25 January 2014

သူငယ်ချင်းအမှတ်-၉

အိုရှိုးက မိန်းမရဲ့စာအုပ် ဆိုတဲ့စာအုပ်မှာ ‘ မိန်းမနဲ့ ယောက်ျားအကြား ခင်မင်မှုဟာ ဘာလို့မဖြစ်နိုင်တာလဲလို့ မင်းက ငါ့ကို မေးမယ်။ ထောင်ကျနေသူနဲ့ အကျဉ်းထောင်ကြားမှာ ခင်မင်မှု မရှိနိုင်ဘူး။ ခင်မင်မှုဆိုတာ တူညီတဲ့ လူအချင်းချင်း၊ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ လူမှုဘဝ တိုးတက်မှုတွေရဲ့ အနှောင်အဖွဲ့က လွတ်ပြီး သူတို့ရဲ့ သဘာဝအမှန်အတိုင်း အစစ်အမှန် နေထိုင်တဲ့သူတွေသာ သူငယ်ချင်းဖြစ်နိုင်တယ် ’ လို့ ဆိုတယ်။

 ဒါဆို သူနဲ့ ကျွန်မ သူငယ်ချင်းဖြစ်နိုင်သလား။ လက်ထပ်မှုကို လိုလားပြီး အနှောင်အဖွဲ့ကို ကြောက်တဲ့သူနဲ့ လက်ထပ်မှုကို ထိတ်လန့်ပြီး အနှောင်အဖွဲ့ခံချင်သူကျွန်မတို့ဟာ သူငယ်ချင်းအဖြစ် သဟဇာတဖြစ်နိုင်တယ် မဟုတ်ပါလား။ ဒီအတွက် ကျွန်မတို့ကြားမှာ လွတ်လပ်မှုရှိတယ်။ ဆွဲဆောင်မှုကင်းတယ်။ကလေးတစ်ယောက်လို ရှင်သန်နေချင်သေးတဲ့သူနဲ့ မရင့်ကျက်တဲ့ကျွန်မတို့ သူငယ်ချင်းဖြစ်ကြတာ မဆန်းပါဘူး။

ပြီးတော့ ဟယ်ရီ နဲ့ ဆယ်လီတွေ့တဲ့အခါဆိုတဲ့ ရုပ်ရှင်ကားမှာ ဟယ်ရီက ပြောတာလည်း မှန်လိမ့်မယ်။ ဘယ်ယောက်ျားလေးမှ သူ့ကိုဆွဲဆောင်နိုင်တဲ့ မိန်းကလေးနဲ့ သူငယ်ချင်းမဖြစ်နိုင်ဘူးတဲ့။ 


သူနဲ့ကျွန်မ ယနေ့ထက်တိုင်သူငယ်ချင်းဖြစ်နေခြင်းက ကျွန်မက သူ့အတွက် ဆွဲဆောင်မှုမရှိလို့ပေါ့။ တနည်းအားဖြင့် ကျွန်မ ရုပ်ဆိုးလို့သာပေါ့။



အကျည်းတန်သူဖြစ်တဲ့အတွက် ဝမ်းသာရပါတယ်။ နေပျော်ပါတယ်။ သက်တောင့်သက်သာရှိလှပါတယ်။ သူ့လက်ကို မတွဲရခြင်းအတွက် ကျေနပ်ပါတယ်။သူ့သူငယ်ချင်းဖြစ်ရတဲ့ဘဝမှာ ရိုးစင်းစွာ ကျွန်မ ပျော်ပါတယ် တကယ်။ ကြယ်ဆိုတာ အဝေးကြည့်ပဲ လှတာမဟုတ်လား။  အနီးကပ်သွားတဲ့အခါ ပူလောင်ကျွမ်းသေဆုံးအောင် စွမ်းဆောင်နိုင်တဲ့ နေဖြစ်တယ်လေ။

ကျွန်မက သစ်ရွက်လှုပ်တိုင်း ရယ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်မဟုတ်။ Talyor Swift ရဲ့ You belong with me သီချင်းကို ဆိုညည်းကာ သူလှည့်ကြည့်လာမည့်အချိန်ကို မျှော်လင့်စောင့်စားနေသူလည်း မဟုတ်ပါ။

 

စွဲလမ်းတပ်မက်မှုတွေဟာ အနိစ္စသဘောမို့ တစ်ယောက်ကိုတစ်ယောက် သာယာမှုမပေးနိုင်တဲ့ နေ့ရက်များကို တွေးကြောက်စရာမလို၊သူ့ရဲ့ ဟာသဥာဏ်ရွှင်မြူးမြူးဟာ တာဝန်၊ဝတ္တရားတွေကြားမှာ ညှိုးနွမ်းသွားမှာ စိုးရိမ်စရာမလို၊ ပါးရေနားရေတွေတွန့်လိပ်လို့ ရုပ်အဆင်းယိုယွင်းလာတဲ့အခါ အချစ်လျော့စရာမလို၊ နားလည်မှုတွေလွဲမှားကာ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင်စရာမလို။ သူငယ်ချင်းဆိုတာ ထာဝရအဖော်မဟုတ်လား။

သူ့ကို အမြဲတစေ ပြုံးပျော်စေချင်ပါတယ်။ Leona Lewis ရဲ့ 'Here I Am' ဆိုတဲ့ သီချင်းလေးအတိုင်း ပြောချင်ပါသေးတယ်။
‘ဒီရူးနှမ်းနေတဲ့ ကမ္ဘာကြီးမှာလေ...အထီးကျန်တဲ့အချိန်တွေလည်း ရှိမယ်။ အချိန်တော်တော်များမှာ ဘယ်သူက မင်းအနားမှာ ရှိလဲဆိုတာ သိဖို့ ခက်လိမ့်မယ်။ ဘယ်သူ့ကို တကယ်ယုံကြည်နိုင်သလဲ။ ဘယ်သူကို မင်းအမှန်အတိုင်းသိနိုင်သလဲ။

တစ်ခါတစ်လေ မင်းမတတ်နိုင်တဲ့အရာတွေ ဖြစ်လာတဲ့အခါ မင်းအထီးကျန်နေတာကို လျော့နည်းအောင်လုပ်နိုင်တဲ့ တစ်ယောက်ယောက်ရှိနိုင်သလား။ မင်းပြေးလာဖို့တစ်နေရာလိုအပ်တဲ့အခါ ၊ မင်းငိုဖို့ ပုခုံးတစ်ဖက်လိုအပ်တဲ့အခါ...။

ဟုတ်တယ်။ ငါ မင်းရဲ့ သူငယ်ချင်းအဖြစ်ထာဝစဉ်ရှိနေမယ်။ မိုးရွာနေတဲ့အခါ အရိပ်အာဝါသတစ်ခု လိုအပ်တဲ့အခါ၊ မင်းနာကျင်မှုကို ကုသဆေးလိုအပ်တဲ့အခါ အဲဒီအချိန်တိုင်းမှာ ငါ ရှိနေမယ်။ တစ်စုံတစ်ယောက်က မင်းကိုချစ်ဖို့ လိုအပ်တဲ့အခါ ငါ ဒီမှာလေ။'

သူငယ်ချင်းအဖြစ် သူ့ကို ထာဝရပျော်ရွှင်အောင်ထားနိုင်သူသာ ဖြစ်လိုလှပါတယ်။ ဒီလို သီချင်းကတဆင့် ဖွင့်ဆိုမိတဲ့ ကျွန်မရဲ့သစ္စာကို သူကြားနိုင်မှာ မဟုတ်ပါ။ လွမ်းတော်မူလို့ စာကိုသီလည်း ကျွန်မရဲ့စာကို သူမဖတ်ပါ။ ဒါသည်လည်း သူငယ်ချင်းဖြစ်ခြင်းရဲ့ ကောင်းခြင်းလက္ခဏာ တစ်ခုမဟုတ်ပါလား။ ။

မယ့်ကိုး

11 comments:

May Oo Khaing said...

Cool.. I really like this post sis. Thumbs up! :))))

malwin said...

ရင် ထဲက စကားသံကို ပြန်ကြားနေရသလိုခံစားရတယ် .....thanks

Anonymous said...

thanks

Anonymous said...

Wow...Beautiful friendship...
With love,
Esther

ရင်လှိုင်း said...

သူငယ်ချင်းဆိုတဲ့ ကြိုးက အရိုးရှင်းဆုံးပဲနော်။

သဒ္ဓါလှိုင်း said...

ရင်ထဲကဖြစ်တည်လာတဲ့ လှပတဲ့ အက်ဆေးလေး.

ချစ်ခင်စွာ
သဒ္ဓါ

malwin said...

ခိုင် လည်း အရမ်းခိုင် ပါ တယ် ....မမြင် ရ တော့ ရင် တောင် ပြတ်မသွားဘူး

ရိုးမြေကျ said...

ကြယ်ဆိုတာ အဝေးကြည့်ပဲလှတာလား။ တကယ်နီးကပ်လာရင် ပူလောင်ကျွမ်းရမှာလား။ ဒါဆို ဒီအတိုင်းပဲ ငေးကြည့်နေရမှာပေါ့နော်မမ

ထရီဆာ (Teresa) said...

ခင်မင်မှုဆိုတာ တူညီတဲ့ လူအချင်းချင်း၊ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ လူမှုဘဝ တိုးတက်မှုတွေရဲ့ အနှောင်အဖွဲ့က လွတ်ပြီး သူတို့ရဲ့ သဘာဝအမှန်အတိုင်း အစစ်အမှန် နေထိုင်တဲ့သူတွေသာ သူငယ်ချင်းဖြစ်နိုင်တယ် ’
သိပ်ကြိုက်တယ် ညီမလေး မယ့်ကိုး :)

လသာည said...

I like this post very much.

အင်း.. သူငယ်ချင်းလေး အချစ်ရယ်

မြသွေးနီ said...

ခင်မင်မှုဆိုတာ တူညီတဲ့ လူအချင်းချင်း၊ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ လူမှုဘဝ တိုးတက်မှုတွေရဲ့ အနှောင်အဖွဲ့က လွတ်ပြီး သူတို့ရဲ့ သဘာဝအမှန်အတိုင်း အစစ်အမှန် နေထိုင်တဲ့သူတွေသာ သူငယ်ချင်းဖြစ်နိုင်တယ်..တဲ့။ ကောင်းလိုက်တဲ့ စကားလေး..။ ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ယုံကြည်ချက်နဲ့ ခံယူမှုအပေါ် ပြောင်းလဲမှု ရှိတတ်ကြတာပါပဲ မယ့်ရေ..။ မိန်းမဆိုတော့ အထင်သေးသယောင်စကားဆိုလာရင်တော့ ၀မ်းနည်းမှုကို သိုသိပ်လို့ ကျားတစ်ကောင်လို ရဲရင့်ကြောင်း ပြမိတတ်တယ်။