25 October 2014

‘တိမ်ဖွဲ့နှောင်သောမြို့’

တိုးဖွဖွရေရွတ်ရုံမျှနဲ့ နှလုံးသားဟာ ညင်းသဲ့သဲ့ရွေ့လျား။ အရာအားလုံးကို (သူမအတွက်) ဖန်တီးပေးနိုင်အောင် စွမ်းအင်ရှိရာ … အိပ်မက်။ တိမ်တိုက်။ အေးမြမှု။ သစ်ရွက်ကိုင်းတွေ လှုပ်ယိမ်းတာကအစ အာရုံသိစိတ်မှာ သာသာညောင်းညောင်းရှိနေတယ်။ နှင်းငွေ့တွေ တဖျတ်ဖျတ် လှုပ်ခါနေတဲ့ ဝန်းကျင်။ ဟုတ်တယ်။ အဲဒီနေရာဟာ သူမအတွက် အစိမ်းသက်သက်ကမ္ဘာ။


ဒါပေမယ့် မြင်ယောင်ကြည့်မိတိုင်း (နာရီတွေ ဘယ်လောက်ပဲ ဝေးကွာကြာညောင်းနေပါစေ) စိမ်းမြရောင်သစ်ပင်တန်းမှာ ပြန်လည်လျှောက်လှမ်းရသလို သံစဉ်လွင်သာသာကို နာပျော်ဖွယ် ကြားယောင်နေရဆဲ။ ပြီးတော့ နတ်သမီးပုံပြင်ထဲကလို ကြည်နူးဖွယ်အခန်းဆက်နဲ့ အိပ်မက်ပြန်မက်ချင်သူ မိန်းမငယ်ဟာ အဲဒီရပ်ဝန်းကို တစ်ခေါက်ပြန်သွားဦးမယ်လို့ မျှော်ငေးရင်း မဟောင်းနွမ်းတဲ့ နရီနဲ့ တိတ်တိတ်လေးရင်ခုန်။


ဒါပေမယ့် နောက်ကျသွားပြီလား။ တောတွေက သိပ်နက်လွန်းတယ်။ တောင်တွေက မြင့်မားလွန်းတယ်။ နောက်တော့ အချိန်ဆိုတဲ့ ချော်ရည်ပူတွေ အောက်မှာ ...။ ရက်စက်တဲ့ လေပူရိုင်းတွေ အောက်မှာ ... ။ အရှိန်ပြင်းတဲ့ လှိုင်းကြီးတွေ အောက်မှာ ...။အဝေးက မြို့ကလေးရယ် အနားမှာ နေချင်ပါတယ်။

 

အခွင့်အခါရယ်… ဆောက်တည်ရာမဲ့နေသူကို အမြန်ဆုံးလက်ကမ်းကွယ်။ ရင်ဖွင့်လိုက်ပါရဲ့ မြို့ကလေးရေ…ပြန်လာမယ်။ တကယ်လာမှာ သိလား။ ကတိမ်းကပါး ယောင်တမ်းမိပြန်။ လကို ငေးလိုက်၊ ငှက်လေးတွေ ကြည့်လိုက်၊ သစ်ရွက်လေးတွေကို အထူးအဆန်းဖြစ်။ဝန်းကျင်စိမ်းအလယ်မှာ စိတ်တွေ ဖွာလွင့်မွကြွေ။


 မင်း မသိပါဘူး အိပ်မက်နက်နက်လေးရယ်။ ရင့်ကျက်ရတာ ဘယ်လောက်များ ခက်ခဲလိုက်ပါသလဲ။တကယ်ပါ။ အိပ်မက်နဲ့ ဝေးတော့မှ လောကရဲ့ အလှတရားတွေဟာ ပြိုကျပျောက်ကျသွားခဲ့တာ။ ကိုယ်ကိုယ်တိုင်ခင်းတဲ့ လမ်းမှာ ငိုတစ်ခါ ရှိုက်တစ်လှည့်။အုံ့ပုန်းလွမ်းနာ။ခါးသီးလွန်းလှတယ်။ 


မသနားနဲ့တော့ မြို့ငယ်လေးရေ…။အဝေးက ခေါ်သံကြားရင် ဘာရယ်မဟုတ် ငဲ့ကြည့်ပေးပါနော်။သတိထားကြည့်မိရင် နှုတ်ဆိတ်နေတဲ့ ခြေသံလုံလုံ မိန်းမတစ်ယောက်ကို တွေ့နိုင်လိမ့်မှာ။ ။ 

မယ့်ကိုး

3 comments:

Ma Tint said...

မနေ့ညက မယ့်ဘလော့လေးထဲက ပို့စ်အတော်များများ မွှေပြီးဖတ်ဖြစ်ခဲ့တယ်။ သန်းခေါင်ကျော်မှ အိပ်ဖြစ်တယ် :)
စာအရေးအသားလေးတွေ ဖတ်လို့ကောင်း။ ကျေးဇူး။

မိုးငွေ့........ said...

ပုံလေးတွေနဲ့ မြို့ကလေးကိုလွမ်းဆွတ်တမ်းတရိပ်တွေကို အပြည့်အသိပ်မြင်တွေ့ ခံစားမိနေတဲ့ မယ့်ရဲ့ သိပ်သည်းကျစ်လစ်တဲ့ စကားလုံးလှလှတွေ...။ ခံစားထိမိသွား..း)

ပြုံးပန်း said...

ချစ်စရာအရေးအသားလေးက မြို့ငယ်လေးနဲ့ လိုက်ဖက်လွန်းတယ်။