08 January 2014

‘အိပ်မက်ရိပ်’

‘မင်းသဘောမပေါက်ဘူး ။ဟုတ်တယ်မလား။ A ပုဂ္ဂိုလ် က B ပုဂ္ဂိုလ်ကို နားလည်တာ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဖြစ်လာဖို့ အချိန်ကျလာလို့ပဲ။ Bပုဂ္ဂိုလ်က Aပုဂ္ဂိုလ်ရဲ့ နားလည်မှုလိုချင်လို့ မဟုတ်ဘူး။’ ဟာရုခိ မူရာကာမိရဲ့ နော်ဝေတောအုပ်ဆိုတဲ့စာအုပ်ထဲက ချစ်သောမိန်းမ ဟာဆုမိနှင့် မချစ်သောယောက်ျား နာဂဆဝါကို သတိရသောအခါ စိတ်မသက်မသာဖြစ်ရသည်။

နားလည်မှုမလိုအပ်သူကို နားမလည်တာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူမသည် အခုတော့ ဘယ်သူ့ကိုမှ နားမလည်ချင်တော့ပေ။ သူမကိုယ် သူမလည်း နားမလည်ချင်ပေ။ နားမလည်စေချင်သည့်သူကို အဘယ့်ကြောင့် နားလည်စရာလိုမည်နည်း။ သူ့ဆီက နားလည်မှုကိုရော အဘယ်ကြောင့် လိုအပ်နေသနည်း။ အဖြေမရှာချင်တော့။ ပင်ပန်းလွန်းလှသည်။

စိတ်ပညာစာအုပ်များကို လှန်လှောမကြည့်ချင်တော့။ သီအိုရီတွေ၊ အမေး၊အဖြေတွေနှင့် သုံးသပ်ရခြင်းမှာ နွမ်းနယ်လှသည်။ သို့သော် သူမခေါင်းထဲက အသံသည် သူမမကြားလိုသည့် အဖြေကို ရေရွတ်နေသည်။ 

‘ဒီလိုဖြစ်အောင် မင်းရွေးချယ်လုပ်ယူထားတာ။ ကိုယ့်ကိုနှစ်လိုသူဆီမှာ ပျော်ရွှင်ကြည်နူးနိုင်ရဲ့သားနဲ့ မချစ်မနှစ်သက်တဲ့သူရဲ့အရိပ်နောက်လိုက်ပြီး လောကကြီးကို နာကျည်း၊ အသည်းကွဲခံစားနေချင်တာ။ သေချင်လွန်းလို့ ကိုယ့်သေတွင်းကိုယ်တူးနေတာ။’

မဟုတ်ဘူးလို့ သူမ မငြင်းနိုင်။ မကြားယောင်ဆောင်နေသည်။ ဘာမှလာမပြောနဲ့။ နင်က အချစ်အကြောင်းမသိဘူးလို့ ရန်ထောင်ချင်သေးသည်။ အရေးမစိုက်ပါဘူးဆိုပေမယ့် သူပြောသလို ငါမဟုတ်ဘူးဆိုတာ သက်သေပြမည်ဟု သံန္တိဋ္ဌာန်ချမိပြန်သည်။ ကောင်းကင်ကိုပဲ မော့ကြည့်နေမိသည်။ နေရောင်ခြည်မရှိသောအရပ်မှာ သွားလို့ နေထိုင်မည်။

အလင်းကွယ်သောအရပ်တွင် အိပ်မက်လည်း မှောင်အတိဖြစ်နေမည်။ အရိပ်မျှ မမြင်ရလျှင် အမှတ်တရဆိုတာ မှတ်ဥာဏ်ထဲက လွင့်ပါးသွားမည် မဟုတ်လား။ အချစ်ဆိုတာလည်း ကြွေမွပျက်စီးသွားမည်။ နားလည်မှုတွေနဲ့ အချိန်ကုန်ရမယ့် အရွယ်မဟုတ်တော့ပြီ။ ဘဝကို လိုသလို ပုံသွင်းတည်ဆောက်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား။

ဥပေက္ခာဟု စကားအလှသုံးကာ မြင်တွေ့ခံစားရသမျှကို တတ်နိုင်သလောက် လျစ်လျူရှုနိုင်အောင် ကြိုးစားနေလေသည်။ သူ့ကို နားလည်ချင်စိတ်ပေါ်လာသောအခါ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ငါ့နဲ့မဆိုင်ဟု အဖန်ဖန်ရွတ်ကာ ထုံနေအောင် နှလုံးသွင်းရသည်။ ပင်ပန်းလှသည်။ ကြာတော့လည်း နေတတ်သွားမှာပါဟု ကိုယ့်ကိုယ်ကိုယ်အားပေးရသည်။ မေ့ပျောက်သွားမှာပါလို့လည်း ဖြားယောင်းသွေးဆောင်ရသည်။

သူ့ဘဝထဲမှ အမှုန်အစတစ်ခုလို သူမတစ်ယောက် လွင့်စင်ပျောက်ကွယ်သွားမည်။ ဝမ်းနည်းစရာလား။ သူမဘဝထဲမှာလည်း သူပုံရိပ်သည် ပါးလွှာမှေးမှိန်သွားမည်။ ပျက်စီးခြင်းအမှန်တရား အနိစ္စလို့ ဘုရားဟောသည် မဟုတ်လား။ မမြဲခြင်းသဘော သင်္ခါရလည်း ဖြစ်တော့သည်။ နောက်နောင်ဘဝတွင် သူမသည် သူမကိုချစ်သော၊သူမက ချစ်သောသူတွေနှင့် ဝန်းရံနေမည်ဟု အိပ်မက်မက်ပြန်သည်။

 နောက်နောင်ဘဝ။ No! ဘယ်လောက်မှားယွင်းအကျည်းတန်လိုက်တဲ့ အတွေးအခေါ်လဲ။ သူမသည် ဒီဘဝမှာ အချစ်ကို မထွေးပွေ့ရဲလောက်အောင် သရဲဘောကြောင်သူဖြစ်သလား။ သူမသည် ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမလို့ ကိုယ့်ဘာသာပြဋ္ဌာန်းပြီး အချစ်ကို အကြောက်အကန်ငြင်းနေခဲ့သလား။ တခြားလူတွေ အနိုင်ကျင့်တာနဲ့ သူမကိုယ်သူမ ဒဏ်ခတ်နေမိသလား။ဟင့်အင်း။ မဟုတ်ပါဘူးလို့ ထပ်မံငြင်းချင်သေးသည်။

‘နင့်ကို ဘယ်သူမှ မချစ်ဘူး။’ လို့ အမေ့စကားကို လည်းကောင်း၊ ‘ အစ်မကို ဘယ်သူမှ မချစ်ဘူး။’ လို့ မိတ်ဆွေအမျိုးသမီးတစ်ယောက်ပြောစကားကိုလည်း ခါးသည်းမှုမှန်သမျှ နှလုံးသားထဲက အပြီးအပိုင်ထုတ်နိုင်အောင် ကြိုစားရမည်။ သူမ ချစ်ခြင်းကို ရသင့်သော၊ ရထိုက်သော၊ ရနိုင်သော လူတစ်ယောက် ဖြစ်သည်။ ထိုသို့အကြမ်းဖျဉ်းခံယူထားရမည်။ သို့သော် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရမည်နည်း။

ခွေးတစ်ကောင်လောက်မွေးမည်။ သူမကိုတော့ ချစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ အချစ်ခံရရင် သူမ ပျော်ရွှင်မည်လား။ ချစ်ခြင်းသည် ဆင်းရဲခြင်းရဲ့အကြောင်းလို့ ဘုရားဟောကို သတိရပြန်သည်။ အချစ်မခံရခြင်း ငရဲထက်ပင် ဆင်းရဲဦးမည်လား။ မမှုချင်။  တိရစ္ဆာန်တစ်ကောင်ရဲ့ အချစ်ကိုပဲ ရနိုင်မှာပေါ့လို့ မိတ်ဆွေအမျိုးသမီးကအစ အမေအဆုံး ဘယ်သူကပဲဖြစ်ဖြစ် ကဲ့ရဲ့လာလျှင်လည်း အလေးမထားလို။



ထရံကာ ဓနိမိုးပဲဖြစ်ဖြစ် အိမ်လေးတစ်လုံးဆောက်နိုင်အောင် ကြိုးစားမည်။ ခွေးမလေးတစ်ကောင်ကို သမီးလေးအဖြစ် မွေးစားမည်။ သမီးလေးက ကလေးတွေ မွေးလာရင် သူမက မြေးတွေဘာတွေရကာ အဘွားပင် ဖြစ်နိုင်သေးသည်။ ထိုအိပ်မက်သည် နောက်နောင်ဘဝ ဆုတောင်းထက် ဖြစ်နိုင်ချေရှိသည်ဖို့ စိတ်ကူးယဉ်ရင်းမှာပင် ကြည်နူးချမ်းမြေ့ရလေသည်။ ။

 မယ့်ကိုး 

5 comments:

Anonymous said...

ဆရာတော်ဦးဇောတိက ရဲ့ တယောက်တည်း ပျော်အောင်နေဆိုတဲ့ စာအုပ်ကလေးကို ဖတ်စေချင်တယ်။ မိမိရဲ့ ပျော်ရွှင်မှုဟာ သူတပါးပေါ် မူတည်နေတယ်ဆိုရင် ဘယ်တော့မှ အပြည့်အ၀ ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။ တရားသိပြီး စာအဖြစ်ရေးတာမျိုးဆို ဖတ်လို့ကောင်းတဲ့ စာပါ။ စာရေးခြင်းဆိုတာလည်း နှလုံးသည်းပွတ်က စီးကျလာတာမို့ စာရေးသူကို သံယောဇဉ်နှောင်ဖွဲ့ခြင်း အတွေးတွေကနေ ဝေးစေလိုရုံ သက်သက်

သဒ္ဓါလှိုင်း said...

မယ့်..
ချမ်းမြေ့ကြည်နူုးမှု အိပ်မက်နဲ့အတူ...
ချစ်ခင်စွာ
သဒ္ဓါ

Anonymous said...

Dear Mae
We love you.
Most of your articles that hit my heart and appreciate your all effort.

Esther's family

မယ့်ကိုး said...

Dear Esther, sis Thadar and Anonymous,

Thanks so much for ur kind comments. love u guys :)

malwin said...

သံယောဇဉ် အ နှောင် အဖွဲ့တွေက နေ ဝေးဖို့ ဆို တာထက် နေသားကျအောင် နေ ဖို့က ပိုပြီးလက်တွေ့ဆန်မှာပါ .....တကယ်တမ်းတော့ အထီးကျန်တယ်ဆို တာ သိပ်မရှိပါဘူး ..အလွမ်းတွေပဲရှိနေ တယ်ဆို ရင်တောင် အဲဒါတွေက ဘော်ဒါတွေပေါ့