဝတ္ထုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်ရှင် :)

29 March 2014

အိမ်ပြေးသူကလေး

ငယ်ငယ်လေးတည်းက ကျွန်တော်ပုံဆွဲခဲ့တယ်။ အဖေနဲ့အမေလက်ကို တွဲထားတဲ့ ကလေးငယ်ကျွန်တော်ပါဝင်တဲ့ မိသားစုပန်းချီကလေးကားချပ်လေးတွေပေါ့။ အခုလည်း မိသားစုဆိုတဲ့ ပန်းပုရုပ်ထဲမှာ ကျွန်တော့်ကို ကိုယ်စားပြုတဲ့ ကလေးငယ်ရုပ်တုလေးထည့်သွင်းချင်တယ်။ မိဘချစ်အောင်ကြိုးစားနေတဲ့ ကလေးငယ်တစ်ယောက်လေ - မိန်းကလေး အသုံးအဆောင်တွေကို နှစ်သက်တဲ့စိတ်ကို ချိုးခြေလိုက်ပြီး ယောက်ျားဆန်ခြင်းဆိုတဲ့ ပုံစံ ခွက်ထဲမှာ တတ်နိုင်သမျှနေခဲ့တယ်။

ကျွန်တော်နားလည်တဲ့ ယောက်ျားဆန်ခြင်းဆိုတာ စိတ်လှုပ်ရှားမှုနည်းအောင်နေခြင်း၊ သန်စွမ်းအင်အားရှိတဲ့ပုံပြခြင်း၊ ခက်ထန်မာကျောလေဟန်ဆောင်ခြင်းပါပဲ။ ယောက်ျားတစ် ယောက်လို့ ဆိုလိုက်တာနဲ့ သန်စွမ်းရန်လိုတဲ့ကျွဲကြီးကို မြင်ယောင်မိတော့တာပဲ။ ဒါကြောင့် ကျွန်တော့် အပြုအမူ၊ အပြောအဆိုတွေက သဘာဝမကျဘဲ စက်ရုပ်လို တောင့်တောင့်ကြီး ဖြစ်နေခဲ့တယ်။ ခင်ဗျားလည်းသိမှာပါ။ ပန်းပုထုတဲ့အခါမှာလည်း စိတ်ဝိညာဉ်မထည့်တဲ့အခါ စက်ရုံက ထုတ်လုပ်လိုက်သလို အသက်ကင်းနေဟန်မျိုးလေ။

ကျွန်တော့်ရဲ့ပုံတူကလေးရုပ်တုကိုတော့ အသက်ဝင်စေချင်ပေမယ့် မိန်းမဆန်ခြင်း ကို တတ်နိုင်သမျှ တွန်းထုတ်နေတဲ့ဟန် မထည့်ချင်ဘူး။ စိတ်ရှုပ်ထွေးမှုဝဲကတော့အလယ်မှာ ကြောက်လန့်တကြားနဲ့ ကယ်ပါ၊ ကူပါဆိုပြီး လက်မြှောက်အော်ဟစ်နေတဲ့ကလေးတစ်ယောက် ပုံစံမထုချင်ဘူး။ ကျွန်တော့်ပန်းပုရုပ်ကလည်း သဘောမတူဘူး။ ပန်းပုက အသက်ဝင်လာတဲ့အခါ ကျွန်တော့်ကို ဦးဆောင်သွားတယ်။ သူ့အရိပ်ကို ဖမ်းမိဖို့ကတော့ လေ့ကျင့်သား ပြည့်ဝလာရင် မခက်ခဲပါဘူး။

အခုပန်းပုရုပ်ကလေးက တောင်းဆိုနေတယ်။ သူက ပြုံးပျော်နေချင်တယ်တဲ့။ နာကျင်ဝမ်းနည်းရိပ်ကလေး ဖြည့်မယ်ဆိုတာတောင် လက်မခံဘူး။ သူက ညီ့ပုံရိပ်ကိုမဖော်ခင် သွေးပူအောင် အစမ်းလေ့ကျင့်တဲ့ ဟန်ပြရုပ်တု မဟုတ်တော့ဘူး။ တကယ်ဖြစ်ချင်ခဲ့တဲ့ကျွန်တော့်ဆန္ဒကို ထွင်းထုနေတာဖြစ်သွားပြီ။ ပကတိပြင်ပမှာ ကျွန်တော်မပျော်တတ်ခဲ့ဘူးလေ။


အဖေ၊အစ်ကိုတွေနဲ့ ယောက်ျားလေးတွေနဲ့ ကျွန်တော့်အကြားဆက်သွယ်မှုက မသန်စွမ်းခဲ့ဘူး။ မိန်းကလေးတွေနဲ့ ပေါင်းသင်းရတာကိုပဲ ပိုမိုနှစ်သက်ခဲ့တယ်။ ဘယ်မိန်း ကလေးမှ ကျွန်တော့်ကို နှိမ့်ချပြီးခေါ်ဝေါ်တာ၊ လှောင်ပြောင်တာ မပြုကြဘူးလေ။ တခြားယောက်ျားလေးတွေဆီက 'အခြောက်၊ မိန်းမလျာ'ဆိုတဲ့ လှောင်ပြောင်ကဲ့ရဲ့သံတွေကြားရတယ်။ ဒေါသဆူပွက်နေပေမယ့် လက်တုံ့မပြန်နိုင်သလို ခွန်းကြီးခွန်းငယ်မပြောနိုင်ဘူး။ ဒေါသက နှလုံးသားအောက်ခြေမှာ အနည်ကျနေတဲ့ဝမ်းနည်းမှုကို လှုပ်ခတ်စေပေမယ့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားရတာ သွားတွေတောင်နာကျင်လာတယ်။ ကျွန်တာ့်အဖြစ်ကိုသိရင် ညီလည်း အနိုင်ကျင့်သူတို့ကို မုန်းမှာပဲ။

သူတို့နဲ့ တတ်နိုင်သလောက်ရှောင်နေမိတယ်။ သေချာတာက ယောက်ျားတွေနဲ့ ကျွန်တော်ကြားမှာ အမုန်းစည်းခြားထားတယ်။ သူတို့တားတဲ့စည်းပါ။ ကျွန်တော့်ကို လူသားတစ်ယောက်လို့ ဘာလို့ အသိအမှတ်မပြုနိုင်ရတာလဲ။ ကျွန်တော်က ခြားနားနေတာနဲ့ စော်ကားလို့ရမယ်လို့ ထင်ကြတယ်။ ဗိုလ်လုပ်နိုင်မယ်၊ ဝံ့ကြွားနိုင်မယ်လို့ ထင်ကြတယ်။ ကျောင်းမှာ နာမည်ပြောင်နဲ့အလှောင်ခံရတယ်။ အိမ်မှာအဖေက အထင်သေးပြီး ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ပြေးစရာမြေမရှိတဲ့ ကျွန်တော်ဒေါသထွက်တယ်။ ကြေကွဲတယ်။ အရှက်ခွဲခံရတာ ကြာလာတော့ စိတ်ဓာတ်ကျလာတယ်။ ကလေးဆိုတော့ ဝမ်းနည်းနာကျင်မှုကို သေးငယ်ပပျောက်အောင် ဘယ်လိုလုပ်ရမှန်းမသိဘူးလေ။

ဆူးတွေကြားမှာ ဖြတ်သန်းအသက်ရှင်ရတဲ့ဒဏ်ကို ကလေးမို့သည်းမခံနိုင်ဘူး။ ပြုံးနေရပေမယ့် ဘယ်လိုမှနေမသာတဲ့တစ်နေ့မှာတော့ အိမ်က ထွက်ပြေးခဲ့ရတယ်။ ညီ့ကိုတောင် မပြောဖြစ်သေးတဲ့ ငယ်ဘဝစွန့်စားခန်းလေ။ သုံးတန်းအောင်ပြီးလို့ လေးတန်းတက်မယ့်အချိန်၊ နွေရာသီကျောင်းပိတ်ရက်တွေ အပြီးမှာ ကျောင်းသွားအပ်ပြီး အမေက အသိအိမ်မှာနေခဲ့တယ်။ ကျွန်တော် တစ်ယောက် တည်း အိမ်ပြန်သွားပြီး စုဗူးထဲကပိုက်ဆံတွေကို ထုတ်လိုက်ပြီးတော့ စာကြည့်တိုက်ကို သွားတယ်။ ညနေနှစ်နာရီ စာကြည့်တိုက်ပိတ်ချိန်ထိ စာအုပ်တွေထိုင်ဖတ်နေတယ်။

စာဖတ်ရင် အချိန်ကိုမေ့သွားသလို အိမ်ကခိုင်းလိုက်တာလည်း အမှတ်မရတော့ ဘူး။ ဖတ်စရာလုံးလုံးကုန်မှ အိမ်ကို အူကြောင်ကြောင်ပြန်ရောက်ရင် အဖေက ရိုက်လေ့ရှိ တယ်။ ထားပါတော့ဗျာ။ အဲဒီနေ့က စာကြည့်တိုက်က ပိတ်တဲ့အခါ ဗီဒီယိုရုံကိုသွားတယ်။ ဇာတ်ကားတစ်ကားပြီးတော့ ၅ နာရီထိုးလောက်ဖြစ်သွားပြီ။ စိတ်ထဲမှာ လေးပင်နေတယ်။ ကြောက်နေတာလည်းမဟုတ်ဘူး။ အိမ်မပြန်ရဲ တာလည်း မဟုတ်ဘူး။ မပြန်ချင်တော့တာ။ ပြီးတော့ ကားဂိတ်ရောက်သွားတယ်။ မိတ္ထီလာကို သွားမယ့်ကားတစ်စင်းထွက်လာတယ်။ မိတ္ထီလာ၊ မိတ္ထီလာလို့အော်တော့ မိတ္ထီလာ-ချောက်မြို့ ကားလမ်းဘေးမှာရှိတဲ့ အဘိုး၊ အဘွားတို့ရွာကို သွားရင်ကောင်းမယ်လို့တွေးပြီး တက်လိုက်သွားဖြစ်တယ်။

လမ်းမှာ ကားဘီးပေါက်တယ်။ လမ်းမှာလည်း တွေ့သမျှမုန့်တွေ ဝယ်စားသေး ပေမယ့် ပိုက်ဆံတွေက အများကြီးကျန်သေးတယ်။ မိတ္ထီလာကိုရောက်တော့ ညကိုးနာရီ လောက်ဖြစ်နေပြီ ထင်တယ်။ ကားပေါ်ကဆင်းပြီး လမ်းမကြီးပေါ် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်ရင်း ဘုရားကြီးတစ်ဆူတွေ့တော့ ငါဘုရားပေါ်တက်အိပ်မယ်လို့ တွေးတယ်။ ချောက်ကို ထွက်မယ့်ကားမရှိတော့ဘူးဗျ။ တစ်ညအိပ်ရတော့မှာ။ နောက်တော့ အုတ်ကျင်းရပ်ကွက်မှာနေတဲ့ ဦးလေးတစ်ယောက်ကို သတိရတာနဲ့ ဘယ်လိုသွားရသလဲဆိုပြီးတော့ လမ်းဘေးကအိမ်တစ်အိမ်ကို ဝင်မေးတဲ့အခါ သူတို့က မေးတယ်။

 'အုတ်ကျင်းကို ဘာသွားလုပ်မှာလဲ'တဲ့။ 'ပျဉ်းမနားကလာတာ။ မိဘတွေနဲ့ ကွဲလာလို့ အုတ်ကျင်းမှာ အဖေ့ညီဝမ်းကွဲတစ်ယောက်ရှိတယ်။ ကိုအောင်ကျော်လို့ခေါ်တယ်' လို့ ဖြေခဲ့တယ်။သူတို့က 'အုတ်ကျင်းဆိုတာ အကျယ်ကြီးကွ။ မင်းအောင်ကျော်က ဘယ်အောင်ကျော်မှန်းမှ မသိတာ။ ဒီလိုလုပ် ရဲစခန်းသွားကြမယ်။ ခုလောက်ဆို မင်းအိမ်က ရဲတိုင်ပြီးလောက်ပြီ'ဆိုတော့လန့်သွားပြီး 'ကျွန်တော်အိမ်က ထွက်ပြေးလာတာ'လို့ ပြောလိုက်တယ်။ နောက်ဆုံးတော့ အိမ်ရှင်က ရဲစခန်းကို ဖုန်းဆက်။ အဖေရောက်လာပြီး ကျွန်တော်လည်း အိမ်ပြန်ရောက်သွားတယ်။

အဖေက ထုံးစံအတိုင်း ကျွန်တော့်ကိုရိုက်ပြီး အမေ့ကတော့ သားစိတ်နဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်နေပေမယ့် တစ်လလောက် ကျွန်တော့်ကို စကားမပြောဘူး။ အစ်ကိုနှစ်ယောက်က တစ်မြို့လုံးအနှံ့ ကျွန်တော့်ကို ရှာကြတာ။ မြို့ပြင်က သင်္ချိုင်းတွေရောက်ကြ၊ ရေတွင်းပျက်တွေ ရောက်ကြလို့ ပြန်ပြောကြတယ်။ ထူးဆန်းတာက အဖေနဲ့အမေနှစ်ယောက်စလုံး ကျွန်တော်ဘာကြောင့် အိမ်ကထွက်ပြေးလဲဆိုတာ မမေးကြဘူး။

အမှန်အတိုင်းဝန်ခံရရင်တော့ ဘယ်လိုအမှတ်တရ၊ အနာတရာကိုမှ မတူးဖော်ချင်တော့ပါဘူး။ အတိတ်ကမ်းစပ်မှာ လေညှင်းခံကာ လမ်းလျှောက်နေတာမဟုတ်ဘူးလေ။ မုန်တိုင်းအလာ မိုးနဲ့လေနဲ့ကြားမှာ အသက်လုပြေးနေရတဲ့အခြေအနေ မဟုတ်လားဗျာ။ အတွေးတွေက အားအင်ကုန်ခမ်းနွမ်းနယ်စေတယ်။ ကလေးဘဝတည်းက စုဆောင်းထားခဲ့တဲ့ဖြစ်ရပ်တွေက လှိုင်းကြမ်းမုန်တိုင်းတွေဖြစ်လာပြီး ကျွန်တော့်ကိုနှစ်သတ်ဖို့ ကြိုးစားတယ်။

မယ့်ကိုး
(ဆက်ရန်...)
မကြာမီထုတ်ဝေဖြန့်ချီမယ့် အရေးပေါ်အခန်းထဲမှာ ဝတ္ထုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်ရှင် :)

26 March 2014

ကျွန်တော် မပျော်ဘူးအမေ။ အိမ်ပြန်လာချင်တယ်။

ကျွန်တော်ဟာ အစ်ကိုတွေနဲ့မတူတဲ့ ခြားနားသူဖြစ်ကြောင်း၊ သဘာဝကို ထိန်းချုပ်မြိုသိပ်ထားရလို့ ပင်ပန်းဆင်းရဲတဲ့အကြောင်း အမေတို့ကို ရှင်းပြဖို့မဖြစ်နိုင်ဘူးလို့ သိခဲ့တယ်။ ဒါပေမဲ့ ယောက်ျားခန္ဓာမှာ မိန်းကလေးစိတ်နဲ့ပိတ်မိနေတဲ့ ကျွန်တော့်သဘာဝဟာ အိမ်သားတိုင်းသိတဲ့လျှို့ဝှက်ချက်ဆိုပါတော့။ 

လိင်တူချစ်သူတချို့က သူတို့ကဘယ်သူတွေ၊ ဘယ်လိုခံစားနေရတယ်လို့ မိဘတွေကို တိုင်တည်တဲ့အခါ မိဘတွေက အားပေးပံ့ပိုးတယ်ဆိုတာ ခင်ဗျားလည်း ကြားဖူးမယ်။ အဲဒီလိုမျိုး မိဘရဲ့နားလည်မှုလိုချင်ပေမယ့် ကျွန်တော့်ကိုမြင်တိုင်း အဖေက ဒေါသတွေထွက်ပြီး ရိုက်တတ်သလို အမေကလည်း ပြောခွင့်မသာအောင် ပိတ်ပင်တတ်တာမို့ ကျွန်တော်ရဲ့လိင်သဘာဝဟာ ဆွေးနွေးစရာမလိုတဲ့အကြောင်းအရာဖြစ်နေတယ်။

ပြန့်ကားမို့မောက်လာတဲ့ အတိတ်လွင်ပြင်ထဲမှာ ပန်းပုကို အစီအစဉ်တကျနေရာချထားမိတယ်။ ပန်းပုထုတဲ့အခါမှာ တွေ့ရှိမှုတွေဟာ အံ့သြစရာ၊ ကြည်နူးဝမ်းမြောက်စရာတွေချည်းမဟုတ်ဘူး။ အနည်ကျနေတဲ့ ဝမ်းနည်းနာကျင်မှုတွေကလည်း အကုသခံပျောက်ကင်းဖို့ သိစိတ်မျက်နှာပြင်ပေါ် တက်လာကြတယ်။

 အမေက ဘုရားစာတွေဖတ်ခိုင်းတဲ့အခါ အရင်ဘဝက သူများသားမယားကို ပြစ်မှားခဲ့သူမို့ အခြောက်ဖြစ်တာဆိုတဲ့ဆိုရိုးတွေက နှိပ်စက်လွန်းလှတယ်။ မသန့်စင်ခဲ့သူ၊ ယုတ်မာခဲ့သူမဖြစ်ချင်ဘူး။ ကျွန်တော်က အပြစ်လုပ်ထားသူမှ မဟုတ်ဘဲ။ သဘာဝမကျတဲ့ သူ၊ လူစဉ်မမီတဲ့သူဆိုတဲ့ လူတွေရဲ့အပြောကို ဘာဖြစ်လို့ရင်စည်းခံရမှာလဲ။ ဘယ်လို စော်ကားစကားကိုမှ ကျွန်တော် လက်သင့်မခံနိုင်ဘူး။ အရင်ဘဝကို ကျွန်တော်မသိဘူး။ လူတွေဘယ်လိုမြင်မယ်ဆိုတာလည်း အလေးမထားပါဘူး။ အမေနဲ့အဖေသာ ကျွန်တော့်ကြောင့် အရှက်ရမှာစိုးပါတယ်။ ဒါပေမဲ့လည်း မိဘကို စိတ်ချမ်းသာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘဲ။

ရွံ့စေးနဲ့ ပန်းပုထုတာ လွယ်ကူတယ်ထင်ရပေမယ့် ကျွန်တော့်အတွက်တော့ မိသားစုရုပ်တုဟာ ခက်ခဲတဲ့ဖြစ်စဉ်တစ်ခုပဲ။ အမေ့ကို နားလည်ဖို့ခက်သလို အမေ့သွင်ပြင် ကို ဖမ်းမိဖို့လည်း မလွယ်ကူပါဘူး။ ကိုယ်ဟန်ပြတဲ့အရာတစ်ခုရှိမှ ပန်းချီရေးချင်တဲ့သူတွေ လိုပဲ ဓာတ်ပုံတွေရှိပေမယ့် အမေ့အိမ်တစ်ခါလောက်သွားလည်ချင်တယ်။ အမေက ကျွန်တော့်ကို ဘယ်မိန်းကလေးနဲ့မှ စပ်ဟပ်အိမ်ထောင်ချပေးတာ မပြုလုပ်တော့ဘူးလို့ မျှော်လင့်ရတာပါပဲ။ ဒါပေမဲ့ အဖေနဲ့တွေ့ရမှာကြောက်တယ်။

မနှစ်က သီတင်းကျွတ်သွားကန်တော့ချိန်မှာ အဖေက ပြောတယ်။ 'လာချင်ရင် တစ်ယောက်တည်း လာ။ မင်းအကောင်တွေကို အိမ်ခေါ်မလာနဲ့'တဲ့။ အဲဒီနှစ်က ညီနဲ့အတူသွားဖြစ်ခဲ့တယ်ဗျာ။ 'သူက ကျွန်တော့်သူငယ်ချင်းပါ'လို့ အဖေ့ကိုဖြေခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်က ' Friends with benefit အတူ အိပ်နေသူတွေလို့ ဝန်ခံလို့မှမရဘဲ။

အဲဒီလိုပြောရင် အဖေလက်ခံမှာမဟုတ်တဲ့အပြင် မိဘကိုသရော်စော်ကားတယ်ဆိုကာ ကျွန်တော့်ကို ခွေးရိုက်သလိုရိုက်လိမ့်မယ်ထင်တယ်။ အဖေက မရိုက်ဘူးဆို ရင်လည်း သေသည့်တိုင် ကျွန်တော်တို့ကို ခေါ်ဝေါ်စကားပြောပါဦးမလား။ ထူးဆန်းတာက ညီက ကျွန်တော်တို့တစ်ရပ်ကွက်တည်းသား၊ ငယ်သူငယ်ချင်းမို့ အရင်ကလည်း တွဲသွားတွဲလာနေကြပဲ။ အခုမှ အဖေရိပ်မိလို့ ဒီစကားပြောတာဆိုရင် ချီးကျူးအံ့သြစရာကောင်းလှတယ်။

အဖေက သားအဖြစ်မှ စွန့်လွှတ်မယ်ဆိုလည်း ကျွန်တော်ကတော့ ကျွန်တော့် လိင်သဘာဝကို ဂုဏ်ယူခဲ့ပြီးပြီ။ ကျွန်တော်က လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အတွက် ခေါင်းငုံ့ သိမ်ငယ်စရာအကြောင်းမရှိသလို ဘယ်သူ့ကိုမှ ရွံ့ကြောက်နေစိတ်မထားနိုင်ဘူး။ အမှား မလုပ်တဲ့အတွက် မသိမ်ငယ်နိုင်ဘူး။ ဒီလိုအားတင်းလည်း အမေ့ကိုတောင်းပန်ရင်း အမေ့ပန်းပုရုပ်ကို တည့်တည့်မကြည့်ရဲသေးဘူး။ အမေ့ဟန်ပန်က ညင်သာတယ်။ သိမ့်မွေ့တယ်။ ပြီးတော့ ဝမ်းနည်းမှုတွေ သိုလှောင်ထားတယ်။ အမေ ကျွန်တော့်ကို စိတ်ပျက်နေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ 

အမေ့ပန်းပုရုပ်ရဲ့တိုးတက်မှုက အစပိုင်းမှာ နှေးကွေးပေမယ့် ဟန်ပန်ထင်ရှားလာပြီ ဖြစ်ပါတယ်။ အဆုံးသတ်လို့ရလုပါပြီ။ အချောသတ်မှုကိုတော့ စိတ်တိုင်းမကျဘဲ စိတ်တွေ၊ လက်တွေငြိမ်သက်သွားမယ့်တစ်ချိန်ကို ခိုကိုးရာမဲ့၊ စိတ်ပျက်လက်လျှော့ပြီး စောင့်ချင်တယ်။ ဝေဒနာတွေကို မရှုမလှလက်ပိုက်ကြည့်နေရတဲ့အချိန်တွေမှာ ပန်းပုရုပ်က အဓိပ္ပါယ်အမျိုးမျိုးဖြာထွက် လာတဲ့အခါ ဆေးရောင်ခြယ်ဖို့လည်း တွန့်ဆုတ်နေမိတယ်။

ရုပ်တုက စကားလှမ်းပြောတိုင်းမှာ အသက်ဝင်လာတယ်လို့ ယုန်ထင်ကြောင်ထင်ရုံမက ခြေလွတ်လက်လွတ် ထွက်ပြေးချင်စိတ်ပေါ်တယ်။ အမေ့ပုံတူပန်းပုရုပ်ဟာ ပြီးလုပြီးခင်မှာ ရပ်တန့်သွားပြန်တယ်။ ကျွန်တော့်ပျော်ရွှင်မှုတွေဟာ အမေ့ရုပ်တုထဲကို စိမ့်ဝင် ပျောက်ကွယ်သွားတယ်။ 

ကျွန်တော် မပျော်ဘူးအမေ။ အိမ်ပြန်လာချင်တယ်။ 

ကျွန်တော်ဘယ်လိုပြောပြော အမေမကြားနိုင်ဘူး။ အမေ ကျွန်တော့်ကို ပြန်လက်ခံလာအောင် ဘယ်လိုလုပ်ရမလဲ။ နည်းလမ်းတွေ မရှိပါဘဲ။ အမေ ကျွန်တော့်ကို မျက်ကွယ်ပြုခဲ့ချိန်ကစပြီး လူမှုဆက်ဆံရေးနည်းစနစ်တွေနဲ့ အလှမ်းကွာဝေးဆဲ။ အမေ့ရုပ်တုကရော အဖေ့ရုပ်တုလို လှောင်ပြောင်ဦးမှာလား။ ကျွန်တော် မကြည့်ရဲသေးပါဘဲ။

အဖေ့ရုပ်တုလိုပဲ အမေ့ရုပ်တုကို အနည်းဆုံးနှစ်ရက်၊ သုံးရက်ကြာအောင် အခြောက်ခံထားလိုက်ဦးမယ်။ ဒီအချိန်မှာ ကလေးလေးကျွန်တော့်ရုပ်တုပုံကို အစပြုချင် တယ်။ ခံစားချက်တွေ အရည်ပျော်နေတုန်း ထုဆစ်ပုံသွင်းချင်တယ်။

မယ့်ကိုး

(ဆက်ရန်...)
 မကြာမီထုတ်ဝေဖြန့်ချီမယ့် အရေးပေါ်အခန်းထဲမှာ ဝတ္ထုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။




16 March 2014

‘ မီးရောင်အောက်ကို ဝင်ရင်…’

လူဘုံအလယ်မှာ ကိုယ်က အကြောင်းအရာတစ်ခုကို ပြောဆိုဆွေးနွေးနေတုန်း လူတစ်ယောက်ရောက်လာပြီး ‘ဘုမသိ ဘမသိ ဝင်ပြောပြီး လူ့လောကမှာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ဘူးသေးဘဲနဲ့ စာလေးတလုံးစ နှစ်လုံးစရေးပြီး ကိုယ့်ကိုကိုယ် ဟီးရိုးအင်း ဖြစ်ချင်နေတဲ့ ငတိမ’ လို့ မိုက်မိုက်ရိုင်းရိုင်းစော်ကားပြောလာရင် ဘယ်လိုတုန့်ပြန်မလဲ။

ရှင်သာ ဘုမသိဘာမသိဝင်ပြောတာ။ ရှင်ကကော ဘဝမှာ ဘာဖြစ်ဖြစ်မြောက်မြောက်လုပ်ဘူးလို့လဲ။ ရှင်ကလည်း စာလေးတလုံးစ နှစ်လုံးစ ရေးပြီး ဆရာကြီးလုပ် ဟီးရိုးအင်း ဖြစ်ချင်နေတော့ ကိုယ့်စိတ်နဲ့ နှိုင်းတာမလားလို့ ပြန်ပြောမလား။ ဒါမှမဟုတ် ကျွန်မ သိသမျှ ပြောတာ၊ ကျွန်မက ဘဝမှာ ဘာတွေဖြစ်ဖြစ်မြောက်မြောက်လုပ်ထားတာ။ ကျွန်မရေးနေတဲ့စာတွေလို ရှင့်လို ဆရာကြီးလုပ်တဲ့စာတွေမဟုတ်လို့ ဟီရိုးအင်းဖြစ်စရာအကြောင်းမရှိဘူး။

ကျွန်မ စာရေးတယ်ဆိုတာ သူတပါးကို အသိပညာပေးဖို့၊ ကိုယ်ချင်းစာတတ်ဖို့၊ ကောင်းကျိုးအဖြာဖြာရစေဖို့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ တရားဟောဖို့၊ တိုက်တွန်းစည်းရုံးဖို့ စိတ်မဝင်စားဘူး။ လူတိုင်းမှာ ကိုယ့်အသိဥာဏ်နဲ့ကိုယ် အနိမ့်အမြင့်ရှိတယ်။ ဘဝတူတစ်ဦးဦးက သူလည်း ဒီလိုခံစားရပါတယ်။ သူ့ကိုယ်စားပြောပေးသလိုပဲဆိုတဲ့ ပဲ့တင်သံကြားချင်ရုံမျှပါပဲ။ဆိုကာ ဖြေရှင်းမလား။ ဒါမှမဟုတ် ဘုရားဟောတဲ့အတိုင်း ဆဲရေးတိုင်းထွာမှုကို ကိုယ်မယူတဲ့အခါ ဆဲတဲ့သူဆီပဲ ပြန်သွားတယ်လို့ သဘောထားမလား။

တကယ်တော့ဒီအောက်တန်းကျတဲ့ ထိုးနှက်ချက်တွေကို ခဲတစ်လုံးလို ကန်ကျောက်ပြီး မေ့ဖျောက်လိုက်ချင်ပါပြီ။ ဒါပေမယ့် စိတ်ခံစားမှုဆိုတာ ထားရာနေ၊ စေရာသွား သဘောမျိုးမရှိပါဘူး။ မိုက်ရိုင်းစော်ကားတဲ့အသံကြီးကို ဟိန်းထနေအောင် ကြားနေရတယ်။ အနာပေါ်တုတ်ကျတဲ့အခါ ဘယ်လိုလုပ်ရမလဲ။

အမှန်အတိုင်း ဝန်ခံရရင် ကျွန်မဘဝကို ရိုးစင်းစွာပဲ ဖြတ်သန်းလိုပါတယ်။ ဖြစ်နိုင်ရင် မြို့ငယ်လေးမှာ အပင်လေးတွေစိုက်၊ ပုံလေးဆွဲ၊ အိမ်ကလေးတွေဆောက်၊ ဥယျဉ်တွေပျိုးကာသာ နေချင်သူပါ။ မောက်မာရန်စွာသူကို လက်တုံ့ပြန်လိုစိတ်နဲ့ ဘဝမှာ ဘာတွေဖြစ်ဖြစ်မြောက်မြောက်လုပ်ပြလိုက်မဟဲ့၊ လုပ်ထားသမျှကို ကြွားလိုက်မယ်ဟဲ့လို့လည်း စိတ်မထားချင်ပါဘူး။ 

စာကို တစ်သက်လုံးရေးဖို့လည်း မရည်ရွယ်ပါဘူး။ ရေးချင်တဲ့ စာအုပ်လေး သုံးလေးအုပ်လောက် ထုတ်ပြီးရင်ပဲ စာရေးခြင်းကို ရပ်လိုက်တော့မယ်လို့ ကြံစည်ထားသလို ရင်နှီးသူအချို့ကိုလည်း ပြောပြဖူးရဲ့။ ဒါကြောင့် ဘဝအမောတွေကြားမှာ စာရေးချင်စိတ်ပျောက်မသွားခင် စာရေးဖို့ဆိုပြီး ကောင်းမွန်လှတဲ့ အလုပ်က နှုတ်ထွက်ခဲ့တယ်။ မိသားစုတွေ ငြိုငြင်လည်း၊ ခုလို မသိတဲ့သူကအစ နှိမ့်ချစော်ကားလည်း အရေးမထားချင်ပါဘဲ။ လုပ်ချင်တာ လုပ်နေရုံမျှနဲ့ ဘဝမှာ ကျေနပ်ရောင့်ရဲစွာ ပျော်နေချင်သူသာ ဖြစ်ပါတယ်။ 

သူငယ်ချင်းတစ်ယောက်ကတော့ မနာလိုလို့ တိုက်ခိုက်တာပါ ဂရုစိုက်မနေပါနဲ့လို့ ဖြေပြောပါတယ်။ ဒီစကားကို လက်ခံသင့်ရဲ့လား။ ဟင့်အင်း။ လူတွေကထင်ကြတယ်။ အနိုင်ကျင့်သူတွေဟာ အနိုင်ကျင့်ခံရသူထက် နိမ့်ကျနေလို့ ၊ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်နေလို့ မနာလိုစိတ်ကြောင့် အောက်တန်းကျကျတိုက်ခိုက်တာလို့လေ။ 

မဟုတ်ပါဘူး။ အနိုင်ကျင့်မှုဆိုင်ရာ သုတေသနပညာရှင် မိုင်ရာလင်န် စင်ဒါ ပြောတာကတော့ အနိုင်ကျင့်သူတွေရဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှုဟာ  ပုံမှန် ၊ ဒါမှမဟုတ် အလွန်အကျူးရှိနေတတ်တယ်တဲ့။ ပြီးတော့ အနိုင်ကျင့်သူတွေမှာ တစ်ချို့တလေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အတိဒုက္ခတစ်ချို့ရှိနိုင်ပေမယ့် အများအားဖြင့် ဘဝင်မြင့်နေကြသလို အပေါင်းအသင်းများသူများဖြစ်ပြီး သူတို့တခြားတစ်ယောက်ကို အနိုင်ကျင့်ခိုက်မှာ သူ့သူငယ်ချင်းတွေကရတဲ့ အရေးစိုက်မှုကို သာယာနေကြတယ်တဲ့။ 

မိတ်ဆွေတစ်ယောက်ကတော့ ကျွန်မက အကဲဆတ်လွန်းတယ်ဆိုပြီး အပြစ်တင်လိုစိတ်ရှိကြတယ်။ သူတို့အလွန်တော့ မဟုတ်ပါဘူး။ လူတိုင်းပြုလုပ်တတ်ကြတဲ့ အနိုင်ကျင့်ခံရသူကိုသာ အပြစ်တင်ခြင်း ‘victim blaming’ ရယ်ပါ။ ၂၀၁၃ အောက်တိုဘာမှာ NFL က ယောနေသန် မာတင်ဆိုတဲ့ ဘောလုံးသမားတစ်ယောက်ကို တစ်ခြားကစားသမားတစ်ယောက်က ဖုန်းကစာတိုတွေပို့ပြီး ခြိမ်းခြောက်ခံရတဲ့အခါ ကစားဖော်တစ်ယောက်က ပြောတယ်။ ‘မာတင်က ဒီလိုဖြစ်စေဖို့ ခွင့်ပြုတဲ့အတွက် သူ့ကိုပဲ အပြစ်တင်ဖို့ ရှိတယ်’တဲ့။ တခြားသူတွေကလည်း မာတင်က ထိခိုက်လွယ်လွန်းတဲ့အတွက် လွယ်ကူတဲ့ပစ်မှတ်ဖြစ်စေတယ်လို့ ကဲ့ရဲ့ကြတယ်။

မုဒိမ်းမှုမှာ မုဒိမ်းကျင့်ခံရသူကို အနေအထိုင်မတတ်လို့ဆိုကာ လက်ညှိုးထိုးပြီး ဆင်းရဲတဲ့သူတွေကိုတော့ ပျင်းလို့ မတက်ကြွလို့ဆိုပြီး ပြစ်တင်မယ်။ စိတ်ရောကိုယ်ပါမကျန်းမာဖြစ်နေသူတွေကတောင်မှ သူတို့နေထိုင်မှုစနစ်က ဆိုးရွားလွန်းလို့ ဖြစ်ရတာဆိုပြီး အပြစ်ဆိုမယ်။ လူ့အဖွဲ့အစည်းရဲ့ ထုံးတမ်းစဉ်လာဆောင်ရွက်ချက်တွေပေါ့။

ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ အနိုင်ကျင့်ခံရသူကိုပဲ အပြစ်ဖို့ကြတာလဲ။ ကျွန်မကို့ရဲ့ ကမ္ဘာကြီးဟာ လုံခြုံပြီး သမာသမတ်ရှိတယ်ဆိုတဲ့ အတွေးအမြင်တွေနဲ့ မတရားမှုခံစားနေရသူတွေရဲ့အဖြစ်က ထိပ်တိုက်တိုးနေလို့ပဲ။ ခံစားရသူက အပြစ်ကင်းစင်လေလေ ကျွန်မတို့ကိုယ်တိုင် ကာရံထားတဲ့ ဆင်ခြင်သိစိတ်ဥခွံပါးပါးလေးတွေကို ခြိမ်းခြောက်လေလေဖြစ်နေတယ်။ ခံစားရသူကို အပြစ်တင်ခြင်းဟာ ကိုယ်တိုင်က အပြစ်မကင်းမှုကို ရှောင်လွှဲရုံသာမကဘူး။ ကိုယ့်ရဲ့အားနည်းချက်ကို ရှောင်တိမ်းခြင်းလည်း ဖြစ်တယ်။ လူကောင်းတွေမှာလည်း ဆိုးတဲ့အဖြစ်တွေဖြစ်နိုင်တယ်ဆိုတဲ့ အတွေးကတင် ကြောက်စရာကောင်းလှတယ်။

၁၉၆၀ ပြည့်နှစ်တွေမှာ ဒေါက်တာ မယ်ဗင် လာနာက ဒီစိတ်သဘောတွေက လက်တွေ့သုတေသနပြုလုပ်ပြီး ရှင်းလင်းပြခဲ့တယ်။ လက်တွေ့စမ်းသပ်မှုတစ်ခုမှာ တခြားလူတစ်ယောက်က လျှပ်စစ်ဓာတ်အားပေးပြီး နှိပ်စက်ခံရတာကို လူတစ်ချှို့ မြင်တွေ့စေပြီး ကြားဝင်ဖျောက်ဖျက်ပေးလို့လည်း မရတဲ့အခါမှာ လူတွေဟာ ခံစားရသူကိုပဲ နှိမ့်ချစော်ကားကြတယ်။ အံသြကြောက်ရွံ့စရာရယ်။ မတရားမှုက ပိုပြင်းထန်လေ လူတွေရဲ့ အပြစ်ခံရသူကို စော်ကားမှုကလည်း ပိုပြီးပြင်းထန်လေပဲတဲ့။ 

ဝမ်းနည်းနာကျင်စရာက ခံစားရသူတွေကလည်း သူတို့အပြစ်လည်းပါတယ်ဆိုကာ ကိုယ့်ကိုယ်ကိုယ်အပြစ်ဖို့ကြတယ်။ အနိုက်ကျင့်ခံရသူတွေဟာ မလုံခြုံစိတ်၊ မိမိကိုယ်မိမိ မယုံကြည်ခြင်း၊ မျှော်လင့်ချက်ပျောက်ဆုံးမှုတွေ ဖြစ်လာတတ်သလို သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရေးတွေလည်း ကျိုးပဲ့တတ်တယ်။ အဲဒီအချိန်မှာ အနိုင်ကျင့်သူတွေက သူတို့ပြုလုပ်တဲ့ မကောင်းမှုအတွက် နောင်တရအပြစ်ခံစားစိတ်ရှိမယ် ထင်ပါသလား။ ကျေးဇူးပြုပြီး  နည်းနည်းလေးတောင် အဲဒီလို မတွေးလိုက်ပါနဲ့။ ဗိုလ်ကျသူတို့ဟာ သူတို့အပေါ်သူတို့ ယုံကြည်မှုတွေတိုးကာ ပိုလို့လက်ရဲဇက်ရဲဖြစ်လာကြသတဲ့။ 

အွန်လိုင်းဆိုင်ရာအနိုင်ကျင့်မှုကို ဘယ်လိုကျော်ဖြတ်တားဆီးမလဲ။ ကလေးတွေအတွက်တော့ အနိုင်ကျင့်ခံရတဲ့အခါမှာ တုန့်ပြန်နည်းတွေ အမျိုးမျိုးရှိတာပေါ့။ လျစ်လျူရှုပါ။ မှတ်တမ်းကို သိမ်းဆည်းထားပါ။ လူကြီးမိဘတွေကို တိုင်ပါ။ အနိုင်ကျင့်သူနဲ့ အဆက်အသွယ် ဖြတ်ပါ။ ဆိုင်ရာပိုင်ရာ websites တွေကို တိုင်ကြားပါ စသည်ဖြင့်ပေါ့။ လူကြီးကျတော့ ဘယ်သူ့ကိုမှ တိုင်လို့မရသလို လျစ်လျူရှုလိုက်လို့မရတဲ့ အခြေအနေတွေလည်း ရှိလာတယ်။ ဘယ်လိုဖြေရှင်းမလဲ။

ဗြိတိန်နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းခွင်အနိုင်ကျင့်မှုအကြံပေးဖုန်းလိုင်းက ပြောတာကတော့ အင်တာနက်ဆိုင်ရာ စော်ကားအနိုင်ကျင့်မှုဖြစ်လာတဲ့အခါမှာ ခံရသူပြုလုပ်နိုင်တဲ့ အကောင်းဆုံးအရာက ဘာမှမလုပ်ပါနဲ့တဲ့။ ခါးသီးစရာကောင်းလှပါလား။ ဘုရားဟောသလို ဆဲတာကို ဆိတ်ဆိတ်နေပြီး လက်မခံတဲ့အခါ ဆဲသူဆီပြန်သွားတယ်ဆိုတဲ့နည်း လျစ်လျူရှုခြင်းဆိုင်ရာ သဘောတရားအတိုင်းပါပဲ။ 

ကျွန်မရဲ့ဖြေရှင်းနည်းကတော့ ပထမဆုံးအကြိမ် ပြင်ဆင်ထားခြင်းမရှိဘဲ ကြုံလိုက်ရတဲ့အခါမို့ အကျည်းတန်သွားခဲ့ပါတယ်။ ရိုင်းစိုင်းအနိုင်ကျင့်သူကိုတင်မက သူ့အားပေးသူတွေပါ အဆက်အသွယ်ဖြတ်လိုက်တာက လွန်ကဲမှုဖြစ်သွားရဲ့။ ဝမ်းနည်းပါတယ်။ အသက်တစ်ရာ မနေရ၊ အမှုတစ်ရာပွေရ ဆိုသလို နောက်ထပ်လည်း တွေ့ကြုံလာနိုင်တယ်။ ကြောက်ရွံ့တုန်လှုပ်မိပါတယ်။ ဒါပေမယ့် မသေမချင်းတော့ ရှေ့ဆက်သွားနေရဦးမယ်။ လူဖြစ်ရတဲ့ ဒုက္ခပေါ့လေ။ သေးသေးသိမ်သိမ်ရှုတ်ချတိုက်ခိုက်မှုများကို ဥပေက္ခာပြုရင်းနဲ့ ရှေ့ဆက်ပါဦးမယ်။ ဒါဟာ ဘဝဖြစ်တယ် မဟုတ်လား။

 မယ့်ကိုး 

 

Ref: . Cyberbullying and Cyberthreats: Responding to the Challenge of Online Social Aggression, Threats, and Distress by Willard, Nancy E. (2007)

Why Do People Bully? by Marshall, Jessica (2010, April 1).

Why Do We Blame Victims? When others' misfortune feels like a threat. by Juliana Breines, Ph.D.

07 March 2014

အမေ့ပုံရိပ်

မိသားစုရုပ်တုကို အမြန်ဆုံးအပြီးသတ်ချင်ပေမယ့် အလုပ်ခန်းထဲဝင်လို့မရအောင် တစ်စုံတရာက ကျွန်တော့်ကို ဟန့်တားနေတယ်။ ပန်းပုကို ဆက်လက်စိစစ်၊ ပိုင်းခြားစိတ်ဖြာဖို့ကိုလည်း ကျွန်တော့်ကို ကျွန်တော် ကန့်ကွက်နေတယ်။

ပန်းပုထုခြင်းဖြစ်စဉ်မှာ ရုပ်လုံးပေါ်လာပေမယ့် အနုစိတ်မရောက်သေးခင်မှာ အဓိပ္ပါယ်တစ်စုံတစ်ရာကို မဖော်ထုတ်နိုင်သေးဘူး။ ဒီအချိန်မှာ အာရုံစိုက်ပြီး အလုပ်လုပ်ဖို့လိုသလို ဘာတွေက အနှောင့်အယှက်လဲ ဆိုတာ သိဖို့လိုတယ်။ အတိတ်အရိပ်တွေကို လုံလောက်ပြည့်စုံအောင် မစုဆောင်းနိုင်သမျှ ကျွန်တော်အပြီးသတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ပြောသံကြားနေမိတယ်။ ဒါကြောင့် ကြေကွဲခြင်းတွေက ပန်းပု ထုထည်ပေါ် တရိပ်ရိပ်လိမ့်တက်လာတာကို အချိန်ပေးပြီးစောင့်တယ်။ 

စိတ်အနှောင့်အယှက်ဖြစ်မှုကိုကျော်လွှားပြီး အတိတ်၊ ပစ္စုပ္ပန်တွေ ရောမွှေပြီး နောက်ထပ်နာကျင်မှုတွေမဖြစ်ရအောင် ထည့်သွင်းမြှုပ်နှံကြည့်ချင်တယ်။ အမေ့ပုံလေးကို မြေစမ်းခရမ်းပျိုးနေရင်း အမေ့ပုံရိပ်ဟောင်းတွေ မြင်ယောင်ကြည့်တယ်။ ဓာတ်ပုံဟောင်းတွေကို စတူဒီယိုထဲမှာ ဖြန့်ခင်းထားမိတယ်။

 

 အမေက ကျော့ရှင်းလှပတဲ့ အလယ်တန်းပြဆရာမတစ်ယောက်ပါ။ နှစ်ဘက်ဆွေမျိုးတွေကြားထဲမှာ ဝင့်ထည် နာမည်ကောင်းရှိသူပေါ့။ အဖေ့ရုပ်တုထက် အမေ့ရုပ်တုက ပိုမိုအဆင်ပြေမယ် ထင်ရပေမယ့် အဆင့်များစွာ ဖြတ်သန်းရတာပါပဲ။ တစ်ခါတလေနှေးကွေးသွားပြီး တစ်ခါတရံနုံးချိမောပန်းလာတယ်။ 

ကျွန်တော်က ပန်းပုထုရင် သူဘာတွေလိုချင်နေလဲလို့ နားထောင်လေ့ရှိတာမို့ အမေ့ပန်းပုရဲ့ အသံကိုလည်း နားစွင့်ထားဖြစ်တယ်။ အမေ ကျွန်တော့်ကို ဘာတွေပြောချင်သေးလဲ။ အမေ မဖြေလို့ ကျွန်တော်တစ်ကိုယ်တည်း တွေးရတယ်။ အတွေးနဲ့တင် ကျွန်တော် ထိတ် လန့်နေတယ်။ 

ခင်ဗျားပန်းချီဆွဲတဲ့အခါ၊ ပန်းပုထုတဲ့အခါအဲဒီပုံရိပ်ကို မေးခွန်းတစ်ချို့မေးဖူးလား။ ကျွန်တော် အမေ့ကို မမေးရဲဘူး။ အရှုံးပေးချင်လာတယ်။ မျက်နှာချင်းဆိုင်နိုင်စွမ်းမရှိဘူး။ အမေ့ကို ကျွန်တော် အကဲဖြတ်မိမှာ ကြောက်တယ်။ ခွင့်လွတ်ပါလို့တောင်းပန်ရင်း လက်တွေက အမေ့မျက်နှာကောက်ကြောင်းတွေကို ပုံဖော်နေမိတယ်။ အမေ့ကို ဘယ်အချိန်တည်းက ကျွန်တော် ဆုံးရှုံးခဲ့ပါလိမ့်လို့ စဉ်းစားမိချိန်မှာ မျက်ရည်ကျလာတယ်။

ရုတ်တရက်ပဲ အမေ့လုံချည်စကိုဆွဲပြီး တကောက်ကောက်လိုက်ခဲ့တဲ့ ကလေးငယ်တစ်ယောက်ဟာ ကျွန်တော်ဖြစ်သွားတယ်။ အမေက ကျွန်တော့်ကို ချစ်မြတ်နိုးစွာ ထွေးပွေ့ထားတယ်။ ကျွန်တော်တို့တွေ ဘယ်အချိန်တုန်းက နောက်ဆုံးပွေ့ဖက်ခဲ့လဲဆိုတာ မမှတ်မိတော့ပေမယ့် တစ်ချိန်တုန်းကတော့ အမေ့ရဲ့ လုံခြုံနွေးထွေးတဲ့လက်တွေထဲမှာ ကျွန်တော်ပျော်ခဲ့ဖူးမှာပဲ။

အမေ့ရဲ့မေတ္တာပြည့်ဝတဲ့မျက်ဝန်းတွေကို မြင်ယောင်ကြည့်မိတယ်။ အမေလည်း ကျွန်တော့်ကို ချစ်ခဲ့သလို ကျွန်တော်လည်း အမေ့ကို အတိုင်းအဆမဲ့ချစ်ခဲ့ကြောင်းကိုပဲ ဈာန်ဝင်စားနေမိတယ်။ ကျွန်တော့်လက်တွေရပ်လိုက်ချိန်မှာ အမေ့မျက်လုံး၊ အပြုံးကို ပုံ ဖော်ပြီးနေပြီဆိုတာ တွေ့လိုက်တယ်။ ရင်ထဲက ကိုက်ခဲနာကျင်မှုတွေဟာ ရုတ်ချည်းပျယ်လွင့်သွားတယ်။ မမှတ်မိတော့တဲ့အချိန်က အချစ်ခံခဲ့ရတာကို စိတ်ကူးယဉ်မိတဲ့အခါ လက်ရှိဘဝဟာ နေသာလာတယ်။ ဒါကြောင့်ပဲ ညီတစ်ယောက်က ကျွန်တော့်ကို မိသားစုပန်းပုထုခိုင်းလေသလား။

အမေ့ရုပ်တုကို ထိတွေ့နေစဉ်မှာ ကြည်နူးခြင်း၊ ဝမ်းမြောက်ခြင်းအလယ်မှာ ခြံရံပြီးရပ်နေရသလို ချမ်းမြေ့သက်သာရာရတယ်။ အမေက နူးညံ့ကြင်နာစွာပြုံးနေပြီး အမေ့ဆီက နွေးထွေးမှုကိုရတယ်။ အမေ့ကို ကျွန်တော်ဖက်တွယ်ထားသလိုခံစားရပြီး အမေ့ရဲ့ထွေးပွေ့မှုကို ပြန်လည်ခံစားမိတယ်။ ကျွန်တော့်ကိုချစ်ခဲ့တဲ့အမေ ပြန်ရောက်လာတယ်။ အမေက နူးညံ့ကြင်နာပြီး ကျွန်တော်လည်း အမေ့အပေါ် စိုးရွံ့အားနာစိတ်တွေမရှိဘဲ ပကတိကြည်လင်ပျော်ရွှင်နေတယ်။ ဒါပေမဲ့ ဒီစိတ်ကို ကြာရှည်ထိန်းသိမ်းထားနိုင်မှာလားဆိုတာ မသေချာဘူး။ ကြေကွဲပုံရိပ်တွေက တဖျပ်ဖျပ်ပေါ်လာပြန်တယ်။ ကျွန်တော်က အမေ့စိတ်တိုင်းကျသားတစ်ယောက်မဖြစ်ခဲ့ဘူးလေ။ ခွင့်လွှတ်ပါအမေလို့ တောင်းပန်မိတယ်။ 

စိတ်မကောင်းစရာက အမေက ကျွန်တော့်ကို မိန်းကလေးသူငယ်ချင်းမရှိစေ ချင်ပေမယ့်လည်း ကျွန်တော့်သူငယ်ချင်းတွေက မိန်းကလေးတွေချည်းပဲ။ ကျွန်တော့် အခြေအနေတွေက ကျောင်းဆရာမဖြစ်တဲ့အမေ့ကို အရှက်ရစေသလား။ ငယ်စဉ်ကလေးဘဝ မသိတတ်စဉ်မှာတော့ အမေက ကျွန်တော့်ကို ယုယခဲ့မှာပဲ။ အဖေ ကျွန်တော့်ကို ရိုက်နှက်တိုင်း မတားဆီး၊ မဖျန်ဖြေခဲ့ပေမယ့် ကျွန်တော့်အပေါ် မေတ္တာမပျက်ကြင်နာတယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် ခံစားရတာတွေကိုပြောပြရင် အမေနားလည်ပြီး နှစ်သိမ့်လက်ခံလိမ့်မယ်လို့ မျှော်လင့်ခဲ့မိတယ်။ 

ဒါပေမဲ့ 'ကျွန်တော် မိန်းကလေးတွေလိုနေချင်တယ်။ မိန်းကလေးတွေနဲ့ပဲ ဆော့ချင်တယ်'ဆိုတဲ့ ကျွန်တော့်စကားအဆုံးမှာပဲ အမေက ဒေါသသံတုန်တုန်ယင်ယင်နဲ့ ကျွန်တော်ဟာ ယောက်ျားလေးစိတ်နဲ့ ယောက်ျားလေးသာဖြစ်တဲ့အကြောင်း၊ အဲဒီလိုမပြောဖို့ အကြောင်းပြောတယ်။ အံ့သြစရာကောင်းတာက အဲဒီအချိန်ကစပြီး အမေက ကျွန်တော့် ဖြစ်တည်မှုကို လျစ်လျူရှုတာပဲ။ အမေက ကျွန်တော့်ကို အကြွင်းမဲ့ချစ်နိုင်တယ်ဆိုပေမယ့် အရှိအတိုင်း လက်မခံနိုင်ပါလားလို့ စဉ်းစားမိတယ်။

ကလေးငယ်တစ်ယောက်ရဲ့ဘဝမှာ အမေက အားကိုးအတွယ်တာရဆုံး၊ အယုံကြည်ရဆုံးမဟုတ်လား။ လောကမှာ တန်ဖိုးအထားရဆုံးလူတွေက မယုံကြည်နိုင်လောက်အောင် ရက်စက်သွားရင် ခင်ဗျားဘယ်လိုရင်ဆိုင်မလဲ။ မိဘဆိုတဲ့ ကျေးဇူးဂုဏ်တလိမ့်တုံးအောက်မှာ ခံစားသိမြင်သမျှကို လှိမ့်ခြေပစ်ရတိုင်း အရိုးအသားတွေညက်ညက်ကြေသွားသလို နာကျင်ခံစားရတယ်။ 

မိသားစုနဲ့ကျွန်တော်ဟာ တစ်မိုးအောက်မှာနေရင်း နှင်းထုပိတ်ကာနေသလို အသံကြားပေမယ့်မမြင်နိုင်၊ အေးစက်မှုန်ရီစွာမြင်နေရပေမယ့် မထိတွေ့ နိုင်ဘဲ တစ်သီးခြားစီနေခဲ့ကြတယ်။ မိသားစုက မီးလင်းဖိုဘေးက လုံခြုံသိုက်ဝန်းတဲ့တစ်ဘက်မှာ၊ ကျွန်တော်က အေးခဲမှောင်မိုက်နေတဲ့ အထီးကျန်ဘက်ခြမ်းမှာပေါ့။

ကျွန်တော်တို့ကြားက ဖွင့်မပြောဖြစ်တဲ့ စကားလုံးတွေဟာ လိမ်ညာမှုတွေအဖြစ် အသွင်ပြောင်းလာတယ်။ ကျွန်တော့်ကိုကျွန်တော်သိုဝှက်ရင်း တစ်ယောက်နဲ့တစ်ယောက်သံသယထားနေကြတယ်။

(ဆက်ရန်...)
မကြာမီထုတ်ဝေဖြန့်ချီမယ့် အရေးပေါ်အခန်းထဲမှာ ဝတ္ထုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ 



04 March 2014

အဖေ့ရုပ်တု

အိမ်မှာတော့ အဖေ့စိတ်နဲ့ကျွန်တော့်ကိုယ်ဖြစ်အောင် သတိနဲ့ထိန်းညှိထားရတယ်။ အဖေ့မြင်ကွင်းမှာ တတ်နိုင်သမျှ ကြမ်းကြမ်းရမ်းရမ်းဖြစ်အောင်နေရတယ်။ အတွင်းစိတ်နဲ့ ဟန်ဆောင်မှု - ဘဝနှစ်ခုကို ညီမျှအောင် တစ်ပြိုင်တည်းထမ်းနေခဲ့တယ်။

ဒီလို ပင်ပင်ပန်းပန်းကြိုးစားပေမယ့် ကျွန်တော့်ရင်ထဲကို အဖေက လှမ်းမြင်နိုင်ပြီး ကျွန်တော့်ကို ကြည့်တဲ့အကြည့်တွေဟာ သရော်ရိပ်တွေပါဝင်နေတယ်။ သူ့ကို လှည့်စားမရဘူးလို့ ပြောနေသလိုပဲ။ ကျွန်တော်လည်း မတတ်နိုင်ပါဘဲ။ ကျွန်တော့်ရဲ့ဟန်ဆောင်မှုတွေဟာ လက်တစ်ဖဝါးစာအဖုံးဖြစ်ပြီး လက်တစ်ပွေ့စာခံစားမှုဒယ်အိုးကို လုံအောင်မကာနိုင်သလိုရယ်လေ။

အဖေအရက်မူးလာတဲ့အချိန်တွေကို ကြောက်တယ်။ အသိစိတ်မဲ့နေတဲ့ အဖေက အော်ဟစ်သောင်းကျန်းတတ်တယ်။ ကျွန်တော် ဘယ်မှာပဲပုန်းအောင်းနေနေ ကျွန်တော့်ကိုခေါ် ပြီး ရိုက်တတ်တယ်။ နံရံကို ကျွန်တော့်ခေါင်းနဲ့ဆောင့်တယ်။ ကျွန်တော့်ကို လက်သီးနဲ့ထိုး ခြေနဲ့ကန်တတ်တယ်။ ကျွန်တော့်မှာ မိန်းမဆန်ခြင်းဆိုတဲ့အပြစ်ရှိလို့ ဒီညှင်းပန်းမှုကိုရသင့် တယ်လို့ခံယူပြီး ကိုယ်စိတ်နှစ်ဖြာနာကျင်ရပေမယ့် အဖေဘယ်လိုသင်သင် ကျွန်တော့်ရဲ့စိတ်က ပြောင်းလဲလို့ မရနိုင်ပါဘဲ။

 အိုးကောင်းလိုချင်ရင် နာနာရိုက်ရတယ်ဆိုသလိုမျိုး အဖေက ကျွန်တော့်ကို ရိုက်နှက်ပြီး ပုံသွင်းခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဆက်မပြတ်အရှက်ခွဲခံရမှုကြောင့် ကျွန်တော့်အတွက် အဖေက အရိပ်တကြည့်ကြည့်အတုယူကြည်ညိုစရာမဖြစ်ဘဲ ရှောင်ပုန်း စရာဖြစ်လာခဲ့တယ်။ 

ကျွန်တော်က ယောက်ျားလေးတွေအပေါ်မှာပဲ စွဲလမ်းမှုရှိတယ်လို့ဝန်ခံရင် အဖေ ဘာလုပ်မှာလဲဆိုတာ မသေချာဘူး။ ကျွန်တော့်ကို ပြုပြင်ယူမယ်ဆိုကာ အဖေ အသေသတ်လိမ့်မလား။ ဒါမှမဟုတ် သားအဖြစ်က စွန့်လွှတ်မှာလား။ ကျောင်းမှာ ယောက်ျားလေးတွေနဲ့ တွဲမှာစိုးရိမ်ပြီး ကျွန်တော့်ကိုကျောင်းထားပေးပါဦးမလား။ ကျွန်တော်ဖြစ်ချင်တာက တစ်ခုတည်း။ ကျွန်တော့်သဘာဝအတိုင်း နေချင်ခဲ့တာပါပဲ။ သူငယ်ချင်းတွေက အဖေနဲ့သူငယ်ချင်းတွေလို ချစ်ကြတာမြင်ရတိုင်း နာကျင်ခံစားရတယ်။

အဖေက ကျွန်တော့်ကိုချစ်လိမ့်မယ်လို့ မျှော်လင့်ရပေမယ့် မယုံရဲခဲ့ဘူး။ ဖခင်တစ်ယောက်ရဲ့မေတ္တာကို သံသယဝင်သွားတာမဟုတ်ပါဘူး။ ခင်ဗျားနားလည်ချင်မှ နားလည်မယ်။ အဖေ့ကို မုန်းတယ်လို့ ကျွန်တော်မပြောနိုင်ဘူး။ ကျွန်တော်အရိုက်ခံခဲ့ရတဲ့ကြိမ်လုံးနဲ့ အဖေ့ကိုတွဲပြီး မမြင်ချင်တော့တာ တစ်ခုပဲ။

အဖေ့ ကို စိတ်မပင်ပန်းစေချင်ဘူး။ ကျွန်တော့်ကို မမုန်းစေချင်ဘူး။ အခုပန်းပုထုနေတဲ့ ကျွန်တော့်ကို မျက်ခုံးတွန့်ပြီး မျက်လုံးစူးစူးနဲ့ စိုက်ကြည့်မနေစေချင်ဘူး။ အဖေ့ရုပ်တုကို ထုနေရင်း ကျွန်တော့်အပေါ်အဖေထားခဲ့တဲ့ ကြိတ်မနိုင်ခဲမရအမျက်ဒေါသနဲ့ ယူကြုံးမရစေတနာတွေကို ခံစားနေရတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အဖေ့ကို ကျွန်တော့်အတွေးထဲမှာ အကဲဖြတ်စီရင်ချက် ချသလို မလုပ်ချင်ဘူး။

အဖေ ကျွန်တော့်ကို ခွင့်မလွှတ်နိုင်ပေမယ့် ကျွန်တော်ကတော့ အဖေ့ကို နား လည်ချင်တယ်။ လေးစားကြည်ညိုချင်တယ်။ ဒါဟာ အခုအချိန်မှာ မဖြစ်နိုင်သေးတဲ့အရာလား။ စိတ်က ဆက်လက်ရွေ့လျားနေပေမယ့် လက်က ရပ်တန့်သွားတယ်။ အတိတ်ကို ပြန်တွေးကြည့်တိုင်း အဖေ့ဒေါသနဲ့ ရင်ဆိုင်တွေ့ခဲ့တာ၊ ချစ်ခင်တွယ်တာစိတ် ပျောက်ဆုံးသွားခဲ့တာတွေပဲ လှိုင်လှိုင်ပွင့်လန်းလာတယ်။ 

သိစိတ်နံရံမှာ စွဲထင်နေဆဲ အဖေ့ရဲ့အေးစက်တဲ့ဆက်ဆံရေး၊ နာကျင်စေတဲ့ အကြမ်းဖက်အုပ်ချုပ်မှုတွေ၊ လျစ်လျူရှုရက်စက်မှုတွေ၊ အမျက်ထားမှုတွေကို ကျွန်တော့်ရုပ်တုထဲ မထည့်ချင်ဘူး။ အဖေက ပန်းပုထုသူရဲ့ဖခင်ဖြစ်ရုံသာမကဘဲ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်ဦးနတ်ဆိုတဲ့ ကြည်ညိုလေးစားစရာပုံရိပ်ကို ကိုယ်စားပြုသူလည်း ဖြစ်ရမယ်ဆိုတဲ့အခါ ကျွန်တော် မတတ်နိုင်တော့ဘူးထင်တယ်။

ရုပ်လုံးပေါ်လာတဲ့အဖေ့ပုံရိပ်ကို ကျွန်တော်ကြောက်ပြီး နောက်ဆုတ်နေမိတယ်။ ခဏနားတော့ အဖေ့ဓာတ်ပုံဟောင်းတွေရယ်၊ ကလေးဘဝက ပုံဆွဲစာအုပ်ကို ထုတ်ကြည့်မိတယ်။ ပုံတွေမှာ အဖေ့အပေါ် မကျေနပ်စိတ်၊ မေတ္တာကို မျှော်ကိုးအားငယ်စိတ်၊ အသနား ခံစိတ်တွေကို ပြန်တွေ့ရတယ်။ နာကျင်မှုကို ထွင်းထုနိုင်တယ်ဆိုတာ အနုပညာပိုင်းဆိုင်ရာတော့ ကျေနပ်စဖွယ်ဖြစ်ပေမယ့် ဘက်မျှစေမယ့်ရသတစ်မျိုး ကျွန်တော်ရှာဖွေချင်သေးတယ်။ မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာညှာတာခြင်းဆိုတဲ့ ကြည်နူးချမ်းမြေ့မှုသိင်္ဂါရရသကို။

အဖေ့ကို ပကတိအတိုင်းနားလည်ချင်တဲ့အတွက် ဒီပန်းပုထုဖြစ်ပေမယ့် အဖေ့အရိပ်တွေကို အလုံးစုံဖမ်းမိဖို့လိုအပ်နေသေးတယ်။ အနုပညာဆိုတာ နှလုံးသားရဲ့အတွင်းပိုင်းကလာတဲ့ ရိုးသားမှုနဲ့သာ တည်ဆောက်သင့်ပေမယ့် ဆက်မထုတော့ဘဲ ခဏရပ်ထားလိုက် တာ ကောင်းမယ်ထင်တယ်။ ဆေးမခြယ်ဘဲ၊ မီးမဖုတ်ဘဲ ဒီအတိုင်းပဲ အခြောက်ခံထားရင် တောင် ရွံ့စေးရုပ်တွေက ကြာရှည်ခံပါတယ်။ ပန်းပုထုတယ်ဆိုတာ အချိန်၊ လူအားနဲ့ ပညာသာမဟုတ်ဘူး။ စိတ်နှလုံး၊ ထက် သန်မှု၊ အာရုံဇောအားလုံးပေးရတာ မဟုတ်လား။ သိပ်ပင်ပန်းနေပြီမို့ ပန်းပုကို ခဏမေ့ ထားဦးမယ်။

ပန်းပုထုတယ်ဆိုတာ ပန်းတစ်ပင်ပျိုးသလို၊ လူတစ်ယောက်နဲ့ ကျွမ်းဝင်သလို အချိန်ယူပျိုးထောင်ရတဲ့အနုပညာမဟုတ်လား။ ပန်းပုရုပ်က အဆင်သင့်မဖြစ်သေးခင် တစ်ဖက်သတ် တိုက်တွန်းလို့မရဘူး။ ပန်းပုရုပ်တွေက စကားပြောတတ်တယ်။ ခင်ဗျားလည်း ပန်းပုထုတဲ့အခါ ခင်ဗျား လက်ချောင်းတွေက ပုံသွင်းလောင်းနေစဉ်မှာပဲ ပုံပြင်တွေကြားလာလိမ့်မယ်။ ကျွန်တော်ကတော့ ဖွင့်ထားတဲ့စိတ်နဲ့ ပန်းပုရုပ်စကားပြောလာမယ့်အချိန်ကို စောင့်တယ်။ ခင်ဗျားလည်း အလျင်မလိုစေချင်ဘူး။ ခင်ဗျားရဲ့ဝိညာဉ်၊ ခံစားချက်၊ မသိစိတ်တွေကိုယုံကြည်ရင်း ရွေ့လျားသွားတာ အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်။

အဖေ့ရုပ်တုက စကားတွေပြောလာတော့မှာကို ကျွန်တော်သိနေတယ်။ အဖေနဲ့ဝေးရာကို ရှောင်လိုက်ဦးမယ်။ မီးဖိုချောင်ထဲကို ခဏသွားနေမယ်။ ပန်းပုရုပ်မှာ တွဲဆက်နိုင်တဲ့ ပစ္စည်းဆန်းကလေးတွေက မီးဖိုချောင်ထဲမှာ ရှိတတ်ပေမယ့် အခု ဖျော်ရည်အေး တစ်ခုခုသောက်ချင်တယ်။ ကျွန်တော့်အတွက်တော့ ပန်းပုထုတယ်ဆိုတာ အဖေ့ကို ပိုသိအောင်လုပ်တာ၊ အရိုအသေပေးချင်တာ၊ ဂုဏ်ပြုအလေးအမြတ်ထားချင်တာပါ။

ကျွန်တော်လုပ်နိုင်ပါ့မလားဆိုတာ မသေချာဘူး။ အဖေ့ကို အပြစ်မတင်ရဲဘဲ ကိုယ့်ကိုယ်ကိုယ်သာ ရန်ရှာချင်နေမိတဲ့ စိတ်က နှလုံးသားမှာ အမြစ်စွဲနေပြီ။ ခက်တယ်။ ဘယ်လိုပဲ ရုပ်တုကို အဆုံးမသတ်မချင်ပေမယ့် ဒါမဖြစ်မနေလျှောက်လှမ်းရမယ့်ခရီးဖြစ်နေတယ်။

ပန်းပုကို အမြန်ဆုံးလက်စသတ်ပြီး ပလတ်စတစ်လွှာနဲ့ ထုပ်ထားလိုက်တယ်။ ရွံ့ရုပ်တုက ဖြည်းဖြည်းချင်းအခြောက်ခံဖို့လိုအပ်တာမို့ ပလတ်စတစ် ပတ်ထားတဲ့အခါ မြန်မြန်ခြောက်မသွားတော့ဘူး။

ပလတ်စတစ်စလျှောကျလာတော့ ခွချလိုက်ပေမယ့် မီးမမြိုက်တော့ဘူး။ ဆေးခြယ်အရောင်တင်ဖို့မဆိုထားနဲ့ ပန်းပုကို လက်ဖျားနဲ့မျှ မထိရဲသေးဘူး။ 

 

(ဆက်ရန်...)

မကြာမီ ထုတ်ဝေဖြန့်ချီသွားမယ့် အရေးပေါ်အခန်းထဲမှာ လုံးချင်းဝတ္ထုရဲ့ တစ်စိတ်တစ်ဒေသများကို blog မှာ အလျင်းသင့်သလို ဖော်ပြသွားမှာ ဖြစ်ပါတယ်။စောင့်မျှော်ဖတ်ရှုမယ်လို့ မျှော်လင့်ရင်း  :)