05 January 2014

‘မိန်းကလေးများအားလုံး တန်းတူညီမျှပညာသင်ကြားခွင့်ရမယ့်အခါ…’

 ပညာသင်ကြားခြင်းဟာ လူ့ဘဝကို တိုးတက်ကောင်းမွန်အောင် အထောက်အကူပြုပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတစ်ခုဆိုတာ အားလုံးသဘောပေါက်နားလည်ကြပါတယ်။ စီးပွားရေး၊ လူမှုရေး၊ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးအကော်မတီ (CESCR) စာတမ်းရဲ့ ပိုဒ်ခွဲ ၁၃မှာ မူလတန်းပညာရေးဟာ မလုပ်မဖြစ်လုပ်ဆောင်ရမယ့်အရာဖြစ်ပြီး အားလုံးအတွက်အခမဲ့ဖြစ်စေရမယ်လို့ ဆိုပါတယ်။ ဒီစာတမ်းက ညွှန်ပြသလိုပဲ ပညာသင်ကြားနိုင်ခွင့်ကို စီပွားရေးဆိုင်ရာ အခွင့်အရေး၊ လူမှုရေးဆိုင်ရာ အခွင့်အရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးဆိုပြီး အမျိုးမျိုးသတ်မှတ်နိုင်တယ်။

ပညာသင်ကြားခွင့်ရှိမှာသာ ဒီအခွင့်အရေးတွေကို နားလည်သဘောပေါက်ပြီး အကျိုးသက်ရောက်မှုပြည့်ပြည့်ဝဝရရှိနိုင်မှာ ဖြစ်တဲ့အတွက် အလွန်ပဓာနကျတဲ့ အချက်ဖြစ်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်သလို နိုင်ငံရေးဆိုင်ရာအခွင့်အရေးလည်း ဖြစ်ပါတယ်။ လူ့ခွင့်အရေးကြေငြာစာတမ်းရဲ့ ပိုဒ်ခွဲ ၂၆မှာ လူသားတိုင်းပညာသင်ကြားခွင့်ရှိတယ်လို့ ဖော်ပြထားပေမယ့် ဒီလူ့အခွင့်အရေးကို ချိုးဖောက်မှုကို ခံနေရတဲ့ မိန်းကလေးနဲ့ အမျိုးသမီးတွေ ကမ္ဘာအနှံ့မှာ ရှိပါတယ်။ ကမ္ဘာ့စာမတတ်သူလူဦးရေနဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ ဖြစ်ပြီး ဒါဟာ အမျိုးသမီးများ ခွဲခြားနှိမ့်ချခံနေရခြင်းကို ထင်ရှားသိစေတဲ့ သက်သေတစ်ခုလည်း ဖြစ်ပါတယ်။

 ကုလသမဂ္ဂက ပြဋ္ဌာန်းတဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းရဲ့ စာပိုဒ်(၂၆)မှာ လူတိုင်းမှာ ပညာသင်ကြားဖို့ အခွင့်အရေးရှိတယ်။ အနည်းဆုံးတော့ မူလတန်းနဲ့ အခြေခံအဆင့်တွေမှာ ဒါ(ပညာသင်ကြားခွင့်)ဟာ အခမဲ့ဖြစ်သင့်တယ်လို့ ဆိုထားပေမယ့် ကုလသမဂ္ဂရဲ့ စစ်တမ်းများအရ ၇၂ သန်းမျှသော ကလေးတွေဟာ ကျောင်းမှာ မရှိဘဲ အများစုဟာ မိန်းကလေးတွေဖြစ်ပါတယ်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် Convention on the Elimination of All Forms of Discrimination Against Women (CEDAW) ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။

CEDAW စာချုပ်ရဲ့ အပိုဒ် (၁၀)အမျိုးသားများနှင့် တန်းတူ ပညာသင်ကြားခွင့် အပိုင်းမှာ စာချုပ်ဝင်နိုင်ငံများဟာ ပညာရေးနယ်ပယ်တွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရှိ စေရန်အလို့ငှာ အမျိုး သမီးများအား ခွဲခြားမှု ပပျောက်စေရေးအတွက် သင့်လျော်သည့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရမည်။ အထူး သဖြင့် အမျိုးသားများ၊ အမျိုးသမီးများ တန်းတူ ညီမျှရေးအပေါ် အခြေခံ၍- 

(က)အသက်မွေးဝမ်းကျောင်းပုံနှင့် အသက်မွေးမှု ပညာနယ်ပယ်အတွက်၎င်း၊ ကျေးရွာများနည်းတူ မြို့ပြဒေသ များတွင် ဖွဲ့စည်းတည်ထောင်ထားရှိသည့် ပညာရေးဌာန အမျိုးအစား အားလုံးတို့၌ ပညာသင်ကြားရေးနှင့် ဒီပ လိုမာဘွဲ့များရရှိရေးအတွက် အာမခံချက်ရှိစေရမည်။ ဤတန်းတူညီမျှရှိရေးသည် မူလတန်းကြိုများ၊ အထွေထွေ နည်းပညာ အသက်မွေးဝမ်းကျောင်း မှု အတတ်ပညာနှင့် အဆင့်မြင့်နည်းပညာရေးများနည်းတူ အသက်မွေးဝမ်း ကျောင်းမှုပညာ အမျိုးအစားအားလုံးတို့တွင် အာမခံချက်ရှိစေရမည်။

(ခ)အလားတူ သင်ရိုးညွှန်းတမ်း၊ အလားတူ စာမေးပွဲများ၊ သင်ကြားသည့် အလားတူ အရည် အချင်းအဆင့်ရှိသူ ဆရာ/ဆရာမများ၊ ကျောင်းပရ၀ုဏ်များ၊ အလားတူအရည်အသွေးရှိ ပစ္စည်းကိရိယာများနှင့် သင်ကြားပိုင်ခွင့်ရှိစေ ရန် အာမခံချက်ရှိစေရမည်။

(ဂ)အဆင့်တိုင်းနှင့် ပုံစံတိုင်းတွင် မိန်းကလေးနှင့် ယောက်ျားကလေး အတူစာသင်ကြားမှုနှင့် အခြားနည်းပညာ သင်ကြားခြင်းကို အားပေးခြင်း၊ ဤရည်ရွယ်ချက်သို့ ရောက်ရှိစေရန် ပံ့ပိုး သည့်ပညာရေးအမျိုးအစားများနှင့် အထူး သဖြင့် ကျောင်းပညာသင်ခန်းစာ၊ စာအုပ်များအပြန် အလှန်လေ့ကျင့်ခြင်းနှင့် သင်ကြားရေးနည်းစနစ်များအစားထိုး ခြင်းဖြင့် ပညာရေးတွင် အမျိုးသားနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ တသမတ်တည်းပုံစံဖြင့် နေခြင်းကို ပပျောက် ရေးအတွက် အာမခံချက်ရှိစေရမည်။

(ဃ)ပညာသင်ဆုများနှင့် ပညာသင်ကြားရေးအခြားဆုများရရှိ အကျိုးခံစားခွင့်တွင် တူညီသောအခွင့်အလမ်းများ ရရှိစေရမည်။

(င)အထူးသဖြင့် အစောဆုံးဖြစ်နိုင်သော အချိန်ကာလတွင် အမျိုးသား၊ အမျိုးသမီးများ အကြားတည်ရှိနေသည့် ပညာရေးကွာဟချက်များ လျော့ပါးရန် ရည်ရွယ်သည့်အရွယ်ရောက် သူဆိုင်ရာနှင့် လုပ်ငန်းဆိုင်ရာ စာပေသင်ကြား တတ်မြောက်ရေးအစီအစဉ်များတွင် သင်ကြားခွင့်ရရန် အခွင့်အရေးများ၊ တူညီသော အခွင့်အလမ်းများရရှိစေ ရမည်။

(စ)ကျောင်းမနေဘဲထွက်ပြေးသောအမျိုးသမီးကျောင်းသူများလျော့ပါးရေးနှင့် အချိန်မတိုင်မီ ကျောင်းမှစွန့်ခွါသူမိန်းကလေးများနှင့်အမျိုးသမီးများအား စုစည်းဖွဲ့စည်းရန် အစီအစဉ်များကို အာမခံချက်ပေးရမည်။

(ဆ)အားကစားနှင့် ကာယပညာရေးတွင် တက်ကြွစွာပါဝင်ရန် အလားတူအခွင့်အရေးများ အတွက်အာမခံချက် ရှိစေရမည်။

(ဇ)သတင်းအချက်အလက်နှင့် မိသားစုစီမံကိန်းတွင် အကြံဥာဏ်ပေးခြင်းအပါအ၀င် ကျန်းမာရေး နှင့် ကျန်းမာ သော မိသားစုများဖွံ့ဖြိုးဖြစ်တည်ရေးကို အာမခံရန် သီးခြားပညာပေးရေး၊ သတင်းအချက်အလက်များကို သင်ကြား ခွင့်ရှိရန် အာမခံချက်ရှိစေရမည်။ လို့ ပါရှိပါတယ်။ မြန်မာနိုင်ငံမှ အမျိုးသမီးများဟာ မမွေးခင်ကတည်းက အခွင့်အရေးအပြည့်အ၀ ရနေပြီး ခွဲခြားဆက်ဆံမှုမရှိဟု CEDAW ကော်မတီသို့ မြန်မာအစိုးရမှ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြခဲ့ပါတယ်။ 

ထိုအစီရင်ခံစာမှာ ပြည့်စုံမှန်ကန်မှုမရှိကြောင်းကို ကျောင်းနေခွင့်မရဘဲ ကြုံရာအလုပ်လုပ်ကာ မိသားစုကို ထောက်ပံ့ပေးရသော မိန်းကလေးများ၊ အိမ်အကူအဖြစ် ရသင့်သောလုပ်အားခမရဘဲ အသက်မွေးနေရသော မိန်းကလေးများ၊ ကျောင်းတက်ခွင့်မရဘဲ အရွယ်မရောက်သေးခင်မှာပဲ မိသားစုဝင်ငွေရအောင် တစ်ဖက်တစ်လမ်းကြိုးပမ်းရသော မိန်းကလေးများကို မြန်မာနိုင်ငံအနှံ့အပြား မြို့ပြမှအစ တောခြုံအုံကြားပါမကျန် တွေ့မြင်နိုင်ပါတယ်။

Gender Discrimination in Education: The violation of rights of women and girls- Global Campaign for Education February 2012 စစ်တမ်းအရ မြန်မာနိုင်ငံမှာ မိန်းကလေး အယောက်၁၀၀ ကျောင်းအပ်မယ်ဆိုပါလျှင် မူလတန်းမှ အလယ်တန်းထိ သင်ကြားတဲ့မိန်းကလေးအချိုးဟာ ၇၂.၈% သာ ရှိပြီး အထက်တန်းအဆင့်မှာတော့ ၅၇.၉% သာ ကျန်ရှိပါတော့တယ်။ မိန်းကလေးတွေဟာ ပညာသင်ကြားတဲ့အခါ ခွဲခြားဆက်ဆံရမှုတွေ ရှိ၊မရှိကို သိဖို့ မေးခွန်းအချို့မေးရင်း အဖြေရှာနိုင်ပါတယ်။ ·

  •  မူလတန်းဝင်ခွင့်သာ မဟုတ်ဘဲ အတန်းပညာပြီးဆုံးတဲ့အထိ မိန်းကလေးတွေ သင်ကြားခွင့်ရရဲ့လား။ 
  • ပညာသင်ကြားနိုင်ခွင့်ရှိတယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ နေရာဒေသအခက်အခဲတွေနဲ့ ပညားမသင်ကြားနိုင်ဘဲ ပျက်ကွက်နှုတ်ထွက်ရမယ့် ဘာအခက်အခဲတွေရှိလဲ။
  •  ပညာသင်ကြားနိုင်ပါလျှက် မိန်းကလေးရဲ့ လုပ်အားကို ရယူဖို့ ၊စောစောစီးစီးအိမ်ထောင်ကျသွားလို့ ပညာသင်ကြားရေးမှာ ရပ်တန့်သွားခဲ့သလား။ 
ဒီအချက်တွေဟာ ယေဘူယျဥပမာမေးခွန်းမျှသာဖြစ်ပြီး အဓိကတော့ မိန်းကလေးများဟာ အထက်တန်းအထိ အခမဲ့ပညာသင်ကြားနိုင်ရပါမယ်။ နွမ်းပါးသောကလေးငယ်များ ပညာသင်ကြားနိုင်အောင် အထွေထွေစရိတ်ထောက်ပံ့ရပါမယ်။ အိမ်အလုပ်ကို ကူလုပ်ရသော၊ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ရှာနေရသော မိန်းကလေးတွေအတွက် ကျောင်းချိန်တွေဟာ ချိန်ညှိပေးရပါမယ်။ ကျောင်းများမှ အိမ်များရဲ့ အနီးမှာ ရှိရပါမယ်။ ( တစ်ချို့သော မိဘများဟာ မိန်းကလေးများ ဝေးလံခေါင်ပါးတဲ့ နေရာမှာ ပညာသင်ကြားရတဲ့အခါ စိုးရိမ်ကြောင့်ကြပြီး ပညာဆက်လက်မသင်စေလိုကြပါဘူး။) ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာခွဲခြားနှိမ့်ချဆက်ဆံမှုတွေ မပြုရပါဘူး။
 
 
ကျွန်မလည်း ကျွန်မတို့အပေါ်ထပ်တိုက်ခန်းမှာ အိမ်အကူလာလုပ်တဲ့ မိန်းကလေးကို မေးခွန်းအချို့မေးခဲ့ပါတယ်။ သူမက မူလတန်းအထိပဲ ပညာသင်ခွင့်ရခဲ့ပါတယ်။ အလယ်တန်းကျောင်းမတက်ရတဲ့ အကြောင်းပြချက်က သူမတို့ရွာမှာ အလယ်တန်းကျောင်းမရှိသောကြောင့်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ကျောင်းထွက်ခဲ့ရကာ အသက်ဆယ်နှစ်အရွယ်ထဲကစ လယ်ထဲမှာ အလုပ်လုပ်ခဲ့တာ ယနေ့အိမ်အကူလုပ်သည့်တိုင် ဖြစ်ပါတယ်။ သူမလိုမျိုး သေစာရှင်စာတတ်ပြီးရောဆိုပြီး ကျောင်းကနေ နှုတ်ထွက်လိုက်ရတဲ့ မိန်းကလေးတွေဟာ မြန်မာနိုင်ငံအနှံ့မှာ ရှိကြပါတယ်။ 
 
ဒီမိန်းကလေးတွေရဲ့ ဘဝရှေ့ဆက်ဘယ်လိုရပ်တည်မှာလဲ။ မူလတန်းပညာသင်ခွင့်ရရုံမျှနဲ့ လောကအလယ် ရပ်တည်ဖို့ ခက်လှပါတယ်။ ပြီးတော့ မိန်းကလေးနဲ့ အမျိုးသမီးများ ပညာမတတ်ခြင်းဟာ မိသားစု၊လူအဖွဲ့အစည်းရဲ့ ဆုံးရှုံးမှုလို့ အများအားဖြင့် မမြင်ချင်ပါဘူး။ ဒီအဖွဲ့အစည်းဟာ မိန်းကလေးတွေကို ပညာအတွက် ပေးရမယ့်အဖိုးအခကို ရင်းနှီးမြှပ်နှံမှုလို့ မထင်ကြပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေက ပညာမတတ်တဲ့အခါ အလုပ်အကိုင်ဈေးကွက်မှာ ခွဲခြားနှိမ့်ချမှုတွေပေါ်ပေါက်လာပြီး သူမရဲ့ မျိုးဆက်အတွက်လည်း ပိုမိုနိမ့်ကျဆိုးရွာလာစေပြီး ဆင်းရဲမွဲတေမှုသံသရာလည်နေဦးမှာ ဖြစ်ပါတယ်။
 
တကယ်တော့ မိန်းကလေးများရဲ့ ပညာရေးမှာ ရင်းနှီးမြှပ်နှံခြင်းဟာ ဆင်းရဲမွဲတေမှုကို လျော့ကျစေနိုင်တဲ့ အကောင်းဆုံးအချက်ဖြစ်ပါတယ်။ ပညာတတ်တဲ့အမျိုးသမီးတွေဟာ သတင်းအချက်အလက်တွေကို ပိုမိုရရှိနိုင်ပြီး ထုတ်ကုန်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုပြီး အကျိုးရှိရှိလုပ်ကိုင်နိုင်ပါတယ်။ လေ့လာချက်များအရ ပညာတတ်သူအမျိုးသမီးအများစုဟာ နိုင်ငံရေးအသိ၊ လူမှုရေး ပညာ၊ သိပ္ပံပညာကို နားလည်စွမ်းရှိပြီး ကျန်းမာရေးလိုက်စားတဲ့အပြင် ကောင်းမွန်စွာ အမှုထမ်းနိုင်သူတွေဖြစ်ကြပါတယ်။
 
 ရှေးရိုးစွဲအမြင်ရှိသူတွေကတော့ မိန်းကလေးတွေဟာ အိမ်ထောင်ရှင်မကောင်းနဲ့ မိခင်ငယ်ငယ်လေးတွေအဖြစ် အိမ်ထောင့်တာဝန်ကို ထမ်းဆောင်နိုင်အောင်သာ မျှော်လင့်ကြတယ်။ ဒါပေမယ့် ပညာတတ်မိခင်ဖြစ်မှာသာ မိသားစုအကျိုးကို ပိုမိုသယ်ပိုးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ အိမ်ထောင်ကျသွားတဲ့အခါမှာလည်း မိခင်ရဲ့ ပညာအရည်အချင်းဟာ သူမရဲ့ကလေးတွေရဲ့ဘဝကို လွှမ်းမိုးနိုင်တဲ့အထိ အရေးကြီးပါတယ်။
 
 ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကိုယ်အလေးချိန် မပြည့်မီတဲ့ ကလေးတွေရဲ့အချိုးဟာ အမျိုးသမီးတွေ ပညာတတ်မှုနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ ပညာတတ်အမျိုးသမီးတွေဟာ သင့်တော်သောအရွယ်ရောက်မှာသာ အိမ်ထောင်ပြုကြကာ ကလေးယူမှုလည်း လျော့နည်းပြီး၊ ပိုကျန်းမာတဲ့ကလေးတွေကို မွေးဖွားပေးနိုင်ကြောင်း တွေ့ရပါတယ်။ ထိုကလေးများမှာ ရှင်သန်မှုမှာလည်း ပညာမတတ်ဆင်းရဲသောမိခင်မှ မွေးသောကလေးထက် မြင့်မားပြီး၊ ထိုကလေးများကို ပိုမိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။
 
 ထို့ပြင် ပညာတတ်တဲ့မိခင်ကြောင့် မိသားစုဝင်ငွေကို ရရှိသုံးစွဲနိုင်ခွင့်လည်း ပိုမိုတိုးပွားလာပါတယ်။ ဝင်ငွေဟာ မိခင်လက်ဝယ်မှာ ရှိတဲ့အခါ ကလေးရဲ့အသက်အရွယ်အလိုက်ရရှိရမယ့်အရပ်၊ကိုယ်အလေးချိန်အတိုင်း ရရှိစေပြီး ဒီအကျိုးသက်ရောက်မှုဟာ ဖခင်တစ်ယောက်က ဝင်ငွေကို ကိုင်ထားတာထက် လေးဆပိုပါတယ်။ အိမ်ထောင်ဗာရီရတွေမှာ မိခင်ရဲ့သုံးစွဲမှုဟာ ဖခင်နဲ့ကွဲပြားနေပါတယ်။
 
 ဝင်ငွေကို ဘယ်သူက ထိန်းချုပ်သလဲဆိုတဲ့ အချက်ကလည်း ကလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုမှာ အလွန်ကြီးမားတဲ့ခြားနားချက်ဖြစ်စေပါတယ်။ ပညာတတ်မိခင်ဟာ ပညာတတ်ဖခင်ထက် ကလေးတွေရဲ့ကျန်းမာရေးနဲ့ ပညာရေးအပေါ်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ပညာတတ်မိခင်တွေဟာ ပညာတတ်ကလေးတွေဖြစ်လာဖို့လည်း ပိုမိုအားထုတ်ရည်သန်ပါတယ်။ဒီလိုနဲ့ အမျိုးသမီးတွေ ပညာတတ်တဲ့အခါ ဆင်းရဲမှုကို လျော့ကျစေနိုင်ပြီး၊ ကုန်ထုတ်လုပ်မှုတိုးပွားလာပြီး၊ လူဦးရေအုံကြွမှုကို လျော့ပါးစေမှာဖြစ်သလို ကလေးများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
 
အခုခေတ်ဟာ လူတွေရဲ့စွမ်းအင်ကို အစားထိုးတဲ့ နည်းပညာများပေါ်ထွက်လာတဲ့အညီ အမျိုးသား၊အမျိုးသမီးရဲ့ စွမ်းအင်ခြားနားမှုဟာလည်း လျော့ကျလာပါတယ်။ ယနေ့ခေတ်တိုင်းပြည်တွေဟာ ထုတ်ကုန်ကောင်းတွေကို နိုင်ငံခြားကိုတင်ပို့ရောင်းချနိုင်မှသာ တိုးတက်နေတဲ့ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်မှာဖြစ်ပြီး ဒီဖြစ်စဉ်မှာ ပညာတတ်အမျိုးသမီးတွေရဲ့ အင်အားဟာ မဖြစ်မနေလိုအပ်ပါတယ်။ ပညာတတ်အမျိုးသမီးတွေ များပြားလာတာနဲ့အမျှ နိုင်ငံတော်ဝင်ငွေက တိုးပွားလာမှာ ဖြစ်ပါတယ်။
 
 ထို့ကြောင့် မိန်းကလေးတစ်ဦးပညာတတ်မယ်ဆိုပါလျှင် နိုင်ငံရေး၊လူမှုရေး၊စီပွားရေးမှာ ပြီးပြည့်စုံအောင် ဖန်တီးနိုင်လာမှာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး မိခင်ဖြစ်လာတဲ့အခါမှာ မိမိရင်သွေးရှင်သန်ရပ်တည်အောင် ပိုမိုဆောင်ရွက်နိုင်စွမ်း ရှိပါလိမ့်မယ်။အိမ်ထောင်ထိန်းသိမ်းရာမှာလည်း အချိုးကျတဲ့အပြင် လုပ်ငန်းခွင်မှာလည်း ပိုမိုထုတ်လုပ်နိုင်စွမ်းရှိပြီး လခကို ပိုမိုကောင်းမွန်စွာ ရရှိနိုင်မယ်။ သူမရဲ့ ဘဝကိုသာမကဘဲ ရင်သွေးတွေရဲ့ဘဝကိုပါ ကောင်းမွန်စွာ ကာကွယ်နိုင်မယ်။ သူမရဲ့ အခွင့်အရေးတွေကို တောင်းဆိုနိုင်စွမ်းရှိလာပြီး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းရှိပြီး ဂုဏ်သိက္ခာရှိတဲ့ဘဝလုံခြုံမှုရမှာ ဖြစ်ပါတယ်။
 
အမျိုးသမီးများအားလုံး ပညာသင်ကြားနိုင်ရေးဟာ နောင်လာနောက်သားမျိုးဆက်အတွက် ပဓာနအကျဆုံးဖြစ်တာကြောင့် အမျိုးသားရေးဆိုကာ ဦးထိပ်ထားရမယ့်အရာ ဖြစ်သော်လည်း မြန်မာမိန်းကလေးတွေဟာ ယနေ့ထက်တိုင် ပညာရွှေအိုးကို ယနေ့ထက်တိုင် တန်းတူညီမျှပိုင်ဆိုင်ခွင့်မရနိုင်သေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၈ က "နိုင်ငံတော်သည် မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဘာသာ၊ ဇာတိ၊ ကိုးကွယ်ရာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားခြင်းမရှိစေရန်" လို့ ပြဌာန်းထားတာရှိပေမယ့် မညီမျှမှုများရှိနေဆဲဖြစ်ပြီး ပညာရေးမှာ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကအစ တူညီမှုမရှိတာကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်ခါထောက်ပြခဲ့ဖူးပါတယ်။
 
ထိုဝင်ခွင့်မညီမျှမှုကို ယနေ့ထက်တိုင် ပြင်ဆင်ခြင်းမရှိပါဘဲ ဒီလိုစီရင်သူတို့ရဲ့ အကြောင်းပြချက်ကတော့ တောခြုံအုံကြားနေရာတွေကို (ဆရာဝန်)အမျိုးသမီးတွေက တာဝန်မထမ်းဆောင်နိုင်လို့ပါတဲ့။ ထိုစကားမှာ မြန်မာပြည်အစွန်အဖျားဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ စာသင်ကြားပေးနေသော ဆရာမလေးများကို သွယ်ဝိုက်စော်ကားခြင်းဖြစ်တာမို့ အလွန်ပဲ အားနာစရာကောင်းလွန်းလှတာ။ အားလုံးသိတော်မူတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ၇၆.၄၆% သော ဝန်ထမ်းတွေဟာ အမျိုးသမီးတွေဖြစ်ပြီး မူလတန်းကျောင်းမျှ အနိုင်နိုင်တည်ရတဲ့ ထိုကျေးရွာလေးများမှာ တိုက်နယ်ဆေးရုံဆိုတာ အဝေးဆုံးအရပ်မှာရယ်လေ။
 
 အမှန်မှာတော့ ဆေးတက္ကသိုလ်ဝင်ခွင့်သာမကဘဲ အဆင့်မြင့်ပညာရေးနယ်ပယ်မှာ အမျိုးသမီးတွေက ခွဲခြားပယ်ဖျက်ခံနေရဆဲဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်ကိုပင် ကျား၊ မ ခွဲခြားကာ သတ်မှတ်မှုကြောင့် ဆေးတက္ကသိုလ် ကျား (၄၉၀)၊ မ (၅၀၈) ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား ( ၅၀၀)၊ မ (၅၀၄) သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျား (၄၆၉)၊ မ (၅၀၁) မန္တလေးနည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား (၄၈၅)၊ မ (၄၉၇) လို့စသည်ဖြင့် ကျား၊မ ဝင်ခွင့်အမှတ်မတူသည်ကို တွေ့ရှိရနိုင်ပါတယ်။
 
 ယောက်ျားလေးထက် ရမှတ်တူ/ပိုရပါလျှက် မိမိသင်ကြားချင်သော ပညာရပ်ကို စွန့်လွှတ်လိုက်ရသော မိန်းကလေးများရဲ့ပညာရေးဟာ သာတူညီမျှဖြစ်နေပါသည်ဟု သတ်မှတ်နိုင်ပါရဲ့လား။ ဒီနေ့ခေတ်မှာ ပညာရေးဟာ လူတစ်ယောက်ရဲ့ဘဝမှာ အလွန်အရေးပါပြီး လူ့အခွင့်အရေးရရှိဖို့ အရေးအကြီးဆုံးအစိတ်အပိုင်းမှာ ပါဝင်နေပါတယ်။ အလုံးစုံသောလူ့အခွင့်အရေးတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေပြီး ၊ မခွဲခြားနိုင်ဘူးဆိုတာ ဒီပညာသင်ကြားနိုင်ခွင့်ဥပမာကသာ အကောင်းဆုံးသရုပ်ပြပေးနိုင်ပါတယ်။ ဒါပေမယ့် ပညာသင်ကြားခွင့်ကို မြန်မာမိန်းကလေးများအားလုံးမရရှိကြဘဲ ရရှိသောမိန်းကလေးများမှာလည်း ညီမျှမှုမရှိသော စည်းမျဉ်းများကြောင့် သူတို့လိုလားသော ပညာရေးအိပ်မက်ကို စွန့်လွှတ်နေရဆဲဖြစ်ပါတယ်။
 
 ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ငြိမ်းချမ်းသောနိုင်ငံကို တည်ဆောက်မည်ဆိုပါလျှင် အမျိုးသမီးများ ပညာသင်ကြားနိုင်ခွင့်၊ အဆင့်မြင့်ပညာရေးကို သာတူညီမျှရပိုင်ခွင့်ဟာ မဖြစ်မနေပေးအပ်ရမယ့် အခွင့်အရေးဖြစ်ပါတယ်။ စစ်တမ်းအရ ဘရာဇီး၊ရှရှား၊အိန္ဒယ၊တရုတ် နိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊အင်ဒိုနီးရှား၊အီရန်၊ ကိုရီးယား၊ မက်ဆီကို၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တူရကီ၊ဗီယက်နမ် နိုင်ငံများကို လေ့လာချက်အရ အမျိုးသမီးပညာရေးမှာ ပိုပြီး ရင်းနှီးမြှပ်နှံလေ ဖွံ့ဖြုးမှုတိုးတက်လာလေဖြစ်ပြီး တစ်နှစ်ကို GDP ၀.၂ % တိုးတက်လာကြောင်း တွေ့ရပါတယ်။
 
 ထို့ကြောင့် အချုပ်အားဖြင့်ဆိုရပါလျှင် တိုင်းပြည်တိုးတက်ရေးကြောင့် ဖြစ်စေ၊ လူ့အခွင့်အရေးကြောင့် ဖြစ်စေ ၊ အမျိုးသားရေးကြောင့် ဖြစ်စေ ၊ ကမ္ဘာကြီးပြောင်းလဲရေးအတွက် ဖြစ်စေ။ အမျိုးသမီးများအားလုံး သာတူညီမျှပညာသင်ကြားခွင့်ရရေးဟာ မဖြစ်မနေအကောင်အထည်ဖော်ရမယ့် လူ့အခွင့်အရေးဖြစ်ပါတယ်။ ထို့အတွက် အစိုးရရဲ့ ကူညီမှုနဲ့ မိဘတွေ၊လူမှုအဖွဲ့အစည်းတွေဟာ ကျောင်းများနဲ့ပူးပေါင်းကာ မိန်းကလေးငယ်ပညာရေးရရှိအောင် ကြိုးစားရပါလိမ့်မယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ မာလာလာကို အတုယူပြီး ကျွန်မတို့ ဇွဲမလျှော့သင့်ပါဘူး။
 
 
 ‘စာမတတ်မှုပပျောက်ရေး၊ ဆင်းရဲ့မှုပပျောက်ရေးနဲ့၊ အကြမ်းဖက်ဝါဒတွေပပျောက်ရေးစတဲ့ ခန်းနားထယ်ဝါတဲ့ ကြိုးပမ်းအား ထုတ်မှုကိုပြုလုပ်ကြပါစို့။ အစွမ်းထက် လက်နက်ဖြစ်တဲ့ စာအုပ်နဲ့ ကလောင်တံတွေကို ကောက်ယူကြမယ်။ ကလေးတစ်ယောက်၊ ဆရာတစ်ယောက် စာအုပ်တစ်အုပ်နဲ့ ကလောင်တံတစ်ချောင်းက ကမ္ဘာကိုပြောင်းလဲနိုင်တယ်။ ပညာရေးက တစ်ခုတည်းသော အဖြေဖြစ်တယ်။ ပညာရေးသည်သာ ပထမ’လို့ ၂၀၁၃လ ဇူလိုင် ၁၂ ရက်နေ့တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ လူငယ်ခေါင်းဆောင်တွေကို မာလာလာက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရရှိရေးအတွက် တက်ကြွလှုပ်ရှားသူ ပါကစ္စတန် မိန်းကလေး သူရဲကောင်း မာလာလာ ယူဆပ်ဇိုင် အကြောင်းကို လူတိုင်းသိကြားခဲ့ပြီး ဖြစ်ပါလိမ့်မယ်။
 
ဆ၀ပ် တောင်ကြားဒေသမှာ တာလီဘန် သေနတ်သမားတွေက အသက်၁၅ နှစ်အရွယ်သူမရဲ့ ဦးခေါင်းနဲ့ လည်ပင်း နေရာတွေကို ပစ်ခတ်ပြီး သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် မာလာလာက ရှင်သန်ခဲ့သလို မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရရှိရေး လှုပ်ရှားမှုကလည်း ဆထက်တံပိုးဖွံ့ဖြိုးလာကာ နိုဝင်ဘာလ ၁၀ ရက် နေ့ကို မာလာလာနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မိန်းကလေးငယ်တွေ (ညီတူညီမျှ) ပညာသင်ကြားခွင့် ရရှိရေးကို လှုပ်ရှားမှု တစ်ရပ်အဖြစ်၊ အမျိုးသားရေးဦးတည်ချက်အဖြစ် ချမှတ်ဆောင်ရွက်သင့်ပြီလို့ ထင်မြင်မိပါတယ်။
 
 မြန်မာလောကနီတိရဲ့ ဣတ္ထိယကဏ္ဍမှာ ‘ဥသြတို့၏ အဆင်းကား အသံလျှင်တည်း။ မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။’(လောကနီတိ - ၉၄ )လို့ ရေးသားထားသလို ‘မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။’(လောကနီတိ-၉၅)လို့ ရေးသားထားပါတယ်။ (လောကနီတိအရ) မိန်းကလေးတစ်ယောက်ဟာ ပညာသင်ကြားခြင်းမရှိပါဘဲ တစ်ဦးတစ်ယောက်ကိုမှီခိုပြီး အရေပြားတစ်ထောက်ကို အခြေပြုပြီး ဘဝရပ်တည်ခဲ့မယ်ဆိုရင် ဒီမိန်းကလေးရဲ့ မိသားစုဘဝယို့ယွင်းရုံမျှသာ မဟုတ်ဘဲ လူအဖွဲ့အစည်းတစ်ခုလုံးရဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။
 
မိန်းကလေးငယ်တွေကို ပညာသင်ပေးဖို့ လျစ်လျူရှုတဲ့ လူ့အဖွဲ့အစည်းဟာ မဆုံးနိုင်တဲ့ မှောင်မိုက်ခြင်းတွေနဲ့ ပြည့်နေဦးမှာ ဖြစ်ပါတယ်။ ထို့အတွက် ကျွန်မတို့အားလုံးဟာ ‘မိန်းမတို့၏ အဆင်းကား ပညာတည်း။ မိန်းမတို့၏ ဥစ္စာကား ပညာတည်း။’ဆိုပြီး ဆိုရိုးအသစ်ရေးထိုးနားလည်ဖို့ အချိန်ကျပါပြီ။ ပညာသင်ကြားသော မိန်းကလေးများရဲ့ အဆင့်မြင့်ပညာသင်ကြားနိုင်ခွင့်စည်းမျဉ်းများကို ညီတူညီမျှပြုလုပ်ပြဠာန်းရမယ့်အချိန်လည်း ရောက်သင့်ပြီ ဖြစ်ပါတယ်။ 
 
 မယ့်ကိုး
(လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်။ နိုဝင်ဘာ၊ ၂၀၁၃)
 
 Ref: Convention on the Elimination of All Forms of Discrimination Against Women (CEDAW)
 
 Gender Discrimination in Education: The violation of rights of women and girls- Global Campaign for Education February 2012 
 
Gender Discrimination in Education and Economic Development : A study of Asia by G.Balatchandirane 

4 comments:

သဒ္ဓါလှိုင်း said...

ကောင်းမွန် အကျိုးပြုတဲ့ ဆောင်းပါး ပါ မယ့်..
ဂုဏ်ယူပါတယ်

ချစ်ခင်စွာ
သဒ္ဓါ

Anonymous said...

မယ် ဟာ သိပ်ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ပါတယ်
ဆက်လုပ်ပါ လုပ်ပါလို့ တရစပ်အားပေးတိုက်တွန်းပါတယ်
မယ့်အတွေးတွေကို ဖေ့ဘုတ်စတေးတပ်နဲ့ဖွင့်ချရုံမလုပ်ပါနဲ့
အဲသလို ဆောင်းပါးတွေ ရေးစမ်းပါ မယ်

ချစ်သော
................

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဖတ်မှတ်သွားကြောင်းပါ မယ်ကိုးရေ......

ရင်လှိုင်း said...

လောကနီတိရဲ့ အဆိုကို မိန်းမတို့ ၏ သစ္စာ တစ်ခုအဖြစ်ထားလိုက်မယ်။ ပြီးတော့ မမ မယ့် ပြောသလိုပဲ မိန်းမတို့ ၏ ဥစ္စာကား ပညာ၊ မိန်းမတို့ ၏ ဥစ္စာကား ပညာလို့ ဆိုရိုးအသစ် ရေးထိုးသင့်နေပါပြီ။